← Chapters

အပိုငိး(၁၁၃)

Vol. 8 Ch. 113

အပိုငိး(၁၁၃)

Vol. 8 Ch. 113

ကာယအတန်းချိန် ပြီးသွားသည့်နောက်တွင် ဆွန်းယွဲ့ရှင်းသည် တန်ပြန်အစီအစဉ်ကို တိုင်ပင်ဖို့ရန် ကျောက်ချန်းဆီသို့ ချက်ချင်းသွားလိုက်တော့သည်။

ရှမြန်က မေးထောက်ထားကာ ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်အတွင်း သူမ၏နတ်သမီးပုံရိပ်လေးကို ကြော့ကြော့ရှင်းရှင်း မည်သို့ထိန်းသိမ်းရမည့်အကြောင်းကို စဉ်းစားနေလေသည်။

ရလဒ်အနေဖြင့် သူတို့သည် ဟောက်ကျန်းကို မစောင့်ရသေးခင်မှာပင် အရင်ဆုံးပြဿနာရှာလာသူက ထျန်းရွှယ်ယာဖြစ်နေ၏။

နောက်ဆုံးအချိန် ကိုယ်ပိုင်စာကြည့်ချိန်ခေါင်းလောင်းက မြည်လာခဲ့သည်။ ရှမြန်၊ ဆွန်းယွဲ့ရှင်း၊ လီလီကျန်းနှင့် တခြားသူများအားလုံးက ဟောက်ကျန်းများ ရောက်လာမလားဟု စောင့်ဆိုင်းနေကြ၏။

ထျန်းရွှယ်ယာက ရုတ်တရက်ဆိုသလို သူမ၏မျက်ရည်များကိုသုတ်ကာ ဒုတိယအတန်း နောက်ဆုံးခုံဆီသို့ လျှောက်လာခဲ့ပြီး ရှမြန်ရှေ့တွင် ရပ်တန့်လိုက်လေသည်။

"ရှမြန် ငါတောင်းပန်ပါတယ်" ထျန်းရွှယ်ယာက အလွန်မှဝမ်းပန်းတနဲ့ ငိုနေပြီး "ငါ နင်နဲ့ပတ်သက်တဲ့ မကောင်းကြောင်းတွေကို မပြောခဲ့သင့်ပါဘူး။ ငါ နင့်ကို တောင်းပန်ပါတယ်"

ရှမြန်က မော့ကြည့်လိုက်ပြီး အခန်းထဲက အတန်းဖော်များကလည်း တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။

ထို့နောက်တွင် ထျန်းရွှယ်ယာက ငိုရှိုက်ကာပြောလိုက်၏။ "ငါက ပြီးခဲ့တဲ့နှစ်ဝက်အတွင်း ချိုးကျစ်အဆောက်အအုံမှာ စန္ဒရားတီးသင်တန်း တက်နေတာလေ။ နင် အနီးကပ်ကျောင်းမှာ သင်တန်းတွေ တက်နေတာကို ငါ အမြဲတမ်း မြင်ခဲ့ရတယ်။ နောက်ပိုင်းကျတော့ နင်က ဆွန်းယွဲ့ရှင်းနဲ့ တခြားသူတွေနဲ့ အပြင်ထွက်တာကိုလည်း တွေ့ရတယ်လေ။ နင်က ဟောက်ကျန်းနဲ့လည်း အရမ်းရင်းနှီးတဲ့ပုံ ဖြစ်နေတာ။ ငါ နည်းနည်းလေး နားလည်မှုလွဲသွားတာပါ"

"နောက်ပိုင်းကျတော့ ငါ နင့်ကို ဘုရားပွဲမှာ တွေ့တဲ့အချိန်တုန်းက နင်က ပြောခဲ့တယ်လေ။ နင် ကျောင်းပြောင်းလာတဲ့ကိစ္စက ရာဇဝတ်မှုတစ်ခုနဲ့ ပတ်သက်နေလို့တဲ့" ဒီအချိန်တွင် သူမက သူမရှေ့က ကုကျိုးကို အတည်ပြုရန် လှမ်းမေးလိုက်လေသည်။ "ကုကျိုးလည်း ဒီစကားကို ကြားလိုက်တယ်လေ ဟုတ်တယ်မလား"

