အပိုင်း(၁၁၀)
Vol. 8 Ch. 110
နှစ်သစ်ကူး၇ရက်မြောက်နေ့ ပြီးသွားသည့်နောက်တွင် လူကြီးများက သူတို့၏ ကိုယ်ပိုင်ကိစ္စများနှင့်အလုပ်များနေကြပြီး တချို့က ရုပ်ရှင်ရိုက်ကူးနေကြကာ တချို့ကအလုပ်လုပ်ကြပြီး တချို့ကတော့ ကိုယ်ပိုင်လုပ်ငန်းများဖြင့် အလုပ်များနေကြသည်။
ရှ၀မ်ယွဲ့သည် မနှစ်ကစက်တစ်ခုကို ဝယ်ယူချင်သည့်အတွက် ကုမ္ပဏီကို ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ ဖုန်းခေါ်ဆိုပြီး စရံငွေ ပေးချေပြီးနောက်တွင် တစ်ဖက်လူက ပစ္စည်းကို ရထားဖြင့် တိုက်ရိုက်တင်ပို့ပေးလိုက်ပြီး ၇ရက်၊ ၈ရက်ခန့် ကြာပြီးနောက် ရောက်ရှိလာလိမ့်မည်။
စောင့်ဆိုင်းနေစဉ်ကာလအတွင်းတွင် ရှ၀မ်ယွဲ့က နှမ်းမုန့်များကို ရောင်းချပြီး တံဆိပ်များနှင့် အရည်အသွေးပြည့်လုပ်ငန်းစဉ်အမျိုးမျိုးကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။
ဒီအချိန်တွင် မောက်ဟွေ့မေ၏ အလုပ်အကျိုးအမြတ်ကလည်း အကောင်အထည်ပေါ်လာခဲ့သည်။ သူတို့သည် တူညီသည့်လုပ်ငန်းနယ်ပယ်မှ မဟုတ်သော်ငြားလည်း သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းစဉ်များက ရင်းနှီးကြသည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပြီးနောက်တွင် သူမက ရှ၀မ်ယွဲ့ကို တစ်ဆင့်လုပ်ဆောင်ရမည့် လုပ်ငန်းများအား ရှောင်လွှဲနိုင်ရန် ကူညီပေးခဲ့သည်။
ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် အားလုံး၏ အာရုံစိုက်မှုအလယ်တွင် ရောက်ရှိလာခဲ့သည်။ နောက်ဆုံး သူတို့သည် ရက်အနည်းငယ်အတွင်းတွင် ကျောင်းပြောင်းမည့်စာမေးပွဲကို ဖြေဆိုရပေလိမ့်မည်။
ရှ၀မ်ယွဲ့က ရှောင်ဖုန်းကို မည်သို့ပြောထားမှန်းတော့ မသိချေ။
ကောင်ကလေးက မည်သည့်နည်းနှင့်မဆို ရှမြန် စာလေ့လာနေသည်ကို ကိုယ်တိုင် စတင်ကြပ်မတ်ပေးပြီး အပြင်တွင်ပင် ထွက်မကစားတော့ပေ။ သူသည် မနက်ပိုင်းတွင် မနက်စာစောစော စားပြီးနောက် ရှမြန်ကို စတူဒီယိုထဲသို့ ဆွဲခေါ်လာခဲ့သည်။
ရှောင်ဖုန်းသည် ငယ်သေးသည့်အတွက် ပန်းချီဆွဲသည့်အချိန်တွင် လူကြီးတစ်ယောက်က သူ့ကို အဖော်လုပ်ပေးရန် လိုအပ်သည်။ ထို့ကြောင့် ရှမြန်က သူ့စတူဒီယိုထဲတွင် စားပွဲတစ်လုံးကို ချထားလိုက်၏။ သူက ပန်းချီဆွဲနေချိန်တွင် သူမကတော့ သူ့ဘေးတွင် စာကျက်ရသည်။
ဒီအခိုက်အတန့်တွင် ဒါက ပုံမှန်ဟု ထင်ရသော်ငြားလည်း ကောင်ကလေးသည် အမှန်တွင်တော့ သူမ စာလေ့လာနေသည်ကို အဖော်ပြုပေးရန် သူ၏ပန်းချီဆွဲသည့်ဘုတ်ပြားလေးကို အနားသို့ယူလာကာ ပန်းချီဆွဲလေသည်။
