← Chapters

အပိုင်း(၈၄)

Vol. 6 Ch. 84

အပိုင်း(၈၄)

Vol. 6 Ch. 84

ရှောင်ဖုန်းသည် နဥ်ရှောက်ပိုင်က သူ့ကို ရှေးဟောင်းပစ္စည်းများ သွားကြည့်ရန် လေလံပွဲတစ်ခုသို့ ခေါ်သွားမည့်အကြောင်းကို အမြဲတမ်း စဉ်းစားလာခဲ့သည်။

သို့သော်ငြားလည်း သူသည် အမြဲတမ်းသိတတ်လိမ္မာကာ မေးခွန်းအများကြီး မမေးခဲ့ချေ။ သူက နဥ်ရှောက်ပိုင်ကို တွေ့သည့်အချိန်တိုင်း မျှော်လင့်တကြီး မျက်လုံးများဖြင့်သာ ကြည့်နေတတ်လေသည်။

ထိုနေ့တွင် နဥ်ရှောက်ပိုင်က အလုပ်ဆင်းပြီး အိမ်ပြန်လာချိန်တွင် ရှောင်ဖုန်း၊ ချန်းချန်းနှင့် မောက်ဟွေ့ကျူးတို့က တံခါးနားတွင် ရွှံ့များနှင့် ကစားနေသည်ကို မမျှော်လင့်ဘဲတွေ့လိုက်ရသည်။ ကလေး၃ယောက်က မီးဖိုတစ်ခုကို‌ ဆောက်နေပြီး တစ်ခုခုကို ချက်ပြုတ်နေဟန် တူသည်။

ရှောင်ဖုန်းက သူ့ကိုတွေ့လိုက်ချိန်တွင် ရုတ်တရက် ထရပ်လိုက်ကာ သူ၏ကြီးမားလှသည့် စပျစ်သီးမျက်လုံးများဖြင့် စိတ်အားထက်သန်စွာ သူ့ကိုကြည့်နေ၏။

"ဦးဦးနဉ်"

နဥ်ရှောက်ပိုင်က မတတ်သာတော့သလို ခေါင်းခါပြလိုက်ပြီး သူ့ကိုကောက်ချီလိုက်ရင်း ဆွဲရမ်းလိုက်ကာ

"မင်းဟာလေ မင်းအဒေါ်နဲ့ တစ်ပုံစံတည်းပဲ။ မင်းတို့တွေက ငါ့ကို အမြစ်ပြတ်သုတ်သင်ဖို့ ဒီနေရာကို ရောက်လာကြတာပဲ။ ဟုတ်တယ်မလား။ မနက်ဖြန်သွားကြမယ်"

ရှောင်ဖုန်း၏မျက်လုံးများသည် ရုတ်တရက်ဆိုသလို အပြုံးတစ်ခုအသွင် ကွေးသွားလေသည်။

ချန်းချန်းကလည်း ဒါကိုမြင်လိုက်သည်တွင် အပြေးရောက်လာကာ ပြောလိုက်၏။ "ဦးဦး သားလည်း အဲ့ဒီလို လုပ်ချင်တယ်"

နဥ်ရှောက်ပိုင်က ရွံရှာသလို ပြောလိုက်လေသည်။ "ညစ်ပတ်လိုက်တဲ့ ကောင်လေး..." ထိုသို့ပြောလိုက်ပြီးနောက်တွင် သူက သူနှင့် မောက်ဟွေ့ကျူးတို့ကို တစ်ယောက်ပြီးတစ်ယောက် ကောက်ချီလိုက်ကာ သူတို့နှင့်အတူ လမ်းပတ်လျှောက်လိုက်ပြီးနောက် အိမ်ပြန်ပို့ပေးလိုက်သည်။

ယခုတော့ ရှောင်ဖုန်းနှင့် ချန်းချန်းတို့သည် ခွဲမရသည့် ညီအကိုလေးများ ဖြစ်လာသည်။ အကယ်၍ ရှောင်ဖုန်းက သွားမည်ဆိုလျှင် ချန်းချန်းကလည်း နောက်တွင် ချန်မနေခဲ့သည်မှာ သဘာဝပင်။

ထို့ကြောင့် နောက်တစ်နေ့တွင် နဥ်ရှောက်ပိုင်သည် နဥ်ရှောက်ယွင်နှင့် သူမ၏သား၊ ရှမြန်တို့ တူ၀ရီး၂ယောက်ကို ခေါ်ကာ အတူတူထွက်လာရတော့သည်။

ရှောင်ဖုန်းက ရှမြန်၏လက်မောင်းပေါ်တွင် ထိုင်နေပြီး ဝမ်းသာအားရဖြင့် ကိုယ်လေးကို ရှေ့နောက်လှုပ်ခါနေကာ ချန်းချန်းကလည်း ထိုသို့လိုက်လုပ်လေသည်။ ကလေး၂ယောက်စလုံးက ပျော်ရွှင်နေသည့် ချိန်သီးနာရီ ၂လုံးလို ဖြစ်နေပြီး လူကြီး ၃ယောက်ကို အမှတ်တမဲ့ပြုံးမိအောင် ပြုလုပ်လိုက်၏။

