← Chapters

အပိုင်း(၁၀၆)

Vol. 8 Ch. 106

အပိုင်း(၁၀၆)

Vol. 8 Ch. 106

၁၂လပိုင်း ၉ရက်နေ့ မနက်ခင်းတွင် ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့သည် အိမ်သို့အတူတူ ပြန်လာခဲ့ကြသည်။

သူတို့သည် ခရီးဆောင်အိတ် အကြီးကြီးတစ်လုံးကို သယ်လာခဲ့သည့်အပြင် ရောင်စုံ တီဗီတစ်လုံးကိုလည်း ယူလာခဲ့သေးသည်။

မောက်ညီအစ်မ၃ယောက်မှာ အလွန်ပျော်ကြသဖြင့် ရူးတော့မတတ်ပင်။ မောက်ဟွေ့ကျူးက မောက်ကျစ်ရှန်း၏ ခြေထောက်ကို တွယ်ဖတ်ထားပြီး အော်ဟစ်ပြောဆို၏။ "အဖေ အဖေက အရမ်းကောင်းတာပဲ"

မောက်ဟွေ့လန်က သိချင်စိတ်ဖြင့် ပုံးကိုထိ ကိုင်ကြည့်ပြီး မေးလိုက်လေသည်။ "အဖေ သမီးတို့တွေ ဒီနေ့ဒါကို ဖွင့်ကြည့်လို့ရပြီလား"

မောက်ကျစ်ရှန်းသည် မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်နေသည့် အပြုံးတစ်ခုဖြင့် သမီးများကို ကြည့်နေလေသည်။

ရက်ပိုင်းလေးအတွင်းမှာပင် သူသည် သိသိသာသာ ပြောင်းလဲလာခဲ့သည့်အပြင် ရုပ်ရည်နှင့် ခန္ဓာကိုယ်သွင်ပြင်သာမက အကျင့်စရိုက်များကလည်း အနည်းငယ် ပြောင်းလဲခဲ့ပြီး ပိုလို့ပင် နှစ်လိုဖွယ်ကောင်းလာတော့သည်။

"တီဗီက ပျက်စီးသွားမှာစိုးလို့ အရင်ကတစ်ခါမှ မတပ်ဆင်ခဲ့ဖူးဘူးလေ"

"အဖေ ဘေးအိမ်ကို သွားပြီးတော့ ဦးလေးလီကို အားမလားလို့ သွားမေးကြည့်လိုက်ဦးမယ်။ တကယ်လို့ သူ အားတယ်ဆိုရင် သူ့ကိုအခုချက်ချင်း လာတပ်ခိုင်းလို့ရတယ်လေ"

မောက်ဟွေ့ကျူးသည် ချက်ချင်းဆိုသလို သူ့ကိုဆွဲကာ ဘေးအိမ်သို့သွားတော့သည်။

ရှ၀မ်ယွဲ့က ဘာမှမတတ်နိုင်သလို ခေါင်းခါလိုက်ပြီးနောက် သူမ၏ကြီးမားသည့်အိတ်အကြီးကြီးကို ဖွင့်လိုက်၏။

မောက်ဟွေ့လန်က တအံ့တဩနှင့် ပြောလေသည်။ "အိုး... အဝတ်အစားတွေ အများကြီးပဲ။ အမေ အမေအဝတ်အစားတွေ ရောင်းတော့မလို့လား"

ရှ၀မ်ယွဲ့မှာ အော်ရယ်လေသည်။ "ငါ ဒါတွေကို နင်တို့အားလုံးအတွက် ဝယ်လာပေးတာပါ။ တစ်ယောက် တစ်ထည်စီ"

မောက်ဟွေ့လန်မှာ တအံ့တဩ ပြောလိုက်၏။ "တကယ်ကြီးလား"

မောက်ဟွေ့လန်က ထိုမျှလောက် ဝမ်းသာအားရ ဖြစ်နေသည်ကလည်း မဆန်း‌ချေ။ မောက်ညီအစ်မများသည် နှစ်ပေါင်းများစွာ အဝတ်အစားအသစ် ဘယ်တုန်းကမှ မဝတ်ခဲ့ရချေ။

သူတို့သည် သူတို့၏ဇာတိမြို့တွင် နေကြစဉ်က မိသားစုများသည် ငွေရေးကြေးရေး ကျပ်တည်းခဲ့ရပြီး သူတို့အဝတ်အစားများအားလုံးကိုလည်း ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများထံမှ စုဆောင်းပြီးနောက် ရှ၀မ်ယွဲ့က ပြုပြင် ချုပ်လုပ်ပေးခဲ့ရသည်။ ရှ၀မ်ယွဲ့သည် ကျွမ်းကျင်သော်ငြားလည်း အဝတ်အစားများကတော့ နောက်ဆုံးဟောင်းနွမ်းနေဆဲပင်။

