အပိုင်း(၁၁၁)
Vol. 8 Ch. 111
ကောင်လေး၃ယောက်သည် သူမက လုံးဝမသိသည်ကို တွေ့လိုက်ရသဖြင့် ကောလာဟလက အမှားဖြစ်နိုင်သည်ဟု ချက်ချင်းသဘောပေါက်သွားလေသည်။ အကယ်၍ ဒီကျောင်းပြောင်းလာသည့် ကျောင်းသူသည် ရဲစခန်းသို့ အမှန်ပင် ရောက်ရှိခဲ့လျှင် သူမသည် သူတို့နောက်သို့ လိုက်လာပြီး မေးခွန်းမေးရန် မဆိုထားနှင့် သူတို့ပြောခဲ့သည့်စကားကို ကြားလိုက်ရပြီးနောက်တွင် အလွန်မှကြောက်ရွံသဖြင့် ပုန်းခိုဖို့ရန် အချိန်ရှိနေမည် မဟုတ်ချေ။
အလယ်ကကောင်လေးက ချက်ချင်းဆိုသလို အောင့်သက်သက်ပြုံးလိုက်ပြီး "ငါတို့တွေလဲ ခုနက တခြားလူတွေဆီက ကြားခဲ့တာပါ။ မဟုတ်လောက်ဘူး ထင်ပါတယ်"
ရှမြန်က သူမ၏ခေါင်းလေးကို စောင်းထားလိုက်ကာ ခဏလောက် စဉ်းစားလိုက်ပြီး "ငါလဲ အဲဒီလို မဟုတ်ဘူးလို့ ထင်ပါတယ်။ ငါတို့ရဲ့ တွဲဖက်အထက်တန်းကျောင်းက ဘယ်လိုလုပ်ပြီး စာရိတ္တမှာ ပြဿနာရှိနေတဲ့ ကျောင်းသားတွေကို လက်ခံမှာလဲ။ ကျောင်းသားတွေက ဒီအကြောင်းကို သိနေတာက မဖြစ်နိုင်သလို ကျောင်းကလဲ ဒီအကြောင်းကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူးလေ"
"ဒါက အဓိပ္ပာယ်ရှိတယ်" ကောင်လေး၃ယောက်နှင့်သိသည့် အနားကတစ်စုံတစ်ယောက်က သူတို့စကားပြောနေသည်ကို မြင်လိုက်သည့်အချိန်တွင် ဝင်ရောက်လာလေသည်။ "တကယ်လို့ သူတို့တွေသာ ဒီလိုကိစ္စတစ်ခုကြောင့် ကျောင်းထုတ်ခံလိုက်ရမယ်ဆိုရင် ကျောင်းသားရဲ့ဖိုင်ထဲမှာ မှတ်တမ်း ရှိနေလိမ့်မယ်လေ။ ကျောင်းက ဘယ်လိုလုပ်ပြီးတော့ သူတို့ကိုလက်ခံနိုင်မှာလဲ"
ရှမြန်က ခေါင်းညိတ်ကာ ချက်ချင်း ချီးကျူးစကားပြောလိုက်၏။ "ဝိုး အတန်းဖော် နင်က အရမ်းညဏ်ကောင်းတာပဲ။ နင်က ချက်ချင်းဆိုသလို အဓိကအချက်ကို ထောက်ပြနိုင်ခဲ့တယ်"
ကျောင်းသားလေးက ရုတ်တရက်ဆိုသလို ဂုဏ်ယူ၀င့်ကြွားသွားပြီး အခြေအနေ၏ရယ်စရာကောင်းပုံကို ချက်ချင်းဆိုသလို ခွဲခြားပြလိုက်လေသည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်" ရှမြန်က ဆက်တိုက်ခေါင်းညိတ်ပြလိုက်ပြီး "ငါတို့တွေက စာမေးပွဲအခန်းထဲမှာပဲ အတူတူထိုင်ခဲ့ကြတာလေ။ ငါတို့တွေအားလုံးက ကောင်းကြပါတယ်။ ဒီအပြင် ငါတို့အားလုံးက တခြားနေရာကနေ လာကြတာလေ။ ကျောင်းထဲမှာ ဘယ်သူ့ကိုမှ မသိပါဘူး။ ဒီလိုကိစ္စမျိုးက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာပါလိမ့်။ နင်တို့တွေက ငါတို့လို ကျောင်းပြောင်းလာတဲ့ ကျောင်းသူတွေကို မကြိုဆိုကြဘူးလား။ နင်တို့တွေက ငါတို့ကို ဒီနေရာမှာ စာမသင်စေချင်ကြတာလား"
အတန်းဖော်များသည် ရှမြန်အကြောင်းကို သိချင်စိတ်များအပြည့် ဖြစ်နေကြပြီးသားဖြစ်သည်။ အခုတော့ သူတို့သည် သူမက တစ်ကျောင်းတည်းက အတန်းဖော်များနှင့် စကားပြောဖို့ရန် ရပ်တန့်လိုက်သည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ထဲက တော်တော်များများက သိလိုစိတ်ကြောင့် သူမဆီကို တဖြည်းဖြည်း ဝိုင်းရံလာကြပြီး သူတို့သိသည့်လူများဆီမှတစ်ဆင့်လဲ အသစ်အဆန်းများကို နားထောင်ချင်ကြလေသည်။
