အပိုင်း(၇၄)
Vol. 5 Ch. 74
ကျိုးချန်ချန်သည် ရှမြန်က အိမ်ကို မဝယ်ချင်ခဲ့လျှင်လည်း ထားလိုက်ပါတော့ဟု မာမာထန်ထန် အမူအရာတစ်ခုဖြင့် ပြောလိုက်ချင်ပါသော်ငြားလည်း သခင်မကြီးဟော်က သူမကို ပြောခဲ့သည့်အကြောင်းအရာကို သတိရသွားလေသည်။ ဒီခြံဝင်းကို မည်သည့်ကိစ္စပင် ဖြစ်လာပါစေ ဒီနေ့တော့ ရှမြန်ကို သေချာပေါက်လွှဲပြောင်းပေးရလိမ့်မည်။ သို့မဟုတ်လျှင်တော့ သူမနှင့် ဟော်ရွှယ်ဝမ်တို့ကြားတွင် အခွင့်အရေး လုံးဝရှိလာလိမ့်မည်မဟုတ်ဟု သခင်မကြီးကပြောခဲ့သည်။
ဟော်မိသားစု၏ ဇနီးနေရာကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ကျိုးချန်ချန်သည် သူမ၏ဒေါသများကို မျိုသိပ်ထားရဆဲပင်။ "နင်ကရော ဘယ်လောက်နဲ့ သင့်တော်တယ်လို့ထင်လဲ"
ဒီအခိုက်တွင် ရှမြန်က စျေးနှိမ်ပေးမည်ကိုစိုးသဖြင့် သူမက ရုံရှင်းဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်၏။ "သခင်လေးရုံလည်း ဒီမှာရှိနေတာ။ ငါ့ကိုတော့ အရူးလာမလုပ်နဲ့"
"တခြားလူတွေကို နင့်ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ အကဲမဖြတ်စမ်းပါနဲ့" ရှမြန်က ထေ့ငေါ့ကာ ပြောလိုက်၏။
"နင်နဲ့အတူတူပဲလို့ ဘယ်သူ့ကို လာထင်နေတာလဲ"
ထို့နောက်တွင်တော့ သူမက ကျိုးချန်ချန်ကို ဂရုမစိုက်တော့ကာ ရုံရှင်းကို တိုက်ရိုက် မေးလိုက်တော့သည်။ "အစ်ကိုရုံ ဒီခြံဝင်းက ဘယ်လောက်တန်လဲ။ ကျေးဇူးပြုပြီးတော့ ပေါက်စျေးကို ခန့်မှန်းပေးပါဦး"
ရုံရှင်း၏ပုံစံက ဘာမှကို အလေးအနက် မထားဘဲ အပြောင်းအလဲမြန်သည့် ပုံစံဖြစ်နေသော်ငြားလည်း သူသည် အမှန်တွင်တော့ သူ့အလုပ်ပေါ်တွင် အလွန်မှ အားကိုးရလေသည်။
ရှမြန်၏စကားကို နားထောင်လိုက်ပြီးနောက်တွင် သူက ခြံဝင်းကို ပတ်လျှောက်ကြည့်လိုက်ပြီး အခန်းအားလုံးကို သေသေချာချာ ကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်၏။ "ဒီခြံဝင်းက မီတာ၄၀၀ပတ်လည် ဝန်းကျင်လောက်ရှိတာပဲ။ ပေါက်ဈေးကတော့ ငါးသောင်းငါးထောင်လောက် ရှိမယ်"
"ဒီခြံဝင်းမှာ ရေနဲ့ လျှပ်စစ်မီးမရှိပေမဲ့ သန့်ရှင်းရေး လုပ်ထားတာကိုတော့ တွေ့ရတယ်"
ကျိုးချန်ချန်က မြန်မြန် ဝင်ပြောလိုက်၏။ "ကျွန်မ ပြောင်းမလာခင်တုန်းက သခင်မကြီးက ဒါကိုသီးသန့် သန့်ရှင်းရေး လုပ်ပေးထားပြီး ကြမ်းခင်းတွေကိုလည်း ပြန်ခင်းပေးထားတာ။ နံရံတွေကိုလည်း ဆေးသုတ်ပေးထားတယ်။ အားလုံးက အသစ်စက်စက်တွေချည်းပဲ။ အဲဒီတုန်းက ဒါက ယွမ် ၁သောင်းထက် ပိုကုန်ကျခဲ့တယ်။ ဒါကလည်း နင့်အတွက် လျှော့ဈေးတစ်ခုပါပဲ။ စျေးနှုန်းအပြတ် ၆သောင်း"