ရှမြန်က အနည်းငယ် ချောင်းဟန့်လိုက်သည်တွင် သူလေးက ချက်ချင်းပြေးထွက်သွား၏။ ခဏအကြာတွင် သူသည် ရေဖန်ခွက်တစ်ဝက်နှင့် ပြန်ရောက်လာပြီး သူမကို လှမ်းပေးလိုက်၏။
"အန်တီလေး ရေနည်းနည်းသောက်ပါဦး"
မောက်ဟွေ့ကျူးနှင့် မောက်ဟွေ့လန့်တို့က အပြင်ဘက်တွင် ပန်းသီးကို လှမ်းတောင်းနေသည်ကို ကြားလိုက်သည့်အခါ သူက ထရပ်ပြီး ပြေးထွက်သွားပြန်သည်။ မထွက်သွားခင်မှာပင် သူက ရှမြန်ကိုတောင် ပြောလိုက်သေးသည်။ "အန်တီလေး စာကြိုးစားနော်"
"အေးပါ အေးပါ" ရှမြန်က ကောင်ကလေး ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီး ချက်ချင်းဆိုသလို စာအုပ်ကို ချထားလိုက်ကာ စိတ်အေးစွာဖြင့် ပင့်သက်ရှည်ကြီးတစ်ချက် ချမိတော့သည်။ သူသည် အလွန်မှ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေခြင်းဖြစ်၏။
အဒေါ်၂ရဲ့လှည့်ကွက် က တကယ်ကောင်းတာပဲ။ ရေသာခိုတာကို ရှက်ရွံ့အောင်လုပ်တတ်တယ်။
သူက မောက်ဟွေ့ကျူးနှင့် အချိန်ခဏလောက် နည်းနည်းကြာအောင် ဆော့ကစားလိမ့်မည်ဟု ထင်ထားခဲ့သဖြင့် ရှမြန်က အနားယူတော့မည် ပြင်လိုက်စဉ်မှာပင် ခြေသံလေးများကို ကြားလိုက်ရသဖြင့် သူမမှာ စာအုပ်ကို မြန်မြန်ကောက်ကိုင်ရတော့သည်။
စာကျက်နေတုန်း မိဘတွေ စောင့်ကြည့်ပေးတာရဲ့ အလျင်စလိုအရေးပေါ်ကိစ္စကို မခံစားခဲ့ရတာ တော်တော်ကြာနေပြီပဲ။
ဟုတ်ပါသည်။ တံခါးကို တွန်းဖွင့်လိုက်သူမှာ ရှောင်ဖုန်းပင်။ သူ၏လက်သေးသေးလေးထဲတွင် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားပြီး ပန်းကန်ပြားပေါ်တွင် အစိတ်သေးသေးလေး လှီးစိတ်ထားသည့် ပန်းသီးများပါရှိသည်။
"အန်တီလေး"ကလေးက သူမ၏စားပွဲပေါ်သို့ ပန်းကန်ပြားကို ချပေးလိုက်ကာ ပြောလိုက်၏။
"ခဏလေးနားပြီးတော့ ပန်းသီးလေး စားလိုက်ဦးနော်"
သူမက သူ့ကို စောင့်ရှောက်ပေးသည့်အချိန်တွင် လုပ်ပေးခဲ့သည့်ပုံစံအတိုင်း တစ်ပုံစံတည်းဖြစ်နေ၏။
ရှမြန်သည် ဒါကိုသဘောကျမိသည်တွင် သူမ တတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကောင်ကလေးကို သူမ၏ရင်ခွင်ထဲတွင် တင်းနေအောင်ဖတ်ထားပြီး ဖိစီးမှုများကို လျှော့ချရန်အတွက် သူ့ခေါင်းလေးကို ပွတ်သပ်ချင်သာဖြစ်တော့သည်။
ရှ၀မ်ယွဲ့ဝ ယ်ထားသည့်စက်က အိမ်ကိုရောက်လာသည့်အချိန်တွင် ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်းကလည်း စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ ရှမြန်သည် နောက်ဆုံးတော့ ဒီချိုမြိန်သည့်နှိပ်စက်မှုကို အဆုံးသတ်ခဲ့လိုက်ပြီး မောက်ဟွေ့လန်နှင့်အတူ ကျောင်းပြောင်းစာမေးပွဲကို ဖြေဆိုတော့သည်။
