အပိုင်း(၁၀၇)
Vol. 8 Ch. 107
ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ကျွန်မတို့ ဒီမှာ လူအများကြီးရှိပါတယ်။ ကျွန်မတို့ ပြီးသွားရင် ရှင်တို့ဘက်ကို လာကူပါ့မယ်"
ဒေါ်ဒေါ်ဝေက ပြုံးကာ ပြောလိုက်သည်။ "မလိုပါဘူး။ ချန်းချန်းရဲ့အဖေ ရောက်နေတယ်လေ။ ကျွန်မတို့တွေ ကိုယ့်ဟာကိုယ် ကပ်လို့ရပါတယ်"
ရှ၀မ်ယွဲ့သည် ချက်ချင်းနားလည်သွားတော့သည်။ "ကလေးက ပုံမှန်ဆိုရင် ဘာမှမပြောပေမဲ့ သူလည်း သူ့အဖေကို လွမ်းနေရှာမှာပဲ"
ဒေါ်ဒေါ်ဝေက ပြောလိုက်သည်။ "မဟုတ်လို့လား။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် သားအဖ၂ယောက်က စိတ်ချင်းဆက်နေတယ်လို့ပဲ ပြောရမယ်"
ဒေါ်ဒေါ်ဝေ ပြန်သွားပြီးသည့်နောက်တွင် ရှ၀မ်ယွဲ့က သူတို့ကိုပြောလိုက်၏။ "ဘယ်သူမှ ဟိုဘက်ကို မပြေးရဘူးနော်။ ကိုယ့်တံခါးကိုယ် အရင်ဆုံးပြီးအောင် ကပ်ရမယ်"
ရှမြန်က စဉ်းစားလိုက်၏။ နေရာတိုင်းမှာ အကူအညီတွေ ရှိနေတာပဲ။
ဟုတ်ပါသည်။ ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် ခြံတံခါးဝတွင် နွေဦးပွဲတော်စာတန်းကို ကပ်ဖို့ရန် ခုံတစ်လုံးကို သယ်ချလာချိန်တွင် လမ်းမျက်နှာချင်းဆိုင်က မိသားစု၃ယောက်ကို တွေ့တော့သည်။
ရှ၀မ်ယွဲ့သည် ဟော်ရွှယ်၀မ်က လှေကားကို မှီထားကာ စာတန်းကိုကပ်နေပြီး နဥ်ရှောက်ယွင်က တံခါးနားတွင်ရပ်ကာ သူ့ကို ညွှန်ကြားနေလေသည်။ "ဘယ်ဖက်ကို နည်းနည်းလေးတိုး။ တွန့်နေတယ် ဟုတ်ပြီ"
နှစ်သစ်ကူးကြောင့် စိတ်အခြေအနေကောင်းမွန်နေသည်လား တခြားအကြောင်းအရာကြောင့် စိတ်အခြေအနေ ကောင်းမွန်နေသည်လားကြောင့် မသိချေ။ သူမ၏မျက်နှာပေါ်တွင် အပြုံးရှိနေလေသည်။
ဟော်ရွှယ်၀မ်က ဆင်းလာပြီးနောက်တွင် ချန်းချန်းက သူ့လက်ထဲတွင် ‘ဖူ’ ဟူသည့်စကားလုံးဖြင့် အပြေးအလွှား ရောက်လာပြီး ပြောလိုက်၏။ "ဖေဖေ ‘ဖူ’စကားလုံးကို ဒေါင်လိုက်ကပ်သင့်တာနော်"
ကောင်ကလေးက အလွန်မှပျော်ရွှင်နေသည်က သိသာသည်။ ထိုအခိုက်အတန့်တွင် ရှမြန်ကပင် သူ့ကို သတိမထားမိခဲ့ချေ။
ဟော်ရွှယ်၀မ်က သူ့ကိုဒီအတိုင်းကောက်ချီလိုက်ကာ ပြောလိုက်၏။ "ဒါဆိုရင် ချန်းချန်းကို လုပ်ခိုင်းမယ်"
ထို့နောက်တွင်တော့ သူက ချန်းချန်းကို တံခါးနားသို့ ပင့်ပေးလိုက်၏။
ချန်းချန်းသည် အလွန်မှ ပျော်ရွှင်နေသည်မှာသိသာ၏။ သူက သူ့လက်သေးသေးလေးများကို အမူအရာ လုပ်ပြလိုက်ကာ ကလေးသံလေးတစ်ခုဖြင့် မေးလေသည်။ "ဒီလိုလား"
ဟော်ရွှယ်ဝမ်က ပြောလိုက်သည်။ "ဖေဖေ သေချာမမြင်ရဘူးလေ။ ချန်းချန်း မေမေ့ကို မေးလိုက်"
သို့နှင့်ချန်းချန်းက ကိုယ်ကိုယ်လှည့်ကာ နဥ်ရှောက်ယွင်ကိုမေးလိုက်၏။ "မေမေ သားဒီလိုကပ်ထားတာ မှန်လား"
နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်၏။ "မှန်တယ် ချန်းချန်းက အတော်ဆုံးပဲ"
ချန်းချန်းသည် အလွန်မှ ဂုဏ်ယူ၀င့်ကြွားသွား၏။
ရှမြန်...
