← Chapters

အပိုင်း(၆၉)

Vol. 5 Ch. 69

အပိုင်း(၆၉)

Vol. 5 Ch. 69

သူတို့အဖွဲ့သည် နဥ်ရှောက်ယွင် အသစ်မှာထားခဲ့သည့် ပန်းချီဆေးနဲ့စုတ်တံများ ရောက်လာသည့်အထိ ဆူဆူညံညံ ကစားလိုက်ကြသည်။

ဒီပစ္စည်းများက အလွန်မှ စျေးကြီးသည်ဟု ကြားလိုက်ရသဖြင့် မောက်ညီအစ်မများက ကစားနေကြသည်ကို အမျှော်အမြင်ရှိရှိဖြင့် ရပ်ထားလိုက်ကြသည်။

ရှမြန်သည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို ခံစားလိုက်ရ၏။ သူမသည် သူမ၏ သာမညောင်ည ကွန်ဖူးစကေးဖြင့် နဥ်ရှောက်ယွင်နှင့် ယှဉ်ပြိုင်ရလိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ချေ။

မိဘတစ်ယောက် ဖြစ်ရခြင်းက အမှန်ပင် မလွယ်ကူလေဘူးဟုသာ ပြောနိုင်တော့သည်။

ကလေးများသည် အသက်အရွယ်တစ်ခုသို့ ရောက်လာလျှင် သူတို့သည် အနိုင်လိုချင်စိတ် ပြင်းထန်လာလေသည်။

ရှောင်ဖုန်းကလည်း ခြွင်းချက် မဟုတ်ချေ။

ရှမြန်၏ ကြယ်ရောင်ကောင်းကင် ပန်းချီကားကို လူတိုင်းက နှစ်သက်သဘောကျကြသဖြင့် ချန်းချန်းကလည်း ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်သွားကာ နဥ်ရှောက်ယွင်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်၏။ “ငါ့မေမေက ငါ့ရဲ့ပုံကို ဆွဲပေးတတ်တယ်နော်။ မင်းရဲ့ဒေါ်လေးကရော မင်းအတွက် ဆွဲပေးတတ်လား”

ရှောင်ဖုန်းက စဉ်းစားမနေဘဲ ခေါင်းညိတ်ပြလိုက်၏။ “ဆွဲပေးတတ်တယ်”

ထို့နောက်တွင် သူကမျှော်လင့်နေသည့်မျက်လုံးများဖြင့် ရှမြန်ကို ကြည့်လိုက်လေသည်။

ရှမြန်...

သူမက ငြင်းဆန်နိုင်ပါမည်တဲ့လား။ ငြင်းဆန်နိုင်မည် မဟုတ်ချေ။

ထိုကြောင့် သူမက ဦးနှောက်ကို အလုပ်ပေးလိုက်ရပြီး လူလေးတစ်ယောက်၏ ကာတွန်းပုံတစ်ပုံ ဆွဲပေးလိုက်သည်။

ကံအားလျော်စွာ ရှောင်ဖုန်းသည် သူမ၏လက်ရာများကို ကြည့်ရှုသည့်အချိန်တိုင်း အဆ(၈၀၀) filterတစ်ခုကို အမြဲတမ်းသုံးတတ်သည်။ သူမက သူ၏ခေါင်းကြီးကြီးလေးကို ဆွဲပေးလိုက်ပြီး သူ၏ကွေးနေသည့်ဆံပင်များကို ကွေးကွေးလေးဖြစ်အောင် ဆွဲပေးလိုက်ကာ ချစ်စရာကောင်းသည့် ဆံပင်ပုံစံလေးကို ဆွဲသားပေးလိုက်သည်။ ရှောင်ဖုန်းသည် တအံ့တဩဖြင့် ချက်ချင်းဆိုသလို လက်ခုပ်များတီးလိုက်ပြီး ”သားပဲ၊ ရှောင်ဖုန်း”

ချန်းချန်းသည် သူ့အမေကို ချက်ချင်း တိုက်တွန်းတော့သည်။ “မေမေ မြန်မြန်လုပ် သားအတွက်လည်း ဆွဲပေး”

...

ပန်းချီဆေးနှင့် ကိရိယာများ ရောက်လာသည်ဟု ကြားလိုက်ချိန်တွင် ရှမြန်က ရှောင်ဖုန်းကို ကောက်ချီကာ ပြေးထွက်သွားတော့သည်။

“ငါတို့တွေ ဘာရှိလဲဆိုတာ သွားကြည့်ရအောင်။ နောက်ကျရင် ဒီလိုတစ်ပုံစံလည်းတူတဲ့ စတူဒီယိုတစ်ခုကို သားအတွက် ဆောက်ပေးမယ်”

