← Chapters

အပိုင်း(၆၇)

Vol. 5 Ch. 67

အပိုင်း(၆၇)

Vol. 5 Ch. 67

နဥ်ရှောက်ပိုင်သည် သူမ နားလည်သွားသည်ကို မြင်လိုက်သည်တွင် ကိုယ်ကို ပြန်မတ်လိုက်ပြီး လူကြီးမင်းဟော်ကို ကြည့်လိုက်လေသည်။ “ဦးလေးဟော် ဒါတွေက ဦးလေးတို့မိသားစုကိစ္စပါ။ ကျေးဇူးပြုပြီး ဒါတွေကို ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းလိုက်ပါ။ ကျွန်တော်တို့တွေ အခုတော့ သွားလိုက်ပါဦးမယ်”

သခင်ကြီးဟော်က တောင်းပန်လိုက်သည်။ “ရှောက်ပိုင် ငါတို့ဟော်မိသားစုက ဒီကိစ္စမှာ မှားသွားခဲ့ပါတယ်။ ငါတို့တွေက နဥ်မိသားစုကို ဖြေရှင်းချက်တစ်ခု သေချာပေါက်ပေးမှာပါ။ ရှောက်ယွင်က ငါတို့ဟော်မိသားစုရဲ့ ချွေးမပါပဲ”

“မလုပ်ပါနဲ့” နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

“ကျွန်တော့်အစ်မက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်ပြီးသွားပြီလို့ ကျွန်တော် ထင်တယ်။ ဦးလေးလည်း အခုအချိန်ကစပြီး ကျွန်တော်တို့မိသားစု(၂)ခုက သီးခြားစီဖြစ်သွားပြီး အချင်းချင်းလည်း ဘာမှမပက်သက်တော့ပါဘူး”

“ကျွန်တော် သဘောမတူဘူး” ဟော်ရွှယ်ဝမ်က နီမြန်းနေသည့် မျက်နှာထားဖြင့် နဥ်ရှောက်ယွင်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်ကာ ”ရှောက်ယွင် ကိုယ်တို့မှာ ချန်းချန်း ရှိသေးတယ်...“

နဥ်ရှောက်ယွင်သည် သူမ၏လက်ကို ဆွဲလွှတ်လို့ မရနိုင်ချေ။ နဥ်ရှောက်ပိုင်က လက်လှမ်းလိုက်ကာ သူ့လက်မောင်းကို ဖမ်းဆုပ်လိုက်ပြီး ”သူ့ကိုလွှတ်လိုက်ပါ”

ဟော်ရွှယ်ဝမ်သည် လက်လွှတ်လိုက်ဖို့ ဖိအားပေးခံလိုက်ရပြီး နဥ်ရှောက်ပိုင်က သူ့ကော်လံကို ဖမ်းဆွဲကာ သူ့ကို ခပ်နာနာလေး ထိုးလိုက်၏။ “ဟော်ရွှယ်ဝမ် မင်းက အခုမှ ချန်းချန်းကို ထုတ်ပြောတယ်နော်။ မင်းက ဒါနဲ့ထိုက်တန်ရဲ့လားဆိုတာ ကိုယ့်ဟာကိုယ် ပြန်မေးစမ်းပါဦး”

ဟော်ရွှယ်ဝမ်သည် ကော်ဖီစားပွဲပေါ်သို့ အပြင်းအထန် ပြုတ်ကျသွားလေသည်။

သခင်မကြီးမှာ ငေးကြောင်ကြောင် ဖြစ်နေဆဲပင်။ လူကြီးမင်းဟော်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ရှောက်ပိုင် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ ငါ ထင်တယ်။ ငါ မင်းရဲ့အဘိုးကို သွားတောင်းပန်မှာပါ။ ဒါပေမဲ့ ရွှယ်ဝမ်က ရှောက်ယွင်နဲ့ပတ်သက်လာရင် တခြားစိတ်ကူး မရှိဘူးဆိုတာ မင်း သိသင့်ပါတယ်...“

“ဒါပေမဲ့ ခင်ဗျားတို့မှာက နှလုံးသားမရှိဘူးလေ ဟုတ်တယ်မလား” နဥ်ရှောက်ပိုင်သည် သူ၏ရှပ်အင်္ကျီကို ဆွဲဆန့်လိုက်ကာ ဟော်ဖိန်းရိကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ “ကျွန်တော်က ဒီကိစ္စမှာ ဆုံးဖြတ်လို့ရပါတယ်။ ဘယ်သူကမှ ကျွန်တော့်အစ်မ နဥ်ရှောက်ယွင်ကို အနိုင်ကျင့်နှိပ်စက်လို့ မရဘူး။ ဦးလေးတို့တွေက အရင်တုန်းက ဒီကိစ္စကို စိတ်ထဲမထည့်ဘူးဆိုကတည်းက ဦးလေးတို့ဆီမှာ အခုဒီကိစ္စနဲ့ ပတ်သက်ပြီး ဂရုစိုက်ခွင့်မရှိတော့ဘူးဆိုတဲ့ သဘောပဲ”

ဟော်ဖိန်းရိက မျက်မှောင်ကြုတ်လိုက်ပြီး ”မင်းက ငါ့ကို အပြစ်ပြောနေတာလား”

နဥ်ရှောက်ပိုင်က ရုတ်တရက် ပြုံးလိုက်သည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အပြစ်ပြောတယ်ဆိုတာမျိုး မရှိပါဘူး။ အခုချိန်ကစပြီး ကျွန်တော်တို့နဥ်မိသားစုက ဦးလေးတို့မိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူး”

