အပိုင်း(၁၀၈)
Vol. 8 Ch. 108
ဘုရားပွဲသည် အလွန်မှ စည်ကားလှ၏။ မုန့်မျိုးစုံ၊ ကောက်ပွဲမျိုးစုံ၊ ဂိမ်းဆိုင်မျိုးစုံရှိပြီး အားလုံးက စိတ်ဝင်စားစရာကောင်းလှသည်။
ပခုံးချင်းယှဥ်ကာ လျှောက်သွားနေကြသည့် လူပေါင်းများစွာလည်း သေချာပေါက်ရှိနေ၏။
ရှဝမ်ယွဲ့သည် အိတ်ကြီး၁လုံးကို သယ်ကာ မောက်ဟွေ့မေနှင့်အတူ ထွက်သွားလေသည်။ "နင်တို့တွေ လည်လို့ပြီးသွားရင် ကိုယ့်ဟာကိုယ် ပြန်သွားလိုက်ကြ။ ငါတို့ကို မစိုးရိမ်နဲ့"
သူကလည်း မောက်ဟွေ့ကျူးကို ပြောလိုက်သည်။
"နင့်အဖေနဲ့ အနီးကပ်လိုက်သွားနော်။ နားလည်လား။ သူတောင်းစားတွေကို ဂရုစိုက်"
မောက်ဟွေ့ကျူးသည် ခေါင်းညိတ်ပြလိုက်သည့်အချိန်မှာပင် နောက်မှ ဖြတ်သွားသည့်လူတစ်ယောက်၏ ဝင်တိုက်ခြင်း ခံလိုက်ရလေသည်။
ဒါကို မြင်လိုက်ရသည်တွင် မောက်ကျစ်ရှန်းက သူမကို ဒီအတိုင်း ကောက်ချီလိုက်ပြီးနောက် သူ့ခေါင်းကို ကျွမ်းကျွမ်းကျင်ကျင် ငုံ့လိုက်ကာ သူမကို သူ့ပခုံးပေါ်တွင် တင်ထားလိုက်၏။
"ရပါတယ် စိတ်မပူပါနဲ့" မောက်ကျစ်ရှန်းက ရှ၀မ်ယွဲ့ကို ပြုံးပြလိုက်ပြီး "အဆင်ပြေပါတယ်"
ရှ၀မ်ယွဲ့သည် သမီးဖြစ်သူ၏ ချစ်စဖွယ်အပြုံးလေးကို ကြည့်လိုက်ပြီး မောက်ဟွေ့မေနှင့် ထွက်သွားလေသည်။
မောက်ဟွေ့ကျူးက မောက်ကျစ်ရှန်း၏ ခေါင်းကို ဝမ်းသာအားရ ဖက်ထားပြီး "ဟားဟား ဖေဖေ လူတွေအများကြီးပဲ"
မောက်ကျစ်ရှန်းက ပြုံးကာ သူမကို ရှေ့သို့ချီသွားလေသည်။
ချန်းချန်းက ထိုမြင်ကွင်းကို တအံ့တဩ ကြည့်နေမိ၏။ သူသည် အရင်က ဒီလိုဆက်ဆံပုံမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။ သူက ဟော်ရွှယ်ဝမ်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ သူ့လက်ကို ဆန့်လိုက်ကာ ပြောလိုက်လေသည်။ "ဖေဖေ သားကိုချီ"
ဟော်ရွှယ်ဝမ်က သူ့ကို ဒီလိုမြှောက်ကာ ချီနိုင်မည်မဟုတ်မှန်း ကောင်းကောင်းသိနေဟန်တူသည်။
ဟော်ရွှယ်ဝမ်က ချန်းချန်း၏အမူအရာကို သေချာလေး အာရုံစိုက်လာသည်ဖြစ်ရာ သူသည် ဒီမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူကိုယ်တိုင်နှင့် သူ့ကလေးအတွက် ဝမ်းနည်းသွားသလို ခံစားရတော့သည်။
သူကလည်း မောက်ကျစ်ရှန်းလုပ်သလို ကလေးကို ကောက်မလိုက်ပြီး သူ့ပခုံးပေါ်သို့ ကိုးယိုးကားယား အနေအထားဖြင့် တင်လိုက်လေသည်။ "ငါတို့ရဲ့ချန်းချန်းကလည်း ဖေဖေ့ပခုံးပေါ်မှာ တက်စီးလို့ရပါတယ်"
ချန်းချန်းသည် ခဏလောက် တအံ့တဩဖြစ်သွား၏။ သို့သော်ငြားလည်း ဖြစ်သွားသည့်ကိစ္စကို သဘောပေါက်သွားသည်တွင် သူသည် ချက်ချင်းဆိုသလို ဝမ်းသာလာတော့သည်။ "ဖေဖေ အမြင့်ကြီးပဲနော်"
ဟော်ရွှယ်ဝမ်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကောင်ကလေး၏ခြေသေးသေးလေးကို သေချာဖက်ထားကာ "ငြိမ်ငြိမ်ထိုင်ပြီး သတိထားနော်"
ထို့ကြောင့် ချန်းချန်းကလည်း မောက်ဟွေ့ကျူးလို ဟော်ရွှယ်ဝမ်၏ခေါင်းကို ဖက်ထားလေသည်။
