အပိုင်း(၇၅)
Vol. 5 Ch. 75
ယန်မြို့သို့ ရောက်လာပြီးနောက်ပိုင်းတွင် ကလေး၏အိပ်ရေးက အများကြီး တိုးတက်လာပြီး သူသည် သူမထက် အရင်နိုးသည်က ရှားပါးသည်။
"အန်တီလေး" ရှောင်ဖုန်းက ထထိုင်လိုက်ပြီး ရှမြန်ကို ဝမ်းသာအားရကြည့်ကာ ပြောလိုက်၏။
"အန်တီလေး သားတို့ရဲ့အိမ်"
"အအေးမမိအောင် သတိထားလေ" ရှမြန်က သူ့ကိုဂွမ်းစောင်ထဲသို့ ဆွဲသွင်းလိုက်ကာ ပြန်ပြီးလှဲချလိုက်သည်။ "ဟုတ်တယ် ငါတို့တွေမှာ အိမ်တစ်လုံးရှိသွားပြီ။ လမ်းရဲ့ မျက်နှာချင်းဆိုင်လေးတင်ပဲ"
"သားတို့တွေ ဒီနေ့ပြောင်းကြမှာလား" ရှောင်ဖုန်း၏မျက်လုံးလေးက တောက်ပနေပြီး သူသည် စိတ်မရှည်လက်မရှည် ဖြစ်နေဟန်တူသည်။
ရှမြန်က သူ့ကို စနောက်လိုက်၏။ "သားက ကိုကိုချန်ချန်အိမ်မှာ နေရတာ မကြိုက်တော့ဘူးပေါ့"
ရှောင်ဖုန်းက ခေါင်းလေးကို စောင်းထားလိုက်ကာ"သားတို့က လမ်းတစ်ဖက်မှာပဲ ရှိတာလေ။ အတူတူ သွားလို့ရပါသေးတယ်"
"ထင်ထားတဲ့အတိုင်းပဲ။ ကိုယ့်အိမ်ထက်ကောင်းတာ တခြားမရှိတော့ဘူး" ရှမြန်က သူ့ခေါင်းသေးသေးလေးကို ထိကိုင်လိုက်ကာ "အိပ်ရာခင်းတွေ ရောက်လာတာနဲ့ ငါတို့တွေ ပြောင်းလို့ရပြီ"
"အိပ်ရာခင်းက ဘယ်တော့ရောက်လာမှာလဲ"
"ခဏနေ သားရဲ့ဘွားဘွားလေးကို မေးကြည့်ရင် သိရမှာပေါ့"
မစောင့်နိုင် ဖြစ်နေသည်မှာ ရှောင်ဖုန်းတစ်ယောက်တည်း မဟုတ်သည်မှာ သိသာသည်။ မောက်မိသားစုက ညီအစ်မ၃ယောက်ကလည်း မနက်စောစောစီးစီးတွင် သူတို့၏ဇာတိမြို့သို့ ဖုန်းခေါ်ကြသည်။
သို့သော်ငြားလည်း သူမက ပြန်ခေါ်လာမည့်အချိန်ကို စောင့်ဖို့လိုအပ်သည်။ မောက်ကျစ်ရှန်း၏ မိသားစုက တယ်လီဖုန်းတစ်လုံး မရှိချေ။ ထို့ကြောင့် ရှ၀မ်ယွဲ့က ကုန်စုံဆိုင်က အများသုံးဖုန်းမှတစ်ဆင့် အရင်ဆုံး ဖုန်းခေါ်ရသည်။ အများသုံးဖုန်းတွင် စောင့်ပေးသည့်လူက မောက်ကျစ်ရှန်းကို သွားအသိပေးပြီးမှ တစ်ဖက်လူက သူမကို ဖုန်းပြန်ခေါ်ရသည်။
မနက်ခင်း အလယ်ပိုင်းအရောက်တွင် မောက်ကျစ်ရှန်းက ဖုန်းပြန်ခေါ်လာသည်။
မောက်ကျစ်ရှန်းသည် ရှမြန်က ယန်မြို့တွင် ခြံဝင်းတခုကို ဝယ်ခဲ့ပြီး နေစရာတစ်ခုရှိလာသည်ဟု ကြားသဖြင့် အလွန်ဝမ်းသာမိလေသည်။ "ငါ အိပ်ရာခင်းတွေကို စစ်ဆေးပြီးရင် ပစ္စည်းပို့တဲ့အမှာစာ တစ်ခုနဲ့ ထည့်ပေးလိုက်ပါမယ်။ သိပ်မကြာခင် ရောက်လာမှာပါ။ ဖုန်းကိုပဲ စောင့်နေလိုက်နော်။ အိပ်ရာခင်းအပြင် ရာသီနဲ့ကိုက်တဲ့ အဝတ်အစားတွေကိုလည်း ထည့်ပေးလိုက်မယ်။ အဝတ်အစားတွေ ချောင်ချိသွားအောင်တော့ မလုပ်နဲ့ဦး"
"ငါ ဒီမှာလည်း ထုတ်ပိုးပြီးသလောက် ဖြစ်နေပါပြီ" မောက်ကျစ်ရှန်းက အပြုံးတစ်ခုနှင့် ပြောလိုက်၏။ "နောက်ထပ် ၅ရက်၊ ၆ရက်လောက်နေရင်တော့ ထွက်လာနိုင်လိမ့်မယ်လို့ ထင်တာပဲ"
