← Chapters

အပိုင်း(၇၁)

Vol. 5 Ch. 71

အပိုင်း(၇၁)

Vol. 5 Ch. 71

"ဘယ်လို ပြောင်းမှာတဲ့လဲ" ရှမြန်သည်အမှတ်တမဲ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိသွားသည်။

နဥ်ရှောက်ယွင်က ရယ်မောလိုက်၏။ "သူက သူ့ကုမ္ပဏီရှယ်ယာတချို့ကို ငါ့ကို ပေးမယ်လို့ ပြောတယ်။ လတိုင်း ကလေးထောက်ပံ့ကြေးကိုလည်း ပိုပြီးတော့ ပေးမယ်တဲ့"

ရှမြန်က ပြောလိုက်၏။ "အဲဒီလိုမှ ဟုတ်သေးတယ်။ ဒါပေမဲ့ ဟော်မိသားစုက သဘောတူမှာတဲ့လား"

ဒါသည် လက်ထပ်ပွဲတစ်ခုဖြစ်သည့်အတွက် သူတို့သည် လက်တွဲထားကြလျှင် အပြန်အလှန် သေချာပေါက် အကျိုးအမြတ်များ ရှိမည်ဖြစ်ကာ သူတို့ကွာရှင်းကြလျှင်လည်း ဆုံးရှုံးမှုကတော့ ရှိလိမ့်မည်။ နဥ်မိသားစု၏ နဥ်ရှောက်ပိုင်ကတော့ ဒါက ကိစ္စပြီးသွားပြီဟု ပြောသော်ငြားလည်း ဟော်မိသားစုကတော့...

ရှမြန်သည် ဟော်ရွှယ်ဝမ်၏ အရည်အချင်းကို အမှန်ပင် သံသယဖြစ်မိသည်။

ဒီလိုသံသယများ ရှိသည်ကတော့ သူမ တစ်ယောက်တည်း မဟုတ်သည်မှာ ထင်ရှားသည်။ နဉ်ရှောက်ယွင်ကလည်း ပြောလိုက်၏။ "ကိစ္စမရှိပါဘူး သူ လုပ်ချင်တယ်ဆိုရင်လည်း ပေးလုပ်လိုက်ပါ။ နောက်ဆုံး အရံအစီအစဥ်နဲ့ ငါ့ရဲ့သဘောတူညီချက်တွေ ရှိသေးတယ် မဟုတ်လား"

သူမသည် ဟော်ရွှယ်ဝမ်ဆီမှ အမှန်တကယ် ဘာတစ်ခုမှာ မျှော်လင့်မထားတော့ချေ။

ဟုတ်ပါသည်။ ခြံဝင်းထဲက မည်သူကမှလည်း ဟော်ရွှယ်ဝမ် ဘာလုပ်မည်ကို ဂရုမစိုက်ကြချေ။ အားလုံးကို ပိုပြီးစိတ်အားထက်သန် ရရစေသည့်အရာမှာ ရှ၀မ်ယွဲ့၏ အသားတုတ်ထိုးဆိုင် ဖြစ်လေသည်။

ဆိုင်စဖွင့်သည့်နေ့တွင် ရှ၀မ်ယွဲ့တို့ သားအမိ(၂)ယောက်က အရုဏ်တက်ချိန်ကတည်းက နိုးလာကြသည်။ ရှ၀မ်ယွဲ့က ဟင်းရည်ကို ပြုလုပ်လိုက်ပြီး မောက်ဟွေ့မေက ဟင်းသီးဟင်းရွက်များကို ဆေးကြောပြီး လှီးဖြတ်ကာ မောက်ဟွေ့လန်နှင့် မောက်ဟွေ့ကျူးတို့ကတော့ အတူတူအသားများကို တုတ်ထိုးလိုက်ကြသည်။

ဒီရက်ပိုင်းတွင် ရှ၀မ်ယွဲ့ သွားလာခဲ့သည့်ခရီးများက အချည်းအနှီး မဖြစ်ခဲ့ချေ။ သူမသည် ပဲနှင့်လုပ်ထားသည့် အစားအသောက်များနှင့် ပင်လယ်စာပစ္စည်းများ တော်တော်များများကို ရှာတွေ့ခဲ့သည်။ စုစုပေါင်း အမျိုးအစား (၄၀)နီးပါးရှိကာ ဒါကို အလွန်မှ အလျှံအပယ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ဆိုင်ဖွင့်သည့် ပထမဦးဆုံးနေ့ဖြစ်သဖြင့် ရှ၀မ်ယွဲ့က တုတ်ထိုးအချောင်း(၅၀၀)သာ ပြင်ဆင်ထားခဲ့သည်။

