အပိုင်း(၈၇)
Vol. 6 Ch. 87
ရှမြန်က အနည်းငယ်ရှက်ရွံ့သွားကာ ပြောလိုက်၏။ "မင်္ဂလာပါဆရာ သူက နည်းနည်းလေး ကြောက်တတ်လို့ပါ"
နဥ်ရှောက်ယွင်သည် အခုမှ သတိရလာကာအားလုံးကို အပြန်အလှန် အမြန်မိတ်ဆက်ပေးလိုက်၏။
"ရှမြန် ဒါက ငါ နင့်ကိုပြောပြဖူးတဲ့ အစ်ကိုကျူးယွင်ဟိုင်လေ။ သူက မြို့တော်တက္ကသိုလ် အနုပညာဌာနက ပါမောက္ခတစ်ယောက်ပေါ့"
ထို့နောက်တွင်တော့ သူမက ကျူးယွင်ဟိုင်ကိုပြောလိုက်၏။ "ဒါက ရှမြန်နဲ့ ရှောင်ဖုန်းလေ။ ကျွန်မ အစ်ကို့ကို ဖုန်းခေါ်ချင်တယ်လို့ ပြောတာကလည်း ရှောင်ဖုန်းအတွက် ဆရာတစ်ယောက် ရှာပေးချင်လို့ပါ"
ဒီအချိန်တွင်တော့ သူမက ရှောင်ဖုန်း ဆွဲထားသည့် စာရွက်လေးကို ကောက်ကိုင်လိုက်ကာ ပြောလိုက်လေသည်။
"အစ်ကို ရှောင်ဖုန်းက တကယ် ပါရမီရှင်တစ်ယောက်ပဲ။ ကျွန်မက သူ့ကိုဆွဲချက် ၂ချက်လောက်ပဲ သင်ပေးခဲ့တာ။ သူက သူ့ဟာသူ နားလည်သွားတယ်လေ"
ကျူးယွင်ဟိုင်သည် တအံ့တဩဖြစ်သွားပြီး "တကယ်လား"
သူက ရှောင်ဖုန်းကို လက်ဝှေ့ပြလိုက်ပြီး "ဒီကိုလာပါဦး ကောင်ကလေး"
ရှောင်ဖုန်းသည် တစ်ခုခုကို သဘောပေါက်သွားဟန်တူသည်။ သူက ရှမြန်ကို မော့ကြည့်လိုက်ပြီး ရှမြန်၏ မျက်လုံးထဲကအားပေးသည့် အရိပ်အယောင်ကို မြင်လိုက်ရ၏။ သူက ဖြည်းဖြည်းချင်း ရှေ့သို့လျှောက်သွားလိုက်ကာ တိုးတိုးလေးပြောလိုက်လေသည်။ "စီနီယာအစ်ကိုကျူး"
ကျူးယွင်ဟိုင်မှာ အခိုက်အတန့် မှင်တက်အံ့သြသွားသည်။ နဥ်ရှောက်ယွင်က သတိပြန်ဝင်လာပြီး သူမ၏ ရယ်ချင်စိတ်ကို မျိုသိပ်ထားကာ အလောတကြီး ပြောလိုက်သည်။
"ရှောင်ဖုန်း လိမ္မာတယ်။ သားက သူ့ကို စီနီယာအစ်ကိုလို့ မခေါ်ရဘူး။ သားကသူ့ကို ဆရာလို့ခေါ်ရမှာ"
ကျူးယွင်ဟိုင်သည် နဥ်ရှောက်ယွင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "နင်က ငါ့အတွက် ဘယ်လို အလုပ်ရှာပေးရမလဲဆိုတာ သိသားပဲ"
နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်သည်။ "အစ်ကို ကျွန်မ အစ်ကို့ကို သေချာပေါက် စိတ်မပျက်စေရပါဘူး"
ကျူးယွင်ဟိုင်သည် စိတ်အခြေအနေ ကောင်းမွန်သွားသဖြင့် သူက စုတ်တံစာရွက်နှင့် မှင်တုံးကို အသုံးချကာ ရိုးရှင်းသည့် ကြာပွင့်ပုံစံပန်းချီကားကို ဒီအတိုင်းလက်တန်းဆွဲလိုက်လေသည်။
ရှောင်ဖုန်းမှာ ချက်ချင်းဆိုသလို စိတ်ဝင်စားသွား၏။ ကျူးယွင်ဟိုင်က သူ့ကိုစုတ်တံလှမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "မင်းရော စမ်းပြီးဆွဲကြည့်ချင်သလား ကောင်လေး"
ရှောင်ဖုန်းက ခေါင်းညိတ်ပြကာ စုတ်တံဖြင့် စတင် ပုံဆွဲလေတော့သည်။ အစပိုင်းတွင် အတည်မမှတ်သေးသည့် ကျူးယွင်ဟိုင်သည် ရှောင်ဖုန်း၏ဆွဲချက်တချို့ကို မြင်လိုက်ပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို တလေးတနက် ဖြစ်သွားကာ ရှမြန်ကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်မိလေသည်။
