အပိုင်း(၈၉)
Vol. 6 Ch. 89
"ငါ့အထင်တော့ နင်က ဟော်မိသားစုရဲ့ခြံဝင်းကို လက်လွှဲယူဖို့ စဉ်းစားနေတာ မဟုတ်လား" သူမက ခပ်တိုးတိုး ချစ်စဖွယ်လေသံဖြင့် တုံးတိပြောလိုက်လေသည်။ "တစ်နေ့လုံး လူတွေကို လှည့်စားဖို့စဉ်းစားနေတာကတော့ မကောင်းဘူးနော်"
ရှမြန်က လှည့်ကြည့်လိုက်သည်တွင် ဘေးတွင် ကျိုးချန်ချန်နှင့်အတူ ပါလာသည့် ဖန်ရှောက်ဝမ်ဖြစ်နေသည်။
"ဒါဆိုရင်တော့ နင် ခန့်မှန်းတာ မှားသွားပြီ" ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
"နင်က အကဲမဖြတ်တတ်ဘူးဆိုရင်လည်း စကားကို လက်လွတ်စပယ် မပြောနဲ့လို့ ငါ နင့်ကို ပြောခဲ့သားပဲ။ ဘာဖြစ်လို့ ငါ့အကြံကို နားမထောင်ခဲ့တာလဲ။ ကဲ ကြည့်လေ နင်ထပ်ပြီးတော့ အရူးလုပ်ခံရပြန်ပြီ။ မဟုတ်ဘူးလား"
ဖန်ရှောက်ဝမ်၏မျက်နှာသည် ညိုမဲသွားပြီး ကျိုးချန်ချန်က ခနဲ့လိုက်လေသည်။ "မစ်ဖန် သူ့ကို ဘာဖြစ်လို့ စိတ်အနှောင့်အယှက်ခံနေမှာလဲ။ သူက ပေါက်ကရတွေပဲ ပြောတတ်တာ။ သူ ခဏနေ ငိုရတော့မှာပါ"
ကျိုးချန်ချန်ကလည်း ဒီနေ့တွင် ချီပေါင်ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ပုလဲဖြင့်လုပ်ထားသည့် ရတနာများဖြင့် အလှဆင်ထားသည်။ သူမသည် အမှန်ပင် တောက်ပလွန်းနေသဖြင့် တစ်ဖက်လူ၏ မျက်လုံးကိုပင် နာကျင်သွားစေလေသည်။
အကြောင်းတစ်ခုကြောင့် သူမသည် အခုတော့ ယုံကြည်ချက်အပြည့်ရှိနေပြီး ဝင့်ကြွားစွာ ပြောလိုက်သည်။ "ရှမြန် ငါတို့လုပ်ထားတဲ့လောင်းကြေးကို မှတ်မိသေးတယ်နော်။ အချိန်တန်ရင်တော့ နောင်တမရနဲ့ပေါ့"
ရှမြန်က မသိမသာ ပြုံးပြလိုက်ပြီး "ရပါတယ်။ ငါက ယုံကြည်ထိုက်တဲ့သူပါ။ နင်သာ နင့်ရဲ့ ညစ်ပတ်တဲ့လှည့်ကွက်တွေကို သုံးနေလိုက်။ နင် ငါ့ကို အနိုင်ယူနိုင်မလား ကြည့်လိုက်ပါဦးမယ်"
ကျိုးချန်ချန်၏ အမူအရာကလည်း ပြောင်းလဲသွားသည်။
ရှမြန်က သူမကို မျက်စောင်းထိုးလိုက်ကာ ရေရွတ်လိုက်၏။ "နင်ဟာလေ စားဖို့ပဲသိပြီး အရိုက်ခံရမှာ မသိတဲ့သူပဲ"
သူတို့ဘက်က လှုပ်ရှားမှုက နောက်ဆုံးတော့ အားလုံး၏စိတ်ဝင်စားမှုကို ဆွဲဆောင်ထားခဲ့လေသည်။ နဥ်ရှောက်ယန်၏မျက်လုံးများက လင်းလက်သွားပြီး သူက ချက်ချင်းဆိုသလို မြန်မြန်ရောက်ချလာ၏။
