← Chapters

အပိုင်း(၈၆)

Vol. 6 Ch. 86

အပိုင်း(၈၆)

Vol. 6 Ch. 86

ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် ကလေးများကို ကြိုဖို့ရန် မူကြိုကျောင်းသို့ အတူတူသွားခဲ့ကြသည်။

သူတို့သည် လမ်းကြားလေးထဲသို့ ဝင်လာချိန်တွင် မောက်ဟွေ့ကျူးက ရုတ်တရက် ပြေးထွက်သွားပြီး "အဖေ၊ မကြီး"

ရှမြန်က မော့ကြည့်လိုက်ချိန်တွင် မောက်ကျစ်ရှန်းနှင့် မောက်ဟွေ့‌မေတို့က သူမ ရှေ့တွင် လမ်းလျှောက်နေသည်ကို မြင်လိုက်ရပြီး သူတို့သည်အိမ်သို့ ရောက်လုနီးပါးဖြစ်နေသည်။

မောက်ဟွေ့လန်က အမှတ်တမဲ့ သူမ၏ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်ပြီး "အဖေနဲ့ တခြားသူတွေ ပြန်လာပြီ။ သူတို့တွေ ဘယ်လိုနေလဲ မသိဘူး"

"အခြေအနေ ကောင်းနေတာပေါ့။ သူတို့ရဲ့အမူအရာကို ကြည့်တာနဲ့ သိနေတာပဲလေ"

မောက်ဟွေ့‌မေသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆောင်ထားသည်။ မောက်ကျစ်ရှန်း၏ အပြောင်းအလဲကလည်း တော်တော်လေးကို သိသာလှသည်။ သူသည် အမှန်ပင်ကျောကို မတ်ထားပြီး ခေါင်းကို ချီထားလေသည်။ သူ့အမူအရာက လုံးဝ မသိသာသော်ငြားလည်း သူသည် စိတ်အခြေအနေ ကောင်းမွန်သည်ကို မြင်သာနိုင်ပေသည်။

ညနေခင်းတွင် ရှ၀မ်ယွဲ့က ဆိုင်သိမ်းပြီးပြန်လာပြီးနောက်တွင် မိသားစုတစ်ခုလုံးက အတူတူဝိုင်းထိုင်လိုက်ကြကာ မောက်ဟွေ့‌မေက ဒီနေ့ကိစ္စရပ်ကို ပြန်ပြောပြရင်း စားသောက်နေကြသည်။

"ဒါရိုက်တာက အဖေ့ကို မြင်လိုက်ရတော့ အရမ်းစိတ်လှုပ်ရှားသွားတယ်လေ" မောက်ဟွေ့‌မေက ပြောသည်။

"နောက်တော့ သူက မိတ်ကပ်ဆရာကို အဖေ့ကို မိတ်ကပ်လိမ်းခိုင်းပြီး အ၀တ်အစားတွေကိုလည်း ဝတ်ခိုင်းခဲ့တယ်"

ဒီအချိန်တွင် သိုသိုသိပ်သိပ်နေတတ်သည့် မောက်ဟွေ့‌မေကပင် စိတ်လှုပ်ရှားလာလေသည်။

"အဖေကလေ မိတ်ကပ်လိမ်းလိုက်ပြီး အဲဒီအဝတ်အစားတွေကို ဝတ်ဆင်လိုက်ပြီးတဲ့အချိန်မှာ ဘယ်လောက်တောင် ချောသွားမှန်းကို မသိပါဘူး။ သူက ကောကျင့်ထက်တောင်မှ ပိုချောသေးတယ်"

ဒီစကားလုံးများက အဖေတစ်ယောက်ကို အမွှန်းတင်ပြီး ပြောထားမှန်း သိသော်ငြားလည်း အားလုံးက ယုံကြလေသည်။ အထူးသဖြင့် မောက်ဟွေ့‌ကျူး၏ မျက်လုံးများသည် တလက်လက်ဖြစ်နေပြီး သူမ၏မျက်နှာက လေးစားအားကျမှု အပြည့်ဖြစ်နေကာ သူမသည် မောက်ကျစ်ရှန်းကို ကြည့်နေ၏။

"ဒါရိုက်တာက ပြောတယ်။ သူသာ အဖေ့ကိုမတွေ့ခဲ့ရင် စိတ်ပျက်နေရတော့မှာပဲတဲ့" မောက်ဟွေ့‌မေက ဆက်ပြောသည်။

"တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင် သူကဒီနေရာမှာ သရုပ်ဆောင်ဖို့အတွက် အမျိုးသမီးသရုပ်ဆောင် တစ်ယောက်ကို ပဲရှာလိုက်တော့မယ်လို့ စဉ်းစားထားတာတဲ့"

သူမက ဒီစကားကို ပြောလိုက်ချိန်တွင် ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့‌လန်တို့သည် မသိမသာ မျက်မှောင်ကြုတ်သွားပြီး မောက်ကျစ်ရှန်းကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ကြသည်။

မိသားစုဝင်များသည် မောက်ကျစ်ရှန်း၏ရုပ်အသွင်နှင့် ပတ်သက်ပြီး အနည်းငယ် ထိခိုက်ခံစားမှု ရှိလေရာ ထိုအကြောင်းကို ဘယ်တော့မှ မပြောခဲ့ကြချေ။ မောက်ဟွေ့‌မေက ပုံမှန်ဆိုလျှင် အလွန်မှ တွေးတောပေးတတ်သည်ဖြစ်ရာ ဒီနေ့ကျမှ မည်သို့များ ပွင့်လင်းနေရပါသနည်း...