ရှမြန်သည် ပန်းချီပညာနှင့်ပတ်သက်ပြီး အများကြီးမသိချေ။ သို့သော်ငြားလည်း ရှောင်ဖုန်းက သူ၏ လက်သေးသေးလေးထဲတွင် စုတ်တံကိုကိုင်ထားပြီး ရေထဲတွင်စုတ်တံကို နှစ်လိုက်ပြီးနောက် မှင်ထဲတွင် ထပ်ပြီးနှစ်လိုက်ကာ ပန်းချီဆွဲနေသည်ကို မြင်လိုက်ပြီး အတူတူပေါ်ထွက်လာသည့် မှင်များကို စောင့်ကြည့်ရင်း ကြာပန်းပွင့်၏အရိပ်တချို့ ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရ၏။
ကျူးယွင်ဟိုင်က ရုတ်တရက် အော်ရယ်လိုက်၏။ "ရှောက်ယွင် လက်ဆောင်ပေးမဲ့ ပန်းချီကားနဲ့ ယှဉ်ကြည့်ရင် နင့်ရဲ့ပန်းချီကားက ဒီကလေးရဲ့ပန်းချီကားလောက်တောင် သေချာပေါက် မကောင်းတော့ဘူးပဲ"
ရှောင်ဖုန်းက ခေါင်းမော့လိုက်ပြီး ကျူးယွင်ဟိုင်၏မျက်လုံးများက ပြောင်းလဲသွားသည်။ သူက အမြတ်တနိုးဖြင့် လက်ကိုလှမ်းလိုက်ကာ သူ့မျက်နှာသေးသေးလေးပေါ်တွင် ပေနေသည့် မှင်စက်ကို သုတ်ပေးလိုက်ပြီး "ကောင်ကလေး ပန်းချီဆွဲရတာကို ကြိုက်လား"
ရှောင်ဖုန်းက တွေဝေမနေဘဲ ခေါင်းညိတ်ပြသည်။ ကျူးယွင်ဟိုင်မှာ အလွန်မှဝမ်းသာသွား၏။ "ဒါဆိုရင် နောက်ပိုင်းကျရင် ငါ့ဆီက ပန်းချီပညာကို သင်ယူမယ်ဆိုရင်ရော ဘယ်လိုလဲ"
ရှောင်ဖုန်းသည် ရှမြန်နှင့် နဥ်ရှောက်ယွင်တို့ကို လှမ်းကြည့်လိုက်၏။ နဥ်ရှောက်ယွင်က ဝမ်းသာအားရ ပြောလိုက်သည်။ "ရှောင်ဖုန်း သားက ပန်းချီဆွဲချင်နေတာ မဟုတ်လား။ ဒါက အန်တီလေး သားအတွက် ရှာပေးထားတဲ့ဆရာလေ" ခုနတုန်းကလို ရှောင်ဖုန်းက မှားယွင်းခေါ်မိမည် စိုးသဖြင့် သူမက ထပ်ပြောလိုက်လေသည်။
"ဆရာလို့ မြန်မြန်ခေါ်လိုက်ပါဦး"
ရှောင်ဖုန်းသည် အခိုက်အတန့် တွေဝေသွားပြီးမှ ရှမြန်၏ အားပေးနေသည့်အကြည့်ကို မြင်လိုက်သည်တွင် သူက ကျူးယွင်ဟိုင်နှင့် မျက်နှာချင်းဆိုင်တွင် လိမ်လိမ်မာမာ ထရပ်လိုက်၏။
သူက သူ့လက်သေးသေးလေး နှစ်ဖက်ကိုမြှောက်ကာ ဦးညွတ်လိုက်ပြီး ကလေးသံလေးဖြင့် ပြောလိုက်လေသည်။
"ဆရာကြီး ကျေးဇူးပြုပြီးတော့ တပည့်နှုတ်ဆက်တာကို လက်ခံပေးပါ" ထို့နောက်တွင်တော့ သူက ရှမြန်ကို ကြည့်လိုက်၏။
ရှမြန်ကလည်း အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ ချန်းချန်းက သူမကို သတိပေးလိုက်သည်။ "မေမေ ဆရာကြီးကို ကန်တော့တဲ့အခါမှာ လက်ဖက်ရည်ကမ်းပေးရမယ်လေ"
ရှမြန်မှာ နောက်ဆုံးတော့ ဖြစ်ပျက်နေသည့်အရာကို သဘောပေါက်သွားတော့သည်။ သူမက အပြုံးတစ်ခုဖြင့် ရှောင်ဖုန်း၏ခေါင်းကို သပ်ပေးလိုက်ကာ ကျူးယွင်ဟိုင်ကို ရှင်းပြရတော့သည်။ "ကျွန်မ တောင်းပန်ပါတယ် ပါမောက္ခကျူး။ ဒီကလေးတွေက တီဗီဇာတ်လမ်းထဲကအတိုင်း အတုခိုးပြီးတော့ အခုတလော အိမ်မှာ အိမ်လုပ်တမ်း ကစားနေကြတာလေ..."