"မင်းအိမ်က ပရိဘောဂအများစုက ဟောင်းနေပါပြီ" ရုံရှင်းက ပြောလိုက်သည်။ "ဒါပေမဲ့ သစ်တွေကတော့ အကောင်းစားပါပဲ။ ရှမြန်နဲ့ မင်းတို့က အခုလောလောဆယ်တော့ ဒါကို သုံးလို့ရသေးတယ်။ ဒါမှမဟုတ်လည်း ကျိုးချန်ချန်က ဒါတွေကို တပတ်ရစ်ဆိုင်မှာ ပြန်ရောင်းတာဖြစ်ဖြစ် ကိုယ့်ဟာကိုယ် ဖျက်ပြီးတော့ ရောင်းချလို့ရတယ်"
ကျိုးချန်ချန်သည် ဒီစကားကိုကြားလိုက်ပြီး မျက်လုံးများကို စွေထားလိုက်သည်။ သူမက ဒီပရိဘောဂများကို လုံးဝသဘောမကျခဲ့ချေ။ သူမက ဒီနေရာတွင် ယာယီသာ နေထိုင်သဖြင့် ဒီအတိုင်း အဖြစ်သဘော အသုံးချခဲ့ခြင်းပင်။
သခင်မကြီးဟော်က ဒီခြံဝင်းကို သူမအား ရောင်းချခွင့် မပေးခဲ့သည်မှာ နှမြောစရာပင်။ ထို့ကြောင့် သူမက အဆောက်အဦတိုက်ခန်းထဲသို့ ပြောင်းရွှေ့ပြီးသွားလျှင် ဒီနေရာကို အငှားချနိုင်သည်ဟု စဉ်းစားထားလိုက်သည်။ ပရိဘောဂများရှိနေလျှင် သူမက ငှားရမ်းခကို ပိုတောင်းနိုင်လိမ့်မည်။ တစ်လလျှင် ယွမ် ၁၈၀ ကလည်း ငွေဖြစ်နေဆဲပင်။
သို့သော်ငြားလည်း အခုတော့ ရှမြန်က ဝယ်သူတစ်ဦးအဖြစ် ရောက်လာပြီး သူမ၏အကြိုက် ဖြစ်နေသည်။ ငွေအစစ်က ဒီလိုပျက်စီးနေသည့်ခြံဝင်းကို သိမ်းထားသည်ထက် အများကြီး ပိုကောင်းသည်။
ဒီလိုစဉ်းစားလိုက်ပြီး သူမက ပြောလိုက်၏။ "ငါက ပရိဘောဂတွေကို မလိုချင်တော့ပါဘူး။ တကယ်လို့ နင် လိုချင်တယ်ဆိုရင်တော့ နင့်ကို စျေးလျှော့ပေးလို့ ရပါတယ်။ အိမ်နဲ့ပရိဘောဂက နင့်အတွက် ယွမ် ၇သောင်းပဲ ကုန်မှာပါ"
ရှမြန်က မျက်မှောင်ကြုတ်ပြီး စကားမပြောသည်ကို တွေ့လိုက်သည်တွင် သူမက တက်တက်ကြွကြွဖြင့် ရောင်းအားကို မြှင့်တင်လိုက်သေးသည်။ "ဒီပရိဘောဂတွေက ဟောင်းနေပြီဆိုပေမဲ့ ဒါတွေကို ဟော်မိသားစုရဲ့ အိမ်အဟောင်းဆီကနေ ပြောင်းရွှေ့ထားတာ။ ဒါတွေအားလုံးကို အကောင်းစားသစ်တွေနဲ့ လုပ်ထားတာ။ အိမ်အရွယ်အစားနဲ့လည်း အရမ်းကိုသင့်တော်တယ်။ ဒါတွေက သုံးလို့အဆင်ပြေပါတယ်။ တကယ်လို့ နင်က ကိုယ့်ဟာကိုယ် အသစ်တစ်ခု ထပ်လုပ်ချင်တယ်ဆိုရင်တော့ ဒါတွေကို ထုတ်လိုက်ဖို့ ၁လ၊၂လပေးရမှာ မပြောနဲ့ဦး။ ယွမ် ၁သောင်းကတောင် လောက်ချင်မှလောက်မှာ။ ငါက နင့်ကို အရမ်းသက်သာတဲ့ စျေးနှုန်းတစ်ခု ပေးထားတာ"
"၅ထောင်" ရှမြန်က စျေးဆစ်လိုက်သည်။ "ငါတို့တွေက ယွမ်၅ထောင်နဲ့ ပရိဘောဂကို ယူပေးလိုက်မယ်"