ယန်မြို့က အခြေအနေသည် ဒီနှစ်တွင် ပိုပြီးကောင်းမွန်လာသယောင် ထင်ရသော်ငြားလည်း ဝက်သားတုတ်ထိုးဆိုင် အရောင်းကို ရပ်လိုက်သည်နှင့်ချက်ချင်း မောက်ညီအစ်မများသည် သူတို့၏မိသားစုဝင်ငွေက မတည်ငြိမ်သေးကြောင်း သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် မောက်ဟွေ့မေက သူမ၏လစာ ရလာပြီးသည့်နောက်တွင် သူမက မောက်ဟွေ့ကျူးအတွက် ဝတ်စုံအသစ်တစ်စုံကိုသာ ဝယ်ပေးနိုင်ခဲ့သည်။ အကြီးဖြစ်ကြသည့် မိန်းကလေး၂ယောက်ကတော့ သူတို့ကြိုက်နှစ်သက်သည့် ဝတ်စုံတစ်ခုကိုသာ ရှာဖွေဖို့ရန် စဉ်းစားခဲ့ကြပြီး ထိုအဝတ်အစားကိုသာ လျှော်ဖွတ်ကာ နှစ်သစ်ကူးအတွင်းတွင် ဒါကိုပဲဝတ်ဖို့ စဉ်းစားထားကြသည်။

ရှ၀မ်ယွဲ့က သူတို့ကို ဒီလိုအံ့အားသင့်အောင် လုပ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။

မောက်ဟွေ့မေသည် အလွန်ဝမ်းသာပျော်ရွှင်သော်ငြားလည်း သူမက မေးဖို့မမေ့သေးချေ။ "အမေ အမေ ဒါတွေကို ဝယ်ခဲ့တာလား"

ရှ၀မ်ယွဲ့က ပြုံးကာပြောလိုက်၏။ "ငါ ဒါတွေကို ဝယ်ခဲ့တာပေါ့။ နင့်အဖေနဲ့ငါ ဒါကိုဝယ်ခဲ့တာ။ ငါတို့တွေ တစ်မိသားစုလုံး အတွက် ဝယ်ခဲ့တာ။ ဘယ်သူမှ မကျန်ခဲ့စေရဘူး"

မောက်ဟွေ့လန်သည် ပိုလို့ပင် ဝမ်းသာပျော်ရွှင်သွားတော့သည်။ "အဖေ့ရဲ့လုပ်အားခ ရလာပြီလား။ အဖေ အများကြီး ရှာနိုင်ခဲ့ရဲ့လား"

ရှ၀မ်ယွဲ့က မသိမသာပြုံးလိုက်ပြီး "သူ့လစာတွေအားလုံးကို ရောင်စုံတီဗီဝယ်ဖို့ သုံးလိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင် သူ နောက်ထပ်ရုပ်ရှင်တစ်ခုကို ရိုက်ရမယ်လို့ ပြောထားတယ်။ အဲဒီရုပ်ရှင်ထဲမှာတော့ သူက ပိုကြီးတဲ့ ဇာတ်ဆောင်နေရာတစ်ခုရတယ်တဲ့။ ဒီတော့ သူ ငွေအများကြီး ရှာနိုင်မှာပါ"

ဒီကိစ္စထက် ပိုပြီးကျေးဇူးတင်စရာကောင်းသည်က မရှိတော့ချေ။

ရှ၀မ်ယွဲ့က ဆက်ပြောလိုက်၏။ "အဓိကအကြောင်းအရင်းကတော့ အဲဒီကပစ္စည်းတွေက တော်တော်လေးကို စျေးချိုတယ်လေ။ အထူးသဖြင့် ဒီအဝတ်အစားတွေပေါ့။ ဒါတွေက ငါတို့ရဲ့ဟာတွေထက်တောင်မှ အများကြီး ပိုပြီးကောင်းသေးတယ်"

"ငါ့အထင်တော့ နောက်ဆုံး ဒါကငါ တို့တွေ ယန်မြို့ကိုရောက်လာတဲ့ ပထမဦးဆုံးနှစ်၊ နှစ်သစ်ကူးနဲ့ ဘဝအသစ်စတာလေ။ ဒီတော့ ကြီးကြီးကျယ်ကျယ်လေး လုပ်ကြတာပေါ့"

"တကယ်လှတာပဲ။ ဒီလိုပုံစံမျိုးကို အရင်ကဒီမှာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး" မောက်ဟွေ့လန်သည် အဝတ်အစားများကို ချက်ချင်းကောက်ကိုင်လိုက်ပြီး စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်လေသည်။

"ကဲပါ ဒါတွေကို သွားဝတ်ကြည့်ပြီးတော့ အတူတူစမ်းဝတ်ကြရအောင်"

ဘယ်ခေတ်တွင်မဆို အသက်အရွယ်မရွေး အမျိုးသမီးများသည် အဝတ်အစားအသစ်များ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပေ။