ဟော်ဖိန်းရိက ပြောလိုက်၏။ “လူလေး မင်းကအရမ်းကို မောက်မာနေတာပဲ။ မင်းရဲ့အဖေကတောင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး”

“ကျွန်တော် ကလေးဘဝကတည်းက ကျွန်တော့်အဖေနဲ့ မတူဘူးဆိုတာ ဦးလေး သိပါတယ်”

သူသည် ဟော်ဖိန်းရိ၏နားနားသို့ ကပ်သွားလိုက်ကာ တိုးတိုးလေး ပြောလိုက်၏။ “တကယ်တမ်းတော့ ဒါက ဦးလေးအတွက်ကောင်းတဲ့ ကိစ္စပဲ မဟုတ်ဘူးလား။ အခုအချိန်ကစပြီး ဘာတစ်ခုမှ စောင့်စည်းစရာ မလိုဘဲနဲ့ ဦးလေးစိတ်တိုင်းကျ ဘယ်သူ့ကိုမဆို လေ့ကျင့်ပေးလို့ရပြီလေ”

ဟော်ဖိန်းရိ၏ နှလုံးသားသည် မည်းနက်နေသည့် မျက်လုံးအိမ်ကြီးတစ်ခုကို ကြည့်ရင်း စည်းချက် လွဲသွားတော့သည်။ ထိုမျက်လုံးများသည် ချစ်ခင်မြတ်နိုးဖွယ် မက်မွန်ပွင့်ရောင် မျက်လုံးတစ်စုံဖြစ်သည်မှာ ထင်ရှားသော်ငြားလည်း ထိုမျက်လုံးအစုံက သူ့ကို ကြောက်ရွံ့အောင် ခံစားမိစေသည်။

သူက မသဲမကွဲ ရေရွတ်လိုက်၏။ “လူငယ်တွေဆိုတာ ကြောက်တတ်ဖို့ သင်ယူသင့်ပါတယ်”

နဥ်ရှောက်ပိုင်က ဘာမှမပြောဘဲ လျှောက်ထွက်သွားသည်။

ရှမြန်သည် နဥ်ရှောက်ယွင်၏လက်ကို ဆွဲလိုက်ကာ ဟော်ရွှယ်ဝမ်၏ သူမကို ဆွဲထားမည့်အားထုတ်မှုကို လျစ်လျူရှုထားလိုက်ပြီး ဟော်မိသားစုထဲမှ သူမကို ဆွဲထုတ်လာခဲ့တော့သည်။

ကျိုးချန်ချန်သည် တံခါးနားတွင် ရပ်နေဆဲဖြစ်ကာ ထွက်မသွားသေးချေ။ သူမသည် အပြင်ထွက်လာသည့် လူတစ်စုကို မြင်လိုက်ရချိန်တွင် သူမက ဒေါသတကြီး ပြောလိုက်၏။

“နဥ်ရှောက်ယွင် နင် အရမ်းလွန်သွားပြီနော်”

အဖွဲ့ထဲက လူအားလုံးကတော့ သူမသည် ခွေးတစ်ကောင်လို ဟောင်နေသည်ဟုသာ သဘောထားလိုက်လေသည်။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့ နှစ်ယောက်စလုံးက ကားပြတင်းပေါက်ကို မှီထားကာ ရှမြန်နှင့် နဥ်ရှောက်ယွင်ကို ငေးကြည့်နေကြသည်။ ခုနတုန်းက ကျိုးချန်ချန် လှမ်းခေါ်လိုက်သည့် ရုံရှင်းဆိုသည့် လူငယ်လေးက ကားကိုမှီထားကာ သူတို့ကို ကျီစယ်နေလေသည်။

လူငယ်လေးက သူတို့ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် သူသည် ရှမြန်ကိုကြည့်လိုက်ကာ ဆက်တိုက် ပြုံးနေတော့သည်။

ရှမြန်သည် ရုတ်တရက်ဆိုသလို သူမ၏ကိုယ်ပိုင်ရုပ်ရည်ကို စဉ်းစားမိသွားပြီး အရူးတစ်ယောက်လို ဖြစ်နေသည့် တစ်ဖက်လူ၏မျက်နှာကို ကြည့်လိုက်ပြီးနောက်တွင် သူမသည် မနေနိုင်တော့ဘဲ စိတ်ဝေဒနာတစ်ခု ခံစားလိုက်ရတော့သည်။

ထိုသို့စဉ်းစားမိလိုက်ပြီး သူမက နဥ်ရှောက်ပိုင်ကို ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။

ရှင်လေ ရှင့်ရဲ့အစီအစဉ်ကို ကျွန်မကို ကြိုပြောပြလို့မရလို့လား။

ရှင် သိပါတယ်။ ကျွန်မက လူအများကြီးကို တွေ့ရမယ်ဆိုရင် ကျွန်မရဲ့အစီအစဉ်တွေကို ညှိနှိုင်းလိုက်မှာပေါ့။ ကျွန်မက ဒီလိုရုပ်ကြီးကိုတော့ သေချာပေါက် အသုံးချမှာ မဟုတ်ဘူးလေ။

နဥ်ရှောက်ပိုင်သည် နတ်သမီးငယ်လေး တစ်ယောက်ဖြစ်လာဖို့ရန် သူမလမ်းကို မထင်မှတ်ဘဲ လာရောက်ပိတ်ဆို့နေတော့သည်။

နဥ်ရှောက်ပိုင်သည် သူမ၏ ဒေါသတကြီး စိုက်ကြည့်နေပုံကို အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက်တွင် သူမက သူမ၏ဦးထုပ်ကို ကိုင်လိုက်သည်ကို မြင်လိုက်ချိန်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာကို သဘောပေါက်သွားတော့သည်။ သူက သူမကို လက်မထောင်ပြလိုက်ကာ ပြောလိုက်၏။ “ဒါက ကြည့်လို့ကောင်းပါတယ်။ တိုက်ခိုက်ရေးစွမ်းအားက အရမ်းကို သန်မာတာပဲ”

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူက ကားတံခါးကို မြန်မြန်ဖွင့်ကာ ဒါရိုက်ဘာထိုင်ခုံထဲသို့ ခုန်ဝင်သွားတော့သည်။

ရှမြန်...

