← Chapters

အပိုင်း(၁၁၆)

Vol. 8 Ch. 116

အပိုင်း(၁၁၆)

Vol. 8 Ch. 116

ရှမြန်သည် ဆွန်းယဲ့ရှင်းနှင့် လီလီကျန်းတို့၏မိဘများက အရင်ရောက်လာမည်ဟု ထင်ထားခဲ့သည်။ နောက်ဆုံးသူတို့သည် ရဲစခန်းနှင့် ပိုပြီးနီးခြင်းကြောင့်ပင်။ မျှော်လင့်မထားဘဲ ပထမဦးဆုံး ရောက်လာသူမှာ နဥ်ရှောက်ပိုင်ဖြစ်နေ၏။

အနက်ရောင် ဆန်တာနာကားသည် ရုတ်တရက်ဆိုသလို ရဲစခန်းရှေ့တွင် ရပ်သွားပြီး နဥ်ရှောက်ပိုင်သည် ကားပေါ်မှ ဆင်းလာခဲ့၏။ အေးစိမ့်စိမ့် နွေဦးတစ်ည ဖြစ်နေသော်ငြားလည်း သူသည် ပါးလွှာသည့် အဖြူရောင်ကုတ်အင်္ကျီကိုသာ ဝတ်ဆင်ထားလေသည်။ သူသည် ဆေးရုံမှ တိုက်ရိုက် လာရောက်ခဲ့သည်မှာ သိသာနေ၏။

ရှမြန်သည် သူ၏ ကြိမ်းမောင်းတော့မည့် မျက်လုံးများကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ကြောက်လန့်တကြား နောက်ပြန်ဆုတ်မိသွားတော့၏။

သို့သော်ငြားလည်း တစ်ဖက်လူက ခြေတံရှည်များဖြင့် ခြေ၂လှမ်းလောက်လှမ်းလိုက်သည်တွင် သူမရှေ့သို့ ရောက်နှင့်နေလေသည်။ သူက သူ၏ရှည်လျားသည့်လက်ကို ဆန့်လိုက်ပြီး သူမကို ကော်လံနောက်မှနေ၍ လှမ်းဆွဲလိုက်ကာ ခေါ်လာခဲ့လိုက်သည်။ သူက သူမကို ခေါင်းအစခြေအဆုံး ဂရုတစိုက် ကြည့်လိုက်ပြီးသည့် နောက်မှ စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး မေးလိုက်၏။

"ဘာတွေဖြစ်သွားတာလဲ"

သူ၏ဆိုးရွားနေသည့် လေသံကိုကြားလိုက်ရသည်တွင် ဆရာမီက ချက်ချင်းပြောလိုက်တော့သည်။

"ဒါက ကလေးကိစ္စ မဟုတ်ပါဘူး။ သူ့ကို ပြဿနာလာရှာခဲ့တဲ့ အဲဒီလူမိုက်လေးတွေကြောင့်ပါ။ ဒါကြောင့် သူက ရဲဌာနကို ဖုန်းခေါ်ခဲ့ရတာပါ"

ထိုအခါမှ နဥ်ရှောက်ပိုင်သည် အတန်းပိုင်ဆရာကို သတိထားမိသွားပြီး မြန်မြန်ပြောလိုက်လေသည်။

"ဆရာ့ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ"

"ရပါတယ် ရပါတယ်။ ရှမြန်က ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်" ဆရာမီသည် လေးစားအားကျမှုတချို့ဖြင့် ပြောလိုက်၏။ "ဒီကလေးက တကယ်သတ္တိရှိတာပဲ"

သူ၏လက်ရှိကျောင်းသားများနှင့် စာသင်နေသည့်အတွေ့အကြုံတွင် ရဲဌာနကို ဖုန်းခေါ်ရဲသည့် ကျောင်းသူတစ်ယောက်ကို တွေ့ဆုံခဲ့ရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။

လူတိုင်းကသာ ရှမြန်ကဲ့သို့ ဖြစ်နေခဲ့လျှင် ကျောင်းတံခါးဝတွင် လူများကို ပိတ်ဆို့ပြီး ငွေညှစ်ကြသည့် လူဆိုးလူမိုက်များသည် ပျောက်ကွယ်သွားပေလိမ့်မည်။