ရှ၀မ်ယွဲ့က အနက်ရောင်ဘောလုံးပုံစံပါသည့် နှင်းလိုဖြူဖွေးနေသည့် သိုးသားရေ ကုတ်အင်္ကျီတစ်ထည်ကို ဆွဲထုတ်လိုက်ကာ ရှမြန်ကို လှမ်းပေးလိုက်လေသည်။ "ဒါက ရှောင်ဖုန်းအတွက်။ ဒါကိုလည်း စမ်းဝတ်ကြည့်လိုက်ဦး"

ရှောင်ဖုန်း၏မျက်လုံးများက လင်းလက်သွားလေသည်။ "သားရောလား" ထို့နောက်တွင်တော့ သူက ရှမြန်ကို မော့ကြည့်လိုက်ကာ "သားမှာလည်း အဝတ်အစားသစ်တွေ ရှိလာပြီ"

ရှမြန်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်၏။ "သားကအဝတ်အစား၂စုံ လဲလို့ရသွားပြီ"

ရှောင်ဖုန်းသည် ချက်ချင်းဆိုသလို ရှမြန်၏လက်ကို ဖမ်းဆွဲလိုက်၏။

ရှမြန်က အသံထွက်ကာ ရယ်မောလေသည်။ "သားလည်း အဝတ်အစားအသစ်တွေကို ကြိုက်တာပဲ"

ရှမြန်သည် သူမကိုယ်သူမ အဝတ်အစားလဲပြီးသည့်နောက်တွင် ရှောင်ဖုန်းကိုလည်း အဝတ်အစား လဲပြီးနောက် ထွက်လာ၏။ မောက်ဟွေ့လန်ကတော့ ဧည့်ခန်းထဲတွင် ရောက်နှင့်နေပြီဖြစ်သည်။

ကလေးမလေးက ဝမ်းသာအားရ ကိုယ်ကိုလှည့်ပတ်နေတော့သည်။

ဖဲပွင့်တစ်ခုနှင့် ဆွယ်တာတစ်ထည်ကို ဂျင်းဘောင်းဘီအကျပ်ဖြင့် တွဲဝတ်ထားပြီး အပေါ်ဘက်မှ လိပ်ပြာပုံသားမွှေးအနွေးထည်ကို ထပ်ဝတ်ထားရာ ရွှင်မြူးပြီး ချစ်စဖွယ်ကောင်းနေလေသည်။

သူမသည် မော့ကြည့်ကာ ရှမြန်ကိုတွေ့လိုက်ချိန်တွင် သူမ၏မျက်လုံးများက လင်းလက်သွားပြီး "ဟယ် ငါ့အမေက တကယ်အမြင်ရှိတာပဲ။ အစ်မမြန် နင် အရမ်းလှတာပဲ"

ရှမြန်က ရယ်မောလိုက်သည်။ အမှန်တွင်တော့ သူတို့အဝတ်အစားများ၏ပုံစံက တူညီကြသည်။ သူတို့၏ ဆွယ်တာများနှင့် သူတို့၏ကုတ်အင်္ကျီအရောင်များကသာ ကွာခြားကြသည်။ သူတို့သည် ညီအစ်မများစုဝတ်သည့် အဝတ်အစားပုံစံမျိုးနှင့် တူညီလှသည်။

"နင်လည်း အတူတူပါပဲ။ နင်က ငါ့ကိုချီးကျူးရင်းနဲ့ နင့်ဟာနင် ပြန်ချီးကျူးနေတာလေ"

မောက်ဟွေ့လန်က အသံထွက်ကာ အော်ရယ်လိုက်၏။ မျက်လုံးများက ရှောင်ဖုန်းဆီသို့ ကျရောက်သွားချိန်တွင် သူမသည် မနေနိုင်တော့ဘဲ ရှေ့သို့ပြေးလာကာ ကောင်ကလေးကို ကောက်ချီလိုက်ပြီး သူ့ကို ပွတ်သပ်ပေးလိုက်၏။ "အိုး ရှောင်ဖုန်းက ဘာလို့ အရမ်း ချစ်ဖို့ကောင်းနေတာလဲ"

ကလေးသည် အနက်ရောင်ဘောလုံးလေးများပါသည့် နှင်းလိုဖြူဖွေးနေသည့်မွှေးပွကုတ်အင်္ကျီနှင့် အနက်ရောင်သိုးမွှေးလုံး ပါသည့် ဦးထုပ်ငယ်လေးတစ်လုံးကို ဆောင်းထားသည်။ ကလေးလေးမှာ ပန်ဒါပေါက်စလေးနှင့် တူနေပြီး သူလေးကို မပွေ့ဖက်ဘဲ မနေနိုင်အောင် ဖြစ်နေစေသည်။

သို့နှင့် ရှောင်ဖုန်းသည် ဒီအခိုက်အတန့်တွင် အလွန်မှ တည်ငြိမ်နေလေသည်။

"ဒီအဝတ်အစားက တကယ်ချစ်စရာကောင်းတာပဲ" ရှ၀မ်ယွဲ့ကထွက်လာပြီး ရှောင်ဖုန်းကို ပြုံးပြလိုက်၏။ "ငါ ဒါကို တွေ့တုန်းက ငါတို့ရဲ့ရှောင်ဖုန်းက ဒါနဲ့ဆိုရင် အရမ်းကြည့်လို့ကောင်းမှာပဲလို့ စဉ်းစားမိတာလေ"