ရှ၀မ်ယွဲ့နှင့် ရှမြန်တို့က အရင်ဆုံး မောက်ဟွေ့လန်ကို ဂျူနီယာအထက်တန်းကျောင်းသို့ အရင်ဆုံး သွားပို့ပေးခဲ့သည်။ သူမကို ဆရာမလက်ထဲသို့ အပ်ခဲ့ပြီးနောက်တွင် ရှ၀မ်ယွဲ့က ချက်ချင်းဆိုသလို ရှမြန်ကို အထက်တန်းကျောင်းသို့ လိုက်ပို့ပေးသည်။
ရှမြန်သည် သူမက တစ်ယောက်တည်း လုပ်နိုင်သည်ဟု အကြိမ်ကြိမ်ပြောသော်ငြားလည်း ရှ၀မ်ယွဲ့ကတော့ သဘောမတူချေ။ "အသက်အရွယ် ဘယ်လောက်ပဲဖြစ်ဖြစ်လေ ကလေးပဲ ဖြစ်နေပါသေးတယ်။ ကလေးက ဘယ်လိုလုပ်ပြီး မိဘမပါဘဲနဲ့ ကျောင်းသွားလို့ရမှာလဲ။ ဒီအပြင် ဘာပဲဖြစ်ဖြစ် ငါ နင့်ရဲ့ဆရာမနဲ့တော့ တွေ့ရဦးမယ်"
ရှမြန်သည် ကူကယ်ရာမဲ့သလိုဖြစ်ရသော်ငြားလည်း သူမ၏စိတ်ထဲတွင်တော့ နွေးထွေးမှုကို ခံစားနေမိ၏။
အထက်တန်းပထမနှစ်တွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ကို မခွဲခြားထားချေ။ စုစုပေါင်းဘာသာရပ်၉ခုရှိပြီး တရုတ်ဘာသာ၊ သင်္ချာ၊ အင်္ဂလိပ်၊ နိုင်ငံရေး၊ သမိုင်းဘာသာ၊ ပထဝီ၊ ဇီဝဗေဒ၊ ဓာတုဗေဒနှင့် စိတ်ကြိုက်ဘာသာရပ်တို့ဖြစ်သည်။ ဘာသာရပ်၄ခုကို မနက်ပိုင်းတွင်ဖြေဆိုရပြီး ဘာသာရပ်၅ခုကိုတော့ မနက်ပိုင်းတွင်ဖြေဆိုရသည်။
ရှမြန်အပါအဝင် တစ်ချိန်တည်း စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသား၆ယောက်ရှိသည်။ သူတို့ကို အစည်းအဝေးခန်းငယ်တစ်ခုထဲတွင် အတူတူ စာမေးပွဲဖြေရန် စီစဉ်ပေးထားသည်။
မေးခွန်းထဲက မေးခွန်းအများစုမှာ အခြေခံမေးခွန်းများသာ ဖြစ်ပြီး အဆင့်မြင့်မေးခွန်းများက၁ခု၊ ၂ခုသာပါသည်။
လအနည်းငယ်လောက် ပြန်လည်လေ့ကျင့်ခဲ့ပြီးနောက်တွင် ရှောင်ဖုန်း၏တင်းကြပ်သည့် ကြီးကြပ်မှုအောက်တွင် ရှမြန်သည်ကောင်းကောင်း ဖြေဆိုနိုင်ခဲ့လေသည်။
မနက်ပိုင်းနောက်ဆုံးစာမေးပွဲကို ဖြေဆိုပြီးသည့်နောက် ရှမြန်သည် အပြင်သို့ထွက်လာသည်တွင် တံခါးနားတွင် စောင့်နေကြသည့် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို တွေ့လိုက်ရ၏။
"နင်တို့တွေ ဘာလို့ ဒီကိုရောက်နေတာလဲ"သူမက အနည်းငယ်အံ့သြသွားသည်။
ဆွန်းယွဲ့ရှင်းက ပြုံးပြီးပြောလိုက်၏။ "ကျောင်းဖွင့်တဲ့ ပထမရက်မှာ ငါက စာအုပ်အသစ်တွေကို လာယူပြီးတော့ သန့်ရှင်းရေး လာလုပ်တာလေ။ ပြီးတော့မှ ကျောင်းပြောင်းတဲ့သူတွေ စာမေးပွဲကို ဒီမှာလုပ်တယ်လို့ကြားလို့ ငါ နင့်ကိုလာတွေ့တာ" လီလီကျန်းကလည်း မေးသည်။ "ဘယ်လိုနေလဲ ဖြေနိုင်ရဲ့လား"
