အပိုင်း(၇၀)
Vol. 5 Ch. 70
ကလေး(၃)ယောက်သည် မူကြိုကျောင်းမှ ပထမဦးဆုံးပိတ်ရက် ရောက်လာချိန်တွင် ရှ၀မ်ယွဲ့ကိုယ်တိုင် လုပ်ခိုင်းထားသည့် အသားတုတ်ထိုးလှည်းက သွားရွေးဖို့ရန် အဆင်သင့် ဖြစ်လာသည်။
အားလုံးက ဘာမှကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ စောစောစီးစီး အိပ်ရာထကြသည်။
ရှမြန်က ရှောင်ဖုန်းကို အဝတ်အစားလဲပေးနေချိန်တွင် ကောင်ကလေးက သူ၏ လည်ပင်းသေးသေးလေးကို ဆန့်ကာ အပြင်ဘက်သို့ ကြည့်နေ၏။
ရှမြန်က ရယ်မောလိုက်ပြီး"သားက ဘာကြည့်နေတာလဲ"
ရှောင်ဖုန်းက ဝမ်းသာအားရ သူ့နှုတ်ခမ်းလေးများကို စူထားလိုက်ကာ "အန်တီလေး အန်တီနဥ်က ဒီနေ့ပန်းချီ ဆွဲနေတယ်"
ရှမြန်က သူ၏ထောင်တက်နေသည့် ဆံပင်အကွေးလေးကို သပ်ပေးလိုက်ကာ မေးလိုက်လေသည်။
"သားက ပန်းချီဆွဲရတာ ကြိုက်လို့လား"
ရှောင်ဖုန်းက ကြက်ပေါက်ကလေးက ဆန်စေ့ကို ကောက်စားနေသလို ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်မောင်း သေးသေးလေးကို ဖွင့်ကာ ပြောလိုက်လေသည်။ "အရမ်းလှတာပဲ"
ရှမြန်က သူ့ကို ကောက်ချီလိုက်ကာ အပြင်သို့ လျှောက်လာခဲ့သည်။ "အန်တီလေးတို့ ခြံဝင်းဝယ်ပြီးသွားရင် အန်တီလေးက သားအတွက် စတူဒီယိုတစ်ခု ဆောက်ပေးမယ်။ သားကို အဲဒီမှာ ပန်းချီဆွဲခိုင်းမယ်လေ ဟုတ်ပြီလား"
ရှောင်ဖုန်းက ပျော်ရွှင်စွာဖြင့် တခစ်ခစ်ရယ်မောလေသည်။ "ကောင်းတယ်၊ ပန်းချီဆွဲကြမယ်"
တူ၀ရီး(၂)ယောက်က အခန်းအပြင်ဘက်သို့ ထွက်လာချိန်တွင် နဥ်ရှောက်ယွင်က ခြံဝန်းထဲတွင် ဆေးများကို ရေတွက်နေသည်ကို တွေ့လိုက်ရသည်။
"အစောကြီးပါပဲလား"
နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်၏။ "အဒေါ်၂နဲ့ ဟွေ့မေတို့က လှည်းသွားရွေးဖို့ ထွက်သွားပြီ။ ခဏနေ ပြန်လာကြလိမ့်မယ်"
ချန်းချန်းကလည်း သူ့မျက်လုံးများကို ပွတ်ကာ အခန်းထဲက ထွက်လာသည်။ "မေမေ"
ရှမြန်က လက်လှမ်းလိုက်ကာ သူ့ကိုလှမ်းဆွဲလိုက်ပြီး သူနှင့် ရှောင်ဖုန်းကို မျက်နှာသစ်ပေးရန် ရေချိုးခန်းထဲသို့ ခေါ်လာခဲ့သည်။
မျက်နှာသစ်ပြီးသွားသည့်နောက်တွင် ကလေး(၂)ယောက်က အရှေ့တံခါးဆီသို့ စတင် ပြေးလွှားထွက်လာကြသည်။ အကြိမ်အနည်းငယ်လောက် ဟိုပြေးဒီပြေး လုပ်လိုက်ပြီးနောက်တွင် နောက်ဆုံးတော့ သူတို့သည် ချန်းချန်း၏ဝမ်းသာအားရ အော်ဟစ်သံကို ကြားလိုက်ရ၏။ "ပြန်လာပြီ ပြန်လာပြီ။ အန်တီလေး ပြန်လာပြီ"
ခဏအကြာတွင် လူတစ်အုပ်သည် လှည်းကိုတွန်းဝင်လာကြကာ မောက်ဟွေ့ကျူးပါ ပါနေသည်။ ကလေး(၃)ယောက်က ခေါင်းမာမာဖြင့် လှည်း၏ထောင့်တစ်ခုချင်းစီကို ဝင်တွန်းပေးနေ၏။
ဒီလှည်း၏ အဓိကကိုယ်ထည်မှာ (၁)မီတာအမြင့်ခန့်ရှိကာ အလယ်တွင် ရှည်လျားသည့် အကန့်(၂)ခု ပါရှိပြီး တစ်ခုကို အစပ်အရသာဟင်းရည်နှင့် ကျန်တစ်ခုကို အချိုအရသာဟင်းရည်အတွက်ဟု ခွဲထားသည်။ ဂတ်စ်မီးဖိုကိုတော့ အပူပေးရန်နှင့် ချက်ပြုတ်ရန် အဆင်ပြေဖို့အတွက် အကန့်လေး၏အောက်ခြေတွင် ထားနိုင်သည်။