မောက်ဟွေ့‌မေက သူတို့၏အမူအရာကို မြင်လိုက်ပြီး ပြုံးပြလိုက်သည်။ "အမေ အဆင်ပြေပါတယ်။ အဖေက ဒီဇာတ်လမ်းထဲမှာ အချောဆုံး လူနေရာကနေ သရုပ်ဆောင်ရမှာ။ နော် အဖေ"

မောက်ကျစ်ရှန်းက သူ့ကို ဂရုစိုက်တတ်ကြသည့်ဇနီးဖြစ်သူနှင့် သမီးများကို ကြည့်လိုက်ကာ ရှက်ပြုံးပြုံးပြလိုက်သည်။

ဒါရိုက်တာ၊ မိတ်ကပ်ဆရာနှင့် တခြားသူများက ဒီနေ့သူ့ရုပ်သွင်အကြောင်း ပြောနေသည်ကို ကြားလိုက်ရချိန်တွင် သူသည် အနည်းငယ် အနေရခက်သလိုဖြစ်သွားပြီး ထွက်လာခဲ့သည်ကိုပင် နောင်တရမိသေးသည်။

သို့သော်ငြားလည်း သူတို့တွေက လေးစားအားကျသည့်လေသံဖြင့် သူ့ကိုချီးကျူးလိုက်ကာ မိတ်ကပ်ဆရာကလည်း သူ၏အလှအပကို အလကား ဖြစ်အောင်လုပ်ပြီး ကိုယ့်ဟာကိုယ် ဂရုမစိုက်သည့်အတွက် ညည်းညူပြောဆိုနေသံကို ကြားလိုက်ရချိန်တွင် သူသည် အမှန်ပင် မှားယွင်းခဲ့လေသလားဟု စတင်သံသယ ဖြစ်လာတော့သည်။

တီဗီပေါ်တွင် မကြာခဏ တွေ့ရတတ်သည့် နာမည်ကြီးသရုပ်ဆောင်ကပင် သူ့ကို မြင်လိုက်ရသည့်အချိန်တွင် အလွန်မှဝမ်းသာသွားသေးသည်။ "ဒါရိုက်တာဝမ် ဒီလောက်ကောင်းတဲ့ ရတနာကို ဘယ်ကနေရှာခဲ့တာလဲ။ ဒါက လုံဝမ်ထျန်းနဲ့ တစ်ထပ်တည်းပဲ။ အံ့သြစရာကောင်းလိုက်တာ"

ထို့နောက်တွင်တော့ ဇာတ်ဆောင် တော်တော်များများက သူ့ကိုလာတွေ့ကြပြီး သူကအဝတ်အစားကို ဝတ်လိုက်ချိန်တွင် အားလုံးက ဝမ်းသာသွားကြသည်။

ထိုအခိုက်အတန့်တွင် သူသည် သူ၏ရုပ်ရည်က သူ့အတွက် လက်ဆောင်တစ်ခုဖြစ်မှန်း သေချာပေါက် ခံစားလိုက်ရပြီး လူအများကြီးကလည်း သူ့ကိုရှာတွေ့သည့်အတွက် ဝမ်းသာကြသည်ကို သိလိုက်ရသည်။

ထိုအခိုက်အတန့်တွင် နှစ်ပေါင်းများစွာစုပြုံလာခဲ့သည့် မောက်ကျစ်ရှန်း၏ သိမ်ငယ်စိတ်များသည် ဒီဖြူစင်လှသည့် အပြုံးများ၏ အလဲထိုးခံလိုက်ရပြီး သူသည်လည်း သူ၏ရုပ်သွင်ကြောင့် အနည်းငယ် ပျော်ရွှင်သလို ခံစားလာခဲ့ရသည်။

မောက်ဟွေ့‌မေက မောက်ကျစ်ရှန်း သရုပ်ဆောင်ရမည့်နေရာနှင့် ပတ်သက်ပြီး မပြောဘဲမနေနိုင်အောင် ဖြစ်လာတော့သည်။ "လုံ၀မ်ထျန်းက ရသေ့ဆရာကြီးတစ်ယောက်လေ။ ဇာတ်လမ်းထဲမှာ သိုင်းပညာအမြင့်ဆုံးလူပေါ့"

မောက်ဟွေ့‌လန်နှင့် မောက်ဟွေ့‌ကျူးတို့က ချက်ချင်း ဝမ်းသာသွားကြ၏။ "သူရဲကောင်းပဲ"

"ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ရုပ်ရည်ချောမောပြီး စကားအရမ်းမများဘူးလေ။ သူက သိုင်းလောကတစ်ခုလုံးရဲ့ လျှို့ဝှက်ချက်တွေကို စောင့်ထိန်းပေးရတဲ့ နာမည်ကြီး အထင်ကရ ရသေ့တစ်ယောက်ပေါ့"

"သူက အဓိကဇာတ်လိုက်က ချောက်ချခံရပြီး ချောက်ကမ်းပါးပေါ်ကနေ ကျသွားတဲ့အချိန်မှာ တွေ့ခဲ့တာ။ အဲဒီနောက်မှာ သူက အဓိကဇာတ်လိုက်ရဲ့ ဆရာဖြစ်လာခဲ့ပြီး သူ့ကိုထူးခြားတဲ့ သိုင်းပညာတွေ သင်ပေးခဲ့တယ်။ သူက အဓိကဇာတ်လိုက် အသတ်ခံရတော့မဲ့အချိန်မှာမှ ပေါ်ထွက်လာပြီး လူဆိုးတွေကို ဒူးထောက်တောင်းပန်ရတဲ့အထိ ကြောက်လန့်စေခဲ့တာ"

ရှမြန်...