ရှမြန်က ဒီစကားကို သာမန်ကာလျှံကာ ပြောလိုက်ခြင်း မဟုတ်ပေ။ ရှောင်ဖုန်းသည် ပန်းချီပညာရပ်တွင် အင်မတန်မှ ပါရမီရှိသည်ကို သူမက အမြဲတမ်း သတိရမိသည်။ အစတုန်းကတော့ သူတို့အခြေချပြီးမှသာ သူ့ကိုစတင် သင်ယူစေချင်ခဲ့သည်။ ဒါကလည်း သူသဘောကျ၊ မကျအပေါ်သာ မူတည်လေသည်။

နဥ်ရှောက်ယွင်ကလည်း ဒီနေ့တွင် သူမက မမျှော်လင့်ထားသည့် အောင်မြင်မှုတစ်ခု ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ကလေး၏ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ပြီး သူသည် ဒီဘဝတွင် ပန်းချီဆွဲရင်းဖြင့် အသက်မွေးမြူနိုင်လိမ့်မည်ဟု သူမက သိလိုက်သည်။ ရှမြန်ကတော့ မျက်နှာချင်းဆိုင်ကအိမ်ကို အောင်အောင်မြင်မြင် ဝယ်ယူပြီးသွားသည်နှင့် နဥ်ရှောက်ယွင်နှင့် ပုံစံတူသည့် စတူဒီယိုတစ်ခုကို ရှောင်ဖုန်းအတွက် ဆောက်ပေးရမည်။

မျက်နှာချင်းဆိုင်က အိမ်အကြောင်း ပြောရလျှင်တော့ နဥ်ရှောက်ပိုင်က အဘွားကြီးကို ၇ရက် အချိန်ပေးထားသည်ဟု ပြောသည်။ ၇ရက်ပြီးသွားလျှင်တော့ သူတို့သည် ခြံဝင်းကို ဝယ်နိုင်လိမ့်မည်။

ဟုတ်ပါသည်။ ဒီမတိုင်ခင်တွင်တော့ ကျိုးချန်ချန်က အရင်ဆုံး ပြောင်းရွှေ့ရလိမ့်မည်။

ရုံရှင်းပြောလိုက်သည့်စကားက မှန်သွားဟန်တူသည်။ သခင်ကြီးဟော်သည် အကြီးအကျယ် မျက်နှာပျက်ခဲ့ရသဖြင့် ဒီကိစ္စကို ကိုင်တွယ်ရာတွင်လည်း ပွက်လောရိုက်သွားသည်ဟု ဆိုနိုင်လေသည်။

ရှမြန်က ချန်းချန်း၊ ရှောင်ဖုန်းနှင့် ဟွေ့ကျူတို့ကို မူကြိုကျောင်းသို့ သွားပို့ချိန်တွင် မျက်နှာချင်းဆိုင်အိမ်က တံခါးကဖွင့်ထားပြီး အစေခံ တော်တော်များများကလည်း အိတ်များကိုသယ်ကာ အဝင်အထွက် ပြုလုပ်နေကြသည်။ သူတို့သည် ဟော်မိသားစုထဲတွင် သူမ တွေ့ခဲ့သည့်အစေခံများသာ ဖြစ်လေသည်။

သခင်ကြီးဟော်က အဘွားကြီး သူ့ဆန္ဒနှင့်ဆန့်ကျင်မည်ကို စိုးရိမ်သဖြင့် သူက သူ့ကိုယ်ပိုင်အစေခံများကို ပစ္စည်းများအား လာရွှေ့ခိုင်းသည်ဟု ရှမြန်ကတော့ ထင်လိုက်သည်။

ကျိုးချန်ချန်၏မျက်နှာတစ်ခုလုံးက စူပုတ်နေလေသည်။ သူမ၏မျက်နှာကတော့ ရှမြန်ကြောင့် ရောင်ကိုင်းနေကာ သူမ၏မျက်လုံးများကလည်း သူမကိုယ်တိုင်ကြောင့်သာ ရောင်ကိုင်းနေတာ ဖြစ်နိုင်သည်။ သူမ၏ဒူးများကလည်း ပွန်းပဲ့လို့နေ၏။ သူမသည် ဒူးထောက်ပြီး သေချာပေါက် အသနားခံရသည်ဟု စိတ်ကူးကြည့်နိုင်သည်။

ရှမြန်နှင့် တခြားသူများကို မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်ရသဖြင့် ကျိုးချန်ချန်က မုန်းတီးစွာ အံကိုကြိတ်ထားလိုက်ပြီး ”နဥ်ရှောက်ယွင် နင့်မှာ နာမည်ကောင်းတစ်ခုပဲ ရှိတာပါ။ ဒါပေမဲ့ နင် ကွာရှင်းပြီးသွားရင်တော့ နင်က ဒီဆင်းရဲနုံချာပြီး ဝေးလံလှတဲ့နေရာတစ်ခုမှာပဲ ပုန်းနေရလိမ့်မယ်”

သူမသည် ဒီစကားကို ပြောလိုက်ချိန်တွင် ချန်းချန်းကို ကြည့်လိုက်ကာ အေးစက်စက် ခနဲ့လိုက်လေသည်။ “နင့်ရဲ့လေထဲက ယုံကြည်မှုတွေလည်း ကျရှုံးသွားပြီလို့ ထင်တယ်”