လှည်း၏အပြင်ဘက်အခြမ်းကို သစ်ပါးအလွှာတစ်ခုဖြင့် ကာရံထားသည်။ ကိုယ်ပိုင်ဆိုင်းဘုတ်တစ်ခုကို လုပ်မည်ဟု ဆုံးဖြတ်ထားသဖြင့် သစ်ပါးကို အဖြူရောင်သာ ဆေးသုတ်ထားပြီး တခြားဘာမှ မလုပ်ထားပေ။
ဟုတ်ပါသည်။ ဆိုင်နာမည်ကိုတော့ အပေါ်ဘက်ခြမ်းတွင် ထားရမည်။ လှည်း၏ အဓိကကိုယ်ထည်ကို စတီးပိုက်(၄)ချောင်းဖြင့် ထောက်ကန်ထားပြီး အရိပ်နှင့် မိုးရေကို ကာကွယ်ပေးဖို့ရန် ထီးတစ်ချောင်းကို တပ်ဆင်ထားသည်။
အရှည်(၁.၅)မီတာ၊ အမြင့်စင်တီမီတာ (၃၀)ခန့်ရှိသည့် ဖြုတ်လို့တပ်လို့ရသည့် သစ်သားပြားကြီးတစ်ခုကို အရှေ့ဘက်က ပိုက်(၂)ချောင်းတွင် တပ်ဆင်ထားသည်။ ထိုသစ်သားပြားကိုလည်း အဖြူရောင်ဆေး ခြယ်ထားပြီး အပေါ်တွင် ဆိုင်းဘုတ်ရေးဖို့ အသင့်ဖြစ်နေသည်။
မနက်စာ စားပြီးနောက်တွင် နဥ်ရှောက်ယွင်သည် သူမကိုယ်တိုင် ပစ္စည်းပစ္စယအစုံ ဝတ်ဆင်ထားရုံသာမက ကလေး(၃)ယောက်ကိုလည်း မိုးကာအင်္ကျီများ ပြင်ဆင်ပေးထားလိုက်သည်။ သူမက စုတ်တံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဆေးထဲတွင် နှစ်ချလိုက်ကာ ပြောလိုက်၏။
"ဟုတ်ပြီ စလိုက်ကြရအောင်"
ဖြုတ်လို့တပ်လို့ရသည့် ဆိုင်းဘုတ်တစ်ခုနှင့် ပန်းချီထောက်တန်းတစ်ခုတို့ကို လှေကားပေါ်တွင် အတန်းလိုက် နေရာချထားသည်။ နဥ်ရှောက်ယွင်က အလယ်တွင် ရပ်နေပြီး ချန်းချန်း၊ ရှောင်ဖုန်းနှင့် ဟွေ့ကျူးတို့က တစ်ဖက်တစ်ချက်တွင် ရှိနေကြကာ တစ်ယောက်ချင်းဆီက ပန်းချီဆွဲဘုတ်ပြားကို ကိုင်ဆောင်ထားကြသည်။
ပြီးခဲ့သည့်တစ်ခေါက်က အတွေ့အကြုံရှိပြီးသားဖြစ်သဖြင့် မောက်ဟွေ့ကျူးက သူမ၏လက်ကိုသုံးကာ အလွန်မှ ကျွမ်းကျွမ်းကျင်ကျင် ဆွဲသားနေလေသည်။
ထို့အစား ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကတော့ နဥ်ရှောက်ယွင်ကို ဝိုင်းထားကြပြီး သူမ ပန်းချီဆွဲနေသည်ကို ပျော်ပျော်ရွှင်ရွှင် ကြည့်နေကြ၏။ ရှောင်ဖုန်းက စိတ်အားထက်သန်စွာဖြင့် သူမကို စုတ်တံ လှမ်းပေးလိုက်ပြီး ပန်းချီဆွဲလေသည်။
နဥ်ရှောက်ယွင်သည် ပျော်ရွှင်မှုများ အပြည့်ဖြစ်နေတော့သည်။ သူမသည် ပန်းချီဆွဲဘုတ်ပြားပေါ်က စာရွက်ပေါ်သို့ စုတ်တံကို ချလိုက်သည့်အခိုက်တွင် သူမမှာ ပျံသန်းသွားတော့မလို ခံစားလိုက်ရ၏။
ဒေါ်ဒေါ်ဝေက သူမ၏မျက်လုံးများကို တိတ်တိတ်လေး သုတ်လိုက်ပြီး "ရှောက်ယွင် ဒီလိုပျော်နေတာ မတွေ့ရတာ အရမ်းကြာသွားပြီပဲ"
အနုပညာရှင်တစ်ယောက်က သူ၏လက်ရာနှင့် စိတ်ခံစားချက်များကို မည်သို့ ပေါင်းစပ်သည့်အကြောင်းကို သူမ၏မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရလေသည်။ ဒါသည် သေးငယ်သည့် ဆိုင်းဘုတ်တစ်ခုသာ ဖြစ်သော်ငြားလည်း ရှင်းရှန်းဟူသည့်စကားလုံးက ပြင်းပြစွာ တောက်လောင်နေသည့် မီးတောက်များကြားတွင် ပြန်လည်မွေးဖွားလာသယောင် တောက်ပပြီး အားအင်အပြည့် စိတ်အားထက်သန်မှုတို့ကို ထုတ်လွှတ်နေလေသည်။
