← Chapters

အပိုင်း(၈၃)

Vol. 6 Ch. 83

အပိုင်း(၈၃)

Vol. 6 Ch. 83

နဥ်ချွေ့ဂေဟာ သီးသန့်အခန်းထဲတွင်

ကျိုးချန်ချန်သည် သူမ၏မျက်လုံးထဲတွင် မျက်ရည်များဖြင့် သခင်မကြီးဟော်၏ ရှေ့တွင် ဒူးထောက်ထားကာ သူမ၏ပေါင်ကို ဖက်ထားပြီး ရှိုက်ငိုနေလေသည်။

"အမေ တကယ်ပဲ၊ ကျွန်မရဲ့အမေလားဟင်"

အဘွားကြီးကလဲ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ကျိုးချန်ချန်၏ ခေါင်းလေးကို ထိကိုင်ကာ ငိုယိုနေသည်။

"တောင်းပန်ပါတယ် ချန်ချန်ရယ်၊ အမေ တကယ်မတတ်နိုင်လို့ပါ"

"အဲ့ဒီအချိန်တုန်းက အမေ နင့်ကို အစားမထိုးခဲ့ဘူးဆိုရင် ငါတို့တွေ ငါတို့ကျန်တဲ့ဘဝတစ်လျှောက်လုံး စီရင်စုမှာပဲ ပိတ်မိနေလိမ့်မယ်"

"ဒါပေမဲ့ အခုတော့ ငါ ဟော်ရွှယ်ဝမ်ကို ထောက်ပံ့ပေးနေရရင်တောင် ငါ နင့်ကို အစားကောင်း၊ အသောက်ကောင်း ဝတ်ကောင်းစားလှတွေနဲ့ နင့်ကို ထောက်ပံ့နိုင်သေးတယ်လေ"

"သမီး သိပါတယ်၊ သမီး သိပါတယ်"

ကျိုးချန်ချန်က ကြီးစွာသော ဝမ်းသာပျော်ရွှင်မှုထဲတွင် နစ်မြောနေကာ နာကျည်းစိတ် လုံးဝမရှိချေ။

"သမီး အမေ့ကို အပြစ်မပြောပါဘူး။ သမီးအမေ့ဘေးမှာ မကြီးပြင်းခဲ့ရပေမဲ့လည်း အမေ သမီးအပေါ် ဘယ်လောက်ထိ ကောင်းတယ်ဆိုတာ အမြဲတမ်းခံစားမိပါတယ်"

အဘွားကြီးက အလွန်မှကျေနပ်သွားလေသည်။

"ငါတို့တွေက သားအမိတွေပဲ၊ ငါက လောကကြီးထဲမှာရှိတဲ့ အကောင်းဆုံးအရာတွေကို နင့်ကို ပေးချင်တာပေါ့၊ ဒါပေမဲ့ ငါ နင့်ကို တွေ့တဲ့အချိန်တိုင်း ဘယ်လောက်ထိ ဝမ်းနည်းရတယ်ဆိုတာ နင် မသိပါဘူး"

ကျိုးချန်ချန်က သူမ၏မျက်ရည်များကို သုတ်ပစ်လိုက်ပြီး အဘွားကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။

"ဦးလေးဟော်... ဟို.. မဟုတ်ဘူး.. အဖေက..."

ဦးလေးဟော်သည် သူမရဲ့အဖေအရင်း အမှန်တကယ် ဖြစ်နေသည်ကို စဥ်းစားမိချိန်တွင် ကျိုးချန်ချန်သည် သူမ၏သွေးများ ဆူပွက်လာသလို ခံစားမိလိုက်၏။

အဘွားကြီးက အထိတ်တလန့် ဖြစ်သွားပြီး

"နင် အခုလောလောဆယ်တော့ ဒီကိစ္စကို အသိအမှတ်ပြုလို့ မရသေးဘူး"

ကျိုးချန်ချန်က မှင်တက်အံ့သြသွားသည်။ အဘွားကြီးက တည်ငြိမ်စွာဖြင့် အလေးထား ပြောကြားလေသည်။

"လုံးဝကို မဖြစ်သေးဘူး။ အခုလောလောဆယ်တော့ လုံးဝမဖြစ်တာ နင် နားလည်ရဲ့လား"

"နဥ်ရှောက်ပိုင်က သူ အဲ့ဒီခြံဝင်းကို ရသွားတဲ့အချိန်တုန်းက နင်က ငါ့သမီးဆိုတဲ့ လျှို့ဝှက်ချက်ကို ကြော်ငြာမယ်လို့ သူ ဘာဖြစ်လို့ လောင်းရဲသလဲဆိုတာ သိလား"

အဘွားကြီးက မျက်လုံးထဲတွင် အမုန်းတရားအပြည့်ဖြင့် ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲဆိုတော့ နင့်အဖေမှာ အခုသားအရင်းတစ်ယောက် ရှိနေပြီလေ"

"တကယ်လို့ နင့်အဖေသာ ဟော်ရွှယ်ဝမ်က သူ့သားအရင်း မဟုတ်ဘူးဆိုတာ သိသွားမယ်ဆိုရင် သူက မိသားစုစီးပွားရေးလုပ်ငန်းကို သူရဲ့သားအရင်းကို လွှဲပြောင်းပေးဖို့ ဘာပြဿနာမှ ရှိလာတော့မှာ မဟုတ်ဘူးလေ"

"ဒီနဥ်ရှောက်ပိုင်က ဒီလောက်ကိုယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ"

အဘွားကြီးဟော်က ဒေါသတကြီးပြောလိုက်သည်။

"သူသာ လောင်းကြေးကို ရှုံးသွားမယ်ဆိုရင် သူက ငါ့တို့တွေကို ငါတို့ရဲ့ခြံဝင်းကို ပြန်ပေးလိမ့်မယ်။ ဒါပေမဲ့ သူသာ အနိုင်ရသွားမယ်ဆိုရင် ငါတို့သားအမိ နှစ်ယောက်လုံး ဇာတ်သိမ်းသွားလိမ့်မယ်"

အကြိမ်တိုင်းဆိုသလို အားလုံးကို ပြဿနာရှာခဲ့သူမှာ ကျိုးချန်ချန်ဖြစ်နေသည်ကိုတော့ သူက လုံးဝ မေ့လျော့ခဲ့လေသည်။

ကျိုးချန်ချန်က ထိုအချိန်က နဥ်ရှောက်ပိုင်၏စကားများကို စဥ်းစားဖို့ရန် အချိန်မရခဲ့ချေ။ သူမ၏ အာရုံက ဟော်ဖိန်းရိ၏ တရားမဝင်သားဆီမှာ ရောက်နေသည်။ ခဏအကြာတွင် သူမ၏မျက်လုံးများက ပြူးကျယ်သွားပြီး ပြောလိုက်၏။