ရှောင်ဖုန်းကတော့ သူတို့ကို ဒီအတိုင်း မော့ကြည့်နေပြီးနောက် သူ့ခေါင်းကိုလှည့်လိုက်ကာ လှလှပပ ဝတ်စားထားသည့် ရှမြန်ကို ကြည့်လေသည်။ သူသည် လိမ္မာသိတတ်ပြီး ဘာမှမပြောချေ။ သို့သော်ငြားလည်း သူ့အဒေါ်ဖြစ်သူ၏ လက်ကိုတော့ တင်းနေအောင် ကိုင်ထားသည်။
သို့သော်ငြား ရှမြန်ကတော့ ဒါကို သဘောမတူနိုင်ချေ။ သူမအတွက်တော့ သူမ၏ကလေးလေးသည် တခြားကလေးများ ပိုင်ဆိုင်ထားသည့်အရာကို သေချာပေါက် ပိုင်ဆိုင်ရပေမည်။
"လာခဲ့" ရှမြန်က ကလေးကို ချိုင်းကြားမှနေ၍ ကောက်မလိုက်ပြီး သူမ၏ပခုံးပေါ်သို့ တင်လိုက်သော်လည်း သူမသည် ဒီအလုပ်နှင့်တော့ လုံးဝမရင်းနှီးလှချေ။
သူမက မောက်ဟွေ့လန်ကို အကူအညီ တောင်းတော့မည်ဆဲဆဲတွင် ကြီးမားသည့်လက်တစ်စုံက ရှောင်ဖုန်း၏ ခါးကို လှမ်းဆွဲလိုက်ပြီး ကလေးကို လှမ်းခေါ်လိုက်လေသည်။
ရှမြန်က ကိုယ်ကို လှည့်လိုက်သည်တွင် နဥ်ရှောက်ပိုင်ကလည်း မကျွမ်းမကျင်ဖြင့် ကလေးကို သူပခုံးပေါ်သို့ တင်လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင်တော့ သူက ရှေ့က ကလေး၂ယောက်၏ သူတို့အဖေ၏ခေါင်းကို ဝမ်းသာအားရ ဖက်ထားသည့်ပုံစံကို အမူအရာ ပြလိုက်ပြီး ပြောလိုက်၏။
"ကလေးက ဝမ်းသာအားရ ဖြစ်သွားပြီး မင်းရဲ့ဆံပင်အတုကို ဆွဲချွတ်မိမှာစိုးလို့ပါ"
ရှမြန်...
မြင်ကွင်းက အလွန်မှ သိသာထင်ရှားလွန်းနေသဖြင့် သူ့ဘေးက နဥ်ရှောက်ယွင်ကပင် သူမ၏ ပါးစပ်လေးကို အုပ်ထားရတော့သည်။
မောက်ဟွေ့လန်က အသံထွက်ကာ အော်ရယ်တော့သည်။ ရှမြန်က သူမကို ဝါးစားမတတ် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် မောက်ဟွေ့လန်က သူမ၏လက်ကို ခါရမ်းပြလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "အစ်မ ဆောရီး ဒါပေမဲ့လေ... ငါ နင့်ကို စဉ်းစားလိုက်မိတော့...ဟားဟားဟား"
သူတို့သည် လူအုပ်ကြားထဲတွင် ရောက်နေနှင့်ပြီးဖြစ်၏။ နဥ်ရှောက်ပိုင်၏စကားလုံးများကို နဥ်ရှောက်ယွင်နှင့် မောက်ဟွေ့လန်တို့သာ ကြားလိုက်ကြသည် မဟုတ်ချေ။
အဖက်ဖက်မှ သူမဆီကို ရောက်လာသည့်အကြည့်များကို ခံစားမိသည်တွင် ရှမြန်သည် သူမ၏ခေါင်းမှာ မီးတောက်သွားသလို ခံစားလိုက်ရတော့သည်။ သူမက မုန်းတီးစွာဖြင့် အံကြိတ်ထားလိုက်ပြီး အကြည့်လွှဲထားလိုက်တော့၏။
အခြေအနေ မကောင်းသည်ကို မြင်လိုက်ရသဖြင့် နဥ်ရှောက်ပိုင်က ရှောင်ဖုန်းကို ချက်ချင်းကောက်ချီကာ ပြေးတော့သည်။
ရှောင်ဖုန်းသည် ကွင်းပြင်ထဲတွင် အမြင့်တစ်နေရာကို ရောက်နေသဖြင့် သူ့မှာ မပြုံးဘဲ မနေနိုင်တော့ချေ။
"ညီလေးရှောင်ဖုန်း" ချန်းချန်းကလည်း ရှောင်ဖုန်းကို မြင်ရသည်တွင် အလွန်မှပျော်ရွှင်သွား၏။
"ဖေဖေ သူတို့ကို စောင့်ကြမယ်" မောက်ဟွေ့ကျူးက မောက်ကျစ်ရှန်း၏နားကို ဆွဲလိုက်ပြီး သူ့ကို ရပ်ခိုင်းလိုက်လေသည်။
အခုတော့ ကလေး၃ယောက်သည် အမြင့်တစ်ခုထဲတွင် ကစားရင်း ရယ်မောနေကြလေသည်။