ဒီအချိန်တွင်တော့ သူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အခုတလော ငါ့ကို ဖုန်းမခေါ်သေးနဲ့။ ငါလက်မှတ်တွေ ဝယ်သွားပြီးတဲ့အချိန်ကျမှ မင်းကို အသိပေးလိုက်မယ်"
ရှ၀မ်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်လို့လဲ အဘွားကြီးက ရှင့်ကို အနိုင်ကျင့်ပြန်ပြီလား"
မောက်ကျစ်ရှန်းက သူ့အသံကို တိုးထားလိုက်ကာ ပြောလိုက်သည်။ "ရပါတယ် ငါ အခုပြန်တော့မယ်။ တစ်ခုခုဖြစ်သွားမှာစိုးလို့"
မောက်သခင်မကြီးသည် လက်တလောတွင် အချမ်းသာဆုံး ယောက်ျားတစ်ယောက်၏ ဆွေမျိုး ဖြစ်လာဖို့ရန် အိပ်မက်မက်နေလေသည်။ ရှ၀မ်ယွဲ့နှင့် သူမ၏သမီးက အိမ်တွင် မရှိသော်ငြားလည်း သူမက ဒါကို သံသယမဖြစ်မိဘဲ သူတို့မိသားစုက ရှ၀မ်ယွဲ့၏မိဘအိမ်တွင် ပုန်းခိုနေကြသည်ဟုသာ စဉ်းစားသည်။
နောက်ဆုံး သူမသည် အတွေ့အကြုံရှိခဲ့သည်ပင်။ ရှမိသားစုသည် ဟိုတုန်းက အလွန်မှတောင့်တင်းသည့် မိသားစုတစ်ခုဖြစ်သည်။ နောက်ဆုံးတွင်တော့ သူမက ရှ၀မ်ယွဲ့ကို လက်ထပ်နိုင်ခဲ့သည်ပင်။
ယခုတော့ ဟောက်မိသားစုသည် အင်အားကြီးမားပြီး သြဇာလည်းသက်ရောက်သည်။ မောက်ဟွေ့မေက ဆန္ဒမရှိလျှင်ပင် သူ့ကို လက်ထပ်ရလိမ့်မည်။ ဘုန်းကြီးက ထွက်ပြေးသွားနိုင်လျှင်ပင် ဘုရားကျောင်းကလည်း ထွက်ပြေးနိုင်ပါမည်တဲ့လား။
မောက်ကျစ်ရှန်း အလွန်မှသတိထားနေရသည့် အကြောင်းအရင်းကတော့ ဟောက်မိသားစုသည် လက်တစ်လောတွင် သခင်မကြီးထံသို့ မကြာခဏ အလည်အပတ်လာနေကြသည်။ အဘွားကြီးက မင်္ဂလာလက်ဖွဲ့များကို တိုးတိုးတိတ်တိတ် လက်ခံထားပြီးပြီဟု သူ သံသယဖြစ်မိသည်။ သူသည် အရင်ကလည်း တခြားသူများ၏ မင်္ဂလာပွဲများကို ဖုံးကွယ်ထားသည့် စိတ်ပျက်စရာကောင်းသည့်ကိစ္စများကို လုပ်ခဲ့သေးသည်။
"ဒါနဲ့ ဝမ်ယွဲ့ ငါတို့ ငါတို့ခြံကို တတိယအဒေါ်ကို ရောင်းဖို့စဉ်းစားထားတယ်"
ရှ၀မ်ယွဲ့သည် ဒီစကားကို ကြားလိုက်ချိန်တွင် သူမမှာ ချက်ချင်းဆိုသလို အသံထွက်ကာ ရယ်မောမိတော့သည်။ "ဒါလည်း စိတ်ကူးကောင်းတစ်ခုပဲ။ တတိယအဒေါ်ကိုသာ ရောင်းလိုက်။ ရှင် ဒါကိုရောင်းမယ်ဆိုလည်း ကျွန်မက ထောက်ခံတယ်။ ဈေးပေါလည်း ဘာမှမဖြစ်ဘူး။ မြန်မြန်သာ ရောင်းလိုက်။ ကျွန်မတို့တွေ ရှင့်ကို ဒီမှာ အသင့်စောင့်နေကြတယ်"
မောက်ဟွေ့ကျူးကလည်း ချက်ချင်းထခုန်လိုက်ပြီး ဖုန်းထဲသို့အော်ပြောလိုက်သည်။ "အဖေ အဖေ ကျေးဇူးပြုပြီး မြန်မြန်လာခဲ့ပါ။ သမီးအခု မူကြိုကျောင်းတောင် သွားနေပြီ"
မောက်ကျစ်ရှန်းသည် ဒီအသံကို ကြားလိုက်သည်တွင် ချက်ချင်းဝမ်းသာသွား၏။ "အဖေကလည်း သမီးတို့ကို လွမ်းပါတယ်။ ခဏလေးပဲစောင့်။ အဖေ သိပ်မကြာခင် ရောက်လာတော့မှာပါ"
ဖုန်းချပြီးသွားသည့်နောက်တွင် ရှ၀မ်ယွဲ့သည် မရယ်ဘဲ မနေနိုင်ချေ။ မောက်ဟွေ့လန်က ပြောလိုက်၏။