မစ္စတာဟော်ကတော့ ဟုတ်နေပါပြီ။ သူက အစီအစဉ်ရှိနေတာပဲ။
ညနေခင်း ရောက်လုနီးပါးအချိန်တွင် နွေဦးပွဲတော်စာတမ်းများအားလုံးကို နောက်ဆုံးတော့ ကပ်လို့ပြီးသွားသည်။
ရှောင်ဖုန်းက ရှမြန်၏လက်မောင်းထဲသို့ တိုးဝှေ့ကာ သူ့နားလေးကို ပိတ်ထားပြီး မောက်ကျစ်ရှန်းက မီးရှူးမီးပန်းများ ဖောက်နေသည်ကို စောင့်ကြည့်နေရင်း ခြံဝင်းထဲတွင်လည်း မီးရှူးမီးပန်းကြိုးတန်း၂တန်းကို တန်းထားလေသည်။
အားလုံးက ရွှင်လန်းပျော်ရွှင်နေကြပြီး တတ်နိုင်သလောက် မြန်မြန်ပြေးလွှားနေကြ၏။
အပျော်ဆုံးများမှာ ကလေး၃ယောက်သာ ဖြစ်တော့သည်။ ချန်းချန်းသည် အဝတ်အစားအသစ် လဲပြီးသွားသည့်နောက်တွင် သူကလည်း လာပြီးကြွားဝါပြသည်။ သူတို့အားလုံးသည် တစ်ပုံစံတည်း သို့မဟုတ် အင်္ကျီကိုဝတ်ဆင်ထားပြီး အဝေးမှကြည့်လိုက်လျှင် ကစားနေကြသည့် ဘောလုံးလေး၃လုံးနှင့်တူနေကာ လူများကိုပြုံးစေတော့သည်။
ကလေးများက ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြသည့်အချိန်တွင် လူကြီးများကတော့ ဖက်ထုပ်ကို လုပ်နေကြပြီး နှစ်သစ်ကူးအကြိုညစာစားပွဲအတွက် ပြင်ဆင်နေကြသည်။
ညရောက်လာချိန်တွင် သူတို့သည်စားပွဲ၌ဝိုင်းထိုင်လိုက်ကြပြီး ၂၁လက်မရောင်စုံတီဗီကြီးရှေ့က နွေဦးနှစ်သစ်ကူးပွဲတော်ကို စောင့်ကြည့်နေကြ၏။
လုပ်ကိုင်နေကြခြင်း၏ အကြောင်းပြချက်အားလုံးမှာ ဒီအခိုက်အတန့်လေး၏ အေးချမ်းပျော်ရွှင်ရန်အတွက် ဖြစ်လေသည်။
မောက်ဟွေ့လန်သည် သန့်စင်ခန်းသို့ သွားလိုက်သည့်အချိန်တွင် ရုတ်တရက် ဝမ်းသာအားရ ထအော်လိုက်၏။ "နှင်းတွေကျနေတယ်"
ရှ၀မ်ယွဲ့က ဝမ်းသာသွားသည်။ "မင်္ဂလာရှိတဲ့နှစ်ဆိုတာက ကောင်းမွန်တဲ့ရိတ်သိမ်းမှုတစ်ခုဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီနှစ်ကတော့ နှစ်ကောင်းတစ်နှစ်ဖြစ်မှာပဲ"
ရှောင်ဖုန်းသည် မောက်ဟွေ့ကျူးနှင့်အတူ အပြင်ဘက်တွင် စတင်ပတ်ပြေးတော့သည်။ ပြီးခဲ့သည့်တစ်ခေါက် နှင်းများ သည်းထန်စွာ ကျဆင်းပြီးကတည်းက ရှမြန်သည် ဒီကောင်ကလေးက နှင်းကိုထူးထူးခြားခြား သဘောကျသည်ကို သိရှိခဲ့ရ၏။
ဟုတ်ပါသည်။ သူလေးက ရှမြန်ကိုလည်း ချစ်သည်။ မှိန်ပြပြအလင်းရောင်အောက်တွင် ကျဆင်းလာသည့် နှင်းပွင့်လေးများမှာ အလွန်မှလှပနေ၏။