သို့သော်ငြားလည်း ရှမြန်သည် ရှောင်ဖုန်းကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ရန် အလွန်မှ ဂရုတစိုက်ရှိသေးသည်။ "ပေါင်ပေါင်း အန်တီလေးတို့က ဒီနေ့အဲ့ဒီနေရာကို သွားပြီးတော့ အမြင်ကျယ်အောင် လုပ်ကြမှာ။ ရှေးဟောင်းပစ္စည်းဆိုတာ ဘာလဲဆိုတာကို သွားကြည့်ကြမှာနော်။ အန်တီလေးတို့က လေလံပွဲက ရှေးဟောင်းပစ္စည်းတွေကိုတော့ မတတ်နိုင်ဘူး"

ရှောင်ဖုန်းသည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ဝမ်းသာပျော်ရွှင်မှုကို အထိခိုက်မခံဘဲ သူ၏ခန္ဓာကိုယ် သေးသေးလေးကို ဆက်ပြီးလှုပ်ရှားနေကာ ပြုံးပြလေသည်။ "သား သိပါတယ်။ သားက စျေးပေါတဲ့ဟာတွေကိုပဲ ရွေးမှာ"

ရှမြန်...

နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့မှာ မနေနိုင်တော့ဘဲ အသံထွက်ရယ်မိကြတော့သည်။

လေလံပွဲကို ရောမတော်ဝင်ဟိုတယ်တွင် ကျင်းပလေသည်။ ရှမြန်နှင့် သူ့အဖော်များက ရောက်လာချိန်တွင် ဟိုတယ်ကားပါကင်၌ ဇိမ်ခံကား အများအပြားက တန်းစီပြီးရပ်ထားသည်။ နဥ်ရှောက်ပိုင်က အစောင့်၏ညွှန်ကြားချက်အတိုင်း လိုက်ကာ ကားရပ်နားမည့်နေရာတစ်ခုကို ရှာဖွေလိုက်သည်။

ဒါက ရှမြန်ကို အနာဂတ်၏အငွေ့အသက်ကို အနည်းငယ် ခံစားမိစေ၏။

နဥ်ရှောက်ပိုင်က သူတို့ကို ဟိုတယ်ထဲသို့ ခေါ်ဝင်သွားသည်။ သူက စရံငွေပေးထားခဲ့သည်မှာ သိသာသည်။ မန်နေဂျာက ရောက်လာပြီးသည့်နောက်တွင် သူက သူ့လိုင်စင်ပလိပ်ပြားကို မြန်မြန်ဆန်ဆန် ပြောင်းလဲလိုက်၏။

သို့နှင့် နဥ်ရှောက်ပိုင်က ပြန်ထွက်သွားတော့မည့် မန်နေဂျာကို လှမ်းတားလိုက်ပြီး သူ့လက်ကို ရှမြန်ဘက်သို့ ဆန့်လိုက်ကာ "တံဆိပ်ခေါင်း"

ရှမြန်က တံဆိပ်ခေါင်းများထည့်ထားသည့် အနက်ရောင်အယ်လ်ဘမ်ကို မြန်မြန်ထုတ်လိုက်ကာ လှမ်းပေးလိုက်လေသည်။ နဥ်ရှောက်ပိုင်က မနေ့က သူမကို အသိပေးခဲ့ချိန်တွင် တံဆိပ်ခေါင်းများကို ယူလာဖို့လည်း အထူးတလည် မှာကြားခဲ့သေးသည်။

ယခုအချိန်မှ သူမက သဘောပေါက်သွားသည်။ ရှေးဟောင်းပစ္စည်းများကို ကြည့်ရှုဖို့ရန်က ရှောင်ဖုန်းကို နှစ်သိမ့်ပေးဖို့ရန်သာဖြစ်ပြီး တံဆိပ်ခေါင်းက ဒီခရီး၏ အဓိကရည်ရွယ်ချက်ဖြစ်ပေသည်။

နဥ်ရှောက်ပိုင်က လေလံပွဲ၏ မန်နေဂျာကိုပြောလိုက်သည်။ "ဒီမှာ တံဆိပ်ခေါင်း၂ခု။ ကျေးဇူးပြုပြီးတော့ သူတို့ရဲ့တန်ကြေးကို ခန့်မှန်းပေးပါဦး"

မန်နေဂျာက တစ်ချက်လောက် ဖွင့်ကြည့်လိုက်၏။ သူ့မျက်လုံးများက ရုတ်တရက်ဆိုသလို လင်းလက်သွားလေ၏။ တံဆိပ်ခေါင်းစုဆောင်းခြင်းက လက်တလောတွင် ရေပန်းစားနေပြီး သူဌေးကြီး တော်တော်များများကလည်း တံဆိပ်ခေါင်းများကို စုဆောင်းနေကြသည်။ အကယ်၍ ဒီပစ္စည်းကို ဒီနေရာတွင် လေလံတင်နိုင်ခဲ့လျှင်...