ရှမြန် ပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် အားလုံးက ချက်ချင်း ငြင်းပယ်လိုက်ကြ၏။
"လုံးဝမဟုတ်ပါဘူး။ ငါတို့ရဲ့တွဲဖက်အထက်တန်းကျောင်းက ကျောင်းသားအသစ်တွေကို ကြိုဆိုပါတယ်"
"ဟုတ်တယ်။ ငါတို့တွေမှာ တခြားသူတွေ စာသင်ကြားတာကို တားမြစ်ပိုင်ခွင့်မှ မရှိတာ"
"ဒါဆိုရင် ရုတ်တရက်ကြီး ဒီကောလာဟလက ဘယ်ကနေရောက်လာတာလဲ" ရှမြန်က လုံးဝကို နားမလည်သည့် ရုပ်လေးဖြစ်နေ၏။ "ဧကန္တ ငါတို့ထဲကတစ်ယောက်ယောက်က ကျောင်းက တစ်ယောက်ယောက်ကို ပြစ်မှားမိခဲ့လို့လား"
"ဒါပေမဲ့ အနီးကပ်သင်တန်းမှာ တွေ့ခဲ့တဲ့ ဆွန်းယွဲ့ရှင်းနဲ့ လီလီကျန်းကလွဲရင် တခြားကျောင်းပြောင်းလာတဲ့ ကျောင်းသားတွေကလဲ အခုမှ ဒီကို ရောက်လာတာပါ။ ဘယ်သူမှလဲ မသိကြပါဘူး"
"နင်တို့တွေက ဘာဖြစ်လို့ ဒီလိုကောလာဟလတွေကို ဖြန့်ချင်နေကြတာလဲ" ဒီအခိုက်အတန့်တွင် သူမသည် ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားပြီး သူမ၏ လက်ဖဝါးကို ထုထောင်းလိုက်ကာ မေးလိုက်လေသည်။
"နောက်ဆုံး ဒါက ဆွေးနွေးမှုတစ်ခု မဟုတ်လား။ ရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ အဲဒီကျောင်းပြောင်းလာတဲ့ကျောင်းသူက ဘယ်သူလဲဟင်"
သူမ၏သိလိုစိတ်အပြည့်ဖြင့် မျက်လုံးဝိုင်းဝိုင်းလေးများကို ကြည့်လိုက်ကြပြီး အားလုံးသည် နှုတ်ဆိတ်သွားကြကာ တစ်ချိန်တည်းတွင် ဒီလူသည် ရဲစခန်းသို့ ရောက်ခဲ့ဖူးသည်ဟူသည့်သတင်းက ကောလာဟလသာ ဖြစ်လိမ့်မည်ဟု အမှန်အတိုင်း ခံစားမိကြလေသည်။
"လီမင်၊ ဟူယဲ့၊ မာကျန်းဟွာ" ချိုသာသည့်အသံတစ်ခုက ဘေးကနေပြီး အပြုံးတစ်ခုဖြင့် ထွက်လာလေသည်။
"ဒီနေရာမှာ ဘာဖြစ်လို့ လူတွေ အများကြီး ရှိနေတာလဲ။ နင်တို့တွေ ဘာအကြောင်း ပြောနေကြတာလဲ"
အစပိုင်းက ရှမြန်၏ချဉ်းကပ်ခြင်း ခံလိုက်ရသည့် ကောင်လေး၃ယောက်သည် ထိုအသံကို ကြားလိုက်ချိန်တွင် ချက်ချင်းဆိုသလို သူတို့၏ ခေါင်းကို လှည့်သွားလိုက်၏။ "ထျန်းရွှယ်ယာ"
ရှမြန်ကလဲ သူမ၏ခေါင်းလေးကို ပြူထုတ်လိုက်ပြီး အားတက်သရော နှုတ်ဆက်လိုက်လေသည်။
"ကျောင်းသူထျန်းရွှယ်ယာ တိုက်ဆိုင်လိုက်တာနော်။ ငါတို့တွေ ထပ်တွေ့ကြပြန်ပြီ"
ထျန်းရွှယ်ယာ၏ ပြုံးနေသည့် အမူအရာသည် မသိမသာ အေးခဲသွားပြီး သူမက ဇဝေဇဝါဖြင့် မေးလိုက်၏။ "နင်တို့၂ယောက် ဒီမှာဘာလို့ရောက်နေတာလဲ"
"ဪ"ရှမြန်က ရှင်းပြလိုက်သည်။ "ငါတို့ ကျောင်းပြောင်းလာတဲ့ကျောင်းသားတွေထဲက တချို့က ရဲစခန်းကို ရောက်ဖူးတယ်လို့ သူတို့ပြောတာ ကြားလိုက်လို့လေ။ ဒါကြောင့်မို့လို့ ငါလဲ သိချင်လို့ သွားမေးနေတာ။ ပြီးတော့ ငါတို့တွေ စကားစပြောဖြစ်သွားကြတာပဲ"
ဆွန်းယွဲ့ရှင်းမှာ ပီတိဖြာသွားပြီး ပြောလိုက်လေသည်။