နဥ်ရှောက်ယွင်ကလည်း ရှောင်ဖုန်းက သူမ၏စကားကို နားလည်မှုလွဲသွားမှန်း သိလိုက်သည်။ ကလေးက ခုနတုန်းက အနည်းငယ် ချီတုံချတုံဖြစ်နေသည်မှာလည်း မဆန်းတော့ချေ။ သူမမှာ မနေနိုင်ဘဲ အော်ရယ်မိတော့သည်။
မောက်ဟွေ့ကျူးသည် သူမ၏အဖေက သရုပ်ဆောင်တစ်ယောက် ဖြစ်လာတော့မည်ဟု သိလိုက်ကတည်းက တီဗီဇာတ်လမ်းတွဲအပေါ် သူမ၏စွဲလမ်းမှုသည် ကြည့်ရုံသက်သက် မဟုတ်တော့ချေ။ နေ့တိုင်း ဇာတ်လမ်းတွဲများကို ကြည့်ရှုပြီးနောက်တွင် သူမက သူတို့ကို စိတ်ကျေနပ်စေရန် သရုပ်ဆောင်ပြချင်သေးသည်။
လတ်တလောတွင် သိုင်းကားဇာတ်လမ်းတွဲက နာမည်ကြီးနေသည်။ မူကြိုကျောင်းသည် သိုင်းလောက၏ သိုင်းပညာအသီးသီးများ ပညာခြင်းဖလှယ်ရာနေရာတစ်ခု ဖြစ်လာပြီး အိမ်ပြန်ရောက်လာသည်တွင်တော့ အိမ်က သိုင်းပညာရှင်များ နေထိုင်ရာ ဂူတစ်ခု ဖြစ်လာလေသည်။ သူမကိုယ်တိုင်က သိုင်းပညာဆရာကြီးတစ်ယောက်လုပ်ကာ ချန်းချန်းကလည်း စိတ်ထဲတွင် လွှမ်းမိုးလိုသည့် လူတစ်ယောက်ဖြစ်သဖြင့် သူကလည်း သေချာပေါက် သူမထက် ဆိုးရွားနေမည် မဟုတ်ချေ။ သူတို့၃ယောက်အကြားတွင် ရှောင်ဖုန်းကသာ တစ်ဦးတည်းသောတပည့်ဖြစ်လာပြီး သူသည် တပည့်တစ်ယောက် ဖြစ်လာသည့်လုပ်ငန်းစဉ်အတွင်းတွင် အင်မတန်မှ ကျွမ်းကျင်တတ်မြောက်လာသည်။
"လက်ဖက်ရည်ခွက် ၂ခု ပျောက်နေတယ်လို့ ဒေါ်ဒေါ်ဝေက ညည်းညူနေတာလည်း မဆန်းတော့ပါဘူး" နဥ်ရှောက်ယွင်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ဧကန္တ ဒါတွေကိုလုပ်တာ နင်တို့ မဟုတ်လား"
ချန်းချန်းက ပြောလိုက်သည်။ "အဲဒါက ရှန်းရှန်တောင်ရဲ့ ဟန်ထန်းဂူထဲမှာရှိတယ်"
လူကြီးတော်တော်များများမှာ မနေနိုင်ဘဲ ရယ်မောကြတော့သည်။ ကျူးယွင်ဟိုင်က ရှောင်ဖုန်း၏ အပြစ်ကင်းစင်သည့်မျက်နှာကို ကြည့်လိုက်ပြီး သူ့ကိုချစ်မြတ်နိုးမိလေသည်။ "ရှောင်ဖုန်း ငါ့ကို ဆရာလို့ပဲ ခေါ်ပါ ဟုတ်ပြီလား"
ရှောင်ဖုန်းက နာနာခံခံဖြင့် ပြောသည်။ "ဆရာ"
"အေး လိမ္မာတဲ့ကောင်ကလေး"
အဖွဲ့က စည်ကားတော့မည်အချိန်တွင် ဒေါ်ဒေါ်ဝေသည် မျက်နှာပေါ်၌ စိတ်ရှုပ်နေသည့် အမူအရာတစ်ခုဖြင့် အပြင်မှဝင်လာကာ သူမနောက်တွင်တော့ ဝတ်စုံပြည့်နှင့်စမတ်ကျသည့် လူငယ်တစ်ယောက် လိုက်ဝင်လာလေသည်။
နဥ်ရှောက်ယွင်က ဇဝေဇဝါဖြစ်သွားပြီး "ဒါကဘာလဲ"