မနက်ခင်း (၁၀)နာရီဝန်းကျင်လောက်တွင် ရှ၀မ်ယွဲ့၊ မောက်ဟွေ့မေ၊ မောက်‌ဟွေ့လန်နှင့် ရှမြန်တို့က ထည်၀ါခမ်းနားသည့် ကိုယ်နေဟန်ထားတစ်ခုဖြင့် လှည်းကို တွန်းထုတ်လာကြသည်။

လမ်းဘေး‌‌ဈေးဆိုင်များကို အထူးတလည် စံသတ်မှတ်ထားခြင်းလည်းမရှိသလို ဆိုင်များလည်း အများအပြား မရှိချေ။ နေရာကောင်းများ အားလုံးကို ယူထားပြီးသား ဖြစ်သော်ငြားလည်း ကျန်သည့်နေရာများကလည်း မဆိုးနေချေ။ ရှ၀မ်ယွဲ့သည် နေရာတစ်ခုကို ရွေးချယ်ထားခဲ့ပြီဖြစ်ရာ တော်တော်များများကလည်း ဆိုင်ကို မြန်မြန်ခင်းလိုက်ကြ၏။

ပုံမှန်အားဖြင့် လတ်လတ်ဆတ်ဆတ် စားသောက်ရသည့် အစားအစာများက အသိအမှတ်ပြုခံရရန် အချိန်လိုအပ်လေသည်။ ထို့ကြောင့် (၁)နာရီ၊ (၂)နာရီအတွင်း မရောင်းချနိုင်သည်ကလည်း သဘာဝပင်။ သို့သော်ငြားလည်း နဥ်ရှောက်ယွင်၏ ခမ်းနားလှပပြီး ရှင်းလင်းသည့်ပန်းချီကား အရည်အချင်း၏ ကျေးဇူးကြောင့် ဆိုင်လေးက အလွန်မှ မျက်စိပသာဒ ဖြစ်လှသည်။ အထူးသဖြင့် ဆိုင်၏ ကိုယ်ထည်ပေါ်က ကာတွန်းရုပ်ကလေးပုံ (၃)ပုံကြောင့် ဖြစ်လေသည်။ ဖြတ်သွားကြသည့်လူများက ထိုပုံလေးကို မြင်လိုက်ချိန်တွင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်ကြရသည်။

သူတို့က ဆိုင်နာမည်ကို မေးမြန်းလိုက်ပြီး အစားအသောက်အကြောင်းနှင့် စျေးနှုန်းအကြောင်းကိုလည်း မေးကြသည်။ သူတို့သည် ဒါက ၁ဝမ်၊ ၂ဝမ်လောက်သာ ကျသင့်သည်ဟု ကြားလိုက်ချိန်တွင် အချို့ကတော့ မြည်းကြည့်ချင်စိတ်ကြောင့် စမ်းကြည့်လိုက်ကြပြီး အလိုလိုပင် သူတို့သည် ထိုအစားအသောက်ကို စွဲလန်းလာကြသည်။

ရှမြန်သည် ချန်းချန်း၊ ရှောင်ဖုန်းနှင့် မောက်‌ဟွေ့ကျူးတို့ကို မူကြိုကျောင်းမှ ကြိုပြီးပြန်လာချိန်တွင် ရှမိသားစု၏ ဆိုင်လေးက လူများဖြင့် အုံနေသည်ကို အဝေးမှတွေ့လိုက်ရသည်။

ရှ၀မ်ယွဲ့က အသားတုတ်ထိုးများကို ရေတွက်ရင်းဖြင့် အလုပ်များနေသည်။ ရှမြန်က ဟင်းရည်အိုးထဲတွင် ကျန်နေသေးသည့် အသားတုတ်ထိုး အနည်းငယ်ကို လှမ်းကြည့်လိုက်ပြီး ဒီနေ့တော့ အသားတုတ်ထိုး(၅၀၀)လောက် ကုန်မှာ မဟုတ်ဘူးလို့ ထင်ထားလိုက်သည်။