ကုကျိုးက တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်၏။

ထျန်းရွှယ်ယာက ချက်ချင်းဆိုသလို ချိုမြိန်သည့်အပြုံးလေးတစ်ခုကို ဆောင်ထားလိုက်ကာ သူမ၏ ရွှန်းလဲ့နေသည့် မျက်လုံးများက အလင်းရောင်အောက်တွင် ဆွဲဆောင်မှုဖြစ်သွားတော့သည်။

ကုကျိုး၏အမူအရာကလည်း သိသိသာသာ ပြောင်းလဲသွား၏။

ထျန်းရွှယ်ယာသည် အားတက်သွားသလို ခံစားလိုက်ရသယောင် ရှမြန်ကို ဆက်ပြောလိုက်၏။

"နောက်တော့ နင်က ရဲစခန်းကို ရောက်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်း ဟောက်ကျန်း ပြောလိုက်တာကို ငါ ကြားလိုက်ရတယ်လေ။ ဒါနဲ့ ငါလည်း ဒီဟာကိုယုံသွားတာပါ"

ရှမြန်က သူမ၏ခေါင်းလေးကို စောင်းထားလိုက်သည်။ သူက အပြစ်တွေကို ဟောက်ကျန်းအပေါ်ပုံချဖို့ ကြိုးစားနေတာပေါ့လေ။

"ငါ တောင်းပန်ပါတယ်။ ငါမှားခဲ့တာကို သိပါပြီ" သူမက ပြောရင်း သူမ၏မျက်နှာပေါ်တွင် မျက်ရည်များက စီးကျလာကာ သနားစဖွယ်ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီးတော့ အားလုံးက ငါ့ကို ဖယ်ချန်ထားအောင် မလုပ်ပါနဲ့။ ငါ အဲဒီလိုထပ်ပြီးတော့ မလုပ်ရဲတော့ပါဘူး"

"သောက်ကျိုးနည်း" ဆွန်းယွဲ့ရှင်းက စားပွဲကို ဘုံးကနဲရိုက်လိုက်ပြီး ထရပ်လိုက်ကာ ဒေါသတကြီး ပြောလိုက်လေသည်။ "ထျန်းရွှယ်ယာ နင် ဘာပေါက်ကရတွေ ပြောနေတာလဲ။ နင်က ဘာအဓိပ္ပာယ်လဲ။ နင့်ကို ဖယ်ကြဉ်ထားရမယ်လို့ ဘယ်သူက ပြောနေလို့လဲ"

ကောင်လေးတစ်ယောက်က ချက်ချင်းပြောလိုက်လေသည်။ "ဆွန်းယွဲ့ရှင်း တော်တော့။ ထျန်းရွှယ်ယာ ငိုနေတာ နင်မတွေ့လို့လား"

ရှမြန်က လှုပ်ရှားတော့မည် ပြင်နေသည့် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းကို ဆွဲထားလိုက်ပြီး လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။ "ဟုတ်ပါတယ် ထျန်းရွှယ်ယာမှာ တခြားရည်ရွယ်ချက်တွေ မရှိပါဘူး။ အဲဒီလောက်အထိလည်း စိတ်လှုပ်ရှားမနေကြပါနဲ့"

လီလီကျန်းက ဒေါသတကြီး ပြောလိုက်သည်။ "အဲ့ဒါကရော ဘာအဓိပ္ပာယ်လဲ။ သူက ဘယ်လိုလုပ်ပြီး ကိုယ့်ဟာကိုယ် ကောလာဟလတွေကို ဖြန့်နေရတာလဲ။ နင်က သူ့ကိုအနိုင်ကျင့်နေတဲ့ပုံစံ ဘာဖြစ်လို့ပေါ်နေရတာလဲ"

"အေးပါ စိတ်လျှော့ပါဦး" ရှမြန်က သူတို့၂ယောက်စလုံးကို နှစ်သိမ့်ပေးပြီးနောက် သူမ၏ အိတ်ကပ်ထဲက လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်ကာ ထျန်းရွှယ်ယာ၏မျက်ရည်များကို သုတ်ပေးလိုက်လေသည်။

ထျန်းရွှယ်ယာမှာ ကြောက်လန့်ရမည်လား။ မလုံမလဲအပြစ်ရှိသလို ခံစားရမည်လား မသိတော့ချေ။ သူမသည် အမှတ်တမဲ့ နောက်သို့ တစ်လှမ်းဆုတ်သွားတော့သည်။