"နင်လည်း ဒီကိစ္စကို စဉ်းစားသင့်ပါတယ်။ ဒီပရိဘောဂအဟောင်းတွေကို နင်က ဘယ်ကိုရွှေ့သွားမှာလဲ။ တပတ်ရစ်ပရိဘောဂတွေကို တစ်ခုချင်းစီပဲ ခွဲဝယ်ကြတာ။ သော့ပေါင်ခန်းမထဲက အဲဒီပစ္စည်းတွေဆိုရင် ချမ်းသာတဲ့သူတွေကပဲ သုံးကြတာလေ။ ချမ်းသာတဲ့သူတွေက အသစ်ကိုပဲ လုပ်ကြမှာပေါ့။ ဘယ်သူက တစ်ပတ်ရစ်ပစ္စည်းကို ဝယ်မှာလဲ"
"ငါ့အထင်တော့ ဒီပစ္စည်းတွေကို ထင်းမီးအဖြစ်သုံးလို့ရအောင် တိုလီမုတ်စ စုဆောင်းတဲ့သူတွေဆီကို ရောင်းရမယ်လို့ ထင်တာပဲ။ ၅ထောင်က နင့်အတွက် ဒုက္ခလည်းသက်သာပြီး အကျိုးအမြတ်လည်း ရပါတယ်"
အစက မတန်တဆနှုန်းကို တောင်းနေခဲ့ခြင်းပင်။ သို့သော်ငြားလည်း ရှမြန်က လိုလိုလားလားဖြင့် ၅ထောင်ပေးမည်ဟု ကြားလိုက်သည်တွင် သူမက တွေဝေမနေတော့ချေ။ "ကောင်းပြီလေ ဒီလိုပဲလုပ်လိုက်မယ်။ စုစုပေါင်း ၆သောင်း၅ထောင်ပေါ့"
ရှမြန်က ပြောလိုက်သည်။ "ငါနင့်ကို ၇သောင်းပေးပါမယ်"
ကျိုးချန်ချန်က အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး ဒီလိုကောင်းမွန်သည့် ကိစ္စဖြစ်လာနိုင်သည်ကို မယုံကြည်နိုင်သည့်နှယ်ပင်။
ရုံရှင်းကလည်း နားမလည်နိုင်အောင်ဖြစ်သွား၏။ "ဘယ်လို"
ရှမြန်က ငွေပေးချေရန်ဆိုသည့် စာကြောင်းကို ထောက်ပြလိုက်ပြီး ပြောလိုက်သည်။
"ငွေပေးချေမဲ့နည်းလမ်းကို အရစ်ကျနည်းလမ်းနဲ့ လုပ်လို့ရမယ်လို့ မျှော်လင့်တယ်"
ကျိုးချန်ချန်က သရော်လှောင်ပြောင်ကာ ပြောလိုက်၏။
"ငါ နင့်ကို ပြောသားပဲ။ နင်က ငွေကိုအလွယ်တကူ တိုးပေးနေတာ။ နင်က နင့်ရဲ့အကြွေးတွေကို လျှော်ပေးဖို့ စီစဉ်နေတာကိုး။ အရစ်ကျတဲ့လား။ ၁၀နှစ်ကျော်ပေးဖို့တော့ မစဉ်းစားနဲ့ နော်"
"ဘာလို့လဲ၊ နင်က နဥ်မိသားစုရဲ့ မြေးလေးရဲ့အသက်ကို ကယ်ထားပေးခဲ့တာပဲ။ ဒါပေမဲ့ နဥ်မိသားစုကတော့ ဘာကျေးဇူးတရားကိုမှ မထုတ်ပြခဲ့ဘူးတဲ့လား။ ဒါကအရမ်းကို ကပ်စေးနည်းရာ မကျဘူးလား"
ရှမြန်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ပြောလိုက်၏။ "ကျိုးချန်ချန် ဒါက ဒီနေ့ နင် ငါ့ရဲ့အကျင့်စရိုက်ကို စော်ကားတာ ၃ကြိမ်ရှိသွားပြီနော်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင် ငါ့ကိုရန်စခဲ့လို့ပဲ နင် ဒီခြံဝင်းကို ဆုံးရှုံးရပြီးပြီ။ ဒီတစ်ကြိမ် နင်က ငါ့ကို ဘာနဲ့အလျော်အစား ပေးဖို့ စဉ်းစားနေတာလဲ။ အဲဒီတိုက်ခန်းနဲ့လား"