နဥ်ရှောက်ပိုင်က ရှမြန်ကို လှမ်းကြည့်လိုက်ပြီး အတန်းပိုင်ဆရာကို ဆက်ပြီး နှုတ်ဆက်စကားပြောလိုက်၏။ "နောက်ဆိုရင် သူ့ကိုစောင့်ရှောက်ပေးဖို့ ဆရာ့ကိုပဲ ဒုက္ခပေးရပါဦးမယ်"

သူသည် မိဘတစ်ယောက်ကဲ့သို့ ပြုမူနေသဖြင့် ရှမြန်မှာ မပြုံးဘဲမနေနိုင်ခဲ့ချေ။

နဥ်ရှောက်ပိုင်က သူမကို အတန်းပိုင်ဆရာ မမြင်နိုင်သည့် ရှုထောင့်မြင်ကွင်းမှတစ်ဆင့် ဆွဲညှစ်လိုက်လေသည်။ ရှမြန်မှာ အလွန်မှ အလန့်တကြားဖြစ်သွားပြီး နောက်သို့ မြန်မြန်ဆုတ်သွားတော့၏။

တိုက်တိုက်ဆိုင်ဆိုင် ဆွန်းယဲ့ရှင်းနှင့် လီလီကျန်းတို့လို အချစ်ရူးမလေး၂ယောက်နှင့် တွေ့ဆုံတော့သည်။

"အဲဒါ နင့်အစ်ကိုလား။ အား... အရမ်းချောတာပဲ"

"နင့်အစ်ကိုမှာ ရည်းစားရှိလား။ ငါ့မှာ အစ်မတစ်ယောက်ရှိတယ်"

ရှမြန်က ပြောလိုက်သည်။ "ကျစ်... အဲဒီကိစ္စကို စဉ်းတောင်မစဉ်းစားလေနဲ့"

၃ယောက်သားက အငြင်းပွားနေသည့်အချိန်တွင် ဆွန်းယဲ့ရှင်းနှင့် လီလီကျန်းတို့၏မိဘများကလည်း စက်ဘီးများဖြင့် ရောက်ချလာတော့သည်။ နှစ်ဖက်မိဘများမှာ အချင်းချင်း ရင်းနှီးကြသည်မှာ သိသာ၏။ ကလေးများက အဆင်ပြေနေသည်ကို အတည်ပြုပြီးသည့်နောက်တွင် သူတို့သည် ဆူပူကြိမ်းမောင်းနေသည်လား ဝမ်းနည်းစိတ်ဓာတ်ကျနေသည်လားပင် မထင်ရှားတော့ချေ။

"နင်တို့ ကလေးမ၂ယောက်လေ တကယ်တတ်နိုင်တယ်နော်"

"နင်တို့တွေ ဘာဖြစ်လို့ရဲစခန်းကို ရောက်လာကြတာလဲ..."

"ငါ့ဘဝမှာလေ ကလေးတစ်ယောက်ကို ရဲစခန်းမှာ လာကြိုရတာ ပထမဦးဆုံးအကြိမ်ပဲ..."

ဆရာမီက အခြေအနေကို မြန်မြန်ရှင်းပြပြီး ပြောပြလိုက်တော့သည်။ "နောက်ကျနေပါပြီခင်ဗျာ။ ကလေးတွေကို အရင်ဆုံးခေါ်သွားပြီးတော့ အနားယူခိုင်းလိုက်ပါ။ သူတို့တွေ မနက်ဖြန် ကျောင်းတက်ရဦးမယ်လေ"

နဥ်ရှောက်ပိုင်သည် တစ်ဖက်လူက ရှမြန်ကို ကူညီရင်း ဆွဲထည့်ခံရမှန်း သိလိုက်သဖြင့် သူက ရှေ့သို့ခြေတစ်လှမ်း တက်လာကာ မိဘ၂ယောက်ကို နှုတ်ဆက်လိုက်လေသည်။ "ကျွန်တော်တို့ ရှမြန်ကြောင့် တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ"

အဖေဆွန်းက ပြုံးလိုက်ပြီး သူ၏မသိမသာ ဖောင်းကားနေသည့် ဝမ်းဗိုက်များဖြင့် ပြောလိုက်လေသည်။