"အမေ ဘာတွေရယ်နေတာလဲ။ အမေ့ကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ"
ရှ၀မ်ယွဲ့က ပြောပြ၏။ "နင့်အဖေက ငါတို့ရဲ့အိမ်ကို နင်တို့ရဲ့တတိယအဘွားကို ရောင်းချင်နေတာတဲ့"
မောက်ဟွေ့လန်မှာ အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ရုတ်တရက် ၀ါးလုံးကွဲ အော်ရယ်တော့သည်။ "ဟား ဟား ဟား အဖေက တကယ် အကောင်းဆုံးလုပ်ခဲ့တာပဲ"
သူတို့က ထိုမျှလောက် ဝါးလုံးကွဲရယ်နေသည့်ပုံစံသည် ရှမြန်ကို လုံးဝသိချင်စိတ် ဖြစ်သွားစေတော့သည်။ "တတိယအဘွား ဟုတ်လား။ တတိယအဘွားနဲ့ ဘာပြောစရာရှိလို့လဲ"
မောက်ဟွေ့လန်က ပြုံးကာပြောလိုက်၏။ "ငါ သိတယ် ငါ သိတယ်။ ငါ နင့်ကို ပြောပြမယ်။ ငါတို့ရဲ့တတိယအဘွားကလေ အရမ်းအံ့ဩစရာကောင်းတယ်-"
မောက်သခင်ကြီးသည် သူ့ညီအစ်ကိုထဲတွင် ဒုတိယမြောက်ဖြစ်သည်။ သူ့တွင် အစ်ကိုတစ်ယောက်နှင့် ညီလေးတစ်ယောက်ရှိသည်။ ဒီတတိယအဘွားမှာ မောက်အဘွားကြီး၏ တတိယ ယောက်မဖြစ်သည်။
မောက်မိသားစုသည် မိန်းကလေးများထက် ယောက်ျားလေးများကို မျက်နှာသာပေးတတ်သည့် ဓလေ့ထုံးစံရှိခဲ့သည်။ မိသားစု၏သခင်မကြီးသည် ချွေးမဖြစ်သော်ငြားလည်း သူက သား၃ယောက် ဆက်တိုက်မွေးခဲ့သဖြင့် သူမ၏ယောက္ခမအတွက် အလွန်မှ အားကိုးစရာဖြစ်ခဲ့သည်။
သူသည် အမြဲဆိုသလို ချိုသာသည့် အပေါ်ယံရုပ်သွင်ရှိပြီး အတွင်းစိတ်နှလုံးကတော့ မည်းညစ်လှသည်။ သူမက သူမ၏အင်အားကို အမြဲတမ်း အခွင့်ကောင်းယူကာ အကြီးဆုံးနှင့် တတိယမိသားစုများကို အနိုင်ကျင့်တတ်သည်။ သူမ ကြာခဏလုပ်သည့်အရာမှာ မိသားစု၂ခုက မိန်းကလေးများကို ပတ်ပြီး အမိန့်ပေးခြင်းပင်။
အကြီးဆုံးမိသားစုကတော့ အဆင်ပြေသည်။ သူတို့တွင် သမီးတစ်ယောက်ရှိသော်ငြားလည်း သားတစ်ယောက်ကလည်း ရှိသေးသည်။ အကြီးဆုံးချွေးမသည် အကြီးဆုံးယောက်မလည်းဖြစ်ကာ နောက်ခံတောင့်တင်းသည်။ သခင်မကြီးမောက်က တရားလွန်လာလျှင် အကြီးဆုံးချွေးမက သူမကို ချက်ချင်းဆုံးမနိုင်သည်။
သို့သော်ငြားလည်း တတိယအဘွားကတော့ မတူပေ။ သူမမွေးဖွားခဲ့သည့် ကလေး၂ယောက်စလုံးမှာ သမီးများဖြစ်နေပြီး ယောက္ခမဖြစ်သူကလည်း သူတို့ကို လုံးဝသဘောမကျချေ။
ထို့ကြောင့် သခင်မကြီးမောက်က မိန်းကလေး၂ယောက်ကို အမိန့်ပေးခိုင်းစေရန်အတွက် သူမ သို့မဟုတ် သူမ၏သား နေမကောင်းဖြစ်သည်ဟု ဆင်ခြေပေးကာ အမြဲတမ်းခိုင်းစားတတ်သည်။
တတိယအဘွားသည် သမီး၂ယောက်သာ ရှိသည့်အတွက် သူမ၏ယောက္ခမရှေ့တွင် အမြဲတမ်း အရှက်ကွဲခဲ့ရသည်။ သို့သော်ငြားလည်း ရန်ဖြစ်ဖို့ ငြင်းခုံဖို့အကြောင်းရင်းကလည်း မရှိနေချေ။
နောက်ဆုံး သခင်မကြီးမောက်ကလည်း အလွန်မှ ယဉ်ယဉ်ကျေးကျေး ပြောတတ်လာသည်။