ထူးဆန်းလိုက်တာ။ ဒီလောက်ညံ့တဲ့ဇာတ်ကြောင်း ပြောတဲ့အရည်အချင်းနဲ့ စာရေးသူက စိတ်လှုပ်ရှား စရာကောင်းတဲ့ အချက်အားလုံးကို ကောက်ချက်ချနိုင်ခဲ့တယ်တဲ့။ ရှောင်ဖုန်းကတောင်မှ ဒါကို နားထောင်ရတာ ပျော်နေတယ်။

ရှမြန်က ရယ်မောလိုက်ပြီး "သားက နားလည်လို့လား"

ရှောင်ဖုန်းက သူ၏လက်ခလယ်နှင့် လက်ညှိုးလေးကို ပူးကပ်ထားလိုက်ကာ ဟိတ်ဟန်ထုတ်ပြလိုက်ပြီး "သူရဲကောင်းလေ"

မောက်ဟွေ့‌ကျူးကတော့ သူ့ထက်အနည်းငယ်ပိုပြီး အားပါလေသည်။ သူက တူတစ်စုံကို ဓားတစ်ချောင်းလိုပင် လုပ်ပြလိုက်သေးသည်။ "လူဆိုးကောင်တွေ ငါ နင်တို့ရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"

"ရွှတ်နောက်နောက်နဲ့" မောက်ဟွေ့‌လန်က ရယ်မောလိုက်ပြီး "နင် ချန်းချန်းအိမ်ကို သွားပြီးတော့ တီဗီသွားကြည့်နေတာလား"

မောက်ဟွေ့‌မေက ပြောလိုက်သည်။ "ငါတို့တွေ ငွေတချို့ရှာနိုင်သွားရင် ငါတို့လည်းပဲ တီဗီတစ်လုံးဝယ်ရမယ်။ နောက်ဆိုရင် အဖေက တီဗီထဲမှာ ပါလာတဲ့အချိန်ကျရင် ငါတို့တွေမှာ သွားကြည့်ရမဲ့နေရာ မရှိဘဲဖြစ်နေဦးမယ်"

မောက်ဟွေ့‌လန်နှင့် မောက်ဟွေ့‌ကျူးတို့က လက်နှစ်ဖက်စလုံးဖြင့် ထောက်ခံလိုက်ကြပြီး ချက်ချင်းဝမ်းသာသွားကြလေသည်။

ရှ၀မ်ယွဲ့က အော်ရယ်ကာ ပြောလိုက်၏။ "ဒီတစ်ချိန် သူ သရုပ်ဆောင်နိုင်တယ်ဆိုတာကလည်း ကံကောင်းရုံသက်သက်ပါ။ နောက်တစ်ကြိမ် ရှိချင်မှရှိမှာပေါ့။ မင်းသားတစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမလိုလား"

"အဲဒီလိုတော့ မဟုတ်သေးဘူးနော်" မောက်ဟွေ့‌မေက ဒီနေ့ ကိစ္စအများအပြားကို သိလာခဲ့သည်မှာ သေချာသည်။ "ဒါရိုက်တာက ပြောတယ်။ အဖေက ရုပ်ရည်ချောမောတယ်တဲ့။ ဒီတော့ သူ့သရုပ်ဆောင်နယ်ပယ်က အရမ်းကြီးကျယ်ပြန့်မှာ မဟုတ်ဘူးဆိုပေမဲ့ သူက အရမ်းကို သိသာထင်ရှားပြီး မှတ်မိလွယ်တဲ့ရုပ်တဲ့။ သူက သင့်တော်တဲ့နေရာတစ်ခုကို ရှာတွေ့ခဲ့မယ်ဆိုရင် အဲဒီနေရာကို ကောင်းကောင်းလေး သရုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် အရမ်းကို ထူးချွန်လာလိမ့်မယ်တဲ့"

"အဲဒီ နာမည်ကြီးမင်းသားကလည်း ပြောလိုက်သေးတယ်။ အဖေသာ ဇာတ်လမ်းကို ကောင်းကောင်း သရုပ်ဆောင်ခဲ့မယ်ဆိုရင် အဖေ့ရဲ့ဒီလိုရှားပါးတဲ့ရုပ်ရည်မျိုးကို လိုချင်တဲ့ ရိုက်ကူးရေးအဖွဲ့တွေ ရှိလာလိမ့်မယ်တဲ့"

"ဟုတ်တယ်နော် အဖေ" သူမက ထိုသို့ပြောရင်း ထပ်ပြီး ဂုဏ်ယူလာပြန်သည်။ "အမေတို့ မသိလို့နော်။ ဒီနေ့ တစ်ယောက်ယောက်က အဖေ့အကြောင်းကို ပြောလိုက်တာတောင်မှ သမီး ကြားခဲ့သေးတယ်။ အဖေက ရုပ်ရည်ချောမောတဲ့အတွက် အလကားနေရင်းနဲ့ကို ဒီလိုနေရာကောင်းတစ်ခုကို ရခဲ့တာတဲ့"

မောက်ဟွေ့‌မေက မောက်ကျစ်ရှန်းဘက်သို့ လှည့်ကြည့်လိုက်ကာ "အဖေ အဖေလည်း ဒီစကားကို ကြားခဲ့တယ်လေ ဟုတ်တယ်မလား။ လူဆိုးနေရာကို သရုပ်ဆောင်တဲ့အရပ်မြင့်မြင့် အသားညိုညိုနဲ့လူ ပြောခဲ့တာလေ"

မောက်ကျစ်ရှန်းက ခေါင်းညိတ်ပြသည်။

ရှ၀မ်ယွဲ့သည် အခိုက်အတန့်အတွင်း မောက်ကျစ်ရှန်း၏ သဘောထားကြောင့် အံ့အားသင့်သွားသော်ငြားလည်း ထို့နောက်တွင်တော့ သူမက တစ်ဖန် ဝမ်းသာလာပြန်သည်။ သူမက သူ့အတွက် အသားတစ်တုံးကို ကောက်ထည့်ပေးလိုက်ကာ ပြောလိုက်၏။ "ဒါဆိုရင်လည်း နင်တို့အဖေ သရုပ်ဆောင်တဲ့ဇာတ်လမ်း တီဗီမှာပြရင် ငါတို့တွေ တီဗီတစ်လုံးဝယ်ကြမယ်"