"အဲ့ဒီလက်ထောက်ဟော်ပေါ့ ဟုတ်လား"

"အဖေက သူ့ကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အရမ်းကို တန်ဖိုးထားနေတာလည်း မဆန်းတော့ပါဘူး"

ကျိုးချန်ချန်သည် အသေးစိတ်ကို မှတ်မိနေသေးသည်။

"အဲ့ဒီအချိန်တုန်းက သမီးက အကိုရွှယ်ဝမ်ဖက်ကိုတောင် ရပ်တည်ပေးခဲ့ပြီး ကုမ္ပဏီထဲမှာ ဟော်ယွမ်လုံက အကိုရွှယ်ဝမ်ထက် ပိုပြီးတော့ ထက်မြက်တယ်လို့တောင် သူ့စကားလုံးထဲမှာ ထည့်ပြောလိုက်သေးလို့လေ"

"အဖေက ဒီလိုစကားမျိုးတောင် ပြောခဲ့သေးတယ်လေ။ အားလုံးက ဟော်မျိုးနွယ်တွေဆိုတော့ အားလုံးက အတူတူရှိဖို့ ရေစက်ပါလာကြတာပေါ့တဲ့"

ကျိုးချန်ချန်သည် ထိုအကြောင်းကို စဥ်းစားလေလေ ဒေါသပိုထွက်လာလေလေ ဖြစ်လာတော့သည်။

"ဟော်ယွမ်လုံရဲ့ ဆွေမျိုးတွေ တော်တော်များများက ကုမ္ပဏီထဲမှာ ရှိနေတယ်လေ။ သူတို့အားလုံးက ချန်ပေပရောဂျက်ထဲမှာ ပါကြတယ်လို့ သမီး ကြားထားတယ်"

အဘွားကြီးသည် သူမ၏လက်သီးများကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး ပြောလိုက်၏။

"ဒါကြောင့်မလို့ နင် ရွှယ်ဝမ်ကို လက်မထပ်ခင် သူ့ကို အသိပေးလို့မဖြစ်ဘူး သိတယ်မလား"

အဘွားကြီးသည် ကျိုးချန်ချန်က နောက်ထပ်ပြဿနာရှာမည်ကို အမှန်ပင် စိုးရိမ်နေခြင်းဖြစ်သဖြင့် သူမက အသေးစိတ် ရှင်းပြနေခြင်းဖြစ်လေသည်။

"အဲ့လိုမှ မဟုတ်ဘူးဆိုရင် နင် ငါတို့ဆီကို ပေါ်ပေါ်တင်တင် ပြန်လာနိုင်တယ်ဆိုရင်တောင် ဟော်ရွှယ်ဝမ်က ထွက်သွားရလိမ့်မယ်။ ဟော်ယွမ်လုံကလည်း ဟော်မိသားစုရဲ့ တရားဝင်အမွေဆက်ဆံသူ ဖြစ်လာလိမ့်မယ်"

ကျိုးချန်ချန်သည် ဒီကိစ္စကိုတော့ နားလည်သေးသည်။ နောက်ဆုံး သူမသည် ဟော်မိသားစုနှင့် နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့သူပင်။ သူမက ဟော်မိသားစု၏ သမီးအရင်းဖြစ်သည့်တိုင် ဟော်ဖိန်းရိက မိသားစုစီးပွားရေးလုပ်ငန်းကို သူမ ဆီလွှဲအပ်ပေးလိမ့်မှာ မဟုတ်ကြောင်း သိနေသည်။ ကုမ္ပဏီ၏ ငွေနှင့် ထိုနည်းပါးသည့် မုန့်ဖိုးများကြားက ကွာခြားချက်ကို ဟော်ရွှယ်ဝမ်နဲ့ အဘွားကြီးကို ကြည့်လျှင် သာမြင်နိုင်လေသည်။

အဘွားကြီး၏ လက်ချောင်းများထဲက ထွက်လာတဲ့ငွေများက သူမသုံးဖို့ရန် လုံလောက်သည်ဟု ထင်ထားခဲ့ဖူးသည်။ အခုတော့သူမက ထိုသို့မစဥ်းစားတော့ချေ။ အကြောင်းမှာ အဘွားကြီး၏မုန့်ဖိုးများကို ဟော်ရွှယ်ဝမ်က ပေးခဲ့ရခြင်းကြောင့်ပင်။

"ဒီလိုဆိုရင် သမီးတို့တွေက အကိုရွှယ်ဝမ်နဲ့ လက်ထပ်ပြီးတဲ့အထိ စောင့်ရမှာပေါ့"

ယခုအချိန်တွင် ဒီကိစ္စအကြောင်း ပြောလိုက်သည်တွင် ကျိုးချန်ချန်က ယုံကြည်မှုအပြည့် ဖြစ်သွားတော့သည်။ အခုတော့ သူမသည် ဟော်မိသားစု၏ တကယ့်သမီးအကြီးဖြစ်သည်။ ဟော်ရွှယ်ဝမ်က ဟော်မိသားစုထဲ အခြေခိုင်ချင်လျှင် သူက သူမကို အားကိုးရလိမ့်မည်။

ထိုအချိန်တွင်တော့ ဟော်ရွှယ်ဝမ် ရှာသမျှငွေအားလုံးက သူမအတွက် ဖြစ်လာမည်။

အရင်က နဥ်ရှောက်ယွမ် အေးအေးချမ်းချမ်းနဲ့ ချမ်းချမ်းသာသာ နေခဲ့သည့်ဘဝကို စဥ်းစားမိလိုက်ပြီး ကျိုးချန်ချန်သည် မျှော်လင့်ချက်အပြည့် ဖြစ်သွားလေသည်။

"တစ်ချက်က နင်တို့နှစ်ယောက် မြန်မြန်လက်ထပ်ပြီးတော့ သားတစ်ယောက် မြန်မြန်ယူဖို့ပဲ၊ နောက်တစ်ချက်က သိပ်မကြာခင် သူက ပိုပြီးကြီးမားတဲ့ ပရောဂျက်တစ်ခုကို ရထားဖို့လိုတယ်။ ငါတို့တွေက ဟော်ယွမ်လုံကသူ့အပေါ် အသားစီးရနေတာကို ခွင့်ပြုပေးထားလို့ မဖြစ်ဘူး။ အဲ့လိုမှမဟုတ်ရင် ငါတို့နှစ်ယောက်လုံး ဇာတ်သိမ်းသွားလိမ့်မယ်"

ကျိုးချန်ချန်၏ စိတ်များက ပြေးလွှားနေပြီး သူမက လက်ခုပ်တီးလိုက်လေသည်။

"သမီး ဒါရိုက်တာလော့ကို သွားရှာလိုက်မယ် အမေ၊ အမေ မသိလို့ပါ၊ တောင်ပိုင်းက အိမ်ခြံမြေစျေးကွက်က အခုဆိုရင် အရမ်းကို ပွက်လောရိုက်နေတာ၊ ယန်မြို့ကလည်း အဲ့လိုပဲ။ ပရောဂျက်တွေအများကြီးရှိတယ်"