ဟော်ရွှယ်ဝမ်က သူ့ကို ဆက်တိုက်ကြည့်နေသည်ကို သတိထားမိသဖြင့် နဥ်ရှောက်ပိုင်က မေးလိုက်၏။
"ဘာဖြစ်လို့လဲခင်ဗျာ"
ဟော်ရွှယ်ဝမ်က ရှောင်ဖုန်းကို လှမ်းကြည့်လိုက်ပြီးနောက် ခဏလောက် ချီတုံချတုံ ဖြစ်သွားကာ ပြောလိုက်လေသည်။ "ဘာမှမဟုတ်ပါဘူး။ ငါ မင်းကို သေသေချာချာ မသိသေးဘူးလို့ ထင်မိလို့ပါ"
နဉ်ရှောက်ပိုင်က ရှောင်ဖုန်း၏ခြေကျင်းဝတ်လေးကို ဖမ်းဆွဲထားကာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ထားပေးပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "မင်းက ငါ့အစ်မနဲ့ ချန်းချန်းကိုတောင်မှ နားမလည်ဘဲနဲ့များ"
ဟော်ရွှယ်၀မ်မှာ နင်သွားတော့သည်။
နှစ်သစ်ကူးအကြိုနေ့ ပြီးသည့်နောက်တွင် နဥ်ရှောက်ပိုင်က သူ့အပေါ်ထားသည့်သဘောထား ပြောင်းလဲလာခဲ့သည်ဟု သူက ထင်ထားခဲ့သည်။ သို့သော်ငြားလည်း အရင်တုန်းကလို တစ်ပုံစံတည်း ဖြစ်နေဦးမည်ဟု ထင်မထားခဲ့မိချေ။
သူက ခေါင်းကိုလှည့်လိုက်ပြီး ရှမြန်နှင့်အတူတူ လျှောက်လာသည့် နဥ်ရှောက်ယွင်ကို လှမ်းကြည့်လိုက်၏။
သူမကလည်း အတူတူပင်။ အကယ်၍ ချန်းချန်းသာ အဖေဖြစ်သူကို မလွမ်းဆွတ်ခဲ့လျှင် သူသည် နဥ်မိသားစု၏ အိမ်ထဲသို့ လုံးဝ ဝင်နိုင်လိမ့်မည်မဟုတ်ဟု သံသယဖြစ်မိလေသည်။
"ဖေဖေ" ချန်းချန်းက သူခံစားချက်များကို သတိထားမိသွားပြီး"ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူး" ဟော်ရွှမ်ဝမ်က သားဖြစ်သူ၏ခြေထောက်ကို ဖမ်းဆွဲထားပြီး ကိုယ့်ဟာကိုယ် အားပေးလိုက်၏။ "အဖေက အကောင်းဆုံးလုပ်မှာပါ"
ကလေးကတော့ အဖေဖြစ်သူ ပြောလိုက်သည့်စကားကို နားမလည်ချေ။ သူက အဖေဖြစ်သူ၏ ပခုံးပေါ်တွင် ဝမ်းသာအားရ ဒီအတိုင်းထိုင်နေကာ ရှေ့နောက်ခုန်ဆွခုန်ဆွ လွှဲရမ်းနေလေသည်။ "လုပ်ပါ လုပ်ပါဦး"
ရှမြန်၊ နဥ်ရှောက်ယွင်နှင့် မောက်ဟွေ့လန်တို့က လက်ချင်းချိတ်ကာ နောက်မှလိုက်ပါလာကြ၏။ သိပ်မကြာခင်တွင် သူတို့သည် အလိမ်အညာနှင့် တူသည့် ဘလိုင်းဒိတ်တစ်ခုကို တွေ့လိုက်ရတော့သည်။
သိပ်မကြာခင်တွင် သူတို့သည် အလိမ်အညာပုံစံနှင့်တူသည့် ဘလိုင်းဒိတ်တစ်ခုကို မျက်မြင်တွေ့လိုက်ရသည်။
နဥ်ရှောက်ယွင်က ရုတ်တရက် ရပ်သွားသည့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ရှေ့သို့ မြန်မြန်လျှောက်သွား၏။ "နှစ်သစ်ကူးပြီးသွားရင် သူ ၂၅နှစ်တောင် ပြည့်သွားပြီ။ ဘယ်လိုမိန်းကလေးမျိုးကို သူက သဘောကျလဲတော့ မသိတော့ပါဘူး"
ရှမြန်ကတော့ သူကြိုက်သည့်လူမှာ ကောင်လေးတစ်ယောက် ဖြစ်နိုင်သည်ဟု စဉ်းစားလိုက်လေသည်။
သို့သော်ငြားလည်း ဒါက ပျော်ရွှင်စရာကို စောင့်ကြည့်ဖို့ရန်အတွက် သူမကို မတားမြစ်နိုင်ခဲ့ချေ။
ခပ်လှမ်းလှမ်းတွင် ရှိနေသည့် နဥ်ရှောက်ပိုင်သည် ထွက်သွားချင်ဟန် တူနေသော်ငြားလည်း သူ့ပတ်ဝန်းကျင်တွင် လူအမြောက်အမြား ရှိနေ၏။ မိန်းကလေးမှာ အမူအကျင့်ကောင်းမွန်ပြီး ချစ်စဖွယ်ကောင်းသည့်ရုပ် ရှိသော်ငြားလည်း သူမ၏အမူအရာမှာတော့ အလွန်မှ ရဲတင်းလွန်းလှသည်။