အပြန်လမ်းတွင် သူမသည် မောက်ဟွေ့လန်က အစားအသောက်များ သယ်လာသည်ကို မြင်လိုက်ရ၏။ သူမက တောက်ပစွာပြုံးရင်း ပြောလေသည်။ "အစ်မ လုပ်ငန်းက အရမ်းအဆင်ပြေတယ်"

"ငါတွေ့ခဲ့တယ်" ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "အစ်မဟွေ့မေက အသားတုတ်ထိုးတွေ လုပ်နေသေးတာလား"

ဟွေ့လန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။ "ဒီနေ့ ညီမတို့ ပြင်ဆင်ထားတဲ့အစားအသောက်တွေက လောက်မယ်လို့ မထင်ဘူး။ ဒါကြောင့် နည်းနည်းထပ်ပြီးတော့ လုပ်ဖို့လိုတယ်"

ဒါသည် ချွမ်းချွမ်းရှန်း၏ အားသာချက် ဖြစ်လေသည်။ ဟင်းရည်များ လုံလောက်အောင် ရှိနေသ၍ ပါဝင်ပစ္စည်းများကို မြန်မြန်လေး ပြန်ပြီး ဖြည့်တင်းနိုင်သည်။

သူတို့သည် အိမ်သို့ ပြန်လာချိန်တွင် ဒေါ်ဒေါ်ဝေက အသားတုတ်ထိုးများကို ကူညီပြီး သီကူပေးနေသည်။ သူမက သူတို့အတွက် အလွန်မှ ဝမ်းသာပေးနေ၏။ "ဒီနေ့ညနေခင်း အသားတုတ်ထိုး(၈၀၀)လောက် လုပ်ရမယ် ထင်တယ်။ ညနေခင်းလောက်ကျရင် လူတွေပိုပြီးတော့ များလာလိမ့်မယ်"

ဒေါ်ဒေါ်ဝေ ပြောခဲ့သည့်အတိုင်းပင် ဆိုင်က ညနေပိုင်းတွင် လူပိုများလာသည်။ လူသွားလူလာ များပြားသည့်အတွက်ကြောင့်သာမက နေ့လယ်ခင်းက ထိုနေရာတွင် စားသောက်ခဲ့ကြသည့် လူများ၏ ကြော်ငြာပေးသည့် စကားကြောင့်လည်း ဖြစ်လေသည်။

(၇)နာရီထိုးချိန်လောက်တွင် ထိုနေ့အတွက် ပါဝင်ပစ္စည်းအကုန်လုံးက ရောင်းကုန်သွားသည်။ ဟင်းရည်လည်း မကျန်တော့ချေ။ ထို့ကြောင့် ရှ၀မ်ယွဲ့နှင့် သူမ၏သမီးက ဆိုင်ပိတ်ပြီး အိမ်ပြန်လာကြ၏။

ထို့နောက်တွင်တော့ ပျော်ရွှင်စွာ ငွေရေတွက်ရမည့်အချိန် ရောက်လာတော့သည်။

ရှ၀မ်ယွဲ့က အိပ်ရာပေါ်တွင် ဒီနေ့ရှာဖွေသမျှ ငွေအားလုံးကို ပုံချလိုက်ပြီး ဟွေ့ကျူးက ခုတင်ပေါ်တွင် ခုန်ပေါက်နေကာ ဝမ်းသာအားရ လူးလိမ့်နေလေသည်။ "ငွေတွေ ငွေတွေ အများကြီးပဲ"

အားလုံးက ရယ်မောလိုက်ကြသည်။

ရှ၀မ်ယွဲ့က ပြောလိုက်၏။ "ဒါက တကယ်ပဲ ငွေပုံကြီး ပြုတ်ကျလာတာပဲ"

ရှမြန်နှင့် ရှောင်ဖုန်းတို့က မျက်နှာသစ်ပြီးနောက်တွင် တံခါးလာခေါက်သည်။

သူတို့သားအမိ(၄)ယောက်သည် ခုတင်ကြီး၏ ထောင့်တခုစီတွင် တစ်ယောက်ချင်းစီက နေရာယူကြထားသည်။ အလယ်တွင်တော့ ငွေစက္ကူအမျိုးမျိုးနှင့် အကြွေပြားများနှင့် ပြည့်နေသည်။