မောက်ဟွေ့‌ကျူးက ချက်ချင်းမေးလိုက်သည်။ "ဘယ်တော့လွှင့်မှာလဲ"

မောက်ဟွေ့‌မေက မှတ်စုစာအုပ်ငယ်လေးကို ထုတ်ကာပြောလိုက်သည်။ "အဖေက သရုပ်မဆောင်ရသေးပါဘူး။ သူက သရုပ်မဆောင်ခင် ခဏလောက်တော့ လေ့ကျင့်ဖို့လိုသေးတယ်။ အဲဒါပြီးရင်တော့ ဒါရိုက်တာက ရုပ်ရှင်ရိုက်ပြီးသွားတဲ့အခါ တည်းဖြတ်ပြီးတော့ ပြန်လည်စစ်ဆေးပေးမဲ့သူတွေဆီကို ပို့ရဦးမယ်။ ပြီးမှ ရုပ်သံလွှင်ဌာနကို ပို့ရမှာ။ ဒါဆိုရင်တော့ အနည်းဆုံးနှစ်ဝက်လောက် အချိန်ယူရမှာ"

မောက်ဟွေ့‌ကျူးမှာ ချက်ချင်းဆိုသလို စိတ်ပျက်သွားသည့် အမူအရာ ဖြစ်သွားလေတော့သည်။

မောက်ဟွေ့‌မေက ပြောလိုက်၏။ "အခု ငါတို့တွေက အဖေရဲ့ကိုယ်နေဟန်ထားကို မှန်ကန်အောင် လုပ်ပေးရမှာ"

ရှမြန်က စဉ်းစားလိုက်သည်။ မောက်ကျစ်ရှန်းက အမြဲတမ်းခေါင်းကို ချီထားပြီး ရင်ကိုဖွင့်ထားသည်မှာလည်း မဆန်းတော့ချေ။ သူသည် မည်သို့များ ထိုမျှလောက် အလွန်အကျွံ ပြောင်းလဲသွားခဲ့ပါသနည်းဟု စဉ်းစားမိလေသည်။ သူကိုယ်တိုင် ပြင်ဆင်ဖို့ရန် တောင်းဆိုခံထားရခြင်းကြောင့် ဖြစ်နေတော့သည်။

"အဖေက အမြဲတမ်းကျောကို ကုန်းထားပြီးတော့ ခေါင်းကိုငုံ့ထားတာလေ။ ဒါရိုက်တာက ပြောတယ်။ သူက ခေါင်းကို မော့ထားပြီး ရင်ဘတ်ကိုဖွင့်ထားမှ ရုပ်ရှင်ရိုက်တဲ့ အချိန်ကျရင် ကြည့်လို့ကောင်းမှာတဲ့။ နောက်ပြီးတော့ သိုင်းပညာသင်ပေးတဲ့နည်းပြကလည်း အဖေ့ကို ကြွက်သားတွေကို အကြောလျှော့ပေးဖို့ ပြောတယ်။ သူက နောက်ဆိုရင် တိုက်ခိုက်တဲ့အခန်းတွေမှာလည်း လိုအပ်လာမှာတဲ့"

မောက်ဟွေ့‌မေက ပြောလိုက်သည်။ "အဖေက မနက်ဖြန်ကစပြီး နေ့တိုင်းလေ့ကျင့်ဖို့အတွက် ကုမ္ပဏီကို သွားရလိမ့်မယ်။ ဒါပေမဲ့ ငါတို့တွေကတော့ အိမ်မှာ သူ့ကို စောင့်ကြည့်ပေးရမယ်။ ဆရာက သူ့ရဲ့ကိုယ်နေဟန်ထား တိုးတက်လာဖို့အတွက် လှုပ်ရှားမှုတချို့ကို သူ့ကို သင်ပေးထားတယ်။ ငါတို့တွေကလည်း ဒါတွေအားလုံးကို လိုက်ပြီးမှတ်ထားရမယ်"

မောက်ဟွေ့‌လန်နှင့် မောက်ဟွေ့‌ကျူးတို့က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။ "စိတ်မပူပါနဲ့။ ငါတို့ ဒါကို စောင့်ကြည့်ပေးမှာပါ"

သို့နှင့် ထိုနေ့ကစပြီး မောက်ကျစ်ရှန်းက ခေါင်းငုံ့လိုက်သည်ဖြစ်စေ ကျောကိုကိုင်းထားသည်ဖြစ်စေ သူ့သမီးများက သူ့ကို အမှန်ပြင်ပေးလေတော့သည်။ သူ့မှာ သက်သောင့်သက်သာ မဖြစ်တော့သလို ခံစားရချိန်တွင် မောက်ဟွေ့‌လန်က သူ့ကျောကို နှိပ်နယ်ပေးသေးသည်။

သူသည် မနက်တိုင်းစောစောစီးစီး မောက်ဟွေ့‌မေနှင့်အတူ အလုပ်သွားရသည်။ မောက်ဟွေ့‌မေက လက်ထောက်တစ်ယောက်၏ အလုပ်များကို တဖြည်းဖြည်း သင်ယူနေစဉ်တွင် သူကလည်း ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် သရုပ်ဆောင်မှုနှင့်ပတ်သက်ပြီး လေ့ကျင့်မှုတချို့ကို လက်ခံရရှိခဲ့သည်။

ဒီခေတ်တွင် နာမည်ကြီးသတင်းများကို ရှာဖွေသည့်ကိစ္စများ မရှိသောကြောင့်ဖြစ်နိုင်သည်။ ရုပ်ရှင်လောကနှင့် အသံလွှင့်ရုံလောကထဲက အခြေအနေများက တော်တော်လေး ကောင်းမွန်သေးသည်။