သူမသည် နဥ်ရှောက်ပိုင်၏ရှေ့တည့်တည့်တွင် ရပ်နေပြီး တောက်ပသည့်မျက်လုံးများဖြင့် ပြောလိုက်၏။
"တိုက်ဆိုင်လိုက်တာ။ ဒေါက်တာနဥ်ကလည်း ဘုရားပွဲကို လာလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး"
သူမသည် အတင့်ရဲလွန်းလှသည့်အပြင် သူမဘေးတွင်ရပ်နေသည့် သက်လက်ပိုင်းအမျိုးသမီးကလည်း အားပေးနေလေသည်။
တစ်ဖက်လူက ယောက္ခမဖြစ်သူက သမက်ဖြစ်သူကို ကြည့်နေသည့်မျက်လုံးများဖြင့် နဥ်ရှောက်ပိုင်ကိုကြည့်နေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကျေနပ်မှုအပြည့်ဖြစ်နေလေသည်။
"ဒီတော့ သားက ဒေါက်တာနဥ်ပေါ့။ သားက နိုင်ငံခြားကနေ ကျောင်းတက်ပြီး ပြန်လာတာလို့ အန်တီ ကြားထားတယ် ဟုတ်လား"
"ဆေးရုံက ဆရာဝန်တွေကလည်း တော်တော်လေး လစာကောင်းတယ်ဆို။ ဟုတ်လား"
"ယန်တက္ကသိုလ်ဆေးရုံရဲ့ ကုသမှုပုံစံကလည်း တော်တော်ကောင်းတယ်တဲ့။ တကယ်လို့ ဒီရာထူးအဆင့်သာ ရှိမယ်ဆိုရင် လက်ထပ်ပြီးသွားရင် အိမ်၁လုံးလောက်တော့ ရနိုင်တယ် မဟုတ်လား"
ကလေးမလေးက ရှက်ရှက်ဖြင့် ပြောလိုက်သည်။ "အိုး အမေရယ် ဘာတွေလျှောက်ပြောနေတာလဲ"
နဥ်ရှောက်ပိုင်ကို သူမ ကြည့်လိုက်သည့်အကြည့်မှာ ချစ်ခင်မြတ်နိုးမှုအပြည့်ဖြစ်နေပြီး သူတို့သည် သူတို့၏ဆက်ဆံမှုကို အတည်ပြုပြီးသားစုံတွဲ တစ်တွဲလိုပင် ဖြစ်နေလေသည်။
အမေဖြစ်သူက သမီးဖြစ်သူကို ဒေါသဟန်ဖြင့်ကြည့်ကာ ပြောလိုက်၏။ "ဘာရှက်စရာလိုလို့လဲ။ ယောက်ျားလေးတွေက အရွယ်ရောက်လာရင် လက်ထပ်သင့်တာပဲလေ။ မိန်းကလေးတွေကလည်း အရွယ်ရောက်လာရင် လက်ထပ်ရမှာပေါ့။ နင်က အိမ်မှာဆို ဒေါက်တာနဥ်အကြောင်း အမြဲတမ်း ပြောနေတာပဲလေ..."
ရှမြန်သာ နဥ်ရှောက်ပိုင်အကြောင်းကို သေချာမသိထားခဲ့လျှင် ထိုစကားကို ကြားလိုက်ရုံမျှဖြင့် သူတို့သည် မင်္ဂလာကိစ္စကို စကားပြောနေကြသည်ဟု ထင်မိပေလိမ့်မည်။
နဥ်ရှောက်ယွင်ကလည်း မျက်မှောင်ကြုတ်သွားသည်။ သူမသည် မောင်ဖြစ်သူ၏ ရယ်စရာအခြေအနေကို ကြည့်ချင်သော်ငြားလည်း တစ်ဖက်လူ၏ အရှက်ခွဲခြင်းခံနေရသည့် မောင်ဖြစ်သူကိုတော့ မကြည့်ရက်နိုင်ပေ။
သူမက ရှေ့သို့တက်သွားပြီး ကူညီပေးမည်ပြင်လိုက်စဉ်တွင် နဥ်ရှောက်ပိုင် ပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။ "မိန်းကလေး ကျေးဇူးပြုပြီးတော့ လမ်းဖယ်ပေးပါ။ မင်း ကျွန်တော့်လမ်းကို ပိတ်ထားပြီ"
မိန်းကလေးမှာ အခိုက်အတန့် မှင်တက်အံ့သြသွားပြီး သူမ၏မျက်လုံးထဲတွင် ချက်ချင်းဆိုသလို မျက်ရည်များက ဝဲတက်လာပြီးနောက် အကြည့်လွှဲထားလိုက်လေသည်။ "ရှင် ရှင်ဘာပြောလိုက်တယ်"
နဥ်ရှောက်ပိုင်က စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်၏။ "မင်းက လမ်းကို ပိတ်ထားတယ်"
"ဒီမှာ နင် ဘာဖြစ်နေတာလဲ" မိန်းကလေး၏အမေက ဆူပူလေသည်။ "ငါတို့ဘက်ကတော့ နင့်ကို အဲဒီလောက်သဘောကျတာကို..."