ရှမြန်နှင့် ရှောင်ဖုန်းတို့ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့(၄)ယောက်က မော့ကြည့်လိုက်ကာ သူတို့ကို နှုတ်ဆက်လိုက်ပြီးနောက်တွင် လင်းဖြာနေသည့်မျက်နှာများဖြင့် ငွေများကိုဆက်ပြီး ရေတွက်လိုက်ကြသည်။

ဒါသည် ဘဝတွင် ပျော်ရွှင်စရာအကောင်းဆုံး အခိုက်အတန့်များထဲက တစ်ခုဖြစ်ပေသည်။

ရှမြန်ကလည်း ရှောင်ဖုန်းကို ခုတင်ပေါ်ချပေးလိုက်ပြီး သူ့ကိုဖက်ထားကာ ရှောင်ဖုန်းကို ရေတွက်ခိုင်းလိုက်၏။ "လာ လာ ချမ်းသာခြင်းသုခတွေ နည်းနည်းပါးပါးလောက် ယူလိုက်ရအောင်"

ရှောင်ဖုန်းက သူ့လက်သေးသေးလေးကို အသုံးပြုကာ ငွေစက္ကူများကို တစ်ခုပြီးတစ်ခု ခွဲခြားနေလေသည်။

ဘယ်သူကမှ ငွေအကြွေပြားများကို မစုဆောင်းသည်ကို တွေ့လိုက်ရသဖြင့် ရှမြန်က ငွေအကြွေပြားများအားလုံးကို ကောက်ယူလိုက်၏။

အားလုံးကို ခွဲခြားလိုက်ပြီးနောက်တွင် လူတိုင်းက စတင်ရေတွက်လိုက်ကြ၏။

ရှ၀မ်ယွဲ့က ငွေအကြွေပြားတစ်ချပ်ကို မြှောက်ပြလိုက်ပြီး ပြောလိုက်၏။ "ယွမ်၅၀နဲ့ ၃၀မ်"

မောက်ဟွေ့မေက ၂၀မ်တန်ငွေအကြွေပြားကို စီလိုက်ပြီး "၆၇ယွမ်နဲ့ဝမ်၂၀"

မောက်ဟွေ့လန်၏ ငွေစာရွက်များက တစ်ယွန်တန် ဖြစ်လေသည်။ "၈၃ယွမ်"

သူမက မောက်ဟွေ့ကျူး၏လက်ထဲက ဝမ်၅၀ကို ထပ်ပြီးရေတွက်လိုက်ကာ "ယွမ်၅၀နဲ့၅၀ဝမ်"

ရှမြန်၏လက်ထဲက လေးလံလှသည့်ငွေအကြွေပြားများကတော့ "၂၃ယွမ်"

ရှောင်ဖုန်းက သူ့လက်၂ဖက်လုံးထဲက ငွေတစ်ထပ်ကို မြှောက်ပြလိုက်ပြီး စကားတစ်ခွန်းကို မထစ်မငေါ့ဘဲ ပြောလိုက်လေသည်။ "၁၄ယွမ်နဲ့ ၀မ်၆၀"

မောက်ဟွေ့မေက ရှောင်ဖုန်း၏ လက်ထဲက ငွေစာရွက်အမျိုးမျိုးကို ကြည့်လိုက်ပြီး သူက ပေါက်ကရပြောနေသည်ဟု ထင်လိုက်လေသည်။ ထိုငွေစက္ကူများကို တစ်ဖန်ရေတွက်ပြီးနောက်တွင် သူမက တအံ့တဩပြောလိုက်၏။ "အမေ ရှောင်ဖုန်းကတကယ်ပဲ ငွေတွေကို တွက်ချက်တတ်တာပဲ"

ရှမြန်က ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်၏။ "ဒါပေါ့ ရှောင်ဖုန်းက အရမ်းညဏ်ကောင်းတယ်လေ"