ဒါက ငါ သူ့ကိုစနောက်တဲ့အချိန်တိုင်း ငါ သုံးနေကျအကွက်ပဲ မဟုတ်ဘူးလား။

သူ့ဘေးတွင်ရပ်နေသည့် ရုံရှင်းမှာ အခိုက်အတန့် မှင်တက်အံ့သြသွားပြီးသည်နောက်တွင် တအံ့တဩဖြင့် ရှမြန်ကို ကြည့်လိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။

“ဟယ်လို ရှမြန်၊ ငါကရုံရှင်းပါ။ မင်းနဲ့တွေ့ရတာ ဂုဏ်ယူပါတယ်”

သူသည် စကားပြောပြီးသွားသည့်နောက်တွင် တဖန်ထပ်ကာ အော်ရယ်လိုက်ရာ ရှမြန်မှာ နားမလည်နိုင်အောင် ဖြစ်သွားတော့သည်။

နဥ်ရှောက်ပိုင်က ကားပြတင်းပေါက်ကို ချထားလိုက်ပြီး ပြောလိုက်၏။ “မင်းက ဘာရယ်နေတာလဲ။ ကားပေါ် မြန်မြန်တက်လေ”

ရုံရှင်းက ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ရှမြန်က အဘွားကြီးနဲ့ ကျိုးကောင်မလေးကို စကားတစ်ခွန်းမှ မပြောနိုင်အောင် ပိတ်ပြောထားတဲ့အကြောင်းကို စဉ်းစားမိသွားလို့ပါ”

သူက အော်ရယ်ကာ ရှမြန်ကို ပြောလိုက်၏။ “နောက်ဆိုရင် ငါ အလုပ်ကိစ္စ တိုင်ပင်ဆွေးနွေးဖို့ သွားတဲ့အခါ ငါ မင်းကို ခေါ်သွားလို့ရမလား။ ဟားဟားဟား ဒါကတကယ် အံ့သြဖို့ကောင်းတာပဲ...“

“သူကျောင်းသွားရဦးမှာ” နဥ်ရှောက်ပိုင်က ပြောလိုက်၏။ “ပေါက်ကရအတွေးတွေ တွေးမနေဘဲနဲ့ ကားပေါ်တက်တော့”

ရှမြန်သည် သူ့အော်ရယ်နေသံကို ကြားလိုက်ချိန်တွင် သူမ၏စိတ်ထဲတွင် ပြေလျော့သွားသလို ဖြစ်သွားတော့သည်။ ဟုတ်သားပဲ။ ဟော်ရွှယ်ဝမ်နဲ့ အဖိုးကြီးဟော်တို့ကို ဖုန်းခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ပေးခဲ့တာ သူပဲကို။

ထိုသို့စဉ်းစားလိုက်မိပြီးနောက်တွင် ရှမြန်က နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။

“ရှင်က သူတို့(၂)ယောက်အတူတူ ချိတ်ဆက်မိသွားအောင် ဘယ်လိုလုပ်ခဲ့တာလဲ။ ရှင်ပဲ ပြောခဲ့တယ် မဟုတ်လား။ ဟော်ရွှယ်ဝမ်က အလုပ်များနေပြီးတော့ သခင်ကြီးဟော်ကိုလည်း ဆက်သွယ်လို့ မရဘူးဆို”

ရုံရှင်းက ပြုံးကာ ပြောလိုက်လေသည်။ “အစ်ကိုပိုင်က ဟော်ရွှယ်ဝမ်အတွက် ကိစ္စတစ်ခု ရှာပေးထားတယ်လေ။ တကယ်လို့ သူက အလုပ်မများဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဒီမိန်းမ(၂)ယောက် ဖျော်ဖြေနေတာကို မြင်ရမှာလဲ။ သခင်ကြီးဟော်ကတော့...“

ရုံရှင်းက ပဟေဠိဆန်ဆန်ပြုံးလိုက်ကာ ”အစ်ကိုပိုင် ရှာမတွေ့နိုင်တဲ့လူဆိုတာ မရှိပါဘူးလေ”

“ဟော်မိသားစုက သားအဖက ဖုန်းထဲက အကြောင်းအရာတွေကို ကြားလိုက်တဲ့အချိန်မှာ ဘယ်လောက်တောင် စိတ်လှုပ်ရှားသွားလဲဆိုတာ နင်မတွေ့လို့နော်” ရုံရှင်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“အစ်ကိုပိုင်က အရမ်းဆိုးတာပဲ။ သူက ငါ့ကိုမှပဲ သီးသန့်ဖုန်းဖြေခိုင်းနေတာလေ”

