အပိုင်း(၈၈)
Vol. 6 Ch. 88
အဘိုးကြီး၏ မွေးနေ့ညစာစားပွဲ ရောက်သည့်နေ့တွင် နဥ်ရှောက်ယွင်သည် မနက်စောစောတွင် ရှမြန်ကိုခေါ်ကာ ဆံပင်သွားပြုပြင်လေသည်။
အမှန်တွင်တော့ နဥ်ရှောက်ယွင်က အဓိကလုပ်ခြင်းပင်။ ရှမြန်က ထိုမျှလောက် ဆံပင်တိုတိုလေးရှိနေပြီး ဒီနေ့တွင် ဦးထုပ်မဆောင်းနိုင်သဖြင့် ဆံပင်ညှပ်ဆရာကို သူမ၏ထောင်နေသည့် ဆံပင်အားလုံးကို ဖြောင့်တန်းပြီး ပိုပြီးအားအင်တက်ကြွနေသယောင်ဖြစ်အောင် ညှိခိုင်းလိုက်သည်။
နဥ်ရှောက်ယွင်က အနီရောင်ဇီးသီးပန်းထိုးထားသည့် မိတ်ကပ်ရောင် ဘေးဖုံးချီပေါင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားရာ ထိုအရာက သူမ၏ခန္ဓာကိုယ်ကို ပိုပြီးကျက်သရေရှိအောင် ဖြစ်စေလေသည်။
ရှမြန်က သရေများကျတော့မတတ် သူမကို ငေးကြည့်နေမိ၏။ နဥ်ရှောက်ယွင်သည် သူမ၏ရုပ်ကြောင့် သဘောကျသွားပြီး ကျီစယ်လိုက်၏။ "နင်ဟာလေ ဘာဖြစ်လို့များ လူယုတ်မာတစ်ယောက်နဲ့ ဆင်နေရတာလဲ"
ရှမြန်က မျက်လုံးများကို ကျဉ်းထားလိုက်ပြီး ထရပ်လိုက်ကာ ကရော်ကမြည်ဖြင့် သူမ၏လက်ကိုလှမ်းဆွဲပြီး ပြောလိုက်၏။ "အစ်မနဥ်လို မိန်းမလှလေးတစ်ယောက်ရဲ့ရှေ့မှာ ကျွန်မက ဝံပုလွေလို မပြောင်းသွားဘူးဆိုရင် အစ်မရဲ့အလှအပအပေါ် မလေးစားရာကျနေတော့မှာ မဟုတ်လား"
"လူမိုက်စကားကိုလေ ဒီလိုရှင်းပြတာ ကြားဖူးတာ ပထမဦးဆုံးအကြိမ်ပဲ" ရုံရှင်းက ရယ်သံကြီးတစ်ခုဖြင့် လျှောက်ကာဝင်လာသည်။ "အစ်ကိုပိုင်က ပြောတယ်လေ။ မင်းက အမြဲတမ်း မှန်တယ်တဲ့။ ဟုတ်သားပဲ မင်းကမှန်နေသားပဲ"
ရုံရှင်းသည် ပလေးဘွိုင်းတစ်ယောက်လို ဝတ်စားဆင်ယင်ထားသည်။ သူသည် ရှမြန်၏ အဝတ်အစားကို မြင်လိုက်ချိန်တွင် မနေနိုင်ဘဲ လေချွန်ပြီးတော့သည်။ "၀ိုး ဒါက တကယ်ကောင်းတဲ့ ဝမ်းဆက်ပဲ။ ဘယ်သူ ဒီဇိုင်းထုတ်ထားတာလဲ။ ငါတို့တွေ သူ့ကို ငါတို့ကုမ္ပဏီရဲ့ စတိုင်လစ်တစ်ယောက်အနေနဲ့ ခေါ်လို့ရတယ်။ တကယ် အံ့သြစရာကောင်းတာပဲ"
ဒီတစ်ကြိမ်သည် ပြီးခဲ့သည့်တစ်ခေါက်က သခင်မကြီးဟော်နှင့် သွားတွေ့သည်တစ်ကြိမ်နှင့် မတူချေ။ ရှမြန်ကလည်း သူမကိုယ်သူမ သားနားသည့် ပုံရိပ်တစ်ခုဖြစ်အောင် လုပ်ထားသည်။ သူမသည် နတ်သမီးတစ်ယောက် မဖြစ်နိုင်တော့သဖြင့် ဆံပင်တုလည်း မဝတ်ချင်တော့ပေ။ သူမသည် ပုံမှန်လမ်းစဉ်အတိုင်းသာ လိုက်ရပေတော့မည်။