"ရပါတယ်။ အတန်းဖော်တွေကို ကူညီပေးရမှာက ကလေးတွေရဲ့တာဝန်ပါ။ ကလေးတွေရဲ့ အမှားလည်း မဟုတ်ပါဘူးလေ"

အမေလီက ရှမြန်ကို လှမ်းဆွဲကာ ပြောလိုက်လေသည်။ "ဒီတော့ သမီးက ရှမြန်ပေါ့နော်။ သမီးအကြောင်းကို ကျန်းကျန်းဆီက အစောကြီးကတည်းက ကြားဖူးနေတာ။ သမီးက စာအရမ်းတော်တယ်ဆို ဟုတ်လား။ အချိန်ရရင် အန်တီတို့အိမ်ကို လာခဲ့ဦးနော်"

နဥ်ရှောက်ပိုင်က ကုတ်အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားသည်ကို မြင်လိုက်သည်တွင် ဆွန်းယဲ့ရှင်း၏ အမေကလည်း စိတ်အားထက်သန်စွာ မေးလိုက်လေသည်။ "ရှမြန်ရဲ့အစ်ကိုက ဆရာဝန်လား။ ဘယ်ဆေးရုံမှာ လုပ်တာလဲဟင်"

"ယန်တက္ကသိုလ်ဆေးရုံကပါ"

မိသားစု၂ခုလုံး၏မိဘများသည် ပိုလို့ပင် စိတ်အားထက်သန်လာတော့သည်။ ဆရာဝန်ဆိုသည်မှာ ဒီနေ့ခေတ်တွင် အလွန်မှ နာမည်ကြီးသည့် အလုပ်အကိုင်တစ်ခုဖြစ်ပြီး အထူးသဖြင့် ယန်တက္ကသိုလ်ဆေးရုံတွင် အလုပ်လုပ်သူများ ဖြစ်လေသည်။

ရှမြန်က နဥ်ရှောက်ပိုင်၏ ပါးလျသည့်အဝတ်အစားကို ကြည့်လိုက်ပြီး ဆွန်းယဲ့ရှင်းနှင့် လီလီကျန်းတို့ကို မြန်မြန် မျက်ရိပ်ပြလိုက်သည်။

၂ယောက်သားက ချက်ချင်းဆိုသလို နားလည်သွားကြပြီး သူတို့၏မိဘများကို ဆွဲထားလိုက်ကြလေသည်။

"အမေ သမီးအရမ်းအိပ်ချင်နေပြီ"

"အမေ သမီးအေးနေပြီ။ မြန်မြန်အိမ်ပြန်ရအောင်"

"အေးပါ အေးပါ။ အိမ်ပြန်ကြမယ်။ ရှမြန်အစ်ကို ဖုန်းနံပါတ်လေး ချန်ထားရအောင်လေ"

...

နဥ်ရှောက်ပိုင်သည် ထိုနေရာတွင်ရပ်နေပြီး မိဘ၂ယောက် ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်လေသည်။ သူသည် ကိုယ်ကိုလှည့်ပြီး တစ်စုံတစ်ယောက်နှင့် စာရင်းရှင်းမည် ပြင်လိုက်စဉ်တွင် ရုတ်တရက်ဆိုသလို နောက်မှနေ၍ သိုင်းဖက်ခံထားလိုက်ရသည်။

နဥ်ရှောက်ပိုင်မှာ တအံ့တဩဖြစ်သွားပြီးနောက် သူ၏ ခေါင်းအနောက်ဘက်ညာဘက်ခြမ်းမှ ရှမြန်၏ခေါင်းလေး ထွက်လာသည်ကို မြင်လိုက်ရကာ သူမ၏မျက်နှာပေါ်တွင်လည်း မြှောက်ပင့်နေသည့် အကြည့်တစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရ၏။ တစ်ချိန်တည်းတွင် သူမက သူမ၏လက်၂ဖက်ဖြင့် သူ့နဖူးကို မြန်မြန်ပွတ်သပ်ပေးလိုက်ပြီး နွေးထွေးအောင် လုပ်လိုက်လေသည်။