မန်နေဂျာက စိတ်ဝင်တစားဖြင့် ပြောလိုက်၏။ "ကျွန်တော် အခုချက်ချင်းပဲ ဒီတံဆိပ်ခေါင်းရဲ့ တန်ကြေးကို ပညာရှင်တစ်ယောက်ကို ခန့်မှန်းခိုင်းလိုက်ပါ့မယ်။ ဒါပေမဲ့ ဒါက ဒီပစ္စည်းကို ထုတ်ပြဖို့အတွက် အဆင်သင့်တော့ ဖြစ်သေးမှာတော့ လုံးဝမဟုတ်ဘူး။ ဒီအယ်လ်ဘမ်ကို မိတ်ဆက်ဖို့နဲ့ လူရှေ့ကို ချပြဖို့အတွက် ကျွန်တော်တို့အတွက် အချိန်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်"

"ကိစ္စမရှိပါဘူး" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "အရင်ဆုံးစျေးကိုပဲ ခန့်မှန်းပေးပါ။ နောက်မှ ကျွန်တော်တို့ လေလံပွဲအကြောင်းကို ပြောကြတာပေါ့"

မန်နေဂျာ ထွက်သွားပြီးနောက်တွင် ရှမြန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။ "တံဆိပ်ခေါင်းတွေကို ဒီနေရာမှာ လေလံတင်မလို့လား"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်း ခြံဝင်းကို မလဲချင်ဘူးလား"

"ဒါဆိုရင် ရှင့်ရဲ့ခန့်မှန်းခြေကရော" ရှမြန်က ပြောလိုက်ပြီးနောက် ဝင်ထွက်သွားလာနေကြသည့် သူများကိုကြည့်ကာ သတိပြန်ဝင်လာသည်။

ဒီနေ့ လေလံပွဲသို့ ဝင်ထွက်သွားလာနေသူများမှာ လူချမ်းသာများမဟုတ်လျှင် တော်ဝင်မျိုးနွယ်များ ဖြစ်လေသည်။ လူတိုင်းတွင် သတ်မှတ်ထားသည့် ဝန်ဆောင်မှုနှင့် မန်နေဂျာတစ်ယောက်ရှိသည်။ ဒါကို လူထုရှေ့ ချပြမည်ဆိုလျှင်တောင် လေလံပွဲကုမ္ပဏီက ပစ္စည်းအသစ် ပေါ်လာသည့်အချိန်တွင် ဖောက်သည်များကို အသိပေးရလိမ့်မည်။ ဒီနေရာသည် သတင်းအချက်အလက်များကို အတိအကျ ဖြန့်ဖြူးပေးမည့် နေရာတစ်ခုဖြစ်လေသည်။

ဤသို့ဖြင့် ရှမြန်နှင့် တခြားသူများသည် အခန်းငယ်လေးတစ်ခုတွင် စောင့်ဆိုင်းနေကြစဉ် လူများက တံဆိပ်ခေါင်းအကြောင်းနှင့် ပတ်သက်ပြီး တရုတ်ပြည်၏ တောင်နှင့် မြစ်များအားလုံးက အနီရောင်၊ တစ်ယွမ်တန် စာလုံးသေးသေးလေးပါရှိသည့် အနီရောင်တံဆိပ်ခေါင်း စသဖြင့် သတင်းအချက်အလက်များ ပြန့်နှံ့နေသည့် စကားလုံးများအကြောင်း ပြောနေသည်ကို ကြားလိုက်ရလေသည်။

သိပ်မကြာခင်မှာပင် တံဆိပ်ခေါင်းချစ်သူများက ဒီသတင်းကို ရရှိလိမ့်မည်ဖြစ်ကာ ဟော်မိသားစုအပါအဝင် ဖြစ်သည်ကိုတော့ ယုံကြည်မိသည်...

ရှမြန်မှာ နဥ်ရှောက်ပိုင် စီစဉ်ထားသည့်အရာကို မနေနိုင်ဘဲ စဉ်းစားမိသွား၏။ သို့သော်ငြားလည်း သူမသည် ပြန့်ကြဲနေသည့် အပိုင်းအစအားလုံးကို အတူတကွ မဆက်နိုင်ခဲ့ချေ။ သူမ၏ခေါင်းမှာ ထိုအကြောင်းကို စဉ်းစားရင်းနှင့်ပင် နာကျင်ကိုက်ခဲလာသဖြင့် ဒီအတိုင်း လက်လျှော့ထားလိုက်ရတော့သည်။

မည်သို့ဆိုစေ ဘောစ့်က သူမ၏ မဟာမိတ်ဖြစ်နေသည်ဖြစ်ရာ သူမက ဒီအတိုင်း နောက်မှလိုက်ပြီး စွပ်ပြုတ်သောက်ရန်သာ လိုအပ်ပေသည်။

"တကယ်လို့ မင်းက ခြံဝင်းကို လဲမယ်ဆိုရင် တံဆိပ်ခေါင်းတစ်ခုနဲ့ဆို လုံလောက်မှာပါ။ တခြားတံဆိပ်ခေါင်းကိုရော ဘာလုပ်မှာလဲ။ လေလံတင်မှာလား"

"ဒါဆိုရင်တော့ အခုလောလောဆယ် အဲဒါကို သိမ်းထားလိုက်မယ်လေ" ရှမြန်က ပြောလိုက်သည်။

"ရှောင်ဖုန်းက နောက်ပိုင်းကျမှပဲ ဒါကိုဖြေရှင်းပါစေပေါ့"

ရှောင်ဖုန်းသည် သူ့နာမည်ကို ကြားလိုက်ရချိန်တွင် မော့ကြည့်လိုက်၏။ "အန်တီလေး"

ရှမြန်က သူ၏ထောင်တက်နေသည့် ဆံပင်အချောင်းလေးကို ပွတ်သပ်လိုက်ကာ ပြောလိုက်လေသည်။

"အဆင်ပြေပါတယ်"

သို့သော်ငြားလည်း ရှောင်ဖုန်းကတော့ အလုပ်များနေသည်။ သူက လေလံပွဲအယ်လ်ဘမ်ကို မြှောက်ကိုင်ထားပြီး ရှမြန်ကို ပြလိုက်၏။ "အန်တီလေး ရှေးဟောင်းပစ္စည်းတွေလား"