"အစ်ကို၊ အစ်မယွင်၊ အစ်ကိုရုံ ရောက်ကြပြီပေါ့"
သူ့မျက်လုံးများသည် ရှမြန်ပေါ်သို့ ကျရောက်လာပြီး အနည်းငယ် တွေဝေသွားပြီးနောက်မှ ရှမြန်ကို မှတ်မိသွားတော့သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက်တွင် သူ၏ဖော်ရွေသည့် အမူအရာကို မြန်မြန်ဆောင်ထားလိုက်ကာ "မစ်ရှ ကြိုဆိုပါတယ်"
ရှမြန်ကလည်း ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
သူတို့အားလုံးသည် လုံလောက်အောင်ဆွဲဆောင်စရာ ဖြစ်နေတော့သည်။ နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်၏ ထူးခြားသည့် ရုပ်ရည်ကိုမပြောနှင့် ရှမြန်၏ကတုံးဆံတောက်ခေါင်းက ၁၀၀ရာခိုင်နှုန်း ဆွဲဆောင်မှု ဖြစ်နေစေသည်။
ခုနက ဘယ်သူကမှ သူတို့ကို မသိသဖြင့် အားလုံးက အလျင်စလို နှုတ်ဆက်ဖို့ရန် တွန့်ဆုတ်နေသည်ဟု ခန့်မှန်းရသည်။ အိမ်ရှင်က သူတို့ကို လာရောက်ဧည့်ခံသည့်အချိန်ကျမှ လူများက ဖြည်းဖြည်းချင်း ဝိုင်းရံလာကြသည်။
ဖန်ရှို့ကျစ်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ သူတို့ကို မြန်မြန် လာနှုတ်ဆက်၏။
"ဟော.. ရှောက်ပိုင်နဲ့ ရှောက်ယွင်တို့ကိုး"
သူမက နဥ်ရှောက်ပိုင်၏ဝတ်စုံကို တစ်ချက်လောက် အကဲခတ်ကြည့်လိုက်ပြီး မနေနိုင်ဘဲ ရယ်မောလေသည်။ "ရှောက်ပိုင်က ဒီလိုဝတ်စားလိုက်တော့လည်း အရမ်းကို တက်ကြွပြီး ဆွဲဆောင်မှု ရှိနေတာပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက ဆရာဝန်တစ်ယောက်လို့တောင် မထင်ရတော့ဘူး။ ကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်နဲ့တောင် ပိုတူနေသေးတယ်"
ဒီအချိန်တွင် ဖန်ရှို့ကျစ်က ရယ်စရာလုပ်ကာ မေးလေသည်။ "ဒါမှမဟုတ် နင်တို့အဘိုးက ဒီနေ့ နင်တို့တွေကြားမှာ မိသားစုပိုင်ဆိုင်မှုကို ခွဲဝေပေးမှာကို စောင့်နေတာလား။ ဒါကြောင့်မလို့ နင်က ဆေးပညာကို လက်လျှော့ပြီး စီးပွားရေးလောကထဲကို ဝင်မလို့လား"
တစ်စုံတစ်ယောက်က ဝင်ဖြေလိုက်သည်။ "ဒီ၂ယောက်က..."