ကလေးများ၏ အပြစ်ကင်းစင်မှုကိုလည်း ပိုမိုကောင်းမွန်သည့် ဆွဲဆောင်မှုတစ်ခုဟု ခံစားနေရသယောင်။ ဆိုင်းဘုတ်ကို ရေးဆွဲပြီးသွားသည့်အချိန်တွင် ကလေး(၃)ယောက်လုံးက တစ်ပြိုင်တည်း ပါးစပ်ကို ဖွင့်လိုက်ကြပြီး တအံ့တသြ ပြောလိုက်ကြလေသည်။ "ဝိုး"
ထိုအခိုက်အတန့်တွင် နဥ်ရှောက်ယွင်သည် ကြယ်များလို တောက်ပနေသည့် မျက်လုံးများဖြင့် ပြုံးပြလိုက်ကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက အရောင်အဝါ ထွက်နေသည့်နှယ်ပင်။ သူမသည် အလွန်မှလှပလွန်းလေရာ နတ်သမီးတစ်ပါးက သေမျိုးလောကထဲသို့ ဆင်းသက်လာသည်နှင့် တူနေတော့သည်။
ဟော်ရွှယ်၀မ်က တံခါးနားတွင် ငေးမောကာရပ်နေမိသည်။ ဒါသည် သူ အရင်က တစ်ခါမှ မမြင်ခဲ့ဖူးသည့် နဥ်ရှောက်ယွင်သာ ဖြစ်လေသည်။ သူတို့သည် လက်ထပ်ခဲ့သည်မှာ (၆)နှစ်ရှိပြီဖြစ်ကာ သူ၏အမြင်တွင် သူမသည်အမြဲတမ်း သိမ်မွေ့စင်ကြယ်ပြီး တင့်တယ်ကာ တည်ငြိမ်လှသည်။
သူမက သူ့နောက်ကွယ်တွင် အရာအားလုံးကို ပြီးပြည့်စုံနေအောင် စောင့်ရှောက်ပေးထားသည်။ ပန်းချီကားကို ပေးပစ်သည့်အချိန်ကလွဲပြီး သူမသည် ဘယ်သောအခါမှ ဣန္ဒြေပျက်ပြားခြင်း မရှိခဲ့ချေ- သို့သော်ငြား သူမသည် ထိုမျှလောက် လင်းလက်နေအောင် ဘယ်တော့မှလည်း မပြုံးခဲ့ချေ။
အသေအကြေ တိုက်ခိုက်မည်ဟု ဆုံးဖြတ်ပြီးရောက်လာသည့် ဟော်ရွှယ်၀မ်မှာ ရုတ်တရက်ဆိုသလို ဒီအခိုက်အတန့်တွင် သူ၏ယုံကြည်မှုအားလုံး ပျောက်ဆုံးသွားခဲ့သည်။
သူ့အဖေက ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးရန် ချန်ပေ ပရောဂျက်ဖြင့် သူ့ကိုဖိအားပေးချိန်တွင် သူသည် မလိုက်လျောခဲ့ချေ။ သူ့အမေကလည်း ကိုယ့်ဟာကိုယ် သတ်သေပါမည်ဟု ခြိမ်းခြောက်စဉ်တွင်လည်း သူသည် ပြတ်သားခဲ့သည်။
သို့သော်ငြားလည်း ဒီအခိုက်အတန့်တွင် နဥ်ရှောက်ယွင်၏ ပျော်ရွှင်နေသည့် ရုပ်ကလေးကို မြင်လိုက်ရသည့်အခါ သူသည် အမှန်ပင် အရည်အချင်း မရှိကြောင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
သူသည် ပြီးခဲ့သည့်၆နှစ်တာကာလ၏ အသေးစိတ်အကြောင်းအရာများကို ခက်ခက်ခဲခဲ ကြိုးစားပြီး ပြန်စဉ်းစားယူရသည်။ တစ်ချိန်က ထိုလှပသည့်မျက်ဝန်းများသည် သူ့ကိုကြည့်လိုက်ချိန်တွင် တောက်ပမှုအပြည့် ရှိနေခဲ့သည်။ သို့သော်ငြားလည်း သူက အလုပ်နှင့် အလုပ်များနေပြီး လူမှုရေးကိစ္စကြောင့် အလုပ်ရှုပ်နေချိန်တွင် သူမကို သူ့အမေအားသည်းခံဖို့ ပြောရချိန်တွင် ထိုတောက်ပနေသည့် မျက်လုံးများက လုံးဝပျောက်ဆုံးသွားသည့်အထိ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