ရှ၀မ်ယွဲ့က ကောင်ကလေးကို သူမ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ကာ သူ့ကိုပွတ်သပ်ပေးလိုက်ပြီး "အို ငါတို့ရဲ့ရှမိသားစုက ပါရမီရှင်သေးသေးလေးကို မွေးထုတ်ထားခဲ့တာပဲ။ ဘိုးဘွားတွေရဲ့အုတ်ဂူက အငွေ့တလူလူနဲ့ ဖြစ်နေပြီလေ။ ငါကတော့ နောက်ဆိုရင် ရှောင်ဖုန်းက ဟွားကျုံးတက္ကသိုလ်ဖြစ်ဖြစ် ယန်တက္ကသိုလ်ဖြစ်ဖြစ် တက်ရမယ်လို့ ထင်တယ်"

ရှောင်ဖုန်းသည် သူမက သူ့ကိုချီးကျူးစကားပြောနေမှန်း သိလေသည်။ သူ့မျက်လုံးများက အပြုံးများဖြင့် ကွေးညွတ်သွား၏။ ရှ၀မ်ယွဲ့က သူ့ခေါင်းလေးကိုချစ်စဖွယ် ထိကိုင်ပေးလိုက်ပြီး

"ငါတို့ရဲ့ရှောင်ဖုန်းက အရမ်းကို ချမ်းသာလာဦးမှာ"

မောက်ဟွေ့လန်က ငွေအားလုံးကို စုလိုက်ကာ ငွေစာရွက်များကို ရေတွက်လိုက်ပြီး "၂၈၈ယွမ်နဲ့ ၆၀မ် အမေ သမီးတို့ တော့ချမ်းသာပြီ" သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "အမြတ်ကို တစ်ဝက်ပဲ တွက်မယ်ဆိုရင်တောင် သမီးတို့တွေ တစ်ရက်ကို ယွမ် ၁၄၀၊ ၁၅၀ နီးပါးလောက် ရှာနိုင်တယ်။ ဒါကတစ်လကို ယွမ်(၄၅၀၀)ရှာနိုင်တဲ့သဘောပဲပေါ့"

မင်ရှီစီရင်စုတွင် နှစ်စဉ်ဝင်ငွေ ယွမ်၁သောင်းရှိသည့် အိမ်ထောင်စုတစ်ခုသည် စီရင်စုတစ်ခုလုံးအတွက် အားကျပြီး ကြွားလုံးထုတ်နိုင်လောက်အောင် လုံလောက်ပေသည်။ သို့သော်ငြားလည်း ဒီငွေပမာဏကို ၂လ၊ ၃လလောက် လေးနှင့် ရရှိနိုင်သည် မဟုတ်ပါလား။

မောက်ဟွေ့မေက ချီတုံချတုံဖြင့် ပြောလိုက်၏။ "၄၅၀ မဟုတ်ဘူးလား။ ငါတွက်တာ မှန်တယ်လို့ ထင်တာပဲ"

ထို့နောက်တွင်တော့ ရှ၀မ်ယွဲနှင့် မောက်ဟွေ့လန်တို့၂ယောက်စလုံးက အမှတ်တမဲ့ ပြန်ရေတွက်လိုက်ကြပြီး ရှမြန်မှာ ရယ်မောမိတော့သည်။ "ဟုတ်ပါတယ်"

"နောက်ဆိုရင် လုပ်ငန်းက ပိုပိုပြီးတော့တောင် ကောင်းလာဦးမှာ။ ဒါပေမဲ့ ကျွန်မတို့တွေက ပိတ်ရက်တွေကိုတော့ ချန်ထားဖို့လိုသေးတယ်။ တကယ်လို့ ကလေးတွေက ကျောင်းမသွားဘူးဆိုရင် ဒါက သေချာပေါက် နည်းနည်း နည်းသွားနိုင်တယ်။ ဒါပေမဲ့ တစ်လကို ၄၀၀၀ ကတော့ ပြဿနာမရှိပါဘူး"

‌မောက်ဟွေ့လန်က ဝမ်းသာအားရပြောလိုက်၏။ "အမေ သမီးတို့တွေ နောက်ထပ်ဆိုင်တစ်ဆိုင်လောက် ထောင်လို့ရတယ်။ သမီးတို့တွေ အဲ့ဒီနေ့က ဟင်းခတ်အမွှေးအကြိုင်သွားဝယ်တုန်းက အနောက်ဘက်မှာလည်း ကျောင်းတစ်ကျောင်း ရှိတယ် မဟုတ်လား"