ရှမြန်မှာ အော်ရယ်လိုက်ပြီး အယ်လ်ဘမ်ကို လှမ်းယူလိုက်ကာ တစ်ရွက်ခြင်းစီ လှန်လှောကြည့်လိုက်ပြီးနောက် စာမျက်နှာအနည်းငယ်ကို ထောက်ပြလိုက်ပြီး သူ့ကို ပစ္စည်းတချို့ပြသလိုက်တယ်။ "ဒါက ကြေးပန်းအိုးလေ၊ ဒါက ပုလင်း၊ ဒါကပန်းကန်လုံး၊ ဒါကပန်းကန်ပြား အားလုံးက ရှေးဟောင်းပစ္စည်းတွေပဲ"

နဥ်ရှောက်ပိုင်မှာ ဒေါ်လာသန်းချီတန်သည့် ရှေးဟောင်းပစ္စည်းများကို သူမက ဒီလို အကျဉ်းချုပ် ပြောပြလိုက်သည်ကို ကြားလိုက်သည်တွင် ဆွံ့အသွားတော့သည်။ နဥ်ရှောက်ယွင်ကတော့ မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။

ရှောင်ဖုန်းကတော့ ထိုအရာကို ဂရုမစိုက်ချေ။ ယခုတွင် သူသည်အဖြေကို သိသွားပြီဖြစ်ရာ သူနှင့်ချန်းချန်းတို့က သူတို့ရှေ့က စားပွဲငယ်‌လေးပေါ်တွင် ကိုယ်ကိုမှီထားပြီး အယ်လ်ဘမ်ကို တလေးတနက် လေ့လာနေတော့သည်။ ရှောင်ဖုန်းက ဖတ်နေစဉ် သူ၏လက်ချောင်းတိုတိုလေးများက ဟိုထောက်ဒီထောက်နှင့် ထိုအရာများကို ချရေးထားချင်နေသည့်ဟန် ဖြစ်နေသည်။

ရှမြန်မှာ သူမ၏မျက်နှာကို မနေနိုင်တော့ဘဲ သုတ်မိသွားပြီး ပြောလိုက်၏။ "ကျွန်မလေ အဲဒီတံဆိပ်ခေါင်းကို ရောင်းပြီးတော့ ဒီကောင်ကလေးရဲ့ အစွဲအလမ်းကို ဖျောက်ပေးဖို့ ရှေးဟောင်းပစ္စည်းတစ်ခု ဝယ်ရင်ကောင်းမယ်လို့ထင်လား"

နဥ်ရှောက်ယွင်က ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင်တော့ နင် ယွမ်၅သန်းပေါက်နိုင်တဲ့ ထီလက်မှတ်တစ်စောင် ဝယ်ဖို့လိုလိမ့်မယ် ထင်တယ်။ ဒါမှမဟုတ်လည်း နင့်ကို နေ့ခြင်းညခြင်း ချမ်းသာစေနိုင်တဲ့ဖြိုချလို့ရတဲ့အိမ်တစ်လုံး ဒါမှမဟုတ်လည်း နေ့တိုင်းအကန့်အသတ်နဲ့ ရောင်းပြီးတော့ ဆက်တိုက်တက်နေတဲ့ စတော့ရှယ်ယာပေါ့"

ရှမြန်မှာ မျှော်လင့်ချက်မဲ့သွား၏။ "ကျွန်မ အထင်တော့ သူ ကြီးလာပြီး သိတတ်တဲ့ အရွယ်အထိ စောင့်သင့်တယ်လို့ ထင်တော့တာပဲ"

ချန်းချန်းက ရုတ်တရက်ဆိုသလို အယ်လ်ဘမ်တစ်ခု၏ စာမျက်နှာတစ်ခုကို ထောက်ပြလိုက်ကာ ပြောလိုက်လေသည်။ "မေမေ၊ ပန်းချီကား"

ရှမြန်နှင့် နဥ်ရှောက်ယွင်တို့၂ယောက်စလုံးက အခိုက်အတန့် မှင်တက်အံ့သြသွားကြသည်။ ချန်းချန်းက အယ်လ်ဘမ်ကို နဥ်ရှောက်ယွင်၏ရှေ့သို့ တိုးကာပြောလိုက်၏။ "မေမေ ကြည့်ပါဦး"

နဥ်ရှောက်ယွင်သည် အခိုက်အတန့် မှင်တက်အံ့သြသွားပြီး အမှတ်တမဲ့ဆိုသလို ပုံလေးကိုလှမ်းပြီး ထိကြည့်လိုက်၏။ ဒါသည် သူမ၂နှစ်တိတိ အချိန်ပေးကာ ဆွဲထားခဲ့သည့် ပန်းချီကားပင် ဖြစ်တော့သည်။

သူမက နဥ်ရှောက်ပိုင်ကို မော့ကြည့်လိုက်ပြီး သူက လုံးဝမအံ့ဩနေသည်ကို မြင်လိုက်ရသည်။ သူသည် ဒီကိစ္စကို အစောကြီးကတည်းက သိထားနှင့်ပြီးသည်မှာ ထင်ရှားပေသည်။