ရှမြန်က ပြုံးပြပြီး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ငါ လုပ်နိုင်တာ အားလုံးတော့ လုပ်ပြီးသွားပါပြီ"
ဆွန်းယွဲ့ရှင်းက အံ့သြသွားသည်။ "မဖြေနိုင်တဲ့သူရော ရှိသေးလို့လား။ မေးခွန်းကခက်လို့လား"
ရှမြန်က ခေါင်းလေးကို စောင်းထားလိုက်ကာ ပြောလိုက်သည်။ "ဟင့်အင်း ငါ ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေပါတယ်"
ဆွန်းယွဲ့ရှင်းသည် ခဏလောက် မှင်တက်အံ့သြသွားပြီးမှ သူမနှင့် လီလီကျန်းတို့သည် အသံထွက်ကာ အော်ရယ်လေတော့သည်။ "နင်ဟာလေ အရမ်းကို ကပ်သီးကပ်ဖဲ့နိုင်တာပဲ"
ရှမြန်က သူတို့၏လက်မောင်းကို လှမ်းချိတ်လိုက်ကာ ပြောလိုက်လေသည်။ "အိမ်ပြန်ကြရအောင်" သူတို့၃ယောက်သည် အပေါ်ထပ်မှ ဆင်းလာသည့်အချိန်တွင် သူတို့သည် ကျောင်းသားတစ်သိုက်နှင့် မထင်မှတ်ဘဲ တွေ့ဆုံခဲ့၏။
၁၀မီတာကျော်ကျော်လောက် လျှောက်လာပြီးသည့်နောက်တွင် ဆွန်းယွဲ့ရှင်းမှာ မနေနိုင်တော့ဘဲ သက်ပြင်းချတော့သည်။ "ဒီလိုအာရုံစိုက်မှုမျိုးကို ခံစားရတာ ပထမဦးဆုံးအကြိမ်ပဲ"
ရှမြန်က သူမ၏လက်ကို မြောက်ကာ သူမ၏ဆံပင်ကို သပ်ချလိုက်ပြီး မျက်နှာပြောင်ပြောင်ဖြင့် ပြောလိုက်၏။ "ဒါဆိုရင် နောက်ဆိုရင်တော့ နင်တို့တွေ ဒါကို အသားကျအောင် လုပ်ထားမှရမယ်"
ဆွန်းယွဲ့ရှင်းမှာ မနေနိုင်ဘဲ မျက်စောင်းထိုးပြလိုက်ပြီး လီလီကျန်းကတော့ အသံထွက်ကာ အော်ရယ်လေသည်။
နတ်သမီးလေးတစ်ယောက် ဖြစ်လာရန် ကြီးစွာသောရည်မှန်းချက်ထားရှိသည့် ရှမြန်သည် ဒီနေ့လို အရေးကြီးသည့်နေ့တစ်နေ့မှာပင် လှလှပပ ဝတ်ဆင်ထားခဲ့လေသည်။
သူမသည် ချောမောလှပသည့်အပြင် သူမ၏အဝတ်အစားပုံစံကလည်း သာမာန်နှင့် ထူးခြားနေပြီး ဒီခေတ်အခါတွင် မရရှိနိုင်သည့် တချို့သော အသေးစိတ်အချက်အလက်များကလွဲလျှင် ခါးပတ်ပါးပါးလေးတစ်ခုနှင့် ရိုးရှင်းပြီး လက်ဖြင့်ထိုးထားသည့် ဆွယ်တာအင်္ကျီလေးက သူမ၏ထူးခြားသည့် အမူအကျင့်လေးကို ပေါ်လွင်နေစေ၏။ ထို့ကြောင့် သူမသည် အတန်းဖော်များ၏ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်လေသည်။
ရှေ့မှာ လျှောက်နေကြသည့် ကောင်လေးများနှင့် ကောင်မလေးများက သူမကို ဆက်တိုက်လှည့်ကြည့်နေကြသည်။
ရှမြန်က ကျေနပ်သွားကာ သက်ပြင်းချလိုက်လေသည်။
ဒီဘဝမှာတော့ ငါက နတ်သမီးငယ်လေးတစ်ယောက်အဖြစ် အထက်တန်းကျောင်းသားဘဝကို သေချာပေါက် ပိုင်ဆိုင်အောင်လုပ်ရမယ်။ မျက်နှာထားဆိုးဆိုးနဲ့ စုန်းမလိုကိစ္စတွေအားလုံးကို ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ရလိမ့်မယ်။