နဥ်ရှောက်ပိုင်က သူမစကားကို ချက်ချင်းဖြတ်ပြောလိုက်၏။ "အားနာပါတယ်။ ကျွန်တော့်ကလေးက အပြင်ထွက်ပြီးတော့ အရမ်းကို ဆော့ချင်နေလို့ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး"
သားအမိ၂ယောက်စလုံးမှာ မှင်တက်အံ့ဩသွားတော့သည်။ ရော့ရော့က အရင်ဆုံး သတိဝင်လာကာ မယုံမကြည်ဖြင့် ပြောလိုက်၏။ "ဒါက ရှင့်ဆွေမျိုးရဲ့ ကလေး မဟုတ်ဘူးလား"
သူမ၏အမေကလည်း နောက်မှ လိုက်လာကာမေးသည်။ "နင်က လက်ထပ်ထားပြီးသားလား"
နဥ်ရှောက်ပိုင်က ရော့ရော့ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ ကြည့်ရတာ ဘယ်သူကမှ မင်းကို လိုချင်တဲ့ပုံ မပေါ်ဘူးနော်"
ရှမြန်...
မိန်းမတွေအပေါ် ဒီအဆိပ်ရှိတဲ့လျှာက တခြားအမျိုးသမီးတွေကို ၉၀ရာခိုင်နှုန်းသုံးထားပြီး ကျန်တဲ့၁၀ရာခိုင်နှုန်းကိုတော့ ငါ့ကိုပဲ သုံးထားတာကို မေ့တော့မလို ဖြစ်သွားခဲ့တာပဲ။
ကိုယ့်ဟာကိုယ် ဖိအားပေးပြီး ရောင်းချမိတော့မလို ဖြစ်သွားသည့် မိန်းကလေးမှာ နီရဲနေသည့် မျက်နှာတစ်ခုဖြင့် သူမအမေနှင့်အတူ ထွက်ပြေးသွားတော့သည်။
နဥ်ရှောက်ပိုင်က ကိုယ်ကိုလှည့်လိုက်ပြီး ရှမြန်နှင့် ကျန်သည့်လူ၂ယောက်ကို ကြည့်ကာ မေးလိုက်လေသည်။ "စည်ကားပြီးတော့ စိတ်ဝင်စားစရာကောင်းနေတာလား"
ရှမြန်က မြန်မြန်လက်ခုပ်တီးကာ ချီးကျူးလိုက်၏။ "အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ အထူးသဖြင့် နောက်ဆုံးစာကြောင်းလေ။ ဒါက အရမ်းကြီးနာကျင်ရမှာမျိုး မဟုတ်ပေမဲ့လည်း တော်တော်လေးတော့ စော်ကားမိရာကျတယ်။ ကောင်းလိုက်လေ"
နဥ်ရှောက်ယွင်က ပြောလိုက်လေသည်။ "ရှမြန်က ဒါကို အကျဉ်းချုပ်ပြောလိုက်တာ အရမ်းကို ထိမိတာပဲ"
မောက်ဟွေ့လန်ကတော့ နဥ်ရှောက်ပိုင်၏အမူအရာကို ဂရုတစိုက်အကဲခတ်လိုက်ပြီး သတိလေးနှင့် လိုက်ပါထောက်ခံလေသည်။ "ကောင်းတယ်လို့ ထင်တာပဲ"
ဒါကိုမြင်လိုက်သည်တွင် ရှောင်ဖုန်းက လက်ခုပ်တီးကာ ကလေးသံလေးဖြင့် ပြောလိုက်လေသည်။
"ကောင်းလိုက်တာ"
နဥ်ရှောက်ပိုင်က ခေါင်းကို ထောင်လိုက်ပြီး ကလေး၏ဝမ်းဗိုက်ကို ထိကိုင်လိုက်ကာ ဒေါသဖြင့် ပြောလိုက်လေသည်။ "အကြင်နာမဲ့လိုက်တဲ့ ကလေးလေး"
ရှောင်ဖုန်းက သူ၏ဝမ်းဗိုက်ကိုကိုင်ထားရင်း တခစ်ခစ်ရယ်မောလေသည်။
"ညီလေးရှောင်ဖုန်း မြန်မြန်လာ" ချန်းချန်းကကိုယ်ကိုလှည့်ကာ လှမ်းခေါ်လိုက်လေ၏။ "ဒီနေရာမှာ တုတ်ချောင်းအရှည်ကြီးတွေနဲ့ လမ်းလျှောက်တဲ့သူ ရှိတယ်"
နဥ်ရှောက်ပိုင်က ရှောင်ဖုန်းနှင့် အပြေးအလွှားသွားလိုက်သည်။
မျှော်လင့်မထားဘဲ ရှမြန်ကလည်း အသိမိတ်ဆွေတစ်ယောက်နှင့် တွေ့သွား၏။