"ဒေါက်တာနဥ် အေးလွန်းလို့ ခဲနေတော့မှာပဲနော်။ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"

"ရှင် ကျွန်မအကြောင်း ကောင်းကောင်းသိပါတယ်။ ကျွန်မက နစ်နာရမဲ့ကိစ္စ လုံးဝရှိလာမှာ မဟုတ်ပါဘူး။ ဒီတော့ အရမ်းကြီးစိုးရိမ်စရာ မလိုဘူးနော်"

သူမသည် ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် ငုံ့ကြည့်လိုက်သည့်အခါ အေးစက်လှသဖြင့် အပြာရောင်သမ်းနေသည့် သူ့လက်များကို တွေ့လိုက်ရလေသည်။ သူမက သူ့လက်များကို မြန်မြန် ကောက်ကိုင်လိုက်ပြီး သူမ၏လက်ဖဝါးထဲတွင် ထည့်ထားလိုက်ကာ လေမှုတ်ပေးလိုက်ပြီးနောက် အားတက်သရော လက်များကို ပွတ်သတ်ပေးနေလိုက်၏။

"လက်တွေက အရမ်းအေးနေတာပဲ" သူမက သူမ၏လက်ကို ပွတ်သပ်လိုက်ပြီး သူ့လက်များပေါ်တွင် အုပ်ထားပေးလိုက်ပြီးနောက် မော့ကာ နဥ်ရှောက်ပိုင်ကို ပြောလိုက်လေသည်။

"အခုနွေးသွားပြီလားဟင်"

နဥ်ရှောက်ပိုင်မှာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် သူ့လက်ကို ဆွဲထုတ်လိုက်ကာ မကျေမနပ် ပြောလိုက်တော့သည်။ "မင်းသာ ငါ့ကို ကားထဲ စောစောဝင်ခွင့်ပေးရင် နွေးနေတာကြာနေပြီ"

"ဪ ဪ ဪ" ရှမြန်က သူ့ကို ကားဆီသို့ အလျင်စလိုတွန်းသွားလိုက်ပြီး ဒရိုင်ဘာဘက်ခြမ်းက တံခါးကို ကိုယ်တိုင်တံခါး ဖွင့်ပေးလိုက်ကာ တလေးတနက်ဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီးတော့ ဝင်ပါ။ ကျေးဇူးပြုပြီးတော့ ဝင်ပါ"

နဥ်ရှောက်ပိုင်က ကားပေါ်တက်သွားပြီး သူမကလည်း ဒရိုင်ဘာဘေးထိုင်ခုံဆီသို့ ပတ်ပြီးလျှောက်သွားကာ ကားပေါ်သို့တက်လိုက်လေသည်။ ထို့နောက်တွင်တော့ သူမကသူ့ကို အသည်းအသန် ချီးကျူးစကား စတင်ပြောဆိုတော့သည်။

"ဒေါက်တာနဥ် ရှင်ဒီနေ့ အရမ်းချောတာပဲနော်။ ရှင်က တော်တော်လေးကို ကောင်းမွန်တဲ့မိဘတစ်ယောက်ပဲ..."

နဥ်ရှောက်ပိုင်က သူမပြောချင်သည့်စကားကို သိသွားသယောင် သူ့လက်ကိုဆန့်လိုက်ပြီး သူမ၏နဖူးကို လှမ်းတောက်ကာ ပြောလိုက်လေသည်။ "အဲဒီကိစ္စကို စဥ်းတောင်မစဉ်းစားလေနဲ့။ မင်းလို ပြဿနာကောင်အတွက် ငါ တစ်နေ့ခြားတစ်ခါ ကျောင်းကိုမလာချင်ဘူး။ ငါ ကျောင်းတက်တုန်းကဆိုရင် မိဘတွေကို တစ်ခါမှကျောင်းကိုတောင် မခေါ်ခဲ့ဖူးဘူးနော်"

"ကျွန်မက ပြဿနာရှာတယ်လို့ ဘယ်သူပြောတာလဲ။ ကျွန်မက ပြဿနာဖြစ်အောင် ဘယ်တုန်းကမှ အရင်ဆုံးမလုပ်ခဲ့ပါဘူးနော်" ရှမြန်က ပြောလိုက်သည်။