"မိန်းကလေးတွေက ပိုပြီးတော့လေ့လာသင့်တာပေါ့။ အခုဆိုရင် တခြားသူတွေက အအေးဒဏ်ကို ကြောက်ပြီး အဝတ်တွေကို မလျော်ကြဘူး။ ဒါပေမဲ့ နင်တို့တွေကတော့ အဝတ်တွေ သွားလျှော်နေကြတယ်။ လူတွေက နင်တို့ကို တွေ့ကြရင် နင်တို့မိန်းကလေးတွေက အရမ်းအလုပ်ကြိုးစားပြီး ဝီရိယရှိတယ်လို့ ပြောကြလိမ့်မယ်။ နင်တို့တွေက နောက်ဆိုရင် မိသားစုကောင်းတစ်ခုကို သေချာပေါက် ရှာတွေ့လိမ့်မယ်။ နင်တို့မှာ သားမရှိဘူးဆိုရင်တောင် အားကိုးစရာ တစ်စုံတစ်ယောက်တော့ ရှိလာမှာပေါ့" စသဖြင့် ပြောတတ်သည်။
တတိယအဘွားသည် သူမ၏လူကြီးများရှေ့တွင် သခင်မကြီးမောက်ကို မနိုင်သဖြင့် သူမက နောက်ကွယ်တွင်သာ ဉာဏ်နီဉာဏ်နက်များကို သုံးခဲ့ရသည်။
မောက်ညီအမတို့ သိကြသည့် အထူးခြားဆုံးကိစ္စ၃ခုမှာ-
တစ်ခါက သခင်မကြီးမောက်သည် ဓမ္မတာလာနေသည့် မိန်းမငယ်လေးတစ်ယောက်ကို နွေနေပူပူထဲတွင် လယ်ကွင်းထဲသို့ အတင်းဆင်းခိုင်းလေသည်။ ကလေးမလေးမှာ သတိလစ်သွားတော့သည်။
နောက်တစ်နေ့တွင် မောက်သခင်မကြီးသည် စီရင်စုအပြင်ဘက်က ဝေးကွာလှသည့် မြေရိုင်းထဲက သစ်ပင်တစ်ပင်တွင် ချည်နှောင်ခံရပြီး နေလှမ်းခံလိုက်ရသည်။ ဒါက သူမတတိယအဘွား၏ လုပ်ရပ်ဖြစ်သည်။
တတိယအဘွားကလည်း ရက်စက်သည့်သူတစ်ယောက်ပင်။ သူမသည် မောက်သခင်မကြီး၏ အင်္ကျီအားလုံးကို ဆွဲချွတ်ထားသဖြင့် အကူအညီတောင်းဖို့ရန်လည်း မအော်ရဲသလို တစ်စုံတစ်ယောက် လာသည့်အသံကြားလျှင်လည်း ပုန်းအောင်းနေရလေသည်။ သူမသည် တစ်ညနေခင်းလုံး နေလှမ်းခံထားရသဖြင့် အပူရှပ်ကာ သတိလစ်သွားသည့်အထိပင်။
တတိယအဘွားက စိတ်ပြေလျော့သွားသည့်အချိန်မှသာ သူမကို လွှတ်ပေးလေသည်။ သို့သော်ငြားလည်း မောက်သခင်မကြီးက သူမ၏မကျေနပ်ချက်များ ရှိနေသော်လည်း ဘာတစ်ခုမှ မပြောနိုင်ချေ။ နောက်ဆုံး ထိုနေရာက အလွန်မှ ဝေးကွာလှသော်လည်း ထိုနေရာတွင် လူများရှိနေသေးသည်။ သူမက ပြန်ပေးဆွဲခံရပြီးနောက်တွင် အကူအညီ မတောင်းရသည့် အကြောင်းကို ရှင်းပြရခက်လှသည်။
သူမသည် ကိုယ်လုံးတီး အင်္ကျီချွတ်ခံရပြီး တစ်ညနေခင်းလုံး အပြင်ဘက်တွင် နေပူလှမ်းခံထားရသည်ကို သူမယောက္ခမဖြစ်သူ သိသွားခဲ့လျှင် သူမအတွက် ဆုံးဖြတ်ချက် ချပေးဖို့ရန်မပြောနှင့် သူမ၏ယုတ်မာမှုကို စိတ်ထဲမထည့်လျှင်တောင် သူမကို ကွာရှင်းခိုင်းလိမ့်မည်။
ထို့နောက်တွင် မောက်သခင်မကြီးက ဒါကိုယုံကြည်ဖို့ရန် ငြင်းဆန်ခဲ့သေးသည်။ နောက်တစ်ဖန် သူမ၏အကြီးအကဲများကို နားချကာ တတိယအဘွား၏ သမီးကို နွေရာသီနွေခေါင်ခေါင်တွင် ဝက်စာများ သွားဖြတ်ခိုင်းပြန်သည်။
နောက်တစ်နေ့တွင် မောက်သခင်မကြီးသည် သူမတတိယအဘွား၏ ဝက်မစင်တွင်းထဲသို့ တွန်းချခံခဲ့ရသည်။ အလွန်မှနံစော်လှသဖြင့် သူ၏သားအရင်းများပင် ရက်ပေါင်းများစွာ ဘယ်သူမှအနားမကပ်ချင်ကြပေ။