သူမသည် သူမကို ဝမ်းသာအားရ လက်ဝှေ့ရမ်းပြနေသည့် ဆွန်းယွဲ့ရှင်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တိုက်ဆိုင်လိုက်တာ"
လီလီကျန်းကလည်း ပြုံးလိုက်ပြီး "တကယ်နော် ငါတို့နဲ့လိုက်ခဲ့လေ"
"နောက်တစ်နေ့မှပဲ သွားရအောင်ပါ" ရှမြန်က သိပ်မဝေးလှသည့်နေရာမှ နဥ်ရှောက်ယွင်နှင့် တခြားသူများကို လက်ညှိုးထိုးပြလိုက်ပြီး "ငါ မိသားစုနဲ့အတူတူ ထွက်လာခဲ့တာ"
"ဝိုး နင်တို့မိသားစုက လူတွေအားလုံးက အရမ်းကို ချောမောကြတာပါပဲလား"
သူတို့နောက်က အရပ်မြင့်မြင့် ရွှင်လန်းနေသည့် ကောင်လေးတစ်ယောက်က ပြုံးကာ ပြောလိုက်လေသည်။ "နင်က နာမည်ကြီးနေတဲ့ ကျောင်းက နတ်သမီးလား။ ငါ နင့်အကြောင်းကို အစောကတည်းက ကြားထားပြီးပြီ"
ဆွန်းယွဲ့ရှင်းက ပြုံးကာ ရှမြန်ကို မိတ်ဆက်ပေးလိုက်၏။ "ဒါက ငါတို့သူဌေးကျောက်ချန်းလေ"
ရှမြန်က နှုတ်ဆက်လိုက်သည်။ "ဟယ်လို"
ကျောက်ချန်းကလည်း သူ၏ ယုန်သွားဖြူဖြူလေးများကို ထုတ်ပြကာ "ဟယ်လို ရှမြန်နော် ဟုတ်လား။ ရှင်းရှင်းနဲ့ လီကျန်းတို့က နင့်အကြောင်း ပြောနေတာကို ငါ အမြဲတမ်း ကြားနေရတာ။ သူတို့ရဲ့သူငယ်ချင်းက ငါ့သူငယ်ချင်းပါပဲ။ နောက်ဆိုရင် ပြဿနာတစ်ခုခုရှိလာခဲ့ရင် နင် ငါ့ကိုလာရှာလို့ရတယ်နော်"
လီလီကျန်းက ရုတ်တရက် ပြောလိုက်လေသည်။ "ဒါနဲ့ဟောက်ကျန်းကို သတိထားနော်။ သူ အခုတလော တခြားမြို့က အနိုင်ကျင့်တတ်တဲ့သူတွေကို မျက်နှာချိုသွေးနေတာ။ တော်တော်လေးကို မောက်မာနေတာပဲ"
ကျောက်ချန်းက ချက်ချင်းပြောလိုက်၏။ "သူ နင့်ကို အနှောင့်အယှက်ပေးတယ်ဆိုရင် ငါ့နာမည်ကိုသာ ပြောလိုက်။ သူ ထပ်လုပ်ရဲသေးတယ်ဆိုရင် ငါသူ့ရဲ့လက်မောင်းတွေကို ရိုက်ချိုးပစ်လိုက်မယ်"
ဒါသည် အမှန်ပင် နှစ်လိုဖွယ်ကောင်းသည့် ဒုတိယနှစ်ကျောင်းသားလေး ဖြစ်ပေသည်။ ရှမြန်က သူမ၏ရယ်ချင်စိတ်ကို မျိုသိပ်ထားကာ ပြောလိုက်၏။ "အရင်ဆုံးကြိုပြီးတော့ ကျေးဇူးတင်ထားလိုက်မယ်နော်"
သူတို့သည် စကားပြောနေစဉ်မှာပင် သူတို့နောက်မှနေ၍ ချိုသာသည့်အသံတစ်ခုက ထွက်လာ၏။
"ကုကျိုးရေ လီလီကျန်းနဲ့ တခြားသူတွေပဲ"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့၏မျက်မှောင်သည် ချက်ချင်းဆိုသလို ကြုတ်သွားတော့သည်။
ရှမြန်က ကိုယ်ကိုလှည့်လိုက်သည်တွင် ခြေ၂လမ်းအကွာတွင်ရှိနေသည့် ထျန်းရွှယ်ယာနှင့် ကုကျိုးကို တွေ့လိုက်ရ၏။ သူတို့သည် ရှေ့ဆင့်နောက်ဆင့်ထပ်ကာ ရပ်နေကြသည်။ သူတို့သည် ဒိတ်လာလုပ်ကြသည့် လူငယ်စုံတွဲလေးနှင့် မတူချေ။ သူတို့သည် ဒီနေရာတွင် မမျှော်လင့်ဘဲ တွေ့ရသည်သာ ဖြစ်နိုင်သည်။