ထိုတိုက်ခန်းသည် ကျိုးချန်ချန်၏ အကြိုက်ဆုံးအရာ ဖြစ်လေသည်။ ယခုတော့ သူမသည် ဟော်မိသားစု၏ ငြင်းပယ်ခြင်း ခံလိုက်ရသဖြင့် သူမသည် အားလုံးကို ပုံအောကာ လောင်းကြေးမထပ်ရဲသဖြင့် နှုတ်ဆိတ်လျက်သား နေရတော့သည်။
ရှမြန်က ဆက်ပြောလိုက်၏။ "စိတ်မပူပါနဲ့ ငါ နင့်ကို ထပ်ပြောလိုက်မယ်။ ငါက နင့်လို ငါက လူရမ်းကားတစ်ယောက် မဟုတ်ဘူး။ ငါ အရစ်ကျကို ၂ကြိမ်ပေးမယ်။ ဒီနေ့ ငါ နင့်ကို ယွမ် ၂ သောင်း လက်ငင်းငွေချေပေးမယ်။ နင်က အရင်ဆုံး ငါ့ကို ပိုင်ဆိုင်ခွင့်စာချုပ် ပြန်လွှဲပြောင်းပေး။ ၂လကြာပြီးရင်တော့ ငါ နင့်ကိုကျန်တဲ့ ၅သောင်းပေးမယ်"
ကျိုးချန်ချန်က ဒီလိုငွေပေးချေခြင်းကို မျှော်လင့်မထားခဲ့ချေ။ ခဏလောက် စဉ်းစားပြီးနောက်တွင် သူမက ပြောလိုက်၏။
"ဒါကို စာချုပ်ထဲမှာ ထည့်ရေးရမယ်။ တကယ်လို့ ၂လနေပြီးမှ နင်က မပေးနိုင်ဘူးဆိုရင်ရော"
ရှမြန်က မျက်စောင်းထိုးကာ ပြောလိုက်၏။ "တကယ်လို့ နင် ပြောတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် ငါ ခြံဝင်းကို ပြန်ပေးလိုက်မယ်။ ဟုတ်ပြီလား"
ကျိုးချန်ချန်က ပြောလိုက်သည်။ "နင် ပြောတာနော်"
ရှမြန်က သူမ၏တွန့်တိုသည့် အပြုအမူကိုအာရုံစိုက်ဖို့ရန် အလွန်မှ ငြီးငွေ့လေသည်။ "ငါ့ကို နင့်ရဲ့ ဘဏ်ကတ်နံပါတ် ပေးလိုက်။ ငါ နင့်ကို ဒီနေ့ လက်ငင်းငွေချေပေးမယ်"
၂ယောက်သားက ရုံရှင်း၏မျက်မြင်သက်သေအောက်တွင် စာချုပ်ကို လက်မှတ်ထိုးလိုက်ပြီး ကျိုးချန်ချန်ကို ငွေလွှဲပြောင်းပေးဖို့ရန်အတွက် ဘဏ်သို့ အရင်ဆုံးသွားလိုက်သည်။ ထို့နောက်တွင်တော့ ပိုင်ဆိုင်မှုလွှဲပြောင်းဖို့ရန် အိမ်ယာစီမံကိန်းရုံးသို့ သွားလိုက်ကြသည်။
ဒီရက်များတွင် နောက်ပိုင်းစီရင်ကွက်များ၌ အိမ်အရောင်းအဝယ် ကိစ္စများက မများပြားလှချေ။ ထို့ကြောင့် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းက အလွန်မှ ချောချောမွေ့မွေ့ ပြီးမြောက်သွားပြီး ရှမြန်က ခြံအတွက် ပိုင်ဆိုင်မှုစာချုပ်ကို ချက်ချင်းရလာခဲ့သည်။
အသစ်ထုတ်ပေးလိုက်သည့် အိမ်ခြံမြေလက်မှတ်ကို ကိုင်ပြီး ရှမြန်သည် ရှောင်ဖုန်းက ရှမိသားစု၏ အိမ်ထောင်စုစာရင်းစာအုပ်ကို ကိုင်ထားချိန်တွင် သူ ခံစားခဲ့ရပုံကို အတိုင်းအတာတစ်ခုအထိ နားလည်သွားလေသည်။
ဒီခြံဝင်းသည် သူမ၏ပိုင်ဆိုင်မှုဖြစ်ကာ သူမသည် ဒီမြို့တွင် အိမ်တစ်လုံး ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။
