← Chapters

အပိုင်း(၆၄)

Vol. 5 Ch. 64

အပိုင်း(၆၄)

Vol. 5 Ch. 64

ထိုင်ခုံများက နေရာလွတ်သွားသည်။ နဥ်ရှောက်ယွင်က ချန်းချန်းကို အဘွားကြီး၏ဘယ်ဘက်ခြမ်းက ထိုင်ခုံတွင် ပေးထိုင်လိုက်ပြီး ရှမြန်နှင့် ရှောင်ဖုန်းကိုတော့ ညာဘက်ခြမ်းက အဓိကထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။

အဘွားကြီးက မျက်မှောင်ကြုတ်လိုက်ပြီး နဥ်ရှောက်ယွင်ကို ပြောလိုက်၏။ “ချန်ချန်က ဘယ်မှာထိုင်မှာလဲ။ သူက ငါ့အတွက် အစားအသောက်တွေကို ထည့်ပေးရမှာလေ”

“အလို သခင်မကြီးရယ်” ရှမြန်က ပြောသည်။ “ချမ်းသာတဲ့မိသားစုတစ်ခုမှာဆိုရင် လူတွေက သခင်မကြီးကို ရပ်ပြီးတော့ အစားအသောက် တည်ခင်းပေးရတာပါ။ ဒါကိုပဲ ခမ်းနားထည်ဝါပြီး ဟိတ်ဟန်ရှိတယ်လို့ ခေါ်ကြတာ။ ထိုင်ရင်းနဲ့ တည်ခင်းပေးတာက ပုံမှန်မဟုတ်ဘူးလေ”

“နောက်ပြီးတော့ သခင်မကြီးက ဒီနေ့ ကျွန်မကို သခင်မကြီးရဲ့မြေးလေးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ချင်လို့ မဟုတ်ဘူးလား။ ဒါဆိုရင် ကျွန်မလို ဂုဏ်သိက္ခာရှိတဲ့ နေရာတစ်ခုမှာ ထိုင်တဲ့လူက သခင်မကြီးရဲ့ မြေးအကြီးဆုံးထက် ပိုပြီးတော့ သေချာပေါက် ဂုဏ်သိက္ခာရှိမှ ဖြစ်မှာပေါ့။ အဲဒီလိုမဟုတ်ဘူးဆိုရင် သခင်မကြီးရဲ့ အကြီးဆုံးမြေးက အပြင်လူတစ်ယောက်ထက် ပိုပြီးတော့ နိမ့်ကျတယ်လို့ လူတွေက ထင်ကြပါဦးမယ်။ ဒါဆိုရင်တော့ ရယ်စရာတစ်ခုဖြစ်တော့မှာပဲ”

အဘွားကြီး၏ မျက်နှာသည် ရှမြန်ပြောသည့်စကားကို ကြားလိုက်ရပြီးနောက်တွင် စိမ်းဖန့်သွားကာ သူမ၏လေသံက သိသိသာသာ မရွှင်မပျဖြစ်လာတော့သည်။ “မိန်းကလေးရှက အတွေးအခေါ်တွေ အရမ်းများတာပဲ”

ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “သခင်မကြီးက အရမ်းကို ကြင်နာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်မကြီးက စည်းမျဉ်းစည်းကမ်းတွေကို တန်ဖိုးအထားဆုံးဆိုပြီး အစ်မနဥ်က ပြောပြထားတယ်လေ။ ဒါကြောင့်မို့လို့ ကျွန်မကလည်း ဒီကိုလာတုန်းက နည်းနည်းလေးပိုပြီးတော့ လေ့လာထားခဲ့တာပါ။ ကျွန်မက သခင်မကြီးအတွက် အကြီးမားဆုံးသော လေးစားမှုကို ရှိထားပေးမှ ရမှာပေါ့”

အဘွားကြီးသည် သူမ၏နှုတ်ခမ်းများက တုန်ယင်သွားပြီး နဥ်ရှောက်ယွင်ကို တစ်ခုခု ပြောချင်သော်ငြားလည်း ရှမြန်၏ စိတ်အားထက်သန်နေသည့်ရုပ်ကို မြင်လိုက်သဖြင့် သူမက ဒါကိုသည်းခံဖို့ရန်သာ ရွေးချယ်လိုက်ရပြီး သူမ၏သွားကြားထဲက စကားလုံးများကို ညှစ်ထုတ်နေရသလို ပြောလိုက်လေသည်။ “သုံးဆောင်ပါ”

ကျိုးချန်ချန်သည် အဝတ်အစားလဲပြီး ဆင်းလာချိန်တွင် သူမသည် ထိုင်ခုံကို မြင်လိုက်ရသည့်အခါ ဒေါသထွက်လာပြန်တော့သည်။

သို့သော်ငြားလည်း အဘွားကြီးက ရှမြန်၏ ပါးစပ်ကိုအမှန်ပင် ကြောက်လေသည်။ ထို့ကြောင့် သူမက ကျိုးချန်ချန်ကို တခြားသူများ၏ နောက်တွင် ထိုင်ခိုင်းလိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်၏။