ထျန်းရွှယ်ယာက ချိုမြိန်နေအောင် ပြုံးကာ ရှေ့သို့တက်လာပြီး ဆွန်းယွဲ့ရှင်း၊ လီလီကျန်းနှင့် ကျောက်ချန်းတို့ကို လာနှုတ်ဆက်၏။ "တိုက်ဆိုင်လိုက်တာ။ နင်တို့တွေလည်း ဘုရားပွဲကို လာလည်ကြတာလား"
ထို့နောက်တွင်တော့ သူမသည် ကိုယ်ကိုလှည့်ကာ သူမနောက်က ကုကျိုးကို ပြောလိုက်၏။ "ကုကျိုး နင်ရော ငါတို့နဲ့လိုက်ချင်လား"
ရှမြန်က သူမ၏ခေါင်းကို စောင်းထားလိုက်သည်။ သူ့ပုံစံက ဘာဖြစ်လို့ အဲဒီလောက်အထိတောင် လာပြီးတော့ ဆွချင်နေတဲ့ပုံ ပေါက်နေပါလိမ့်။
လီလီကျန်းက ကုကျိုးကို သဘောကျနေတာလေ။ သူနဲ့၁ခေါက်၊ ၂ခေါက်တွေ့ပြီးတာတောင်မှ ငါတောင် သိနေတယ်။ ထျန်းရွှယ်ယာက ဒါကို မသိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က ဒီကောင်မလေးကို လုံးဝသဘောမကျတာလည်း မဆန်းတော့ဘူး။
ရှမြန်က ထိုအကြောင်းကို စဉ်းစားနေချိန်တွင် ရွံရှာနေသည့်ရုပ် ဖြစ်သွားသည်။ ဆွန်းယွဲ့ရှင်းက ရုတ်တရက်ဆိုသလို ရှမြန်၏လက်မောင်းကို လှမ်းဆွဲကာ ပြောလိုက်လေသည်။ "ရပါတယ်။ ငါက နင်တို့ကို ငါ့အတန်းဖော်နဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေးတစ်ခု ရသွားတာပေါ့"
သူမက ထျန်းရွှယ်ယာကို ကြည့်ကာ ပြောလိုက်၏။ "သူ့နာမည်က ရှမြန်လေ။ နင်တို့ ဘယ်လိုထင်လဲ။ သူ လှတယ် မဟုတ်လား။ သူသာ ငါတို့ကျောင်းကိုလာမယ်ဆိုရင် ကျောင်းဝင်းထဲက အလှလေး သေချာပေါက် ဖြစ်သွားမှာ သေချာတယ်"
ကုကျိုး၏အကြည့်ကို မြင်လိုက်ရသည်တွင် လီလီကျန်းက ဝင့်ကြွားစွာ ပြောလိုက်လေသည်။
"နောက်ပြီးတော့ သူက စာလည်း အရမ်းတော်တယ်နော်"
ရှမြန်...
အလိုက်တဲ့ကလေးမရယ်။ နင် ငါ့ကို ကုကျိုးရှေ့မှာကြွားနေတော့ နင့်အတွက် ဘာကောင်းကျိုး ရနိုင်မှာမလို့လဲ။
ရှမြန်က ယဉ်ကျေးသမှုဖြင့်သာ သူတို့၂ယောက်ကို နှုတ်ဆက်လိုက်လေသည်။ "ထျန်းရွှယ်ယာ၊ ကုကျိုး တွေ့ရတာ ဝမ်းသာပါတယ်နော်"
ကုကျိုးက သူမနှင့် စကားပြောချင်ပုံရသည်။ "တွေ့ရတာဝမ်းသာပါတယ်" ထို့နောက်တွင်တော့ သူက မေးလိုက်လေသည်။ "နင်က ဘယ်အခန်းကလဲ"
ထျန်းရွှယ်ယာသည် ဒီအခိုက်အတန့်တွင် စိုးရိမ်စိတ်များ ဖြစ်သွားပြီး အမှတ်တမဲ့ ကုကျိုး၏ဘေးတွင် ဝင်ရပ်ကာ ပြောလိုက်၏။ "ဟုတ်တယ် နင်က စာသင်နှစ်အစပိုင်းမှာ ငါတို့အတန်းကို ပြောင်းလာမှာလား။ အရင်တုန်းကရော နင်ဘယ်ကျောင်းကို တက်ခဲ့တာလဲ။ အဲဒီမှာ စာသင်ရင်းနဲ့ ဘာဖြစ်လို့ ကျောင်းထွက်လာတာလဲ"
သူမသည် ရှမြန်က ဒီလိုလူတစ်အုပ်နှင့် အပြင်ထွက်လည်ပြီး အမှားအယွင်းတချို့ လုပ်ခဲ့သဖြင့် ကျောင်းကထုတ်ခံရသည့်နှယ် ဆွန်းယွဲ့ရှင်း၊ လီလီကျန်းနှင့် ကျောက်ချန်းတို့ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။