လှပသည့် ပန်းလေးတစ်ပွင့်သည် သူ၏ မသိကျိုးကျွံပြုမှုကြောင့် သေဆုံးခဲ့ရသည်။ အခုတော့ သူမသည် သူမ၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ပြန်လည်မွေးဖွားလာခဲ့လေသည်။ သူမကို သူ့ဘေးတွင် ထားရှိဖို့ရန် သူ့မှာ ဘာလုပ်ပိုင်ခွင့် ရှိပါသနည်း။
"ခင်ဗျား ဒီနေရာကို ရောက်လာတာ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ဆိုရင်တော့ ကျေးဇူးပြုပြီးတော့ လေကုန်ခံမနေပါနဲ့တော့"
နဥ်ရှောက်ပိုင်က သူ သတိမထားမိလိုက်ခင်မှာပင် သူ့ဘေးတွင် လာရပ်၏။ "ခင်ဗျား သူ့အတွက် အပြစ်ရှိတယ်လို့ နည်းနည်းလေး ခံစားရသေးတယ်ဆိုရင် သူ့ကို လက်လွှတ်ပေးလိုက်ပါ"
ဟော်ရွှယ်ဝမ်သည် လက်သီးများကို တင်းနေအောင်ဆုပ်ထားလိုက်ကာ ခက်ခက်ခဲခဲ ပြောလိုက်လေသည်။ "တကယ်လို့ ကျွန်တော်က လက်မလွှတ်ဘူးဆိုရင်ရော"
နဥ်ရှောက်ပိုင်က ရုတ်တရက် တဟင်းဟင်းရယ်မောလိုက်ကာ ဟော်ရွှယ်ဝမ်ဘက်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် လှောင်ပြောင်သရောမှုဖြင့် ပြောလိုက်သည်။ "ခင်ဗျား စမ်းကြည့်လို့ရပါတယ်"
ဟော်ရွှယ်ဝမ်သည် မှိုင်တွေညှိုးငယ်စွာဖြင့် သူမကို လက်လျှော့လိုက်ကာ ခဏအကြာတွင်တော့ ပြောလိုက်တော့သည်။ "ကျွန်တော် သူ့ကို ကွာရှင်းပေးပါ့မယ်"
"ဒါက ကျွန်တော် လက်လျှော့ချင်လို့ မဟုတ်ပါဘူး" ဟောရွှယ်ဝမ်က ပြောလိုက်သည်။ "ကျွန်တော်က သူ ပျော်ရွှင်နေတာကို မြင်ချင်လို့ပါ။ ကျွန်တော့်ကိုစောင့်..."
သူသည် ပြောလက်စစကားကို ရုတ်တရက် ရပ်ထားလိုက်ပြီး သူ့မျက်လုံးများကို မှိတ်လိုက်ကာ ခါးခါးသီးသီး ပြောလိုက်လေသည်။ "ကျွန်တော့်အထင်တော့ ကျွန်တော့်ကတိစကားတွေက အခုအချိန်မှာ အဖိုးမတန်တော့ပါဘူး"
နဥ်ရှောက်ပိုင်က တုံးတိထပ်ပြောလိုက်သည်။ "ခင်ဗျား သိသွားလို့ ဝမ်းသာပါတယ်"
"ဝါး ဒါက ငါပဲ" ချန်းချန်း၏ကြည်လင်လှသည့် ကလေးအသံက လွင့်ပျံလာသည်။
နဥ်ရှောက်ယွင်သည် ဆိုင်းဘုတ်ကို ပန်းချီဆွဲပြီးသွားသည့်နောက်တွင် လှည်း၏ကိုယ်ထည်ဆီသို့ လှည့်ကာ အရှေ့ဘက်က သစ်သားပြားလေးပေါ်တွင် ကောင်ကလေးရုပ်ပုံ ကာတွန်းပုံတစ်ခု ဆွဲသားလိုက်သည်။ ကောင်ကလေးက ပါးစပ်လေးကို ဖောင်းကားထားကာ သူ၏ မျက်လုံးဝိုင်းလေးများဖြင့် ထိုးထွက်နေသည့် ပြည်ကြီးငါးခြေထောက်လေးကို စိုက်ကြည့်နေကာ မျက်လုံးစွေမတတ်ဖြစ်နေသည့် ပုံလေးဖြစ်ပေသည်။
ထိုသည်ကား ချန်းချန်းပုံဖြစ်တော့သည်။
ခေါင်းကြီးလေးနှင့် အရုပ်ပုံလေးတစ်ခုဖြစ်သည့်တိုင် ဒါက အံ့သြစရာကောင်းလောက်အောင် အသက်ဝင်နေပြီး လူများကို ရယ်မောစေလေသည်။
"မေမေ ညီလေးရှောင်ဖုန်း ပုံကိုလည်း ထပ်ဆွဲပေး" ချန်းချန်းက ရှောင်ဖုန်းကို အလွန်မှ သတိတရရှိလေသည်။