ကျိုးချန်ချန်က မျက်နှာကို မဲ့ထားလိုက်ကာ လက်ခုပ်တီးလိုက်ပြီး အစေခံများက တစ်ယောက်ပြီး တစ်ယောက် ဝင်လာကာ သူတို့တစ်ယောက်ချင်းစီ၏ရှေ့တွင် ဂဏန်းအခွံခွာပေးသည့် ပစ္စည်းတစ်စုံကို ချပေးလိုက်လေသည်။

ထို့နောက်တွင်တော့ သူမက ရှမြန်ကို ပြောလိုက်၏။ “ဒီနေ့ ရှင့်ကို ဧည့်ခံပေးဖို့အတွက် သခင်မကြီးက ချန်ရန်ရဲ့နှင်းဂဏန်းကို အထူးတလည်မှာ ထားပေးတာလေ။ နင် အရင်က ဒါတွေကို စားဖူးမယ်လို့ မထင်ဘူး။ ဒီတော့စားကြည့်ပါဦး”

“အိုး ကျွန်မကတော့ စားရအုံးမှာပဲ” ရှမြန်က ပြောလိုက်သည်။ “ချန်ရန်ရဲ့နှင်းဂဏန်းတွေက သူတို့ရဲ့ပြည့်ဝနေတဲ့အသားကြောင့် နာမည်ကြီးတယ်လေ”

သူမက ခဏလောက် စောင့်လိုက်ပြီး အစေခံများက ဂဏန်းအခွံခွာသည့်ပစ္စည်းများကို ချထားပြီး ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူမက မနေနိုင်ဘဲ မေးလိုက်၏။ “ဒါပဲလား ဘာဖြစ်လို့ လက်ဆေးဇလုံ မပါတာလဲ”

ကျိုးချန်ချန်က မျက်နှာမဲ့ကာ ပြောလိုက်၏။ “ငါ နင့်ကို ပြောသားပဲ။ နင်က ဝနေပြီးတော့ အသက်ရှူဖို့တောင် မဖြစ်နိုင်တော့ဘူးလေ။ နင်က ငါ့ကို ပါးစပ်ဆေးရေ ယူလာပေးစေချင်သေးတာလား”

ရှမြန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ သူမထက်ပင်ပိုပြီးတော့ အထင်သေးသလို ခနဲ့ကာပြောလိုက်သည်။ “သခင်မလေးကျိုးက တောကတက်လာတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ရှင် မသိတာလည်း မဆန်းတော့ပါဘူး”

“ဒါက လူချမ်းသာမိသားစုတစ်ခုလေ။ စားပွဲပေါ်မှာ လက်နဲ့ အခွံခွာဖို့လိုတဲ့ ဟင်းသီးဟင်းရွက်တွေ သေချာပေါက်ပါမှာပဲ။ ဒါရဲ့ဘေးမှာထားရမဲ့ ပန်းကန်လုံးလေး တစ်လုံးကတော့ သေချာပေါက် ရှိရမယ်လေ”

“ဒါကိုပဲ လက်ဆေးဇလုံလို့ခေါ်တာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒါက ဖန်ပန်းကန်လုံးတစ်ခုနော်။ ဒါက အရမ်းကို ကြည့်လို့ကောင်းပြီး အထက်တန်းလည်း ဆန်တယ်လေ။ ဒီဖန်ပန်းကန်လုံးထဲမှာ ရေနွေးတွေနဲ့ ဖြည့်ထားပြီး သူ့ဘေးမှာတော့ ဂန္ဒမာရွက်တွေနဲ့ ကွေ့ဟွားပန်းဝတ်ဆံတွေကို ကင်ထားတဲ့ ပဲစိမ်းခေါက်ဆွဲရှိရဦးမယ်”

“ဂဏန်းကို အခွံခွာပြီးသွားရင် ညှီနံ့ကို ဖယ်ဖို့အတွက် လက်ဆေးရမယ်လေ။ ဂန္ဓမာပန်းအနံ့နဲ့ ကွေ့ဟွားပန်းအနံ့တွေ ကျန်ခဲ့အောင်ပေါ့”

“ဒါပေမဲ့ အခုတော့ ဒါက နည်းနည်းလေး ရိုးရှင်းအောင် လုပ်ထားပါတယ်။ ဂန္ဓမာပန်းအရွက်နဲ့ ကွေ့ဟွားပန်းဝတ်စံကို ကင်ထားတဲ့ပဲစိမ်းခေါက်ဆွဲက အရမ်းကို ဗာဟီရများတယ်လေ။ ရေနွေးထဲမှာ သံပုရာခြမ်းတစ်ခြမ်း၊ နှစ်ခြမ်းလောက် စိမ်ထားရုံနဲ့ပဲ အာနိသင်ကလည်း တူပါတယ်”