"နောက်ဆုံးတော့ အားလုံးက ဒါက ကောလာဟလတစ်ခုပဲ ဖြစ်ရမယ်လို့ ဆွေးနွေးခဲ့ကြတယ်လေ။ တကယ်တမ်း ကျောင်းကလဲပဲ စာရိတ္တပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့ ကျောင်းသားတွေကို လက်ခံမှာ မဟုတ်ဘူးလေ။ ဒီအပြင် ကျောင်းပြောင်းလာတဲ့ ကျောင်းသူတွေ အားလုံးကလဲ တခြားနေရာက လာကြတဲ့သူတွေပဲ။ သူတို့တွေက ကျောင်းထဲက ဘယ်သူနဲ့မှ မသိကြတာ။ ဒီတော့ သူတို့တွေက ဘယ်လိုလုပ်ပြီး အချုပ်ထဲကို ရောက်ဖူးတယ်ဆိုတာ ဘယ်လိုလုပ်သိကြမှာလဲ"
"ဪ" ရှမြန်က ရုတ်တရက် ထပြောလိုက်သည်။ "ငါ့အထင်တော့ ငါက သံသယဖြစ်စရာအကောင်းဆုံး ဖြစ်နေတာထင်တယ်"
အားလုံးက အထိတ်တလန့် ဖြစ်သွားကြသည်။
ထို့နောက်တွင်တော့ ရှမြန်က ဟာသပြောနေသလို အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "နောက်ဆုံး ငါက ငါတို့ကျောင်းထဲကို အသိမိတ်ဆွေတွေနဲ့ ကျောင်းပြောင်းလာခဲ့တဲ့ တစ်ဦးတည်းသောသူ မဟုတ်လား။ ငါက အနီးကပ်ကျောင်းမှာ ဆွန်းယွဲ့ရှင်း၊ လီလီကျန်းတို့နဲ့ တွေ့ခဲ့ကြတယ်လေ။ ပြီးတော့ ငါက ထျန်းရွှယ်ယာနဲ့ ကုကျိုးတို့ကိုလဲ သိသေးတယ်"
သူမက လက်ကိုမြှောက်လိုက်ပြီး ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို လက်ညှိုးထိုးပြလိုက်ပြီးနောက် နောက်ဆုံးတော့ ထျန်းရွှယ်ယာကို လက်ညှိုးထိုးပြလိုက်လေသည်။ "နင်တို့တွေ ငါ့အကြောင်းကို ကောလာဟလတွေ ပြောနေတာတော့ မဟုတ်ဘူးမလား။ ဟားဟားဟား ဪ ဒါနဲ့ ကျောင်းတော်ရဲ့မင်းသားလေးကုလဲ ရှိသေးတာပဲ"
ဆွန်းယွဲ့ရှင်းသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားချင်ဟန်ဆောင်ကာ ပြောလိုက်၏။
"ဟုတ်တယ်လေ ငါ လုပ်တာ။ ငါက နင့်ရဲ့အလှအပနဲ့ ကျောင်းတွင်းရမှတ်တွေကို မနာလိုလို့လေ။ နင် ရောက်လာတဲ့အခါကျရင် ငါ နာမည်ကြီးနေတာကို ခိုးယူသွားမှာ စိုးလို့ပေါ့"
လီလီကျန်းမှာ ဆွံ့အသွားတော့သည်။ "မင်းသားလေးကုက နင်နဲ့ပတ်သက်ပြီး ဘာဖြစ်လို့ ကောလာဟလတွေ လုပ်ရမှာလဲ"
ရှမြန်က ပြောလိုက်သည်။ "ငါက အဆင့်မှာ သူ့ရဲ့နံပါတ်တစ်နေရာကို လုယူသွားမှာ စိုးလို့နေမှာပေါ့"
သူမက လေးနက်သည့်အသံတစ်ခုနှင့် ပြောနေသော်ငြားလဲ သူမသည် ရယ်စရာပြောနေမှန်းကိုတော့ အားလုံးက သိနေကြလေသည်။
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလဲ အထင်သေးစွာဖြင့် မျက်နှာကိုမဲ့ထားလိုက်ကြ၏။
ရှမြန်က ထျန်းရွှယ်ယာ၏တောင့်တင်းသွားသည့်အမူအရာကို သတိမထားမိသယောင် အသံထွက်ကာ အော်ရယ်လိုက်လေသည်။
ဒီနေရာတွင် ရှိနေကြသည့် ကျောင်းသားများက ပြုံးနေကြသော်လည်း သူတို့၏အမူအရာကတော့ သဘောပေါက်နေသည့်ဟန် ရှိသည်။
ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်က လုံးဝကို မပါးနပ်တာပဲ။ ထျန်းရွှယ်ယာက ကောလာဟလတွေကို ဖြန့်ဖို့စိတ်အားထက်သန်နေပြီး နေ့ခင်းဘက်တုန်းက ဒီအကြောင်းကို ကောင်လေးတွေ အများကြီးကို ပြောပြခဲ့တယ်လေ။ ဒီနေရာမှာရှိနေကြတဲ့ အတန်းဖော် တော်တော်များများကလဲ သူတို့ရဲ့နားနဲ့ဆက်ဆက် ကြားခဲ့တာပေါ့။
တစ်စုံတစ်ယောက်က ရှမြန်ကို မေးလိုက်၏။ "ကျောင်းသူလေး နင်က ထျန်းရွှယ်ယာတို့နဲ့ ဘယ်လိုလုပ်ပြီး အချင်းချင်းသိနေတာလဲ"
