အပိုင်း(၁၁၅)
Vol. 8 Ch. 115
သူမက ရာဇဝတ်မှုဥပဒေကို ဖွင့်လိုက်ပြီး စတင်ဖတ်ပြလေသည်။
"ရာဇဝတ်မှုဥပဒေရဲ့အပိုဒ်ခွဲ၂၄၆က ပြဌာန်းထားသည့် တစ်ဖက်လူ၏ ကိုယ်ကျင့်သိက္ခာကို အသရေဖျက်ဖို့ရန်နှင့် သူတို့၏ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ရန် လုံလောက်သည့် အဖြစ်မှန်မဟုတ်သည့် အချက်အလက်များကို ဖြန့်ဝေခြင်း၊ တမင်တကာဖန်တီးခြင်းနှင့် အခြေအနေက ပြင်းထန်ခဲ့လျှင် အသရေဖျက်ခြင်းပြစ်မှု မြောက်သည်"
"အသရေဖျက်ခြင်း၏ ရည်ရွယ်ချက်သည် တစ်ဖက်လူ၏ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်သတင်းကို စော်ကားသည်နှင့် အတူတူပင်ဖြစ်သည်။ ပြစ်မှု၏ရည်ရွယ်ချက်မှာ သာမန်လူတစ်ယောက်ဖြစ်သည်။ လုပ်ကြံပြောဆိုခြင်းအမှုသည် အချက်အလက်များသာဖြစ်ပြီး တစ်ဖက်လူကို အသရေပျက်စေသည့်အကြောင်းအရာသည် လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သည်"
ရှမြန်က သူမ၏ခေါင်းကိုမော့ကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။
"ငါဒီအချက်ကို သေချာရှင်းလင်းခဲ့တယ်လို့ ထင်ပါတယ်။ အားလုံးက ဒါကို သိမှာပါ။ ဒါပေမဲ့ ငါက ရှင်းလင်းအောင် ထပ်ပြီးတော့ ကြေငြာရလိမ့်မယ်။ ငါ ရဲစခန်းကို ရောက်ခဲ့ဖူးတယ်ဆိုတဲ့ကိစ္စက လုံးဝကို လုပ်ကြံပြောဆိုထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စက ငါ့ရဲ့ကိုယ်ကျင့်သိက္ခာနဲ့နာမည်ကို ပြင်းပြင်းထန်ထန် ပျက်စီးစေခဲ့တယ်"
ကျောင်းသူကျောင်းသားများ၏မျက်လုံးများအားလုံးသည် ဝမ်းနည်းနေဟန်တူသည့် ထျန်းရွှယ်ယာဆီသို့ ကျရောက်သွားသည်။
ရှမြန်ကတော့ ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာစာကို ဖတ်ပြလိုက်လေသည်။
"လုပ်ကြံထားသည့်အချက်အလက်များကို ဖြန့်ဝေသည့် လုပ်ရပ်၊ ထိုသို့သောဖြန့်ဝေခြင်းမျိုးသည် လူအဖွဲ့အစည်းထဲတွင် လူသိရှင်ကြားဖြန့်ဝေခြင်းမျိုးကို ဆိုလိုသည်။ သတင်းဖြန့်ဝေခြင်းတွင် အခြေခံအားဖြင့် နည်းလမ်း၂မျိုးပါရှိ၏။ တစ်ခုမှာ နှုတ်အားဖြင့် သတင်းဖြန့်ဝေခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ စာအရေးအသားဖြင့် ဖြန့်ဝေခြင်းဖြစ်သည်။ ဥပမာ စာလုံးကြီးများရေးသားထားသည့် ပိုစတာများမှတစ်ဆင့်ဖြန့်ဝေခြင်း၊ စာလုံးသေးများဖြင့်ရေးထားသည့် ပို့စတာများ၊ ဓာတ်ပုံများ၊ သတင်းစာများ၊ စာအုပ်နှင့် စာများစသည်တို့မှတစ်ဆင့် ဖြန့်ဝေခြင်းကို ဆိုလိုသည်"
ရှမြန်က ပတ်ဝန်းကျင်ကို ကြည့်ကာ နောက်ဆုံးတော့ သူမ၏မျက်လုံးများက ထျန်းရွှယ်ယာ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြန်သည်။
"နင် ကြားလိုက်လား။ အသရေဖျက်ခြင်းအတွက် သက်သေထဲမှာ နှုတ်အားဖြင့်ဖြန့်ဝေခြင်းပါတယ်"
"ဒါက ရဲအရာရှိတွေအတွက်တော့ အရမ်းကြီးခက်ခဲမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"
ထျန်းရွှယ်ယာ၏ ဝမ်းနည်းနေသည့်မျက်နှာမှာ တောင့်တင်းလာတော့သည်။