“နင်က ပိုင်ဆိုင်မှုရဖို့အတွက် ဟော်မိသားစုရဲ့ အကြီးဆုံးမြေးဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးချင်နေတာလား။ မနေ့က ငါ့ရဲ့နားတွေနဲ့ သေချာပေါက်ဆက်ဆက် ကြားလိုက်သားပဲ။ ဦးလေးဟော်က အစ်ကိုရွှယ်ဝမ်ကို ကွာရှင်းစာချုပ်မှာ အတင်းလက်မှတ်ထိုးခိုင်းနေတာလေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူ တာဝန်ယူထားတဲ့ ချန်ပေပရောဂျက်ကို ပြန်ယူလိုက်မှာပေါ့”

“ဦးလေးဟော်သာ နင့်ကို မထောက်ပံ့တော့ဘူးဆိုရင် နင်က ဘယ်လောက်ထိ ကြာကြာမာန်တက်နိုင်ဦးမလဲဆိုတာ သိချင်သေးတယ်”

ရှမြန်ကတော့ ဟော်မိသားစု၏ အဘွားကြီးသည် သူမကို နှစ်သက်သဘောကျရသည်မှာ မဆန်းတော့ပေဟုသာ ခံစားရလေသည်။ သူမသည် အလွန်မှ ရှက်စရာကောင်းသည့် ရုပ်ဖြစ်နေသည့်တိုင် သူမ၏သာလွန်မှုကို သက်သေပြရန်အတွက် တခြားသူ၏ အားနည်းချက်များကို ရှာဖွေနေသေးသည်။ ဒါက အဘွားကြီးနှင့် တစ်ပုံစံတည်းပင်။

နဥ်ရှောက်ယွင်က စကားပြောတော့မည် ပြင်လိုက်သည့်ရှမြန်ကို လှမ်းတားလိုက်ကာ အေးအေးဆေးဆေး ပြောလိုက်၏။ “ငါ ဘယ်လိုမာန်တက်မယ်ဆိုတာ နင် စိတ်ပူစရာ မလိုပါဘူး။ ငါ့ရှေ့မှာထပ်ပြီး ပေါ်မလာတော့နဲ့လို့ နင့်ကို သတိပေးခဲ့တယ် မဟုတ်လား”

ကျိုးချန်ချန်က မျက်နှာကို မဲ့ထားလိုက်ကာ ”နင့်ကိုယ်နင် ဘာများမှတ်နေလို့လဲ။ နင်က ပေါ်မလာနဲ့ဆိုတာနဲ့ပဲ ငါက ပေါ်မလာရတော့ဘူးလား”

“ငါက ဘာမှတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ဟော်ရွှယ်ဝမ်ဆီ တာဝန်ပေးထားတယ်လေ”

နဥ်ရှောက်ယွင်က ဖုန်းကို ကောက်ကိုင်လိုက်ကာ ဖုန်းခေါ်ဆိုလိုက်လေသည်။ “ဒီတစ်ကြိမ်မှာ နင်က ငါ့ကို ရန်စဖို့ ကြိုးစားနေတယ်ဆိုတာ သူ သိသွားမယ်ဆိုရင် မနေ့က နင်တောင်းပန်ထားရတဲ့ အားထုတ်မှုတွေအားလုံး အချည်းနှီး ဖြစ်သွားမယ်လို့ နင် ထင်လား”

ကျိုးချန်ချန်၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။ “နင်...“

နဥ်ရှောက်ယွင်၏ ဖုန်းခေါ်ဆိုမှုသည် ချက်ချင်းဆိုသလို ဝင်သွား၏။

“ရှောက်ယွင်”တစ်ဖက်လူ၏အသံက စိတ်လှုပ်ရှားနေသည်။ “မင်း အိမ်မှာလား။ ကိုယ်အခုချက်ချင်း လာခဲ့မယ်။ ကိုယ်တို့တွေ လူချင်းတွေ့ပြီး စကားပြောကြတာပေါ့”

“မလုပ်နဲ့ ဒီကိုမလာပါနဲ့” နဥ်ရှောက်ယွင်က ကျိုးချန်ချန်ကို တည့်တည့်ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဟော်ရွှယ်ဝမ် ရှင်လေ တစ်ခါလောက်တော့ ရှင့်စကားကို တည်ပေးလို့မရဘူးလား”

ဟော်ရွှယ်ဝမ်မှာ အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ “ကိုယ်က...“

“ရှင် မနေ့တုန်းက ပြောခဲ့တယ် မဟုတ်လား။ ကျိုးချန်ချန်ကို ကျွန်မရှေ့မှာ ထပ်ပြီးပေါ်မလာစေရဘူးဆို” နဥ်ရှောက်ယွင်က ပြောလိုက်သည်။

“ဒါပေမဲ့ အခုတော့ သူက သူ့ရဲ့အစွမ်းကို သက်သေပြဖို့ ကျွန်မ အိမ်တံခါးရှေ့မှာ လာရပ်နေတယ်လေ”