"ဘာပဲဖြစ်ဖြစ်လေ အမေလည်း တစ်နေ့ကို ဟင်းရည်၁အိုး၊ ၂အိုးလောက် လုပ်နိုင်တာပဲ။ အစ်မနဲ့ သမီးက အဲဒီဘက်မှာ ဆိုင်တစ်ဆိုင်လောက် ဖွင့်လိုက်မယ်။ နောက်ထပ် ဆိုင်တစ်ဆိုင်လောက် ထပ်ထည့်လိုက်ရင် ငွေတွေ ပိုပြီးရှာနိုင်မှာပဲ။ တစ်လကို ၈ထောင်၊ ၉‌ထောင်လောက် ရှာနိုင်မှာမဟုတ်လား"

ရှ၀မ်ယွဲ့က သူမ၏ခေါင်းကိုလှမ်းခေါက်လိုက်ကာ ပြောလိုက်၏။ "အဲဒီပေါက်ကရတွေ မစဉ်းစားစမ်းနဲ့"

"နင်တို့အားလုံး လိမ်လိမ်မာမာနဲ့ ကျောင်းသွားရမယ်"

ဒီနေ့အောင်မြင်မှုက ရှ၀မ်ယွဲ့ဦးနှောက်ထဲသို့ မဝင်ရောက်ချေ။ သူမသည် သူမ၏မူလရည်ရွယ်ချက်ကို အမြဲတမ်း သတိရလေသည်။

"ရက်အနည်းငယ်လောက်နေရင် ငါက နေ့တိုင်း ဒီလိုရောင်းအားပမာဏကို ကိုင်တွယ်နိုင်မှာပါ။ နင်တို့အားလုံး ကျောင်းကောင်းကောင်း သွားသင့်တယ်"

"ဟွေ့ကျူးက မူကြိုကျောင်း တက်နေပြီးပြီ။ ရှမြန်နဲ့ ဟွေ့လန် နင်တို့၂ယောက်လည်း အဲဒီအရှုပ်ထုပ်တွေကို စိုးရိမ်နေတာ ရပ်ပြီးတော့ မနက်ဖြန်ကစပြီး စာတွေကိုပြန်ကြည့်ရမယ်"

ရှမြန်သည် သူမကိုလည်း ထည့်ပြောလိမ့်မည်ဟု ထင်မထားချေ။ သို့သော်ငြားလည်း ရှ၀မ်ယွဲ့ကတော့ ဒီကိစ္စကို သေသေချာချာလေး စဉ်းစားထားသည်မှာ ထင်ရှားလေသည်။

"ငါ ရှောက်ယွင်ကို မေးထားပြီးပြီ။ လုံချန်အထက်တန်းကျောင်းရော၊ ယန်တက္ကသိုလ်တွဲဖက် အထက်တန်းကျောင်းရော ၂ခုစလုံးက ဝင်ဖို့အရမ်းခက်တယ်တဲ့"

"ဟွေ့လန် နင်က အထက်တန်း တတိယနှစ်ရောက်ပြီဆိုပေမဲ့ နင့်ရဲ့အခြေခံက အရမ်းအားနည်းတယ်။ နင်က အထက်တန်းပထမနှစ်ကနေ ပြန်ပြီး စတက်သင့်တယ်လို့ အမေ ထင်တယ်။ အသက်ပိုကြီးနေတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့အခြေခံတစ်ခုတော့ သေချာပေါက် ချထားမှဖြစ်မယ်"

"ရှမြန် နင်ကတော့..."

ရှမြန်က အလောတကြီး ပြောလိုက်သည်။ "ကျွန်မက နောက်တစ်ကျော့ ကျောင်းပြန်မတက်ဘူးနော်။ ကျွန်မ သေသေချာချာ ပြန်ကြည့်ပြီးရင် စာမေးပွဲကို ကောင်းကောင်းဖြေပါမယ်။ ကျွန်မ အထက်တန်း ဒုတိယနှစ်ကိုပဲ တက်မှာ"

ရှ၀မ်ယွဲ့သည် သူမ၏ခေါင်းကို လှမ်းခေါက်လိုက်ကာ ပြောလိုက်၏။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နင့်ဟာနင် ပြောလို့မရဘူး။ နင့်အတွက် မေးခွန်းစာရွက်တွေ ရှာပေးဖို့ ဒေါက်တာနဥ်ကို မေးထားပြီးပြီ။ အချိန်တန်ရင် နင် စာမေးပွဲဖြေကြည့်လိုက်ပေါ့။ တကယ်လို့ ဒီစမ်းသပ်မေးခွန်းကို ကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင်တော့ နင်လည်း အထက်တန်းပထမနှစ်ကနေ ပြန်တက်ရလိမ့်မယ်"