"အသရေဖျက်ခြင်းဆိုင်ရာမှာ တိကျတဲ့လူတစ်ဦးတစ်ယောက်ကို တိုက်ရိုက်ညွှန်းဆိုထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဒါက လူတစ်ယောက်ရဲ့နာမည်ကို ထုတ်ပြောစရာမလိုဘူး။ အသရေဖျက်ခြင်းထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေက နစ်နာသူက ဘယ်သူလဲဆိုတာကို သိနေတာနဲ့အမျှ ဒါကို အသရေဖျက်ခြင်းထဲမှာ ထည့်သွင်းစဉ်းစားနိုင်တယ်"
ရှမြန်က စာကိုဖတ်ပြီးသွားသည့်နောက်တွင် သူမ၏ခေါင်းလေးကို စောင်းလိုက်ကာ ပြောလိုက်လေသည်။ "တွေ့လား ဥပဒေက အရမ်းတင်းကြပ်တာနော်။ ဒါက တချို့လူတွေရဲ့ ကတ်သီးကတ်ဖဲ့ အငြင်းပွားတာကို တားမြစ်ထားတာပဲ။ နောက်ဆုံး လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ လူမိုက်တွေကတောင် ဒီကောလာဟလကြောင့် ငါ့ဆီကို ရောက်လာခဲ့တယ်လေ"
"ဒါက ရာဇဝတ်မှုဥပဒေထဲမှာပါတဲ့ ပြစ်မှုဖြစ်တဲ့အတွက် ပြစ်ဒဏ်တစ်ခုကတော့ ရှိမှာသဘာဝပဲလေ။ ကောလာဟလကို လွှင့်တဲ့လူက ဘယ်လိုပြစ်ဒဏ်မျိုး လက်ခံရရှိမလဲဆိုတာကို ငါ နင်တို့ကို ပြောပြမယ်"
ရှမြန်က စာမျက်နှာတစ်ရွက်ကို လှမ်းလိုက်သည်။
"ပြင်းထန်သည့်အခြေအနေများတွင် တခြားသူကို အမည်ဖျက်ဖို့ရန် လုပ်ကြံပြောဆိုသည့် အချက်အလက်လုပ်ရပ်သည် ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်... အဆိုပါ ပြင်းထန်လှသည့် အခြေအနေများတွင်... တစ်ဖက်လူ၏ ကိုယ်ကျင့်သိက္ခာနဲ့ဂုဏ်သတင်းကိုပြင်းပြင်းထန်ထန် ထိခိုက်စေသည့် လုပ်ကြံပြောဆိုခြင်းများ၊ ဆန့်ကျင်ဘက်ဆိုးကျိုးများကို ဖြစ်စေရန် တစ်ဖက်လူကို အမည်ဖျက်ရန် လုပ်ကြံပြောဆိုသည့်ကိစ္စများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေရန် တစ်ဖက်လူကို အမည်ဖျက်ခြင်း သို့မဟုတ် နစ်နာသူကို ကိုယ့်ဟာကိုယ်သေကြောင်းကြံမှုပြုရန် ဖြစ်ပွားစေခြင်း စသဖြင့်ပါဝင်သည်"
ရှမြန်က သူမ၏ခေါင်းကို မော့လိုက်ပြီး "ငါ့ရဲ့ကိုယ်ကျင့်သိက္ခာနဲ့ နာမည်ဂုဏ်သတင်းက ဖျက်ဆီးခံလိုက်ရတယ်။ အရူး မဟုတ်တဲ့သူတိုင်းက ဒါကို မြင်နိုင်ပါတယ်။ ဟုတ်တယ်မလား"
"ငါက သိက္ခာရှိတဲ့ ကျောင်းသူတစ်ယောက်ပါ။ ဒါပေမဲ့လည်း အကြောင်းရင်းမရှိဘဲနဲ့ ရာဇဝတ်သားတစ်ယောက်လို့ ခေါ်ခံခဲ့ရတယ်"
"ဆန့်ကျင်ဘက်ဆိုးကျိုးအနေနဲ့..." ရှမြန်သည်ကြမ်းပြင်ပေါ်တွင် ထိန်းချုပ်ခံထားရသည့် လူ၃ယောက်ကို လက်ညှိုးထိုးပြလိုက်ကာ "ငါ နင်တို့ကို မေးပါဦးမယ်။ ဒီနေ့ဒီလိုကိစ္စမျိုးကို ကြုံတွေ့ခဲ့ရတဲ့သူက ငါ မဟုတ်ဘဲ နင်တို့ဖြစ်နေတယ်ဆိုရင် နင်တို့တွေ ဘာလုပ်ကြမှာလဲ"
"နင်တို့တွေက ဘာမှန်းမသိတဲ့ အကြောင်းပြချက်အတွက် ကောလာဟလတစ်ခုကို ဒီအတိုင်း သာမန်ကာလျှံကာ သတင်းဖြန့်ခဲ့တဲ့အတွက် ငါကတော့ လိင်ကို ရောင်းစားပါတယ်ဆိုတဲ့ သမိုင်းတစ်ခုမှာ အယုံကြည်ခံဖြစ်လာပြီး လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ အတင်းအကြပ် ခိုင်းစေခံခဲ့ရတယ်"
"တကယ်လို့ ငါသာ ဆွန်းယွဲ့ရှင်းနဲ့ လီလီကျန်းတို့ကိုမတွေ့ခဲ့ရင်၊ တကယ်လို့ ငါ့ကို ကျောက်ချန်းနဲ့ တခြားသူတွေက မကာကွယ်ပေးခဲ့ဘူးဆိုရင် ငါ ဒီလူယုတ်မာတွေရဲ့ ခေါ်သွားတာခံခဲ့ရပြီးလောက်ပြီ...ဒါဆိုရင် ဘာတွေဖြစ်လာမှာတဲ့လဲ"