ရှမြန်က ပြောလိုက်သည်။ "ငါ ဘုရားပွဲကို ဆွန်းယွဲ့ရှင်း၊ တခြားလူတွေနဲ့ အလည်သွားတုန်းက သူကလဲ ကုကျိုးကိုခေါ်ပြီးတော့ လာနှုတ်ဆက်တယ်လေ။ ဒီလိုနဲ့ ငါတို့တွေ အချင်းချင်း သိသွားကြတာပေါ့"
မိန်းကလေး တော်တော်များများက ထူးဆန်းသည့်မျက်လုံးများဖြင့် ထျန်းရွှယ်ယာကို ကြည့်လိုက်ကြသည်။
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို ကြည့်လိုက်ရုံနဲ့ ထျန်းရွှယ်ယာသည် သူမ၏မျက်နှာ၂ဖက်ကို သေသေချာချာ ဖုံးကွယ်မထားမှန်း သိနိုင်လေသည်။ ထို့ကြောင့် မိန်းကလေးများက သူမကို လုံးဝသဘောမကျကြချေ။
ဒီလိုကိစ္စများကို တွေ့ကြုံလာရသည်တွင် မိန်းကလေးများသည် ပြဿနာကို ဖြေရှင်းရာတွင် အင်မတန်မှ တော်ကြ၏။
"ကျောင်းသူထျန်းရွှယ်ယာ" ရှမြန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "နင့်မျက်နှာက ဘာဖြစ်လို့ အဲဒီလောက်အထိ ဖြူဆုတ်သွားတာလဲ။ နင်နေမကောင်းဘူးလား။ ပြန်သွားပြီးတော့ အနားယူလိုက်ဦးနော်"
သို့သော်ငြားလဲ ထျန်းရွှယ်ယာသည် သူမ ထွက်သွားခဲ့လျှင် သူတို့က သူမ၏မကောင်းကြောင်းကို ပြောကြလိမ့်မည်ကို စိုးရိမ်သဖြင့် ထွက်မသွားရဲပေ။ သူမသည် ဆင်ခြေတစ်ခုလဲ မရှာနိုင်သဖြင့် တောင့်တင်းနေသည့် မျက်နှာတစ်ခုဖြင့်သာ ပြောရတော့သည်။ "ဘာမှမဖြစ်ပါဘူး"
"နင် ကောင်းကောင်းအနားယူဖို့ လိုသေးတယ်နော်" ရှမြန်က ဂရုတစိုက် သတိပေးလိုက်ပြီးနောက် အားလုံးကို နှုတ်ဆက်စကား ပြောလိုက်လေသည်။ "အိမ်ပြန်ရမဲ့ အချိန်ရောက်ပြီ။ အားလုံးနဲ့ စကားပြောရတာ ဝမ်းသာပါတယ်။ ငါတို့တွေနောက်တစ်ခါ အတန်းဖော်တွေ ဖြစ်လာပါစေလို့ မျှော်လင့်တယ်နော်။ တာ့တာ"
အားလုံးသည် သူမအပေါ် ကောင်းမွန်သည့်အမြင်တစ်ခု ထားခဲ့ကြပြီး သူမကို လက်ဝှေ့ရမ်းကာ နှုတ်ဆက်လိုက်၏။
"အာ" ရှမြန်က ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့၏လက်ကို တွဲပြီး ခြေ၂လှမ်းလောက် လှမ်းလိုက်ပြီးသည့်နောက်တွင် ရပ်တန့်လိုက်လေသည်။
"ကောလာဟလတွေက ပညာရှိတွေဆီမှာတော့ ရပ်တန့်သွားလိမ့်မယ်နော်။ ဒီသတင်းကို ဘယ်သူဖြန့်ခဲ့တယ်ဆိုတာရယ် သူတို့တွေက ဘယ်သူ့ကို ပစ်မှတ်ထားတယ်ဆိုတာကို ငါတို့က မသိပေမဲ့ တကယ်လို့ ငါတို့တွေသာ သူတို့နေရာမှာ ကိုယ်ချင်းစာကြည့်မယ်ဆိုရင် တခြားကျောင်းကနေ ပြောင်းလာတဲ့အတွက်ကြောင့်မလို့ ရာဇဝတ်မှုပြစ်မှုတစ်ခု ရှိပါတယ်လို့ မှားယွင်းစွပ်စွဲခံရတာကတော့ လက်ခံနိုင်စရာ မရှိဘူးလေနော်"
"ဒီကောလာဟလကို ဖြန့်ခဲ့တဲ့ဘယ်သူမဆို ပြစ်မှုကျူးလွန်တဲ့သူ ဖြစ်လာလိမ့်မယ်။ နင်ကတော့ ပါးနပ်ပြီးတော့ ကြင်နာတတ်တဲ့ အတန်းဖော်တွေကို ပိုပြီးတော့လိုချင်တယ်" ရှမြန်က ပြုံးလိုက်ပြီး အားလုံးကို မျက်လုံးမှိတ်ပြလိုက်ကာ လှည့်ထွက်သွားလေတော့သည်။
"ဝိုး သူက အကျင့်စရိုက် တကယ်ကောင်းတာပဲ"
"သူက အရမ်းလဲ လှတယ်နော်"
"တကယ်တည်း ဘယ်သူက ဒီကောလာဟလကို လွှင့်ခဲ့တာလဲ။ အချုပ်ထဲကို ရောက်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က ဒီလိုပဲလား"