ရှမြန်ကတော့ စိတ်ထဲမထည့်ချေ။ သူမကပြုံးပြီး လက်ကိုင်ပဝါကို ထျန်းရွှယ်ယာအား လှမ်းပေးလိုက်ကာ ညင်ညင်သာသာ ပြောလိုက်လေသည်။ "မငိုပါနဲ့ တကယ်လို့ နင် ဒီလိုငိုနေတယ်ဆိုရင် ငါက နင့်ကိုအနိုင်ကျင့်နေတယ်လို့ အားလုံးက ထင်သွားဦးမယ်"

ထျန်းရွှယ်ယာက လက်ကိုင်ပဝါကို လှမ်းယူလိုက်၏။ သို့သော်ငြားလည်း သူမသည် စိတ်ထဲတွင်တော့ မသက်မသာ ခံစားနေရသေးပြီး ဆက်ပြီးငိုနေတော့သည်။ "ငါ တောင်းပန်ပါတယ်နော်။ ငါ နောက်တစ်ခါ အဲ့ဒီလို မလုပ်ရဲတော့ပါဘူး"

"သောက်ကျိုးနည်း အဲဒီစကားကို ပြောစရာလိုသေးလို့လား" ဆွန်းယွဲ့ရှင်းက ဒေါသထွက်လာတော့သည်။ သူမသည် မကြာမီ နပန်းလုံးပွဲတစ်ခုကို လုပ်မိပေတော့မည်။ ဒီကောင်မက ပြဿနာရှာဖို့ရန် အခွင့်အရေးယူချင်နေသည်ပဲ။ ဒီနေ့နေ့လယ်ခင်းက သန့်စင်ခန်းထဲတွင် ဖြစ်သွားသည့်ကိစ္စကို ပြန်စဉ်းစားမိသည်တွင် ဆွန်းယွဲ့ရှင်းသည် ထျန်းရွှယ်ယာက ဒါကို တမင်သက်သက်လုပ်တာ သေချာသည်ဟု ခန့်မှန်းမိတော့သည်။

"အို ဟယ်" ရှမြန်က ဆွန်းယွဲ့ရှင်းကို ဆွဲထားလိုက်ကာ ပြောလိုက်၏။ "ထျန်းရွှယ်ယာက မကောင်းတဲ့ရည်ရွယ်ချက်တွေ မရှိပါဘူးလို့ ပြောပြီးပြီလေဟယ်"

သူမက လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။

"ခုနတုန်းက ထျန်းရွှယ်ယာ ပြောခဲ့တဲ့စကားကို ငါ ထပ်ပြီးတော့ ပြန်ရှင်းပြမယ်နော်။ သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိပါတယ်။ ငါ့အကြောင်းနဲ့ပတ်သက်ပြီး ကောလာဟလတွေ ဖြန့်တာကလည်း သူ့မှာအခက်အခဲရှိနေလို့ နေမှာပါ"

"ပထမအချက် ငါက ပြီးခဲ့တဲ့နှစ်ဝက်အတွင်းမှာ အနီးကပ်သင်တန်းကို တက်ခဲ့တယ်။ ဒီတော့ ငါက ဆိုးသွမ်းတဲ့ကျောင်းသူတစ်ယောက်လို့ သူက ထင်တယ်"

"ဒုတိယအချက် ငါက နင်နဲ့ လီလီကျန်းတို့နဲ့ တွဲနေတယ်။ တူရာတူရာပဲ စုတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ နိယာမအရ ငါက လူကောင်းတစ်ယောက် ဖြစ်မှာ မဟုတ်ဘူးလေ"

"တတိယအချက် ငါက ချောလှနေတဲ့အတွက် ငါ့ဘေးမှာ ဟောက်ကျန်းရှိနေတာကို သူက မြင်ခဲ့တယ်။ ဒီတော့ ငါက ဟောက်ကျန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု ရှိတယ်လို့ သူက ထင်သွားတယ်"

"စတုတ္ထအချက် ငါက ရာဇဝတ်မှုတစ်ခုနဲ့ ပတ်သက်ခဲ့တယ်လို့ ငါကိုယ်တိုင် ပြောခဲ့တယ်။ သူကလည်း ဟောက်ကျန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တိုက်တိုက်ဆိုင်ဆိုင် ရှိနေတယ်။ ဒီတော့ ဟောက်ကျန်းက ငါက ရဲစခန်းမှာ ထိန်းသိမ်းခံထားခဲ့ရတယ်လို့ သူ့ကို ပြောတဲ့အခါ သူကလည်း သူ့သူငယ်ချင်းကို ယုံဖို့ ရွေးချယ်ခဲ့တာသဘာဝပဲလေ"

ရှမြန်က စကားစပြောသည့်အချိန်တွင် အားလုံးကလည်း စိတ်ဝင်တစား နားထောင်နေကြ၏။ သို့သော်ငြားလည်း သူတို့သည် နောက်ပိုင်းစကားများကို ကြားလိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို တစ်ခုခု လွဲမှားနေသည်ကို ခံစားလိုက်ရတော့သည်။

ထျန်းရွှယ်ယာက စိုးရိမ်တကြီး ပြောလိုက်၏။ "မဟုတ်ဘူး ငါက..."