ရှမြန်သည် ရှ၀မ်ယွဲ့က ဒီလောက်များပြားသည့်ကိစ္စကို ဘယ်တုန်းက ရှာဖွေထားခဲ့ကြောင်း မသိခဲ့ချေ။

"ငါ အခုနောက်ပိုင်း အရမ်းအလုပ်များနေတော့ နင်တို့တွေကို ဂရုစိုက်ရမဲ့အချိန် မရှိခဲ့ဘူးလေ။ နင်တို့အားလုံးက ပျော်နေကြတာလား"

ရှမြန်သည် မလုံမလဲ လျှာထုတ်ပြလိုက်လေသည်။ ရှ၀မ်ယွဲ့၏ရှေ့တွင် သူမသည် ကလေးတစ်ယောက်လို အမြဲတမ်းထင်နေမိတော့သည်။

"နောက်ပြီးတော့ ဟွေ့‌မေ နင်လည်းပဲ ညကျောင်းတက်သင့်တယ်" ရှ၀မ်ယွဲ့က ခိုးပြီးရယ်မောနေသည့် ဟွေ့မေကို လက်ညှိုးထိုးလိုက်ကာ ပြောလိုက်၏။

"အမေ နင့်အတွက် မေးထားပြီးပြီ။ ယန်မြို့မှာ ညပိုင်းတက်တဲ့ တက္ကသိုလ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ နင် ကောလိပ်ဝင်ခွင်စာမေးပွဲကိုတော့ ဖြစ်ရဦးမယ်။ ဒါဆိုရင် ပုံမှန်တက္ကသိုလ်တွေမှာ တက်သလိုပဲ ဘွဲ့လက်မှတ်တစ်ခုကို ရနိုင်တယ်"

ဟွေ့မေက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "အမေ သမီးကဖြင့် အသက်၂၀ရှိနေပြီ။ ကျောင်းသွားပြီးတော့ ငွေမဖြုန်းချင်တော့ပါဘူး။ ဆိုင်က ငွေရှာနိုင်တယ်ဆိုပေမဲ့လည်း အကူအညီ လိုသေးတယ်လေ။ သမီးကို အမေနဲ့အတူ စီးပွားရှာခွင့်ပေးပါ"

"သွားရမယ်" ရှ၀မ်ယွဲ့က ပြတ်ပြတ်သားသား ပြောလိုက်၏။ "စာလေ့လာတာကပဲ နင်တို့ရဲ့ကံတရားကို ပြောင်းလဲပေးနိုင်မှာ"

"ဟွေ့မေ နင်က အဖေ၊ အမေနဲ့အတူ အများဆုံး ဒုက္ခခံခဲ့ရတာ။ အဲဒီတုန်းက ငါက နင့်အဘွားနဲ့အတူတူ နေနေတာဆိုတော့ နင့်ရဲ့တိုးတက်ရေးကို နှောင့်နှေးအောင် လုပ်ခဲ့မိတယ်။ အခုအမေက လုပ်နိုင်ကိုင်နိုင်လာပြီဆိုတော့ အမေက နင့်အတွက် သေချာပေါက် ဖြည့်ဆည်းပေးရမယ်"

"နင်တို့အားလုံးက ငါ့သမီးတွေပဲ။ ငါက နင်တို့တွေထဲက ဘယ်သူ့ကိုမှ မမျှမတ ဆက်ဆံမှာ မဟုတ်ဘူး"

သူမက ဟွေ့မေကို စိတ်အားထက်သန်စွာ ပြောလိုက်၏။ "နင့်ညီမလေး၂ယောက်က ကောလိပ်သွားပြီး အလုပ်ကောင်းတွေ ရနေတဲ့အချိန်မှာ နင်ကတော့ သာမန်ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီး သာမာန်ဘဝတစ်ခုမှာ နေနေမှာတော့ အမေ မလိုချင်ဘူး။ အမေက နင့်အတွက် ဝမ်းနည်းရလိမ့်မယ်"