ရှမြန်သည် အားလုံး၏မျက်လုံးများကို သေသေချာချာ အကဲခတ်လိုက်ပြီး နောက်ဆုံးတော့ ထျန်းရွှယ်ယာဆီသို့ ရောက်သွားကာ တင်းမာစွာဖြင့် မေးလိုက်၏။ "ရူးသွပ်မှုနဲ့ ကိုယ့်ဟာကိုယ်သေကြောင်းကြံမှုကပဲ ငါရဲ့နောက်ဆုံးရလဒ် ဖြစ်လာရမှာလား"
"နင်က ဒီလိုတာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို လုပ်နိုင်လို့လား"
ထျန်းရွှယ်ယာက မနေနိုင်တော့ဘဲ အော်ဟစ်တော့သည်။ "ငါ မဟုတ်ဘူး။ အဲဒီစကားပြောတာ ငါ မဟုတ်ဘူးလို့ ပြောပြီးပြီပဲ။ အဲဒီစကားကို ပြောခဲ့တာ ဟောက်ကျန်းပါ။ အဲဒီစကားကို သူပြောခဲ့တာ"
ဆွန်းယွဲ့ရှင်းက ဒေါသတကြီး ပြောလိုက်လေသည်။ "နင်က အားလုံးကို အရူးလို့မြင်နေတာပဲ။ နင်သာ ရှမြန်ကို မနာလိုမဖြစ်ဘူးဆိုရင် ဒီနေ့လိုကိစ္စမျိုး ဖြစ်လာမှာမဟုတ်ဘူး"
အစပိုင်းတွင်တော့ ကျောင်းသူကျောင်းသားများက ထိုကိစ္စကို အများကြီး မစဉ်းစားခဲ့ကြချေ။ နောက်ဆုံး သူတို့အားလုံးသည် ငယ်ရွယ်သေးသည်ဖြစ်ရာ အခြေအနေက ထိုမျှလောက်ရှုပ်ထွေးနေလိမ့်မည်ဟု မသိခဲ့ကြချေ။
သို့သော်ငြားလည်း ယခုတော့ ရှမြန်၏ဥပမာက သူတို့၏ရှေ့တွင်ရောက်ရှိလို့လာပြီး ကောလာဟလ မတိုင်ခင် သူမအကြောင်းနှင့်ပတ်သက်ပြီး သူတို့၏ဆိုးညစ်သည့်ထင်ကြေးများကို ရှင်းလင်းအောင်မြင်တွေ့ခဲ့ရလေသည်။ "အားလုံးက သူ့ကိုအထင်လွဲတဲ့အတွက် ဘယ်သူကမှ သူ့ကို မကူညီပေးခဲ့ကြဘဲ အဲဒီလူမိုက်၃ယောက်ရဲ့ ခေါ်သွားခံရမယ်လို့ စဉ်းစားကြည့်လိုက်ကြစမ်း..."
အားလုံးသည် အနည်းငယ် ကြောက်လန့်တကြား ဖြစ်သွား၏။ သူတို့သည် ထျန်းရွှယ်ယာက ဒီနေ့တွင် သူမ၏အပြစ်ကင်းစင်မှုကို သက်သေပြဖို့ရန်အလို့ငှာ မီးထဲကို လောင်စာ ထပ်ထည့်နေခဲ့သည့်အကြောင်းကို စဉ်းစားမိသည့်အချိန်တွင် သူတို့သည် ရုတ်တရက်ဆိုသလို သူမကို ရွံရှာသွားကြတော့သည်။
ထျန်းရွှယ်ယာက ဒါကို အလိုလိုခံစားမိနေပြီး ငိုယိုကာထရပ်လိုက်ပြီး ရှမြန်ကိုပြောလေသည်။ "နင် မဟုတ်တာတွေ လျှောက်ပြောနေတာ။ ငါ အဲဒီလို မပြောခဲ့ပါဘူး။ ငါ လုံးဝမဟုတ်ဘူး"
သူမ မဟုတ်ပါဟု အလေးပေးပြောဆိုနေသည်က သူမ,ပါဟု ပြောနေသယောင်ဖြစ်နေ၏။
ရှမြန်ကလည်း လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။ "ကျောင်းသူထျန်းရွှယ်ယာ စိတ်လျှော့ပါဦး။ အဲဒါက နင်ပါလို့ ငါ တစ်ခါမှ မပြောခဲ့ပါဘူး"
"အဲဒါက ဟောက်ကျန်းဆိုတာ ငါ သိပါတယ်" ရှမြန်က စာမျက်နှာတစ်ရွက်ကိုလှန်လိုက်ပြီး တိုးတိုးလေးပြောလိုက်လေသည်။
"သူ့ရဲ့ကံတရားက ဘာဖြစ်သွားမယ်ဆိုတာကို ငါ နင်တို့ကို ပြောပြမယ်နော်။ ဟုတ်ပြီလား"
"ဪ ဒီမှာတွေ့ပြီ... ဒီရာဇဝတ်မှုကိုကျူးလွန်သည့် မည်သူမဆို ၃နှစ်ထက်မပိုတဲ့ သတ်မှတ်ထားတဲ့ ထောင်ဒဏ်ကို ကျခံရမှာဖြစ်ပြီး ပစ်မှုဆိုင်ရာထိန်းသိမ်းခံရခြင်း၊ စောင့်ကြည့်ခံရခြင်း သို့မဟုတ် နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်ခံရခြင်း အမိန့်ချမှတ်နိုင်တယ်တဲ့"
ရှမြန်က ခေါင်းကိုမော့လိုက်ကာ ထျန်းရွှယ်ယာကို ပြုံးပြလိုက်ပြီး "ငါ ရဲအရာရှိတွေကို ခေါ်ထားပြီးပါပြီ။ ဒီတော့ ဒီကိစ္စကိုလည်း သူတို့ကို စုံစမ်းခိုင်းလိုက်မယ်လေ။ နောက်ပြီးရင် သူ့ကို နောက်ထပ်၁နှစ်၊ ၂နှစ်လောက် ပိတ်ထားခိုင်းလို့ရတယ်..."