"အိုး အမေရယ်။ အမေလည်း လှလိုက်တာ" မောက်ဟွေ့လန်သည် ရှောင်ဖုန်းလေးကို ပြန်ချထားပေးလိုက်ပြီး ရှ၀မ်ယွဲ့ဆီသို့ အပြေးရောက်သွားကာ ဝမ်းသာအားရ ပြောလေသည်။ "ဟယ် ငါ့အမေ။ ငါ့အမေကလေ ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင်မှ ချောမောနေတာလဲ"

ဒါက ရှ၀မ်ယွဲ့ကို သဘောကျကာ ရယ်မောစေလေသည်။

သူမသည် အဖြူရောင်လည်ထောင်ဆွယ်တာတစ်ထည်ကို အညိုရင့်ရောင် ခါးမြင့် ခေါင်းလောင်းဘောင်းဘီနှင့် တွဲဝတ်ထားပြီး ခုံထူထူ လည်သာဖိနပ်တစ်ရံကို ဝတ်ဆင်ထားကာ အပေါ်မှနေ၍ အုန်းခွံရောင် သိုးမွှေးကုတ်အင်္ကျီကို ဝတ်ဆင်ထားလေသည်။

ရှ၀မ်ယွဲ့သည် အရပ်မြင့်ပြီး သွယ်လျနေ၏။ သူမ၏မျက်နှာပေါ်က အရေးအကြောင်းများကို ဖယ်ထားလိုက်လျှင် သူမသည်အသက်၂၀အရွယ် မိန်းကလေးတစ်ယောက်နှင့် အမှန်ပင် ဆင်တူလေသည်။

ရှ၀မ်ယွဲ့နောက်မှ လိုက်လာသည့် မောက်ဟွေ့မေကလည်း အသံထွက်ရယ်မောကာ ပြောလိုက်၏။

"တကယ်လို့ ငါသာ အမေနဲ့ဒီလို အတူတူ အပြင်ထွက်မယ်ဆိုရင် လူတွေက ငါတို့တွေကို ညီအစ်မလို့ သေချာပေါက် ထင်ကြလိမ့်မယ်"

သူမ၏ ကိုယ်လုံးကိုယ်ထည်က ရှ၀မ်ယွဲ့နှင့်ဆင်တူပြီး သူတို့၏အဝတ်အစားပုံစံများကလည်း ဆင်တူနေကြသည်။ သို့သော်ငြားလည်း မောက်ဟွေ့လန်၏ဆွယ်တာကတော့ ပန်းရောင်ပန်းပွင့်များ ပါရှိပြီး သူမ၏ခေါင်းလောင်းဘောင်းဘီက အညိုဖျော့ရောင်ဖြစ်ကာ သူမ၏လည်သာဖိနပ်ကတော့ ပိုပြီးခေတ်မီလှသည်။

ရှ၀မ်ယွဲ့က ပါးစပ်နားရွက်တက်ချိတ်တော့မတတ် ပြုံးလိုက်ပြီး "အလုပ်လုပ်တာက တကယ်ပဲ အကျိုးကျေးဇူး များတာပဲ။ ဟွေ့မေက စကားပြောတဲ့နေရာမှာ ပိုပြီးတော့တောင်မှ လည်လည်ဝယ်ဝယ် ရှိလာပြီ"

မောက်ဟွေ့လန်က ပြောလိုက်၏။ "အမေ အစ်မ ပြောနေတဲ့စကားတွေက လုံးဝချဲ့ကားပြီး ပြောနေတာ မဟုတ်ဘူးနော်။ အမေ့ရဲ့မျက်နှာက အများကြီး ပိုဖြူပြီးတော့ ပိုပြီးတော့ နုဖတ်လာတာ။ အမေ အဖေနဲ့အတူတူ မျက်နှာတွေ ပေါင်းတင်နေခဲ့တာ မဟုတ်လား"

ရှ၀မ်ယွဲ့မှာ မနေနိုင်တော့ဘဲ သူမ၏မျက်နှာကို ထိကိုင်ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းနှင့် မျက်ခုံးများပေါ်တွင် ပြုံးရိပ်သမ်းသွားကာ "နင့်အဖေက ညတိုင်း ငါ့အတွက် တစ်ခုလုပ်ပေးတယ်လေ။ သူတို့ရိုက်ကူးရေးအဖွဲ့ထဲက မင်းသားမင်းသမီးတွေက မျက်နှာပေါင်းတင်ကပ်ခွာအမျိုးမျိုးကို သုံးကြတာ။ နောက်ပြီး သူတို့တွေက ပုလဲပေါင်ဒါမှုန့်တွေ တခြားဟာတွေကိုလည်း သုံးကြသေးတယ်တဲ့"