"သမီးအဖေဆီကနေ ကြားထားတာရှိတယ်။ ချန်ပေပရောဂျက်ကို နဥ်မိသားစုနဲ့ လက်တွဲလုပ်ရတဲ့ အကြောင်းအရင်းက နောက်ထပ် ပိုပြီးကြီးမားတဲ့ ပရောဂျက်တစ်ခုရဖို့တဲ့။ အကိုရွှယ်ဝမ်က ဒီပရောဂျက်အပေါ်မှာ အရမ်းကို အသဲအသန် လုပ်နေခဲ့တာလေ။ သူအရမ်းကို စိုးရိမ်နေမှာ။ သူ ပရောဂျက် အများကြီးကိုတောင် လျှောက်ထားပြီးပြီ၊ တစ်ခုလောက် လက်ခံရဖို့ စောင့်နေဖို့ပဲလိုတော့တာ"

"ဒါရိုက်တာလော့က ပရောဂျက်ကို ထောက်ခံပေးတာလား"

"လက်ဆောင်က လုံလောက်သရွေ့တော့ ရနိုင်ပါတယ်"

ကျိုးချန်ချန်က ယုံကြည်ချက် ရှိရှိပြောလိုက်သည်။

"အမေ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကိစ္စကို မေ့သွားတာဖြစ်မယ်။ ပန်းချီကားကို ပို့ပေးလိုက်တာနဲ့ ချက်ချင်း ပရောဂျက်ကလည်း နောက်တစ်ရက်မှာ ထောက်ခံပေးခဲ့ရတယ်လေ"

အဘွားကြီးဟော်ကလည်း ဝမ်းသာသွားလေသည်။

"ငါတို့ရဲ့ချန်ချန်က တကယ်အရည်အချင်းရှိတာပဲ ဘာတွေစောင့်နေတာလဲ။ အခုဒီပရောဂျက် ထောက်ခံချက်ကို ရရမယ်လေ။ ဟော်ရွှယ်ဝမ်က သမီးနဲ့ပတ်သက်ပြီး သူ့စိတ်ကို သေချာပေါက် ပြောင်းလဲလာလိမ့်မယ်။ တကယ်လို့ သမီးသာ သူ့ကို ပရောဂျက်ချက်ချင်းရလာအောင် ကူညီပေးနိုင်မယ်ဆိုရင် သူက ဘယ်လိုလုပ်ပြီး သမီးကို ထပ်ပြီးဒေါသထွက်နိုင်မှာလဲ"

"ဟော်ရွှယ်ဝမ်ရဲ့ စိတ်နေသဘောထားက ကျိုးမိသားစုအဖိုးကြီးနဲ့ တော်တော်တူတယ်။ သူက စကားပြောတဲ့နေရာမှာ အရမ်းမကောင်းဘူးဆိုပေမဲ့လည်း တကယ်တော့ လူတွေအပေါ် တကယ့်ကို တော်တော်လေး ကောင်းမွန်ပါတယ်။ ဒါကို ဘယ်လိုကျေးဇူးတင်ပြီး လက်ခံရမယ်ဆိုတာ မသိတဲ့ တစ်ယောက်ကတော့ ကြောင်သူတော်နဥ်ရှောက်ယွမ်ပဲပေါ့"

"အိုအမေရယ် အမေ ဘာဖြစ်လို့ သူ့အကြောင်း ပြောနေတာလဲ"

ကျိုးချန်ချန်က မရွှင်မပြဖြင့် ပြောလိုက်လေသည်။

"ကွာရှင်းလိုက်တာပဲ မှန်သွားပြီ မဟုတ်လား"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ငါ တကယ်အိုပြီးတော့ စိတ်နောက်နေပါပြီ"

အဘွားကြီးက ပြုံးကာ မေးလိုက်လေသည်။

"ဒီတစ်ခါရော ငါတို့တွေဘာလက်ဆောင် ပေးသင့်သလဲ"

"တကယ်လို့ ပရောဂျက်ကကြီးမယ်ဆိုရင် လက်ဆောင်ကလည်း ပိုပြီးကြီးသင့်တာပေါ့ ဟုတ်တယ်မလား"

ကျိုးချန်ချန်က ရုတ်တရက် လက်ခုပ်တီးလိုက်ကာ ပြောလိုက်သည်။

"ဒါရိုက်တာလော့ အခုအချိန်မှာ ခြံဝင်းပါတဲ့အိမ်တွေကို သဘောကျနေတာလို့ ကြားထားတယ်"

သူမက ဒီစကားကို ပြောလိုက်ပြီးသည့်နောက်တွင် စိတ်ကူးတစ်ခုက ရုတ်တရက်ဆိုသလို ပေါ်လာလေသည်။

"အမေ အဲ့ဒီခြံဝင်းတွေကို ဒါရိုက်တာလော့ကို ပေးလိုက်ရအောင်"

"တကယ်လို့ ပရောဂျက်သာ အောင်မြင်သွားမယ်ဆိုရင် သမီးတို့တွေ ငွေဆယ်သန်းလောက် ရှာနိုင်မယ်လို့ ခန့်မှန်းရတယ် အဲ့ဒီခြံဝင်းတွေကို စုစုပေါင်းလိုက်မယ်ဆိုရင်တောင် သိန်းချီလောက်ပဲ တန်မှာလေ။ ဒီတော့ တန်ဖိုးကလည်း ကွက်တိပါပဲ"

အဘွားကြီးက မျက်မှောင်ကျုံ့လိုက်သည်။

"ဟော်မိသားစုရဲ့ အိမ်ဟောင်းတွေကို ပြောတာလား"

"အိုအမေရယ် သမီးပြောတာ နားထောင်စမ်းပါ"

ကျိုးချန်ချန်က ပြောလိုက်သည်။

"အဲ့ဒီပျက်စီးနေတဲ့ ခြံဝင်းတွေက ဒီအတိုင်း အပေါ်ယံ ဟန်ပြသက်သက်ပါပဲ။ အဖေနဲ့ သူ့မိသားစု အဲ့ဒီနေရာမှာ ပြန်သွားနေမှာ မလို့လား"

"ဒီအပြင် သမီးက ဟော်မိသားစုရဲ့ တရားဝင်သမီးအကြီးပဲ၊ အဲ့ဒီပစ္စည်းတွေက အနှေးနဲ့အမြန် သမီးရဲ့ဟာဖြစ်လာမှာပဲ မဟုတ်ဘူးလား"

"တကယ်လို့ သမီးတို့တွေက ဒါကိုထိန်းထားမယ်ဆိုရင် ပြောလို့မရဘူး၊ ဟော်ယွမ်လုံက ဒီအပေါ်မှာ အကျိုးအမြတ် ရသွားနိုင်တယ်။ ဒါကို အရေးကြီးဆုံးအချိန်မှာ သုံးလိုက်တာ ပိုကောင်းတယ်"