ကျိုးချန်ချန်သည် ထိတ်လန့်သွားပြီး ဒေါသထွက်သွားတော့သည်။ “နင် ပေါက်ကရတွေ ပြောနေတာပဲ။ အစ်ကိုရွှယ်ဝမ် ကျွန်မ အဲဒီလိုမလုပ်ပါဘူး”

သူမသည် ထိုသို့ပြောလိုက်ပြီးနောက်တွင် ဖုန်းကိုပင် လှမ်းလုဖို့ ကြိုးစားလိုက်သေးသည်။

ရှမြန်က သူမ၏လက်မောင်းကို ဖမ်းဆွဲထားလိုက်ကာ သူမကို အော်ရယ်လိုက်တော့သည်။ “နင်က အစ်မနဥ်ရှေ့မှာ ပေါ်မလာဘူး ဟုတ်လား။ ဒါဆို အခုစကားပြောနေတာ ဘယ်သူလဲ။ သရဲလား”

ကျိုးချန်ချန်သည် အလွန်မှ ဒေါသထွက်ရသဖြင့် တုန်ရင်နေတော့သည်။ သို့သော်ငြားလည်း ဟောရွှယ်ဝမ်ကို ဘာမှမကြားစေလိုသဖြင့် သူမမှာ ဘာတစ်ခွန်းမှ မပြောရဲချေ။ နောက်ဆုံးတော့ သူမသည် ဟော်ရွှယ်ဝမ် စိတ်ဆိုးအောင် နည်းနည်းလေးမှ မလုပ်နိုင်ချေ။

နဥ်ရှောက်ယွင်က ဖုန်းတစ်ဖက်မှ စိုးရိမ်တကြီးရှင်းပြနေသည့် စကားများကို လျစ်လျူရှုထားလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “လင်နဲ့မယားဆိုတာ တစ်ယောက်တည်းပဲတဲ့။ ကျွန်မတို့တွေ အတူတူနေတဲ့အချိန်တုန်းက ရှင် ကျွန်မရဲ့အမှားကြောင့် ကျွန်မကို အရှက်ခွဲခဲ့တယ်လေ။ ဒါပေမဲ့ အခု ရှင်က အရည်အချင်း မရှိတော့ပါဘူး။ ကျေးဇူးပြုပြီးတော့ ရှင့်အမှိုက်ကိုပဲ လာရှင်းပေးပါ”

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမက ဖုန်းကိုချကာ ကျိုးချန်ချန်ကိုကြည့်ပြီး ပြောလိုက်၏။ “နင်က ဒီမှာဆက်နေပြီးတော့ သူ လာကြိုတာကို စောင့်ချင်နေတာလား”

ကျိုးချန်ချန်မှာ ဒေါသခြောင်းခြောင်း ထွက်သွားသည်။ သူမသည် တစ်ခုခုပြောချင်ပါသော်ငြားလည်း နဥ်ရှောက်ယွင်က နောက်ထပ် ဖုန်းတစ်ခါခေါ်တော့မည်ကို တွေ့လိုက်ရပြီး ရုတ်တရက်ဆိုသလို သူမမှာ စကားတစ်ခွန်းလေးပင် မကျိန်ဆဲလိုက်ရဘဲ ဒေါသတကြီးဖြင့် ထွက်သွားလိုက်ရတော့သည်။

နဥ်ရှောက်ယွင်က သူမ၏အရှက်ရသွားသည့် ကျောပြင်ကို ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို လှိုက်လှိုက်လှဲလှဲပြုံးကာ ရှမြန်ကို ပြောလိုက်၏။ “ဒါက တော်တော်လေး ခံစားလို့ကောင်းတာပဲ”

ချန်းချန်းတစ်ယောက်ကတော့ ဒေါက်မြင့်ဖိနပ်ဖြင့် ဒေါသတကြီး လမ်းလျှောက်နေသည့် ကျိုးချန်ချန်ကို ကြည့်လိုက်ပြီး ခေါင်းလေးကိုမော့ကာ နဥ်ရှောက်ယွင်ကို ပြောလိုက်လေသည်။ “မေမေ အဲ့ဒီအန်တီ ဒီလိုပုံ လျှောက်နေရင်တော့ လဲကျတော့မှာပဲ”

သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ရှေ့မှအော်သံတစ်ခု ထွက်လာ၏။ ကျိုးချန်ချန်သည် ကျောက်ခဲတစ်ခုကို တက်နင်းမိသွားကာ ခြေခွင်သွားတော့သည်။

အယ် ချန်းချန်းရဲ့ ကျီးပါးစပ်က အရင်လို ထိရောက်နေတုန်းပါပဲ။

...