"ဟားဟား တစ်ယောက်ယောက်က သူ့ကို မနာလိုလို့ ဖြစ်မှာပေါ့။ နောက်ဆုံး သူက ချောပြီးတော့ စေတနာလဲ ကောင်းတယ်လေ"
"သူက ဆွန်းယွဲ့ရှင်း၊ လီလီကျန်း၊ ထျန်းရွှယ်ယာနဲ့ကုကျိုးတို့ကိုပဲ သိတယ်လို့ပြောခဲ့တယ် မဟုတ်လား"
"ထျန်းရွှယ်ယာ... သူက ရဲစခန်းမှာ ထိန်းသိမ်းခံရဖူးတယ်လို့ နေ့လယ်တုန်းက နင် ပြောခဲ့တာ ငါ ကြားခဲ့ပါတယ်။ နင့်ကို အဲဒီအကြောင်း ဘယ်သူပြောခဲ့တာလဲ"
"ဟုတ်တယ်။ နင် သူ့ကို ဆွန်းယွဲ့ရှင်းကနေတစ်ဆင့် သိခဲ့တာပဲ ဖြစ်ရမယ်။ ဆွန်းယွဲ့ရှင်းက သူ့အကြောင်း မသိတာတောင် နင်က သူ့ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"
"နောက်ပြီးတော့ နင်က ဆွန်းယွဲ့ရှင်းကို အထင်သေးနေတာ မဟုတ်လား။ နင်က အရင်ဆုံးလာပြီးတော့ နှုတ်ဆက်ခဲ့သေးတယ်နော်။ နင်နဲ့ကုကျိုးတို့ တွဲနေပြီဆိုတာကို လာကြွားပြနေတာလား"
"..."
ရှမြန်သည် ထျန်းရွှယ်ယာက မည်သို့ရှင်းပြခဲ့သည်ကို ဂရုမစိုက်ချေ။ သူတို့အားလုံးသည် အရွယ်ရောက်နေနှင့်ပြီးသား လူများဖြစ်ရာ ကျူးလွန်ထားသည့်တာဝန်ကို ယူဖို့ရန် လုံလောက်သည့် အသက်အရွယ်လည်း ဖြစ်လေသည်။ သူတို့သည် သူတို့လုပ်ခဲ့သည့်အရာ၏ တန်ကြေးကို ပေးဆပ်ရပေလိမ့်မည်။
သူမကတော့ ကျောင်းစတတ်သည့်အချိန်တွင် မည်သည့်အခန်းတွင် နေရာချထားခံရမည်ကိုသာ စိုးရိမ်လေသည်။
ကျောင်းပြောင်းသည့်ရလဒ်က အလွန်မှ မြန်မြန်ဆန်ဆန် ထွက်လာခဲ့သည်။ နောက်တစ်နေ့တွင် ရှဝမ်ယွဲ့သည် ကျောင်းမှ အသိပေးစာတစ်ခုကို လက်ခံရရှိခဲ့သည်။ ရှမြန်သည် အထူးချွန်ဆုံး ရမှတ်များနှင့် ကျောင်းပြောင်းဖို့အတွက် အရည်အချင်း ပြည့်မီကြောင်းကို သိခဲ့ရသည်။ ၆ယောက်ထဲမှ၂ယောက်ကသာဝင်ခွင့်ရခဲ့ပြီး ရှမြန်က သူတို့ထဲကတစ်ယောက်ဖြစ်သည်။
ဂျူနီယာအထက်တန်းကျောင်းကို ဝင်ခွင့်ရခဲ့သည့်ကျောင်းသားကလဲ ၂ယောက်သာရှိသည်။ မောက်ဟွေ့လန်သည် အခြေခံအားနည်းသော်လဲ သူမသည် အတန်းတစ်တန်း ဆင်းခဲ့ပြီး အနီးကပ်ကျောင်းကိုလဲ သေချာတက်ရောက်ခဲ့သဖြင့် သူမသည် သတ်မှတ်ထားသည်ရမှတ်ကို ကျော်ရုံမျှလောက်ဖြင့် အောင်မြင်ခဲ့လေသည်။
မည်သို့ဆိုစေ စာမေးပွဲကို အောင်မြင်ခဲ့သည်မှာ အောင်မြင်မှုတစ်ခုသာ ဖြစ်လေသည်။ ရှဝမ်ယွဲ့သည် ထိုနေ့တွင် ရှမြန်နှင့် မောက်ဟွေ့လန်တို့၏ အောင်အောင်မြင်မြင် ဝင်ခွင့်ရခဲ့သည်ကို ဂုဏ်ပြုဖို့ရန်အတွက် စားပွဲအပြည့် အစားအသောက်များကို ပြင်ဆင်ပေးခဲ့သည်။
ဂျူနီယာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းတို့သည် မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန်များ ရှိကြသည်။ ရှမြန်တို့လို ကျောင်းသူများက နောက်အကျဆုံး မနက်၆နာရီခွဲတွင် အိပ်ရာထရ၏။
မိုးမလင်းသေးခင်မှာပင် သူမသည် နွေးထွေးနေသည့်အိပ်ရာထဲမှ ကိုယ့်ဟာကိုယ် နာနာကျင်ကျင်ဖြင့် ဆွဲထုတ်ရသည်။
ရှောင်ဖုန်းက ကိုယ်ကိုလှည့်လိုက်ပြီး သူ့မျက်လုံးများကို ပွတ်သပ်လိုက်ကာ အိပ်ချင်မူးတူးဖြင့် ပြောလိုက်၏။