ရှောင်ဖုန်းက သူ့နှုတ်ခမ်းလေးကိုစူကာ ရှက်ရွံ့နေသော်ငြားလည်း သူ့မျက်လုံးထဲတွင်တော့ မျှော်လင့်ချက်များ ရှိနေသည်။
"စိတ်မပူနဲ့ ထပ်လာဦးမှာ"
နဥ်ရှောက်ယွင်က အားရပါးရ ရယ်မောလိုက်ပြီး စုတ်ချက်၁ချက်၊ ၂ချက်အတွင်းမှာပင် သူမသည် တိုဟူးတုံးလေးကို စားနေသည့် ကလေးတစ်ယောက်ပုံကို ဆွဲသားလိုက်သည်။ ကလေး၏ ပန်းရောင်လျှာလေးက သူ့နှုတ်ခမ်းပေါ်တွင် တင်နေသည့်ဟင်းရည်ကို ဂရုတစိုက် လျက်နေသည့်ပုံဖြစ်သည်။ သူ့ခေါင်းပေါ်က ဆံပင်အကွေးလေးကလည်း ၀မ်းသာအားရ ထောင်တက်နေပုံ ပေါ်သည်။
နောက်တစ်ပုံမှာ ဖွတ်မြီးလေးနှင့် ကလေးမလေးတစ်ယောက်က လက်တစ်ဖက်တွင် အသားတုတ်ထိုးကို ကိုင်ထားကာ ရယ်မောနေသည့်ပုံဖြစ်သည်။
"ဒါ ငါပဲ" မောက်ဟွေ့ကျူးက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။
အားလုံးက စုဝေးလာကြပြီး နဥ်ရှောက်ယွင်က ပြုံးကာ ဆေးခြယ်လိုက်သည်။ "အဲဒီနေ့တုန်းက ရှမြန် ဒီလိုပုံဆွဲတာကို တွေ့ခဲ့တယ်လေ။ ဒါက အရမ်းချစ်စရာကောင်းတယ်လို့ထင်လို့"
နဥ်ရှောက်ယွင်၏ ပြည့်ဝလှသည့် ပန်းချီပညာအရည်အချင်းက ရှမြန်၏ သာမညောင်ည အရည်အချင်းထက် အများကြီး သာလွန်ပေသည်။ ထင်ရှားကြည်လင်လှသည့် ကလေးပုံလေး၃ခုက မြင်ရသည့်လူတိုင်းကို ပြုံးစေသည်။
"မဆိုးဘူး"နဥ်ရှောက်ပိုင် ကလည်း မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်နေ၏။ "ဒါက ပန်းချီဆွဲနည်း အသစ်တစ်ခုလား။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ"
"ရှမြန် ငါ့ကို သင်ပေးတာလေ" နဥ်ရှောက်ယွင်က ပြုံးလိုက်၏။
ရှမြန်က မြန်မြန်ပြောလိုက်သည်။ "ကျွန်မက ဒီလိုပြောဖို့ မတန်ပါဘူး။ ကျွန်မက တခြားသူတွေ ပြောတဲ့စကားကိုပဲ လိုက်အတုခိုးပြီး လုပ်တာပါ။ အစ်မနဥ်ကမှ ဒါကိုမြန်မြန်ဆန်ဆန် နားလည်သွားတာလေ"
နဥ်ရှောက်ပိုင်မှာ အနည်းငယ် အံ့အားသင့်ရတော့သည်။ "ဒါလည်း ဖြစ်တာပဲလား"
နဥ်ရှောက်ပိုင်ရှေ့တွင် နှိမ့်ချနေရန်မလိုချေ။ သူမက မေးကိုပင့်ကာ ပြောလိုက်၏။ "ဒါက အစပဲ ရှိသေးတယ်"
နဥ်ရှောက်ပိုင်မှာ ဆွံ့အသွားတော့သည်။ "ငါက မင်းကို ဝတယ်လို့ ပြောလိုက်တာနဲ့ မင်းက မောပြတော့တာပဲ"
နဥ်ရှောက်ယွင်မှာ တခစ်ခစ် ရယ်မောလေသည်။
မောက်ဟွေ့လန်က လှည်းလေးကို ဝိုင်းပတ်ကာလျှောက်လိုက်ပြီး ပြောလိုက်၏။ "ဒါက အရမ်းလှတာပဲ။ ဒီအပေါ်မှာ ဘာပစ္စည်းမှတောင် မတင်ချင်တော့ဘူး"
ရှမြန်က ပြုံးကာ ပြောလိုက်သည်။ "ဒီလှည်းလေးက လမ်းထဲမှာ ဆွဲဆောင်မှုအရှိဆုံးလှည်းလေး ဖြစ်လာလိမ့်မယ်”
ဒေါ်ဒေါ်ဝေက မီးဖိုချောင်ထဲက ထွက်လာကာပြောလိုက်၏။ "လာကြတော့ ပြီးသွားရင် ဖက်ထုပ်လုပ်ကြမယ်။ ၀မ်ယွဲ့ပြင်ထားတဲ့အစာတွေက အရမ်းအရသာရှိတယ်။ ၀မ်ယွဲ့ရဲ့ အသားတုတ်ထိုးဆိုင်လေးကို လုပ်ငန်းကြီးပွားပါစေကြောင်း ကြိုပြီးတော့ ဆုတောင်းပေးရအောင်"