သူမ၏ စကားပြောဆိုပုံက အလွန်မှ အကျွမ်းတဝင်ရှိလှပြီး လျှို့ဝှက်ဆန်းကြယ်လွန်းသည့်အတွက် သခင်မကြီး‌ဟော်သည် ဒါကို အလွန်မှ အထင်ကြီးစရာကောင်းသည်ဟု ခံစားလိုက်ရကာ သူမသည် နှုတ်ဆိတ်ကာ နားထောင်နေမိလေသည်။

“နောက်ပြီးတော့ ရှိသေးတယ်” ရှမြန်က သူမဘေးက သုံးထောင့်ပုံ လက်သုတ်ပဝါကို လက်ညှိုးထိုးပြလိုက်၏။ “ဒီနေရာမှာ လက်သုတ်ပဝါအသေးလေးတွေကို သုံးသင့်တာ။ အဲဒါတွေကိုလည်း မသုံးခင် ရေနွေးနဲ့ကြိုထားပြီး ပိုးသတ်ထားသင့်တယ်လေ။ ဂဏန်းနဲ့ ပုစွန်တွေကို အခွံခွာပြီးသွားရင် ရေဇလုံထဲမှာ လက်ကိုဆေးပြီးတော့ ပုဝါတစ်ခုနဲ့ လက်သုတ်ရမှာပေါ့။ ဒါမှ သန့်ရှင်းပြီးတော့ ဣန္ဒြေရှိတာလေ”

ရှမြန်က နဥ်ရှောက်ယွင်ကို ကြည့်လိုက်သည်။ “အစ်မ ကျွန်မ ပြောတာ မှန်တယ်မဟုတ်လား”

ထို့နောက်တွင်တော့ သူမက အဘွားကြီးကို ပြောလိုက်၏။ “အစ်မနဥ်ရဲ့ ပြုမူနေထိုင်ပုံတွေကို ဒီလိုပုံစံပဲ သင်ကြားပြသပေးခံထားတာ ဖြစ်ရမယ်။ ဟော်မိသားစုက ဘယ်လိုလုပ်ပြီး ဒီစည်းမျဉ်းစည်းကမ်းကို မသိဘဲ နေမှာလဲ”

သူမသည် ကျိုးချန်ချန်ကို ကြည့်ကာ ပြောလိုက်၏။ “ရှင် နားမလည်ဘူးဆိုရင်လည်း အမိန့်တွေ ပတ်ပေးမနေပါနဲ့။ ယန်မြို့မှာ ဂဏန်းစားနိုင်တဲ့လူတွေ အားလုံးက ချမ်းသာကြတဲ့ လူတွေချည်းပဲ။ လူချမ်းသာတစ်ယောက်က ဂဏန်းစားပြီးတဲ့အချိန်ကျရင် ညစ်ပတ်‌ပေရေနေတာ တွေ့ဖူးလို့လား”

“ကျွန်မ ဖြစ်နေလို့ပေါ့။ ကျွန်မက စိတ်ထဲမထားပါဘူး။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ရှင်ကတော့ သခင်မကြီးကို အရှက်ခွဲမိပြီး အပြင်လူရှေ့မှာ ရယ်စရာဖြစ်အောင် လုပ်မိလိမ့်ဦးမယ်”

နဉ်ရှောက်ယွင်က ဦးလေးဖူကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “သွားပြီးတော့ အဆင်သင့် ပြင်လိုက်ပါ”

ဦးလေးဖူသည် သခင်မကြီးကို လှမ်းကြည့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားလေသည်။ ရှမြန်သည် အတွင်းဘက်က ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အသံကို ကြားလိုက်ရ၏။

သူမက ဒါကို လုံလောက်သေးသည်ဟု မခံစားရချေ။ “ဒါပေါ့ ပါးစပ်ဆေး‌ရေလည်း ရှိဖို့လိုသေးတယ်လေ”

သူမက ကျိုးချန်ချန်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ “သခင်မလေးကျိုး ရှင် ပြောကြည့်စမ်း။ ဟုတ်တယ်မလား။ ဒီပါးစပ်ဆေးရည်ကိုတော့ ပုံမှန်ဆိုရင် လက်ဖက်ခြောက်တွေနဲ့ လုပ်တာလေ။ စားသောက်ပြီးသွားရင် လက်ဖက်ရည်တစ်ခွက် သောက်ပြီး ပါးစပ်ကို ဆေးကြောပြီးတော့ အစေခံကိုင်ထားတဲ့ ပါးစပ်ဆေးဇလုံထဲကို ထွေးထုတ်လိုက်ရမှာ။ အစေခံက ပါးစပ်ဆေးဇလုံကို သိမ်းသွားတဲ့အချိန်မှပဲ အစားအသောက်ကို ပြီးဆုံးတယ်လို့ သတ်မှတ်ရတယ်”

ရှမြန်က ပြောလိုက်။ “အဲဒါပြီးသွားရင်တော့ ကျွန်မတို့တွေက လက်ဖက်ရည် ဆက်သောက်ရင်း အချိုပွဲစားရင်းနဲ့ စကားစမြည် ပြောရတာပေါ့။ ဒါကပိုပြီး ကျက်သရေရှိပြီး တည်ငြိမ်တယ်လေ”