"အော် ကြည့်ပါဦး" ဖန်ရှို့ကျစ်သည် သူတို့ကို အားလုံးနှင့်မြန်မြန် မိတ်ဆက်ပေးလိုက်သည်။
"သူတို့တွေက ကျွန်မ ကလေးတွေလေ။ ရှောက်ယွင်နဲ့ ရှောက်ပိုင်တဲ့"
"ရှင်တို့တွေ အချင်းချင်း မသိကြတာလည်း မဆန်းပါဘူး။ ဒီကလေး၂ယောက်က ရှောက်ယန်လို အိမ်ချစ်တွေ မဟုတ်ဘူးလေ။ သူတို့တွေက တစ်ချိန်လုံးအိမ်နဲ့ဝေးရာမှာနေပြီး ကျွန်မကို စနောက်လိုက်၊ သူ့အဘိုးကို တွယ်ကပ်လိုက်နဲ့ လုပ်နေကြတာ"
"သူတို့၂ယောက်စလုံးက အရမ်းကို လွတ်လွတ်လပ်လပ် ရှိကြတယ်လေ။ ရှောက်ယွင်က ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဟော်မိသားစုနဲ့ လက်ထပ်ခဲ့တယ်။ သူက အရမ်းကို ကျင့်ဝတ်သိက္ခာရှိပြီး သိမ်မွေ့တဲ့သူတစ်ယောက်ပေါ့။ လူမှုရေးတွေ သိပ်ပြီးတော့ မလုပ်ဘူးလေ။ ဒီတော့ ရှင်တို့တွေက သူ့ကိုမတွေ့တာပါ"
"ရှောက်ပိုင်က သူ ၁၈နှစ်ပြည့်သွားတဲ့အခါ နိုင်ငံခြားကိုသွားပြီး ဒီနှစ်ကျမှ ပြန်ရောက်လာတာလေ။ သူက အခု ယန်တက္ကသိုလ်ဆေးရုံမှာ ဆရာဝန်တစ်ယောက်ဖြစ်နေပြီး ဆရာဝန်တွေက အရမ်းအလုပ်များပြီး ပြန်လာဖို့ အချိန်မရှိဘူးလေ"
"အချိန်မရှိဘူး။ အခု မြေးတွေက ဒီနေရာကိုရောက်လာတာ သူတို့ရဲ့အဘိုးမွေးနေ့ပါတီကြောင့် မဟုတ်ဘူးလား။ သူတို့တွေက အပြင်လူကျနေတာပဲ။ မစ္စဖန် ခင်ဗျားရဲ့ရှောက်ယန်က အဘိုးရဲ့မွေးနေ့ပါတီကို တစ်ယောက်တည်း စီစဉ်ခဲ့တာလား"
ဒီလူသည် ဖန်ရှို့ကျစ်၏ဝေါယာဉ်ကို သယ်ဖို့ရန် ရောက်လာသည်မှာ သိသာလေသည်။ နဥ်ရှောက်ပိုင်က ဖန်ရှို့ကျစ် ပြောနေသည့်စကားကို နားထောင်လိုက်ပြီး သူမနှင့်ငြင်းခုံဖို့ရန် စိတ်မရှည်တော့ချေ။
သူက သူ့အိတ်ကပ်ထဲက ဖိတ်စာကို ထုတ်လိုက်ပြီး သူမလက်ထဲ လှမ်းထည့်ပေးလိုက်ကာ အားလုံးကို ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့တွေက အပြင်လူပါပဲ"
"အဒေါ်ဖန်က ဖိတ်စာတွေကို ကျွန်တော်တို့ဆီ လူကိုယ်တိုင်လွှတ်ပြီး ပို့ခိုင်းလိုက်တာလေ။ အချိန်နဲ့ နေရာကိုလည်း သေချာမှတ်ထားပေးထားတယ်။ ကျွန်တော်တို့တွေက ဘာလုပ်ရမယ်ဆိုတာကို မသိဘဲ ဘယ်လိုလုပ်ပြီးနေမှာလဲ" သူက ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ "စိတ်မပူပါနဲ့။ နဥ်မိသားစုရဲ့ လက်ရှိအခြေအနေက အဒေါ်ဖန်ကြောင့်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်က အဒေါ်နဲ့ နဥ်ရှောက်ယန်တို့ကို ပြိုင်ဆိုင်မှာ မဟုတ်ပါဘူး"
"ဒီနေ့ ကျွန်တော်ကလည်း အားလုံးလိုပဲ ဒီအတိုင်း ရောက်လာတာပါ။ ကျွန်တော်က အဒေါ်ရဲ့ဖိတ်စာထဲကအတိုင်း အဘိုးရဲ့မွေးနေ့ကို ဆုတောင်းပေးဖို့ ရောက်လာတာပါ။ ကျွန်တော် ဒါပြီးရင်တော့ ပြန်မှာပါ"