ဒေါ်ဒေါ်ဝေက ပြောလိုက်သည်။ "သူက နဥ်မိသားစု အိမ်ဟောင်းကနေလာတာ။ သူ ပြောတာတော့ နင့်ကို လူကိုယ်တိုင် တွေ့ချင်လို့တဲ့"
လူငယ်လေးက သူ့ကိုယ်သူ ချက်ချင်းမိတ်ဆက်လိုက်သည်။ "မင်္ဂလာပါ မစ္စနဉ်၊ ကျွန်တော်က မစ္စဖန်ရဲ့လက်ထောက် ဖန်ဖုန်းပါ။ အဘိုးရဲ့ မွေးနေ့က လာမဲ့အပတ်ထဲမှာ ကျင်းပမှာပါ။ မစ္စဖန်က ကျွန်တော့်ကို ဖိတ်စာလာပို့ခိုင်းလိုက်လို့ပါ"
သူကဖိတ်စာကို လှမ်းပေးလိုက်သည်နှင့် နဥ်ရှောက်ယွင်က သရော်ကာရယ်မောပြီး ဘာမှတော့ မပြောလိုက်ချေ။ "ကျေးဇူးအများကြီးတင်ပါတယ်။ အချိန်တန်ရင် ကျွန်မ သေချာပေါက် တက်ရောက်ပါမယ်"
လက်ထောက်က ပြုံးလိုက်ပြီး နောက်ထပ်ဖိတ်စာတစ်ခုကို ထုတ်ယူကာ ရှမြန်ကို ပြောလိုက်သည်။
"မစ်ရှ သခင်ကြီးက မင်းက ဟော်မိသားစုရဲ့သခင်လေးကို ကယ်တင်ပေးခဲ့တဲ့အကြောင်း ကြားထားခဲ့တယ်။ သူက မင်းကို အရမ်းကျေးဇူးတင်နေတာ။ ကျေးဇူးပြုပြီးတော့ အချိန်တန်ရင် သေချာပေါက် လာပေးပါဦး"
ရှမြန်ကလည်း ဖိတ်စာကိုလှမ်းယူပြီး ပြောလိုက်သည်။ "ဒါက ကျွန်မအတွက် ဂုဏ်ယူရမဲ့ကိစ္စပါ။ ကျွန်မသေချာပေါက် သွားမှာပါ"
နောက်ဆုံး ထိုနေရာတွင် သူမ အချိန်အကြာကြီး မျှော်လင့်လာခဲ့သည့် ပွဲကြီးပွဲကောင်းတစ်ခု ရှိနေပေသည်။ သူမသည် နဥ်ရှောက်ပိုင်က မည်သို့လုပ်တော့မည်ကို အလွန်မှ သိချင်စိတ်ဖြစ်နေ၏။
လက်ထောက် ပြန်သွားသည့်အချိန်တွင် ကျူးယွင်ဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ "နင့်အဘိုးက သူ့မွေးနေ့အတွက် ဘာဖြစ်လို့ အထူးတလည်ကြီး နင်တို့ကို ဖိတ်စာလာပေးနေတာလဲ။ သူက နင်တို့ကို မိသားစုခွဲထားတဲ့ဆွေမျိုးတွေလိုများ သဘောထားနေတာလား။ နဥ်မိသားစုမှာ ဘာတွေဖြစ်နေတာလဲ"
နဥ်ရှောက်ယွင်က ပြုံးကာ ပြောလိုက်သည်။ "ဘာမှတော့ မဟုတ်ပါဘူး။ အဘိုးက ပြောတယ်လေ။ သူ့မွေးနေ့ပါတီမှာ နဥ်မိသားစုရဲ့ဆက်ခံသူကို ကြေညာပြီး တစ်ချိန်တည်းမှာပဲ ပိုင်ဆိုင်မှုတွေကို ခွဲပေးမယ်တဲ့"
"ဒီတော့ နင့်မောင်လေးက မိသားစုခေါင်းဆောင် ဖြစ်လာတော့မှာလား" ကျူးယွင်ဟိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အချိန်အကြာကြီး စဉ်းစားလိုက်ပြီးမှ "သူဌေးဖန်က... နင့်အဘိုးက နင့်အဖေကို အတင်း လက်ထပ်ခိုင်းခဲ့တဲ့သူက ဖန်ရှို့ကျစ် မဟုတ်လား"