ရှမြန်က သူမ၏နောက်တွင် မျက်စောင်းထိုးနေသည့် ကျိုးချန်ချန်ကို ဂရုစိုက်မနေဘဲ ဝမ်းသာအားရဖြင့် ရုံရှင်း၏ကားကို စီးကာ အိမ်ပြန်လာခဲ့လေသည်။
လမ်းတွင် ရုံရှင်းက ပြုံးကာပြောလိုက်၏။ "တကယ်တမ်းကျတော့ မင်းက အဲဒီပရိဘောဂတွေကနေ ငွေအများကြီး ရှာလို့ရပါတယ်"
"ဟမ်" ရှမြန်မှာ ဇဝေဇဝါဖြစ်သွားသည်။
ရုံရှင်းက ခေါင်းခါပြီး ပြောလိုက်၏။ "ကျိုးချန်ချန်ရဲ့ဦးနှောက်က ဘာတွေဖြစ်နေတာလဲ တကယ် မသိတော့ဘူး။ ဒီပရိဘောဂတွေကို ဟော်မိသားစုရဲ့ အိမ်အဟောင်းကနေ ပြောင်းရွှေ့လာတယ်ဆိုတာလည်း သူ သိရဲ့သားနဲ့။ ဒါပေမဲ့ သူက ဒါကို မစဉ်းစားခဲ့ဘူးတဲ့။ ဟော်မိသားစုက သုံးခဲ့တဲ့ပရိဘောဂတွေက ဆိုးဝါးနိုင်ပါ့မလား"
"သူက စီးပွားစီမံဘာသာရပ်ကို လေ့လာခဲ့ပြီး ဟော်မိသားစုရဲ့ကုမ္ပဏီကို ကူညီပေးချင်နေတယ်တဲ့"
ရုံရှင်းက သရော်လိုက်လေသည်။ "ဟော်မိသားစုရဲ့ ကုမ္ပဏီကတော့ သူသာ လက်လွှဲယူလာရင် ၂ရက်တည်းနဲ့ ဒေဝါလီ ခံသွားတော့မှာပဲ"
ရှမြန်လည်း သိချင်စိတ်ဖြစ်သွားသည်။ "အဲဒီပရိဘောဂတွေက ဘယ်လောက်တန်လို့လဲ"
ရုံရှင်းက ပြောလိုက်၏။ "ငါတွေ့ခဲ့တဲ့ မဟော်ဂနီစားပွဲနဲ့ ဆိုဖာ၊ ကော်ဖီစားပွဲနဲ့တင် ၅ထောင်၊ ၆ထောင်လောက် တန်နေပြီလေ။ အိပ်ရာတွေဆိုရင် အဲဒီထက်တောင် ပိုပြီးတော့ကောင်းဦးမယ်"
"မင်းတို့တွေက ဒီမှာ ကိုယ့်ဟာကိုယ် နေကြမှာဆိုတော့ ကိုယ့်ဟာကိုယ်ပဲ သုံးလိုက်ကြတော့ပေါ့"
ရုံရှင်းက ပြောလိုက်၏။ "ဒါတွေ အားလုံးကို ကိုယ့်ဟာကိုယ်ပဲ ယူထားလိုက်။ ကျိုးချန်ချန်အတွက်ကတော့ ငါ သူ့ကို သတိပေးခဲ့ပြီးပြီပဲ။ သူလည်း သူ့အကြောင်းသူ သိပါတယ်။ သူ့ရဲ့တုံးအတာကတော့ ဘယ်သူ့ရဲ့အမှားမှ မဟုတ်တော့ဘူးလေ"
ရှမြန်က ပြောလိုက်သည်။ "သူက တုံးအတာတော့ မဟုတ်ပါဘူး။ သူက ဒီခြံဝင်းကို အလကား ရထားတာဆိုတော့ အရေးမကြီးဘူးပေါ့လေ"
"ကျွန်မတို့တွေက ရိုးသားတဲ့သူတွေပါ။ ယုံတာ မယုံတာ အပထား၊ ကျွန်မတို့တွေ ဒီနေ့ သူ့ကို ၃သောင်း၊ ၄သောင်းပဲ ပေးမယ်ဆိုရင်တောင် သူက ပျော်နေဦးမှာ"
ရုံရှင်းက သူ့ခေါင်းကို စောင်းထားလိုက်ကာ ခဏလောက် စဉ်းစားလိုက်ပြီး "ဒါတော့ ဟုတ်တယ် ငွေရှာရတာ လွယ်တယ်လေ။ ဒီတော့ ပေးပစ်ရတာလည်း လွယ်တာပေါ့"
သို့သော်ငြားလည်း ရှမြန်သည် အကျိုးအမြတ်တစ်ခုရခဲ့ကာ မကောင်းသည့်ကိစ္စ မဟုတ်ခဲ့ချေ။
သူတို့သည် ခြံဝင်းထဲသို့ ပြန်ရောက်လာချိန်တွင် မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့က တံမြက်စည်းတစ်ချောင်းနှင့် အဝတ်စုတ်များကိုယူကာ ပင်မအခန်းကို သန့်ရှင်းပြီးသားဖြစ်လေသည်။