"ငါ သိပါတယ်" ရှမြန်က သူ့ကို ညင်ညင်သာသာ ဖြတ်ပြောလိုက်၏။ "နင် ပြောချင်တဲ့အဓိပ္ပာယ်ကို ငါ နားလည်ပါတယ်။ နင်က ငါ့ကိုတောင်းပန်ပြီး အကြောင်းပြချက်တွေ အများကြီးလည်း ရှင်းပြခဲ့ပြီးပြီလေ။ ငါက နင် တောင်းပန်တဲ့စကားကို လက်ခံပြီးတော့ နင် ပြောချင်တဲ့အဓိပ္ပာယ်ကိုလည်း နားလည်ပါတယ်"

"အတိုချုပ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ဒီအရှေ့က အကြောင်းပြချက်တွေကြောင့် နင်ဆိုတဲ့ ထျန်းရွှယ်ယာက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပြီး နင့်ရဲ့သူငယ်ချင်းကောင်းလေးဟောက်ကျန်းကို ယုံကြည်ခဲ့တာပဲ။ ဒီတော့ နင်က အားလုံးကို ပြောခဲ့တယ်။ ငါက ရဲစခန်းမှာ အချုပ်ခံရခဲ့ဖူးတယ်လို့ပေါ့"

"ငါ ပြောချင်တာ အဲဒီအဓိပ္ပာယ် မဟုတ်ပါဘူး" ထျန်းရွှယ်ယာမှာ မနေနိုင်တော့ဘဲ ဒေါသသံ ပါလာတော့သည်။

ရှမြန်က သူမ၏ခေါင်းလေးကို စောင်းထားလိုက်ပြီး "ဒါဆိုရင် ဘာအဓိပ္ပာယ်ဖြစ်မလဲ။ ဘယ်အပိုင်းမှာ ငါ နားလည်မှု လွဲသွားတာလဲ"

ထျန်းရွှယ်ယာက ပြောလိုက်သည်။ "ငါ ဟောက်ကျန်းကိုတောင် မသိပါဘူး"

လီလီကျန်းက ပြောလိုက်သည်။ "ဒါပေမဲ့ နင်က ဟောက်ကျန်း ပြောလိုက်တဲ့စကားကိုတော့ ယုံခဲ့တယ် မဟုတ်လား"

ရှမြန်က ပြောလိုက်ပြန်သည်။ "ဟုတ်တယ်လေ။ နင်က နင်မသိတဲ့သူတစ်ယောက်ရဲ့စကားကို ဘယ်လိုလုပ်ပြီးတော့ ယုံကြည်နိုင်ရတာလဲ" ဒီအခြေအနေတွင် သူမက အားတက်သရော ပြောလိုက်သေးသည်။

"ဒါပေမဲ့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ရွှယ်ယာ နင်လည်း ဟောက်ကျန်းနဲ့ ခပ်ကင်းကင်း နေသင့်တယ်နော်။ အဲဒီလူက သူ့အကျင့်စရိုက်မှာ ပြဿနာတစ်ခုရှိနေတာ။ ယုံကြည်ဖို့ ထိုက်တန်တဲ့သူ မဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ်လေ ငါလည်း သူ့လမ်းပိတ်ထားတာ ခဏခဏ ခံခဲ့ရဖူးတယ်။ သူကဒီအတိုင်း ရွံစရာကောင်းတဲ့ လူမိုက်တစ်ယောက်ပဲ" ရှမြန်က စိတ်ရင်းအတိုင်း အကြံပြုလိုက်ပြန်သည်။ "သူ ပြောသမျှ စကားလုံးတိုင်းကို မယုံနဲ့နော်"