နဥ်ရှောက်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ ကျူးယွင်ဟိုင်သည် ခေါင်းမခါဘဲမနေနိုင်အောင် ဖြစ်ရတော့သည်။
"ချွေးမတစ်ယောက်က မျိုးဆက်၃ဆက်ကို လက်ဆင့်ကမ်းပေးလာနိုင်တယ်လို့ ပြောကြပေမဲ့ နင့်အဘိုးကတော့ ချွေးမဆိုးတစ်ယောက်နဲ့ လက်ထပ်ပေးခဲ့တာပဲ"
"ဖန်မိသားစုက ငွေကိုပဲ ဦးစားပေးတာလေ။ ငွေရှိရင် ဘာမဆို လုပ်နိုင်တော့မဲ့အတိုင်းပဲ။ သူတို့တွေက နင့်မိဘတွေရဲ့ မိတ်ဆွေဟောင်းတွေ အားလုံးကိုလည်း အထင်အမြင်သေးကြပြီး အရမ်းကိုမောက်မာ ထောင်လွှားကြတာပဲ"
ဒီအချိန်တွင် သူက နဥ်ရှောက်ယွင်၏ပခုံးကိုပုတ်ပေးကာ ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့။ အချိန်တန်ရင် ငါ နင့်ကို ထောက်ပံ့ပေးပါမယ်"
နဥ်ရှောက်ယွင်သည် သူမစီနီယာအစ်ကို၏ ချစ်ခင်မြတ်နိုးခဲ့ဖူးသည့် လွတ်လပ်ပေါ့ပါးသည့် အချိန်သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး ဝမ်းသာအားရပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"
ရှမြန်က ရုတ်တရက် ပြောလိုက်သည်။ "အဲဒီလူက ဒေါက်တာနဥ်ကို ဖိတ်စာမပေးသွားဘူးပဲ။ ဧကန္တ သူက ဖိတ်စာကို ကိုယ်တိုင်ဆေးရုံကို သွားပို့ပေးမလို့လား"
နဥ်ရှောက်ယွင်မှာ မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားသည်။ "ဒါဆိုရင်တော့ သူက ပြဿနာကို မီးထွန်းရှာနေတာပဲ"
နဥ်ရှောက်ပိုင်သည် တစ်စက်ကလေးမှ အဆုံးအရှုံးခံသည့်သူ မဟုတ်ချေ။
ရှမြန်သည် နဥ်ရှောက်ပိုင်က လက်ထောက်ကိုမည်သို့ ဖြေရှင်းမည့်အကြောင်းကို သိချင်စိတ်ဖြစ်နေရာ ညနေခင်းတွင် သူ့အိမ်တံခါးသို့သွားပြီး သူ့ကိုစောင့်ဆိုင်းနေတော့သည်။
မှောင်လာသည့်အချိန်တွင် အမျိုးသားတစ်ယောက်က ကုတ်အင်္ကျီအဖြူကို ဝတ်ထားဆဲဖြစ်ကာ အေးအေးလူလူ လမ်းလျှောက်ပြန်လာသည်ကို မြင်လိုက်ရသည်။ သူမက သူ့ကိုလှမ်းထားလိုက်ပြီး မေးလိုက်၏။ "ရှင့်အဘိုးရဲ့ မွေးနေ့ပွဲကို သွားဖို့ဖိတ်စာရခဲ့လား"
နဥ်ရှောက်ပိုင်က ပြောသည်။ "မရပါဘူး"
"ဟင် ဒါဆိုအဲဒီလက်ထောက်ရော "ရှမြန်က နားမလည်သလို မေးလိုက်သည်။
နဥ်ရှောက်ပိုင်က သူခေါင်းလေးကို စောင်းလိုက်ကာ ခဏလောက် စဉ်းစားလိုက်ပြီး