“အဘိုးကြီးက ဖုန်းကို အကြိမ်ကြိမ် ချချင်နေတာ ငါတွေ့သားပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ ဖုန်းက ငါ့လက်ထဲမှာ ဖြစ်နေတာလေ။ ဒီတော့ သူကလည်း တစ်ချိန်လုံး သုန်မှုန်နေတဲ့မျက်နှာတစ်ခုနဲ့ နားထောင်ရုံပဲ တတ်နိုင်တော့တာပေါ့”

ရုံရှင်းက ပီတိတဖွားဖွားဖြင့် ပြုံးလိုက်ပြန်သည်။

“ဒီနေ့ သူတို့တွေက တစ်စုံတစ်ယောက်ဆီမှာ ဆုံးရှုံးခဲ့ရတယ်ဆိုတော့ ငါ့အထင်တော့ အဘိုးကြီးက အဘွားကြီးနဲ့ ကျိုးချန်ချန်ကို သေချာပေါက် ရက်ရက်စက်စက် အပြစ်ပေးတော့မှာပဲ”

ရှမြန်သည် ဒါရိုက်ဘာထိုင်ခုံတွင် ထိုင်နေသည့် နဥ်ရှောက်ပိုင်ကို ကြည့်ကာ သူသည် အမှန်ပဲ ရက်စက်သည့် သူတစ်ယောက်ပေပဲဟုသာ ပြောနိုင်တော့သည်။ သူသည် ပစ်မှတ်ကို တိတ်တိတ်လေး ရိုက်ချခဲ့ပြီး ပြဿနာကို အမြစ်မှဖြေရှင်းခဲ့ခြင်းပင်။

ရှမြန်...

နဥ်ရှောက်ပိုင်က အစောကြီးကတည်းက သူမအတွက် လမ်းတစ်ခု ခင်းထားပေးသည်ကို နဥ်ရှောက်ယွင်သည် အခုမှ သဘောပေါက်သွားတော့သည်။

“အစ်မယွင်” ရုံရှင်းက သူမကို နှစ်သိမ့်လိုက်၏။ “အစ်ကိုပိုင်က နဥ်မိသားစုအိမ်ကနေ အစ်မအတွက် ဒီကိစ္စကို အမြဲတမ်း ဖြေရှင်းပေးခဲ့တာပါ။ ဒီတော့စိတ်မပူပါနဲ့”

နဥ်ရှောက်ယွင်သည် တအံ့တဩ မေးလိုက်လေသည်။ “ရှောက်ပိုင်” နဥ်မိသားစုက တိုက်ခိုက်ဖို့ရန် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်လိမ့်ဦးမည်ဟု သူမကထင်ထားခဲ့သည်။

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “အစ်မရဲ့ဘဝကို အစ်မနေချင်တဲ့ ပုံစံအတိုင်းပဲနေပါ။ တကယ်လို့ အဘိုးက အစ်မကို လာရှာတယ်ဆိုရင် ကျွန်တော့်ကိုသာ ပြောလိုက်”

နဥ်ရှောက်ယွင်သည် ရုတ်တရက်ဆိုသလို နှစ်သိမ့်မိသလို ပြုံးလိုက်လေသည်။ သူမသည် သူမမိသားစု၏ စောင့်ရှောက်မှုနှင့် အကာအကွယ်ကို မခံစားရခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်လေသည်။ ရှောက်ပိုင် နိုင်ငံခြားသို့ သွားလိုက်ကတည်းက သူမ၏အဘွားက သူမ မည်သို့နေထိုင်သည်ကို ဂရုမစိုက်သလို သူမကလည်း သူမအဖေအတွက် အကြပ်အတည်း မဖြစ်စေလိုသဖြင့် ဟော်မိသားစုထဲတွင် တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရလေသည်။

ယခုတော့ သူမတွင် အားကိုးစရာ တစ်စုံတစ်ယောက် ရှိလာလေသည်။

သူမက ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် ချန်းချန်းကလည်း ပျော်ရွှင်လာခဲ့သည်။ ကလေးများသည် လူကြီးများ၏ စိတ်ခံစားချက်ကို အမှန်တကယ် အလွန်မှ ခံစားလွယ်ကြလေသည်။

သူသည် သူ့အဘွားဖြစ်သူ၏ အနှောင့်အယှက်များကို အသားကျနေပြီဖြစ်ကာ သူ့အမေကဲ့သို့ပင် ထိုအရာများကို လျစ်လျူရှုလာနိုင်ခဲ့သည်။

သို့သော်ငြားလည်း အဖေက ဒီနေ့ ထူးထူးဆန်းဆန်း ပြုမှုနေပြီး သူသည် ငိုတော့မည့်ပုံစံ ဖြစ်နေသည်။ ဒါက သူ့ကို စိတ်မကောင်းသလို ဖြစ်ရစေ၏။

ကလေးက တစ်လမ်းလုံးဒီကိစ္စကို စိတ်ထဲတွင် တွေးတောလာခဲ့သည်။ သို့သော်ငြားလည်း အိမ်သို့ ပြန်ရောက်ခါနီးအချိန်တွင် သူက မနေနိုင်ဘဲ မေးလိုက်တော့သည်။ “မေမေ ဖေဖေရော”

နဥ်ရှောက်ယွင်က သူ့ခေါင်းလေးကို ထိကိုင်လိုက်ကာ ပြောလိုက်သည်။ “ဖေဖေက အလုပ်များနေတာလေ။ သူ့မှာ အချိန်ရရင် သားကိုလာတွေ့ပါလိမ့်မယ်”