"ဒါပေမဲ့ စုံစမ်းစစ်ဆေးနေတဲ့ ကာလအတော်အတွင်းမှာတော့ ထျန်းရွှယ်ယာ နင်က ပူးပေါင်း ဆောင်ရွက်ပေးပြီး ထွက်ဆိုချက်တစ်ခုတော့ လုပ်ပေးဖို့လိုတယ်"
"ဟင့်အင်း မလုပ်..." ထျန်းရွှယ်ယာသည် လုံးဝကို ပြာယာခတ်သွားတော့သည်။
"ရဲကို မခေါ်ပါနဲ့။ ငါ ရဲစခန်းကို လိုက်သွားမှာ မဟုတ်ဘူး..."
ရှမြန်က တအံ့တဩဖြစ်သွား၏။ "နင်ကဘာလို့ အဲဒီလိုကြောက်လန့်တကြား ဖြစ်နေတာလဲ။ ငါက နင့်ကို စုံစမ်းရေးမှာ ပူးပေါင်းခိုင်းတာလေ။ မှတ်တမ်းတစ်ခုပဲ လုပ်ခိုင်းတာပါ။ ဒါက ဟောက်ကျန်း ဖြန့်လိုက်တဲ့ ကောလာဟလလို့ နင်ပဲ ပြောခဲ့တယ် မဟုတ်လား"
"စိတ်မပူပါနဲ့။ နင် ဒါကိုမလုပ်သ၍ ရဲတွေကလည်း နင့်ကို မှားယွင်းစွပ်စွဲမှာ မဟုတ်ပါဘူး။ ဟောက်ကျန်းကလည်း လိမ်လို့မရဘူးလေ။ ငါတို့တွေမှာ အခုအလိမ်ဖော်စက်တွေ ရှိသားပဲ..."
"ဟင့်အင်း ငါ မလုပ်ချင်ဘူး။ ငါ ရဲစခန်းကို သွားမှာမဟုတ်ဘူး..." ထျန်းရွှယ်ယာ၏မျက်နှာသည် ချွေးစေးများဖြင့် ရွှဲနစ်သွားတော့သည်။ သူမသည် ရုတ်တရက်ဆိုသလို ထရပ်ပြီး စာသင်ခန်းထဲမှ တစ်ဟုန်ထိုး ပြေးထွက်သွားလေတော့သည်။
အားလုံးက အံ့သြသွားကြပြီး ဖြစ်ပျက်နေသည့်အရာကို နားမလည်ကြတော့ချေ။
ရှမြန်က သက်ပြင်းချလိုက်ကာ ကုကျိုးကို ပြောလိုက်လေသည်။ "ကျောင်းသားကုကျိုး ကျေးဇူးပြုပြီးတော့ သူ့ကို သွားကြည့်ပေးလိုက်ပါဦး။ အရမ်းနောက်ကျနေပြီလေ။ သူက မိန်းကလေးတစ်ယောက်ပါ။ သူ့မှာ ဘာမှမဖြစ်စေချင်ပါဘူး"
ကုကျိုးသည် ခဏလောက် တုံ့ဆိုင်းသွားပြီး ထျန်းရွှယ်ယာနောက်သို့ လိုက်သွားဖို့ရန် သူနှင့် အတူတူထိုင်သည့် သူငယ်ချင်းကို အင်တင်တင်ဖြင့် ခေါ်လိုက်လေသည်။
ရှမြန်က နာရီကို လှမ်းကြည့်လိုက်၏။ ၅မိနစ်သာ ကုန်ဆုံးသေးသည်။ သူမသည် ဥဩဆွဲသံကိုလည်း မကြားရသေးချေ။ ထို့ကြောင့် သူမက ဆက်ပြောလိုက်၏။ "ငါတို့တွေ ဒီအကြောင်းကို ပြောနေပြီဆိုမှတော့ ကိုယ့်ဟာကိုယ်ခုခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခြေခံအသိပညာလေးတွေကို နင်တို့ကို ပေးဦးမယ်"