ကျိုးချန်ချန်က ပြောလေလေ သူမသည် ဒီအတိုင်းအလွန်မှ ထက်မြက်လာသည်ဟု ခံစားရလေလေဖြစ်လာလေသည်။

"အရေးအကြီးဆုံးကိစ္စကတော့ သူမသည် နဥ်ရှောက်ပိုင်ကို ပါးချနိုင်ပေလိမ့်မယ်"

"သူက သမီးတို့နဲ့ အဲ့ဒီခြံဝင်းတန်းလျားကြီးကို လောင်းကြေးထပ်ထားခဲ့တယ် မဟုတ်လား"

ကျိုးချန်ချန်က ပြောလိုက်သည်။

"အခုအဲ့ဒီ ခြံဝင်းတွေသာ ဒါရိုက်တာလော့ရဲ့လက်ထဲ ရောက်သွားမယ်ဆိုရင် သူက သမီးတို့နဲ့ ထပ်ပြီး ဘာလောင်းကြေးထပ်နိုင်တော့မှာလဲ"

"ဒါဆိုရင် သမီးတို့က အဲ့ဒီခြံဝင်းပြန်ရလာဖို့ စောင့်နေဖို့ပဲလိုတော့တာပေါ့"

အဘွားကြီးကတော့ အနည်းငယ် ချိတုံချတုံ ဖြစ်နေသေးသည်။ သိုသော်ငြားလည်း သူမသည် ကျိုးချန်ချန်၏ တွယ်ကပ်နေပုံကို မလွန်ဆန်နိုင်ခဲ့ချေ။

"အဘွားကြီးရဲ့ မွေးနေ့ပါတီက နောက်လထဲမှာ မဟုတ်လား။ အဲ့ဒီအချိန်မှာ ဖန်ရှို့ကျစ်ကလည်း နဥ်ရှောက်ပိုင်ကို အလွတ်ပေးမယ်လို့တော့ ငါ မထင်ဘူး။ ငါတို့တွေ ဒီအခွင့်အရေးကို ယူပြီးတော့ သူ့ကို အရှက်ခွဲလို့ရပါတယ်။ စိတ်ကျေနပ်ဖို့ ကောင်းတော့မှာပဲ"

အဘွားကြီးသည် နဥ်ရှောက်ပိုင်၏ မုန်းစရာကောင်းသည့် အပြုအမူကို စဥ်းစားမိပြီးနောက် ခဏလောက် တွေဝေပြီးသွားသည့်နောက်တွင်တော့ ခေါင်းညိတ်လိုက်လေသည်။

...

နဥ်ရှောက်ပိုင်သည် နဥ်မိသားစုနှင့် ဟော်မိသားစုတို့နောက်တွင် မည်မျှပင် ပြဿနာရှာနေပါစေ ရှမိသားစုကို တစ်စက်ကလေးမှ သက်ရောက်မှုမရှိချေ။

နောက်တစ်ပတ် ပိတ်ရက်တွင် အဒေါ်နှစ်သည် သူမနှင့် မောက်ဟွေ့လန်တို့ကို အနီးကပ်ကျောင်း ပို့ပေးတော့သည်။ သူမက ဘယ်အချိန်က စီစဥ်ခဲ့မှန်းပင် ရှမြန် မသိခဲ့ချေ။

ရှမြန်က ဒါကို မလိုအပ်ဘူးဟု ထင်နေသည်။

"ကျွန်မ ကိုယ့်ဘာသာကို ပြန်ပြီးတော့ လေ့လာလို့ရပါတယ်။ ဒါက ငွေအလကား ကုန်တယ်"

ရှဝမ်ယွဲ့က ကြောက်စရာကောင်းသည့် မျက်နှာတစ်ခုဖြင့် ပြောလိုက်၏။

"အတူတူသွားကြ၊ နေ့တိုင်း နင် အိမ်မှာ ဟိုဟာကို စိတ်ပူလိုက် ဒီဟာကိုစိတ်ပူလိုက်နဲ့ ငါ မြင်နေရတာ နင့်မှာစာလုပ်ဖို့အချိန် ဘယ်ကရှိမှာလဲ။ ငါ ပတ်ပြီးတော့ မေးထားပြီးပြီ။ တိုးတက်လာအောင် ကြိုးစားနိုင်သရွေ့ နင် ကျောင်းပြောင်းတဲ့စာမေးပွဲကို ဖြေနိုင်ပြီး နောက်စာသင်နှစ်စမှာကို စောင့်စရာမလိုဘူးတဲ့။ တကယ်လို့ နင် ဒါကို လုပ်နိုင်တယ်လို့ထင်ရင် နောက်တစ်ပတ် စာမေးပွဲဖြေပြီးတော့ ကျောင်းတက်ချင်တက်တော့ပေါ့"

ဟုတ်ပါသည်။ နောက်တစ်ပတ်ဆိုလျှင်တော့ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းသို့ ပြောင်းရွေ့ဖို့ရန် စာမေးပွဲသည် တစ်ကြိမ်သာရှိလေသည်။ ထိုကြောင့် သူမသည် စိတ်ချရမှဖြစ်လေသည်။ ဒီကာလအတွင်းတွင် အိမ်၌ပျော်ရွှင်စရာကိစ္စရပ်များက ဖြစ်ပျက်နေသည်။ သူမသည် အမှန်ပင် လွှမ်းမိုးခံနေရသည်။

ရှမြန်သည် အပြစ်မကင်းသလို ခံစားရသဖြင့် သူမက ရှဝမ်ယွဲ့၏တောင်းဆိုချက်အတိုင်း လိုက်လုပ်ရန်သာတတ်နိုင်ကာ သူမ၏ကျောင်းလွယ်အိတ်ကိုသယ်ရင်း မောက်ဟွေ့လန်နှင့်အတူ အနီးကပ်ကျောင်းကို သွားရတော့သည်။

ရှောင်ဖုန်းက ဒီကိစ္စကို အလွန်မှ အလေးအနက်ထားပြီး ရှမြန်ကို မနက်ပိုင်းတွင် စောစောထဖို့ရန် တိုက်တွန်းလေသည်။

ရှမြန်က မျက်နှာသစ်ပြီး ပြန်လာသည့်အချိန်တွင် ကလေးက ခွေးခြေခုံလေးတစ်ခု ပေါ်သို့တက်ကာ အဝတ်ဗီဒိုထဲမှ သူမ၏အင်္ကျီအသစ်နှင့် ဂျင်းဘောင်းဘီများကို ထုတ်ယူပေးနေကာ သူ၏ခြေထောက် သေးသေးလေးများဖြင့် ကုတင်ပေါ်ကိုတက်ပြီး တင်ထားပေးသည်ကို တွေ့လိုက်ရ၏။