သူမသည် တံခါးအပြင်ဘက်သို့ လျှောက်ကာထွက်သွားသည်နှင့်ချက်ချင်း အပြင်ဘက်မှဝင်လာသည့် ချန်းချန်း၏ ဝမ်းသာအားရအော်သံကို ကြားနေရသည်။ "မောက်ဟွေ့ကျူး၊ ညီလေးရှောင်ဖုန်း မြန်မြန် ထွက်လာခဲ့။ ငါ့ဖေဖေက မီးရှို့မီးပန်းလုပ်ပေးနေတယ်"
သူ့စကား ဆုံးသွားသည်နှင့်ချက်ချင်း လေထဲတွင် စူးရှသည့်ပေါက်ကွဲသံတချို့ ထွက်လာပြီးနောက် ကောင်းကင်ပေါ်တွင် လှပသည့် ရောင်စုံမီးရှူးမီးပန်းများ ကွဲထွက်လာတော့သည်။
"ဝိုး"မောက်ဟွေ့ကျူးက ပါးစပ်အဟောင်းသားဖြင့် တအံ့တဩဖြစ်နေပြီး ရှောင်ဖုန်း၏ မျက်လုံးလေးများကတော့ အံ့ဩရိပ်အပြည့် ဖြစ်နေလေသည်။ ကောင်ကလေးသည် ဆင်းရဲလှသည့် တောင်ပေါ်ကျေးရွာတစ်ခုတွင် ကြီးပြင်းလာခဲ့ပြီး ဒီလိုခမ်းနားလှပသည့် မီးရှူးမီးပန်းများကို တစ်ခါမှမတွေ့ခဲ့ဘူးချေ။
ထို့နောက်တွင်တော့ သူက မောက်ဟွေ့ကျူးနောက်သို့လိုက်ကာ ဒယိမ်းဒယိုင်ဖြင့် ပြေးထွက်သွားလေသည်။
မောက်ဟွေ့ကျူးက လက်ခုပ်တီးကာ ပြောလိုက်၏။ "ငါ့အဖေကလည်း မီးရှုးမီးပန်းတွေဝယ်လာတယ်"
ထို့နောက်တွင်တော့ သူမက လှည့်ထွက်သွားကာ မီးရှုးမီးပန်းများကိုသွားယူ၏။
ရှမြန်ကလည်း အရင်ဆုံး နောက်မှလိုက်ပြေးသွားသည်။
သူမသည် တံခါးနားသို့ ရောက်လာသည့်အချိန်တွင် ဟော်ရွှယ်ဝမ်က မီးရှုးမီးပန်းကြီးတစ်လုံး ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ မီးရှူးမီးပန်းများကို တစ်ခုပြီးတစ်ခု ၁မီတာလောက်ရှည်သည့် အချောင်းလေးထဲမှ ပစ်လွှတ်လိုက်ရာ လေထဲတွင် တောက်ပသည့်အရောင်စုံများဖြင့် ပေါက်ကွဲသွားတော့သည်။
ချန်းချန်းက ဝမ်းသာအားရလက်ခုပ်တီးပြီး ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်၏။ "မောက်ဟွေ့ကျူး၊ ညီလေးရှောင်ဖုန်း။ ငါ့အဖေက မီးရှူးမီးပန်း လွှတ်ပေးနေတာ။ မလှဘူးလား"
မောက်ဟွေ့ကျူးက ရုတ်တရက် သတိရသွား၏။ "ငါ့အိမ်မှာလည်း တစ်ခုရှိတယ်"
မောက်ဟွေ့လန်က အိတ်တစ်လုံးဖြင့် ထွက်လာနှင့်ပြီးဖြစ်သည်။ "ဒီမှာ ရော့။ ဒါကို ၅ရက်လောက်တောင် သိမ်းထားခဲ့ရတာ"
မောက်မိသားစုသည် မိန်းကလေးများသာ ရှိသည်။ သို့သော်ငြားလည်း မောက်ကျစ်ရှန်းက မြေကြီးပေါ်တွင် ချထားပြီး ကစားလို့ရသည့် မီးရှူးမီးပန်းငယ်လေးများကို ဝယ်ပေးထားသည်။ ကြာပွင့်၊ လိပ်ပြာ၊ ကြက်ဖပုံစံ စသဖြင့် အမျိုးမျိုးပါရှိနေ၏။
မောက်ဟွေ့မေက မီးညှိထားသည့်အမွှေးတိုင်ချောင်း လက်တစ်ဆုပ်ဖြင့် ထွက်လာပြီး ပြုံးကာ ပြောလိုက်လေသည်။ "နင်တို့တွေ ဒါကို ဘယ်လိုသုံးကြမှာလဲ"