ထျန်းရွှယ်ယာသည် ပိတ်ဆို့ထားခံရသဖြင့် စကားပင် မပြောနိုင်တော့ချေ။

သူမပတ်ဝန်းကျင်က လူများ၏ စနောက်ကျီစယ်ပြီး အဓိပ္ပာယ်ပါပါအကြည့်ကို တွေ့လိုက်ရသည်တွင် သူမ၏စိတ်မှာ ဗလာအတိဖြစ်သွားပြီး ဟောက်ကျန်း၏ပါးစပ်ထဲက ဒီစကားများကို သူမ ဘယ်လို ကြားခဲ့ကြောင်းကိုပင် နားမလည်နိုင်တော့ချေ။

ရှမြန်က ဆက်ပြောလိုက်၏။ "နင့်ကို တစ်ယောက်တည်း ဖယ်ချန်ထားတဲ့ကိစ္စကတော့ ငါ တကယ် မလုပ်ခဲ့ပါဘူး"

"ငါ့အထင်တော့ နင့်မှာ ထင်ချင်ရာထင်တဲ့ ဆင်ခြင်ဉာဏ်လေးတစ်ခု ရှိနေပြီးတော့ လူတွေက နင့်ကို ချဉ်းကပ်ရမှာ ကြောက်နေတယ်လို့ အကဲခတ်မိတာ ဖြစ်မှာပေါ့"

ရှမြန်က ပြောလိုက်၏။

"ဥပမာ ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်က စာညံ့တဲ့ ကျောင်းသားတစ်ယောက်လည်း ဖြစ်တယ်။ ဆွန်းယွဲ့ရှင်းတို့လို လူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိပြီး ဟောက်ကျန်းရဲ့ တဝဲလည်လည် လုပ်ခံရတယ်လို့ သတင်းထွက်သွားတယ်ဆိုပါစို့။ ဒါပေမဲ့ ဟောက်ကျန်းနဲ့ စကားပြောတဲ့လူတွေက အနည်းဆုံးတော့ ကျောင်းသားအယောက်၂၀၀လောက် သေချာပေါက် ရှိမှာလေ။ ရွှယ်ယာ နင်လည်း သူ လိုက်တာခံရဖူးမှာပဲလေ။ အဲဒီလို့မှမဟုတ်ဘူးဆိုရင် နင့်လို ကျောင်းသူကောင်းတစ်ယောက်က ဟောက်ကျန်းလို လူမိုက်တစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ"

"တကယ်လို့ ငါတို့တွေသာ နင့်ရဲ့အတွေးအခေါ် ယူဆချက်နောက် လိုက်မယ်ဆိုရင် ရွှယ်ယာ ဒါဆိုရင်တော့ ငါတို့တွေအားလုံးက ဒီညစ်ပတ်စုတ်ပဲ့တဲ့ လူ့အသိုင်းအဝိုင်းထဲ ရောက်နေပြီ မဟုတ်လား။ ငါတို့ ယန်တက္ကသိုလ်တွဲဖက် အထက်တန်းကျောင်းကလည်း အဓိကအထက်တန်းကျောင်းတစ်ခု မဟုတ်တော့ဘဲနဲ့ ရာဇဝတ်သားတွေကို လေ့ကျင့်ပေးတဲ့ ဌာနတစ်ခုဖြစ်နေပြီမဟုတ်လား"

ကျောင်းသားများသည် ရှမြန်၏ တင်စားပြောဆိုလိုက်သည့်စကားကြောင့် မှင်တက်အံ့သြသွားကြပြီး အနောက်တန်းက စာညံ့ကြသည့် ကျောင်းသားများမှာ မနေနိုင်တော့ဘဲ လက်ခုပ်တီးကြတော့သည်။

"ဟားဟားဟား မဟုတ်လို့လား။ စာညံ့တဲ့ကျောင်းသားတစ်ယောက်က ရာဇဝတ်သားတစ်ယောက် ဖြစ်နေတဲ့ အဓိပ္ပာယ်ပဲမဟုတ်လား"

"ငါ... ငါအဲဒီအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး" ထျန်းရွှယ်ယာ၏အသံသည် မနေနိုင်တော့ဘဲ စူးရှသွားတော့၏။ "ငါဒီကိစ္စကို အဲ့ဒီလို တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး"