"အိုး ဖက်ထုပ်စားကြမယ်တဲ့" မောင်ဟွေ့လန်နှင့် မောက်ဟွေ့ကျူတို့က အရင်ဆုံးဝမ်းသာသွားကြသည်။
ရှောင်ဖုန်း၏ မျက်လုံးလေးကလည်း လင်းလက်သွား၏။ သူက လက်ထဲတွင် ပန်းချီဆေးအပြည့်ဖြင့် ရှမြန်ဆီသို့ အပြေးသွားလိုက်သည်။ "အန်တီလေး လက်ဆေးကြမယ်"
ကောင်ကလေး၏ လက်ရှိအစားအသောက် ကြိုက်နှစ်သက်ပုံတွင် ဖက်ထုပ်က သူ့ဒေါ်ကြီး၏ ခေါက်ဆွဲပြီးလျှင် ဒုတိယအဆင့်လိုက်လေသည်။
ချန်းချန်းက အကြောင်းအရင်းကို နားမလည်နိုင်သော်ငြားလည်း သူ၏ ပျော်ရွှင်နေခြင်းကို မတားမြစ်နိုင်ချေ။ သူက နဥ်ရှောက်ယွင်၏ရင်ခွင်ထဲသို့ ပစ်ဝင်သွားတော့သည်။ ရလဒ်အနေဖြင့် နဥ်ရှောက်ယွင်၏ကုတ်အင်္ကျီမှာ ပန်းချီဆေးများဖြင့် ပေကျံသွားပြီး မျက်နှာတစ်ခုလုံးလည်း ပေကျံသွားတော့သည်။
ဒါက နဥ်ရှောက်ယွင်ကို အသံထွက် ရယ်မောစေတော့သည်။ ချန်းချန်းက အမေဖြစ်သူကို ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည်တွင် သူ့မျက်လုံးထောင့်ထဲမှနေ၍ တစ်ခုခုကို သတိထားမိလိုက်သည်။ သူက ဝမ်းသာအားရ တံခါးဆီသို့ ချက်ချင်း ပြေးသွားလိုက်၏။ "ဖေဖေ"
ဟော်ရွှယ်ဝမ်က ပြန်ထူးလိုက်ပြီး ရှေ့သို့ မြန်မြန်လျှောက်သွားကာ ချန်းချန်းကို ကောက်ချီလိုက်ပြီး သူ့မျက်နှာသေးသေးလေးပေါ်က ပန်းချီဆေးများကို သုတ်ပေးလိုက်သည်။ ရုတ်တရက်ဆိုသလို ဝမ်းနည်းသလို ခံစားလိုက်ရ၏။ သူ၏အမြင်ထဲတွင် ချန်းချန်းသည် အမြဲတမ်းဆိုသလို တည်ငြိမ်နာခံပြီး ညဏ်ကောင်းကာ သေသပ်သည့် ကလေးဖြစ်လေသည်။
သူသည် ဒါကိုပင် အမြဲတမ်း ဂုဏ်ယူခဲ့ရသည်။ သို့သော်ငြားလည်း ဒီအခိုက်အတန့်တွင် သူ့သား၏ ဝင်းဝါနေသည့် မျက်နှာကို မြင်လိုက်ချိန်တွင် သူမည်မျှလောက် မှားယွင်းခဲ့သည့်အကြောင်းကို သဘောပေါက်သွားခဲ့သည်။ သူ၏ ထိုတည်ငြိမ်လှပြီး နာခံတတ်ပါသည်ဆိုသည့်အရာက နဥ်ရှောက်ယွင်ကဲ့သို့ပင် သူ၏သဘာဝကို ဖိနှိပ်ထားခြင်းထက် မပိုချေ။
"တောင်းပန်ပါတယ်နော်" ဟော်ရွှယ်ဝမ်က ပြောလိုက်သည်။ သူသည် အဖေတစ်ယောက်အနေဖြင့် သူ၏တာဝန်များကို မဖြည့်ဆည်းခဲ့ချေ။
ချန်းချန်းက ဒီစကားကို ကြားလိုက်ချိန်တွင် သူသည် တစ်ဖန် အလုပ်များတော့မည်ဟု စဉ်းစားမိလိုက်ပြီး ချက်ချင်းဆိုသလို မြေကြီးပေါ်သို့ဆင်းဖို့ ရုန်းကန်လိုက်၏။ "ဖေဖေ အလုပ်သွားမလို့လား။ ဖေဖေသွားတော့လေ သား လိမ္မာပါတယ်"
ဟော်ရွှယ်ဝမ်မှာ အထိတ်တလန့် ဖြစ်သွားလေသည်။ သူ့ရင်ဘတ်ထဲတွင် ပြောပြလို့မတတ်သည့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွား၏။ သူသည် မည်မျှဆိုးရွားခဲ့ကြောင်းကို ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မသိခဲ့ချေ။ ဆိုးရွားသည့်ခင်ပွန်းတစ်ယောက်၊ ဆိုးရွားသည့်အဖေတစ်ယောက်။ သူ့မိဘများ၏ အလေးမထားဘဲ စိတ်ပျက်တတ်သည့်ပုံစံများကို စဉ်းစားမိသည်တွင် သူသည် သားဆိုးတစ်ယောက်လည်း ဖြစ်ပေသည်...