တံဆိပ်ခေါင်းကိစ္စမှာ ဒီနေ့ ဒီနေရာသို့ ရောက်လာသည့် အကြောင်းအရင်းများထဲက တစ်ခုဖြစ်ကာ နဥ်ရှောက်ယွင်၏ ပန်းချီကားကတော့ ဦးစားပေးကိစ္စဖြစ်မှန်း ရှမြန် သဘောပေါက်လိုက်၏။

နဥ်ရှောက်ယွင်၏မျက်လုံးများက နီမြန်းသွားလေသည်။ "ရှောက်ပိုင်"

နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို လှမ်းပုတ်ပေးလိုက်ကာ ပြောလိုက်၏။ "ငါ ဒီပန်းချီကားကို နင့်အတွက် သေချာပေါက် ပြန်ယူပေးမယ်"

ရှမြန်မှာ အယ်ဘမ်ထဲက ဓာတ်ပုံများကြောင့် လုံးဝ မှင်တက်အံ့ဩရလေသည်။

နဥ်ရှောက်ယွင်သည် ပန်းချီဆရာကောင်းတစ်ယောက် ဖြစ်လောက်သည်ဟုတော့ သူမက ခပ်ရေးရေးလေး သိထားသည်။ သို့သော်ငြားလည်း သူမ၏ပန်းချီကားများက ထိုမျှလောက် အံ့အားသင့်စရာ ကောင်းလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။ ရှမြန်လို အပြင်လူတစ်ယောက်ကပင် ဒီလက်ရာ၏ ထူးခြားဆန်းကြယ်ပုံကို မြင်နိုင်လေသည်။

ဒါသည် ကြီးမားသည့်သစ်ပင်တစ်ပင်က နေရောင်ကို ပိတ်ဆီးထားကာ ပြင်းထန်သည့် လေပြင်းတစ်ခုကိုလည်း ရင်ဆိုင်နေသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။ ပြင်းထန်သည့် လေပြင်းထဲတွင် သစ်ပင်၏ အကိုင်းအခက်များက ကျိုးပဲ့သွားပြီး သစ်ရွက်များက တလွင့်လွင့်ဖြစ်နေကာ အချိန်မရွေး မြေကြီးပေါ်သို့ ကြွေကျသွားတော့မည့် အတိုင်းပင်။ သို့သော်ငြားလည်း သစ်ပင်ပင်စည်က အမြဲတမ်းဆိုသလို ခိုင်ခိုင်မာမာ ရပ်တည်နေလေသည်။ သစ်ပင်ပင်စည်ကြီး၏ နောက်တွင်တော့ သေးငယ်လှပသည့် လောကလေးတစ်ခုရှိကာ ဝက်၀ံငယ်လေးတစ်ကောင်က သစ်ပင်ပင်စည်ကို တွယ်တက်ထားပြီး နူးညံ့သိမ်မွေ့ပြီး တောက်ပသည့် ပန်းပွင့်ငယ်လေးများ၊ နူးညံ့သိမ်မွေ့သည့် အစိမ်းရောင်မြက်ခင်းများ၊ စိုးရိမ်နေသော်ငြားလည်း ဆုံးဖြတ်ချက်ပြတ်သားပြီး အကြောက်အလန့်ကင်းသည့် မိန်းကလေးတစ်ယောက်က ရှိနေသည်...

ရှမြန်သည် အသေးစိတ်ကို အားလုံး ဖော်မပြတတ်သော်ငြားလည်း အမှောင်ထုနှင့် အလင်းကြားက ထိပ်တိုက်ရင်ဆိုင်နေသည့် တင်းကြပ်သည့် ခံစားချက်တစ်ခုကတော့ လွှမ်းမိုးနေပြီး သစ်ပင်ပင်စည်ကြီးသည် မည်မျှရင်ဆိုင် ကြုံတွေ့နေရပါစေ လှပသည့်အရာလေးများကို ကာကွယ်ပေးထားနိုင်ကာ နွေးထွေးသည့်ခံစားချက်တစ်ခုက သူမ၏နှလုံးသားထဲတွင် ဆက်တိုက်ထိုးထွက်လာတော့သည်။

ပန်းချီကား၏နာမည်က"စောင့်ရှောက်သူ"။

ဒါသည် အယ်လ်ဘမ်တစ်ခုထဲက ဓာတ်ပုံသာဖြစ်လေသည်။ တကယ့် ပန်းချီကားအစစ်သာဆိုလျှင် သေချာပေါက် အံ့သြစရာကောင်းပေလိမ့်မည်။

"မေမေ" ချန်းချန်းက နဥ်ရှောက်ယွင်၏လက်မောင်းထဲသို့ တိုးဝင်သွားပြီး သူ့လက်သေးသေးလေးဖြင့် သူမ၏မျက်ရည်များကို သုတ်ပေးလိုက်ကာ "သားလည်း မေမေ့အတွက် အဲ့ဒီပန်းချီကားကို ပြန်ယူပေးဖို့ ကူညီပေးမယ်နော်"

"ဟုတ်ပါပြီ။ မေမေ သိပါပြီ" နဥ်ရှောက်ယွင်က ချန်းချန်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ကာ သူ့နဖူးလေးကို အနမ်းပေးလိုက်၏။

သိပ်မကြာခင်မှာပင် လေလံပွဲသည် တရားဝင်စတင်ခဲ့ပြီး အားလုံးက ခန်းမထဲသို့ ဝင်လာကြသည်။ ရှမြန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်တွင် လူ ၁၀၀ နီးပါးရှိသည်ကို တွေ့လိုက်ရ၏။