ရှပ်အင်္ကျီပွပွက သူမ၏ပေါင်အထိရောက်နေပြီး အလယ်တွင် ခါးပတ်သေးသေးလေးတစ်ခုဖြင့် ချည်ထားသည်။ ထိုခေတ်အခါတွင် အသားကပ်ဘောင်းဘီ မရှိသေးချေ။ ထို့ကြောင့် သူမက အနက်ရောင် ကွာတားဘောင်းဘီတစ်ထည်ကို ဝတ်ဆင်လိုက်ပြီး ဘွတ်ဖိနပ်တစ်ရံဖြင့်တွဲကာ ဝတ်ထားလိုက်သည်။ သူမက ရှပ်အင်္ကျီ၏ ကော်လံကို တင်းနေအောင် စေ့ထားပြီး ပိုးသားလည်စည်း ပုဝါငယ်လေးတစ်ခုဖြင့် ဖဲပွင့်ပုံ ချည်ထားလိုက်သည်။
သူမ၏ဆံပင်တိုတိုနှင့် တွဲလိုက်သည်တွင် သူမသည် မိမိုက်သည့်ဟန်ဖြစ်နေပြီး သာမာန်ဖြစ်သော်ငြားလည်း မိန်းကလေးဆန်ဆန် ပုံစံလေးဖြစ်နေကာ ဆွဲဆောင်မှု ရှိနေတော့သည်။
နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်၏။
"ရှမြန်က အဲဒါတွေကို သူ့ဟာသူ လုပ်ထားတာလေ။ မလှဘူးလား။ စတိုင်လစ်ကတောင်မှ သူ့ကို အကြံပြန်တောင်းနေရသေးတယ်။ သူသာ စိန်နားကပ်တစ်ရံလောက် ထပ်ပြီးဖြည့်လိုက်မယ်ဆိုရင် ပိုပြီးတော့တောင် ကောင်းသွားအုံးမှာ။ ဒါပေမဲ့ သူ့မှာနားပေါက်မရှိတာတော့ နှမြောစရာပဲ"
ပြောရင်းဆိုရင်းပင် စတိုင်လစ် သည်ရောက်လာပြီး သူမလက်ထဲတွင် ကပ်နားကပ်တစ်စုံကို ကိုင်လာကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "မစ်ရှရဲ့တွဲစပ်ပုံက တကယ်ကို အရမ်းရဲတင်းလှပါတယ်။ ကျွန်မကတော့ တကယ် အသိဉာဏ်ပွင့်သွားပြီ။ တကယ်လို့ ရှင့်မှာ နားပေါက်မရှိဘူးဆိုရင် ဒါကို အစားထိုးသုံးမယ်ဆိုရင်ရော"
စတိုင်လစ်၏အမြင်က တော်တော်လေးကို ကောင်းမွန်ပေသည်။ ရှမြန်က အလယ်အလတ်အရွယ် နားကပ်ကိုလှမ်းယူကာ တပ်လိုက်၏။
ရုံရှင်းက လေချွန်လိုက်ပြီး လက်မထောင်ပြလိုက်သည်။ "လှသွားပြီ"
ပြောရင်းဆိုရင်းဖြင့် သူက အကြောင်းအရာကို ပြန်ပြောပြနေသည့် နဥ်ရှောက်ပိုင်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "ဟုတ်တယ်နော် အစ်ကိုပိုင်"
နဥ်ရှောက်ပိုင်သည် ဒီနေ့တော့ ဝတ်စုံပြည့်ဝတ်ဆင်ထားကာ အနက်ရောင်ပက်အစင်းကွက်ပါသည့် ခဲပြာရောင်ကို ဝတ်ဆင်ထားကာ ဒါက သူ့ပခုံးကို ပိုပြီးကျယ်လာပြီး သူ့ခြေထောက်ကိုပိုပြီး ရှည်လာသယောင် ဖြစ်စေသည်။ ဒါသည်"ငါ့ကို အလွယ်တကူ လာရှုပ်လို့မရဘူး" ဟူသည့် အရောင်အဝါကို အထူးတလည်ထုတ်ပြနေပြီး သူသည် အေးစက်ပြီး သြဇာအရှိန်အဝါရှိသည့် သူဌေးကြီးတစ်ယောက်နှင့် တူနေလေသည်။
သို့သော်ငြားလည်း သူသည် အမှန်ပင်ခံ့ညားလှ၏။
နဥ်ရှောက်ပိုင်က ရှမြန်ကို လှမ်းကြည့်လိုက်ပြီး လေးပင့်စွာ ပြောလိုက်၏။ "ဘာလဲ၊ မင်းလည်း ငါ့အလှတရားကို လေးစားသင့်တယ်မလား"
ရှမြန်က သူမကိုယ်သူမ သတိပြန်ဝင်လာအောင် ခေါင်းခါလိုက်၏။ သူက သြဇာအရှိန်အဝါရှိတဲ့ သူဌေးတစ်ယောက် မဟုတ်ပါဘူး။ သူက ငါ့ရဲ့ ညီအစ်မကောင်းလေးလေ။