မောက်ကျစ်ရှန်းသည် နေ့တိုင်းပြောင်းလဲလာခဲ့၏။ အလုပ်အပေါ်ထားသည့် သူ့သဘောထားကိုကြည့်ပြီး သူသည် အလွန်မှပျော်ရွှင်နေသည်ကို သိနိုင်လေသည်။ အတိတ်က သူသည် နှုတ်ဆိတ်နေတတ်ကာ မောက်ဟွေ့‌မေနောက်မှသာ လိုက်ပြီးအလုပ်လုပ်တတ်သည်။ သို့သော်ငြားလည်း ယခုတော့ သူက စောစောထတတ်ပြီး တစ်ယောက်တည်း ရေရွတ်ရင်းဖြင့် သူ့သမီးကို စောင့်နေတတ်သည်။

မောက်ဟွေ့‌မေကပြုံးကာ အားလုံးကို အကြောင်းအရင်းကို ပြောပြသည်။ အတူတူလေ့ကျင့်ကြသည့် သရုပ်ဆောင်များက စကားစမြည်ပြောကြချိန်တွင် သူတို့သည် မကြာခဏဆိုသလို လစာကိစ္စအကြောင်းကို ပြောတတ်ကြပြီး ထိုအချိန်မှ မောက်ကျစ်ရှန်းသည် စိတ်အားတက်ကြွလာတော့သည်။

ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ "အရင်တုန်းကဆိုရင် ဦးလေး၂က ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့တောင်မှ မစဉ်းစားရဲခဲ့ဘူးလေ။ ဒါပေမဲ့ အခုတော့သူက အရမ်းကို ယုံကြည်မှုရှိသွားပြီ။ ငွေရှာတဲ့ပန်းတိုင်ကိုတောင်မှ စပြီးထားနေပြီ"

မောက်ဟွေ့မေမှာ သူမအဖေ၏ပြောင်းလဲပုံကို မြင်ရသဖြင့် အလွန်မှဝမ်းသာနေ၏။ "အဖေက ပြောတယ်လေ။ တကယ်လို့ သူသာ ဇာတ်လမ်းကောင်း၂ခု၊ ၃ခုလောက်မှာ သရုပ်ဆောင်နိုင်မယ်ဆိုရင် ငါတို့မိသားစုတွေက ယန်မြို့မှာ ခြံဝင်းတစ်ခုလောက် ဝယ်နိုင်လိမ့်မယ်တဲ့"

မောက်ဟွေ့‌ကျူးကလည်း အပြစ်ကင်းစင်စွာ ပြောလေသည်။ "ဘေးက ခြံဝန်းကြီးကို ဝယ်ရအောင်ပါ။ ဘေးက ခြံဝင်းက လူမနေဘူးလေ။ ဒီတော့ သမီးတို့တွေ အတူတူနေလို့ရတယ်"

ရှ၀မ်ယွဲ့ကလည်း ခြံဝင်းတစ်ခုဝယ်ဖို့ရန် စဉ်းစားထားသည်မှာ သေချာသည်။ သူမသည် ထိုကိစ္စကိုတောင် မေးမြန်းထားပြီးဖြစ်သည်။ "အနီးအနားမှာ သင့်တော်တာ မရှိမှာ စိုးရိမ်မိတယ်။ ဒီအိမ်တန်းကြီးကလွဲရင် တခြားဟာတွေ အားလုံးက အိမ်ဝိုင်းအကြီးကြီးတွေကြီးပဲ။ ငါတို့တွေက အိမ်တစ်လုံးတည်းပဲပါတဲ့ ခြံဝင်းမျိုးကိုပဲ ဝယ်နိုင်မှာလေ"

"ထားလိုက်ပါ။ ခြံဝင်းတစ်ခုတည်းပါတဲ့ ဟာကိုပဲ ဝယ်ကြတာပေါ့။ အိမ်ခြံဝင်း အကြီးကြီးဆိုရင်လည်းပဲ အရမ်းဒုက္ခများပါတယ်" မောက်ဟွေ့‌လန်က ပြောလိုက်၏။ "လမ်းကြားရဲ့အဆုံးက ခြံဝင်းကဆိုရင် လူတွေက နေ့တိုင်း ရန်ဖြစ်နေကြတာလေ။ သူတို့တွေကို နားထောင်ရင်းနဲ့တင် ခေါင်းကိုက်တယ်"

ရှဝမ်ယွဲ့ကလည်း ထိုသို့စဉ်းစားလေသည်။ သူမက မောက်ကျစ်ရှန်းကို ရယ်စရာပင် ပြောလိုက်သေး၏။

"ရပါတယ် နင့်အဖေက ငွေအလုံအလောက် ရှာဖို့အတွက် တနှစ်၊ ၂နှစ်လောက်ပဲ အချိန်ယူရမှာပဲ။ ပြောလို့မရဘူးလေ။ အဲဒီအချိန်လောက်ဆိုရင် နင်တို့တွေ ခြံဝင်းတစ်ခုတောင် ရနေလောက်ပြီ"

ရှမြန်က စဉ်းစားလိုက်၏။ ဒီလိုဆိုရင်တော့ ဒါက သေချာပေါက် ဖြစ်လာပါလိမ့်မယ်။

အဲဒီလိုပြောလို့ လေလံပွဲပြီးသွားတာ လဝက်ကျော်သွားပြီပဲ။ ကြည့်ရတာ နဥ်မိသားစုရဲ့ အဘိုးကြီးရဲ့ မွေးနေ့ပါတီကလည်း မကြာခင် ရောက်လာတော့မယ် ထင်တယ်။

မစဉ်းစားဘဲ မနေနိုင်သည့်အကြောင်းကိစ္စများက များပြားလှပေသည်။ ရှမြန်က ဒီအကြောင်း တွေးလိုက်ရုံသာ ရှိသေးသည်။ သူတို့သည် နောက်တစ်နေ့တွင် နဥ်မိသားစုထံမှ ဖိတ်စာကို လက်ခံရရှိခဲ့၏။