"ခွဲခန်းအပြင်ဘက်မှာ စောင့်နေသေးတာ ဖြစ်ချင်ဖြစ်မှာပေါ့"
ရှမြန်က အော်ရယ်တော့သည်။ "ရှင်ဟာလေ အရမ်းအကျင့်ပုတ်တာပဲ"
ဖန်ရှို့ကျစ်သည် သူမ၏ပါဝါကို ကြွားလုံးထုတ်ချင်သဖြင့် သူမ၏လက်ထောက်ကို ဖိတ်စာအား ကိုယ်တိုင် လိုက်ပို့ခိုင်းလေသည်။
သို့သော်ငြားလည်း ဆရာဝန်က ခွဲခန်းထဲသို့ ဝင်သွားသဖြင့် ဘယ်အချိန်ထွက်လာမည်ဆိုတာ မည်သူမှမသိချေ။
လက်ထောက်ကတော့ ဖိတ်စာကို မပေးခဲ့ရမည်စိုးသဖြင့် စောင့်စားရင်း ကျန်နေပေတော့မည်။ သို့သော်ငြားလည်း သူသည် မည်မျှကြာကြာ စောင့်ဆိုင်းနေရမည်ကိုတော့ မသိခဲ့ချေ။ နဥ်ရှောက်ပိုင်၏အမူအရာကို ကြည့်လိုက်သည်တွင် သူသည် ဖိတ်စာကို အမှန်တကယ် မရခဲ့လေသည်မှာ ထင်ရှားသည်။
နဥ်ရှောက်ပိုင်သည် စိတ်ကြီးလေသည်။ လက်ထောက်ကလည်း ၃ရက်ဆက်တိုက် သူ့ကိုရှာဖွေဖို့ ကြိုးစားသော်ငြားလည်း တစ်စုံတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ချေ။
သူသည် ညဘက်ရောက်လာသည့်အချိန်တွင်လည်း နဥ်ရှောက်ပိုင်က တံခါးမဖွင့်ပေးခဲ့ချေ။ သူသည် မနက်ပိုင်းတွင် ရောက်လာပြန်တော့လည်း နဥ်ရှောက်ပိုင်က ဆေးရုံသို့ သွားနှင့်ခဲ့ပြီဖြစ်သည်။ ဆေးရုံသို့ ရောက်လာသည်တွင် နဥ်ရှောင်ပိုင်က အစည်းအဝေးခန်းမထဲတွင် သို့မဟုတ် ခွဲခန်းထဲတွင်သာ ရှိနေလေသည်။
မွေးနေ့ပွဲက နီးကပ်လာသည်ကို တွေ့ရသဖြင့် လက်ထောက်မှာ နောက်ဆုံးတော့ ရှမြန်မှ တစ်ဆင့်သာ ပေးခိုင်းရတော့သည်။
ရှမြန်သည် ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ပြီး နဥ်ရှောက်ပိုင်ကို ဖိတ်စာလှမ်းပေးလိုက်၏။
"အဲဒီလက်ထောက် ဘယ်လောက်အထိ ရှက်ရွံ့နေလဲဆိုတာ ရှင် မတွေ့လို့နော်။ တကယ်လို့ သူသာ ဖန်ရှို့ကျစ်ကို ပြောမယ်ဆိုရင် သူကတော့ သေချာပေါက် ဒေါသထွက်နေတော့မှာပဲ"
နဥ်ရှောက်ပိုင်က ဖိတ်စာကိုဒီအတိုင်း ကောက်ကိုင်ကြည့်လိုက်ပြီး တစ်ချက်လောက် ဖွင့်ကြည့်လိုက်သည်။ "သူက ဒီလိုကိစ္စသေးသေးလေးနဲ့ ဒေါသထွက်မယ်ဆိုရင်တော့ ဒေါသထွက်ရလွန်းလို့ မွေးနေ့ပွဲရောက်တဲ့အချိန်ကျရင် အကြိမ် ၈ရာလောက် သေနေပြီးလောက်ပြီပေါ့။ ဟုတ်တယ်မလား"
မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေ့တွင် တစ်စုံတစ်ခုက ဖြစ်ပွားပေတော့သည်။
...