လူအများအပြားက ဝမ်းသာရွှင်လန်းသွားကြပြီး သူမဆီမှာ အမွှေးတိုင်၁ချောင်းစီ လှမ်းယူလိုက်ကြ၏။ ရှမြန်က ရှောင်ဖုန်းကို အမွှေးတိုင်တစ်ချောင်း လှမ်းပေးလိုက်သည်။ "သားကြောက်နေလား"
ရှောင်ဖုန်းက မောက်ဟွေ့ကျူး မီးညှိလိုက်သည့် မီးရှူးမီးပန်းများကို တအံ့တဩကြည့်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။ "မကြောက်ပါဘူး"
ထို့နောက်တွင်တော့ ရှမြန်က သူ့ကို အားအနည်းဆုံး မီးရှူးမီးပန်းတစ်ခုကို ပေးလိုက်ပြီး လွှတ်လိုက်လေသည်။
ကလေးလေးက အစားအသောက်ကို ခိုးယူနေသည့်ရှဥ့်ကြွက်လေးတစ်ကောင်လို မီးရှူးမီးပန်းများဆီသို့ သတိလေးဖြင့်ချဉ်းကပ်သွားပြီး အလွန်မှ ဂရုတစိုက်ဖြင့် မီးညှိလိုက်လေသည်။
မီးစာက တဖျတ်ဖျတ် လောင်ကျွမ်းသွားချိန်တွင် ကောင်ကလေးသည် သူ၏ ခြေထောက်သေးသေးလေးများဖြင့် ရှမြန်၏ရင်ခွင်ထဲသို့ မြန်မြန်ပြေးဝင်လာသည်။
ရှမြန်က အသံထွက်ကာ ရယ်မောလိုက်၏။ ရှောင်ဖုန်းကတော့ သူမကို အာရုံစိုက်ဖို့ရန် စိတ်ဝင်စားမှု မရှိတော့ချေ။ သူက ကိုယ်ကိုပြန်လှည့်လိုက်ပြီး သူ့ကြိုးစားအားထုတ်မှု၏ရလဒ်ကို လှည့်ကြည့်လိုက်သည်။
ကြာပန်းပွင့်လေးသည် နှင်းပေါ်တွင် မြန်မြန်ဆန်ဆန် စတင်လည်ပတ်သွားချိန်တွင် ကောင်ကလေးက ခြေထောက်လေးကို ဝမ်းသာအားရ ဆောင့်ကာ ခုန်ဆွခုန်ဆွဖြင့် ပြောလိုက်၏။
"အန်တီလေး ကြည့်ပါဦး"
"အင်း အန်တီလေးတွေ့ပါတယ်" ရှမြန်က မနေနိုင်တော့ဘဲ သူ့မျက်နှာလေးကို အားရပါးရနမ်းရှုံ့လိုက်ပြီး
"ရှောင်ဖုန်းက တော်လိုက်တာ"
ရှောင်ဖုန်းသည် မီးရှို့မီးပန်း၂ခုကို လွှတ်ပြီးသွားသည့်အချိန်တွင် ရှမြန်ကလည်း စိတ်ဝင်စားလာတော့သည်။ သူမသည် အလွန်ငယ်ရွယ်သည့်အချိန်တုန်းက သူမ၏ အဘွားအိမ်တွင် မီးရှူးမီးပန်းများနှင့် ကစားခဲ့ဖူးသည်။ သို့သော်ငြားလည်း မီးရှူးမီးပန်းလွှတ်ခြင်းကို တားမြစ်ထားသဖြင့် သူမသည် နှစ်ပေါင်းများစွာ ဒီအရာများကို မကစားနိုင်ခဲ့တော့ချေ။
သို့သော်ငြားလည်း မောက်ဟွေ့ကျူး၏ လက်က အင်မတန်မှ မြန်ဆန်နေ၏။ ရှောင်ဖုန်းနှင့် ရှမြန်တို့က မီးရှူးမီးပန်းတစ်စုံကို မလွှတ်ရသေးခင်မှာပင် မောက်ဟွေ့လန်က သူမ ယူထုတ်လာသည့် မီးရှုးမီးပန်းအားလုံးကို လွှတ်လိုက်လေသည်။
မောက်ဟွေ့ကျူးက တစ်ဖန်အပြေးအလွှားသွားလိုက်သည်ကို မြင်လိုက်ရသည်တွင် ရှမြန်ကလည်း အပြေးအလွှားသွားလိုက်ပြီး စဉ်းစားမနေဘဲ တစ်ခုကို လှမ်းဆွဲထားလိုက်၏။