သူမသည် အဘွားကြီးကိုကြည့်ကာ ပြောလိုက်၏။ “သခင်မကြီး သခင်မကြီးရော ကျွန်မ ပြောတာ မှန်တယ်လို့ထင်လား”

အဘွားကြီး၏ဘေးတွင် ရပ်နေသည့်အစေခံမလေးသည် မျက်မှောင်ကြုတ်လိုက်ကာ မီးဖိုချောင်ထဲသို့ မြန်မြန် လျှောက်ဝင်သွားတော့သည်။ ရှမြန်သည် သူမက နောက်ဆုံးမိနစ်အစီအစဉ်ကို မေ့လျော့သွားလိမ့်မည်ဟု စိုးရိမ်နေလေသည်။

နဥ်ရှောက်ယွင်ကတော့ ရယ်ချင်စိတ်ကို မနည်းကြီး ကြိုးစားထိန်းထားရသည်။ ဒါသည် ကျာမိသားစု၏ စားသောက်ပုံဖြစ်မှန်း ခန်းဆောင်နီအိပ်မက်ကို ဖတ်ဖူးသူတိုင်း သိလေသည်။ ထိုခေတ်အခါက သွားတိုက်တံ မရှိသေးသည့် တစ်ချက်ပင်။ ထို့ကြောင့် သူတို့သည် ဒီလိုရှုပ်ထွေးသည့် နည်းလမ်းတစ်ခုကို အသုံးပြုရခြင်း ဖြစ်လေသည်။

အဘွားကြီးသည် တစ်ခုခု လွဲနေမှန်း ခံစားမိသည့်တိုင် ကြောက်ရွံ့သည်ဟု မပေါ်လွင်ရလေအောင် သူမက ပြောသည့်အတိုင်း လုပ်ခဲ့လေသည်။ နောက်ဆုံးမြင်ကွင်းက လုံလောက်အောင် ခမ်းနားနေ၏။

အစေခံများက သူမ၏ဒေါသကို သေချာပေါက်သိသည်။ မကြာမီတွင် သူတို့သည် လက်ဆေးဖို့ရန်အတွက် ဖန်ဇလုံးမျာကို သယ်လာကြပြီး ပူနွေးနေသည့်ပုဝါများကိုလည်း ယူလာကြသည်။ ပုဝါများက ငယ်သည့်အရွယ်အစား ရှိဟန်မတူချေ။ ထို့ကြောင့် ထိုပုဝါများကို ယာယီအသုံးပြုဖို့ရန်အတွက် ညှပ်ထားရလေသည်။

ရှမြန်က ဒါကို စိတ်ထဲမထားချေ။ အစားအသောက်ကို တည်ခင်းပြီးချိန်တွင် သူမက တီဗီဇာတ်လမ်းထဲက လင်းသိုက်ယွိလို အတုခိုးလိုက်ပြီး သူမ၏လက်ကို ဆေးလိုက်ကာ ဂဏန်းအခွံခွာသည့်ပစ္စည်းကို စတင်ကောက်ကိုင်လိုက်လေသည်။

ကျိုးချန်ချန်သည် သူမက ကိုယ့်ဟာကိုယ် အရူးလုပ်နေသည်ကို မမြင်ခဲ့ရချေ။ သူမသည် ရှမြန်၏ပုံစံကြောင့် မှင်တက်အံ့သြသွားလေသည်။ အခုတော့ ပြောစရာစကား ပျောက်ဆုံးရမည့်အလှည့်မှာ သူမအလှည့် ဖြစ်သွားတော့သည်။

သခင်မကြီးဟော်ကတော့ အဆင်ပြေသည်။ သူမက အစေခံများကို သူမအတွက် လုပ်ခိုင်းလို့ရသည်။

ရှမြန်က တစ်ဝက်အပြုံးဖြင့် ကျိုးချန်ချန်ကို ကြည့်လိုက်ပြီး သူမက ကျိုးချန်ချန်ကိုယ်တိုင် အရူးလုပ်ရန် စောင့်စားနေသည်ဟု ပေါ်တင်ပြောလိုက်လေသည်။

ကျိုးချန်ချန်က အကြောမခံလိုသည်မှာ သဘာဝပင်။ သို့သော်ငြားလည်း သူမသည် ယာယီလေ့ကျင့်မှုကို ပြုလုပ်ထားပြီး အကြိမ်အနည်းငယ် ဂဏန်းအခွံကို ခွာခဲ့သည့်တိုင် သူမသည် အသားကိုသာ ဖယ်ထုတ်နိုင်လေသည်။

ရှမြန်ကဲ့သို့ မဟုတ်ချေ။ ရှမြန်သည် အင်တာနက်ပေါ်တွင် ဂဏန်းခွာနည်းအမျိုးမျိုးကို လေ့လာထားခဲ့သူ ဖြစ်သည်။

သူမက ဂဏန်းအခွံအလွတ်ကို ဂဏန်းပုံစံဖြစ်အောင် နည်းစနစ်ကျကျ နေရာတကျ ထားလိုက်ပြီးနောက် ကျိုးချန်ချန်၏ ပန်းကန်ထဲက ဖရိုဖရဲဖြစ်နေသည့် ဂဏန်းခွံအပုံကြီးကို ကြည့်ကာ တခစ်ခစ် ရယ်မောလေသည်။