မူကြိုကျောင်းမှ အခုလေးတင် ပြန်ရောက်လာကြသည့် ကလေး၃ယောက်ကလည်း တံခါးထဲမှ ပြေးဝင်လာကြသည်။
ခေါင်းဆောင်မှုနောက်က အမြဲတမ်းလိုက်လာတတ်သည့် ရှောင်ဖုန်းက ဒီတစ်ကြိမ်တွင်တော့ ရှေ့ကဦးဆောင်လာသည်။ သူ၏ ခြေတိုလေး၂ချောင်းက အလွန်မှ မြန်မြန်ဆန်ဆန် ရွေ့လျားနေပြီး အဝေးမှနေ၍ ရှမြန်ဆီကို လက်၂ဖက်ဆန့်တန်းပြီး ပြေးလာသည်။ "အန်တီလေး"
နဥ်ရှောက်ယွင်က နောက်မှလိုက်ဝင်လာကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "နင့်မိသားစုက ခြံဝန်းတစ်ခု ဝယ်ထားတယ်လို့ ငါ သူ့ကို ပြောထားတာလေ။ သူ အရမ်းဝမ်းသာနေတာ"
ဟဟ-
ရှမြန်က အပြေးသွားလိုက်ပြီး ရှောင်ဖုန်းကိုကောက်ချီလိုက်ကာ ၀မ်းသာအားရဆွဲ ဝှေ့လိုက်လေသည်။
"ဟုတ်တယ် ရှောင်ဖုန်း ငါတို့တွေ အိမ်တစ်လုံးရသွားပြီ။ ဒီနေ့ကစပြီး ဒါက ငါတို့ရဲ့အိမ်ပဲ။ ပျော်ရဲ့လား"
"အန်တီလေး ဟား ဟား ဟား" ရှောင်ဖုန်း၏ပျော်ရွှင်နေသည့် ရယ်မောသံမှာ ခြံဝင်းတစ်ခုလုံး သို့ပျံ့နှံသွား၏။ "အခု သားတို့မှာ အိမ်တစ်လုံး ရှိသွားပြီ"
မောက်ဟွေ့ကျူးကလည်း ဝမ်းသာအားရ အပြေးရောက်လာပြီး အတည်ပြုလေသည်။ "အစ်မမြန် ဒါက သမီးတို့ရဲ့ ခြံဝင်းလား"
"ဟုတ်ပ" ရှမြန်က သူမ၏အိတ်ထဲက ပိုင်ဆိုင်မှုစာချုပ်ကို ထုတ်ပြလိုက်ပြီး "လာ လာ ငါ နင်တို့ကို ပိုင်ဆိုင်မှုစာချုပ်ပြမယ်"
မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့ကလည်း ချက်ချင်း ရောက်လာကြသည်။
မောက်ဟွေ့လန်က ပိုင်ဆိုင်မှုစာချုပ်ကို လှမ်းယူကာ ဖတ်ပြလိုက်၏။ "အိမ်ပိုင်ဆိုင်မှုစာချုပ် ပိုင်ရှင် ရှမြန်။ လိပ်စာ အမှတ်၂၊ အိမ်နံပါတ်၃၊ ရွှေငါးလမ်း၊ လုံချန်ရပ်ကွက်၊ ယန်မြို့။ အကျယ်အဝန်း မီတာ၄၀၀ပတ်လည်"
"ဟား ဟား ဟား။ ဒါက အစ်မရှမြန်ရဲ့ အိမ်အစစ်ပဲ" မောက်ဟွေ့လန်က ဝမ်းသာအားရ ရှမြန်ကို ပွေ့ဖက်ကာ ဆွဲဝှေ့လိုက်သည်။
ဒါသည် ပျော်ရွှင်စရာ ခံစားချက်တစ်ခု အမှန်တကယ်ပင် ဖြစ်လေသည်။ သူတို့သည် အရာအားလုံးကို ချန်ခဲ့ရပြီး ကြံရာမရ အားထုတ်မှုတစ်ခုဖြင့် ယန်မြို့ကိုလာခဲ့ရသည်။ အစပိုင်းတွင်တော့ သက်သောင့်သက်သာ မဖြစ်သည့် ခံစားချက်တစ်ခုမှ မရှိသယောင်ပင်။
သို့သော်ငြားလည်း ဒီခြံဝင်း ရှိလာသည်တွင် အမြစ်မရှိသည့်ဘဲစာပင်က ကုန်းမြေပေါ်သို့ ဆိုက်ရောက်လာသလို ခံစားလိုက်ရ၏။ သူမသည် စိတ်အေးသလို ခံစားရသည့်အပြင် ရှ၀မ်ယွဲ့နှင့် သူမ၏သမီးများလည်း စိတ်အေးသလို ခံစားလိုက်ရ၏။