ချန်းချန်းသည် အလုပ်ဟူသည့်စကားကို ကြားလိုက်ချိန်တွင် သူသည် မေးခွန်းများကို မမေးတော့ချေ။ သူက တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားလေသည်။

“သားတို့တွေ နောက်ဆိုရင် အိမ်မပြန်ကြတော့ဘူးလား”

နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်၏။ “ဟုတ်တယ် အခုချိန်ကစပြီး မေမေတို့က ဒီမှာပဲနေကြဦးမှာ။ မေမေက အဲဒီနေ့က သားကို မူကြိုကျောင်း ခေါ်သွားခဲ့တယ် မဟုတ်လား။ သားပျော်ရဲ့လား”

“ညီလေးရှောင်ဖုန်းလည်း ဒီမှာရှိတယ်နော်” ချန်းချန်းက မေးလိုက်သည်။

“ဟုတ်တာပေါ့ ညီလေးရှောင်ဖုန်းလည်း ဒီမှာရှိတယ်လေ။ သားတို့(၂)ယောက်က အခုအချိန်ကစပြီး ညီအစ်ကိုတွေ ဖြစ်သွားပြီ” နဥ်ရှောက်ယွင်က သူ့ခေါင်းလေးကို ထိကိုင်ကာ ပြောလိုက်၏။ “သားတို့တွေက နေ့တိုင်းအတူတူ ကျောင်းသွားလို့ရပြီလေ”

ချန်းချန်းသည် ရုတ်တရက် ပျော်ရွှင်လာပြီး ရှောင်ဖုန်းကို ပြုံးပြလိုက်ကာ လက်တွဲလိုက်ပြီးနောက် အတူတူလက်များကို ဝေ့ရမ်းလိုက်သဖြင့် အားလုံးမှာ ရယ်မောသွားကြလေသည်။ တကယ်လို့ ရှောင်ဖုန်းက ချန်းချန်းနဲ့ သွေးသောက်ညီအစ်ကို ဖြစ်ချင်တယ်ဆိုရင် ငါကတော့ မျက်နှာချင်းဆိုင်က အိမ်ကို ဝယ်မှဖြစ်တော့မှာပဲ။

ရှမြန်သည် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး ”အဘွားကြီးက အဲဒီခြံဝင်းကို ကျွန်မကို တကယ်ပဲ ရောင်းပါ့မလား။ ရှင်တို့ တိတ်တိတ်လေး ဘာပြောခဲ့တာလဲ”

ထိုအကြောင်းအရာကို တိုးတိုးတိတ်တိတ် ပြောခဲ့သည်ဖြစ်သဖြင့် နဉ်ရှောက်ပိုင်က ထိုအကြောင်းကို သေချာပေါက်ပြောဖို့ စိတ်ကူးရှိလိမ့်မည် မဟုတ်ချေ။ သူက ဒီအတိုင်းသာ ပြောလိုက်၏။ “အိမ်ပြောင်းဖို့ပဲ အဆင်သင့်လုပ်ထားလိုက်ပါ”

“အဲဒီပိုက်ဆံကရော...“ ရှမြန်သည် ဒေါသထွက်ပြီး အဘွားကြီးကို တန်ပြန်တိုက်ခိုက်ရန်အတွက် လှည့်ကွက်တစ်ခုသုံးဖို့ စဉ်းစားထားသော်ငြားလည်း သူမသည် ထိုခြံ၀င်းကို အလကားရယူဖို့ လုံး၀စိတ်ကူးမရှိချေ။

ထိုအကြောင်းကို ပြောလိုက်သည်တွင် ဒရိုင်ဘာဘေးခုံတွင် ထိုင်နေသည့်ရုံရှင်းက တစ်ဖန်အော်ရယ်ကာ ရှမြန်ကို လက်မထောင်ပြလိုက်၏။ “သူ့ကို ပိုက်ဆံပေးခဲ့ပြီးပြီ မဟုတ်လား”

ထို့နောက်တွင်တော့ သူက စိတ်ကို ဆွပေးလိုက်သေးသည်။ “မင်းက ပျောက်သွားတဲ့ပိုက်ဆံနဲ့ ပြန်ပေးတာနဲ့ မထိုက်တန်ဘူးလို့ အဘွားကြီးက ထင်တယ်ဆိုမှတော့ ဒါက မင်းရဲ့အကျင့်စရိုက်ကို စော်ကားရာကျသွားပြီလေ။ ဒါက ကျေးဇူးတင်တဲ့အတွက် ဆုလာဘ်တစ်ခု မဟုတ်တော့ဘူး။ ဒါက စိတ်ဒဏ်ရာ ရသွားတဲ့အတွက် လျော်ကြေးတစ်ခုဖြစ်သွားပြီ”

ရှမြန်က အော်ရယ်လေသည်။ “ဒါဆိုရင်တော့ ကျွန်မအထင် ကျွန်မကပဲ သူ့ကို အများကြီး ပြန်ပေးရဦးမှာ‌ပေါ့”

ရုံရှင်းသည် ဘာကို မှတ်မိသွားမှန်း မသိချေ။ သူ့ရယ်ကြောကို ထိသွားသလို အော်ရယ်လိုက်ပြန်သည်။ “မင်းပြောတာ မှန်တယ်။ ကျွန်တော့်အထင်တော့ ယွမ်(၁)သန်းဆိုရင်တောင် လျော်ကြေးပေးဖို့ လုံလောက်မယ်မထင်ဘူး”

ရှမြန်...