ဒီကာလအတွင်းတွင် ထိပ်တိုက်တွေ့ဆုံမှုများ အများအပြား ဖြစ်ခဲ့သည်။ ထိုအထဲတွင် အပြင်းထန်ဆုံးကိစ္စမှာ မောက်သခင်မကြီးက သူမ၏ယောက္ခမကို တတိယအဘွား၏ ၁၅နှစ်သမီးအား စီရင်စုစက္ကူစက်ရုံ ဒါရိုက်တာ၏ တုံးအသည့်သားနှင့် လက်ထပ်ခိုင်းပြီး မောက်မိသားစု၏သားအတွက် အလုပ်တစ်ခုဖြင့် အလဲအလှယ်လုပ်ပေးဖို့ရန် တိုက်တွန်းချိန်ကဖြစ်သည်။
တတိယအဘွားသည် ထိုအကြောင်းကို သိရချိန်တွင် တံစဥ်းတစ်ချောင်းဖြင့် မောက်သခင်မကြီး၏ အခန်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကာ သိမ်းကြုံးပြီး ခုတ်ထည့်လိုက်သဖြင့် နောက်ဆုံးတော့ သူမ၏ရှည်လျားသည့် ဆံပင်ကြီးကို ခုတ်ဖြတ်မိသွားတော့သည်။
ထိုကိစ္စက သူမ၏ယောက္ခမကို အမှန်တကယ် ကြောက်လန့်သွားစေတော့သည်။ မောက်သခင်မကြီးမှာ တတိယအဘွားကို ထပ်ပြီးတော့ ရန်မရှာရဲတော့ချေ။ တတိယအဘွားသည် မောက်သခင်မကြီးနှင့် ပတ်သက်လာလျှင် ဘယ်တော့မှ ကျိုးကြောင်းပြသည်မရှိဘဲ အမြဲတမ်းရက်စက်သည့် နည်းလမ်းကိုသာ သုံးခဲ့သည်။
ယောက္ခမကြီး ဆုံးပါးသွားပြီးနောက် မိသားစုအိမ် ခွဲပြီးသည်တွင် မောက်သခင်မကြီးသည် သူတို့နှင့် တမင်သက်သက် ခပ်ကင်းကင်းနေခဲ့သည်။ သို့သော်ငြားလည်း တတိယအဘွား၏မိသားစုသည် ပိုင်ဆိုင်မှုခွဲဝေချိန်တွင် သူတို့သည် ဆုံးရှုံးမှုအများအပြားကို ခံစားခဲ့ရသေးကာ အိမ်ကလည်း သူတို့အတွက် ဘယ်တုန်းကမှ လုံလောက်အောင် ကြီးခဲ့ခြင်းမရှိချေ။
အိမ်ကို တခြားသူများကို ရောင်းမည်ဆိုပါကလည်း ရောင်းချဖို့ရန် ခက်ခဲလေသည်။ နောက်ဆုံး မည်သူကမှ ဆိုးသွမ်းသည့်အိမ်နီးချင်းကို မလိုလားကြပေ။ သို့သော် ဒီအိမ်ကို တတိယဆီသို့ ရောင်းလိုက်မယ်ဆိုလျှင်တော့ ကြောက်ရမည့်လူမှာ မောက်သခင်မကြီး ဖြစ်သည့်အတွက် ဘာမှစိုးရိမ်စရာ မလိုတော့ချေ။
မောက်ဟွေ့မေက သူမ၏ပါးစပ်လေးကိုအုပ်ကာ ခပ်တိုးတိုးလေး ရယ်မောလိုက်သည်။ "ဒါက ခဲတစ်လုံးနဲ့ ငှက်၂ကောင်ကို သတ်လိုက်တာ မဟုတ်လား"
ဒါသည် မောက်သခင်မကြီးကို ဖယ်ရှားနိုင်သည့်အပြင် သူမကိုလည်း ဒေါသဖြစ်အောင်လုပ်နိုင်သည်။
မည်သို့ဆိုစေ ဒုတိယဦးလေးက ယန်မြို့သို့ မကြာမီ ရောက်လာမည့်ကိစ္စနှင့် ပတ်သက်ပြီး အားလုံးက အလွန်မှ ဝမ်းသာပျော်ရွှင်ကြသည်။
နောက်တစ်နေ့ ဖုန်းခေါ်ဆိုမှုအပြီးတွင် သူတို့သည် စာတိုက်မှ ကုန်ပစ္စည်းပေးပို့သည့် စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီး ဘူတာတွင် ပစ္စည်းများကို သိမ်းဆည်းထားပေးမည့်ရက်က ၂ရက်တာကာလဖြစ်သည်ဟု ပြောပြသည်။
ရှ၀မ်ယွဲ့က ဆိုင်ဖွင့်ရမည်။ ထို့ကြောင့် ရှောင်ဖုန်းနှင့် တခြားကလေးများကို မူကြိုသို့ပိုပြီးနောက်တွင် ရှမြန်နှင့် မောက်ဟွေ့မေ၊ မောက်ဟွေ့လန်တို့ ညီအစ်မ၃ယောက်က ပစ္စည်းများကို သွားရွေးရန်အတွက် အတူတူထွက်လာခဲ့ကြသည်။