"စိတ်လျှော့ပါ" နဉ်ရှောက်ပိုင်က ဖန်ရှို့ကျစ်ကို ပြုံးပြလိုက်ပြီး "ကျွန်တော်က ပထမမိန်းမရဲ့ တရားဝင်သား ဆိုပေမဲ့ ကျွန်တော်က ဆေးကျောင်းသားတစ်ယောက်လေ။ အဒေါ်တို့ ရှောက်ယန်ရဲ့ နာမည်ကြီးနေတာကိုတော့ မခိုးယူနိုင်ပါဘူး"
နဥ်ရှောက်ယွင်ကလည်း ဖိတ်စာကို သူမလက်ထဲ ထည့်ပေးလိုက်၏။
"မစ္စဖန် ရှင်က အရမ်းအလုပ်များနေတာပဲ။ ဒီတော့ ကျွန်မတို့တွေ ရှင့်ကို မနှောင့်ယှက်ရဲပါဘူး။ ရှင့်ရဲ့ဖိတ်ကြားစာအတွက် ကျေးဇူးတင်ပါတယ်။ အဘိုးရဲ့မွေးနေ့ပါတီပွဲကို တက်ရောက်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်"
ရုံရှင်းနှင့် ရှမြန်တို့ကလည်း နောက်မှလိုက်လာကြပြီး ဖန်ရှို့ကျစ်လက်ထဲသို့ ဖိတ်စာကို ထည့်ပေးလိုက်သည်။ "ဖိတ်စာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ပတ်ဝန်းကျင်မှာ ရုတ်တရက်ဆိုသလို ငြိမ်ကျသွားတော့သည်။ လူအများစုကလည်း အချင်းချင်း ကြည့်လိုက်ကြ၏။ နဥ်ရှောက်ပိုင်၏ စကားလုံးများနှင့် ဖန်ရှို့ကျစ်ခုနက ပြောလိုက်သည့် စကားလုံးများသည် သူတို့သည် ပုံမှန်အချိန်တွင် မသိတတ်တာ မဟုတ်သလို အရေးကြီးသည့်အချိန်ကျမှ မိသားစုပိုင်ဆိုင်မှုအတွက် လာရောက်တိုက်ခိုက်ကြသည် မဟုတ်မှန်းကိုလည်း သေချာသိလိုက်ရသည်။
သို့သော်ငြား ပထမဇနီးတစ်ယောက်အနေဖြင့် သူမသည် ဖန်ရှို့ကျစ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး အိမ်ကိုပင် မပြန်နိုင်ခဲ့ရာ ယခုတော့ ဖန်ရှို့ကျစ်က လွတ်လပ်သည့် ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သည်။
ဒါက တော်တော်လေးကို ကျိုးကြောင်းဆီလျော်လှသည်။ နောက်ဆုံး နဥ်မိသားစု၏ကုမ္ပဏီကို ဖန်ရှို့ကျစ်ကပဲ အမှန် စီမံနေခဲ့သည်။
နဥ်ရှောက်ပိုင်က ဤသို့ရောက်လာပြီး သူမနှင့် ရင်ဆိုင်လိမ့်မည်ဟု ဖန်ရှို့ကျစ်က ထင်မထားခဲ့ချေ။
သူသည် ဒီရက်ပိုင်းတွင် ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့သည်ကို သူမက မြင်ထားခဲ့ပြီး သူ၏အမည်ခံသက်သက် သူမအပေါ် လက်စားချေမည့်အရေးဆိုသည်ကလည်း အဘိုးကြီးအပေါ် မူတည်နေသည်မှာ သေချာလေသည်။
အခြေအနေကို ခြုံငုံသုံးသပ်ပြီး အဘိုးကြီး၏သဘောထားကို စဉ်းစားမိလျှင် နဥ်ရှောက်ပိုင်သည် အားလုံး၏ရှေ့တွင် သူမအပေါ် ကောင်းကောင်းမွန်မွန်ရှိရန် ဟန်ဆောင်ရပေမည်။
ထို့ကြောင့်ပင် သူမက သူတို့ကို စိတ်အနှောင့်အယှက်ပေးရန် အထူးတလည် ဖိတ်စာ ပို့ခိုင်းလိုက်သော်လည်း သူမ ထင်မထားခဲ့သည်က...