ကျိုးချန်ချန်သည် သူမ၏လက်ဖြင့် ဂဏန်းတစ်ဝက်ကို ဆက်ပြီးမခွာနိုင်တော့ချေ။ သူမက ဒေါသထွက်ထွက်ဖြင့် ဂဏန်းကိုချထားလိုက်ပြီး ခုံးကောင်နှင့် ပင်လယ်မျှော့ဆီသို့ တူကို လက်လှမ်းလိုက်လေသည်။

ဒီနေ့စားပွဲပေါ်က ဟင်းလျာများသည် အရသာရှိဖို့အတွက်တင်မကဘဲ စျေးကြီးကြောင်းကို ပြသဖို့ရန် ဖြစ်သည်။

ကျိုးချန်ချန်က မည်သည့်အရာကို စားသည်ဖြစ်စေ ရှမြန်၏မျက်လုံးများကတော့ လှောင်ပြောင်မှုနှင့်အပြည့် ဖြစ်နေပြီး သူမဆိုသည့် ကျိုးချန်ချန်က ကိုယ့်ဟာကိုယ် အရူးလုပ်နေသည်ဟု ရှင်းလင်းနေအောင်ပြောနေ၏။

သို့သော်ငြားလည်း ရှမြန်၏ဂဏန်းအခွံခွာသည့် အရည်အချင်းကတော့ အဘွားကြီးကို မှင်တက်အံ့သြရစေလေသည်။ ဒီလိုစျေးကြီးသည့်အရာများကို စားရန်အတွက် ထူးထူးခြားခြား စည်းမျဉ်းစည်းကမ်းများ ရှိလေသလားဟု သူမက စဉ်းစားမိလိုက်သဖြင့် သူမ၏တူကိုပင် မကောက်ကိုင်ရဲတော့ချေ။

ရှမြန်ကိုသာ ငေးကြည့်နေမိပြီး သူမ စားသောက်ပြီးစီးသွားသည်အထိ ကြည့်နေလေသည်။

သို့သော်ငြားလည်း ရှမြန်ကတော့ ဂဏန်းကိုသာ အခွံခွာလိုက်သည်။ သူမကိုယ်တိုင်အတွက် ဂဏန်းတစ်ကောင်ကို အခွံခွာပြီးနောက်တွင် သူမက ရှောင်ဖုန်းကိုပေးလိုက်၏။ ဂဏန်းကို အခွံခွာနေစဉ်တွင် သူမက ကျိုးချန်ချန်ကို မကြာခဏ ပြုံးပြလေသည်။ သူမ တခြားအရာများကို စားသောက်နည်း မပြောပြခဲ့လျှင် သူမက ဒေါသဖြစ်တော့မည်ဟု ပြောနေသယောင်ပင်။

ကျိုးချန်ချန်သည် ဆက်တိုက် တမင်အဆွခံလိုက်ရသဖြင့် ဒေါသထွက်လာတော့သည်။ သူမက တူများကို ဝုန်းခနဲချလိုက်ပြီး ဒေါသတကြီးမေးလိုက်၏။ “နင်က ဘာသဘောလဲ”

သခင်မကြီးဟော်က မျက်မှောင်ကြုတ်ကာ ရှမြန်ကိုကြည့်လိုက်၏။ ရှမြန်သည် သူမ၏ပါးစပ်ထဲက ဂဏန်းကို ဖြည်းဖြည်းချင်း မျိုချလိုက်ပြီး ပဝါဖြင့်ပါးစပ်ကို သုတ်လိုက်ပြီးနောက်တွင် ကျိုးချန်ချန်ကို ကြည့်လိုက်၏။

“သခင်မလေးကျိုး ရှင်ဘာဖြစ်တာလဲ။ စားနေတုန်းနဲ့ အိပ်နေတုန်းမှာ စကားမပြောရဘူးလေ” ရှမြန်သည် ခေါင်းခါပြကာ ပြောလိုက်ပြန်သည်။ “ရှင်လေ သခင်မကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်နှစ်ခေါက်တောင် ချိုးဖောက်ပြီးပြီလဲဆိုတာ ကျွန်မကို ပြောပြစမ်းပါဦး။ ရှင်က ဟော်မိသားစုရဲ့ ကျေးဇူးရှင်ဖြစ်နေတာနဲ့ပဲ အဲဒီလောက်အထိ မရိုးမဖြောင့်တွေ မလုပ်သင့်ဘူးလေ”

ကျိုးချန်ချန်သည် အလွန်မှဒေါသထွက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ သို့သော်ငြားလည်း ရှမြန်ကတော့ သူမ၏လက်ညှိုးကို အသာအယာ ထောင်လိုက်ကာ ရှူးတိုးတိုးဟု ဟန်လုပ်ပြလိုက်ပြီး နဥ်ရှောက်ယွင်နှင့် တခြားသူများကို လက်ညှိုးထိုးပြလိုက်လေသည်။