ဖန်ရှို့ကျစ်၏ လက်ထောက်က ဖိတ်စာကို ကိုယ်တိုင်လာရောက်ပို့ပေးပြီး နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်တို့ကို သူမကဲ့သို့ပင် အပြင်လူတစ်ယောက်လို့ သဘောထားကာ ဖိတ်စာတစ်ခုစီ ပေးလေသည်။

ထိုအချိန်တွင် နဥ်ရှောက်ယွင်က ရှောင်ဖုန်းအတွက် ဆရာတစ်ယောက်ကို ရှာတွေ့ပြီးစအချိန်ဖြစ်သည်။

နဥ်ရှောက်ယွင်က ပြီးခဲ့သည့်လဝက်ကတည်းက ပန်းချီကားများကို သီးသန့်ခွဲထုတ်လာခဲ့သည်။ အဘိုးကြီး၏ မွေးနေ့ပွဲအတွက် လက်ဆောင်များကို ပြင်ဆင်နေခြင်းပင်။ ရှမြန်က သူမကို သွားမနှောင့်ယှက်ဖို့ ရှောင်ဖုန်းကို အထူးတလည် မှာကြားထားရသည်။

သို့သော်ငြားလည်း ရှောင်ဖုန်း၏ မနှောင့်ယှက်ပါဘူးဟု နားလည်မှုက ရှမြန်ပြောသည့် မနှောင့်ယှက်ပါဘူးဟူသည့်စကားနှင့် လုံးဝကို ကွဲပြားနေလေသည်။

လေလံပွဲက ပန်းချီကားကို နဥ်ရှောက်ယွင်ဆွဲထားသည်ဟု သိလိုက်ပြီးကတည်းက သူသည် မနေနိုင်တော့ဘဲ နဥ်ရှောက်ယွင် ပန်းချီဆွဲနေသည်ကို အပြေးအလွှား သွားကြည့်တတ်သည်။ သူသည် နဥ်ရှောက်ယွင်ကို ပန်းချီဆွဲနေစဉ်တွင် မနှောင့်ယှက်သော်ငြားလည်း သူက တံခါးနားတွင်ထိုင်ကာ စောင့်ကြည့်နေတတ်သည်။

နဥ်ရှောက်ယွင်က သူမ၏အာရုံစိုက်ခြင်းမှ ထွက်ပေါ်လာသည့်အချိန်တွင် ကောင်ကလေးက တံခါးနောက်တွင် ခေါင်းလေးကိုပြူကာ သူမကို စိတ်အားထက်သန်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက သူမကိုတွေ့လိုက်ရချိန်တွင် ရှက်ရွံ့ကာပြုံးပြတတ်ပြီး ဝမ်းသာအားရလှည့်ကာ ထွက်ပြေးသွားတတ်သည်။

သူမမှာ မျက်ရည်ထွက်သည့်အထိ ရယ်မောရတော့သည်။

အမှန်တွင်တော့ ရှောင်ဖုန်းသည် စကားနည်းသည့် ကလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စတူဒီယိုထဲသို့ ဝင်လာသည်ပင် သူမကို အနှောင့်အယှက်မဖြစ်ခဲ့ချေ။ သူမက ပန်းချီဆွဲရာတွင် အာရုံစိုက်လိုက်သည့်အချိန်တွင် သူမ၏ပတ်ဝန်းကျင်ကို လုံးဝ မေ့လျော့သွားတတ်သောကြောင့်ပင်။

နောက်ပိုင်းတွင် သူမသည် ရှောင်ဖုန်း၏ စိတ်အားထက်သန်နေသည့် မျက်လုံးလေးများကို ထပ်ပြီးမကြည့်ရက်နိုင်တော့ပေ။ ထိုကြောင့် သူမက သူ့ကို ပန်းချီဆွဲဘုတ်ပြားလေးတစ်ခု ဒီအတိုင်းပေးထားလိုက်ကာ စုတ်တံနှင့် မှင်ကို ပြင်ဆင်ပေးထားလိုက်ပြီး စုတ်တံအထူနှင့် စုတ်တံအပါးများကို မည်သို့သုံးရသည့်အကြောင်း အနည်းငယ် ပြောပြလိုက်ပြီးနောက်တွင် ရှောင်ဖုန်းကို သူ့စိတ်ကြိုက် ဆွဲသားခိုင်းထားလိုက်တော့သည်။

ဒီတစ်ကြိမ်တွင်တော့ ချန်းချန်းက သူတို့နှင့်အတူ ရှိမနေချေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဟော်ရွှယ်ဝမ်သည် ဟောင်ကောင်မှ ပြန်ရောက်လာပြီး သူ့ကိုLegoရုပ်တစ်စုံကို ပေးထားခဲ့သည်။ ချန်းချန်းက ထိုအရုပ်ထဲတွင် လက်တလော စိတ်ဝင်စားမှုဖြစ်နေ၏။

သို့သော်ငြားလည်း ကလေးနှစ်ယောက်၏ကွာခြားချက်က အတူတူရှိနေခြင်းကို မတားဆီးနိုင်သလို သူတို့၏ကိုယ်ပိုင်အရာများကို ပြုလုပ်ပေးနေလေသည်။

ရှမြန်သည် ရှောင်ဖုန်းကို လာရောက်ကြိုသည့်အချိန်တွင် နဥ်ရှောက်ယွင်က ဝမ်းသာအားရဖြစ်နေသည့် အမူအရာတစ်ခုဖြင့် စာရွက်တစ်ရွက်ကို ကိုင်ထားလေသည်။ "ရှမြန် ရှောင်ဖုန်းက တကယ်ပါရမီရှင်တစ်ယောက်ပဲ"

ရှမြန်က ဒီအကြောင်းကို သေချာပေါက်သိထားသည်။ သို့သော်ငြားလည်း နဥ်ရှောက်ယွင်က ရုပ်တရက် အဘယ်ကြောင့် ထိုသို့ပြောလိုက်သည်ကိုတော့ မသိချေ။