ဖန်ရှို့ကျစ်သည် ကျိတ်ပြီးဝမ်းသာနေမိသည်။ သူက အလွန်မှ ငယ်ရွယ်သေးကာ စိတ်လိုက်မှန်ပါနိုင်လှသည်ဟု စဉ်းစားလိုက်လေသည်။
နဥ်ရှောက်ယန်၏ မျက်နှာကတော့ နီရဲသွားသည်။ သူက လက်ကိုဆန့်လိုက်ပြီး ဖန်ရှို့ကျစ်၏လက်ထဲက ဖိတ်စာကို လှမ်းဆွဲလိုက်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် အခြေအနေကို ဖျန်ဖြေပေးဖို့ ကြိုးစားလိုက်သည်။ "အစ်ကို၊ အစ်မယွင် ဘာတွေပြောနေတာလဲ။ ဒါက အစ်ကို၊ အစ်မတို့ရဲ့ အိမ်ပါပဲ"
"ရှောက်ယန် မပြောပါနဲ့တော့" ဖန်ရှို့ကျစ်က ခါးသက်သက် ပြုံးပြလိုက်ပြီး "ဒါကိုဖြည်းဖြည်းချင်း ဖြေရှင်းကြတာပေါ့"
"နင်တို့တွေ ငယ်ငယ်လေးကတည်းက နင့်အစ်ကိုကြီးနဲ့ အစ်မကြီးက ဘယ်လောက် ခေါင်းမာလဲဆိုတာကို မသိတာလည်း မဟုတ်ပဲနဲ့"
ဒီအချိန်တွင် သူမက ဘာမှမတတ်နိုင်သလို ခေါင်းခါပြလိုက်ပြီး "သူတို့ထဲက တစ်ယောက်က ၆နှစ်၊ ၇နှစ်လောက် နိုင်ငံခြားမှာ ကျောင်းတက်ခဲ့ပြီး ပြန်လာကတည်းကလည်း နှစ်ဝက်နီးပါး မိသားစုကို လာမတွေ့ခဲ့ဘူးလေ။ ကျန်တဲ့တစ်ယောက်ကလည်း ဟော်မိသားစုနဲ့ ရန်ဖြစ်စကားများထားတာကြောင့် မင်မြို့က အိမ်ကိုထွက်ပြေးသွားပြီး ပြန်ရောက်လာတာတောင်မှ အိမ်ကို လုံးဝပြန်မလာခဲ့ဘူးလေ"
ဖန်ရှို့ကျစ်က ရည်ရွယ်ချက်ရှိရှိဖြင့် ကြည့်လိုက်ပြီး "အခုသူတို့တွေက ဆေးပညာကိုလေ့လာရာမှာ စိတ်နှစ်ထားတဲ့ ဆရာဝန်ဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ အနုပညာရှင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်လေ။ နင့်အဘိုးက မိသားစုပိုင်ဆိုင်မှု ခွဲဝေပေးမယ်လို့ ပြောတုန်းကတောင်မှ ဂရုမစိုက်ဘဲနဲ့ ပြတ်ပြတ်သားသား 'ဟင့်အင်း' လို့ငြင်းခဲ့ကြတာပဲ"
"ငါသာ သူတို့တွေကို နှိုးဆော်ဖို့ ဖိတ်စာတစ်ခုမပို့ခဲ့ဘူးဆိုရင် သူတို့တွေက နင့်အဘိုးမွေးနေ့ပွဲတောင် လာချင်မှလာလိမ့်မယ်"
ရှမြန်မှာ တအံ့တဩ ဖြစ်ရတော့သည်။ ဖန်ဖန်ရှို့ကျစ်၏လယ်ဗယ်က အမှန်ပင် မြင့်မားလှသည်။ ဒီစကားတစ်ခွန်းဖြင့် သူမသည် သူမကိုယ်သူမ ရှင်းလင်းခဲ့သည့်အပြင် နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့က မိသားစုပိုင်ဆိုင်မှုကို မလိုချင်ကြောင်း သက်သေပြလိုက်လေသည်။
နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့က နောက်ပိုင်း သခင်ကြီးနဥ်၏ပိုင်ဆိုင်မှုကို လက်ခံခဲ့မည်ဆိုလျှင် သူတို့သည် ကိုယ့်ဟာကိုယ် အရှက်ခွဲရာကြပေတော့မည်။
ထို့အပြင် နဥ်ရှောင်ပိုင်၏ စိတ်လိုက်မာန်ပါလုပ်ခြင်းက သူမအတွက် အကျိုးကျေးဇူးရှိစေကာ သူ့ကို ရန်စဖို့အရင်စခဲ့သည်ဟု သဘောပေါက်လာလေသည်။
"ဒီလိုပြောလို့ ချန်းချန်းရော" ဖန်ရှို့ကျစ်က ချန်းချန်းကိုလိုက်ရှာရန် ခေါင်းကို ထောင်ကြည့်လိုက်ပြီး အားလုံးကို ပြောလိုက်သည်။