ဒီအချိန်တွင်တော့ သူမက ပြုံးကာ ပြောလိုက်လေသည်။ "သူက လူကြီးတစ်ယောက် ဖြစ်နေပြီးပါပြီ။ ဒါပေမဲ့ မျက်နှာပျက်ရမှာ မကြောက်ဘူးလေ။ သူက မင်းသမီးဆီ သွားပြီးတော့တောင် အကြံဉာဏ် သွားတောင်းလိုက်သေးတယ်"

"ငါ နင်တို့အတွက် ဝယ်လာပေးတဲ့ အဝတ်အစားတွေကိုလည်း ရိုက်ကူးရေးအဖွဲ့ထဲက အဝတ်အစားဒီဇိုင်နာတွေဖြစ်တဲ့ သူ့ရဲ့အသိမိတ်ဆွေတွေနဲ့ အတူတူသွားပြီးတော့ ဝယ်လာပေးခဲ့တာ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အဝတ်အစားတွေကို တွဲဖက်ပြီး ဝတ်ရတဲ့အခါ ဒီလောက်အများကြီး လေ့လာရမယ်ဆိုတာတောင် သိမှာမဟုတ်ဘူးလေ"

သူတို့သည် စကားပြောနေကြချိန်တွင် ဘေးအိမ်သို့ လူသွားခေါ်သည့် မောက်ဟွေ့ကျူးသည် ပြန်ရောက်လာတော့သည်။ သူမသည် သူမ၏အမေနှင့် အစ်မများက လှလှပပ ဝတ်စားထားသည်ကို မြင်လိုက်ချိန်တွင် ချက်ချင်းဆိုသလို အထိတ်တလန့် ဖြစ်သွားတော့၏။ "ဝိုး အမေတို့အားလုံးက မင်းသမီးတွေ ဖြစ်သွားကြပြီလား"

ဒါက အားလုံးကို ရယ်မောစေတော့သည်။

မောက်ဟွေ့လန်က ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်၏။ "ဒါတွေက အမေ ငါတို့ကို ဝယ်လာပေးတဲ့ အဝတ်အစားအသစ်တွေနော်"

မောက်ဟွေ့ကျူးမှာ မျက်လုံးလေး ဝိုင်းစက်သွားကာ ရှ၀မ်ယွဲ့ကို မေးလိုက်လေသည်။

"သမီးအတွက်ရော မပါဘူးလား"

မောက်ဟွေ့လန်က သူမကို စနောက်ကျီစယ်လိုက်၏။ "မပါပါဘူး။ နင့်မှာ အဝတ်အစားအသစ်တွေ ရှိပြီးပြီပဲ မဟုတ်လား"

မောက်ဟွေ့ကျူးသည် သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး ခဏအကြာတွင် လေးပင်စွာ ခေါင်းညိတ်ပြလိုက်ကာ သူမကိုယ်သူမ နှစ်သိမ့်ရလေမည်လား သို့မဟုတ် သူမကိုယ်သူမ လက်ခံပေးလိုက်ရမည်လား မသိအောင် ဖြစ်သွားတော့သည်။ "ဟုတ်ပါတယ်။ ငါ့မှာ အဝတ်အစားသစ်တွေ ရှိပြီးပါပြီ။ အခုအားလုံးမှာ အဝတ်အစားသစ်တွေ ရှိသွားပြီပေါ့နော်။ ကောင်းလိုက်တာ"

ထိုနောက်တွင်တော့ သူမက ရှ၀မ်ယွဲ့ကို ပြောလိုက်၏။ "အမေ သမီးရဲ့ အဝတ်အစားအသစ်တွေကို အမေ့ကို ပြဦးမယ်"

ရှ၀မ်ယွဲ့က စိတ်အေးသွားသလိုဖြင့် သူမ၏ခေါင်းသေးသေးလေးကို ပုတ်ပေးလိုက်ပြီး

"နင့်ရဲ့ဒုတိယအစ်မက နင့်ကိုညာနေတာပါ။ နင့်မှာလည်း တစ်ထည်ပါတယ်"

မောက်ဟွေ့ကျူး၏ရင်ထဲက ဝမ်းနည်းမှုများသည် ချက်ချင်းဆိုသလို အရိပ်အယောင် မကျန်ဘဲ ပျောက်ကွယ်သွားပြီး သူမက ဝမ်းသာအားရ အော်ဟစ်လိုက်ကာ မောက်ဟွေ့လန်နောက်သို့ လိုက်ပြေးတော့သည်။ "အစ်မ၂နော် မကောင်းဘူး"

မောက်ဟွေ့လန်က ရယ်မောကာ ထွက်ပြေးလေသည်။

ဦးလေးလီက မောက်ကျစ်ရှန်းနောက်မှ လိုက်ဝင်လာပြီး အားကျစွာဖြင့် ပြောလိုက်၏။

"ခင်ဗျားတို့ရဲ့ကလေးတွေကို တကယ့်ကို သေသေချာချာလေး ပျိုးထောင်ပေးခဲ့တာပဲ"