မူကြိုကျောင်းတံခါးဝတွင် ရှမြန်သည် သိပ်မဝေးလှသည့်နေရာက ငိုယိုနေသည့်ကလေးငယ်များကို ကြည့်ပြီး စိတ်ထဲတွင် စိုးရိမ်နေမိ၏။

သူမက‌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှောင်ဖုန်း၏ အဝတ်အစားလေးကို သပ်ရပ်အောင် လုပ်ပေးလိုက်သည်။ ကလေးက ဒီနေ့တွင် အပြာရောင်အားကစားဝတ်စုံကို ဝတ်ဆင်ထားကာ နူးညံ့ပျော့ပျောင်းပြီး ချစ်စဖွယ်ကောင်းနေလေသည်။

ရှမြန်က ထပ်သတိပေးလိုက်၏။ “ပေါင်ပေါင်ရဲ့အတန်းက ကိုကိုချန်းချန်းနဲ့ ဒေါ်လေးဟွေ့ကျူးတို့ရဲ့ အတန်းနဲ့ မတူဘူးနော်။ သား သိလား”

ရှောင်ဖုန်းသည် သူ၏ကျောင်းလွယ်အိတ်လေးကို လွယ်ထားကာ ခေါင်းညိတ်ပြလိုက်ပြီး ကလေးသံတစ်ခုဖြင့် ပြောလိုက်၏။ “အတန်းထဲမှာ ဆရာမရဲ့စကားကို နားထောင်ရမယ်။ အတန်းပြီးသွားရင် ကိုကိုချန်းချန်းနဲ့ ဒေါ်ဒေါ်ဟွေ့ကျူးတို့ကို သွားရှာရမယ်”

“အင်း ဟုတ်တယ်” ရှမြန်က သူ၏ထောင်တက်နေသည့် ဆံပင်ကွေးကွေးလေးကို သပ်ချပေးလိုက်ပြီး ”အိမ်သာ သွားချင်တယ်ဆိုရင် လက်လေးကို ထောင်ပြီး ဆရာမကို ပြောပြလိုက်နော်။ သားရဲ့ကျောပိုးအိတ်ထဲမှာ ချိုချဉ်လေးတွေလည်း ပါတယ်။ တခြားကလေးတွေနဲ့ အတူတူစားနော်...“

ရှမြန်မှာ စကားပြောနေရင်းက ပိုပိုပြီးစိုးရိမ်လာတော့သည်။ နောက်ဆုံး‌တော့ သူမက မတတ်သာတော့ဘဲ ပြောလိုက်ရ၏။ “ဒီနေ့တော့ စမ်းကြည့်ကြတာပေါ့။ တကယ်လို့ သားက မကြိုက်ဘူးဆိုရင် အန်တီလေးတို့ မနက်ဖြန်ကျရင် မလာတော့ဘူး။ ဟုတ်ပြီလား”

ရှောင်ဖုန်းက သူ့လက်မောင်း သေးသေးလေးများကို ဆန့်တန်းလိုက်ကာ ရှမြန်၏လည်ပင်းကို လှမ်းဖတ်လိုက်၏။ သူက သူမ၏လည်ပင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ နှစ်သိမ့်ပြောဆိုလေသည်။ “အန်တီလေး စိတ်မပူနဲ့နော်”

သူ့စကားလုံးက ရှ၀မ်ယွဲ့နှင့် နဥ်ရှောက်ယွင်တို့ ၂ယောက်စလုံးကို ရယ်မောစေတော့သည်။

နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီးတော့ ရှောင်ဖုန်းက နင့်ကို ချော့မော့နေရတာလဲ”

ရှမြန်မှာ ဝမ်းနည်းရသလို စိတ်အေးရလေသည်။ သူမက ရှောင်ဖုန်း၏နဖူးလေးကို အနမ်းပေးလိုက်ကာ ပြောလိုက်၏။ “ဟုတ်ပါပြီ။ အန်တီလေးက ရှောင်ဖုန်းကို ယုံမယ်နော်။ ရှောင်ဖုန်းက အရမ်းသတ္တိရှိတာပဲ”

“ချန်းချန်းနဲ့ ဟွေ့ကျူးတို့ကလည်း သူ့ကို သေသေချာချာလေး ဂရုစိုက်ပေးမယ်လို့ အန်တီလေးက ယုံတယ်”

ချန်းချန်းက သူ့ရင်ကို ဖွင့်ထားလိုက်ကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့နော် အန်တီရှမြန်”

ရှ၀မ်ယွဲ့ကတော့ မောက်ဟွေ့ကျူးအတွက် လုံးဝစိတ်မပူချေ။ သူမက စကားတစ်ခွန်းသာ ပြောလိုက်လေသည်။ “ဆရာမစကား နားထောင်ပြီးတော့ ချန်းချန်းနဲ့ ရှောင်ဖုန်းတို့ကို စောင့်ရှောက်နော်။ အမေ နေ့လယ်ကျရင် မလာတော့ဘူး။ ပြီးတော့ နင့်အစ်မရှမြန်ကပဲ နင်တို့ကို လာကြိုလိမ့်မယ်။ နားလည်လား”