တစ်ဖက်လူက သူမကို ပင်မကြည့်ပေ။ သူမသည်ဂဏန်းကို တိတ်တိတ်လေး အခွံခွာပေးနေကာ ချန်းချန်း၏ ပန်းကန်လုံးထဲသို့ ဂဏန်းသားများကို ထည့်ပေးနေသည်။ ရှောင်ဖုန်းကလည်း ထိုနည်းတူ လုပ်နေ၏။ ချန်းချန်း၏စားပုံစားနည်းများကို အလေးအနက် အတုယူနေ၏။

ကျိုးချန်ချန်၏ ခုန်ဆွခုန်ဆွဖြစ်နေသည့် အမူအရာကို ဘယ်သူကမှ ဂရုမစိုက်ကြချေ။

အဘွားကြီးက ပြောစရာဘာမှမရှိချေ။ သူမက ယန်မြို့က ဟော်မိသားစုဆီသို့ ပြန်လာချိန်တွင် သူမကို ပထမဦးဆုံး သင်ပေးသည့် စည်းမျဉ်းစည်းကမ်းမှာ ”စားနေတုန်း စကားမပြောနဲ့၊ အိပ်နေတုန်း စကားမပြောနဲ့”ဟူ၍ ဖြစ်လေသည်။

ဒီစည်းမျဉ်းက သူမ ပထမဦးဆုံး ကန့်ကွက်ရသည့်စည်းမျဉ်း ဖြစ်ခဲ့သည်။ ဒီစည်းမျဉ်းကို ဒီနှစ်တွင် တစ်နှစ်လုံး အလွန်မှ သေသေချာချာ အသုံးချလာခဲ့ရသည်။

ရှမြန်သည် စကားပြောပြီးသွားသည့်နောက်တွင် သူမက ဂဏန်းကို ဖြည်းဖြည်းချင်း အခွံခွာလိုက်ပြန်သည်။ ထို့နောက်တွင် သခင်မကြီးက စားပွဲ၏ထိပ်ဆုံးတွင် ထိုင်နေပြီး သူမကို မမြင်ရသလို ထိန်းချုပ်လို့မရသည့် အချက်ကိုအားကိုးပြီး ရှမြန်က သူမ၏တမင်ဆွပေးခြင်းကို ပေါ်တင်ဆက်လုပ်လေတော့သည်။

ဒါက ကျိုးချန်ချန်ကို ထုတ်ပြောလို့မရနိုင်သည့် ခံစားချက်များကို ဖြစ်ရစေတော့သည်။

နောက်ဆုံးတွင် ရှမြန်နှင့် တခြားသူများက စားသောက်လို့ ပြီးစီးသွားသည်။ ကျိုးချန်ချန်သည် သူမက လက်ဖက်ရည်ခွက်ဖြင့် ပါးစပ်ဆေးနေသည်ကို မြင်လိုက်ရ၏။ ဟော်မိသားစုတွင် ပါးစပ်ဆေးသည့် ပန်းကန်လုံးတစ်ခုမှ မရှိလေရာ သူတို့သည် ပန်းကန်လုံး အလွတ်တစ်လုံးကိုသာ ယာယီအဖြစ် အသုံးပြုရတော့သည်။

ဒီလိုတစ်ခုပြီးတစ်ခု သုံးထားရသည့် စည်းမျဉ်းများသည် ပြောလျှင်တော့ ရိုးရှင်းသော်ငြားလည်း လုပ်ဖို့ရန် ထုတ်ပြော စရာမလိုသည့် အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လေသည်။

ဟော်မိသားစု၏အစေခံများသည် ထိုအကြောင်းကို အရင်က တစ်ခါမှ မကြားခဲ့ကြဘူးချေ။ ထို့ကြောင့် သူတို့သည် ထိုစည်းမျဉ်းစည်းကမ်းကို လုပ်ရသည်တွင် ဖရိုဖရဲ ဖြစ်သွားကြတော့သည်။

ညစာစားပြီးနောက်တွင် စားပွဲနား၌ ဝရုန်းသုန်းကား ဖြစ်နေကြသည်။ ရှောင်ဖုန်းက တိတ်တိတ်လေး ခိုးရယ်လိုက်၏။ ချန်းချန်းကလည်း ထိုသို့လိုက်လုပ်သည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ သူက နဥ်ရှောက်ယွင်၏ ဦးဆောင်မှုကို သိလိုစိတ်ဖြင့် နောက်ကလိုက်လုပ်၏။

ကျိုးချန်ချန်သည် ရှမြန်က သူမ၏ပါးစပ်ကို ဖြည်းဖြည်းချင်း သုတ်နေသည်ကို စောင့်ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ခနဲ့လိုက်လေသည်။ “မိန်းကလေးရှက တကယ့်ကို အရမ်းလေးစားဖို့ကောင်းတာပဲ”