"ဒါပေမဲ့ ငါက နင့်ကို အခွင့်အရေး ပေးထားပြီးပြီ။ တကယ်လို့ နင် စာမေးပွဲကို မအောင်တာပဲဖြစ်ဖြစ် အောင်တာပဲဖြစ်ဖြစ် ဒါက နင့်ကိစ္စဖြစ်သွားပြီ။ နားလည်ရဲ့လား"

မောက်ဟွေ့မေ၏ မျက်လုံးများမှာ နီရဲသွားတော့သည်။ "အမေ သမီး သိပါပြီ။ ဒါပေမဲ့ ညကျောင်းက အတန်းတွေက ပိတ်ရက်တွေနဲ့ ညနေခင်းတွေမှာပဲ ရှိတာဆိုတော့ နေ့ခင်းဘက်ကိုတော့ သမီး အမေ့ကို ကူညီပေးနိုင်ပါတယ်"

"ငါတို့တွေ ဒီကိစ္စကိုတော့ နောက်မှပြောတာပေါ့။ ဘာပဲဖြစ်ဖြစ်လေ ငါ ဒီကိုရောက်လာပြီ။ ဒီတော့ နင်တို့တွေလည်း အနာဂတ်တစ်ခု ရှိရမယ်။ ငွေပဲ ရှာနေလို့မရဘူး" ရှ၀မ်ယွဲ့က ပြောလိုက်၏။

"နင်တို့တွေ အောင်မြင်နေသရွေ့ ငါက ဆန်ကြမ်းကိုပဲ စားရမယ်ဆိုရင်တောင် ပျော်ပါတယ်။ နားလည်ကြရဲ့လား"

ညီအစ်မ၃ယောက်စလုံးက တစ်ပြိုင်တည်း ခေါင်းညိတ်ပြလိုက်သည်။ ရှ၀မ်ယွဲ့က ရှမြန်နှင့် ရှောင်ဖုန်းကို ကြည့်လိုက်ပြီး "နင်တို့၂ယောက်လည်း အတူတူပဲ။ ကြိုးစားကြနော်"

ရှောင်ဖုန်းသည် ရှ၀မ်ယွဲ့၏ မိဘအရှိန်အဝါကြောင့် ခြိမ်းခြောက်ခံလိုက်ရပြီး မြန်မြန် ခေါင်းညိတ်ပြလေသည်။

မောက်ဟွေ့မေက ပြောလိုက်၏။ "အမေ အခု သမီးတို့တွေ အိမ်တစ်လုံး ရှာလို့ရပြီလား။ အစ်မနဥ်ရဲ့အိမ်မှာပဲ အမြဲတမ်းနေနေလို့ မသင့်တော်ဘူးလေ။ ဘေးက လမ်းကြားထဲမှာ အငှားချထားတဲ့ အိမ်တန်းလေးတွေကို တွေ့တယ်။ အဲဒါတွေကတစ်လကို ယွမ်၈၀..."

မောက်ဟွေ့လန်က ကြားဖြတ်ပြောလိုက်၏။ "အိမ်မှာနဲ့ မတူဘူး။ ဒီနေရာမှာ သမီးတို့တွေက ကျောင်းစရိတ်၊ အိမ်ငှားခ၊ အစားအသောက်နဲ့ အဝတ်အစားတွေအတွက်လည်း သုံးရဦးမယ်။ တစ်လစာငွေတွေအားလုံးကို သုံးလိုက်ရင် ယွမ်၄ထောင်က ဘာမှကျန်တော့မှာ မဟုတ်လောက်ဘူးနော်။ ဟုတ်တယ်မလား"

လူတိုင်းက အတူတူ အလုပ်လုပ်ကြလျှင် ဒီမိသားစုသည် သေချာပေါက် ပိုပြီး ကောင်းမွန်လာပေလိမ့်မည်။

ရှမြန်က ပြုံးကာ ပြောလိုက်၏။ "အိမ်ကိစ္စကိုတော့ စိတ်မပူပါနဲ့။ သိပ်မကြာခင် လမ်းတစ်ဖက်က အိမ်ကို ငါ ဝယ်တော့မှာ။ ဒီတော့ ပြောင်းရွှေ့ဖို့ပဲ ပြင်ဆင်ထားကြရအောင်"

...

All Chapters