ဆွန်းယွဲ့ရှင်းက ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး "ထျန်းရွှယ်ယာ နင် ဘာအဓိပ္ပာယ်လဲ"
ထျန်းရွှယ်ယာက အလွန်မှ ကြောက်လန့်သွားဟန်ဖြင့် ကုကျိုး၏ဘေးသို့ ဝင်ကုပ်နေလိုက်ကာ ကုကျိုးကို တင်းနေအောင်တွယ်ကပ်ထားတော့မတတ် ဖြစ်နေလေသည်။ လီလီကျန်း၏ အမူအရာမှာ ပြောင်းလဲသွား၏။
ထျန်းရွှယ်ယာက အကာအကွယ်ကို ရှာဖွေနေသလို ကုကျိုး၏ကုတ်အင်္ကျီကို ဖမ်းဆွဲထားပြီး ဂရုတစိုက်ဖြင့် ပြောလိုက်လေသည်။ "ငါ တောင်းပန်ပါတယ်နော်။ ငါ နည်းနည်းလေး စိတ်ရှုပ်ထွေးသွားလို့ပါ။ တကယ်လို့ ပြောလို့အဆင်မပြေဘူးဆိုရင်လည်း ထားလိုက်ပါလေ"
သူ့ပုံစံမှာ သူတို့ကပဲ လူများကို အချိန်မရွေးတိုက်ခိုက်တော့မိဟန် ဖြစ်နေ၏။
ရှမြန်မှာ သူမကြောင့် သဘောကျသွားတော့သည်။ "ဟုတ်တယ်။ တကယ်ပဲပြောလို့ အဆင်မပြေဘူး။ နောက်ဆုံး ဒါက ရာဇဝတ်မှုတစ်ခုနဲ့ ပတ်သက်နေတာလေ။ ငါတို့တွေ အခန်းဖော်တွေ ဖြစ်လာတဲ့အချိန်ကျရင် နင် ဖြည်းဖြည်းချင်း နားလည်လာလိမ့်မယ်"
"ရာဇဝတ်မှုဟုတ်လား" ထျန်းရွှယ်ယာ၏မျက်နှာသည် အမှန်တကယ် ဖြူဆုပ်သွားပြီး ကုကျိုးကို သနားစဖွယ် လှမ်းကြည့်လိုက်၏။
ကုကျိုး၏သဘောထားကလည်း ရုတ်ခြည်းဆိုသလို အေးစက်သွားတော့သည်။ သူက သူ့လက်ကနာရီကို ကြည့်ပြီး ပြောလိုက်၏။ "အားနာပါတယ်နော်။ ငါ ချိန်းထားတာရှိသေးလို့။ ငါတို့ အရင်သွားတော့မယ်"
ရှမြန်သည် ထွက်သွားကြသည့်သူတို့၏ကျောပြင်ကို ကြည့်ရင်း မနေနိုင်တော့ဘဲ အော်ရယ်တော့သည်။ ဒီကိုလူချောလေးက EQကောင်းကောင်း မရှိဘူးဟုသာ ပြောရပေတော့မည်။ သို့သော်ငြားလည်း လီလီကျန်း၏ အနည်းငယ် ဝမ်းနည်းသွားသည့်ပုံစံကို မြင်လိုက်ရချိန်တွင် သူမကစကားလုံးကို ပြောင်းကာပြောလိုက်၏။ "ဒီကိုလူချောကုက တော်တော်လေးကို ရိုးစင်းတာပဲ"
"ဟုက်တယ်လေ" လီလီကျန်းက ပြောလိုက်သည်။ "သူ့ကို ထျန်းရွှယ်ယာက အရူးလုပ်ထားတာ။ သူက ဒီအတိုင်းအရူးပဲ"
ဆွန်းယွဲ့ရှင်း၏အာရုံကတော့ တခြားသို့ရောက်သွားသည်။ "နင် ဘာအကြောင်း ပြောနေတာလဲ။ ရာဇဝတ်မှု ဟုတ်လား။ နင်ကာ နင့်ရဲ့ဇာတိမြို့ကနေ ဒီနေရာကိုပြောင်းလာတာ မဟုတ်ဘူးလား"
ရှမြန်က ပြုံးကာပြောလိုက်၏။ "အင်း ငါ မပြောင်းလာခင်က ရဲဌာနကို ကူညီပြီးတော့ လူတစ်ယောက်ကို ဖမ်းပေးခဲ့တယ်လေ။ အာ... အဲဒီလိုတော့ မဟုတ်ဘူး။ အဲဒါက လူယုတ်မာ၂ယောက်ပါ။ ဒါက ရာဇဝတ်မှုတစ်ခု မဟုတ်ဘူးလား" သူမက ထူးဆန်းသလိုဖြင့် ပြောလိုက်လေသည်။
"သူတို့ထဲကတစ်ယောက်က သေမိန့်ကျခံရလိမ့်မှာလေ"
ကျောက်ချန်းသည် သူမကိုတောက်ပနေသည့်မျက်လုံးများနှင့် ကြည့်လိုက်ကာ "နင်က အရမ်းမိုက်တာပဲ။ ဘာအမှုတဲ့လဲ"
...