မောက်ကျစ်ရှန်း၏ မျက်လုံးထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်သွား၏။ မိနစ်အနည်းငယ်ကြာပြီးနောက်တွင် မောက်ဟွေ့ကျူးသည် သားမွေးအဝတ်အစားများကို ဝတ်ကာ ပြေးထွက်လာပြီး ရှောင်ဖုန်းကို ပွေ့ဖက်လိုက်ကာ ပြောလိုက်လေသည်။ "ငါတို့ရဲ့အဝတ်အစားတွေက အတူတူပဲနော်။ ဟားဟား"

ရှောင်ဖုန်းကလည်း သူမ၏ခန္ဓာကိုယ်ပေါ်က သားမွှေးလေးကို ဝမ်းသာအားရ ထိကိုင်နေ၏။ ရှ၀မ်ယွဲ့က ပြောလိုက်သည်။

"ချန်းချန်းမှာလည်း ရှိတယ်။ ခဏနေကျမှ သူ့အတွက် သွားပို့ပေးလိုက်ကြနော်"

ချန်းချန်းသည် အချိန်အတော်ကြာသည်အထိ ဝမ်းသာအားရ ဖြစ်ရလေသည်။ သို့သော်ငြားလည်း လူကြီးများက သူတို့ကို ခဏလောက် ပေးပျော်ထားလိုက်ပြီးနောက် အဝတ်အစားများကို ပြန်ချွတ်လိုက်ကြသည်။

နောက်ဆုံးတွင် သူတို့သည် ဒီနေ့တွင် သေသေချာချာလေး သန့်ရှင်းရေး လုပ်ဖို့လိုသည်။ သိုးမွှေးအဝတ်အစားများက အစွန်းအထင်းမခံသလို လျှော်ဖွတ်ရန်လည်းခက်ခဲသည်။

ရှောင်ဖုန်းသည် ရှားရှားပါးပါးအဝတ်အစားကို မခွဲမခွာနိုင်ဖြစ်နေပြီး ရှမြန်ကို မေးမြန်းကာ အတည်ပြုနေ၏။ "သား ဒါကို မနက်ဖြန်ကျရင် ဝတ်ရမှာလား"

"ဟုတ်တယ်။ သား ဒါကို မနက်ဖြန်ကျရင် ဝတ်ရမှာပေါ့" ရှမြန်က သူ့ခေါင်းသေးသေးလေးကို အင်္ကျီ၏ သားမွေးများဖြင့် ပွတ်သပ်ပေးလိုက်ကာ "အန်တီလေးတို့တွေ ဒီနေ့အိမ်ကို သန့်ရှင်းရေး လုပ်ကြမယ်လေ။ ပြီးရင်တော့ မနက်ဖြန်ကျရင် နွေဦးပွဲတော် ကဗျာတွေကို ကပ်ကြပြီးတော့ မီးရှူးမီးပန်းလည်း ဖောက်ကြမယ်။ ပြီးရင်အန်တီလေးတို့တွေ အဝတ်အစားအသစ်တွေ လဲဝတ်လို့ရပြီ"

မောက်ဟွေ့ကျူးကလည်း ထိုအကြောင်းအရာကိုသာ ပြောတော့မည်ဖြစ်သည်။ ထို့ကြောင့် အားလုံးက သန့်ရှင်းရေး စတင်လုပ်ကြသည့်အချိန်တွင် ကလေး၂ယောက်က နောက်မှ တကောက်ကောက် လိုက်လာပြီး အဝတ်အစားနှင့်ဂေါ်ပြားများကို ယူကာ လူကြီးများထက်ပိုပြီး အလုပ်များနေကြတော့သည်။

ကံအားလျော်စွာ သူတို့သည် ပြောင်းရွှေ့လာချိန်က အိမ်ကို သေသေချာချာလေး သန့်ရှင်းရေး လုပ်ခဲ့ပြီးသားဖြစ်သည်။ ထိုကြောင့် သူတို့သည် ယခုတော့ အချိန်အများကြီး ပေးစရာမလိုခဲ့ချေ။ မိသားစုဝင်တိုင်းအားလုံးက အလုပ်ကြိုးစားခဲ့ကြပြီး ညရောက်လာသည့်အချိန်တွင် အိမ်က နောက်ဆုံးတော့ သန့်ရှင်းပြောင်လက်သွားတော့သည်။

ရှ၀မ်ယွဲ့က ရေနွေးကိုအပူပေးလိုက်ပြီး အားလုံးက တစ်လှည့်စီ ရေချိုးကြသည်။

ရှမြန်က သူမကိုယ်တိုင် ရေချိုးခဲ့ပြီးနောက်တွင် ရှောင်ဖုန်းကို အဝတ်အစား ချွတ်ပေးလိုက်ပြီး ဇလုံကြီးထဲသို့ ထည့်ပေးလိုက်သည်။ သူမသည် သူ၏နူးညံ့ပျော့ပျောင်းနေသည့် ဗိုက်သေးသေးလေးကို မပွတ်သပ်ပေးဘဲ မနေနိုင်တော့ချေ။ ကလေးလေးက နောက်ဆုံးတော့ သူမ၏ ကျွေးမွေးစောင့်ရှောက်မှုအောက်တွင် ပြည့်ဝလာခဲ့သည်။