နဥ်ရှောက်ယွင်က သူမကိုစာရွက်ကို လှမ်းပေးလိုက်ပြီး ပြောလိုက်၏။ "ငါက ဒါကို ဒီအတိုင်း သာမန်ကာလျှံကာပဲ ဆွဲပြလိုက်တာ။ ငါ သူ့ကို နည်းလမ်းတွေတောင် မပြောပြထားရဘူး။ ဒါပေမဲ့ သူက အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုကို ဆွဲထားနိုင်တယ်တဲ့"

"မဖြစ်ဘူး သူ့ရဲ့အရည်အချင်းတွေကို မြှုပ်နှံထားခွင့် မပေးနိုင်ဘူး" နဥ်ရှောက်ယွင်သည် သတင်းကို စောင့်စားနေဆဲဖြစ်သော်ငြားလည်း ယခုတော့ သူမက စိတ်လှုပ်ရှားလာခဲ့သည်။ "ငါ အခုချက်ချင်း ငါ့စီနီယာအစ်ကိုကျူးကို ဖုန်းခေါ်မှဖြစ်မယ်"

"နင်က ငါ့ကို ဘာမေးမလို့လဲ" အားပြင်းသည့်အသံတစ်ခုက မကျေနပ်သည့်လေသံတစ်ခုဖြင့် ထွက်လာလေသည်။ "နင့်ရဲ့စီနီယာအစ်ကို ငါ့ကိုမှ သတိရသေးရဲ့လား"

နဥ်ရှောက်ယွင်မှာ မှင်တက်အံ့သြသွားလေသည်။ ဒေါ်ဒေါ်ဝေသည် ယောက်ျားတစ်ယောက်နှင့်အတူ ဝင်လာခဲ့ပြီဖြစ်ရာ အပြုံးဖြင့်ပြောလိုက်၏။ "ရှောက်ယွင် ဘယ်သူလဲဆိုတာ ကြည့်လိုက်ပါဦး"

ထိုလူသည် အသက်၅၀ဝန်းကျင်ခန့်ရှိကာ ဆံပင်ကို နောက်လှန်ဖြီးထားပြီး တောက်ပသည့်မျက်လုံးများဖြင့် လောင်းကုတ်ရှည်ကြီးတစ်ထည်ကို ဝတ်ဆင်ထားကာ အနုပညာရှင်တစ်ယောက်နှင့် အလွန်မှဆင်တူနေလေသည်။

"အစ်ကိုကျူး" နဥ်ရှောက်ယွင်သည် စိတ်လှုပ်ရှားသွားပြီး အနည်းငယ် ရှက်ရွံ့သွားသည်။ "အစ်ကို ဒီကိုဘာဖြစ်လို့ ရောက်လာတာလဲ"

"နင် ငါ့ကိုလာရှာမှာ မစောင့်နိုင်တော့ ငါကပဲ နင့်ကို လာရှာရတော့တာပေါ့" အလည်လာသူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ "လက်ထပ်ပြီးသွားတဲ့နောက်ပိုင်း ပန်းချီမဆွဲနိုင်တော့ဘူးလို့ တစ်ယောက်ယောက် ပြောတာကို ငါ တစ်ခါမှ မကြားခဲ့ဖူးဘူးလေ။ ငါတို့တွေ အရင်တုန်းက အဆက်အသွယ်ရှိခဲ့ပါတယ်။ နင်က ဘယ်လိုလုပ်ပြီး ရုတ်တရက် ထပ်ပျောက်သွားတာလဲ"

ဒီအချိန်တွင်တော့ သူက နှမြောတသ သလိုပြောလိုက်သည်။ "ငါတို့တွေက နောက်ဆုံး‌တော့ ပန်းချီကားတစ်ခုလေး ပြီးသွားပါတယ်။ ဒါပေမဲ့ နင်ကတော့ အဲဒီဟာကို လေလံတင်လိုက်တယ်လေ။ ဟော်မိသားစုက အဲဒီလောက်တောင် ငွေပြတ်လပ်နေပြီလား။ နင်က မိသားစုကိုထောက်ပံ့ပေးဖို့ ပန်းချီကို ရောင်းစားဖို့ အဲဒီလောက် စိတ်အားထက်သန်စရာ လိုလို့လား"

နဥ်ရှောက်ယွင်၏ မျက်လုံးများမှာ ရုတ်တရက် နီမြန်းသွားတော့သည်။ "အစ်ကို ကျွန်မ တောင်းပန်ပါတယ်။ ဆရာ ပျိုးထောင်လာပေးတာကို ကျွန်မက ဒီလိုဖြစ်နေတဲ့အတွက်လည်း တကယ်ရှက်မိပါတယ်"

သူမက ဤသို့ဖြစ်သွားသည်ကို မြင်လိုက်ရသည်တွင် စီနီယာအစ်ကိုကျူးမှာ ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောစရာစကား ပျောက်ဆုံးသွားတော့သည်။ "ဟာ မငိုပါနဲ့"

"အေးပါ အေးပါ။ နင်က အမေတစ်ယောက်ဖြစ်နေပြီလေ။ ဘာဖြစ်လို့ ငိုနေတဲ့ကလေးတစ်ယောက်လို လုပ်နေသေးတာလဲ"

ချန်းချန်းသည် အလျင်အမြန် ရောက်လာပြီး နဥ်ရှောက်ယွင်၏လက်ကို တွဲထားလိုက်ကာ "မေမေ"

နဥ်ရှောက်ယွင်က သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ပြီး ရှက်ရှက်ဖြင့် မျက်လုံးများက မျက်ရည်ကို သုတ်လိုက်ကာ တချို့ရှက်စရာကောင်းသည့် အချက်အလက်များကို ရှင်းပြရလေသည်။

"ဒီနှစ်တွေအတွင်းမှာ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်း မနေနိုင်ခဲ့တာကို ကျွန်မ သိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မက ဒီပန်းချီကားကိုယူပြီး အစ်ကို့ကို လာရှာမယ်လို့ စဉ်းစားထားခဲ့သေးတယ်။ ကျွန်မက နည်းနည်းလေး လျှော့ပေါ့ပြီး အဆူခံရလေမလားဆိုတဲ့ အတွေးနဲ့ပေါ့..."