သူတို့သည် ရှေ့မျက်နှာစာအနီးအနားက ထိုင်ခုံတစ်ခုကို တွေ့လိုက်ရသည်။ ရှမြန်သည် အရင်ကတော့ စိတ်မဝင်စားခဲ့ချေ။ သို့သော်ငြားလည်း နဥ်ရှောက်ယွင်၏ပန်းချီကား ပါရှိနေသည်ကို သိလိုက်ရပြီးသည့်နောက်တွင် သူမက ဒါကို အလိုလို အလေးအနက်ထားလာမိသည်။

လေလံပွဲက ပစ္စည်းများအားလုံးသည် ရတနာများဖြစ်လေသည်။ ရှမြန်က ထိုအရာများကို လုံးဝစိတ်မဝင်စားချေ။ နဥ်ရှောက်ယွင်ကလည်း စိတ်မဝင်စားချေ။ သို့သော်ငြားလည်း ရှောင်ဖုန်းကတော့ ကြီးမားသည့် ပရောဂျက်တာကြီးကို စိတ်ဝင်တစားရှိနေ၏။

သူက ရှမြန်၏လက်မောင်းကို မှီထားကာတိုးတိုးလေး မေးလိုက်၏။ "အန်တီလေး အဲ့ဒါတွေအားလုံးက ဒီသေတ္တာထဲမှာလား"

ရှမြန်က အော်ရယ်လိုက်ကာ သူ၏ထောင်တက်နေသည့် ဆံပင်လေးကို သပ်ပေးလိုက်ပြီး ရှင်းပြလိုက်သည်။ "ဒါက ပရောဂျက်တာ တစ်ခုလေ။ ဒါကပုံရိပ်တစ်ခုကို ထုတ်လွှတ်ပေးမှာ" သူက နားလည်မည်မဟုတ်သည်ကို သိနေသဖြင့် ရှမြန်က အများသုံး ရွှေစကားရပ်ကြီးကိုပဲ သုံးကာ ရှင်းပြလိုက်ရလေသည်။

"သားကျောင်းတက်ပြီး ရူပဗေဒဘာသာရပ်ကို သင်ကြားတဲ့အချိန်ကျရင် နားလည်လာလိမ့်မယ်နော်"

ရှေးဟောင်းပစ္စည်းလေလံပွဲက အစသာရှိသေးသည်။ ရှောင်ဖုန်းက ကြီးစွာသော စိတ်ဝင်စားမှုဖြင့် ပရောဂျက်တာ screen ပေါ်က ရှေးဟောင်းဓာတ်ပုံများကို စိုက်ကြည့်နေသည်။

လေလံပွဲတစ်ဝက်တွင် နဥ်ရှောက်ယွင်၏ပန်းချီကားကို ဝယ်ယူရမည့်အလှည့်ဖြစ်လာသည်။

ပရောဂျက်တာထဲက ပန်းချီကားပုံသည် အယ်လ်ဘမ်ထဲက ဓာတ်ပုံထက် အများကြီးပိုကြီးမားကာ ပိုပြီးရှင်းလင်းသည်။ လေပြင်းမုန်တိုင်းထဲတွင် သိမ်မွေ့သည့်အကာအကွယ်လေးက လူတို့၏ နှလုံးသားထဲတွင် အားအင်များကို ပြည့်နှက်လာစေ၏။

ရှမြန်သည် ရုတ်တရက်ဆိုသလို လက်သေးသေးလေးတစ်ခုက ဖမ်းဆုပ်ထားသည်ကို ခံစားမိလိုက်သည်။ ရှမြန်က ခေါင်းငုံ့ကြည့်လိုက်၏။ ရှောင်ဖုန်းက သူ၏လှုပ်ရှားမှုကို သတိမထားမိချေ။ သူက ဒီအတိုင်း မလှုပ်မယှက် ပရောဂျက်တာပေါ်က ပန်းချီကားကို မော့ကြည့်နေကာ သူ့မျက်လုံးထဲတွင်လည်း ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ပါရှိနေသည်။

ရှမြန်က မသိမသာ ပြုံးလိုက်ပြီး သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်၏။

အစီအစဉ်တင်ဆက်သူက ပန်းချီကားကို စတင်မိတ်ဆက်ပေးနေ၏။ "ဒါက ပန်းချီဆရာအသစ် ရွှယ်ယွင်ရဲ့ လက်ရာဖြစ်ပါတယ်။ ပန်းချီဆရာ ရွှယ်ယွင်က ဆုံးပါးသွားတဲ့ ပန်းချီပညာရှင်ကြီး ဆရာကြီး ချီမင်ဟောက် ဆီကနေ သင်ယူထားခဲ့တာပါ"

"သူက အသက်၂၀အရွယ်မှာ ပန်းချီကားပြပွဲတစ်ခုမှာ ဂယက်တစ်ခု ထသွားစေပြီး ဒီလောကထဲက လူအများအပြားဆီက ချီးကျူးစကားတွေကို လက်ခံရရှိခဲ့တယ်။ လူတော်တော်များများက သူ့လက်ရာတွေကို ငွေပမာဏ အမြောက်အမြားနဲ့ ကမ်းလှမ်းခဲ့ကြတယ်။ ဒါပေမဲ့ ဆရာမရွှယ်ယွင်ကတော့ သူ့ရဲ့ပန်းချီပညာအရည်အချင်းက တိုးတက်ဖို့ လိုပါသေးတယ်လို့ နေရာမှာတင် ချက်ချင်းငြင်းပယ်ခဲ့တယ်"

"ဒါကတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဆရာမရွှယ်ယွင် ပထမဦး ဆုံးထုတ်ပြလိုက်တဲ့ ပန်းချီလက်ရာပါပဲ။ ဒါက အရင်တုန်းကထက် ပိုပြီးနူးညံ့သိမ်မွေ့တဲ့ စုတ်ချက်လေးတွေပါရှိပြီး စွဲမြဲနေတဲ့ကုသနိုင်တဲ့ စိတ်ဝိညာဉ်တစ်ခု ပါရှိနေတယ်။ ပန်းချီပညာကို နားလည်ကြတဲ့သူတွေကတော့ ဒီပန်းချီကားက မြင့်မားတဲ့စုဆောင်းမှု တန်ဖိုးတစ်ခုရှိတယ်ဆိုတာကို နားလည်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဖွင့်စျေးက ၂သိန်းပါ"

ရှမြန်သည် နဥ်ရှောက်ယွင်ကို တအံတသြ ကြည့်လိုက်မိ၏။ နဥ်ရှောက်ယွင်သည် ပန်းချီလောကတွင် ထိုမျှလောက် နာမည်ကြီးလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။

နဥ်ရှောက်ယွင်က သူမ၏မျက်ရည်များကို ထိန်းထားလိုက်ကာ ပြောလိုက်သည်။

"ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက အကြောင်းကို ပြန်ပြီး စဉ်းစားကြည့်လိုက်ရင် ဆရာက ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့တာကို နည်းနည်းလေးရှက်မိသလို ခံစားရတယ်"

ချန်းချန်းက နဥ်ရှောက်ယွင်၏လက်ကို ကိုင်ထားကာ ပြောလိုက်၏။ "မေမေက အကောင်းဆုံးပဲ"

နဥ်ရှောက်ယွင်က ပြုံးကာ သူ့ခေါင်းလေးကို ထိလိုက်၏။ "ဟုတ်တယ် မေမေက နောက်ဆိုရင် ပိုပိုပြီးတော့တောင် ကောင်းလာဦးမှာ"

ချန်းချန်းက နောက်ဆုံးတော့ ရယ်မောလိုက်သည်။

ရှမြန်လို လုံးဝသာမန်လူတစ်ယောက်ကပင် ပန်းချီကားကြောင့် မှင်တက်အံ့ဩရသည်ဆိုလျှင် ဒီအနုပညာကို သိကြသည့်သူများကတော့ တွေဝေမှုမရှိသည်မှာ ဆိုဖွယ်ရာပင် မရှိချေ။ ဆက်တိုက်လေလံဆွဲနေကြသည့် အကြားတွင် အမှန်တရားကို မသိကြသည့် တချို့ရင်းနှီးမြှုပ်နှံသူများကလည်း စိတ်ပိုင်းဆိုင်ရာ လောင်းကြေးထပ်ချင်သည့်စိတ်ကြောင့် ပါဝင်လာကြလေသည်။

လေလံစျေးမှာ သန်းတစ်ဝက် မရောက်ခင်အထိ အရှိန်ကျမသွားချေ။

"၅သိန်းပါ။ ၅သိန်း ပထမအကြိမ်"

ရှမြန်သည် သူ့နောက်က လူငယ်လေးတစ်ယောက်က နံပါတ်ပြား တခုကို ကိုင်ထားကာ ခေါင်းမာမာဖြင့် ပြောလိုက်သည်ကိုကြားလိုက်ရ၏။ "၅သိန်း ၁သောင်း"

"ကောင်းပါပြီ ဒီလူကြီးမင်းက ၅သိန်း၁သောင်းပါ။ နံပါတ်ပြားကို ထောင်ချင်တဲ့သူများ ရှိသေးသလား"

"၅သိန်း ၂သောင်း"

"၅သိန်း ၅သောင်း"

နဥ်ရှောက်ယွင်နှင့် ရှမြန်တို့၂ယောက်စလုံးမှာ ဒီအသံကို ကြားလိုက်သည်တွင် အနည်းငယ် အံ့သြသွားလေသည်။ ရှမြန်က နောက်ကို ပြန်ကြည့်လိုက်ပြီး နဥ်ရှောက်ယွင်ကို ပြောလိုက်၏။ "ဒါက လူကြီးမင်းဟော်ပဲ"

ချန်းချန်းကလည်း သူ့ခေါင်းလေးကို ပြူထွက်လိုက်ကာ "ဖေဖေပဲ"

နဥ်ရှောက်ယွင်က မျက်လွှာချထားလိုက်ပြီး ဘာမှမပြောချေ။ နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ ပထမဦးဆုံးအကြိမ် နံပါတ်ပြားကို မြှောက်လိုက်ပြီး "၆သိန်း"

သူ့အသံက အလွန်မှ အထင်အရှားရှိလှသည်။ ရှမြန်က လှည့်ကြည့်လိုက်တော့ ဟော်ရွှယ်၀မ်က တအံ့တဩ အကြည့်ဖြင့် သူမကို ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူ့မျက်လုံးများက နဥ်ရှောက်ယွင်၏ကျောပေါ်သို့ ကျရောက်သွား၏။ သူက ညှိုးနွမ်းနေသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး သူ့နံပါတ်ပြားကို ချထားလိုက်လေသည်။