သူတို့သည် ယန်မြို့တွင် အိမ်တစ်လုံး ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။
ဒီအသိစိတ်က အားလုံး၏ စိတ်အားထက်သန်မှုကို မြင့်တက်သွားစေလေသည်။ မောက်ညီအစ်မများက ရှမြန်ထက်ပင် ပိုပြီးတက်ကြွနေ၏။ ရှ၀မ်ယွဲ့၏ အလုပ်များကို ကူညီပေးသည့်အပြင် သူတို့သည် အားလပ်သည့်အချိန်ရတိုင်း ခြံဝင်းကို သန့်ရှင်းရေးလာလုပ်ကြသည်။
ရှ၀မ်ယွဲ့က ညနေခင်း သူမ၏ဆိုင်လေးကို ပိတ်ပြီး ပြန်ရောက်လာချိန်တွင် သူမက ပိုင်ဆိုင်မှုစာချုပ်ကို အနီးကပ် တစ်ချက်လောက်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို သပ်သပ်ရပ်ရပ် ပြန်ခေါက်သိမ်းထားလိုက်၏။
မိသားစုတစ်စုလုံးသည် ညနောက်ကျသည့်အထိ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြပြီး အိမ်ကိုသန့်ရှင်းရေး လုပ်လိုက်ကြသည်။
"အိပ်ရာခင်းတွေ အိမ်ကို ရောက်လာပြီဆိုတာနဲ့ ငါတို့တွေ ပြောင်းလို့ရပြီ" ရှ၀မ်ယွဲ့က ပြောလိုက်၏။
"အိမ်မှာ အသစ်လုပ်ထားတဲ့ဂွမ်းစောင်တွေ အများကြီးရှိသေးတယ်"
သူမပြောနေသည့် အိပ်ရာခင်းများမှာ မင်ရှီစီရင်စုက သူမ၏ဇာတိအိမ်က ဖြစ်လေသည်။ သူတို့သည် ယန်မြို့သို့ ရောက်လာသည်နှင့် ချက်ချင်း သူတို့၏ဒုတိယဦးလေးကို ဖုန်းခေါ်ကာ လိပ်စာပြောပြခဲ့သည်။ နောက်တစ်နေ့ သူမ၏ဦးလေးက အိမ်တွင်ရှိသည့် အိပ်ရာခင်းအားလုံးကို ထုတ်ပိုးပေးပြီး ရထားဖြင့် တင်ပေးလိုက်သည်။
နောက်ဆုံး မည်သည့်နေရာတွင် အခြေချသည်ဖြစ်စေ စားသောက်ခြင်းနှင့် အိပ်စက်ခြင်းက အရေးကြီးဆုံးအရာပင်။ အိပ်ရာခင်းများကိုလည်း လျှော့တွက်လို့မရချေ။ ထိုအရာများကို မကြာခဏ အသုံးပြုနေချိန်တွင် အများကြီး စဉ်းစားမိလိမ့်မည် မဟုတ်သော်ငြားလည်း တကယ်တမ်း ဝယ်ယူလျှင်တော့ ကုန်ကျစရိတ်က မနည်းချေ။
"ငါတို့တွေက ဇာတိမြို့မှာဆိုရင် ကိုယ်ပိုင်ဂွမ်းစောင်လေးတွေ လုပ်ထားကြတယ်လေ။ ငါတို့က အကောင်းဆုံးဝါဂွမ်းကို သုံးထားတာ" ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "ဂွမ်းစောင်အစွပ်တွေကို ဘယ်မှာ ဝယ်လို့ရမလဲ ရှာကြည့်လိုက်ပါဦးမယ်။ ပြီးရင်တော့ ရှမြန်နဲ့ ရှောင်ဖုန်းတို့အတွက်လည်း တစ်စုံလောက်လုပ်ပေးမယ်"
မောက်ဟွေ့မေက ပြောလိုက်သည်။ "သမီးဂွမ်းစောင်ကို လုပ်လိုက်ပါ့မယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်။ အမေ အမေက ဆိုင်လည်း ထွက်ရအုံးမှာလေ။ အပင်ပန်းမခံပါနဲ့"