ဒါကို ချီးကျူးတယ်လို့ပဲ မှတ်လိုက်ပါမယ်လေ။

နဥ်ရှောက်ပိုင်မှာ ဒီလိုလူထူးလူဆန်း သူငယ်ချင်းတစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်တောင်မထားဘူး။

နဥ်ရှောက်ပိုင်က ရုံးရှင်းကို လျစ်လျူရှုထားလိုက်ပြီး ရှမြန်ကိုပြောလိုက်၏။ “ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့အခါကျရင် ရုံရှင်းကို မျက်မြင်သက်သေ လုပ်ခိုင်းလိုက်။ ဒါမှ နောက်ပိုင်းကျရင် အငြင်းပွားစရာတွေကို ရှောင်လွှဲလို့ရမှာ။ ပြောရရင် အဘွားကြီးက လုံးဝသာမန်လူတစ်ယောက် မဟုတ်ဘူးလေ”

ရှမြန်သည် မနေနိုင်တော့ဘဲ ရုံရှင်းကိုကြည့်လိုက်မိ၏။ ဒီမျက်မြင်သက်သေက တော်တော်လေး ယုံကြည်ရဟန် တူသည်။

သူမ စဉ်းစားနေသည့် အကြောင်းအရာကို သိနေသည့်ဟန်ဖြင့် ရုံရှင်းက ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်သည်။ “ကျွန်တော်က အရမ်းကို နာမည်ကြီးနေတာကို ဘယ်သူက အပြစ်ပြောလို့ရမှာလဲ။ ရိုးသားပြီးတော့ သတင်းလည်း စုံတယ် မဟုတ်လား။ အားလုံးက ကျွန်တော့်ကို ယုံကြည်ကြတယ်လေ”

နဉ်ရှောက်ပိုင်က မျက်နှာကို မဲ့ထားလိုက်ကာ ”သေချာလို့လား မင်းမှာ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိပြီး အဲဒီသူငယ်ချင်း အများကြီးကလည်း အတင်းအဖျင်း ပြောရတာကြိုက်တယ်။ မင်းကလည်း ဟောင်ဖွာဖွာပါးစပ်တစ်ခုလည်း ရှိလို့မဟုတ်လား။ ဒါကြောင့် ဘယ်သူကမှ မင်းနဲ့ လာပြီးမရှုပ်ရဲတာလေ”

ရုံရှင်းက ဒေါသတကြီးဖြင့် ကြည့်လိုက်ကာ ”အစ်ကိုပိုင် အစ်ကိုဟာလေ မိန်းကလေးငယ်လေး တစ်ယောက်ရဲ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ကျွန်တော်ရဲ့အားနည်းချက်တွေကို ထုတ်ဖော်နိုင်ရက်တာလဲ”

နဥ်ရှောက်ယွင်က ပြုံးကာရှမြန်ကို ရှင်းပြလိုက်သည်။ “ရုံရှင်းရဲ့မိသားစုက မဂ္ဂဇင်းတိုက်တစ်ခု ထောင်ထားတာလေ။ ဒီတော့ သူတို့တွေက သတင်းစုံတယ်။ သူက အရမ်းကို ပွင့်လင်းပြီးတော့ ရိုးသားတယ်လေ။ သူက ဒီလိုသဘောရတယ်လို့ ပြောလိုက်ရင် လူတွေက သူ့ပြောစကားကို ယုံလိုက်ကြတော့တာပဲ”

ဒီလိုဖြစ်နေတာကိုး။

ရှမြန်က ပြုံးကာ ပြောလိုက်လေသည်။ “အဲဒီနေ့ကျရင်တော့ ကျွန်မက အစ်ကိုရုံကို ဒုက္ခပေးရပါဦးမယ်”

ရုံရှင်းက ပြုံးကာ ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့ ကျွန်တော် ဒါတွေအားလုံးကို လုပ်ပေးမှာပါ”

ကားသည် လမ်းကြားလေးထဲသို့ မောင်းဝင်လာသည်တွင် အဝေးတစ်နေရာရှိ တံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသည့် မောက်ဟွေ့ကျူးကို မြင်လိုက်ရ၏။ ရှမြန်က ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး သူမ၏ ခေါင်းကို ထုတ်လိုက်ကာ ”ဟွေ့ကျူး ဘာတွေလုပ်နေတာလဲ”

“အစ်မမြန် အစ်မတို့ ပြန်လာပြီလား” မောက်ဟွေ့ကျူးသည် ဝမ်းသာအားရ ခုန်ထလိုက်ကာ ”သမီးတို့တွေ အစ်မကို စောင့်နေကြတာ”

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် ပြန်လှည့်ပြေးကာ ခြံထဲသို့ ဝင်ပြေးသွားတော့သည်။ “အမေ၊ မကြီး၊ ဒုတိယအစ်မ၊ ဒေါ်ဒေါ်ဝေ။ ချန်းချန်းနဲ့ ရှောင်ဖုန်းတို့အားလုံး ပြန်လာပြီ”

“ဝက်သားတုတ်ထိုးကလည်း အသင့်ရသွားပြီထင်တယ်” ရှမြန်က အပြုံးဖြင့် ပြောလိုက်လေသည်။

သူတို့ဒီနေ့ထွက်လာချိန်တွင် ရှ၀မ်ယွဲ့သည် ပါဝင်ပစ္စည်းများဖြင့် ဟင်းရည်ကို စတင်ချက်ပြုတ်နေပြီး သူတို့ပြန်လာသည့်အချိန်ဆိုလျှင် စားသောက်လို့ရပြီဟု ပြောခဲ့လေသည်။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့သည် ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းစိတ်လှုပ်ရှားသွားကြပြီး ကားပေါ်က မြန်မြန်ဆင်းသွားကြကာ ကောင်လေး(၂)ယောက်က လက်တွဲပြီး ခြံဝင်းထဲသို့ ပြေးဝင်သွားကြ၏။