မောက်ဟွေ့ကျူးက ခေါင်းညိတ်ပြလိုက်ကာ လျှောပေါ်တွင် ကစားနေကြသည့် မူကြိုကျောင်းဘက်က ကလေးများကို လှမ်းကြည့်လိုက်လေသည်။ သူတို့သည် လုံးဝ စိတ်မရှည်နေသည်မှာ သိသာ၏။

ဆရာမက ကလေး(၃)ယောက်ကို အခန်းထဲသို့ ခေါ်ဝင်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီး ရှဝမ်ယွဲ့နှင့် နဥ်ရှောက်ယွင်တို့သည် လုံးဝကိုစိတ်မပူဘဲ သူတို့၏ကိုယ်ပိုင် ကိစ္စများနှင့်သာ အလုပ်များလိုက်ကြသည်။

ရှဝမ်ယွဲ့က အစားအသောက် လက်ကားစျေးသို့သွားလိုက်ပြီး နဥ်ရှောက်ယွင်ကတော့ စတူဒီယိုဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ရှမြန်သည် သူမ၏သင်ခန်းစာများကို ပြန်လည်လေ့ကျင့်မည်ဟု ပြင်ဆင်ထားသော်ငြားလည်း သူမမှာ ဘာကိုမှအာရုံမစိုက်နိုင်ဘဲ အလွန်မှ စိတ်မငြိမ်မသက်ဖြစ်နေ၏။ နောက်ဆုံးတော့ သူမက သူမ၏သင်ရိုးစာအုပ်ကို ဒီအတိုင်းထုတ်လိုက်ကာ မူကြိုကျောင်းအပြင်ဘက်သို့ ရောက်လာပြီး ချောင်းမြောင်း ကြည့်ရှုလေသည်။

ထို့နောက်တွင်တော့ အချိန်တိုလေးအတွင်းတွင် သူမ၏ရှောင်ဖုန်းလေးက အဖွဲ့၏အချစ်ရဆုံး ကောင်လေးတစ်ယောက် ဖြစ်လာခဲ့သည်ကို တွေ့လိုက်ရသည်။

မောက်ဟွေ့ကျူးက ဒီအခြေအနေအတွက် ခိုင်မာသည့် အကျိုးဆောင်မှုတစ်ခုကို ပြုလုပ်ပေးခဲ့ခြင်းပင်။

ကလေးမလေးက ရဲတင်းပြီး အကြောက်အလန့်ကင်းသည်။ ဖော်ရွေပြီး ချစ်စဖွယ်ကောင်းသည့် အကျင့်စရိုက်တစ်ခု ရှိသည်။ သူမတွင် ကစားစရာအရုပ်များ မရှိသော်ငြားလည်း သူမ၏ ကျောင်းလွယ်အိတ်ထဲက ကောက်ရိုးဖြင့် ရက်လုပ်ထားသည့် အရုပ်များနှင့် ထွင်းထားသည့် သစ်သားအရုပ်များက ရှ၀မ်ယွဲ့က ရှောင်ဖုန်းကို ပထမဦးဆုံးအကြိမ် တွေ့စဉ်ကပေးခဲ့သည့် အရုပ်များနှင့် ဆင်တူသည်။ ထိုအရုပ်များကို သူမ၏ဦးလေး၂က ပြုလုပ်ပေးခဲ့ခြင်းပင်။ သူမ၏ဒုတိယဦးလေးက အရုပ်များလုပ်ရာတွင် ကျွမ်းကျင်ပြီး ကလေးများအတွက် ကစားစရာဝယ်ပေးရန် ပိုက်ဆံမရှိချေ။ ထို့ကြောင့် သူက ဒီအရုပ်ကလေးများကို ကိုယ်တိုင်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ကလေးများကလည်း အလွန်မှ ကြိုက်နှစ်သက်ကြသည်။

ဒီလိုအရာများက မြို့ပေါ်က ကလေးများကြားထဲတွင် ရှားပါးလေသည်။ ထို့ကြောင့် မောက်ဟွေ့ကျူးက တခြားကလေးများနှင့် အလှည့်ကျကစားခိုင်းပြီး သူတို့နှင့် သူငယ်ချင်းများ မြန်မြန်ဆန်ဆန် ဖြစ်လာတော့သည်။

ဟုတ်ပါသည်။ မောက်ဟွေ့ကျူး၏ ကစားစရာအရုပ်များကို လုယက်ချင်ကြသည့် အနိုင်ယူလိုသည့် ကလေးများက အခန်းတိုင်းတွင် (၁)ယောက်၊ (၂)ယောက်တော့ရှိသည်။

ဒီအချိန်တွင် ချန်းချန်းက ပေါ်လာသည်။ ဒီကောင်ကလေးက ဖြူဖွေးပြီး သန့်ရှင်းနေသော်ငြားလည်း သူကတော့ အားမာန်အပြည့် ရှိလှသည်။ သူက ကလေးရှေ့တွင် ရပ်လိုက်ပြီး နှုတ်ခမ်းကို မဲ့ထားကာ ပြောလိုက်လေသည်။ “မင်းက မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာ မရှက်ဘူးလား”