ရှောင်ဖုန်းက ဝမ်းသာပျော်ရွှင်စွာဖြင့် လက်ခုပ်တီးနေသည်။
ရှမြန်သည် သေသေချာချာကြည့်လိုက်မှ ဒါက လေထီးတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဒီလို မီးရှူးမီးပန်းမျိုးက ကောင်းကင်ပေါ်သို့ ထိုးတက်သွားချိန်တွင် ပေါက်ကွဲသွားလိမ့်မည်ဟု ပြောကြသည်။ ထိုနောက်မှ လေထီးလေးများလို ဖြည်းဖြည်းချင်း ပြန်ကျလာကာ အလွန်မှ မှော်ဆန်လှသည်ဟု ပြောကြသည်။
"ဒါက ပေါက်ကွဲသွားလိမ့်မယ်။ အန်တီလေးနဲ့ ရှောင်ဖုန်းတို့ အတူတူလွှတ်ကြမလား"
ရှောင်ဖုန်းကလည်း မငြင်းပယ်ချေ။ ထို့ကြောင့် ရှမြန်က ကလေး၏လက်ကိုကိုင်ကာ အမွှေးတိုင်ကို ပိုရှည်သည့်တစ်ချောင်းသို့ ပြောင်းလိုက်လေသည်။ သို့တိုင် သူမသည် အလွန်မှကြောက်ရသဖြင့် သူမ၏လက်ကို အကြိမ်ကြိမ်နောက်ပြန်ဆုတ်နေကာ နောက်ဆုံးမှ မီးစာညှိနိုင်သွားတော့သည်။
မီးစာက မီးစွဲသွားသည့်အချိန်တွင် ရှမြန်က အလွန်မှကြောက်သဖြင့် နောက်သို့လှည့်ကာ လက်ထဲတွင် ကလေးကိုချီပြီး ပြန်ပြေးလာတော့သည်။
ဒီအချိန်တွင် မြေကြီးပေါ်၌ နှင်းလွှာပါးပါးလေးရှိနေပြီဖြစ်ကာ ရှမြန်သည် အလောတကြီး ထရပ်လိုက်သဖြင့် ခြေ၂လှမ်းလောက် ပြေးလို့အပြီးတွင် ခြေချော်သွားသလို ခံစားလိုက်ရ၏။
ရှမြန်သည် အမှတ်တမဲ့ ရှောင်ဖုန်းကို တင်းနေအောင် ကာကွယ်ပေးထားလိုက်ပြီး ကိုယ်ကို လှည့်လိုက်ကာ သူမကတော့ သေချာပေါက် လဲကျပေလိမ့်မည်ဟု စဉ်းစားမိလေသည်။
ရလဒ်အနေဖြင့် သန်မာသည့်လက်ကြီးတစ်ဖက်က သူမ၏ပခုံးကို ထောက်ခံထားပေးသည်ကို ခံစားလိုက်ရ၏။
သူမသည် မျက်လုံးများကို ဖွင့်လိုက်သည်နှင့်ချက်ချင်း နဥ်ရှောက်ပိုင်၏ မျက်နှာသေဖြစ်နေသည့် ချောမောသည့်မျက်နှာကို မြင်လိုက်ရတော့သည်။ မှိန်ပြပြမီးရောင်နှင့် ပျံဝဲနေသည့် နှင်းပွင့်များအောက်တွင် အလွန်မှချောမောလွန်းလှသဖြင့် သူမ၏နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်သွားတော့သည်။
"ဒေါက်တာနဉ် ဒေါက်တာနဥ်က အရမ်းချောတာပဲ" ရှမြန်က စိတ်ရင်းအတိုင်း ချီးကျူးစကား ပြောလိုက်လေသည်။
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က ဒါကိုမည်သို့နားလည်သွားမှန်း မသိလိုက်ချေ။ သူက မျက်စောင်းထိုးလိုက်ပြီး ရုတ်တရက်ဆိုသလို သူမကို ကိုင်ထားသည့်လက်ကို လွှတ်ချလိုက်လေသည်။ ရှမြန်၏ ခန္ဓာကိုယ်သည် မထိန်းနိုင်တော့ဘဲ နောက်ပြန်လန်ကျသွား၏။