ရှမြန်က စာမျက်နှာကိုလှန်ကာ ပြောလိုက်လေသည်။
"ပြစ်မှုဥပဒေအပိုဒ်ခွဲ၂၀အရ... အကယ်၍ လူတစ်ဦးတစ်ယောက် သို့မဟုတ် နောက်ထပ်လူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး၊ ပိုင်ဆိုင်မှု သို့မဟုတ် တခြားအခွင့်အရေးကို ဥပဒေမဲ့ ထိပါးနှောင့်ယှက်ခြင်းမှ ကာကွယ်ပေးရမည်ဆိုလျှင် ထိုလူသည် ဥပဒေမဲ့ထိပါးနှောင့်ယှက်ခြင်းကို တားမြစ်ရန်အတွက် တုံ့ပြန်မှုလုပ်ခဲ့ရပြီး ဥပဒေမဲ့ချိုးဖောက်သူကို ထိခိုက်ဒဏ်ရာရစေခဲ့ခြင်းကို တရားဝင် ခုခံကာကွယ်ခြင်းဟု သတ်မှတ်သည်။ ထိုလူသည် ဥပဒေအရ တာဝန်ယူမှုပြုရန် မလိုပါ"
သူမက ဟောက်ကျန်း၊ ဝတုတ်တုတ်ကောင်လေးနှင့် သတိပြန်ဝင်လာသည့် ပိန်ပိန်ပါးပါးကောင်လေးကို လှမ်းကြည့်လိုက်ပြီး ရှင်းပြလိုက်လေသည်။
"ငါ ပြောချင်တာက နင်တို့တွေ ငါ့ကို ခြိမ်းခြောက်ပြီးတော့ နိုက်ကလပ်မှာ တရားမဝင်ကိစ္စတွေလုပ်ဖို့ ဖိအားပေးခဲ့တယ်။ ပြီးတော့ ငါက ခုခံတဲ့အချိန်မှာ နင်တို့ရဲ့ခေါင်းကို ရိုက်မိတယ်။ ဒါက တရားဝင် ခုခံခြင်းသဘောပဲ"
"အကျဉ်းချုပ်ပြီး ပြောရမယ်ဆိုရင် ဒါက ကောင်းမွန်တဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်သင့်တာပေါ့"
ရှမြန်က စိုးရိမ်တကြီး ဖြစ်နေသည့် ကျောက်ချန်းနှင့်တခြားသူတွေကို ပြောလိုက်၏။ "ဒီတော့ စိတ်မပူပါနဲ့။ သူတို့တွေ မသေသရွေ့ အားလုံးက အဆင်ပြေမှာပါ"
ပိန်ပိန်ပါးပါး ကောင်လေး၏ဦးနှောက်သည် မြန်မြန်ဆန်ဆန် လည်ပတ်သွားပြီး သူသည် ရုတ်တရက် သဘောပေါက်သွားတော့သည်။ "နင်... နင် ဒါကိုတမင်လုပ်တာ... နင် ငါတို့ကို စကား အများကြီးပြောအောင် တမင်လုပ်ခဲ့တာ"
တကယ်လို့ သူတို့တွေက ဒီလူကို ချက်ချင်းဆွဲထုတ်သွားမယ်ဆိုရင် ဒါက အလွန်ဆုံးအတင်းအကြပ် ဖိအားပေးခိုင်းစေခြင်းလောက်ပဲဖြစ်မှာ။ လိင်မှုကိစ္စရောင်းစားတဲ့သက်သေတွေ လုံးဝရှိလာလိမ့်မှာ မဟုတ်ဘူး။ ဟာ သွားပါပြီ။ အဲဒီငတုံးဟောက်ကျန်းက နိုက်ကလပ်နာမည်ကိုတောင် ထုတ်ပြောခဲ့သေးတယ်...