"အဝတ်အစားအသစ်တွေကို ဝတ်လိုက်ပါ"

ဒါသည် သူမက သူ့ကို မူကြိုကျောင်းပို့ပေးသည့် အချိန်တိုင်း လုပ်ခဲ့သည့်ပုံစံနှင့် တစ်ပုံစံတည်းပင်။

ရှမြန်မှာ ဘာမှမတတ်သာသည့်ရုပ်သာ ဖြစ်နေရတော့သည်။

ရှဝမ်ယွဲ့က စျေးထဲမှ အဝတ်ထုတ်ကြီးများကို ဝယ်လာခဲ့သည်။ သူတို့သည် ယန်မြို့မှ သူတို့နဲ့အတူ ဘာမှမယူလာခဲ့သလောက်ပင်။ အခုတော့ အပူချိန်က ကျဆင်းလာပြီဖြစ်ရာ ဆောင်းဦးက နီးကပ်လာပြီဖြစ်သည်။

အလွန်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် ရှမြန်၊ မောက်ဟွေ့လန်နှင့် မောက်ဟွေ့မေတို့သည် တစ်ရွယ်တည်း ဖြစ်နေသည်။ ထိုကြောင့် ရှဝမ်ယွဲ့က အဝတ်အစားဆိုင်မှာ ဝတ်စုံခြောက်စုံကို တိုက်ရိုက်ဝယ်ယူလာခဲ့ပြီး စျေးနှုန်းက သုံးပုံတစ်ပုံလောက် ချပေးခဲ့သည်ဟု ပြောလေသည်။

ဟုတ်ပါသည်။ သူမသည် ပြန်လာပြီးသည့်နောက်တွင်တော့ ရှဝမ်ယွဲ့က စျေးပိုပေးခဲ့ရသည်ဟု ဆက်တိုက်ပင် ငြီးငြူနေသည်။ အကြောင်းမှာ သူမက လှည့်ထွက်သွားဖို့ရန် ပြင်လိုက်စဥ်တွင် ဆိုင်ပိုင်ရှင်က သူမကို လှမ်းအော်လိုက်ကာ သူက ထက်ဝက်စျေးဖြင့် ပေးနိုင်သည်ဟု ပြောလိုက်ခြင်းကြောင့်ပင်။

ရှမြန်က အဝတ်အစားကို ဝတ်ကြည့်လိုက်ပြီးနောက် ထင်ထားသည့်အတိုင်းပင် စျေးကို ထပ်ပြီး မဆစ်နိုင်ခဲ့သည့်အတွက် အဒေါ်နှစ်၏ညည်းညူသံကို ထပ်ကြားရပြန်သည်။

ရှောင်ဖုန်းက ရှမြန်ကို သူမ၏ဘောင်းဘီ လိပ်တင်ပေးဖို့ရန် ကူညီနေသည့်အချိန်ကျမှ ရှဝမ်ယွဲ့က ရပ်လိုက်ပြီး ပြောလိုက်သည်။

"ကောင်ကလေးရယ် လာပါ ငါ လုပ်ပေးပါမယ်"

ရှပ်အင်္ကျီက အနည်းငယ် ပွယောင်းယောင်းဖြစ်နေသည်။ ဒါကလည်း ဒီနေ့ခေတ်မိဘများ၏ အဝတ်အစား ဝယ်ခြမ်းသည့် ပုံစံတစ်ခုဖြစ်လေသည်။ ကြီးထွားဦးမည့် ကလေးများအတွက် အဝတ်အစားက နှစ်ဆလောက်ပိုပြီး ကြီးရပေမည်။ ဒါမှ သူတို့သည် နောက်ထပ် နှစ်အနည်းငယ်ကြာသည့်အထိ ဝတ်ဆင်နိုင်သည်။

ဒီအခိုက်တွင် အပေါ်ဖက်ခန္ဓာကိုယ်က အနည်းငယ် သိသိသာသာကို အလွန် ပွယောင်းယောင်းဖြစ်နေပြီး ရှမြန်မှာ အနည်းငယ် သေးသေးကျစ်ကျစ် ပုံစံမျိုးဖြစ်သွား၏။ အထူးသဖြင့် သူမ၏ ဖြူဖွေးနေသည့်အသားအရည်က နှင်းဆီနီရောင် ရှပ်အင်္ကျီနှင့် တွဲဝတ်လိုက်သည့်အခါ သူမ၏ရုပ်ရည်က ပိုလိုပင် လှပချောမွေ့သွားတော့သည်။

ရှဝမ်ယွဲ့က ရှောင်ဖုန်းကို ကောက်ချီကာ ဘေးသို့ ချထားလိုက်သည်။ အနည်းငယ် ပိုပြီးရှည်လျားနေသည့် သူမ၏ဘောင်းဘီကို ပြင်ဆင်ပေးဖို့ရန် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ အဲ့ဒီနောက်တွင်တော့ သူမက ရှမြန်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး ပြုံးကာပြောလိုက်၏။

"နင့်ဆံပင်လေးတွေ နည်းနည်းပိုရှည်လာတဲ့အခါကျရင် နင် မိန်းကလေးတစ်ယောက်နဲ့ ပိုတူသွားမှာပဲ"

ရှမြန်က သူမ၏ခေါင်းကို ထိကိုင်လိုက်ကာ ရင်နာသလို ခံစားလိုက်ရ၏။ ယခုဆိုလျှင် နှစ်လနီးပါးလောက်ရှိနေပြီဖြစ်ရာ သူမဆံပင်ကလည်း ဆံပင်တိုတိုပုံစံလေး ရှိနေသလိုဖြစ်လာပြီး ဆံပင်တစ်ချောင်းစီတိုင်းက ထောင်တက်နေသည်။ သူမ အိပ်နေသည့်အချိန်ဆိုလျှင် သူမဆံပင်များက ဟိုဖက်ဒီဖက် ယိမ်းယိုင်နေသည်ကို အထူးတလည် သတိထားမိနိုင်သည်။ ဒါသည် သူမက လုံးဝ ကတုံးဖြစ်နေတုန်းက အချိန်ထက်ပင် ပိုလို့ဆိုးရွားနေသည်။

တကယ် ဂွတီးဂွကျအချိန်ကာလက ရောက်မလာသေးချေ။ ဒါကြောင့်ပင် ရှမြန်က ကျောင်းကို ချက်ချင်းမသွားချင်ရခြင်းပင်။ ပတ်ဝန်းကျင်အသစ်တစ်ခုတွင် ရောက်နေပြီဖြစ်ရာ သူမသည် နောက်ဆုံးတော့ သူမကိုယ်တိုင်က နတ်သမီးလေးတစ်ယောက်လို ဖော်ပြသင့်ပေသည်။

သူမသာ နောက်စာသင်နှစ်မှ ဝင်ခွင့်လျှောက်ခဲ့လျှင် ...