"ဒီနေ့ဖြစ်သွားတဲ့ ပုံစံလိုပဲပေါ့။ ရှင် ကျွန်မကို တကယ် အပြစ်တင်လို့မရဘူးနော်"

သူမက အစမှအဆုံး ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြပြီးနောက် ကောက်ချက်ချလိုက်လေသည်။

"တကယ်လို့ ရှင်ကသာ ကျွန်မကို အပြစ်တင်ဖို့ အကြောင်းပြချက် တကယ်ရှာချင်တယ်ဆိုရင် ကျွန်မက အရမ်းကိုလှပြီး အရမ်းကိုနာမည်ကြီးနေတဲ့ကိစ္စကိုပဲ အပြစ်တင်လို့ရမယ်"

ဒီအချိန်တွင်တော့ သူမက သက်ပြင်းချလိုက်လေသည်။ "ချောမောလှပတာကလည်း တကယ့်ကို ပြစ်မှုမြောက်ပါပေတယ်။ တကယ်လို့ ချောမောလှပခြင်းကသာ ပြစ်မှုတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်မတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရတော့မယ်ထင်ပါရဲ့"

နဥ်ရှောက်ပိုင်က မျက်နှာသေဖြင့် ပြောလိုက်တော့သည်။ "ဒီလိုတော့ဘယ်ဖြစ်မလဲ။ သေမိန့်မှပဲ လုံလောက်မယ်လို့ ထင်တယ်"

ရှမြန်...

ဒီအဖြေကလေ အရမ်းကို ထက်မြက်ထင်ရှားပါပေတယ်။ ငါက ဒါကိုချီးမွမ်းတာလို့ပဲ လက်ခံရမှာလား။ စော်ကားနေတာလို့ပဲ သဘောထားရတော့မှာလား။

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ခုနတုန်းက ဆေးရုံကို ရောက်လာခဲ့တဲ့ လူ၃ယောက်ကို မင်းလုပ်ခဲ့တာလား"

ရှမြန်က ခဏလောက် မှင်တက်အံ့သြသွားကာ "ရှင်တို့ဆေးရုံကို ပို့လိုက်တာလား။ ဪ ဟုတ်တယ်။ ယန်တက္ကသိုလ်ဆေးရုံက အနီးဆုံးပဲလေနော်"

"ဘယ်လိုဖြစ်သွားလဲ။ အဆင်ပြေတယ် မဟုတ်လား"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ဘာဆက်ဖြစ်မယ်ဆိုတာကို မင်း မသိဘူးလား"

"ဟားဟား ဒါဆိုရင်တော့ သူ သေချာပေါက် အဆင်ပြေနေတာပဲ။ သွေးတွေ အများကြီးထွက်သွားလို့ လူတွေကို အလန့်တကြား ဖြစ်သွားတာလောက်ပဲ ရှိမှာပါ။ အလွန်ဆုံး နည်းနည်းပါးပါးလေး ချုပ်ရလောက်ရုံပဲပေါ့။ တစ်ညလောက် ကောင်းကောင်းအိပ်လိုက်ရင် သူအဆင်ပြေသွားမှာပါ"

နဥ်ရှောက်ပိုင်သည် သူမကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "ဘာဖြစ်လို့လဲ။ မင်းက အတွေ့အကြုံ အများကြီး ရှိနေတယ်ပေါ့။ မင်း ဒါကို ဘယ်ကနေသင်ခဲ့တာလဲ"

"တိုက်ဆိုင်လိုက်တာ။ တိုက်ဆိုင်မှုတစ်ခုလို့ပဲပြောရမယ်" ရှမြန်က အသံထွက်ကာ အော်ရယ်လိုက်ပြီး စကားလမ်းကြောင်းလွှဲဖို့ရန် ကြိုးစားလိုက်ပြီးနောက် ချက်ချင်းဆိုသလို စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ "ရှင် ဆေးရုံကိုပြန်မှာလား။ အိမ်ကိုပြန်မှာလား"