ရှမြန်မှာ ဟော်ရွှယ်ဝမ်ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားသည်။ သူ့ကို ရက်အနည်းငယ်လောက် မတွေ့ခဲ့ရသည့်နောက်တွင် သူ၏ အေးစက်မှုနှင့် တည်ငြိမ်မှုများက ပျောက်ဆုံးသွားလေသည်။
သူသည် အသည်းကွဲနေသည့် သာမန်ယောက်ျားတစ်ယောက်နှင့်သာ တူတော့သည်။ သူသည် သားသားနားနား ဝတ်ဆင်ထားသော်ငြားလည်း သူ့မျက်လုံးအိမ်များက ညိုမည်းနေပြီး သူသည် စိတ်ပျက်အားလျော့နေသည့်ပုံ ဖြစ်နေသည်။
"ရှောက်ယွင်" သူက ခပ်တိုးတိုးလေး နှုတ်ဆက်လိုက်၏။
နဥ်ရှောက်ယွင်၏အပြုံးမှာ မှေးမှိန်သွားကာ သူမက ရင်းနှီးသည့်လေသံဖြင့်သာ ပြောလိုက်၏။
"ချန်းချန်းကို လာတွေ့တာလား"
မျှော်လင့်ချက်မရှိ၊ ရွံရှာခြင်းမရှိ- ချစ်ခြင်းတရားလည်း မရှိပေ။ သူမသည် လုံးဝကို စိတ်ပြေလျော့နေလေသည်။
ဟော်ရွှယ်ဝမ်သည် သူ၏ဟာလာဟင်းလင်း ဖြစ်နေသည့် နှလုံးသားထဲတွင် စူးရှသည့်နာကျင်မှုတစ်ခု ပြန့်နှံ့သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူသည် သူ့ဘဝတွင် တန်ဖိုးအရှိဆုံး အရာတစ်ခုကို ဆုံးရှုံးခဲ့ရပေသည်။
ဟော်ရွှယ်ဝမ် ရောက်လာပြီးနောက်တွင် လေထုကလည်း သက်ရောက်မှုရှိသည်။ သို့သော်ငြားလည်း ကြီးမားသည့် အတိုင်းအတာတစ်ခုအထိတော့ မဟုတ်ချေ။
သူ့ကို ဒီနေရာက မကြိုဆိုမှန်း သိနေဟန်တူသည်။ ပြီးခဲ့သည့်အခေါက်တုန်းကလို ကိုယ့်ဟာကိုယ် ယုံကြည်မှု မရှိတော့ဘဲ သူ၏တည်ရှိမှုကို တိတ်တိတ်လေး လျှော့ချထား၏။
ရှ၀မ်ယွဲ့နှင့် သူမ၏သမီးက ဖက်ထုပ်များကို မြန်မြန်ဆန်ဆန် ပြုလုပ်လေသည်။ ရှောင်ဖုန်းသည် ရှမြန်က ဖက်ထုပ် လုပ်နေသည်ကို မြင်လိုက်ရသဖြင့် သူကလည်း သူမဘေးတွင် ထိုင်ချလိုက်ကာ သူမကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။ ထို့နောက်တွင်တော့ ရှမြန်က သူ့အတွက် ဂျုံတုံးလေးတစ်ခုကို ဖဲ့ပေးလိုက်သည်။
ဒါကို မြင်လိုက်သည်တွင် ချန်းချန်းကလည်း နောက်တွင် ချန်မခဲ့ချင်လိုသည်က သဘာဝပင်။ ခွေးခြေခုံလေးပေါ်သို့ တက်လိုက်ပြီး ပြောလိုက်၏။ "အန်တီရှမြန် သားလည်း လုပ်ချင်တယ်။ သားကိုလည်း တစ်ခုပေး"
ရှမြန်က သူ့ကိုလည်း တစ်ခုပေးလိုက်သည်။ မောက်ဟွေ့ကျူးက သူတို့၂ယောက်ကို သင်ကြားပေးလိုက်၏။ ကလေး၃ယောက်မှာ အတူတူ ပေါင်းစည်းသွားပြီး ကြောင်ကလေး၃ကောင်လို ကစားနေသည်နှင့် တူတော့သည်။
နောက်ဆုံးတွင်တော့ တွန့်လိမ်နေသည့်ဖက်ထုပ် ၇ခု၊ ၈ခုခန့် ရလာလေသည်။
ဒေါ်ဒေါ်ဝေက ဖက်ထုပ်များကို အိုးထဲသို့ ထည့်လိုက်ကာ ချီးကျူးစကားပြောလိုက်၏။
"ကောင်းကောင်းလေး ထုပ်ထားတာပဲ၊ ကိုယ်ထုပ်ထားတဲ့ ဖက်ထုပ်တွေကို မှတ်ထားကြနော်။ ကိုယ်ထုပ်ထားတဲ့ ဖက်ထုပ်တွေကိုပဲ ခဏနေပြန်စားရမှာ"
ချန်းချန်းသည် သူ လုပ်ထားခဲ့သည့် ဖက်ထုပ်လေးနှင့် အင်မတန်မှ ပျော်ရွှင်နေဆဲဖြစ်ကာ မနေနိုင်ဘဲ ပြောလိုက်၏။
"သားက ၃ခု လုပ်ထားတယ်"
ရှောင်ဖုန်းက ရှမြန်လုပ်ထားသည့် ဝဖိုင့်ဖိုင့်ဖက်ထုပ်များကို ကြည့်လိုက်ပြီးနောက် သူ၏ ရှုံ့တွနေသည့် ဖက်ထုပ်များကို ကြည့်လိုက်ကာ ခေါင်းလေးမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြန်သည်။ နဥ်ရှောက်ပိုင်က ထောင့်လေးတွင် အေးအေးလူလူ ထိုင်နေသည်ကို မြင်လိုက်ရပြီး သူက ပြောလိုက်၏။
"ဖက်ထုပ်တွေကို ဦးလေးနဥ်ကိုပေးမှာ"
နဥ်ရှောက်ပိုင်...