ပိန်ပိန်ပါးပါးကောင်လေးသည် ချွေးများရွှဲနစ်နေအောင် ထွက်သွားပြီး သူက အတန်းဖော်များကို အပြင်းအထန်ခြိမ်းခြောက်တော့သည်။
"တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက် သူ့အတွက် သက်သေလိုက်ရဲမယ်ဆိုရင် အစ်ကိုချောင်က မင်းတို့ကို အလွတ်ပေးလိမ့်မှာ မဟုတ်ဘူး။ နင်တို့တင် မကဘူး။ နင်တို့မိဘတွေရဲ့အလုပ်လည်း ပြုတ်သွားလိမ့်မယ်"
သူ အော်ဟစ်လိုက်ပြီးသည့်နောက်တွင် ကျောင်းသားများက အချင်းချင်း ကြည့်လိုက်ကြပြီး "ငါတို့တွေက...ငါတို့တွေက မင်းကို မကြောက်ပါဘူး" မည်သူက ထိုစကားကို ခပ်ရေးရေးလေး ပြောလိုက်မှန်းတော့ မသိချေ။
တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို ထောက်ခံလိုက်လေသည်။ "ဟုတ်တယ် ငါတို့တွေက မင်းတို့ကို မကြောက်ပါဘူး။ တကယ်လို့ မင်းတို့တွေ ငါတို့ကိုဆက်ပြီး ပြဿနာရှာမယ်ဆိုရင် ငါတို့တွေက မင်းကို ပြည်သူ့လုံခြုံရေးဗျူရိုဌာနကို ပို့ရလိမ့်မယ်"
ရှမြန်မှာ အခိုက်အတန့် မှင်တက်အံ့သြသွားတော့သည်။ အမှန်အတိုင်းပြောရလျှင် သူမသည် ဒီအတန်းဖော်များထံမှ ဒီလိုမျှော်လင့်ချက်မျိုးကို မထားခဲ့ဖူးချေ။ နောက်ဆုံး သူတို့သည် ရက်ပိုင်းလေးသာ သိကြသည့်လူများ ဖြစ်လေသည်။ သူတို့အတွက်လည်း ဘာနက်ရှိုင်းသည့်ခံစားချက်မှ မရှိခဲ့ချေ။ သူမအတွက်ကြောင့် သူတို့သည် ဒုက္ခခံပေးစရာမလိုချေ။
သို့သော်ငြားလည်း ဒီအရွယ်ကလေးများသည် အပြစ်ကင်းစင်ပြီး စိတ်ဓာတ်ပြင်းထန်သည်ကို သူမ မေ့လျော့ခဲ့ဟန်တူသည်။ သူတို့သည် အချိန်အခိုက်အတန့်တွင် အမှန်နှင့်အမှား ခွဲခြားနိုင်မည် မဟုတ်သော်ငြားလည်း သူတို့တွင် အာဏာကို မကြောက်ရွံ့သည့် သတ္တိများ ပိုင်ဆိုင်ထားလေသည်။
သူမက ပြုံးကာ အားလုံးကို ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်။ ငါ နင်တို့အခန်းထဲမှာ ရောက်လာရတဲ့အတွက် တကယ့်ကိုဂုဏ်ယူပါတယ်"
အားလုံးကလည်း စိတ်လှုပ်ရှားသွားကြရလေသည်။ "အင်း ရှမြန် စိတ်မပူနဲ့။ တကယ်လို့ နင် ငါတို့ကို လိုအပ်တယ်ဆိုရင် ငါတို့အားလုံး နင့်အတွက် သက်သေလိုက်ပေးနိုင်ပါတယ်"
"ငါ နင်တို့ရဲ့စေတနာကို ကျေးဇူးတင်ပါတယ်" ရှမြန်က ပြုံးလိုက်လေသည်။ "ဒါပေမဲ့ မလိုပါဘူး"
သူမက သူမလက်ထဲက ဝေါ်ကီတော်ကီကို ကောက်ကိုင်လိုက်ပြီး ခလုတ်နှိပ်လိုက်လေသည်။
"..."
"...တကယ်လို့ နင့်ရဲ့ကိစ္စတွေကို နေရာတိုင်းမှာ သတင်းမဖြန့်စေချင်ဘူးဆိုရင် နင် သူတို့ကို ရပ်ခိုင်းလိုက်တာ ပိုကောင်းမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နင် ယန်မြို့ထဲမှာ နေလို့မရအောင် ငါလုပ်နိုင်တယ်နော်"
...
"သောက်ကောင်မ နင်က ငါနဲ့ခွက်ချင်း တိုက်မှာကို လက်မခံဘူးဆိုရင် နင် အပြစ်ပေးခံရလိမ့်မယ်..."
"လုံချန်ရပ်ကွက်က ငါတို့ရဲ့နိုက်ကလပ်အသစ် ‘ကင်း’ ကိုသွားကြမယ်။ ပျော်စရာကောင်းပါတယ်။ နင် နောင်တမရစေရဘူးလို့ ငါ အာမခံတယ်"
...
"နင်လိမ်လိမ်မာမာနဲ့ အလိုက်သိရင် ပိုကောင်းမယ်နော်။ ဒါမှ ငါတို့တွေ နင့်ကို ကောင်းကောင်းဆက်ဆံပေးနိုင်မှာ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် မနက်ဖြန်ကျရင် တစ်ကျောင်းလုံးမှာ နင့်ကို ရောင်းစားတဲ့သတင်းကို ကြေငြာစာတွေ ကပ်ပစ်လိုက်မယ်။ နင်ဒီမှာ နေနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့..."
...
"နင် ချောင်ကျန်းယွီကို သိလား။ သူက ငါတို့ရဲ့ဘော့စ်လေ။ လုံချန်ရပ်ကွက်ထဲက ထိပ်တန်းခေါင်းဆောင်တွေကတောင် သူ့အဘိုးရဲ့စကားကို နားထောင်ရတာလေ"
"..."