သူက သူ့ဦးလေးဖြစ်သူ၏ အထင်သေးသည့်သဘောထားကို အတုယူကာ ပြောလိုက်၏။ “မင်း တခြားသူတွေကို ထပ်ပြီးအနိုင်ကျင့်နေမယ်ဆိုရင် ဆရာမရဲ့ဆိုဆုံးမတာ ခံရမယ်နော်”

ဆိုးသွမ်းသည့်ကလေးများက အနိုင်ကျင့်သူများဖြစ်ကြပြီး သန်မာသူများကို ကြောက်ရွံတတ်ကြသည်။ ထို့အပြင် ဆရာမများကို မကြောက်သည့် ကလေးတချို့ကလည်း ရှိသေးတယ်။ ဆိုးသွမ်းသည့် ကလေးက ဇဝေဇဝါဖြစ်သွား၏။ သူက တစ်ခုခု ကြမ်းကြမ်းတမ်းတမ်း ပြောရမည်ဟု စဉ်းစားလိုက်သည်တွင် မိန်းကလေး သေးသေးလေးအများစုက အလောတကြီး ပြေးသွားကာ တိုင်ပြောကြသည်ကို ကြားလိုက်ရ၏။ “ဆရာမ ဝတုတ်က ဟော်ယွီချန်းကို ရိုက်ချင်နေတယ်”

“ဆရာမ ဝတုတ်က သမီးတို့ရဲ့အရုပ်တွေကို ခိုးပြီးတော့ သမီးတို့ကို ရိုက်ချင်နေတယ်”

“ဆရာမ ဝတုတ်က...“

ထိုနောက် ဖန့်ဖန့် (ဝတုတ်)သည် ဆရာမ၏ ခေါ်သွားခြင်းခံရကာ ဆိုဆုံးမခံရတော့သည်။

ရှမြန်သည် ကလေးတစ်သိုက်၏ ဝိုင်းရံခြင်းခံထားရသည့် ချန်းချန်းကို ကြည့်ကာ ရယ်ချင်စိတ် ပေါက်သွားတော့သည်။

မူကြိုကျောင်းများက ကလေးများသည် အနည်းငယ် အပေါ်ယံဆန်ကြပြီး ရုပ်ရည်အသွင်ပြင်ကိုသာ ကြည့်တတ်ကြသည်။ ထူးခြားသည့်ရုပ်ရည်နှင့် စိတ်သဘောထား ပိုင်ဆိုင်ထားသည့် ချန်းချန်းမှာ အေးစက်သည့် အကျင့်စရိုက် ရှိသော်ငြားလည်း လူတော်တော်များများက သူနှင့် သူငယ်ချင်းလုပ်ဖို့ရန် အရင်ဆုံးလာခေါ်ကြသည်။

သို့သော်ငြား ချန်းချန်းက ဒီလိုအာရုံစိုက်ခံနေရသည်ကို သဘောကျဟန်မတူချေ။ ခဏအကြာတွင် အငယ်တန်းထဲက ကလေးလေးများသည် သူတို့၏အပြင်ထွက်ကစားရသည့်အချိန် ပြီးဆုံးသွားသည်။

အပျော်ကြီးပျော်နေသည့် မောက်ဟွေ့ကျူးနှင့် တခြားကလေးများ၏ ဝိုင်းရံခြင်းခံထားရကာ စိတ်မရှည်သည့်ရုပ်ဖြစ်နေသည့် ချန်းချန်းတို့(၂)ယောက်စလုံးက တချိန်တည်းတွင် မူကြိုကျောင်း အခန်းတံခါးဆီသို့ ပြေးလွှားလိုက်ကြလေသည်။

ကလေးငယ်လေး (၁၂)ယောက်ကျော်လောက် ထွက်လာပြီးနောက်တွင် ရှောင်ဖုန်းက ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ထွက်လာ၏။ သူသည် အသားကျဖို့ရန် နှေးကွေးပြီး ပတ်ဝန်းကျင်အသစ်ထဲတွင် အလွန်မှ ရှက်ရွံ့နေလေသည်။ သူ့ပတ်ဝန်းကျင်တွင် ကလေးများက ရှိနေကြသော်လည်း သူက တိတ်တိတ်လေးသာ လေ့လာကြည့်နေတတ်သည်။

သူသည် အခန်းထဲမှ လမ်းလျှောက်ထွက်လာသည်နှင့်ချက်ချင်း ရင်းနှီးနေသည့်လူ(၂)ယောက်ကို မြင်လိုက်ရ၏။ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို စိတ်အေးသွားပြီး သူက ဝမ်းသာအားရ ပြောလိုက်လေသည်။ “ဒေါ်လေးဟွေ့ကျူး၊ ကိုကိုချန်းချန်း”

မောက်ဟွေ့ကျူးသည် အငယ်ဆုံးဖြစ်သော်ငြားလည်း သူမတွင် ဟွေ့မေနှင့် ဟွေ့လန်တို့လို ကောင်းမွန်သည့် စံပြပုဂ္ဂိုလ်(၂)ယောက် ရှိလေသည်။ သူမက လူများကို မည်သို့ စောင့်ရှောက်ပေးရမည်ကို သိသည်။