"သား ဝလာတာပဲ"

ရှောင်ဖုန်းက သူမ ပွတ်ပေးနေသည်တွင် တခစ်ခစ်ရယ်မောပြီး သူ့လက်ကိုရှမြန်ဆီသို့ လှမ်းလိုက်ကာ သူမ၏အာရုံကို ပြောင်းလဲသွားအောင် ကြိုးစားနေလေသည်။

"အန်တီလေး ဒီမှာရေချိုးပါ"

ရှမြန်က သူ့လက်သေးသေးလေးကို ခပ်ကြမ်းကြမ်း နမ်းရှုံ့လိုက်ပြီးနောက် "သား ဝလာတယ်ဆိုတာကို သိရဲ့လားလို့"

"သိပါတယ်" ရှောင်ဖုန်းကပြုံးကာ သူ့လက်လေးကို ဆန့်ပြလိုက်ပြီး ဝနေသည့်ဟန်လုပ်ပြသည်။

"သားက အရသာရှိတဲ့အစားအသောက်တွေ အများကြီးစားခဲ့လို့လေ"

ရှမြန်က အော်ရယ်ကာ ကိုယ်ကိုညွတ်ပြီး သူ့ကိုကောက်ချီပေးလိုက်ပြီးနောက် သူ့ကို ခြောက်သွေ့သွားအောင် တဘတ်ဖြင့် သုတ်ပေးလိုက်သည်။

"မနက်ဖြန် နှစ်သစ်ကူးအကြိုနေ့က အဓိကအချိန်ပဲ။ သားအကြိုက်ဆုံး ဖက်ထုပ်တွေစားရမှာ"

ရှောင်ဖုန်းသည် သူ့ဆံပင်ကိုသုတ်ဖို့ရန် ခေါင်းကို နာနာခံခံမော့ပေးလိုက်ပြီး ရေရွတ်လိုက်လေသည်။

"ကဗျာတွေကိုကပ်ပြီး မီးရှူးမီးပန်းဖောက်ပြီးရင် အဝတ်အစားအသစ်ကို ဝတ်ရမယ်..."

"သားက အဝတ်အစားအသစ်အကြောင်း စဉ်းစားနေတာလား"ရှမြန်က သူ့ကိုဂွမ်းစောင်တစ်ခုဖြင့် တင်းကြပ်နေအောင် ထုတ်ပေးထားလိုက်ပြီး အနောက်ဘက်တန်းလျားထဲမှာနေ၍ အိပ်ခန်းထဲသို့ အပြေးပြန်လာခဲ့ကာ သူ့ကို နွေးထွေးသည့်ဂွမ်းစောင်လေးထဲတွင် မြန်မြန်ထည့်ပေးလိုက်လေသည်။

ရှောင်ဖုန်းသည် အလွန်မှ ဇိမ်ကျနေပုံပေါ်သည်။ အိပ်ရာပေါ်တွင်ဝမ်းသာအားရ ဟိုလှိမ့်ဒီလှိမ့်လုပ်နေလေ၏။

ရှမြန်က မနေနိုင်တော့ဘဲ သူ၏ချောမွတ်နေသည့် ကျောပြင်လေးကို ထိကိုင်ပေးလိုက်ပြီး ပြောလိုက်သည်။ "မြန်မြန်အိပ်တော့နော်။ သားနိုးလာတဲ့အချိန်ကျရင် မွှေးပွအဝတ်အစားအသစ်လေးတွေကို ဝတ်ရမှာ"

နှစ်သစ်ကူးကို မျှော်လင့်နေသည်တွင် အားလုံးသည် တစ်ညလုံး ကောင်းကောင်းအိပ်စက်ခဲ့ပြီး နောက်တစ်နေ့မနက် မီးရှူးမီးပန်းဖောက်သံကို ကြားလိုက်သည့်အချိန်ကျမှ နိုးလာတော့သည်။

ရှောင်ဖုန်းသည် အိပ်နေရာမှ အလန့်တကြားနိုးလာ၏။ သူ့မျက်လုံးများကို မဖွင့်ရသေးခင် သူက သူ့လက်မောင်းလေးကို မှီထားလိုက်ကာ ရှမြန်ဆီသို့ အတင်း တိုးဝင်လာသည်။ ရှမြန်က ဂွမ်းစောင်ကို မြန်မြန်မပေးလိုက်ပြီး သူ့ကိုသူမ၏လက်မောင်းထဲတွင် ပွေ့ဖက်ပေးထားလိုက်သည်။

"မကြောက်နဲ့နော် မကြောက်နဲ့"ရှမြန်က သူ၏ကျောလေးကို မြန်မြန်သပ်ပေးကာ သူ့ကို နှစ်သိမ့်ပေးလိုက်၏။ "မီးရှုးမီးပန်းတွေ ဖောက်နေတာလေ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက နွေဦးပွဲတော်ကဗျာစာရွက်တွေကို ကပ်နေကြတာ"