သူတို့၃ယောက်သည် အထက်တန်းကျောင်းထဲမှ ထွက်လာသည့်အချိန်တွင် ကုကျိုးနှင့် ထျန်းရွှယ်ယာတို့နှင့် မမျှော်လင့်ဘဲ တွေ့ပြန်သည်။
၂ယောက်သားက တိုးတက်မှုတချို့ ရှိခဲ့ဟန်တူသည်။ အနေအထားက အနည်းငယ် အထင်လွဲစရာ ဖြစ်နေ၏။
ထျန်းရွှယ်ယာသည် ရှမြန်ကို တွေ့လိုက်ချိန်တွင် အခိုက်အတန့် မှင်တက်အံ့သြသွားပြီးနောက် ကုကျိုးကို သာသာလေး ဆွဲလိုက်လေသည်။
ကုကျိုးက လှမ်းကြည့်လိုက်ချိန်တွင် သူနှင့်ရှမြန်တို့၏ အကြည့်ချင်းစုံသွားကြ၏။
ရှမြန်က ချက်ချင်းပြုံးပြလိုက်ကာ သူတို့ကိုနွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။ "မင်းသားလေးကုနဲ့ မင်းသမီးလေးထျန်း။ တွေ့ရတာ ဝမ်းသာပါတယ်နော်"
ကုကျိုးက ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့မျက်နှာက မသိမသာ နီရဲသွားသည်။ "တွေ့ရတာ ဝမ်းသာပါတယ်"
"တွေ့ရတာ ဝမ်းသာပါတယ်" ထျန်းရွှယ်ယာ၏အသံက အလွန်မှနူးညံ့နေပြီး သူမသည် ရှမြန်ကို အနည်းငယ် ကြောက်ရွံ့နေသလို တူနေ၏။ သူမက ကုကျိုး၏နောက်နားတွင် ကပ်ပြီးပုန်းနေလေသည်။
ဒီလုပ်ရပ်က ရှမြန်သည် ရာဇဝတ်မှုတစ်ခုနှင့် ပတ်သက်နေသယောင်ဖြစ်နေသည်ဟု ကုကျိုးကို သတိပေးနေသည့်ဟန် ဖြစ်နေ၏။ သူက အားတင်းကာ ပြုံးပြလိုက်ပြီး ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကားပြောလိုက်ပြီးနောက် ထျန်းရွှယ်ယာနှင့် မြန်မြန်ထွက်သွားတော့သည်။
ဆွန်းယွဲ့ရှင်းက ဒေါသတကြီး ပြောလိုက်၏။ "အထက်တန်းစားပုံစံ ဟန်ဆောင်နေတာက ဘာအဓိပ္ပာယ်တဲ့လဲ။ ဒါက တမင်လုပ်နေတာပဲ ဖြစ်ရမယ်"
လီလီကျန်း၏မျက်လုံးများက အခိုက်အတန့် မှေးမှိန်သွားပြီနောက် သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ "သူ ဒီနေ့ညနေခင်း ရှမြန်ရဲ့မကောင်းကြောင်းကို သေချာပေါက်ပြောလိမ့်မယ်"
ရှမြန်က ပခုံးတွန့်ပြလိုက်ပြီး ဂရုမစိုက်ချေ။ "ဂရုမစိုက်ပါဘူး။ ငါမှ သူ ပြောနေတဲ့ဟာတွေကို တားလို့မှ မရတာ။ သူလုပ်ချင်တာ လုပ်လို့ရပါတယ်"
"မြန်မြန်လုပ်။ ငါ ငါ့ညီမလေးကို သွားကြိုရအုံးမှာ"
လီလီကျန်းသည် ထျန်းရွှယ်ယာအကြောင်းကို တော်တော်လေးသိလေသည်။ ရှမြန်က နေ့လယ်ခင်းဘက် စာမေးပွဲဖြေပြီး ထွက်လာသည့်အချိန်တွင် လမ်းတစ်လျှောက် သူမ ရရှိခဲ့သည့် အာရုံစိုက်မှုများက အံ့ဩခြင်းမဟုတ်တော့ဘဲ သိလိုစိတ်များသာဖြစ်နေ၏။
ရှောင်ဖယ်ရှောင်ဖယ်နှင့် ထူးထူးဆန်းဆန်းအကြည့်များကလည်း ရှိနေ၏။
"..."