သူမက ပိန်ပိန်ပါးပါးကောင်လေးကို ကြည့်ပြီး တိုးတိုးလေးပြောလိုက်လေသည်။ "အားတော့နာပါတယ်။ ငါ အားလုံးကို အသံသွင်းထားခဲ့တယ်။ ငါက ငါ့အတန်းဖော်တွေ သက်သေလိုက်ပေးဖို့ တောင်းဆိုစရာမလိုဘူးလေ"
ကျောက်ချန်းမှာ မနေနိုင်တော့ဘဲ လေချွန်လိုက်တော့သည်။ "မိုက်ချက်ပဲ"
ဆွန်းယွဲ့ရှင်းက ဝမ်းသာအားရ ရှမြန်၏ပခုံးကို လှမ်းဖက်လိုက်ကာ "ငါ့အစ်မ နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ"
ရှမြန်က သူမ၏အိတ်ကပ်ထဲသို့ ဝေါ်ကီတော်ကီကို ပြန်ထည့်လိုက်ပြီး ငေးကြောင်ကြောင် ဖြစ်နေသေးသည့် ဟောက်ကျန်းကို ပြောလိုက်လေသည်။ "ငါ ဘာဖြစ်လို့ အချုပ်ထဲ သွားခဲ့တယ်ဆိုတာ နင်တို့ သိချင်လား"
"ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်ပေးဆွဲပြီး လူကုန်ကူးတဲ့ရာဇဝတ်သားကို ကူညီပြီး ဖမ်းခဲ့ပေးလို့လေ။ ငါက အဲဒီအချိန်တုန်းက ကိုယ့်ဟာကိုယ်ခုခံတဲ့နည်းကို အသုံးချခဲ့တာပေါ့...”
အဲဒီတုန်းကလည်း ကျောက်ခဲတွေအများကြီးကို ပစ်ခဲ့သေးတယ်လေ။
"နင်တို့လို လူတွေကတော့..." ရှမြန်က ပြုံးကာ လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။ "ငါ့ရှေ့မှာ ကိုယ့်ဟာကိုယ် လာပြီး အရှက်ခွဲမနေပါနဲ့"
သူမ၏အကြည့်က အလွန်မှ အေးအေးလူလူ ဖြစ်နေသော်ငြားလည်း ဟောက်ကျန်းသည် သူ့ကျောရိုးထဲတွင် အေးစိမ့်စိမ့်ခံစားချက်တစ်ခု ဖြတ်ပြေးသွားသလို ခံစားလိုက်ရပြီး ဒီမိန်းကလေးက သူ သွားရှုပ်လို့မရသည့် တစ်စုံတစ်ယောက် ဖြစ်နေသည်ကို ရေးရေးလေး သဘောပေါက်လာတော့သည်။
ဟုတ်ပါသည်။ သူမသည် အသေးအဖွဲ့တစ်ယောက်တော့ မဟုတ်ချေ။ အကယ်၍ သူမကသာ လူကောင်းတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် သူမသည် ဆေးရုံတင်ကားကို အရင်ခေါ်ပြီး ရဲစခန်းကို အရင် ဖုန်းခေါ်လိမ့်မည် မဟုတ်ချေ။
ဥဩဆွဲသံများကို ကြားလိုက်ရသည့်အချိန်တွင် ပထမနှစ်အခန်း၃၏တံခါးသည် လူများဖြင့် ပြည့်နှက်သွားတော့သည်။ ကျောက်ချန်းနှင့် တခြားဆန့်ကျင်အာခံတတ်သည့် လူငယ်လေး၇ယောက်၊ ၈ယောက်တို့သည် အလွန်မှဂုဏ်ယူ၀င့်ကြွားသွား၏။ ရဲအရာရှိများနှင့်အတူ ရာဇဝတ်သားများကို ကူညီစောင့်ကြပ်ဖမ်းသွားပေးရသည်က အလွန်မှစိတ်လှုပ်ရှားစရာကောင်းလေသည်။
ရှမြန်၏ အသံသွင်းစက်နှင့် ကျောက်ချန်းနှင့် တခြားသူများ၏ သက်သေရှိနေသဖြင့် ဟောက်ကျန်း၊ ဝတုတ်ကောင်လေးနှင့် ပိန်ပိန်ပါးပါးကောင်လေးတို့သည် လူကောင်း မဟုတ်သည်မှာ သိသာရှင်းလင်းနေပြီး ကိစ္စကလည်း ရိုးရိုးရှင်းရှင်း ပြီးမြောက်သွားတော့သည်။
ရှမြန်ကိုတော့ မေးခွန်းတချို့ မေးမြန်းခဲ့လေသည်။
"ဘာဖြစ်လို့ အုတ်ခဲတွေရှိနေတာလဲ"
"ဒီနေ့ နေ့လယ်ခင်းတုန်းက သူတို့တွေ ကျွန်မကို လာရှာလိမ့်မယ်ဆိုတဲ့ အကြောင်းသန့်စင်ခန်းထဲမှာ ဆွေးနွေးနေတာကြားလို့ပါ။ ကျွန်မလည်း အရမ်းကြောက်သွားပြီး လိုရမယ်ရဆိုပြီး ကျောက်ခဲတစ်ခုကို သိမ်းထားခဲ့တာပါ"
"ဘာဖြစ်လို့ ဆရာမတွေကို မပြောပြခဲ့တာလဲ"
ဒါပေါ့။ ဆရာမကို ပြောရင်လည်း ပြဿနာကို အပြီးပြတ်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလေ။
"ကျွန်မ ထင်တာက သူတို့ကို ဒီအတိုင်း ခြိမ်းခြောက်ပြီး ထွက်သွားနိုင်လိမ့်မယ်လို့ ထင်ထားတာပါ။ ဒါပေမဲ့ ကောလာဟလက ကျောင်းမှာ အဲဒီလောက်အထိ ကြီးကြီးကျယ်ကျယ်ပြန့်နှံ့သွားပြီး အခြေအနေက အဲဒီလောက်ပြင်းထန်လာလိမ့်မယ်လို့ ထင်မထားခဲ့လို့ပါ..."