နဥ်ရှောက်ယွင်နှင့် ရှမြန်တို့က အချင်းချင်းပြုံးပြလိုက်ကာ အထဲသို့ လျှောက်ဝင်လာကြသည်။

အဝင်တံခါးဝထဲသို့ ကွေ့ပြီးဝင်လာသည်နှင့်ချက်ချင်း စည်ကားသိုက်မြိုက်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

ခြံထဲတွင် ပြည့်နှက်နေသည့် မွှေးရနံ့များကြားတွင် ရှ၀မ်ယွဲ့သည် လက်ခုပ်တီးကာ ပြောလိုက်၏။ “ကလေးမလေးတွေ အဆင်သင့် ပြင်ကြတော့။ ဟွေ့မေ စားပွဲကို ထုတ်လာခဲ့။ ဟွေ့လန် သံဇလုံကို ယူထုတ်လာခဲ့။ ဟွေ့ကျူး တူတွေကိုယူလာ...“

မောက်မိသားစု၏ ညီအစ်မ(၃)ယောက်သည် သတင်းကို ကြားလိုက်သည်နှင့် စတင် လှုပ်ရှားကြတော့သည်။

ချန်းချန်းသည် ရှ၀မ်ယွဲ့ကို မော့ကြည့်လိုက်ပြီး ”ဒေါ်ဒေါ် သားတို့ဘာလုပ်ရမှာလဲ”

ရှ၀မ်ယွဲ့က ပြောလိုက်၏။ “ဟွေ့ကျူးနောက် လိုက်သွားပြီးတော့ ပန်းကန်လုံးနဲ့တူတွေကို သွားယူလာခဲ့နော်”

သို့နှင့် ချန်းချန်းသည် ရှောင်ဖုန်းကို ခေါ်ကာ ခြေတိုလေးများဖြင့် မောက်ဟွေ့ကျူးနောက်သို့ လိုက်သွားလေသည်။

နဉ်ရှောက်ယွင်သည် သူမရှေ့က မြင်ကွင်းကို ကြည့်လိုက်ပြီး သူမ၏နှလုံးသားထဲက စိတ်ဓာတ်ကျနေမှုများက လွင့်ပြယ်သွားသည်ကို ခံစားမိလိုက်၏။

ရုံရှင်းနှင့် နဥ်ရှောက်ပိုင်တို့က အနည်းငယ် နောက်ကျမှ လိုက်ဝင်လာပြီး ရုံရှင်းက တအံ့တဩ ပြောလိုက်၏။ “တကယ့်ကို စည်ကားတဲ့နေ့တစ်နေ့ပါပဲလား။ မင်း အခုတလော အမြဲတမ်း အိမ်ပြန်နေတာလည်း မဆန်းတော့ပါဘူး”

နဥ်ရှောက်ပိုင်က ဘာမှမပြောချေ။ မကြာမီတွင် အားလုံးသည် စားပွဲဝိုင်းနားတွင် စုဝေးလိုက်ကြပြီး တုတ်ထိုးများကို ကိုင်ကာ ပါးစပ်အပြည့်ဆီတဝင်းဝင်းနှင့် စားသောက်လိုက်ကြသည်။

ရုံရှင်းက နောက်ထပ် ရေညှိပြားတစ်ပြားကို ကောက်ယူလိုက်ကာ ချီးကျူးစကား ပြောလိုက်လေသည်။ “ဒီအစားအသောက်တွေက ဟော့ပေါ့ထက်တောင် ပိုကောင်းသေးတယ်။ စားလေလေ အရသာရှိလာလေလေပဲ။ ကျွန်တော်ကတော့ တစ်ယောက်တည်း တုတ်ထိုးအခု(၁၀၀)လောက် စားနိုင်မယ်ထင်တယ်”

ဒေါ်ဒေါ်ဝေကလည်း ချီးမွမ်းစကားပြောလိုက်သည်။ “တကယ်အရသာရှိတာပဲ”

ရှ၀မ်ယွဲ့သည် နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်တို့က သူတို့၏တူကို မချသည်ကို မြင်လိုက်ချိန်တွင် ပြုံးလိုက်လေသည်။ ဒီအစားအသောက်ကို အမှန်ပင် လုပ်ကိုင်နိုင်မည်ထင်သည်။

မောက်ဟွေ့ကျူးက ရုတ်တရက် အော်ရယ်လိုက်၏။ “ချန်းချန်းကို ကြည့်လိုက်ပါဦး”

အားလုံး၏အာရုံက ချက်ချင်းဆိုသလို အောက်သို့ရောက်သွားသည်။

ကလေးများက အစပ်မပါသည့် ဟင်းရည်အချိုကို စားသောက်ကြသည်။ ချန်းချန်းက ပြည်ကြီးငါးခြေထောက် တစ်ချောင်းကို စားနေပြီး သူ့ပါးလေးများ ဖောင်းသည့်အထိ ကိုက်နေလေသည်။ သို့သော်ငြားလည်း ပြည်ကြီးငါးခြေထောက်က အနည်းငယ် မာကျောနေ၏။ ကလေးက တစ်ချီတည်းနဲ့ အားလုံးကိုမစားနိုင်ဘဲ ပြည်ကြီးငါးခြေထောက်အပိုင်းတိုလေးက အပြင်ဘက်တွင် ကျန်နေလေသည်။ ကောင်ကလေးက ကျန်နေသည့် အဖျားလေးကို စိုက်ကြည့်နေသဖြင့် သူ၏မျက်လုံးဝိုင်းဝိုင်းလေးက စွေတော့မတတ် ဖြစ်နေလေသည်။