"တကယ်ပဲ ရဲစခန်းကို ရောက်ဖူးတယ်တဲ့လား။ နောက်နေတာပဲ ဖြစ်မှာပါ"
"ဒါပေမဲ့ သူက အရမ်းလှတယ်နော်။ သူကအဲဒီလိုဖြစ်မယ်လို့ တော့မထင်ပါဘူး။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူတွေ အများကြီးရှိတာပဲမဟုတ်လား။ တခြားတစ်ယောက်နေမှာပေါ့"
"ငါလည်း အဲဒီလိုတော့ မထင်ပါဘူး"
"ဒါပေမဲ့ သူတို့တွေအားလုံး ပြောကြတာကတော့ သူက ဆွန်းယွဲ့ရှင်းနဲ့ လီလီကျန်းတို့နဲ့သိတယ်တဲ့။ သူဘေးမှာ တခြားသူတွေ မရှိနိုင်တော့ဘူးလေ"
"ဘယ်လို။ နင်တို့ ဘာအကြောင်း ပြောနေကြတာလဲ"
"ငါ နင်တို့ကို ပြောလိုက်မယ်နော်။ အရင်က ရဲစခန်းကို ရောက်ခဲ့ဖူးတဲ့ အထက်တန်းပထမနှစ်က ကျောင်းပြောင်းလာတဲ့ ကျောင်းသူတစ်ယောက် ရှိတယ်တဲ့..."
"..."
ဒီနေ့ခေတ်သန့်စင်ခန်းများကို အပြာရောင်အုပ်ကြွပ်များဖြင့် သီးသန့်အဆောက်အအုံတစ်ခုတွင် ဆောက်လုပ်ထားပြီး ယောက်ျားလေးသုံးနှင့် မိန်းကလေးသုံးအခန်းကို အလယ်ကနံရံတစ်ခုဖြင့်သာ ခြားထားလေရာ အသံက လုံးဝမလုံချေ။ ထို့ကြောင့်နှစ်ဖက်စလုံးက ပြောနေသည့် အကြောင်းအရာများကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
သန့်စင်ခန်းမှ ထွက်လာပြီးနောက်တွင် ဆွန်းယွဲ့ရှင်းမှာ ဒေါသတကြီးပြောလိုက်၏။ "တကတည်း ထျန်းရွှယ်ယာက အရမ်းရွံဖို့ကောင်းတာပဲ"
လီလီကျန်းကလည်း ပြောလိုက်သည်။ "ငါတို့တွေ ဒီနေ့လယ်ခင်းမှာ သူ့အကြောင်း မပြောပါဘူးလို့ သဘောတူထားပေမဲ့ ထျန်းရွှယ်ယာကတော့ ဒီအခြေအနေကို အခွင့်ကောင်းယူသွားပြီလေ"
"နေ့လယ်ခင်းတုန်းက လူတွေအများကြီး နင့်ကို တွေ့ခဲ့ကြတယ် မဟုတ်လား။ အတန်းထဲက ကောင်လေးတွေကလည်း ဒီအကြောင်းကို အရူးတွေလို ပြောနေကြတာ။ အထက်တန်းပထမနှစ်မှာ အရမ်းလှတဲ့ကျောင်းပြောင်းလာတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်လို့ ပြောနေကြတယ်။ သူတို့တွေအားလုံးက ငါတို့ရဲ့အခန်းထဲမှာပဲ အတန်းခွဲပေးဖို့ မျှော်လင့်နေကြတယ်တဲ့"
"ငါက ဒီအချိန်မှာတော့ ဒါကို ဆိုးရွားတယ်လို့ ထင်တယ်" လီလီကျန်းက ဒေါသထွက်ထွက်ဖြင့် ပြောလိုက်သည်။
"သေချာတာပေါ့လေ။ ထျန်းရွှယ်ယာက ပုံမှန်ဆိုရင် သန့်သန့်ရှင်းရှင်း နေပြတဲ့အချိန်မှာ သူက ကောင်လေးတွေအားလုံးကို သူ့ကိုကူညီစေချင်နေတာလေ။ ဒါပေမဲ့ ဒီနေ့ကျတော့ သူက အရမ်းကိုတက်ကြွပြီး တံမြက်စည်းတွေယူ အဝတ်စုတ်တွေယူပြီးတော့ တစ်နေ့လယ်ခင်းလုံး အဲဒီကောင်လေးတွေကို တိုးတိုး တိုးတိုး ပြောနေတာလေ။ အဲဒီတုန်းက သူဒီအကြောင်းကိုပဲ ပြောနေတာဖြစ်ရမယ်"