ထို့ကြောင့် ညီအစ်မကောင်းတို့၏ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်ကာ သူမက ပြုံးပြီး ပြောလိုက်လေသည်။ "ကျွန်မ အထင်တော့ ကျွန်မတို့တွေ အပြန်အလှန် လေးစားနိုင်ပါတယ်"
နဥ်ရှောက်ပိုင်က သူ့ကို မျက်စောင်းဖြင့် ကြည့်လိုက်၏။
"မင်းက ဘာဖြစ်လို့ လေးစားဖို့ ထိုက်တန်ရမှာလဲ" သူက သူမကို ခေါင်းအစခြေအဆုံး ကြည့်လိုက်၏။ "အိုး ဒီဆံပင်ပုံစံက အရမ်းကို လေးစားစရာကောင်းပြီးတော့ အရမ်းကို စိတ်အားတက်ကြွစေတာပဲ"
ထိုသို့ ပြောလိုက်ပြီးနောက်တွင် သူက မြန်မြန်လှည့်ကာ ထွက်သွားတော့သည်။
ရှမြန်သည် အလွန်မှ ဒေါသထွက်သွားသဖြင့် သူ့နောက်က လိုက်ပြေးသွား၏။ "ရှင် သတ္တိရှိရင် ထွက်မပြေးနဲ့လေ။ ရှင် ကျွန်မကို ချီးကျူးလိုက်ရင် သေသွားမှာမလို့လား"
ရုံရှင်းက ကားထဲသို့ မြန်မြန်ဝင်ပုန်းနေသည့် နဥ်ရှောက်ပိုင်ကို လည်ပင်းဆန့်ကာ လှမ်းကြည့်လိုက်ပြီး ခေါင်းခါလိုက်တော့သည်။ "ဒါက ငါ့ရဲ့ သွေးအေးတဲ့အစ်ကိုပိုင်မှ ဟုတ်သေးရဲ့လား"
နဥ်ရှောက်ယွင်က သူမ၏ပါးစပ်ကို အုပ်ထားလိုက်ကာ ရယ်မောလိုက်တော့သည်။
နဥ်မိသားစု၏အိမ်တော်သည် မြို့၏အရှေ့ပိုင်းတွင် တည်ရှိသည်။ ဒါသည် သခင်မကြီးဟော် နေထိုင်သည့်အိမ်ယာဝင်းထက်ပင် အများကြီးပိုပြီး ကျယ်ပြန့်သည်။ ခြံဝင်းကို အပြာရောင် ကျောက်ပြားများဖြင့် ခင်းထားကာ တစ်ဖက်တစ်ချက်တွင်လည်း ကြီးမားသည့် မြက်ခင်းကြီးရှိသည်။ ဒါသည် နောက်ပိုင်းမျိုးဆက်များတွင် အိမ်တော်များထဲမှာ သုံးသည့် အငွေ့အသက်တချို့ပင် ရှိနေသေးသည်ဖြစ်ရာ ဒီနေ့ခေတ်တွင်တော့ အလွန်မှ ခမ်းနားနေသေးသည်။
ဒီအခိုက်အတန့်တွင် ခြံဝင်း၏နေရာတိုင်း၌ ရှည်လျားသည့်စားပွဲများကို ချထားပြီးစားပွဲပေါ်တွင် ကိုယ်တိုင်ယူစနစ်ဖြင့် စားသောက်နိုင်သည့်အသီးများ၊ မုန့်ပဲသရေစာများ၊ သောက်စရာများကို ခင်းကျင်းထားသည်။ လူအများအပြားကလည်း မျက်နှာပေါ်တွင် လေးစားသည့် အမူအရာများဖြင့် ဝင်လာကြသည်။
ဖန်ရှို့ကျစ်သည် ဧည့်သည်များကို ဧည့်ခံရင်း အလုပ်များနေ၏။ သူမသည် သူမ၏ဆံပင်ကိုအမြင့်ထုံး ထုံးထားကာ လှိုင်းထနေသည့် ဆံပင်၂ချောင်းကိုတော့ သူမ၏နားအနောက်တွင် ဖြန့်ချထားလေသည်။ ဒီခေတ်အခါတွင် အလွန်မှ ရေပန်းစားလှသည့် ဆံပင်ပုံစံတစ်ခုပင်။ သူမသည် ခန္ဓာကိုယ်နှင့် တစ်သားတည်းကျအောင် ချုပ်ထားသည့် ကြက်သွေးရင့်ရောင် ဂါဝန်တစ်ခုကို ဝတ်ဆင်ထားကာ ပုလဲရတနာတစ်စုံကို ဝတ်ဆင်ထားသဖြင့် သူမကို ပိုပြီးလုပ်ရည်ကိုင်ရည်ရှိကာ ကျော့ရှင်းအောင်ဖြစ်နေစေသည်။