"အင်းပါ နင် ဒီလို သေချာပေါက် မရည်ရွယ်ဘူးဆိုတာ ငါ သိပါတယ်" ရှမြန်၏အသံသည် ပိုလို့ပင်နူးညံ့လာတော့သည်။ "နင်က ဒီအတိုင်း သာမန်အတွေးခေါ်တစ်ခုကို ကောက်ချက်ချခဲ့တာလေ။ ဒါပေမဲ့ နင့်ရဲ့အတန်းဖော်တွေကတော့ နင် နားလည်မှုလွဲသွားမှာ စိုးရိမ်တာပေါ့"

"အခု နင်လုပ်ခဲ့သလိုပဲလေ။ နင်က ဒါကို ဘယ်လိုယူဆခဲ့တယ်တော့ ငါ မသိဘူးပေါ့။ ဒါပေမဲ့ ငါက နင့်ကို ဖယ်ချန်ထားခဲ့တဲ့ မကောင်းတဲ့လူတစ်ယောက် တစ်နည်းနည်းနဲ့ ဖြစ်သွားခဲ့တယ်လေ" သူမက မသိမသာ ဝမ်းနည်းသွားသည့် လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။ "ငါလည်းပဲ စိတ်မကောင်းဖြစ်ရပါတယ်"

"ဟုတ်တယ်" ဆွန်းယွဲ့ရှင်းနှင့် ခုနကအခြေအတင်လုပ်ခဲ့သည့် ကောင်ကလေးကလည်း ချက်ချင်း ပြောလိုက်လေသည်။ "ထျန်းရွှယ်ယာ ရှမြန်က နင့်ကို ဖယ်ချန်ထားတာ မဟုတ်ပါဘူး။ နင်က အရမ်းကို ထင်ချင်ရာထင်လိုက်တော့တာပဲ"

နောက်ဆုံး ဒီလိုခေါင်းမာလှသည့်ငတုံးလေးများက လူနည်းစုသာဖြစ်လေသည်။

ရှမြန်၏ ခွဲခြမ်းစိတ်ဖြာပြပြီးသွားသည့်နောက်တွင် လူအများစုက ထျန်းရွှယ်ယာ၏ အမည်ခံ တောင်းပန်မှုမှာ မကောင်းသည့်ရည်ရွယ်ချက်ရှိမှန်း သဘောပေါက်သွားတော့သည်။ သို့မဟုတ်လျှင် အကြောင်းရင်းမရှိဘဲ ရှမြန်က သူမကို အပြစ်ပြောလိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း သူမကတော့ ဒီလိုငိုယိုပြနေပြီးခွင့်လွှတ်မှုကို တောင်းခံလေသည်တဲ့။

တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်၏။

"ထျန်းရွှယ်ယာ ရှမြန်က သူ ကျောင်းပြောင်းလာကတည်းက နင်နဲ့ပတ်သက်ပြီး မကောင်းတဲ့စကားတစ်ခွန်းမှ မပြောခဲ့ဖူးဘူးနော်။ နင်ကြားခဲ့ဖူးလို့လား"

အားလုံးကလည်း ခေါင်းခါပြလိုက်သည်။

ထျန်းရွှယ်ယာသည် သူမပတ်ဝန်းကျင်ကလူများအားလုံး၏ အပြစ်တင်သည့်အကြည့်ကိုခံစားလိုက်ရပြီး အလွန်မှရှက်ရွံ့သည့်အတွက် လေးဘက်ထောက်ပြီး ပုန်းခိုဖို့ရန် တွင်းလေးတစ်ခုပင် ရှာချင်စိတ် ဖြစ်သွားတော့သည်။

ရှမြန်ကတော့ အလွန်မှစဉ်းစားတွေးတောပေးတတ်ဟန်ဖြင့် ပြောလိုက်၏။

"ငါ နင် တောင်းပန်တာကို လက်ခံပါတယ်။ ငါ နင့်ကို ဘယ်တုန်းကမှ အပြစ်မပြောခဲ့ပါဘူး။ နင့်ဟာနင်လည်း အပြစ်မမြင်ပါနဲ့။ ငါ ရောက်လာတာက နင့်ဆီကိုရောက်နေတဲ့ အာရုံစိုက်မှုတချို့ကို ပြောင်းလဲသွားစေတယ်ဆိုတာ သိပါတယ်။ ဒါကြောင့်မလို့ နင်လည်း လျစ်လျူရှုခံထားရတော့ နည်းနည်းလေး မသက်မသာ ခံစားရတာပေါ့"