"အ"
ထို့နောက်တွင်တော့ မြန်မြန်ဆန်ဆန် မာကျောသည့်ရင်ဘတ်တစ်ခုကို မှီထားလိုက်သည်။
ရှမြန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ခေါင်းမော့ကာ ခပ်တိုးတိုးရယ်မောပြီး ပြောလိုက်၏။
"ကျွန်မ ပြောပါတယ်။ ဒေါက်တာနဥ်က ကြင်နာတတ်တဲ့လူတစ်ယောက်ပါဆို။ ဒါက သေချာပေါက် တမင်သက်သက် လုပ်တာမဟုတ်ဘူးလေနော်"
နဥ်ရှောက်ပိုင်က သူမကို သူ့ခန္ဓာကိုယ်ပေါ်မှ တွဲထူပေးလိုက်ပြီး အထင်သေးသည့်ဟန်ဖြင့် ပြောလိုက်သည်။ "သေချာရပ်လေ။ မင်းမှာ အရိုးမပါဘူးလား"
ရှမြန်က ရှောင်ဖုန်းကို ချပေးလိုက်ကာ သက်ပြင်းချလိုက်လေသည်။ "ဒေါက်တာနဥ်ရယ် ရှင်ဟာလေ ကျေနပ်အောင် လုပ်ပေးရတာ တကယ်ခက်တာပဲ။ ကျွန်မ ရှင့်ကိုတောင် ချီးကျူးလို့ မရတော့ဘူးလား"
နဥ်ရှောက်ပိုင်က မကျေမနပ်ဖြင့် သူမ၏နဖူးကို လှမ်းတောက်လိုက်ကာ "မင်းရဲ့မြှောက်လုံးတွေနဲ့လား ထားလိုက်ပါ။ ငါတော့ ကြောက်နေပြီ"
"ရှင် ကျွန်မကို တစ်ဖက်သက် ဆုံးဖြတ်ချက်ချနေတာပဲ" ရှမြန်က ထိုစကားကို ပြောလိုက်ချိန်မှာပင် ချန်းချန်းက ဝမ်းသာအားရ အပြေးရောက်လာသည်။
"ဦးဦး" ချန်းချန်းသည် နဥ်ရှောက်ပိုင်၏ပေါင်ပေါ်သို့ ဝမ်းသာအားရ ခုန်ဆွခုန်ဆွဖြင့်တပ်ကာ ပြောလိုက်၏။ "မီးရှူးမီးပန်းလေ။ မီးရှူးမီးပန်း"
ထိုအခါမှ ရှမြန်သည် နဥ်ရှောက်ပိုင်က သူ၏ လက်ထဲတွင် အိတ်ကြီးတစ်လုံးကို ကိုင်ထားသည်ကို သတိထားမိလိုက်ပြီး ထိုအိတ်ထဲတွင် မီးရှူးမီးပန်းများ အပြည့်ပါနေသည်ကို သိလိုက်ရ၏။
"ဝိုး ဒေါက်တာနဥ် ရှင်က အရမ်းအံ့သြဖို့ကောင်းတာပဲ" ရှမြန်သည် မနေနိုင်တော့ဘဲ ဝမ်းသာအားရဖြင့် အပြေးသွားလိုက်ကာ သူ့ကို လှမ်းဖက်လိုက်လေသည်။
နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို လှမ်းထိန်းထားရင်း သူ့လက်ကို မြန်မြန်ဆန့်တန်းလိုက်ပြီး "မင်းအတွက် မပါဘူး"
"ဒေါက်တာနဥ် ရှင်ဟာလေ ဘာဖြစ်လို့အဲဒီလောက် အကြင်နာမဲ့ရတာလဲ" ရှမြန်က ချဲ့ကားပြောဆိုနေသည့် မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေလိုက်ပြီး သူမသည် ဒရမ်မာကွင်းတစ်ယောက်လို လုပ်ပြနေသည်။ "ကျွန်မ ရှင့်ကို အများကြီး လုပ်ပေးထားတာတောင်မှ ရှင် ကျွန်မကို ဒီလိုဆက်ဆံတယ်နော်။ အရင်က အကြောင်းတွေကို ပြန်စဉ်းစားကြည့်လိုက်စမ်းပါ..."