စုစုပေါင်းအိတ်အကြီး ၆အိတ်ပါရှိပြီး ဒါကတော်တော်လေးကို ကြီးကျယ်လှသည်။
သူတို့သည် သူတို့၏အိတ်များကို သယ်ပြန်ဖို့ရန်အတွက် သုံးဘီးတစ်စီး ငှားခဲ့ရသည်။
လူအရေအတွက်ကို ထည့်သွင်းစဉ်းစားပေးပြီး မောက်ကျစ်ရှန်းက အိပ်ရာခင်း၆စုံကို ပို့လိုက်သည်။ ညီအစ်မ၃ယောက်မှာ အခန်းတစ်ခန်းစီတွင် အိပ်ရာများကို ခင်းပေးဖို့ရန်အတွက် တစ်နေ့လုံးနီးပါး အလုပ်လုပ်ခဲ့ရသည်။
အရင်က တိုင်ပင်ထားသည့်အတိုင်းပင် ရှမြန်နှင့် ရှောင်ဖုန်းတို့က ပင်မအဆောင် အရှေ့ဘက်ခန်းတွင် နေကြပြီး ရှ၀မ်ယွဲ့နှင့် သူ့ယောက်ျားကတော့ မောက်ဟွေ့ကျူးနှင့်အတူ အနောက်ဘက်ခန်းတွင်နေကာ မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့ တစ်ယောက်ချင်းစီက အရှေ့ဘက် အရံခန်းတစ်ခန်းစီတွင် နေကြသည်။
လူကြီးများက ဝမ်းသာပျော်ရွှင်ရသည်သာမက ကောင်ကလေးရှောင်ဖုန်းကလည်း မူကြိုကျောင်းမှ ပြန်လာသည်နှင့်ချက်ချင်း ဒီနေရာတွင် ပတ်ပြေးနေတော့သည်။ သူသည် ခုတင်ပေါ်က အိပ်ရာခင်းကို မြင်လိုက်ချိန်တွင် ပြောလိုက်၏။ "အန်တီလေး သားတို့တွေ ဒီနေ့ည ဒီမှာအိပ်ကြမှာလား"
ရှမြန်က သူ၏စိတ်မရှည်လက်မရှည်ဖြစ်နေသည့် ရုပ်လေးကို ကြည့်ကာ ပြောလိုက်၏။ "ဒီနေ့ကစပြီး ငါတို့တွေ အိမ်မှာနေကြမယ်"
ရှောင်ဖုန်းက စိတ်လှုပ်ရှားကာ လက်ခုပ်တီးပြလိုက်ပြီး ချန်းချန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကိုကိုချန်းချန်း သားတို့တွေ အိမ်ပြောင်းတော့မှာ"
နဥ်ရှောက်ယွင်နှင့် ဒေါ်ဒေါ်ဝေတို့ကလည်း သူတို့အတွက် အလွန်မှဝမ်းသာနေကြပြီး စိတ်မရှည်လက်မရှည် ဖြစ်နေမှုကို နားလည်လေသည်။
ဒေါ်ဒေါ်ဝေက အကြံညဏ်တချို့ ပေးလိုက်၏။ "တကယ်လို့ နင်တို့တွေမှာ လိုက်ကာတွေ မရှိသေးဘူးဆိုရင် စောင်တစ်ထည်ကို အရင်ဆုံး သုံးထားလိုက်ပေါ့။ ပစ္စည်းတွေကိုဝယ်ဖို့ အလျင်မလိုကြနဲ့။ နောက်တစ်ပတ်ကျရင် လုံချန်ဘုရားကျောင်းမှာ ၃ရက်ကျင်းပမဲ့ စျေးပွဲတော်ကြီးတစ်ခု ရှိတယ်။ စျေးပွဲတော်မှာ ပစ္စည်းတွေကို ဝယ်ရင် အများကြီးပိုပြီးတော့ တန်တယ်"
မောက်ဟွေ့ကျူးသည် စျေးအကြောင်း ကြားလိုက်ချိန်တွင် သူမ၏မျက်လုံးများက လင်းလက်သွား၏။
"ဒေါ်ဒေါ်ဝေ ယန်မြို့မှာ စျေးတစ်ခုလည်းရှိတာလား"
ဒေါ်ဒေါ်ဝေက ပြုံးကာပြောလိုက်၏။ "ဒါပေါ့ ရှိတာပေါ့။ ဒါက သေးသေးလေး မဟုတ်ဘူးနော်။ နင်တို့တွေ နေ့တိုင်းသွားမယ်ဆိုရင်တောင် ၃ရက်သွားမယ်ဆိုရင်တောင် ပစ္စည်းတွေက ဝယ်လို့ပြီးမှာ မဟုတ်ဘူး"
မောက်ဟွေ့လန်က ပြောလိုက်၏။ "ဒါဆိုဝမ်းသာစရာပဲ။ ငါတို့တွေ စျေးထဲက ပစ္စည်းတစ်ဝက်လောက်ကို ယူပြန်လာရမယ်လို့ ထင်တယ်"
မောက်ဟွေ့မေကတော့ ဝယ်ယူရမည့်ပစ္စည်းများကို စတင်စဉ်းစားလိုက်ကာ စာရင်းတစ်ခုကို စတင်ပြင်ဆင်တော့သည်။