"အန်တီလေး"
"အင်း အန်တီလေး ဒီမှာရှိတယ်လေ" ရှမြန်က သူမ၏အဝတ်အစားများကို ၀တ်ကာ သူ့ကို ဂွမ်းစောင်တစ်ခုဖြင့် ထုတ်ပေးထားလိုက်ပြီး အနောက်ဘက်ခန်းထဲသို့ လာခဲ့လိုက်သည်။ "အန်တီလေး သားကို မနေ့တုန်းက ပြောထားတာတွေကို မှတ်မိသေးလား"
ရှောင်ဖုန်းက သူ၏ခေါင်းလေးကို သူမ၏လည်ပင်းနားတွင် မှီထားကာ ပင်ပန်းနွမ်းနယ်နေသည့်အသံတစ်ခုဖြင့် ပြောလိုက်၏။
"မှတ်မိပါတယ် မနက်ခင်းကျရင် အန်တီဟွေ့ကျူးနောက်ကို လိုက်သွားရမယ်။ ညနေခင်း မူကြိုကျောင်းက ပြန်လာတဲ့အခါ အန်တီလေးကို တွေ့ရမယ်"
မူကြိုကျောင်းကလဲ စတင်ဖွင့်လှစ်နေပြီ။ သို့သော်ငြားလဲ ကျောင်းတက်သည့်အချိန်ကတော့ အများကြီး ပိုနောက်ကျသည်။ လာမည့်၂နှစ်အတွင်း သူတို့၂ယောက်၏ အချိန်ဇယားမှာ လုံးဝကို တစ်ထပ်တည်း မကျနိုင်တော့ချေ။
ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်လိုက်ကာပြောလိုက်၏။ "လိမ္မာလိုက်တဲ့ကောင်လေးပဲ"
အနောက်ဘက်အခန်းထဲတွင် ရှဝမ်ယွဲ့ကလဲ အိပ်ရာ ထနေနှင့်ပြီးဖြစ်ရာ သူတို့အတွက်မနက်စာကို ပြင်ဆင်ပေးနေသည်။ ဟွေ့ကျူးတစ်ယောက်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
ရှမြန်က ရှောင်ဖုန်းကို ဟွေ့ကျူး၏ဘေးတွင် ချထားပေးလိုက်ပြီး သူ့နဖူးကို အနမ်းပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "နည်းနည်းလေး ထပ်အိပ်ပြီးမှ ဒေါ်ဒေါ်ဟွေ့ကျူးနဲ့ အိပ်ရာထနော်"
ရှောင်ဖုန်းက သူ၏လက်ကလေးကို ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်ပြီး ရှမြန်၏မျက်နှာကို ထိကိုင်လိုက်ပြီးနောက် "အန်တီလေး စာကြိုးစားပြီးတော့ ဆရာမ စကားနားထောင်နော်"
"ဟုတ်ပါပြီ"ရှ မြန်က သူ့ကိုခပ်ကြမ်းကြမ်း အနမ်းပေးလိုက်ပြီး "ညနေကျမှ တွေ့မယ်နော်"
သူတို့သည် အိမ်ကထွက်လာချိန်တွင် ရှဝမ်ယွဲ့က နှမ်းမုန့်၊ ကြက်ဥ၁လုံး၊ နွားနို့၁ဘူးကို သူမနှင့် မောက်ဟွေ့လန်တို့၏ ကျောင်းလွယ်အိတ်အသီးသီးစီထဲသို့ ထိုးထည့်ပေးကာ ပြောလိုက်လေသည်။
"လမ်းမှာသတိထားနော် နောက်မကျစေနဲ့"
လမ်းပေါ်တွင် လမ်းလျှောက်လာရင်းက ရှမြန်သည် လမ်းမကြီးက မနက်ခင်းအစောကြီးတွင် အလွန်မှ စည်ကားနေသည်ကို သတိထားမိလိုက်၏။ သူမ ကြည့်လိုက်သည့်နေရာတိုင်းတွင် အပြာနှင့် အဖြူကျောင်းယူနီဖောင်းများ ဝတ်ဆင်ထားသည့် ကျောင်းသူကျောင်းသားများကို တွေ့ရသည်။
အထက်တန်းကျောင်းသို့ ပြန်ရောက်သွားသည့်ခံစားချက်က အလွန်မှ အသစ်အဆန်းဖြစ်နေ၏။ သူမသည် စာကြည့်ဖို့ရန် အစောကြီး မထဘဲ နောက်ကျမှအိပ်ရာဝင်သည့်အခြေအနေကို မတွေ့ကြုံခဲ့ရပြီမှာ ကြာမြင့်နေပြီဖြစ်လေသည်။
ဒီနေ့ သူမ အိပ်ရာနိုးလာသည့်အချိန်တွင် သူမသည် အချိန်ကူးပြောင်းပြီး ပြန်ရောက်သွားကာ ကောလိပ်သို့ သွားရလျှင် ဘယ်လောက်များ ကောင်းမလဲဟု မနေနိုင်ဘဲ ပြန်စဉ်းစားမိလေသည်။ အထက်တန်းကျောင်းသူဘဝသည် သာမန်လူသားတစ်ယောက်အတွက်တော့ ရိုးရှင်းသည့်ဘဝပုံစံတစ်ခု မဟုတ်ချေ။