သူ့မှာ မိန်းမဖြစ်သူကို စွန့်ပစ်ခဲ့သည့် အကြင်နာမဲ့သည့် ယောက်ျားတစ်ယောက်လိုပင် ဖြစ်သွားတော့သည်။
နဥ်ရှောက်ပိုင်က ရှမြန်၏လက်မောင်းထဲသို့ မီးရှူးမီးပန်းအိတ်ကြီးကို ထိုးထည့်ပေးလိုက်ကာ
"ကျေးဇူးပြုပြီးတော့ မင်းပါးစပ်ကို ပိတ်ထားစမ်း"
ရှမြန်မှာ ချက်ချင်းဆိုသလို နာနာခံခံဖြင့် ပြောလိုက်၏။ "ဒေါက်တာနဥ် ကျေးဇူးတင်ပါတယ်နော်"
သူမသည် ကိုယ်ကိုလှည့်ကာ ဝင့်ကြွားစွာရယ်မောရင်း ထွက်သွားတော့သည်။ "ဟားဟားဟား ကလေးတို့ရေ သွားကြမယ်။ မီးရှူးမီးပန်းတွေ ရောက်လာပြီ"
နဥ်ရှောက်ပိုင်မှာ ခေါင်းခါပြီး သက်ပြင်းချတော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် နဥ်ရှောက်ပိုင်၊ ဟော်ရွှယ်ဝမ်နှင့် နဥ်ရှောက်ယွင်တို့သည် တံခါးပေါ်က လှေကားနားတွင်ရပ်နေကာ ရှမြန်နှင့် ကလေးတစ်အုပ်က လမ်းအလယ်တွင် မီးရှူးမီးပန်းများကို ဝှေ့ရမ်းကစားနေသည်ကို စောင့်ကြည့်နေလိုက်သည်။
"အစ်မနဥ်၊ အစ်မဟွေ့မေ အစ်မတို့လည်း လာကြလေ" ရှမြန်က ပတ်ဝန်းကျင်တွင်ရှိသည့်အားလုံးကို လှမ်းခေါ်လိုက်ပြီး တစ်ယောက်ယောက် ငြင်းဆန်မှာကို စောင့်ဆိုင်းမနေဘဲ သူမက မောက်ဟွေ့မေဆီသို့ အရင်ဆုံးပြေးသွားပြီးနောက် နဥ်ရှောက်ယွင်ကို လှမ်းဆွဲလိုက်လေသည်။ သူတို့တစ်ယောက်ချင်းစီကို မီးရှူးမီးပန်းတစ်ချောင်းစီ ပေးလိုက်ပြီး ဝမ်းသာအားရ ဝှေ့ယမ်းပြနေ၏။
မီးရောင်အောက်နှင့် နှင်းများကြားတွင် အားလုံးက အပြစ်ကင်းစင်သည့်ကလေးများ၏ရယ်သံများဖြင့် ပြည့်နှက်နေလေသည်။
ပတ်ဝန်းကျင်အခြေအနေက အလွန်မှ ပျော်ရွှင်စရာကောင်းနေ၍လားတော့ မသိချေ။ နဥ်ရှောက်ယွင်နှင့် မောက်ဟွေ့မေတို့ကလည်း မနေနိုင်တော့ဘဲ သူတို့၏မီးရှူးမီးပန်းများကို ဝှေ့ယမ်းလိုက်ကြတော့သည်။
ပျော်ရွှင်နေကြသည့် နတ်သူငယ်အုပ်စုလေးတစ်ခုလို ဖြစ်နေ၏။
"ဘဝက ဒီလိုပါလားဆိုတာကို အခုမှပဲ သဘောပေါက်တော့တယ်" ဟော်ရွှယ်ဝမ်၏ မျက်လုံးများထဲတွင် နဥ်ရှောက်ယွင်နှင့် ချန်းချန်းတို့၏ မျက်နှာများဖြင့်သာ ပြည့်နှက်နေပြီး သူ့မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှု အပြည့်ဖြစ်နေလေသည်။ "ရှောက်ပိုင် ကျေးဇူးပဲနော်"
နှစ်သစ်ကူး ဖြစ်နေသောကြောင့်လားမသိချေ။ နဥ်ရှောက်ပိုင်က မျက်နှာပေါ်တွင် ရှားရှားပါးပါး နူးညံ့သည့်အပြုံးတစ်ခု ရှိနေ၏။ သို့သော်ငြားလည်း သူ့စကားလုံးများကတော့ အလွန်မှ ခက်ထန်နေလှသေးသည်တော့လည်း မဟုတ်ချေ။ "ကျွန်တော် ဒါကို ချန်းချန်းအတွက် လုပ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ဒီလိုလည်း ပြောခဲ့သေးတယ်လေ။ ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခုပဲ ပေးမယ်လို့"