...
မြန်သည် ထွက်ဆိုချက်ပေးပြီးနောက် ထွက်လာသည့်အချိန်တွင် စာသင်ခန်းများစွာက အတန်းပိုင်ဆရာမများစွာကလည်း ရောက်ရှိလာကြသည်။
သူတို့အများစုမှာ အဝတ်အစားများ ဖရိုဖရဲဖြစ်နေကြပြီး အလောတကြီးထွက်လာခဲ့သည်မှာ သိသာသည်။
ရဲအရာရှိက ကျောင်းသူကျောင်းသားများကို အတန်းပိုင်ဆရာမဆီသို့ လက်လွှဲပေးလိုက်ပြီး ပြောလိုက်လေသည်။
"ဒီကလေးတွေက တော်တော်လေးကို ဉာဏ်ကောင်းကြတယ်။ သူတို့တွေက သူတို့ရဲ့အတန်းဖော်တွေကို ကာကွယ်ပေးဖို့ ကြိုးစားနေကြတာပါ။ ဒီနေ့တော့ အရမ်းနောက်ကျသွားပြီ။ ဒီတော့ ဘာမှထပ်မပြောပါနဲ့တော့။ သူတို့အားလုံးကို အိမ်ပြန်ခေါ်သွားပြီးတော့ အနားယူခိုင်းလိုက်ပါ"
အတန်းပိုင်ဆရာများသည် သူတို့ကို ခေါ်ထွက်လာပြီးသည့်နောက်တွင် ဦးညွှတ်ကာဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ကျေးဇူးတင်စကား ပြောကြလေသည်။
အတန်းပိုင်ဆရာမများက သူတို့၏ကျောင်းသားအသီးသီးကို ခေါ်သွားကြသည်။ ဆရာမီကတော့ ရှမြန်၊ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။ "ဆရာ အားလုံးကို သိပါတယ်။ နင်က မှန်ကန်တဲ့ကိစ္စကို လုပ်ခဲ့တာပဲ"
"ဒါပေမဲ့ နောက်တခါကျရင်တော့ နင်တို့တွေ ဆရာ့ကို အရင်ဆုံး ကြိုပြောစေချင်တယ်။ တကယ်လို့ နင်တို့တွေ ဒီလိုကိစ္စမျိုးကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူးဆိုရင် ဒါက အရမ်း အန္တရာယ်များသွားလိမ့်မယ်"
"နင်တို့အားလုံးက မိန်းကလေးတွေပဲ။ ညဘက်အိမ်ပြန်တာ အရမ်းအန္တရာယ်များတယ်။ ဆရာက နင်တို့မိဘကို အကြောင်းကြားပေးပြီးပြီ။ ဒီနေရာမှာပဲ ခဏလောက်စောင့်လိုက်ကြဦး"
ရှမြန်မှာ အလန့်တကြား ဖြစ်သွားတော့သည်။ ရှ၀မ်ယွဲ့သည် လက်တလောတွင် အလွန်မှ အလုပ်များနေခဲ့ပြီး တစ်နေ့လျှင်၅နာရီ၊ ၆နာရီသာအိပ်ရသည်။ သူမသည် ရှ၀မ်ယွဲ့ကိုမစိုးရိမ်စေချင်ပေ။
ထို့နောက်တွင်တော့ သူမသည် သူမ၏မိသားစု၌ ဖုန်းနံပါတ် မရှိသည်ကို ရုတ်တရက် သတိရသွား၏။ ဆက်သွယ်ရမည့်ဖုန်းနံပါတ်မှာ နဥ်ရှောင်ပိုင်၏ ဆဲလ်ဖုန်းနံပါတ်သာ ဖြစ်တော့သည်။
ထိုအချိန်အတွင်း သူမသည် တစ်ခုခုတော့ ပြင်းပြင်းထန်ထန် ဖြစ်တော့မည်ဟု စဉ်းစားမိလိုက်ပြီး နဉ်ရှောက်ယွင်ကို တောင်းဆိုလျှင်လည်း စိုးရိမ်စေမိသည်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် နဥ်ရှောက်ပိုင်ကို ခေါ်ခိုင်းသည်ကသာ မှန်ကန်ပေလိမ့်မည်။ သို့သော်ငြားလည်း သူသည် ချက်ချင်းဆိုသလို အသုံးဝင်လာလိမ့်မည်ဟု သူမမှာ ထင်မထားခဲ့မိချေ...
ဒီအကြောင်းစဉ်းစားလိုက်မိပြီး ရှမြန်မှာ မနေနိုင်တော့ဘဲ မလုံမလဲ ခံစားလိုက်ရလေသည်။
အရမ်းနောက်ကျနေပြီပဲ။ ဒေါက်တာနဥ်ကတော့ ငါ့ကိုသေအောင် ဆူတော့မှာပဲ...
...