"ရှင်တို့တွေ မသိလို့နော်။ သိပ်မကြာခင်တုန်းက ရှောက်ယွင်က ဟော်မိသားစုနဲ့ စကားများခဲ့ပြီး အိမ်ကနေ ထွက်အပြေးမှာ ချန်းချန်းက ဒုက္ခရောက်တော့မလိုတောင် ဖြစ်သွားခဲ့တယ်လေ။ ကလေးက အခုမှ ၈နှစ်ပဲ ရှိသေးတယ်။ တကယ်ကြောက်သွားမှာပဲ"
"အဘိုးကြီးက ဒီအကြောင်းကို သိသွားတဲ့အခါ စိုးရိမ်လွန်းလို့ တစ်ညလုံး မအိပ်နိုင်ဘူးလေ။ သူက ဒီနေ့ သူ့ကလေးကို မြင်နိုင်မလားလို့ တွေးနေမှာပဲ"
ကလေးများသည် အမြဲလိုလို မိခင်တစ်ယောက်၏ အားနည်းချက်ဖြစ်လေသည်။ နဥ်ရှောက်ယွင်၏ မျက်လုံးများမှာ အေးစက်သွားတော့သည်။
နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို ပုတ်လိုက်ကာ ဖန်ရှို့ကျစ်ကို တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"အဒေါ် အဒေါ်က အဘိုးကို တကယ်ဂရုစိုက်တယ်ဆို"
ဖန်ရှို့ကျစ်သည် မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီးနောက်တွင် သူမက နဥ်ရှောက်ပိုင်ပြောလိုက်သည့် စကားကိုကြားလိုက်ရ၏။ "အဒေါ်က ဘာဖြစ်လို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ကလေးကို ဒီနေရာကို မခေါ်လာပါနဲ့လို့ အဘိုးက ကျွန်တော်တို့ကို သေချာပေါက်ပြောခဲ့တယ်လေ"
"နောက်ဆုံး လူကုန်ကူးတဲ့သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ ကျွန်တော်တို့မိသားစုက တိရစ္ဆာန်ကို အခုထိ မဖမ်းမိသေးဘူးလေ။ အဲဒီလိုတိရစ္ဆာန်တွေက စည်းဆိုတာ ရှိတာမဟုတ်ဘူး။ အစီအစဉ်တစ်ခု ကျရှုံးသွားခဲ့မယ်ဆိုရင် နောက်ထပ်အစီအစဉ်တစ်ခုနဲ့ ထပ်ပြီးတော့ထွက်လာဦးမှာပဲ"
သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း အားလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"ဘာဖြစ်သွားတာလဲ။ နဥ်မိသားစုအိမ်က တစ်စုံတစ်ယောက်က ကလေးကို ပြန်ပေးဆွဲဖို့ ဘာဖြစ်လို့ ပူးပေါင်းခဲ့တာလဲ"
"ဒါဆို ဒါက ငွေညှစ်ဖို့အတွက် ပြန်ပေးဆွဲခဲ့တာလား"
"ဒါဆိုရင်တော့ မင်းတို့တွေ ကလေးကို သေသေချာချာ စောင့်ကြည့်ရမယ်နော်။ ကလေးကို ခေါ်မလာတာ မှန်ပါတယ်"
"မစ္စဖန် ဒါက သေသေချာချာ စုံစမ်းဖို့လိုသွားပြီနော်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ဒီလိုအတွေးတွေရှိနေပြီး ထွက်ပေါက်ကို ရသွားခဲ့မယ်ဆိုရင် ပိုပိုပြီးတော့ အတင့်ရဲလာလိမ့်မယ်"
"ဒီလိုလူမျိုးတွေကို ဖမ်းမိရင် သေဒဏ်ပေးသင့်တယ်"
ဖန်ရှို့ကျစ်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆောင်ထားပြီး ပြောလိုက်လေသည်။
"ဘာမှဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကလေးက ဒုက္ခရောက်သွားတော့ သူတို့တွေ အတွေးလွန်သွားတာပါ..."