သို့သော်ငြားလဲ အထက်တန်းကျောင်းသားဘဝတွင်လဲ သူ၏ကိုယ်ပိုင်အလှတရား ရှိသေးသည်။ လူတိုင်းက ဒီလိုအချိန်အခါမျိုးကို တွေ့ကြုံနိုင်သည့် အခွင့်အရေး ထပ်ရနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမြန်ကတော့ အလွန်မှ ကျေနပ်နေမိ၏။ သူမ၏အတန်းပိုင်ဆရာမှာ အရပ်မြင့်မြင့်၊ ချောမောသည့်လူတစ်ယောက် ဖြစ်ပြီး မျိုးနွယ်အမည်မှာ မီဖြစ်လေသည်။ သူသည် အတန်းကို အခုမှလက်လွှဲယူထားတာ ဖြစ်နိုင်သည်။ သို့သော်ငြားလဲ သူ၏စိတ်အားထက်သန်မှုနှင့် စွမ်းအားများကိုတော့ ထိန်းသိမ်းထားဆဲပင်။ သူသည် ကျောင်းသားကျောင်းသူများနှင့် ကောင်းကောင်း တည့်ရှုနိုင်သည့် ဆရာကောင်းတစ်ယောက်ဖြစ်သည်မှာ သိသာသည်။
သူသည် ရှမြန်ကို တွေ့လိုက်သည့်အချိန်တွင် ပြုံးကာပြောလိုက်၏။ "အိုး နင်က ငါ့ရဲ့အကောင်းဆုံးကံတွေနဲ့ ရထားတဲ့ ရတနာလေးတစ်ယောက်ပဲ"
ထိုအချိန်က ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်းတွင် အထူးတန်းများလည်း မရှိသလို စမ်းသပ်ဆဲကာလအတန်းများလဲ မရှိချေ။ အထက်တန်းပထမနှစ်တွင် တန်းခွဲ၈ခုရှိသည်။ သူတို့အားလုံးကို အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ ရမှတ်အလိုက် အတန်းခွဲထားခြင်းဖြစ်သည်။
ရှမြန်နှင့် နောက်ထပ်ကောင်လေးတစ်ယောက်ကသာ မနေ့က ကျောင်းပြောင်းလာသည့်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ရှမြန်သည် စိတ်ကြိုက်ဘာသာရပ်မှလွဲလျှင် ဘာသာရပ်အားလုံးနီးပါးတွင် အမှတ်ပြည့်ရခဲ့သည်။ ကျန်သည့်ကျောင်းသားတစ်ယောက်ကတော့ အောင်မှတ်ရရုံလောက်သာဖြစ်၏။ ထို့ကြောင့် တန်းခွဲ၈ခုလုံးက အတန်းပိုင်ဆရာများအားလုံးသည် ရှမြန်ကို လိုချင်ကြသည်။ နောက်ဆုံးတော့ သူတို့သည် မဲခွဲဆုံးဖြတ်ကြဖို့ လုပ်ခဲ့သည့်အကြောင်း အတန်းပိုင်ဆရာက ပြောပြလေသည်။
ရှမြန်သည် ဆရာမီက သူ့တွင်ကြီးမားသည့် ကံကောင်းမှုတစ်ခုရှိသည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။ "ဆရာမီရဲ့အတန်းကို ဝင်ခွင့်ရတာကမှ သမီးအတွက် ဂုဏ်ယူစရာလို့ ထင်ပါတယ်"
ဆရာမီက ပိုလို့ပင် ဝမ်းသာအားရဖြစ်ကာ ပြုံးပြလိုက်၏။
ပထမအတန်းချိန်မှာ ဆရာမီ၏ မနက်ခင်းအင်္ဂလိပ်စာ ကိုယ်ပိုင်လေ့လာခြင်းအတန်းဖြစ်သည်။ သူသည် ရှမြန်နှင့် အခန်းထဲသို့ လျှောက်ဝင်လာသည့်အချိန်တွင် စာသင်ခန်းသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီးနောက် အားပေးသံများပေါက်ကွဲကာ ထွက်လာကြ၏။
ရှမြန်က ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်တွင် ရင်းနှီးနေသည့်မျက်နှာများကို တွေ့လိုက်ရသည်။ ဆွန်းယွဲ့ရှင်း၊ လီလီကျန်း၊ ကုကျိုးနှင့် ထျန်းရွှယ်ယာတို့အပြင် ထိုနေ့က သူမနှင့်စကားပြောခဲ့ကြသည့် ကောင်လေး တော်တော်များများကလဲ အခန်းထဲတွင်ရှိနေသည်။ သူမက အားလုံးကို ပြုံးပြလိုက်၏။