"ဒါက တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ အခမ်းအနားတစ်ခုပဲ။ မစ္စဖန်ဆီကနေ လေ့လာထားပြီး နောက်တစ်ခါ ညစာစားပွဲလုပ်တဲ့အချိန်ကျရင် တစ်ပုံစံတည်းပဲ လုပ်ရအောင်"
ဒီခေတ်အခါတွင် အနောက်တိုင်းယဉ်ကျေးမှုကို အားကျရသည့် အကြောင်းအရင်းမှာ လူများသည် ဒီအသစ်ထွက်လာသည့် ယဉ်ကျေးမှုအကြောင်းကို မသိသလောက်ဖြစ်ပြီး အသစ်အဆန်းဖြစ်ခြင်းနှင့် လျှို့ဝှက်ဆန်းကျယ်ခြင်းက လူများကို ဆွဲဆောင်ထားခြင်းကြောင့်ပင်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်များဝင်မလာခင်တွင် အနောက်တိုင်းပုံစံ ဘူဖေးညစာစားပွဲပုံစံက အမှန်ပင် အသစ်အဆန်း ဖြစ်လေသည်။
ဖန်ရှို့ကျစ်သည် ဒီအတွက်ကြောင့် အလွန်မှ ဂုဏ်ယူနေသည်မှာ သိသာသည်။ "ဒါက ပြဿနာမဟုတ်ပါဘူး။ မစ္စတာဝေ ဒါက ရိုးရှင်းတဲ့ပုံပေါက်နေလို့တော့ အထင်မသေးလိုက်နဲ့နော်။ ဒါက လုပ်ရတာ အားထုတ်မှု အများကြီးထည့်ရတယ်။
ပထမဦးဆုံးအနေနဲ့ အချိုပွဲလုပ်ပေးတဲ့ စားဖိုမှူးတစ်ယောက်ကို ရှာဖွေရတာ မလွယ်ဘူးလေ။ နောက်ပြီးတော့ စားပွဲပေါ်မှာ ဘယ်ရှမ်ပိန်ကို ဘာနဲ့တွဲရမယ်ဆိုတာရယ်။ လင်ဗန်းကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ဟာကို အထူးလေ့ကျင့်ထားတဲ့ ဝိတ်တာတွေ ရှိဖို့လိုသေးတယ်"
"ဘာဖြစ်လို့များ ဒါက အဲဒီလောက်အထိ ဗာဟီရများရတာလဲ" အားလုံးက တအံ့တဩဖြစ်သွားသည်။ ဖန်ရှို့ကျစ်က ဒါကို အခွင့်ကောင်းယူကာ သူမ ဘေးတွင်ရပ်နေသည့် နဥ်ရှောက်ယန်ကို လှမ်းကိုင်လိုက်ပြီးပြောလိုက်သည်။
"ဒါတွေအားလုံးကို ကျွန်မတို့ရဲ့ရှောက်ယန် ကိုယ်တိုင် လုပ်ထားပေးတာလေ။ သူက နိုင်ငံခြားမှာ နှစ်အနည်းငယ်လောက် ကျောင်းသွားတက်ခဲ့တာ မဟုတ်လား။ သူ နိုင်ငံခြားမှာ သူငယ်ချင်းတွေအများကြီး ဖွဲ့ခဲ့တယ်လေ။ ဒီတစ်ခါ ဒါက သူ့အဘိုးရဲ့ အသက်၇၀ပြည့်မွေးနေ့ ဆိုတော့ သူလည်း သူ့ရဲ့သိတတ်မှုကို ပြသရအုံးမှာပေါ့"
တစ်စုံတစ်ယောက်က အားကျစိတ်ဖြင့် သူ့ကို ချက်ချင်းချီးမွမ်းလိုက်၏။ "မင်းက တကယ့်ကိုထူးချွန်တဲ့ နိုင်ငံခြားပြန်တစ်ယောက်ပဲ။ မင်းက အခုမှ အသက်၂၀ပဲ ရှိသေးတယ်။ နောက်ဆိုရင် အများကြီး တိုးတက်လာဦးမှာပဲ။ မစ္စတာ ဖန်"
"မစ္စဖန်"
"ကျွန်တော် ကြားထားတာတော့ ခင်ဗျားက ချန်ပေ ပရောဂျက်မှာ စပြီးတော့ ပါဝင်နေပြီဆို။ ခင်ဗျားတို့မိသားစုက လျှပ်စစ်ပစ္စည်းလုပ်ငန်းကို စိတ်မဝင်စားတော့ဘူးလား။ ဒါက နည်းပညာ ငှားရမ်းတဲ့ လုပ်ငန်းတစ်ခု မဟုတ်လား။ ဒါက မလွယ်ဘူးနော်"