"ပိုပြီးစဉ်းစားထားမယ်ဆိုရင် ပိုကောင်းတာပေါ့" ဒီနေရာတွင်ရှိသည့် လူအများစုသည် ကလေးများကို ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းကို မုန်းတီးကြသည့် လူချမ်းသာများ ဖြစ်လေသည်။ "ဒါက ဘာမှမတွေးဘဲနဲ့ ထားတာထက်စာရင်တော့ ပိုကောင်းတယ်လေ"
နဥ်ရှောင်ပိုင်က ပြောလိုက်သည်။ "ကလေးကို ခေါ်ပြန်မလာဖို့ အဘိုးက ကျွန်တော်ကို ကိုယ်တိုင်ပြောထားခဲ့တာပါ"
သူက ဖန်ရှောက်ဝမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"ရှောက်ဝမ် အဘိုးက မိသားစုကို စီမံတဲ့နေရာမှာ အရမ်းကို စည်းကမ်းတင်းကြပ်တယ်ဆိုတာကိုလည်း နင် အားလုံး သိထားပါတယ်။ တကယ်လို့ ဒီလိုသာမဖြစ်ခဲ့ဘူးဆိုရင် အဘိုးက ငါတို့ကို ဒီလိုပြောမှာမဟုတ်ဘူးလေ"
သူက ခေါင်းကိုလှည့်ကာ မေးလိုက်လေသည်။ "ဟုတ်တယ်မလား ဖန်ရှောက်ဝမ်"
ဖန်ရှောက်ဝမ်မှာ နင်သွားတော့သည်။ သူမက ဒါကို မဟုတ်ပါဘူးဟုဆိုလျှင် အဘိုးကြီး၏စကားကို ငြင်းပယ်ရာ ကျလိမ့်မည်။ သို့သော်ငြားလည်း သူမက ဟုတ်ပါသည်ဟု ဆိုခဲ့လျှင်တော့...
ဖန်ရှောက်ဝမ်သည် အဒေါ်ဖြစ်သူဖန်ရှို့ကျစ်၏အမူအရာကို လှမ်းကြည့်လိုက်ပြီး စကားမပြောရဲချေ။
နဉ်ရှောက်ပိုင်ကလည်း နှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီး ရယ်စရာပြောလိုက်သည်။ "အဒေါ် အဒေါ်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ အဘိုးက ကျွန်တော်တို့ကို အရမ်းသတိရနေပါတယ်လို့ အဒေါ်က ဆက်တိုက်ပြောနေပေမဲ့လည်း ကျွန်တော်တို့ ဒီနေရာကို ရောက်နေတော့လည်း ကျွန်တော်တို့ကို ပိတ်ထားပြီးတော့ အထဲပေးမဝင်ဘူးနော်။ ဘာဖြစ်လို့လဲ ကျွန်တော်တို့ အထဲဝင်သွားပြီးရင် မိသားစုပိုင်ဆိုင်မှုကို ကြိုပြီးတော့တောင်းမှာ စိုးရိမ်လို့လား"
"စိတ်မပူပါနဲ့။ ကျွန်တော်က မလိုချင်ဘူးလို့ ပြောထားတဲ့ဟာဆိုရင် ယူမှာ မဟုတ်ပါဘူး”
ထိုသို့ပြောလိုက်ပြီးနောက်တွင် နဥ်ရှောက်ပိုင်သည် နဥ်ရှောက်ယွင်နှင့် တခြားသူများကိုခေါ်ကာ ခန်းမထဲသို့ တန်းဝင်သွားတော့သည်။
အနေအထားက သူတို့အခုလေးတင် ဝင်လာချိန်နှင့်ယှဉ်လျှင် လုံးဝ ပြောင်းပြန်ဖြစ်သွားတော့သည်။ အကြောင်းအရင်း တချို့ကြောင့် ဖန်ရှို့ကျစ်နောက်သို့ လိုက်သူများမှာ သူမအတွက် ရှက်ရွံသလိုခံစားမိလေသည်။
"ရှင့်ရဲ့လင်ပါသားက တော်တော်လေး အံ့သြစရာကောင်းတာပဲ"
ဖန်ရှို့ကျစ်သည် သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး ဘာမှမတတ်သာသလို သက်ပြင်းချလိုက်လေသည်။ "သူတို့အားလုံးက ငယ်ရွယ်ပြီး အားအင်တတ်ကြွတဲ့ ကလေးတွေပဲ။ မိထွေးတစ်ယောက်အနေနဲ့ သူတို့တွေကို အလျှော့ပေးတာကလွဲရင် ကျွန်မက ဘာတတ်နိုင်မှာလဲ"
...