"ဒါပေမဲ့ အားလုံးက ဒီနေရာမှာ ရှိနေတယ်ဆိုတာကလည်း သူတို့တွေအတွက် ငါက အသစ်အဆန်း ဖြစ်နေလို့ပါ။ နင်က အရမ်းကို ထူးချွန်တဲ့သူပဲလေ။ အားလုံးက မကြာခင် နင့်ဆီပြန်ရောက်လာကြမှာပါ"

ရှမြန်က စကားပြောရင်းမှ စဉ်းစားလိုက်လေသည်။ လူအများကြီးက ကြာပန်းဖြူ ဖြစ်ချင်ကြတာလည်း မဆန်းတော့ဘူးလေ။ ဒီခံစားချက်က တော်တော်ကောင်းတာပဲ။ ငါ့ကိုတောင် မရပ်ချင်လောက်အောင် ဖြစ်နေစေတယ်။ သူမက သူမ၏အခန်းဖော်များကို ပြောလိုက်၏။ "နောက်ဆိုရင် ငါနဲ့စကား အများကြီး လာမပြောကြနဲ့နော်။ အတန်းဖော်ထျန်းရွှယ်ယာကိုလည်း အာရုံပိုစိုက်ပေးလိုက်ကြပါ"

ရုတ်တရက်ဆိုသလို လှောင်ပြောင်အော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။

ထျန်းရွှယ်ယာမှာ အပြစ်ကို ဖယ်ရှားနိုင်မည့်အစား အခြေအနေက ပိုလို့ပင် ဆိုးရွားလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဒီအခိုက်အတန့်တွင် သူမသည် လက်သီးကိုတင်းနေအောင် ဆုပ်ထားလိုက်ပြီး အမှန်အကန် ငိုလေတော့သည်။

"မဟုတ်ပါဘူး။ အဲဒီလို လုံးဝမဟုတ်ပါဘူး။ ငါ အဲဒီသဘောမျိုးနဲ့ ပြောတာလုံးဝမဟုတ်ပါဘူး" သူမသည် တံခါးဖက်သို့ မကြာခဏလှည့်ကြည့်ရင်း ပြောနေလေရာ တစ်ခုခုကို မျှော်လင့်နေသည်မှာ သိသာလေသည်။

ရှမြန်၏ မျက်လုံးထဲတွင် အေးစက်စက်ခံစားချက်တစ်ခု ဖြစ်လာခဲ့၏။ ဒါက ဟောက်ကျန်းရဲ့အစီအစဉ်ကို သိသွားပြီးတဲ့နောက်မှာ ဒီကလေးမလေးက သေသေချာချာ တွက်ချက်ထားတဲ့ ကိစ္စတစ်ခုပဲ။

ဒီအချိန်တွင် ရှမြန်သာ ဖြတ်ထိုးဉာဏ်မကောင်းခဲ့လျှင် သူမသည် ကျင့်ဝတ်ဆိုင်ရာ အမည်ဖျက်မခံရဘဲ သူမကို ရေဆိုးပက်နေသည့် ဟောက်ကျန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် မတွေ့ဆုံခဲ့ရလျှင် ထျန်းရွှယ်ယာသည် လှပသည့် comebackတစ်ခုကို ပြုလုပ်နိုင်ပေလိမ့်မည်။

သို့သော်ငြားလည်း သူမသည် သူမ၏ကိုယ်တိုင်အတွက် ဖြေရှင်းချင်သည်ဖြစ်ဖြစ် ရှမြန်၏ ကံမကောင်းခြင်းကို အသုံးချဖို့ရန် စဉ်းစားထားခြင်းဖြစ်ဖြစ် သူမသည် ရှမြန်အနာဂတ်တွင် ရင်ဆိုင်ရမည့် အကြောင်းကိစ္စများကို လုံးဝထည့်သွင်းစဉ်းစားထားသည့်ဟန် မတူချေ။ သူမသည် အင်မတန်မှ အတ္တကြီးသည့်အပြင် ရက်စက်သည့် စိတ်သဘောထားတစ်ခုလည်း ပိုင်ဆိုင်ထားသေးသည်။

ထျန်းရွှယ်ယာ၏ ချိန်သားကိုက်မှုက အမှန်ပင် ကောင်းလေ၏။ သူမက ကိုယ့်ဟာကိုယ် မည်သို့ခုခံရမည်မသိ ဖြစ်နေချိန်မှာပင် အခန်း၃၏အနောက် ဘက်တံခါးက တွန်းဖွင့်ခံလိုက်ရလေသည်။