ရှမြန်က ပဝါကိုချထားလိုက်ကာ ဘာမှမတတ်နိုင်သလို ပြောလိုက်၏။ “သခင်မလေးကျိုးရယ် ကျေးဇူးပြုပြီးတော့ ကျွန်မကို ခနဲ့မနေပါနဲ့တော့”

“ဒါက ဟော်မိသားစုရဲ့ စည်းကမ်းပဲ မဟုတ်ဘူးလား။ ဦးလေးဖူက မိန်းမစိုးချုပ်ရဲ့ စံနှုန်းတွေနဲ့အညီ လေ့ကျင့်ထားတယ်ဆိုတာ ကျွန်မ တွေ့နိုင်ပါတယ်။ တကယ်လို့ ကျွန်မက လူချမ်းသာ အမျိုးသမီးတစ်ယောက်ရဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို မလိုက်နာခဲ့ဘူးဆိုရင် ရိုင်းရာကျတော့မယ် မဟုတ်လား”

ကျိုးချန်ချန်က သရော်လှောင်ပြောင်သလို ပြောလိုက်လေသည်။ “မိန်းကလေးရှ ဧကန္တ ရှင်တို့ရဲ့ဘိုးဘေးတွေမှာ တခြားအဆက်အသွယ်များ ရှိနေတာလား”

ရှမြန်က ဂုဏ်ယူဝံကြွားစွာဖြင့် ခေါင်းမော့လိုက်လေသည်။ “ဘိုးဘေးတွေအကြောင်း ပြောရမယ်ဆိုရင်တော့...“

ကျိုးချန်ချန်သည် မျက်မှောင်ကြုတ်ထားလိုက်ပြီး အဘွားကြီးကလည်း အာရုံစိုက်ထားကာ ရှမိသားစု၏ ဘိုးဘေးများက အမှန်တကယ် ပြောစရာအကြောင်းများ ရှိလေမည်လားဟု စဉ်းစားလိုက်လေသည်။

ထို့နောက်တွင် ထည်ဝါခန့်ညားပြီး အားအင်အပြည့်ပါရှိသည့် အသံတစ်ခုဖြင့် ပြောလိုက်၏။

“ကောင်းမွန်တဲ့ မိသားစုနောက်ခံတစ်ခုရှိတဲ့ ဆင်းရဲသား လယ်သမားမျိုးဆက်(၃)ခုပါ”

အဘွားကြီးနှင့် ကျိုးချန်ချန်တို့မှာ နင်လုမတတ် ဖြစ်သွားတော့သည်။

အစေခံအားလုံးကလည်း ဇဝေဇဝါ အခြေအနေဖြစ်သွားကြပြီး ရှမြန်က မျိုသိပ်ထားရသည့် ရယ်သံတချို့ကိုပင် ကြားလိုက်ရလေသည်။

အဘွားကြီးသည် သုန်မှုန်သည့် မျက်နှာတစ်ခု ဖြစ်သွားတော့သည်။ သူမသည် ရှမြန်ကို ဆက်ပြီး ဧည့်မခံချင်တော့ဘဲ သူမကို မြန်မြန်ဆန်ဆန် မောင်းထုတ်ချင်စိတ်ပါ ဖြစ်သွားတော့သည်။

အားလုံးက ထမင်းစားခန်းမှ ဧည့်ခန်းဆီသို့ ပြောင်းရွေ့လာကြသည်။

နင်ရှောက်ယွင်က အစေခံမလေးကို ကလေး(၂)ယောက်အတွက် အချိုပွဲတချို့ လာရောက် တည်ခင်းခိုင်းသည်။ သူတို့ အခုလေးတင် စားသောက်ပြီးစီးသွားသည့် ထမင်းတစ်နပ်က လုံးဝသက်သောင့်သက်သာ မဖြစ်လေရာ ဘယ်သူကမှ ဗိုက်မပြည့်ကြချေ။

ဒီတစ်ချိန်တွင်တော့ ဘယ်သူကမှ ထူးထူးဆန်းဆန်း ဘာမှမလုပ်ရဲကြတော့ချေ။ သူတို့သည် မြန်မြန်ဆန်ဆန် ထုတ်လာခဲ့ကြပြီး အချိုပွဲများကို သေးငယ်သည့် အတုံးလေးများ ဖြစ်အောင် ဂရုတစိုက် လှီးဖြတ်လာပေးကြသည်။

ရှောင်ဖုန်းသည် အရင်က ဒီလိုခရင်မ်ကိတ်မျိုးကို တစ်ခါမှ မစားခဲ့ဘူးချေ။ လက်ထဲတွင် ခက်ရင်းငယ်လေးတစ်ခု ကိုင်ထားကာ ချန်းချန်းကို ကြည့်နေသည်။

ချန်းချန်းက သူ့ကိုသင်ကြားပေးဖို့ရန် သူ၏လှုပ်ရှားမှုများကို ဂရုတစိုက် နှေးကွေးထားလိုက်သည်။

ကျိုးချန်ချန်က ဒါကိုမြင်သွားပြီး ရှမြန်၏ လှောင်ပြောင်သရော်နေသည့်ရုပ်ကို အတုခိုးလိုက်သော်လည်း ရှမြန်က သူမကိုပင် မကြည့်ချေ။