မောက်ဟွေ့ကျူးကလည်း သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။ "အဖေ ရောက်လာရင် အရမ်းကောင်းမှာပဲ။ အဖေက ဆိုင်ဖွင့်ပြီးတော့ အမေက ဂွမ်းစောင် လုပ်လို့ရတယ်လေ"
မောက်ဟွေ့လန်က ဒီစကားကို ကြားလိုက်သည်တွင် ပြောလိုက်လေသည်။ "ဒါနဲ့ ငါအဖေ့ကို ပြောပြဖို့တောင် အချိန်မရသေးဘူး။ မနက်ဖြန် မနက်စောစောကျရင်တော့ သူ့ကိုဖုန်းခေါ်ပြီး သူ ဘယ်အချိန်လာမလဲလို့ မေးလိုက်ဦးမယ်"
မောက်ဟွေ့မေကလည်း အနည်းငယ် စိုးရိမ်သွားသည်။ "အဖေ ဘယ်လိုနေလဲ မသိပါဘူး"
ရှ၀မ်ယွဲ့က မောက်ဟွေ့ကျူးကို ကောက်ချီလိုက်ပြီး ပြောလိုက်၏။ "ငါတို့တွေ မနက်ဖြန် ဖုန်းခေါ်ရင် သိရမှာပါ။ အိပ်ရာထဲကို သွားကြတော့။ ကလေးတွေက နောက်ကျတဲ့အထိ နေလို့မရဘူးလေ"
ရှမြန်သည် အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ရှောင်ဖုန်းကို ကောက်ချီလိုက်၏။ ကောင်ကလေးက သူတို့ထုတ်ပိုးနေသည်ကို မြင်လိုက်ချိန်တွင် ထွက်ခွာဖို့ရန် ငြင်းဆန်နေပြီး စောင့်နေမည်ဟု အတင်းလုပ်နေသည်။ သူသည် ဒီအခန်းလွတ်ထဲတွင် နေရသည်ကို ပျော်ရွှင်နေသည်။
သူက အမှန်တကယ် အိပ်ငိုက်နေသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က သူ တစ်ရေးအိပ်ဖို့ရန်အတွက် ခုတင်ပေါ်တွင် ထိုင်ဖုံလေးတစ်ခုကို ချထားပေးလိုက်သည်။
ဒီအချိန်တွင်တော့ သူသည် ရှမြန်၏ ကောက်ချီခြင်းကို ခံလိုက်ရ၏။ သူက သူ့မျက်လုံးများကို ကြိုးစားဖွင့်ကြည့်လိုက်ပြီး ရှမြန် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူက အန်တီလေးဟု ခေါ်လိုက်ပြီးနောက်တွင် သူမ၏ပခုံးပေါ်တွင် ပြန်အိပ်ပျော်သွားတော့သည်။
ရှမြန်က သူ့ကိုပြန်ချီလာခဲ့ပြီး သူ့မျက်နှာနှင့် ခြေထောက်များကို သုတ်ပေးလိုက်သော်လည်း သူ့မှာ နိုးမလာတော့ချေ။
သို့သော်ငြားလည်း သူသည်နောက်တစ်နေ့ မနက်အစောကြီး နိုးလာလေသည်။
ရှမြန်သည် နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေသည့် အခြေအနေတွင် သူမ၏မျက်နှာပေါ်တွင် ယားကျိကျိ ခံစားလိုက်ရ၏။ သူမက မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ရှောင်ဖုန်းက သူ့လက်သေးသေးလေးကို ဆန့်ကာ သူမ၏မျက်နှာကို အသာအယာထိနေသည်ကို မြင်လိုက်ရသည်။
သူမက ကောင်ကလေး၏နဖူးကို နမ်းလိုက်ပြီး
"ပေါင်ပေါင်း ဘာလုပ်နေတာလဲ"
...