"ဒါပေမဲ့ ကျွန်မ မထင်ထားခဲ့တာက ပန်းချီကားက ပြီးသွားတဲ့နောက်မှာ သိပ်မကြာခင်မှာပဲ တိတ်တိတ်လေး ယူသွားခံလိုက်ရတယ်လေ..."

ဒီအကြောင်း ပြောလိုက်သည်တွင် နဥ်ရှောက်ယွင်သည် ထိုအချိန်က မျှော်လင့်ချက်မဲ့သွားသည့် စိတ်ခံစားချက်ကို ပြန်သတိရနေသေးရာ သူမ၏အသံက ငိုသံဖြင့် ဆို့နစ်သွားတော့သည်။ "ကျွန်မ အသုံးမကျဘူးလို့ ခံစားရမိခဲ့လို့ အစ်ကို့ကို မဆက်သွယ်ရဲခဲ့ဘူး..."

စီနီယာအစ်ကိုကျူး၏ မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ်သွားပြီး သူက ဒေါသတကြီး ပြောလိုက်၏။

"ပန်းချီကားက အခိုးခံလိုက်ရတာ ဟုတ်လား။ ဘယ်သူက အဲဒီလောက်တောင် အတင့်ရဲတာလဲ။ ငါ့ကို ပြောစမ်းပါ။ ဒီလူယုတ်မာကို ဘယ်သူမှမတွေ့ရအောင် ငါ လုပ်ပစ်လိုက်မယ်"

နဥ်ရှောက်ယွင်က ခါးသက်သက် ပြုံးလိုက်သည်။ "ထားလိုက်ပါလေ၊ သူတို့တွေက ပန်းချီအကြောင်းကို လုံးဝမှ နားမလည်ကြတာပဲ"

စီနီယာအစ်ကိုကျူးက မျက်မှောင်ကြုတ်သွားပြီး "ဒီလိုနဲ့ပန်းချီကားက လေလံပွဲထဲ ရောက်သွားတာပေါ့။ ဘယ်သူက ဒါကို ရောင်းလိုက်တယ်ဆိုတာရော သိလား"

သူကအလွန်မှ ဒေါသကြီးနေသည်ကို မြင်လိုက်ရသဖြင့် နဥ်ရှောက်ယွင်က အလျင်စလို ပြောလိုက်သည်။

"ရပါတယ် ကျွန်မ ပန်းချီကားကို ပြန်ယူလာပြီးပြီ။ ဒီလိုဘယ်တော့မှ ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး"

စီနီယာအစ်ကိုကျူးကလည်း ဖြည်းဖြည်းချင်းမှ သတိပြန်ဝင်လာခဲ့သည်။ နဥ်ရှောက်ယွင်သည် ဒီနှစ်များတွင် ခက်ခဲသည့်အချိန်တစ်ခု ရင်ဆိုင်ခဲ့ရပေမည်။ သူက သက်ပြင်းချလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။ "ပန်းချီဆွဲတဲ့ အခြေအနေရော ဘယ်လိုနေလဲ။ နင် ဘယ်လောက်အထိ ပြန်လည်တိုးတက်လာလဲဆိုတာကို ငါ့ကို ပြပါဦး"

နဥ်ရှောက်ယွင်က ကိုယ်ကိုလှည့်သွားပြီး နံရံပေါ်က စန္ဒကူးပန်းချီကားထည့်ထားသည့် ပုံးထဲမှ အလိပ်တစ်ခုကို ထုတ်ယူလာခဲ့ပြီး စားပွဲရှည်ကြီးပေါ်တွင် ဂရုတစိုက်တင်ထားလိုက်ကာ ဖြည်းဖြည်းချင်း ဖြည်ချလိုက်လေသည်။

စီနီယာအစ်ကိုကျူးက ပန်းချီကားကို ခဏလောက် သေသေချာချာကြည့်လိုက်ပြီးမှ ပြောပြလိုက်၏။

"ဟင် သာမာန်ပါပဲ။ အများကြီး မတိုးတက်လာပါလား"

သူ့စကားဆုံးသွားသည့်နောက်တွင် သူသည် သူ့ခြေထောက်ဘေးက လှုပ်ရှားမှုလေးတစ်ခုကို သတိထားမိလိုက်၏။ သူက ငုံ့ကြည့်လိုက်သည်တွင် လက်လေးကို စားပွဲပေါ်တင်ထားပြီး ခြေဖျားထောက်ကာ ရပ်နေသည့် ကလေးတစ်ယောက်ကို မြင်လိုက်ရလေသည်။ ကလေးက ပန်းချီကားကို တအံ့တဩအကြည့်ဖြင့် ကြည့်နေလေ၏။

သူ့မှာ မနေနိုင်ဘဲ ရယ်မောလိုက်ကာ "ကောင်လေး မင်းက ဒါကို နားလည်လို့လား"

ထိုအခါမှ ရှောင်ဖုန်းသည် သူစိမ်းတစ်ယောက်ဘေးတွင် ရပ်နေမိသည်ကို သတိထားမိလေတော့သည်။ သူက ချက်ချင်းဆိုသလို လန့်ဖြတ်သွားကာ ရှမြန်ဆီသို့ မြန်မြန်ပြန်ပြေးသွားပြီး သူမ၏ခြေထောက်ကို ဖက်တွယ်ထားလိုက်တော့သည်။

...

All Chapters