ကျိုးချန်ချန်သည် အလွန်မှ ဒေါသထွက်ရလေသည်။ သူမက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သခင်မကြီးဟော်ကို ကြည့်လိုက်၏။

သခင်မကြီးဟော်က မျက်မှောင်ကြုတ်ထားပြီး ကလေး(၂)ယောက်၏ ဆင်တူဝတ်စုံကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်တွင် သူမသည် တစ်ခုခုကို ပြောချင်နေသည်မှာ သိသာသော်ငြားလည်း မျက်နှာကြောင့် ပါးစပ်ကို မဖွင့်နိုင်သည်ကို မြင်လိုက်ရ၏။

ကျိုးချန်ချန်သည် ချက်ချင်း သဘောပေါက်သွားပြီး သရော်လှောင်ပြောင်ကာ ပြောလိုက်လေသည်။ “ဒီကလေးက ဘာဖြစ်လို့ သခင်ငယ်လေးနဲ့ အဝတ်အစားတစ်ပုံစံတည်း ဝတ်ထားရတာလဲ။ ဧကန္တ သခင်ငယ်လေးရဲ့အသက်ကို ကယ်ပြီးသွားပြီဆိုတော့ သူက ကလေးကို သူ့အစ်ကိုလုပ်ဖို့ စဉ်းစားထားတာများလား။ သူက အရမ်းကိုကောင်းတဲ့ အစီအစဉ် ရှိနေတာပဲ”

ရှောင်ဖုန်းသည် သူ့ကို ပြောနေမှန်း သိလိုက်ဟန်တူသည်။ သူက ကျိုးချန်ချန်ကို မော့ကြည့်လိုက်ပြီးနောက်တွင် ခေါင်းကိုငုံ့ကာ ကိတ်မုန့်ကို ဆက်စားနေလိုက်၏။

ဒီမိန်းမက သူ့ရဲ့အန်တီလေးရဲ့ ဆက်တိုက်ဆူဆဲခံနေရတာလေ။ သူ့ကို လုံးဝကြောက်စရာ မလိုပါဘူး။

ကျိုးချန်ချန်ကတော့ သူမက ကလေးတစ်ယောက်၏ အထင်သေးခြင်း ခံနေရသည်ကို သတိမထားမိလိုက်ခင်တွင် ရှမြန်က လက်ခုပ်တီးကာ ပြောလိုက်၏။ “အိုး သခင်မလေးကျိုးက ကျွန်မကို တကယ်သတိပေးခဲ့မိတာပဲ”

“ကြည့်လေ၊ ရှင့်ရဲ့အဖေက သခင်ကြီးကို တစ်ခါပဲ ကူညီပေးခဲ့ရတာပဲ။ သခင်မလေးကျိုးက ဟော်မိသားစုရဲ့ သမီးတောင် ဖြစ်လာနိုင်တယ်လေ။ ကျွန်မတို့က ချန်းချန်းရဲ့အသက်ကို ကယ်ပေးထားခဲ့တာဆိုတော့ ကျွန်မတို့တွေက ဒီသေရေးရှင်ရေး မိတ်ဆွေဆက်ဆံရေးအတွက် သွေးသောက်ညီအကိုတွေ ဖြစ်လာနိုင်တယ်မဟုတ်လား”

နဥ်ရှောက်ယွင်သည် ချန်းချန်း၏ခေါင်းကိုထိကာ ပြောလိုက်၏။ “ချန်းချန်းကလည်း တစ်ဦးတည်းသောသား၊ နည်းနည်းလေးလည်း အထီးကျန်နေတာဆိုတော့ သူ့မှာရှောင်ဖုန်းနဲ့ ညီအစ်ကို လုပ်ရင် ပိုပြီးကောင်းတာပေါ့”

ချန်းချန်းက မော့ကြည့်ကာ ပြောလိုက်သည်။ “ညီလေးရှောင်ဖုန်း”

ရှောင်ဖုန်းကလည်း ပြုံးကာ နာနာခံခံဖြင့် ပြောလိုက်လေသည်။

“ကိုကိုချန်းချန်း” ကောင်ကလေး(၂)ယောက်က အချင်းချင်း ပြုံးပြလိုက်ကြ၏။

သခင်မကြီးဟော်၏မျက်နှာမှာ ပို၍ပင်ဆိုးရွားလာတော့သည်။ ကျိုးချန်ချန်ကလည်း အံကြိတ်ထားကာ ခနဲ့လိုက်၏။ “ကြားလို့ကောင်းအောင် အရမ်းကြီး ပြောမနေပါနဲ့။ မျက်နှာလုပ်ဖို့ အရေးနဲ့များ...“

“တော်ပြီ”

အဘွားကြီးက ကျိုးချန်ချန်ကို ဆက်မပြောရန် လှမ်းတားလိုက်လေသည်။ သူမသည် ရှမြန်၏ပါးစပ်ကို အမှန်တကယ် ကြောက်ရွံ့နေပေတော့သည်။

...

All Chapters