ဖန်ရှို့ကျစ်သည် ပါးစပ်နားရွက် တက်ချိတ်သည်အထိ ပြုံးနေတော့သည်။ "သူက ကျောင်းတက်ပြီး ပြန်လာတဲ့နောက်ပိုင်း အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်လေ။ ကျွန်မကလည်း သူ့ကို အတွေ့အကြုံတချို့ ရစေချင်တယ်။ နောက်ဆုံး နိုင်ငံခြားတိုင်းပြည်တွေမှာက တိုးတက်တဲ့စိတ်ကူးတွေ ရှိတယ်မဟုတ်လား။ ကျွန်မကလည်း သူ့အရည်အချင်းတွေကို မြင်ချင်သေးတယ်လေ"
"ရှင်တို့သိတယ်မလား။ စာမေးပွဲအောင်ဖို့ ကြိုးစားတာနဲ့တင်ကို တန်နေပါပြီ။ သူ လေ့လာခဲ့တဲ့ ပညာရပ်တွေကလည်း တကယ်ကို ကွာခြားလှတယ်လေ။ ရှင်တို့သိပါတယ်။ အစောပိုင်းက စတော့ရှယ်ယာတွေ၊ ချန်ပေ ပရောဂျက်တွေ၊ ဟိုင်နန်က အိမ်ခြံမြေကိစ္စတွေ။ ဒါတွေအားလုံးကလည်း သူ့စိတ်ကူးတွေလေ"
ဒီစကားကို ကြားလိုက်သည့်သူများသည် မနေနိုင်တော့ဘဲ ဝိုင်းအုံလာကျတော့သည်။ ဒီအကြောင်းအရာများသည် လက်တလောတွင် လူများ၏အာရုံကို ဆွဲဆောင်ထားသည့်အရာ ဖြစ်လေသည်။
"ခင်ဗျားတို့မိသားစုတွေ ဟိုင်နန်မှာ ငွေကြေးရင်းနှီးမြှုပ်နှံထားသေးတာလား" တစ်စုံတစ်ယောက်က မေးလိုက်သည်။ "အခု စျေးက အရမ်းကို တက်သွားတာနော်။ ၁ပတ်လောက်နေတာနဲ့ ၂ဆလောက် ဖြစ်သွားနိုင်တယ်။ အစတုန်းက ကျွန်တော် ဒါကိုဝယ်ဖို့ စိုးရိမ်နေတာ။ အခုတော့ ကျွန်တော် ဝယ်ချင်တာတောင်မှ မဝယ်နိုင်တော့ဘူးလေ"
ဖန်ရှို့ကျစ်သည် သူမ၏ဂုဏ်ယူနေသည့်ခံစားချက်ကို မျိုသိပ်ဖို့ကြိုးစားကာ ပြောလိုက်၏။ "ဒါကလည်း ရှောက်ယန်ရဲ့ ကျေးဇူးကြောင့်ပေါ့။ အမှန်အတိုင်းပြောရရင် မြေစျေးက အဲဒီအချိန်တုန်းက အရမ်းတက်နေတာ။ ကျွန်မကလည်း စိုးရိမ်နေပါသေးတယ်။ နိုင်ငံခြားတိုင်းပြည်တွေက ဘယ်လိုလုပ်ပြီး တိကျတဲ့ခန့်မှန်းချက်တွေကို လုပ်နိုင်မှာလဲ။ ရှောက်ယန်က တွက်ချက်တာတွေ ပြုလုပ်ပြီး ဒါက ဝယ်ဖို့ အဆင်ပြေတယ်လို့ ကျွန်မကိုပြောတော့ ကျွန်မလည်း အံကြိတ်ပြီးတော့ ရင်းနှီးမြှုပ်နှံလိုက်တာပေါ့။ အခုကြည့်လေ စျေးက ၃ဆတောင်ဖြစ်သွားပြီ"
နောက်တစ်ချီ ချီးမွမ်းစကားသံများ ထွက်လာပြီး ဒါကို မကျေနပ်ကြသည့်လူများက ပြောလိုက်လေသည်။ "စတော့စျေးက လတ်တလောမှာ လုံးဝကိုထိုးကျနေတာ မဟုတ်လား။ ဒါကိုဝယ်တုန်းက စျေးပေါခဲ့သေးတယ် မဟုတ်လား"
"ဒါကိုဝယ်တုန်းက စျေးပေါမှာ မဟုတ်ဘူးနော်"
ဖန်ရှို့ကျစ်က အေးအေးလူလူ ပြုံးပြလိုက်သည်။ "ရှင်တို့တွေ ဒီအကြောင်း မသိလို့ပါ ဟုတ်တယ်မလား။ စတော့ဝယ်တုန်းက စျေးကျတဲ့အချိန်မှာ ဝယ်ရတာလေ။ ဈေးတက်တဲ့အချိန်မှာ ဝယ်ရတာ မဟုတ်ဘူး။ စျေးက အတက်အကျဖြစ်နေတာ ပုံမှန်ပါပဲ။ စျေးကျတာကလည်း အချိန်ကိုက်ပါပဲ။ ရှောက်ယန်က ကျွန်မကို အများကြီးထပ်ဝယ်ခွင့် ပေးထားတယ်လေ။ ဒါက ကျွန်မရဲ့ကုန်ကျစရိတ်ကို လျှော့ချပေးတာပေါ့"