ဟော်ရွှယ်ဝမ်က နဥ်ရှောက်ယွင်နှင့် ချန်းချန်းတို့ကို ဆုံးဖြတ်ချက် ပြတ်သားနေသည့် အကြည်တစ်ခုဖြင့် ကြည့်လိုက်ပြီး "ငါသူတို့တွေကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး"
နဥ်ရှောက်ပိုင်က မှတ်ချက် မပေးတော့ချေ။ သူက သူ့အစ်မဘေးတွင်သာ ရပ်နေလိုက်လေသည်။
ရှမြန်သည် နှစ်သစ်ကူးအကြိုနေ့တွင် အဝတ်အစားအသစ်နှင့် မီးရှူးမီးပန်းများအပေါ် စွဲလမ်းမှု တိုးပွားလာတော့သည်။
နှစ်သစ်ကူးပြီး ပထမဦးဆုံးရက်တွင် လူများသည် အချင်းချင်းနှုတ်ဆက်ကြပြီး ဟုန်ပေါင်းများကို လက်ခံယူကြသည်။
ဒုတိယနေ့၊ တတိယနေ့နှင့် စတုတ္ထနေ့များတွင် သူတို့သည် စားသောက်ကြပြီး အားရပါးရ ကစားခဲ့ကြသည်။
နှစ်သစ်ကူး၅ရက်မြောက်နေ့တွင် အားလုံးသည် ဘုရားပွဲသို့ အတူတူသွားဖို့ ချိန်းဆိုထားခဲ့ကြ၏။
သို့သော်ငြားလည်း ရှ၀မ်ယွဲ့ကတော့ ရည်ရွယ်ချက်တစ်ခုဖြင့် ဘုရားကျောင်းသို့ သွားခဲ့ခြင်းဖြစ်သည်။ သူမသည် တချို့ကိစ္စ သုတေသနပြုဖို့ လိုအပ်နေသည်။
ဒါကလည်း ပြီးခဲ့သည့် ရက်အနည်းငယ်က တောင်ပိုင်းမှ ပြန်လာပြီးသည့်နောက်တွင် စဉ်းစားလာခဲ့သည်ကိစ္စတစ်ခုနှင့် ပတ်သက်နေလေသည်။
သူတို့သည် စျေးသို့သွားသည့်အချိန်တွင် တူညီသည့်ပြင်ဆင်မှုများ လုပ်ကြဆဲပင်။ သို့သော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ ချန်းချန်း၏ကြိုးကို ကိုင်ထားပေးသည့်သူမှာ ဟော်ရွှယ်ဝမ်ဖြစ်နေသည်။
ဟော်ရွှယ်ဝမ်က ရှောင်ဖုန်းနှင့်ပြင်ဆင်ဖို့ရန် စတင်ပြင်ဆင်နေသင့်ပြီးသားဖြစ်သည့် သူ့သားဖြစ်သူကို ကြည့်လိုက်ပြီး သူ့ပါးစပ်ကို လှုပ်ရှားလိုက်သော်ငြားလည်း နောက်ဆုံးတော့ ဘာမှမပြောတော့ချေ။
ကလေးငယ်တုန်း ကောင်းမွန်တဲ့အမှတ်တရလေးတွေ ချန်ထားပေးခဲ့တာလည်း ကောင်းမွန်တဲ့ကိစ္စပါပဲ။
"ကင်မရာရော ယူလာရဲ့လား" ဟော်ရွှယ်ဝမ်က ကိုယ်ကိုယ်လှည့်ပြီး နဥ်ရှောက်ပိုင်ကို မေးလိုက်သည်။
နဥ်ရှောက်ပိုင်က သူ အခုလေးတင်သုံးထားသည့် ကင်မရာကို ချထားလိုက်ပြီး ပြောလိုက်၏။ "မင်း ဘာပြောလိုက်တာလဲ"
ဟော်ရွှယ်ဝမ်က သူ့မျက်လုံးထဲတွင် ကိုယ်ချင်းစာတတ်သည့်အမူအရာဖြင့် သူ့ရှေ့က ကလေး၂ယောက်ကို ကြည့်လိုက်ပြီး
"ဘာမှမဟုတ်ပါဘူး"
...