ရှမြန်သည် ဒီအကြောင်းကို စဥ်းစားလေလေ နောက်ပိုင်း သုံးလေးလလောက်က ရှက်စရာအကောင်းဆုံးအချိန် ဖြစ်လာလေလေဟု ထင်နေရသည်။

ထိုအချိန်တွင် ဆံပင်များက ပိုလိုပင်ဖောင်းပွကာ ရှုပ်ပွနေပေတော့မည်။ ရှမြန်က သူမ၏ဦးထုပ်ကို မြန်မြန်ယူဆောင်းလိုက်သည်။ မဟုတ်လျှင် သူမသည် မြန်မြန် ငိုချင်လာမိတော့မည်။

ရှောင်ဖုန်းက သူမစဥ်းစားနေသည့်အရာကို သိသွားဟန်တူသည်။ သူက သူမ၏လက်ကို ဖမ်းဆွဲလိုက်ကာ လှုပ်ခါလိုက်ပြီးနောက် သူမကို တောက်တောက်ပပဖြင့် ပြုံးပြလိုက်၏။

"အန်တီလေး အန်တီလေး ကြည့်လို့လှပါတယ်"

ရှမြန်က သူ၏ထောင်တက်နေသည့် ဆံပင်ကွေးကွေးလေးကို သပ်ပေးလိုက်ပြီး ဝမ်းနည်းမှုတချို့ဖြင့် ပြောလိုက်၏။

"ကောင်ကလေး ငါကတော့ နင့်ကို ပန်းချီသင်တန်း မြန်မြန်ပို့ပေးမှပဲ ဖြစ်တော့မှာပါ၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် နင်ရဲ့ရသမြောက်တဲ့ ချီးကျူးစကားတွေကို ကြားလိုက်ရပြီးရင် ငါ ပိုပြီးတော့ ဝမ်းနည်းသွားရမှာစိုးလို့"

ရှောင်ဖုန်းက သူ့နှုတ်ခမ်းလေးကို တင်းထားကာ ပြုံးပြလိုက်ပြီး သူ့မျက်လုံးများကလည်း ကွေးတက်သွားလေသည်။

မနက်စာစားပြီးနောက်တွင် ရှောင်ဖုန်းက ရှဝမ်ယွဲ့နောက် သတိလေးနှင့် လိုက်လာကာ သူသည် ရှမြန်ကို ကျောင်းလိုက်ပို့ပေးနေသကဲ့သို့ပင် ရှဝမ်ယွဲ့က ကောင်ကလေး၏ လေးနက်နေသည့်အမူအရာကို ငုံ့ကြည့်လိုက်ပြီး သူ့ကို ဒီအတိုင်းခေါ်လာခဲ့တော့သည်။

အနီးကပ်ကျောင်းသည် ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းအနီးက ပထမထပ်တွင် တည်ရှိနေသည်။ ဘာသာရပ်အသီးသီးကို သင်ကြားပေးသည့် အနီးကပ်ကျောင်းများအပြင် လေ့ကျင့်ရေးကျောင်းများလည်း အများအပြားရှိသည်။ ရှောင်ဖုန်းက သိလိုစိတ်ဖြင့် အပြင်ကိုကြည့်လိုက်သည်။ မောက်ဟွေ့လန်က တအံ့တသြပြောသည်။

"ရှမြန် အဲဲ့ဒီပစ္စည်းအကြီးကြီးကို သယ်လာတဲ့ ကောင်မလေးကို ကြည့်လိုက်ပါအုံး"

ရှမြန်က ရှောင်ဖုန်း၏စိတ်အားထက်သန်နေသည့် မျက်လုံးကိုငုံ့ကြည့်ပြီးနောက်တွင် သူကို ဒီအတိုင်း ကောက်ချီကာ သူတို့ကိုရှင်းပြလိုက်လေသည်။

"အဲ့ဒီကောင်မလေးသယ်ထားတာကို ဆယ်လိုလို့ ခေါ်တယ်။ ဆယ်လိုရဲ့အသံက အရမ်းနားထောင်လို့ ကောင်းတယ်လေ။ တကယ်လို့ အခွင့်အရေးတစ်ခုရှိရင် ငါ နင်တို့ကို ဂီတပွဲတစ်ခုကို ခေါ်သွားပေးမယ်။ အဲ့ဒီကလေးမလေးက အကမယ်လေး၊ အဲ့ဒီတစ်ခုကတော့ ဓားတစ်ချောင်း၊ ကောင်လေးကတော့ ဓားသိုင်းလေ့ကျင့်နေတာဖြစ်မယ်..."

ဒီအချိန်တွင် ရှမြန်က ပြောလိုက်၏။

"နင်တို့ကိုလည်း သိုင်းပညာသင်ပေးသင့်တယ် မဟုတ်လား။ ငါတို့တွေ လူကိုတော့ မရိုက်ပါဘူး။ ဒါပေမဲ့ တခြားသူတွေ ငါတို့ကို အန္တရာယ်လုပ်တာကို ခွင့်မပြုနိုင်ဘူးလေ၊ နင်တို့တွေက အရမ်းကို စိတ်ပျော့ကြတယ်"

ရှဝမ်ယွဲ့က ထောက်ခံလိုက်သည်။

"ရှောင်ဖုန်းလည်း ဒါကို သင်လို့ရတယ်။ ဒါပေမဲ့ ဟွေ့ကျူးကိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မေ့ထားလိုက်တော့၊ အဲ့ကလေးမသာ သိုင်းသင်မယ်ဆိုရင် ငါတော့ ခေါင်းကိုက်ရလိမ့်မယ်"

ရှမြန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ဟွေ့ကျူးသည် ယခုဆိုရင် မူကြိုကျောင်းထဲတွင် အနိုင်ကျင့်သူတစ်ယောက်အဖြစ် ပြောင်းလဲတိုးတက်နေသည့်အကြောင်း ချန်းချန်းထံမှာ ကြားခဲ့ရပြီဖြစ်သည်။

ရှောင်ဖုန်းက သူ့လက်တွေကို ရှမြန်၏ လည်ပင်းတွင် သိုင်းဖက်ထားပြီး သူ့ခေါင်းလေးကိုရှမြန်၏ မျက်နှာနှင့် ပွတ်သပ်လိုက်ကာ ပြောလိုက်၏။

"အန်တီလေး သင်ပေးမှာပေါ့နော်"

ရှမြန်ကလည်း ပြန်ပြီးပွတ်သပ်လိုက်ကာ

"ဟုတ်ပြီ ငါက အချိန်တန်ရင် သင်ပေးမယ်"