"အို ဒါတွေက ဘာမှမဟုတ်ပါဘူး" ဖန်ရှို့ကျစ်သည် မနေနိုင်ဘဲ အသံထွက်ကာ ရယ်လိုက်လေသည်။
"ရှင်တို့တွေ မော့ဟယ်ဖုန်းကုမ္ပဏီအကြောင်းကို ကြားဖူးတယ် မဟုတ်လား"
"ကျွန်တော် အဲဒီအကြောင်းကို ကြားဖူးတယ်လေ။ ဒါက မိုဘိုင်းလ်ဖုန်းထက် အများကြီး ပိုကောင်းတယ်တဲ့။ စမ်းသပ်ထုတ်ကုန်အနေနဲ့ အခုဆိုရင် ပစ္စည်းတချို့တောင်မှ ထွက်လာတယ်လို့ ကျွန်တော်ကြားထားတယ်" သတင်းစုံသည့် လူတစ်ယောက်က ပြောလိုက်သည်။ "သူတို့တွေကို တရားဝင်ရောင်းချဖို့ဆိုရင် နောက်ထပ်နှစ်ဝက်လောက် အချိန်ယူရလိမ့်ဦးမယ်"
"ကျွန်တော် ကြားထားတာတော့ ဒီပစ္စည်းကို နိုင်ငံခြားသွားလိုက်တဲ့ တရုတ်ကျောင်းသားတချို့က တီထွင်ခဲ့တာတဲ့။ အခု သူတို့က တရုတ်ကိုပြန်လာပြီး ကုမ္ပဏီတစ်ခု စဖွင့်နေတယ်။ အထက်လူကြီးတွေကလည်း ဒီကိစ္စကို အာရုံစိုက်နေကြတယ်"
ဖန်ရှို့ကျစ်က ပြောလိုက်သည်။ "ရှင်က ဒါကို အတည်လို့ မထင်ဘူးလား။ ဒါရိုက်တာချီက ဒါအတွက်ပဲ ဒီနေ့ ဒီကိုလာမှာလေ"
"သူတို့တွေကို သွားမတွေ့နိုင်တာက အမြဲတမ်း ကျွန်မတို့တွေ ဖြစ်ခဲ့တာပဲ။ ဒီတော့ သူတို့တွေက ဘယ်လိုလုပ်ပြီး ကျွန်မတို့ကို ပြန်လာရှာမှာလဲ"
လူအုပ်ကြီးသည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားကြလေသည်။
"မစ္စဖန် ကျေးဇူးပြုပြီးတော့ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော့်ကို ပြောပြပါဦး"
ဖန်ရှို့ကျစ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်၏။ "သုတေသနလုပ်ပြီး ထုတ်လုပ်မှုတွေ လုပ်နေတယ်ဆိုတဲ့ နိုင်ငံခြားကျောင်းသားတွေက ရှောက်ယန်ရဲ့ စီနီယာအစ်ကိုတွေလေ။ ကျွန်မ ဒီနေ့သူတို့ရဲ့ ခေါင်းဆောင်တွေကိုလည်း ဒီကိုဖိတ်ထားတယ်။ အဲဒါပြီးရင်တော့ ကျွန်မတို့တွေ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ အဆင်သင့် ဖြစ်လာလိမ့်မယ်"
လူများ၏သဘောထားသည် ပိုပြီး စိတ်အားထက်သန်လာသည်မှာ မြင်သာလေသည်။
"ဒါက တကယ့်ကို အောင်မြင်မဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပဲ"
"သူဌေးဖန် ခင်ဗျားကတော့ တကယ့်ကို သူရဲကောင်းမတစ်ယောက်ပဲ"
"မစ္စဖန်နဲ့ မော့ဟယ်ကုမ္ပဏီတို့က ဘယ်လိုပူးပေါင်းဖို့ စီစဉ်ထားတာလဲ။ ဒါက အကျိုးတူပူးပေါင်းတာလား။ ဒါမှမဟုတ်ရင် ရောင်းရုံပဲလား"
"..."