သူမက ရှောင်ဖုန်းကို လျှောဆီသို့ ခေါ်လာပြီး ရှောင်ဖုန်းအတွက် အုံးအွမ် အော်တတ်သည့် သစ်သားဖားလေးကို အလဲအလှယ်လုပ်ပေးသည်။ ကလေးများက ရှောင်ဖုန်းကို‌ လျှောနှင့်အတူ လျှောဆင်းလိုက်သည့် အချိန်တိုင်းတွင် သစ်သားဖားလေးက (၁)ကြိမ်အော်ပေးသည်။

ထို့ကြောင့် ရှောင်ဖုန်းသည် တခြားကလေးများနှင့် တိုးဝှေ့နေစရာ မလိုချေ။ အလွန်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ချန်းချန်းက လျှောပေါ်သို့ ခေါ်သွားခြင်းသာ ခံလိုက်ရသည်။

လျှောဘေးတွင် ထိုင်နေချိန်တွင် ရှောင်ဖုန်းက နည်းနည်းလေး ကြောက်နေမိသည်။ သူ့နောက်တွင် ထိုင်နေသည့် ချန်းချန်းက ပြောလိုက်၏။ “မကြောက်နဲ့နော် ငါ မင်းနဲ့အတူတူ လျှောစီးမှာ။ ဒါက ပျော်စရာကောင်းတယ်။ တစ်ခါလောက် လျှောစီးပြီးသွားရင် သိသွားလိမ့်မယ်”

မောက်ဟွေ့ကျူးက လျှောအောက်တွင် ရပ်နေကာ သူမ၏လက်(၂)ဖက်ကို ဆန့်ထားပြီး ပြောလိုက်သည်။ “မကြောက်နဲ့နော် ဒေါ်လေးက နင့်ကို ဖမ်းပေးမယ်”

အနီးအနားတွင်ရှိသည့် ကလေးတစ်ယောက် ကပြောလိုက်၏။ “မောက်ဟွေ့ကျူး နင်က အခု ဒေါ်လေးလား”

မောက်ဟွေ့ကျူးက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ရင်ကို ဖွင့်ထားလိုက်ကာ ”ဟုတ်တယ်လေ။ ရှောင်ဖုန်းက ငါ့ရဲ့တူလေး”

အသက် ၆နှစ်၊ ၇နှစ်အရွယ် ကလေးများသည် အစ်ကိုကြီး၊ အစ်မကြီးအရာကို ယှဉ်ပြိုင်နေကြလေသည်။ သို့သော်ငြားလည်း မောက်ဟွေ့ကျူးကတော့ ဒေါ်လေးဟူသည့် သူမ၏ မြင့်မားသည့် အဆင့်တစ်ခုကြောင့် အားကျခံနေရတော့သည်။

ညဏ်ကောင်းသည့် ကလေးမလေးတစ်ယောက်က ပြောလိုက်သည်။ “ဒါဆိုရင်တော့ သူက ငါတို့ကိုလည်း ဒေါ်လေးလို့ ခေါ်ရမှာပေါ့”

ကောင်လေးတစ်ယောက်ကလည်း မေးလိုက်သည်။ “ဒါဆိုရင် ငါတို့တွေက ဦးလေးလား”

“နင်က ဦးလေးလား”

“ဒါဆို ငါက ဒေါ်လေးတစ်ယောက်ပေါ့နော်”

“...“

ကလေးများသည် သူတို့ကို မည်သို့ခေါ်ရမည်ကို မသိသေးသဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနေကြလေသည်။ သို့သော်ငြားလည်း သူတို့အားလုံးကတော့ မည်သို့ဆိုစေ ရှောင်ဖုန်းထက် ကြီးကြသည်။

ထို့ကြောင့် ရှောင်ဖုန်းနှင့် ချန်းချန်းတို့က အတူတူလျှောစီးလာကြချိန်တွင် ဦးလေး၊ ဒေါ်လေးနှင့် ဝမ်းကွဲတစ်သိုက်ကြီးကို တွေ့ဆုံလိုက်ရတော့သည်။ မောက်ဟွေ့ကျူးမှာ သူတို့နှင့်ကစားစရာ အလဲအလှယ် လုပ်ပေးစရာ မလိုတော့ချေ။

လုပ်ရန်လိုသည့် တစ်ခုတည်းသောအရာမှာ ဒီလူကြီးများ၏ အချစ်ခံရဖို့သာ ရှိတော့သည်။

မျှော်လင့်မထားသည့် ကပ်ဘေးတစ်ခုကို ခံစားလိုက်ရသည့် ချန်းချန်းကတော့...

သူ့ကျမှ ဘာဖြစ်လို့ ကိုကိုတဲ့လဲ။ သူလည်း ဦးလေးတစ်ယောက် ဖြစ်ချင်တာပေါ့။

...

All Chapters