ကလေးများက စာသင်ခန်းထဲသို့ ပုံဆွဲသည့် ဘုတ်ပြားများကို သယ်လာသည့် ကလေးတစ်ဖွဲ့ကို မြင်လိုက်သည်တွင် ရှမြန်က ရှောင်ဖုန်းကို ချီထားလိုက်ပြီး ပြတင်းပေါက်မှ အထဲဖက်သို့ကြည့်ရန် သူ့ကိုခေါ်သွားလိုက်လေသည်။

"သူတို့အားလုံးကတော့ ပန်းချီဆွဲသင်နေကြတာလေ။ သားကြီးလာတဲ့အခါကျရင် အန်တီလေးက ဒီနေရာကိုပို့ပေးပြီး သားကိုပန်းချီဆွဲခိုင်းမှာ"

ရှောင်ဖုန်းက ခေါင်းခါပြလိုက်၏။

"အန်တီယွင်က သားကို သင်ပေးပြီးပြီလေ"

"ဟမ်"

ရှမြန်က ဇဝေဇဝါဖြစ်သွားသည်။ အမှန်တွင်တော့ ရှမြန်က နဥ်ရှောက်ယွင်ကို ရှောင်ဖုန်းအား သင်ကြားပေးဖို့ စဥ်းစားထားသည်။ သို့သော် ထိုအချိန်တွင် နဥ်ရှောက်ယွင်သည် ရှောင်ဖုန်းက ပန်းချီတွေကို ကြိုက်နှစ်သင်သည်ကို မြင်ခဲ့သော်ငြားလည်း သင်ပေးဖို့ရန် မကမ်းလှမ်းချေ။ တစ်ခုခု မသင့်သော်သည့်အရာများ ရှိနေမလားဟု သူမက ထပ်ပြီး မမေးတော့ချေ။ ရှောင်ဖုန်းက ဒီလို တိုက်ရိုက် ပြောလာလိမ့်မယ်ဟူ၍လည်း ထင်မထားခဲ့ချေ။

"အန်တီယွင်က သားကို သင်ပေးမယ်လို့ ဘယ်တုန်းက ပြောလို့လဲ"

ရှောင်ဖုန်းက သူ့ခေါင်းလေးကို စောင်းလိုက်ကာ ခဏလောက် စဥ်းစားလိုက်ပြီး

"သူ ဆရာတစ်ယောက် ရှာတွေ့တဲ့အထိစောင့်ပါတဲ့"

"အန်တီယွင်က သားအတွက် ဆရာတစ်ယောက် ရှာကူပေးချင်တာလား"

ရှမြန်က ဘာသာပြန်ပေးလိုက်သည်။

ရှောင်ဖုန်းက ပြုံးကာ ခေါင်းညိတ်လိုက်၏။

"အင်းပါလေ "

ရှမြန်က ပြုံးကာ ပြောလိုက်လေသည်။

"သားက ကံကောင်းလိုက်တာ၊ သားရဲ့အန်တီယွင် ရှာပေးတဲ့ဆရာက သားအတွက် သေချာပေါက်ကောင်းမှာပဲ"

ရှောင်ဖုန်းကလည်း မျှော်လင့်တကြီးရုပ်ကလေး ဖြစ်နေ၏။

အနီးကပ်သင်တန်းကျောင်းသည် တတိယထပ်တွင်ရှိသည်။ သူမက အပေါ်ထပ် ရောက်သွားသည်နှင့် တစ်ပြိုင်နက် အများကြီးပိုပြီး တိတ်ဆိတ်လာကာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများ အပြည့်ဖြစ်နေ၏။

ရှမြန်နှင့် မောက်ဟွေ့ကျူးတို့သည် တစ်ခန်းထဲ မဟုတ်ချေ။ ရှမြန်က အထက်တန်းဒုတိယနှစ်တွင်ဖြစ်ပြီး မောက်ဟွေ့လန်က အလယ်တန်း တတိယနှစ်တွင်ဖြစ်သည်။ ရှဝမ်ယွဲ့က သူတို့အတွက် နားလည်မှုစွမ်းရည် အနီးကပ်သင်တန်းကျောင်းကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ သူတို့သည် ပိတ်ရက်တွင် နှစ်ရက်အပြည့် ကျောင်းတက်ရပြီး ဘာသာရပ်အားလုံးကို ခြုံငုံလေ့လာရသည်။

ရှဝမ်ယွဲ့က ငွေရှင်းလိုက်ပြီးနောက် ဆရာများရုံးခန်းက ထွက်လာကာ ပြောလိုက်လေသည်။

"ငါ ကြားထားတာကတော့ ယန်မြို့က သင်ကြားမှုပုံစံက ငါတို့စီရင်စုကနဲ့ မတူဘူးတဲ့နော်၊ နင်တို့တွေ လိုက်နိုင်မယ်ဆိုရင် တစ်ပတ်လောက်တော့ ကျောင်းကို ပုံမှန်သွားသည့်တယ်။ တကယ်လို့ မသင့်တော်ဘူးဆိုရင်လည်း ငါတို့တွေနောက်မှ ဒီကိစ္စကို ပြောလို့ရပါတယ်"

သူမသည် မောက်ဟွေ့ကျူးကို မူကြိုကျောင်းသို့ ပို့ပေးချိန်တွင် စကားအများကြီး မပြောခဲ့ချေ။ သူမသည် ရှမြန်နှင့် မောက်ဟွေ့လန်တို့ကို ပိုပြီးတော့ပင် စကားနည်းလေသည်။

ထိုအစား ရှောင်ဖုန်းက ရှမြန်၏လက်ကိုတွဲထားကာ သူမကို စိတ်အားထက်သန်စွာ ပြောနေ၏။

"အန်တီလေး ကြိုးစားနော်၊ သားနေ့လယ်ခင်းကျရင် အန်တီလေးကို လာကြိုမယ်"

ရှမြန်မှာ ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီး ကိုယ်ကိုညွှတ်ကာ သူ့နဖူးကို အနမ်းပေးလိုက်သည်။

"ရှောင်ဖုန်းက အန်တီလေးကို လာကြိုပေးစရာမလိုပါဘူး။ အန်တီလေးက ကိုယ့်ဟာကို ပြန်လာတတ်ပါတယ်။ သားက အိမ်မှာ ချန်းချန်းနဲ့အတူ အန်တီလေးကို စောင့်ဖို့ပဲလိုတာ"

ရှောင်ဖုန်းက ရှဝမ်ယွဲ့ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်မှာပေါ်က ရုပ်ကလေးက အဲ့လိုလားဟု ပြောနေသယောင်ပင်။

ရှဝမ်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသဖြင့် သူကလည်း မတတ်သာတော့ဘဲ ပြောလိုက်ရသည်။

"ဒါဆိုရင် လိမ်လိမ်မာမာနေနော် အန်တီလေး၊ သားအန်တီလေးကို အိမ်မှာစောင့်နေမယ် "

ရှမြန်မှာ မနေနိုင်တော့ဘဲ သူမကိုကောက်ချီပြီး ပွတ်ပေးလိုက်လေသည်။

"စိတ်မပူပါနဲ့၊ အန်တီလေးက လိမ္မာပါမယ်"