ရှောင်ဖုန်းသည် နွေဦးပွဲတော်ကဗျာစာရွက်များကို ကပ်နေကြသည်ဟု ကြားလိုက်သည့်အချိန်တွင် သူသည်ချက်ချင်းဆိုသလို မျက်လုံးများကို ဖွင့်ကာပြောလိုက်၏။ "နွေဦးပွဲတော်ကဗျာစာရွက်ကို ကပ်ပြီးသွားရင် သားတို့တွေ အဝတ်အစားအသစ်တွေ ဝတ်ရမှာ"

"ဟားဟား ဟုတ်တယ်။ အရင်ဆုံး နွေဦးပွဲတော်ကဗျာစာရွက်တွေကို အရင်ဆုံး ကပ်ရမယ်နော်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သားရဲ့အင်္ကျီအသစ်တွေ ညစ်ပတ်သွားလိမ့်မယ်"

ရှောင်ဖုန်းက မြန်မြန်ထထိုင်လိုက်ပြီး ဆောင်းဦးအနွေးထည်နှင့် ဘောင်းဘီကို မြန်မြန် ကောက်ယူလိုက်ကာ စတင်ဝတ်ဆင်တော့သည်...

တူဝရီး၂ယောက် ထွက်လာသည့်အချိန်တွင် ရှ၀မ်ယွဲ့၏မိသားစုက အိပ်ရာထနှင့်နေပြီဖြစ်သည်။ မောက်ကျစ်ရှန်း၊ မောက်ဟွေ့မေနှင့် တခြားသူများက နောက်ဆုံးအနေဖြင့် ခြံဝင်းကို သန့်ရှင်းလုပ်နေကြသည်။

ရှ၀မ်ယွဲ့က ကော်ကို ပြုလုပ်နေပြီး ဒေါ်ဒေါ်ဝေကတော့ သူမဘေးတွင်ရပ်နေ၏။

ဒေါ်ဒေါ်ဝေက နွေဦးပွဲတော်ကဗျာစာရွက်များကို လာပို့ပေးခြင်းဖြစ်သည်။ ဒီနှစ်တွင်နဥ်ရှောက်ယွင်က သူတို့အတွက် ကဗျာစာရွက်ရေးခြင်းကို တာဝန်ယူထားပေးသည်။

လက်ရေးလှရေးခြင်းနှင့် ပန်းချီပညာက ခွဲခြား၍မရလေဘူးဟု ပြောကြသည်။ နဥ်ရှောက်ယွင်ကလည်း အရည်အချင်းရှိသည့် လက်ရေးလှ ရေးသားသူတစ်ယောက် ဖြစ်လေသည်။

သို့သော်ငြားလည်း သူမ၏မိသားစုအတွက် နွေဦးပွဲတော်ကဗျာစာရွက်ကို ရေးပေးရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ သူမသည် လက်မထပ်ခင်က ဒါကိုလုပ်စရာမလိုခဲ့ချေ။ လက်ထပ်ပြီးသွားသည့်နောက်တွင်လည်း ဒါကိုလုပ်ဖို့ရန် စိတ်မဝင်စားခဲ့ချေ။ သို့သော် ယခုတော့ ဘဝအတွက် သူမ၏မြတ်နိုးမှုက ဒီကိစ္စနှင့်ပတ်သက်ပြီး သူမကို အလွန်မှအပြုသဘောဆောင်စေလေသည်။

သူတို့သည် စားသောက်ရင်းပြင်ဆင်နေသည့်နေ့များအတွင်းတွင် သူမကရှည်လျားလှသည့် ကဗျာစာရွက်လေးများကို ရေးသားခဲ့ပြီး အိမ်အတွက် ဖူ ဟူသည့်စကားလုံးတစ်လုံးတည်းကိုလည်း ရေးပေးသေးသည်။

"အစ်မဝေလည်း ခဏနေ ဒီကိုရောက်လာမယ်လို့ စဉ်းစားမိတာနဲ့ ကျွန်မလည်းကော်တွေကို ပြင်ထားပေးတယ်။ အစ်ကိုလီကို ပြောလိုက်ပါနော်။ သူတို့တွေ ကော်ကို လုပ်စရာမလိုတော့ဘူးလို့။ ဒီမှာပဲလာယူလိုက်ပါလို့"ရှ၀မ်ယွဲ့က ပြောလိုက်သည်။

"ဟုတ်ပါပြီ" ဒေါ်ဒေါ်ဝေက တွေဝေမနေဘဲ ပြောလိုက်၏။ "ကျွန်မကို အရင်ဆုံး တစ်ပန်းကန်ပဲ ပေးလိုက်။ တကယ်လို့ မလောက်ဘူးဆိုရင် ကျွန်မထပ်ပြီးလာယူလိုက်မယ်"

…

All Chapters