"တကယ်ကြီးလား" ရှမြန်က ဝမ်းသာအားရ သူမ၏မျက်နှာလေးကို ကိုင်ထားလိုက်ပြီး"အားလုံးက ငါ လှတယ်လို့ ပြောနေကြတာလား"
ဆွန်းယွဲ့ရှင်းမှာ သူမ၏ပခုံးကိုဖမ်းဆွဲလိုက်ပြီး စိတ်ဓာတ်ကျကျဖြင့် လှုပ်ခါလိုက်ကာ "အစ်မကြီးရယ် နိုးထပါတော့။ အလုပ်အကြောင်းကို ပြောကြရအောင်ပါ"
"စိတ်မပူပါနဲ့ စိတ်မပူပါနဲ့" ရှမြန်က သူမကို အလောတကြီး နှစ်သိမ့်ပေးလိုက်ပြီး "ဒီလိုချဲ့ကားလွန်းတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ဒေါသထွက်နေစရာ မလိုပါဘူး။ သူတို့တွေက ငါ့လို တကယ့်နတ်သမီးအစစ်ကို တွေ့လိုက်တာနဲ့ ကျရှုံးသွားကြလိမ့်မယ်"
"သူက အခုကောလာဟလတွေကို ဖြန့်နေတာပဲ။ ဒါပေမဲ့ အမှန်တရားပေါ်လာတဲ့အချိန်ကျရင် အရှက်ရရမဲ့လူက သူပဲဖြစ်သွားလိမ့်မယ်လေ"
လီလီကျန်းကတော့ သိပ်ပြီး အကောင်းမမြင်နိုင်ချေ။ "ကောလာဟလတွေကို အလွယ်တကူ ဖျက်သိမ်းလို့ရတာ မဟုတ်ဘူးဟဲ့။ အချိန်ကြာလာတဲ့အခါ အဲဒါတွေနဲ့ပတ်သက်ပြီး ဘယ်သူက ဘာပြောမယ်ဆိုတာ သိမှာလဲ"
ဆွန်းယွဲ့ရှင်းကလည်း ပြောသည်။
"လုံချန်ဂျူနီယာအထက်တန်းကျောင်းမှာ ကျောင်းသူလေးတစ်ယောက် ရှိခဲ့တယ်လို့ ငါတို့ကြားထားတယ်။ ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်တဲ့အတော်အတွင်းမှာ ဆရာဝန်က သူ့ရဲ့ဗိုက်ထဲမှာ အလုံးကြီးတစ်ခုရှိတယ်လို့ ပြောခဲ့တယ်လေ။ နောက်ပိုင်းကျတော့ အဲဒီကျောင်းသူက ကိုယ်ဝန် ရှိတယ်ဆိုပြီးတော့ သတင်းထွက်လာခဲ့တယ်လေ"
"နောက်ဆုံးတော့ ဒီကိစ္စကိုရှင်းလင်းအောင် လုံးဝမလုပ်နိုင်ခဲ့ဘူးလေ။ ဒီကိစ္စကြောင့်ပဲ လူမိုက်တွေက သူ့ကို အနိုင်ကျင့်ခဲ့ကြတယ်။ တစ်ချိန်မှာတော့ သူတို့တွေက သူ့ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့တာမလို့ ဆေးရုံတောင် တင်လိုက်ရတယ်လေ။ သူ့မိဘတွေက ဒီအကြောင်းသိသွားတော့ သူ့ကို မြန်မြန် ကျောင်းပြောင်းပေးလိုက်ကြတော့တာပဲ"
ရှမြန်သည် ဒီအကြောင်းကို ကြားလိုက်ရချိန်တွင် မျက်မှောက်ကြုတ်လိုက်လေသည်။ "ဟုတ်တယ်" လီလီကျန်းကလည်း ပြောလိုက်၏။
"ဒီအပြင် အဲဒီယောက်ျားတွေက ထျန်းရွှယ်ယာနဲ့တွေ့လိုက်ရင် တုံးအလာလိမ့်မယ်။ သူ ပြောသမျှအားလုံးက အကုန်အမှန်ချည်းပဲ"
"လူကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ကြတဲ့ ကောင်လေးတွေပါပဲလေ"
ရှမြန်က ပြောလိုက်၏။ "စိတ်မပူပါနဲ့ ငါက အဲဒီလို မိန်းကလေးမျိုး မဟုတ်ပါဘူး။ ငါဒီမှာ ရောက်နေတာပဲ။ ပါးစပ်ရှိတာ သူတစ်ယောက်တည်းမှ မဟုတ်တာ"
"နောက်ပြီးတော့..." ရှမြန်က ပြုံးကာ သူမ၏ပါးလေးကို ကိုင်လိုက်လေသည်။ "တကယ်လို့ ငါတို့တွေက ရုပ်သွင်ပေါ်မူတည်ပြီး လူတွေကို အကဲဖြတ်ရတယ်ဆိုရင် ငါက သူ့ထက်မနိမ့်ပါဘူး"
ဆွန်းယွဲ့ရှင်းမှာ ဆွံ့အသွားပြီး ပြောလိုက်တော့သည်။
"နင်ဟာလေ တကယ့်ကို မျှော်လင့်ချက် မရှိတော့ပါဘူး။ အရင်တုန်းက နင်က အဲဒီလောက်အထိ ကိုယ့်ဟာကိုယ် ယုံကြည်မှုလွန်ကဲနေလိမ့်မယ်လို့ ငါ ဘာလို့မသိခဲ့ပါလိမ့်"
လီလီကျန်းက ပြောလိုက်၏။ "ဒါဆိုလည်း မြန်မြန်လုပ်စမ်းပါ။ နင့်ရဲ့အလှအပကို သုံးပြီးတော့ အဲဒီကောလဟာလတွေ ပျောက်သွားအောင် လုပ်လိုက်တော့"
"ကဲပါ ကဲပါ။ အခုချက်ချင်း ဒါကိုလုပ်လိုက်ရအောင်" ရှမြန်ကပြောလိုက်သည်။
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် သူမက ရယ်စရာပြောနေသည်ဟု ထင်ခဲ့သော်ငြားလည်း သူတို့ကို တိတ်တိတ်လေး နေဖို့ရန် ချက်ချင်းလက်ညှိုးထောင်ပြလိုက်ပြီးနောက် စိတ်အားထက်သန်စွာ ဆွေးနွေးတိုင်ပင်နေကြသည့် ကောင်လေး၃ယောက်နောက်သို့ လိုက်သွားတော့သည်။
"..."
"တကယ်လား။ သူ တကယ်ပဲ အချုပ်ထဲ ရောက်ဖူးတယ်ပေါ့။ ဘာဖြစ်လို့လဲ"
"သေချာတော့ မသိဘူးလေ။ မိန်းကလေးတွေက ရန်ဖြစ်ကြမှာတော့ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"
"ဒါဆို ဘာဖြစ်နိုင်သေးလို့လဲ။ ခိုးမှုလား ဒါမှမဟုတ် လိမ်လည်မှုလား"
"နင်တို့တွေ အမှန်တရားကို ပြောနေကြတာလား" ရှမြန်က တအံ့တဩ ၀င်ပြောလိုက်လေသည်။
"ငါတို့ကျောင်းပြောင်းလာတဲ့ ကျောင်းသူတွေထဲမှာ ရဲစခန်းကို ရောက်ဖူးတဲ့သူရှိတာလား"
ကျောင်းသား၃ယောက်သည် လှည့်ကြည့်လိုက်ပြီး သူမကို မြင်လိုက်သည်တွင် သူတို့မျက်နှာများမှာ ချက်ချင်းဆိုသလို နီရဲသွားတော့သည်။ သူတို့သည် တခြားလူ၏ မကောင်းကြောင်း ပြောနေသည်ကို ဖမ်းမိသွား၍လား သို့မဟုတ် မိန်းမလှလေးတစ်ယောက်က ရုတ်တရက် စကားထပြော၍လားတော့ မသိတော့ချေ။
ရှမြန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။ "ဘယ်သူတဲ့လဲ"
နင်လေ!
...