"မစ္စဖန် ကျွန်တော်တို့တွေရဲ့ ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး တကယ်လို့ခင်ဗျားက ကျွန်တော့်ကို လိုအပ်တယ်ဆိုရင် ခင်ဗျားအတွက် ကျွန်တော် သေဖို့တောင် ဘယ်တော့မှ တွေဝေနေမှာ မဟုတ်ဘူး"
"..."
ရှမြန်သည် မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားပြီး ရုံရှင်းကလည်း မနေနိုင်တော့ဘဲ အသံထွက်ကာ ရယ်မောလိုက်လေသည်။ "ဒီဖန်ရှို့ကျစ်ကတော့ ကြွားလုံးထုတ်တဲ့နေရာမှာ တကယ်တော်တာပဲ။ နဥ်ရှောက်ယန်ရဲ့ စီနီယာအစ်ကိုကို ဘယ်သူမှ မသိကြဘူးဆိုတော့ သူက ဒီလိုစကားမျိုးတွေတောင် ပြောရဲသေးတယ်"
"နဥ်ရှောက်ယန်ရဲ့ အမူအရာကိုလည်း ကြည့်လိုက်ဦး။ မြေကြီးထဲကို လေးဘက်ထောက်ပြီးတော့ ဝင်သွားချင်နေတဲ့ပုံပဲ။ သူက အားလုံးကို နဥ်ရှောက်ယန်ရဲ့ခေါင်းပေါ်ကို ပုံချနေတာပဲ။ နဥ်ရှောက်ယန်ကတော့ အနာဂတ်မှာ သူ့ကြောင့် အသေလှည့်စားခံရတော့မယ် ထင်ပါတယ်"
"ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ အဲဒီသုတေသနပညာရှင်တွေက မော့ဟယ်ကုမ္ပဏီကို စပြီးတည်ထောင်ချင်တုန်းက အဲဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့သူက အစ်ကိုပိုင်လေ" ရုံရှင်းက ရှမြန်၏နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ဒီတော့ အစ်ကိုပိုင်က ကုမ္ပဏီရဲ့ရှယ်ယာ၄၀ရာခိုင်နှုန်းကို ပိုင်ထားပြီး ကျန်တဲ့၆၀ရာခိုင်နှုန်းကို အဓိကအဖွဲ့ဝင် ၃ယောက်ကြားမှာ ခွဲဝေထားတယ်လေ။ အစ်ကိုပိုင်က ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်ပဲ"
နဥ်ရှောက်ပိုင်သည် မော့ဟယ်ကုမ္ပဏီနှင့် ပတ်သက်နေလိမ့်မည်ဟု ရှမြန်က သိနေသော်ငြားလည်း အနည်းငယ်တော့ အံ့ဩမိသေးသည်။ "မိုဘိုင်းလ်ဖုန်းတစ်လုံးကို အဆင့်မြှင့်တင်ဖို့ဆိုရင် ငွေအများကြီး သုံးရမှာမဟုတ်လား"
"အဆင်ပြေပါတယ်" ရုံရှင်းက ပြောလိုက်သည်။ "အစ်ကိုပိုင်က အမြင်စူးရှတယ်လေ။ R&D Team က ပါရမီရှင်တွေအပြည့်ပဲ။ သူတို့တွေက လမ်းလွှဲကနေတောင် သွားစရာမလိုဘူးလေ။ ဒီအပြင် အစ်ကိုပိုင် ဘယ်လောက်ရှာနိုင်လဲဆိုတာ နင် မသိလို့နော်"
"နိုင်ငံခြားမှာ ဘာဖြစ်ခဲ့လဲဆိုတာတော့ ငါ သေချာမသိပါဘူး။ ဒါပေမဲ့ တရုတ်မှာတော့" သူသည် စိတ်လှုပ်ရှားလာပြီး "ဖန်ရှို့ကျစ်ပြောနေတဲ့ စတော့ရှယ်ယာတွေနဲ့ ဟိုင်နန်အိမ်ခြံမြေစျေးကွက် ဆိုတာကလည်း အစ်ကိုပိုင် ချန်ထားခဲ့တဲ့ ဟာတွေပဲလေ"
"ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ငါတို့တွေ ငါတို့ရဲ့ရှယ်ယာကို ထုတ်ယူလိုက်ပြီးတော့ သိပ်မကြာခင်မှာပဲ စတော့စျေးကွက်က စပြီးတော့ ထိုးကျသွားတယ်လေ။ အခုဆိုရင် တစ်ဝက်လောက်ကို ထိုးကျနေပြီ။ ငါတို့တွေက လတ်တလောမှာ ဟိုင်နန်အိမ်ခြံမြေစျေးကွက်ကနေ ပြန်ရုပ်သိမ်းထားတယ်။ အစ်ကိုပိုင်ကို ငါ နားလည်သလောက်ဆိုရင် အဲဒီစျေးကွက်က သေချာပေါက်ပျက်စီးတော့မှာ"
သေချာပေါက် ကံဆိုးမိုးမှောင်ကျပေလိမ့်မည်။ အိမ်ခြံမြေစျေးကွက်၏ အတက်အကျသည် စတော့စျေးကွက်ထက် အများကြီးပိုပြီး ကြောက်စရာကောင်းသည်။ စတော့တွင် အရာအားလုံးကို လောင်းကြေး မထပ်သရွေ့ ထိုထောင်ချောက်ထဲမှ ထွက်လာနိုင်မည့်တစ်နေ့တော့ ရှိသေးသည်။ သို့သော်ငြားလည်း ဟိုင်နန်အိမ်ခြံမြေစျေးကွက်၏ အတက်အကျက ထိုအချိန်က လူပေါင်းများစွာကို သေကြေစေလေသည်။
ရုံရှင်းက ပီတိတဖွားဖွားဖြင့် ပြောလိုက်၏။ "ဖန်ရှို့ကျစ်ကတော့ ကိုယ်စားတရားခံဖြစ်ရတာကို တော်တော်ဂုဏ်ယူနေတဲ့ပုံပဲ"
ရှမြန်က ရုတ်တရက် ထမေးလိုက်သည်။ "ရှင် သူ့နောက်လိုက်နေတာ ဘယ်လောက်အထိ ငွေရှာနိုင်ခဲ့လဲ"
"အစောပိုင်း ငွေအရင်းအနှီးကတော့ ယွမ်၇သောင်း၊ ၈သောင်း လောက်ပဲရှိတာ။ ဒါက အခု ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို စဖွင့်ဖို့အတွက် လုံလောက်တာထက်တောင်မှ ပိုသေးတယ်လေ..."
ရှမြန်သည် တောက်ပနေသည့် မျက်လုံးအစုံဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်နေမိသည်။
နဥ်ရှောက်ပိုင်က စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။ "ဘာလဲ"
ရှမြန်က သူ့လက်မောင်းကို မြှောက်ပင့်သလို လှမ်းဆွဲလိုက်ပြီး "သူဌေး ကျွန်မတို့တွေ ညီအစ်မကောင်းတွေ ဖြစ်နိုင်တယ်နော်..."
နဥ်ရှောက်ပိုင်၏ လူသတ်တော့မည့်ရုပ်ကို မြင်လိုက်သည်တွင် ရှမြန်က သူမ၏စကားလုံးကို မြန်မြန်ပြောင်းလိုက်၏။
"ကျွန်မတို့တွေက ညီအကိုကောင်းတွေမလား။ ရှင်က ရှင်နဲ့အတူ အစ်ကိုရုံကိုပဲခေါ်ပြီး ကျွန်မကို ချန်ထားလို့တော့ မရဘူးလေ။ ဟုတ်တယ်မလား။ သူဌေး ကျေးဇူးပြုပြီးတော့ ကျွန်မကိုလည်း ခေါ်ပါနော်"
နဥ်ရှောက်ပိုင်က သူ့လက်မောင်းပေါ်မှ သူမ၏လက်ကို ဆွဲထုတ်လိုက်ကာ ပြောလိုက်သည်။ "မင်းမှာ အရင်းအနှီး ရှိလာတဲ့အချိန်မှာပဲ ပြောကြရအောင်"
"စိတ်မပူပါနဲ့" ရှမြန်က ပြောလိုက်သည်။ "ကျွန်မက အစ်ကိုရုံလို ကပ်စီးမနည်းပါဘူး။ ကျွန်မက ၂သိန်းထပ်ထည့်မယ်"
ရုံရှင်းက တအံ့တဩ ဖြစ်သွားသည်။ "မင်းက ဒီလောက်ငွေအများကြီးကို ဘယ်ကရခဲ့တာလဲ"
ရှမြန်က ဂုဏ်ယူ၀င့်ကြွားစွာဖြင့် မေးကိုချီထားကာ ပြောလိုက်လေသည်။
"မှန်းကြည့်လေ"
...