အားလုံးက ရယ်မောလိုက်ကြ၏။ ချန်းချန်းကတော့ အကြောင်းအရင်းကို နားမလည်ချေ။ သို့သော်ငြားလည်း အားလုံးက သူ့ကို ရယ်မောနေသည်တော့ သိနေသည်။ သို့သော် သူသည် ပါးစပ်ထဲတွင် အစားအသောက်ရှိနေသဖြင့် စကားမပြောနိုင်ပြန်ပေ။ သူက စိုးရိမ်တကြီး ငေးကြည့်ရုံသာ တတ်နိုင်ပြီး နဥ်ရှောက်ယွင်ကို ကြည့်လိုက်ကာ အကူအညီတောင်းလိုက်လေသည်။

အားလုံးက ပိုပြီးဝမ်းသာပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ကြ၏။ သူ့ဘေးတွင် ထိုင်နေသည့် ရှောင်ဖုန်းကလည်း တအံ့တဩ ဖြစ်သွားသည်။ ကောင်ကလေးက ခေါင်းမော့လိုက်ပြီး သူ့ပါးစပ်ကလည်း ဖောင်းကားနေကာ အားလုံးကို ကြောင်တောင်တောင်လေးနှင့် ကြည့်နေလေသည်။ ရုံရှင်းမှာ မနေနိုင်တော့ဘဲ သူ့လက်ကို ဆန့်လိုက်ကာ ရှောင်ဖုန်း၏ပါးလေးကို ထိလိုက်၏။ “တူလေးက အရမ်းချစ်ဖို့ကောင်းတာပဲ”

ရှောင်ဖုန်းသည် သူ့ခန္ဓာကိုယ်လေးက တွန့်သွားပြီး ရှမြန်၏ လက်မောင်းကို မှီချလိုက်သည်။

ရှမြန်က ပဝါတစ်ထည်ဖြင့် သူ့ပါးစပ်ထောင့်ကဟင်းရည်ကို သုတ်ပေးလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ “ငါတို့ရှောင်ဖုန်းက တိုဟူးခဲစားရတာ ကြိုက်တာပဲ”

ရှောင်ဖုန်းသည် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ခေါင်းညိတ်ပြလိုက်၏။

“အန်တီလည်းပဲ ကြိုက်တယ်” ရှမြန်သည် သူ့အတွက် နောက်ထပ်တစ်ချောင်းကို လုပ်ပေးလိုက်ကာ ရှဝမ်ယွဲ့ကို အကြံပေးလိုက်လေသည်။ “ဟင်းရည်ကို စုပ်ယူနိုင်တဲ့ ပါဝင်ပစ္စည်းတွေကို ထပ်ထည့်လိုက်မယ်ဆိုရင် ပိုပြီးတော့ မွှေးသွားလိမ့်မယ်”

ယခုအချိန်တွင် အသားတုတ်ထိုးကို တောင်ပိုင်းတွင်သာ ရရှိနိုင်လေသည်။ မြောက်ပိုင်းတွင် ရောင်းချသည်က အနည်းငယ် ရှားပါးသော်ငြားလည်း ပါဝင်ပစ္စည်းများကတော့ တောင်ပိုင်းလောက် မပြည့်စုံချေ။ ရှမြန်အကြိုက်ဆုံးဖြစ်သည့် သတ်သတ်လွတ် ပဲအူချောင်း၊ ငါးအသားပြားတို့လို ပစ္စည်းများက ဒီအချိန်အခါတွင် မရရှိသေးချေ။

ရှ၀မ်ယွဲ့သည် စကားတစ်ခွန်းထဲမှ ပြောချင်သည့်အရာကို တမ်းနားလည်နိုင်သည့် ပါးနပ်သည့်လူတစ်ယောက် ဖြစ်လေသည်။

“ဆိုင်အတွက် လှည်းလုပ်ဖို့ ရက်ပိုင်းလောက် အချိန်ပေးရဦးမယ်လေ။ တခြား ဘာတွေချက်ပြုတ်နိုင်မလဲဆိုတာကို ကြည့်ဖို့မကြာခင်ကျရင် အစားအသောက်တွေကို လက်လီလက်ကားရောင်းတဲ့‌ ဈေးတွေဆီကို သွားကြည့်ရဦးမယ်။ ပဲပိစပ်ကထုတ်တဲ့ ထုတ်ကုန်တွေကလည်း အဆင်ပြေမယ်လို့ ထင်တယ်”

“အခု ငါတို့တွေမှာ အမျိုးပေါင်း(၃၀)လောက်ရှိပြီ။ ဒါက အခုလောလောဆယ် လုံလောက်မှာပါ။ ငါတို့တွေက နောက်ပိုင်းကြမှ တဖြည်းဖြည်းချင်း ပစ္စည်းတွေကို ထပ်ဖြည့်ကြတာပေါ့”

“ကုန်ကျစရိတ်ကိုရော တွက်ချက်ပြီးပြီလား။ ဒါကို ဘယ်လိုရောင်းချဖို့ စိတ်ကူးထားလဲ”

...

All Chapters