"ဟေး မိန်းကလေးရှ မတွေ့တာကြာပြီနော်။ မင်း ငါ့ကို လွမ်းနေ‌သေးလား" ဟောက်ကျန်းသည် ခန့်ခန့်ညားညား ပုံရိပ်တစ်ခုဖြင့် လျှောက်ကာဝင်လာ၏။

သူ့နောက်တွင်တော့ အသက်၂၀ဝန်းကျင် လူငယ်၂ယောက် ပါလာခဲ့သည်။ သူတို့သည် တွဲဖက်အထက်တန်းကျောင်း၏ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော်ငြားလည်း သူတို့၏မျက်လုံးနှင့် ကိုယ်နေဟန်ထားများက ကျောင်းနယ်မြေနှင့် လုံးဝမကိုက်ညီနေလေချေ။

သူတို့သည် လူ့အဖွဲ့အစည်းထဲက လူမိုက်များဖြစ်ပေမည်။

ထျန်းရွှယ်ယာ၏ မျက်လုံးများသည် လင်းလက်သွားပြီး သူမက ကြောက်ကြောက်လန့်လန်ဖြင့် သူမ၏နေရာသို့ မြန်မြန်ပြန်ဆုတ်သွားလိုက်၏။

ရှမြန်က သူမကိုလှည့်ကြည့်လိုက်ပြီးနောက်မှ မျက်နှာသေဖြင့် ဟောက်ကျန်းဘက်ကို ကြည့်လိုက်သည်။

"မင်းက ရှမြန်လား" ဒီသြရှရှ အသံပိုင်ရှင်လူမိုက်က ၀ဖိုင့်ဖိုင့်ခန္ဓာကိုယ်တစ်ခုရှိပြီး သူ၏ မျက်လုံးများထဲတွင် ဟောက်ကျန်းကဲ့သို့တူညီသည့် ဆိုးညစ်သည့် အကြည့်တစ်ခု ရှိနေလေသည်။

ဟုတ်ပါသည်။ ကျန်သည့် အသားမည်းမည်း ပိန်ပိန်ပါးပါးယောက်ျားကလည်း ထိုနည်းတူပင်။ သူသည် ရှမြန်၏ရုပ်သွင်ကို မြင်လိုက်ရသည့်အချိန်တွင် သူ့မျက်လုံးများက တောက်ပသွား၏။ "သူက တကယ်လှတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ကျောင်းသူတစ်ယောက်အပေါ် မြင်ရတဲ့ခံစားချက်က တော်တော်ကွာခြားတာပဲ"

သူသည် ပြောရင်းဆိုရင်း ရှမြန်ဆီသို့ လျှောက်လာခဲ့၏။

အခန်းထဲက ကျောင်းသားများသည် ထိုအခိုက်အတန့်တွင် ဒီအခြေအနေကြောင့် ဇဝေဇဝါ ဖြစ်သွားကြ၏။ သို့သော်ငြားလည်း သူတို့အားလုံးက ဒီလူမိုက်များနှင့် အကွာအဝေးတစ်ခု ခြားထားလိုက်လေသည်။

ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က ထရပ်လိုက်ပြီး သူတို့ဘေးက လူများကို ပြောလိုက်၏။

"နောက်ဆုတ်ကြ အနာတရ မဖြစ်အောင် သတိထားကြနော်"

ဟောက်ကျန်းက သဘောကျသွားကာ ပြောလိုက်လေသည်။ "ဆွန်းယွဲ့ရှင်း နင်က ရန်ဖြစ်ဖို့ ပြင်ဆင်နေတာလား"

"ဟုတ်တယ်" ကျောက်ချန်းသည် အရပ်မြင့်မြင့်သန်မာသည့် ယောက်ျားလေး၇ယောက်၊ ၈ယောက်နှင့်အတူ တံခါးမှဝင်လာပြီး ရှေ့ကကောင်လေးများကို ပြောလိုက်လေသည်။ "အရှေ့ဘက် တံခါးကို ပိတ်ထားကြ။ သူတို့တွေကို ထွက်မပြေးစေနဲ့"

ထို့နောက်တွင်တော့ သူက ဟောက်ကျန်းကို သရော်ကာပြောလိုက်၏။ "ဒီနေ့ မင်းဒီတံခါးကနေ ထွက်သွားလို့ မရတော့ဘူးဆိုတာကို ငါ ကျောက်ချန်း မင်းကို ယုံအောင်လုပ်ပေးရမယ်"

…

All Chapters