ဟော်ရွှယ်ဝမ်က မငြင်းခုံတော့ချေ။ ထို့ကြောင့် လူအနည်းငယ်သာ ကျန်တော့သည်။ သို့သော်ငြားလည်း ဒီပန်းချီကားကို အမှန်တကယ် သဘောကျသည့် လူများက ရှိနေသည်မှာ သိသာသည်။ သူ့နောက်က လူငယ်လေးတစ်ယောက်က အံကြိတ်ထားကာ နံပါတ်ပြားကို ထောင်လိုက်၏။ "၆သိန်း ၁သောင်း"

ဟော်ရွှယ်ဝမ်က နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်ပြီး သူက မလုပ်မယှက်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူက သူ့နံပါတ်ပြားကို မြန်မြန်ထောင်လိုက်ကာ ပြောလိုက်လေသည်။ "၆သိန်း ၅သောင်း"

"၆သိန်း ၅သောင်းပါ။ ၆သိန်း ၅သောင်းထက် ပိုပေးချင်တဲ့သူများရှိသေးလား" အခမ်းအနားမှူး၏အသံက အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားကာ ထွက်လာသည်။

လူငယ်လေးက သူ့လက်ကို မြှောက်ချင်နေသည့်ဟန် တူသည်။ သို့သော်ငြားလည်း သူ့ဘေးနားက လူက သူ့ကို အကြံပေးလိုက်၏။ "ဟေ့ကောင်ရေ ငါတို့တွေ မုန့်ဖိုးအားလုံးကို ထုတ်လာပြီးပြီနော်။ ငါတို့မှာ ငွေထပ်မရှိတော့ဘူး"

လူငယ်လေးက မတက်သာတော့ဘဲ လက်လျှော့လိုက်ရသည်။ "ဒီပန်းချီကားက အရမ်းလှတာပဲကွာ..."

ရှမြန်မှာ မနေနိုင်တော့ဘဲ သူ့ကိုလှည့်ကြည့်လိုက်၏။ လူငယ်လေးက ကြီးမားသည့် ခွေးကြီးတစ်ကောင်လို သူ့ခေါင်းကို ငိုက်စိုက်ချထားပြီး သူ၏စိတ်ပျက်လက်ပျက်ပုံက ပြောစရာစကားပင် မရှိနိုင်တော့ချေ။

လေလံပေးသည့်သူ မရှိတော့သည်ကို တွေ့လိုက်သည်တွင် နဥ်ရှောက်ပိုင်က သူ၏နံပတ်ပြားကို ဆက်ပြီး မြှောက်ပြလိုက်သည်။ "၇သိန်း"

"၇သိန်း ပထမတစ်ကြိမ်။ ၇သိန်း ဒုတိယတစ်ကြိမ်"

ရုတ်တရက်ဆိုသလို စူးရှသည့်အမျိုးသမီးတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။ "၈သိန်း"

ဘုရားရေ။ ရှမြန်သည် ကိုယ်ကိုလှည့်ကြည့်လိုက်သည်တွင် ထောင့်နားတွင်ရှိနေသည့် ကျိုးချန်ချန်ကို တွေ့လိုက်ရ၏။

"ဒီမိန်းမက ဘာလို့ဒီနေရာမှာ ရှိနေတာလဲ" ရှမြန်က မျက်မှောင်ကြုတ်လိုက်သည်။

"သူက ဒါရိုက်တာလော့ကို လာတွေ့တာနေမှာပေါ့" နဥ်ရှောက်ပိုင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ သူက ကျိုးချန်ချန်၏ ဘဝင်ခိုက်နေသည့်ရုပ်ကို လှည့်ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကာ သက်ပြင်းချလိုက်သည်။ "သူကတော့ အရူးဖြစ်နေတယ် ထင်ပါတယ်"

"ဟင်" ရှမြန်က နားမလည်နိုင်အောင် ဖြစ်သွား၏။ "သူက စျေးကို တမင်တင်လိုက်တယ်။ ကျွန်မတို့ ဒါကို နိုင်အောင်လုပ်မှရမယ်"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ဒါပေမဲ့လည်း တခြားသူတွေက ဒီပန်းချီကားအကြောင်းကို သိချင်မှသိမှာလေ။ ဒါပေမဲ့လည်း သူက မသိဘဲတော့ ဘယ်လိုလုပ်နေမှာလဲ။ သူက ဒါကို ဒါရိုက်တာလော့ကို ပေးခဲ့တာပဲ။ လေလံပွဲပမာဏက ပိုပြီးတော့မြင့်လာလေလေ သူတို့တွေ ဇာတ်သိမ်းဖို့ ပိုပြီးတော့ မြန်လာလေလေပဲ"

သူတို့သည် စျေးနှုန်းကိုပင် မြှင့်လိုက်သေးသည်။ ဒါက ရှမြန်ကို သတိပြန်ဝင်လာအောင် အချိန်အနည်းငယ် ယူလိုက်ရ၏။ ဘုရားရေ တကယ်လို့ သူတို့တွေသာ လာဘ်ထိုးမှုနဲ့ တရားစွဲခံရမယ်ဆိုရင် သူတို့၂ယောက်စလုံးကတော့ ဒီလောက်ကြေးမြင့်တဲ့ပမာဏနဲ့ ဇာတ်သိမ်းသွားတော့မှာပဲ။

ဒါက နဥ်ရှောက်ပိုင်၏ အစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု ရှမြန်က အမြဲတမ်း ခံစားမိနေတော့သည်။

...

All Chapters