ဒီကောင်လေးကတော့ ဘာတစ်ခုမှ ကောင်းကောင်းမွန်မွန် သင်မထားဘူးပဲ။ သူက သူ့အန်တီလေးအတိုင်းပဲ သူ့ကို လှည့်ပတ်ဖို့ပဲ သင်ယူထားတယ်။
ဤသို့ဖြင့် ရှမြန်အကူအညီနှင့် ထိုတွန့်လိမ်နေသည့် ဖက်ထုပ်များသည် နဥ်ရှောက်ပိုင်၏ ပန်းကန်လုံးထဲသို့ အမှန်တကယ် ရောက်ရှိသွားလေတော့သည်။ ချန်းချန်း လုပ်ထားသည့် ဖက်ထုပ်များအားလုံးကတော့ ဟော်ရွှယ်၀မ်ဆီသို့ အလိုအလျောက် ရောက်သွားသည်။ ဟော်ရွှယ်ဝမ်က သူ့သားဖြစ်သူ၏ တောက်ပနေသည့် မျက်လုံးဝိုင်းလေးများကို ကြည့်ကာ နောက်ဆုံးတော့ ပြုံးမိသည်။
ဒီအချိန်တိုအတွင်းတွင် ဟော်ရွှယ်ဝမ်သည် ဖုန်းခေါ်ဆိုမှု အများအပြားကိုလည်း လက်ခံရရှိခဲ့သည်။ ချန်းချန်းက သူ့ကို အချိန်မရွေး ထွက်သွားခွင့်ပေးဖို့ အဆင်သင့်ဖြစ်နေသည်။ သို့သော်ငြားလည်း သူကတော့ ပုံမှန်အစီအစဉ်တစ်ခုကိုသာ လုပ်လိုက်ပြီး ထွက်သွားဖို့ရန် ရည်ရွယ်ချက် လုံးဝမရှိသည်ကို ထုတ်ပြရင်း ပြန်လာပြီးစားသောက်လိုက်သည်။
ရှမြန်ကတော့ စိတ်ထဲတွင် ခနဲ့မိလေသည်။ ဒီအရေးကြီးပါတယ်ဆိုတဲ့ကိစ္စတွေက ယောက်ျားသားတွေက သူတို့ကိုယ်တိုင် ရင်းနှီးမြှုပ်နှံတာထက်တော့ ပိုပြီး အရေးမကြီးတဲ့ပုံပါပဲ။
သူသည် ဒီနေရာကို ရောက်လာခဲ့သည်မှာ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ရန်ဟု ပြောတော့မည်ဟု ရှမြန်က ထင်ထားသော်ငြားလည်း ညနေစာ စားသောက်ပြီးသွားသည့်အချိန်တွင် သူက နဥ်ရှောက်ယွင်နှင့် စကားနည်းနည်းပါးပါး ပြောကာ ပြန်သွားတော့လေသည်။
ရှမြန်က သိချင်စိတ် ဖြစ်မိသော်ငြားလည်း ဒါသည် နဥ်ရှောက်ယွင်၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သဖြင့် သူမက မေးခွန်းကို ထပ်မေးမြန်းဖို့ စိတ်ကူးမရှိတော့ချေ။
သို့သော်ငြားလည်း နဥ်ရှောက်ယွင်ကတော့ ယခုအချိန်တွင် သူမ၏အတွေးများကို မျှဝေပေးရသည်ကို သဘောကျဟန်တူသည်။ ဟော်ရွှယ်ဝမ် ရောက်လာသည့် ရည်ရွယ်ချက်ကို သူမအား ပြောပြလိုက်၏။
"သူက ကွာရှင်းဖို့ လက်ခံပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကွာရှင်းစာချုပ်ကိုတော့ ပြောင်းလဲပေးဖို့ လိုတယ်တဲ့"
...