မည်သည့်ခေတ်ကာလတွင်ဖြစ်စေ၊ အသက်အရွယ် မည်မျှပင်ဖြစ်စေ၊ အမျိုးသမီးများအတွက် ဈေးဝယ်ထွက်ခြင်းက အကြီးမားဆုံး စိတ်ချမ်းသာမှုတစ်ခု ဖြစ်သည်မှာ မြင်နိုင်ပေသည်။
နဥ်ရှောက်ယွင်က ပြောလိုက်၏။ "ညနေစာတော့ လာစားကြပါဦး။ စျေးပွဲတော်မှာ အားလုံး ဝယ်ခြမ်းပြီးသွားမှပဲ တရားဝင် ပြောင်းရွှေ့ကြပေါ့"
ထိုနေ့ညတွင် ခြေလက်ဆေးကြောပြီးသည့်နောက် သူတို့သည် သူတို့၏ ကိုယ်ပိုင်ခြံလေးထဲသို့ ပြန်ကာအိပ်ကြသည်။
ရှမိသားစုက သားအမိများသည် အရင်က အခန်းငယ်လေးတစ်ခုတည်းတွင် တိုးဝှေ့ကာအိပ်ခဲ့ရသည်။ သို့သော်ငြားလည်း အခုတော့ သူတို့သည်အလွန်မှ စိတ်အေးလက်အေး ဖြစ်နေကာ စကားနည်းလှသည့် မောက်ဟွေ့မေကလည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိလာသည်။
မောက်ဟွေ့လန်က တမ်းတကာ ညည်းညူလိုက်၏။ "ဇာတိမြို့မှာတုန်းကဆိုရင် ကိုယ်ပိုင်အိမ်လေးတောင် မရှိခဲ့ဘူး"
ရှ၀မ်ယွဲ့က အိမ်တစ်လုံးဝယ်မည့်အကြောင်းကို စဉ်းစားထားခဲ့ပြီဖြစ်သည်။
"ဒီလိုခြံဝင်းကလည်း တော်တော်လေး ကောင်းတယ်လို့ ထင်တယ်။ ငါတို့တွေ နောက်ပိုင်းကျရင် ဒီလိုတစ်အိမ်လောက် ဝယ်ဖို့ ကြိုးစားရမယ်။ ငါတို့တွေက ခြံဝင်း၂ခုပါတဲ့ အိမ်ကိုမတတ်နိုင်ပေမဲ့ ခြံ၀င်းတစ်ခုတည်းနဲ့ အိမ်ဆိုရင်လည်း အဆင်ပြေပါတယ်"
မောက်ဟွေ့လန်က ပြောလိုက်၏။ "ခြံဝင်းတစ်ခုသာ ဝယ်လိုက်ပါ။ တိုက်ခန်းတွေရဲ့စျေးက အခု အရမ်းမြင့်နေတယ်လို့ အိမ်နီးနားချင်းတွေ ပြောတာကြားခဲ့တယ်။ စျေးက ခေါင်ခိုက်နေတာတဲ့။ သမီးတို့တွေ ဒါကိုတော့ သေချာပေါက် တတ်နိုင်မှာမဟုတ်ဘူး"
ဒီနေ့ခေတ်တွင် လူအများစုသည် တိုက်ခန်းများတွင် နေချင်ကြသည်။ သို့သော်ငြားလည်း တောင်ဘက် ကမ်းရိုးတန်းဒေသတွင် အိမ်ခြံမြေစျေးကစားခြင်း များပြားသည့်အတွက် မြောက်ပိုင်းကလည်း သက်ရောက်မှု ဖြစ်လာကာ စျေးက ခေါင်ခိုက်သွားသည်။
သို့သော်ငြားလည်း အိမ်ခြံမြေစျေးများကတော့ မကြာမီ ထိုးကျလိမ့်မည်။ ရှမြန်သည် ဒီကိစ္စကိုဂရုမစိုက်သော်ငြားလည်း တောင်ပိုင်းက အိမ်ရာမြေစျေးကစားခြင်းက လောဘကြီးသည့် လူအများစုကို ချွတ်ခြုံကျစေသည်ကိုတော့ သူမ သိထားသေးသည်။ နိုင်ငံတဝှမ်း အိမ်ခြံမြေစျေးက ထိုကတည်းက အနိမ့်ဆုံးအထိ ကျသွားခဲ့ဟန်တူသည်။
ဒီအတွက်ကြောင့်ပင် ရှန်ဟိုင်းစျေးကွက်သည် အိမ်တစ်လုံးဝယ်ယူပြီး အခြေချမည့်ပြဿနာများ ဖြစ်လာခဲ့သည်။ ဒါကလည်း ယန်မြို့အတွက် တစ်ပုံစံတည်း ဖြစ်လိမ့်မည်ဟု ရှမြန် ထင်လေသည်။
ရလဒ်အနေဖြင့် သူမသည် ထိုနေ့က ရုံရှင်းကို မေးခဲ့သေးသည်။ သူမက ထိုနေရာတွင် အခြေမချဘဲ ယန်မြို့တွင် အိမ်တစ်လုံးဝယ်ချင်သည်ဆိုလျှင် ကံအားလျော်စွာ တခြားနည်းလမ်းများ ရှိသေးသည်ဟု ဆိုသည်။