"ဆရာကတော့ မင်းတို့အတွက် ဒီလှပတဲ့အတန်းဖော်လေးကိုရဖို့ ၁နှစ်လုံးစာ ကံကောင်းခြင်းအားလုံးကို အသုံးချခဲ့လိုက်ပြီ" ဆရာမီက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "မင်းတို့တွေ အချင်းချင်း တည့်တည့်ရှူရှူ နေရမယ်နော်"
ကျောင်းသားများအားလုံးက လက်ခုပ်တီးကာ ဂုဏ်ပြုကြပြီး ထျန်းရွှယ်ယာတစ်ယောက်တည်းကသာ ဖြူဆုပ်နေသည့်မျက်နှာဖြစ်နေကာ သူမသည် ကြီးမားသည့်မတရားမှုကို ခံစားနေရသယောင်ပင်။
အကျဉ်းချုပ် မိတ်ဆက်ပေးပြီးသည့်နောက်တွင် ဆရာမီက နောက်ဆုံးတန်းက လွတ်နေသည့် ထိုင်ခုံတစ်ခုတွင် ထိုင်ခိုင်းလိုက်သည်။ "ငါတို့ရဲ့အတန်းက အဆင့်အလိုက်နေရာကို ခွဲခြားသတ်မှတ်ပေးထားတာ။ ရှမြန် အခုလောလောဆယ်တော့ အဲဒီမှာ ထိုင်လိုက်ဦးနော်။ နောက်စာမေးပွဲ ပြီးသွားရင် နင် ထိုင်ခုံနေရာကို ပြောင်းလို့ရတယ်။ ဒီလိုဆိုရင် အဆင်ပြေတယ် မဟုတ်လား"
ရှမြန်သည် နောက်တန်းကို ကြည့်လိုက်ပြီးနောက် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို မြင်လိုက်ရသဖြင့် အလွန်မှကျေနပ်သွားလေသည်။ "ပြဿနာ မရှိပါဘူး။ ကျေးဇူးတင်ပါတယ် ဆရာမီ"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလဲ အလွန်မှ ဝမ်းသာသွားကြသည်။
"ဘုရားရေ နင် ငါတို့ရဲ့အတန်းမှာ တကယ်ကျခဲ့တာပဲ။ လောင်မီကို ကျေးဇူးတင်ရမယ်"
"ဘုရားရှင်က ငါတို့ဆုတောင်းသံကို ကြားသွားတာနေမှာပေါ့"
"ဟဲ့ ငါ နင့်ကို ပြောရဦးမယ်" ဆွန်းယွဲ့ရှင်းသည်ချက်ချင်းဆိုသလို သိထားသည့်အကြောင်းအရာများကို သူမနှင့် မျှဝေလေတော့သည်။ "ထျန်းရွှယ်ယာက ပြီးခဲ့တဲ့ဒီ၂ရက်အတွင်းမှာ အရမ်းကို ငြိမ်ကျသွားတယ်လေ။ ကောလာဟလကို ဖြန့်ခဲ့တဲ့လူက သူဆိုတာကို အားလုံးက သိသွားကြပြီ"
"ဒါပေမဲ့ နင် ဂရုတော့စိုက်ရဦးမယ်နော်" လီလီကျန်းက မသိမသာမျက်မှောင်ကြုတ်လိုက်ပြီး "ဒါက အတုအယောင်ဆိုတာကို မယုံသေးတဲ့ အရူးတချို့လဲ ရှိသေးတယ်။ အထူးသဖြင့် အဲဒီလူမိုက်တွေပေါ့။ သူတို့တွေ နင့်ကို ပြဿနာလာရှာမှာ ငါ စိုးရိမ်တယ်"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ဥပမာ ဟောက်ကျန်းရဲ့မြေးလေ"
ရှမြန်သည် ဒီအတွက်တော့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်လာခဲ့ပြီးသားဖြစ်သည်။ တစ်ခါတစ်ရံ ကောလာဟလများသည် လူများက တုံးအခြင်းကြောင့် မဟုတ်ဘဲ ထိုသတင်းကို မယုံချင်ကြခြင်းကြောင့်သာ ဖြစ်လေသည်။ သူတို့သည် ပျော်ရွှင်ဖို့ရန်နှင့် စိတ်လှုပ်ရှားမှုကို ခံစားချင်သည့်အတွက်ကြောင့် မကောင်းသည့်သတင်းကိုသာ ယုံကြည်ချင်စိတ်ရှိကြသည်။
"စိတ်မပူပါနဲ့" ရှမြန်ကပြုံးကာ ပြောလိုက်၏။ "သူတို့တွေ ရောက်မလာမှာကိုဘဲ ငါက စိုးရိမ်တာ"
"ကောလာဟလကို ဖယ်ရှားတာအပြင် သူတို့တွေကို ရှုံးနိမ့်သွားအောင်လုပ်မဲ့ နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဒါက သူတို့ရဲ့မျက်နှာကို ဖြတ်ရိုက်ဖို့ တရားဝင်လက်နက်တစ်ခုကို အသုံးချတာပေါ့"
"တကယ်လို့ သူတို့တွေက လာရဲတယ်ဆိုရင် ငါကလဲ သူတို့တွေရဲ့မျက်နှာကို ဖြတ်ရိုက်ဖို့ ရာဇဝတ်မှုဥပဒေကို အသုံးချရလိမ့်မယ်"
...