ဘေးမှာနေ၍ ရယ်သံနှစ်ခုကို ကြားလိုက်ရသည်။

ရှမြန်က မော့ကြည့်လိုက်သည်တွင် မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရ၏။ အရပ်ပိုမြင့်သည့်တစ်ယောက်မှာ ဆံပင်တိုတိုနှင့် သူရဲကောင်းမလေးတစ်ယောက် ပုံစံရှိပြီး သူမ၏လက်ကို အိတ်ကပ်ထဲထည့်ထားကာ အနည်းငယ် ပေါ့ပျက်ပျက်နှင့် လူမိုက်ဆန်ဆန် ပုံစံလေးလိုဖြစ်နေသည်။ အနည်းငယ် အရပ်ပုသည့်တစ်ယောက်က ဆံပင်ကိုစည်းထားပြီး သူမ၏ ကျောင်းယူနီဖောင်း အနွေးထည်ကို သေသေချာချာ မဝတ်ဆင်ထားဘဲ သူမ၏ခါးတွင် လျော့လျော့ရဲရဲ စည်းထားလေသည်။

အယ်။ သူတို့နှစ်ယောက်က လူဆိုးလေးတွေလို ဟန်ဆောင်ထားတဲ့ ဆန့်ကျင်ဖီဆန်တတ်တဲ့ မိန်းကလေးနှစ်ယောက်ပဲ။ အရပ်မြင့်သည့် ကောင်မလေးက မလေးမစား လေသံတစ်ခုဖြင့် ပြောလိုက်၏။

"နင်ရဲ့တူလေးလား၊ အရမ်းချစ်ဖို့ကောင်းတာပဲ"

တစ်ဖက်လူသည် မကောင်းတဲ့စိတ်ကူး လုံးဝမရှိချေ။

သို့သော်ငြားလည်း ရှမြန်ရှိနေသည့်အတွက် ရှောင်ဖုန်းကလည်း ဒီအာခံတတ်သည့် ပုံရိပ်လေးကို မကြောက်ရွံ့နေချေ။ ထိုအစား သူက သူတို့ကိုပင် ပြုံးပြလိုက်သေးသည်။

မိန်းကလေး နှစ်ယောက်စလုံးက အနည်းငယ် အံ့သြသင့်သွား၏။ ထိုနောက်တွင်တော့ သူတို့သည် သူတို့၏မျက်နှာပေါ်တွင် အင်မတန်မှ ဝမ်းသာသွားသည့်ကို ထုတ်ပြလိုက်လေသည်။

အရပ်ပိုပုသည့်ကောင်မလေးက ချိုချဥ်တစ်လုံးကို ထုတ်လိုက်ကာ ကိုယ်ကိုညွှတ်ပြီး ရှောင်ဖုန်းကို လှမ်းပေးလိုက်ပြီးနောက် ရှမြန်ကို ပြောလိုက်လေသည်။

"နင့်ကလေးက အရမ်းချစ်ဖို့ကောင်းတာပဲ၊ ငါ့နာမည်က လိလိကျန်း ပြီးတော့ သူ့နာမည်ကတော့ ဆွန်းယွဲ့ရှင်း"

"ဟယ်လို၊ ငါက ရှမြန်ပါ"

ဒီလိုနှင့် ရှမြန်သည် ပထမဦးဆုံးအကြိမ် သက်တူရွယ်တူ သူငယ်ချင်းများကို ဖွဲ့နိုင်ခဲ့လေသည်။ သို့သော်ငြားလည်း စာသင်ခန်းစပြီးသည့်နောက်တွင် ရှမြန်သည် အခန်းထဲတွင် လှဲချပြီး အိပ်ပျော်နေကြသည့် ကျောင်းသားကျောင်းသူများကို ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို တစ်ခုခုကို သဘောပေါက်သွား၏။

ဒီခေတ်တွင် စာတော်ကြသည့် ကျောင်းသူကျောင်းသားများသည် အနီးကပ်အတန်းများကို မတက်ကြချေ။ အနီးကပ်အတန်းများကို တက်ရောက်ရသည့်သူများကလည်း စာညံ့သည့် ကျောင်းသားများ ဖြစ်လေသည်။ ဒီစာညံ့ကြသည့် ကျောင်းသားအချိုးအစား အများစုကလည်းပဲ ဆန့်ကျင်အာခံတတ်သည့် သဘောထားကြောင့် စာညံ့နေကြခြင်းပင်။

ဥပမာ သူမ၏သူငယ်ချင်းအသစ် နှစ်ယောက်ပင်။ ရှမြန်က သူမ၏ဦးထုပ်ကို ချည်လိုက်ပြီး သူမကို သူတို့၏အဖွဲ့ဝင်တစ်ယောက်ဟု သတ်မှတ်ထားပြီးသားဖြစ်သည့် လိလိကျန်းနှင့် ဆွန်းယွဲ့ရှင်းတို့ကို မျက်နှာသေဖြင့် ကြည့်လိုက်လေသည်။ သူမသည် ဘဝအကြောင်းကို သူတို့အား ကြိုတင်ပြောပြလျှင် ကောင်းနိုးနိုးဟု ဇဝေဇဝါဖြစ်နေ၏။

အမှန်တွင်တော့ သူမ၏ဘဝရည်မှန်းချက်မှာ ဂုဏ်ကျက်သရေရှိလှသည့် လူများ၏ ဆရာတစ်ယောက် ဖြစ်လာဖို့ရန်ပင်။ သူမ၏အရင်ဘဝတွင် မြို့တော်သာမန်တက္ကသိုလ်တွင် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ယောက်အဖြစ် သူမသည် လူများ၏ဆရာတစ်ယောက်အဖြစ် လုပ်ရသည့် တာဝန်ယူမှုများကို ခံစားခဲ့ပြီးသားဖြစ်နေသည်။

သူတို့လို ကိစ္စရပ်များသည် သူမ၏ပညာရေးနယ်ပယ်ထဲတွင် ရှိနေလေသည်။

မှန်ကိုသာ ဆက်တိုက်ကြည့်နေသည် လိလိကျန်းနဲ့ ပီကေကို အေးအေးလူလူ ဝါးစားကာ စာအုပ်ထဲတွင် ပုံဆွဲနေသည့် ဆွန်းယွဲ့ရှင်းတို့ကတော့ သူတို့၏ဒီနေ့ အသစ်ရလာသည့် သူငယ်ချင်းလေးလည်းဖြစ် သူမဆံပင်ကိုပင် ရိတ်ရဲလှသည့် မိမိုက်လှသည့် ရှမြန်တစ်ယောက်က သူတို့၏အိပ်မက်ဆိုး ဖြစ်လာတော့မည်ကိုတော့ မသိကြချေ။

...

All Chapters