ယန်မြို့တွင် အခြေချနေထိုင်ဖို့ရန် လက်ရှိတွင် နည်းလမ်း၃ခုရှိသည်။ ပထမတစ်ခုမှာ တစ်စုံတစ်ယောက်ကို ရှာဖွေပြီး သူတို့၏ အဆက်အသွယ်များကို အသုံးချဖို့ရန်ဖြစ်ကာ ဒါကို ယွမ်၂သောင်း၃သောင်းနှင့် ဖြေရှင်းနိုင်သည်။ ဒုတိယတစ်ချက်မှာ ယန်မြို့၏ လူထုအခြေပြု အဖွဲ့အစည်းများတွင် ဝင်ရောက်ကာ အဖွဲ့အစည်းက အိမ်ထောင်စုစာရင်းပြဿနာများကို ဖြေရှင်းပေးလိမ့်မည်။ တတိယအချက်ကတော့ အိမ်ထောင်စုစာရင်းတစ်ခုကို ရယူပေးနိုင်သည့် ယန်မြို့တွင် ယွမ်၃သောင်းထက် ပိုကာရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။
ဒီရင်းနှီးမြှုပ်နှံမှုတွင် အိမ်ရာတစ်လုံး ဝယ်ယူခြင်းပါဝင်သည်။
ရှမြန်က ချက်ချင်းဆိုသလို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ တောင်ပိုင်းက အိမ်ခြံမြေစျေးကွက် ပြိုလဲသွားချိန်တွင် နိုင်ငံတစ်ဝှမ်း အိမ်ခြံမြေစျေးနှုန်းများကလည်း အောက်ဆုံးအထိ ကျဆင်းသွားလိမ့်မည်။ ထိုအချိန်တွင် အိမ်တစ်လုံးကို ဝယ်ယူဖို့ရန် ယွမ်၃သောင်း ရင်းနှီးမြှုပ်နှံခြင်းက လုံးဝပြဿနာ မဟုတ်တော့ပေ။
ရှမြန်သည် သူမ၏ငွေစုစာအုပ်ထဲတွင် ကျန်နေသည့် တစ်သောင်း မပြည့်သေးသည့် ငွေပမာဏကြောင့် စိတ်မကောင်း ဖြစ်မိသော်ငြားလည်း ညတွင်းချင်း ချမ်းသာလာတော့မည့် အရိပ်အယောင်ကို မြင်လိုက်ရ၏။
ဒုတိယအဒေါ်၏ မိသားစုအတွက်တော့ အစီစဉ်အရဆိုလျှင် ၄၊ ၅နှစ်အတွင်း မူဝါဒမပြောင်းလဲခင် အိမ်ထောင်စုစာရင်းတစ်ခု ရယူထားလျှင် ပြဿနာမဖြစ်လောက်ဟု ရှမြန်က ထင်မိသည်။
သို့သော်ငြားလည်း ခြံဝင်းတစ်ခု ဝယ်ယူမည့်ကိစ္စကိုတော့ အရင်ဆုံး ဖြေရှင်းနိုင်ခဲ့သည်။ ဟော်မိသားစုတွင် ဘယ်ညာကပ်လျက် ခြံဝင်း၂ခုရှိသည် မဟုတ်ပါလား။ ၂ခုစလုံးက ဝင်ပေါက်တစ်ခုစီ ရှိကြကာ တစ်ခုကိုတော့ အချိန်တန်လာလျှင် ဒုတိယအဒေါ်မိသားစုအတွက် သေချာပေါက် နေရာချထားပေးလို့ရသည်။
သို့သော် ဒီကိစ္စအားလုံးက နောက်ပိုင်းကိစ္စသာဖြစ်သည်။
ဒီအခိုက်အတန့်တွင် ရှမြန်သည် ခြေတိုလေးများဖြင့် အိပ်ရာပေါ်တွင် ဝမ်းသာအားရပတ်ပြေးနေသည့် ရှောင်ဖုန်းကို စောင့်ကြည့်နေမိ၏။
တစ်ရေးအိပ်ဖို့ရန် သူ့ကို ချီမပေးစရာ မလိုတော့ချေ။ သူက စက္ကန့်ပိုင်းအတွင်းတွင် ခုတင်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ခြေလက်များကို ဆန့်ကာလှဲချလိုက်သည်။
ခဏအကြာတွင် မလုံလောက်သေးသည်ဟုခံစားရသဖြင့် သူကအိပ်ရာ၏ တစ်ဖက်တစ်ချက်စီသို့ စတင်လူးလိမ့်ကာ တိရစ္ဆာန်ငယ်လေးတစ်ကောင်က သူ၏နယ်မြေကို ကြေညာနေသည့်နှယ် လူးလှိမ့်ပြီး တခစ်ခစ်ရယ်မောနေ၏။
ရှမြန်က အပြေးဝင်သွားလိုက်ကာ သူ့ကို ပွေ့ဖက်လိုက်ပြီး အတူတူလှိမ့်နေလိုက်သည်။ အနောက်ဘက်အခန်းမှ နေ၍ ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့ကျူးတို့၏ ရယ်သံကိုလည်း ကြားနေရ၏။
...