နဥ်ရှောက်ပိုင်ကလည်း သူမကိုမေးခွန်းဆက်ထုတ်ဖို့ရန် စိတ်ကူးမရှိခဲ့ချေ။

သူက ခေါင်းငုံ့ထားလိုက်ပြီး ရှမြန်ကိုသူ၏ကုတ်အင်္ကျီအဖြူကို အမူအရာလှမ်းပြလိုက်လေသည်။

"မင်းဘယ်လိုထင်လဲ"

"ရှင် ဒီနေ့ ဂျူတီကျနေတာပေါ့ ဟုတ်လား။ ကျွန်မ နားလည်ပါပြီ" ရှမြန်ကပြောလိုက်သည်။

"ဒေါက်တာနဥ်က အလုပ်အရမ်းကြိုးစားတာပဲ။ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်"

နဥ်ရှောက်ပိုင်က သူမကို ဂရုမစိုက်ချင်တော့သဖြင့် ကားမောင်းသည့်ဘက်ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

ကားက လမ်းဆုံနားသို့ မောင်းလာသည်ကို မြင်လိုက်ရသည်တွင် ရှမြန်က အလောတကြီး ပြောလိုက်လေသည်။ "ကျွန်မကို လမ်းကြားရဲ့ဝင်ပေါက်နားမှာပဲ ချပေးလိုက်နော်။ အဒေါ်၂က ကျွန်မ ကားပေါ်ကနေ ဆင်းလာတာကို မြင်လိုက်ရင် မေးခွန်းတွေ အများကြီးမေးလိမ့်မယ်"

နဥ်ရှောက်ပိုင်က ဘာမှမပြောချေ။ သူကလမ်းကြား၏အဝင်ဝတွင်သာ ကားကိုရပ်ပေးလိုက်ပြီးနောက် သူမအတွက်လမ်းကို သေချာမြင်ရဖို့ရန် ရှေ့မီးကို ဖွင့်ပေးလိုက်လေသည်။ ကားသည် ချက်ချင်း လှည့်ထွက်မသွားဘဲ ရှမြန်က သူမ၏အိမ်တံခါးဆီသို့ လျှောက်သွားပြီး ကိုယ်ကိုလှည့်ကာ လက်ဝှေ့ရမ်းနှုတ်ဆက်လိုက်ပြီးမှ ထွက်သွားတော့သည်။

ရှ၀မ်ယွဲ့ကတော့ စောင့်ဆိုင်းနေဆဲပင်။ သူမသည် ဆူညံသံကို ကြားလိုက်ရသည့်အချိန်တွင် အနောက်ဘက်ခန်းမှ ထွက်လာခဲ့၏။ "နင် ဒီနေ့ဘာဖြစ်လို့ အဲဒီလောက်နောက်ကျနေတာလဲ"

"အင်း ကျောင်းမှာ တစ်ခုခု ဖြစ်သွားလို့ပါ။ လူမိုက်တချို့က ကျွန်မတို့ရဲ့ပထမနှစ်အတန်းကို လာပြီးတော့ ပြဿနာရှာလို့လေ။ ရဲတွေက သူတို့ကိုလာပြီးတော့ ဖမ်းခဲ့ကြတာ။ အဲဒါကို ခဏလောက် စောင့်ကြည့်နေလို့ နည်းနည်းလေး နောက်ကျသွားတာပါ"

ရှ၀မ်ယွဲ့မှာ ဘယ်တုန်းကမှ အလွန်အကျွံ မစပ်စုတတ်ချေ။ ထို့ကြောင့် သူမက သူမ အဆင်ပြေနေသည်ကို သိလိုက်ရသည်တွင် တန်းဝင်ပြီး ပြောလိုက်လေသည်။ "ထမင်းကို မီးဖိုပေါ်မှာ ပြန်နွှေးထားပေးတယ်။ မြန်မြန်စားပြီးတော့ သွားအိပ်တော့။ ရှောင်ဖုန်းကတော့ နင့်ကို စောင့်နေသေးတာ။ အခုလေးတင် အိပ်ရာဝင်သွားတယ်..."

သူမက ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း အနောက်ဘက်ခန်းမှထွက်လာသည့် ကလေး၏ အိပ်ချင်မူးတူးအသံလေးကို ကြားလိုက်ရလေသည်။ "အန်တီလေး"

"အေး အန်တီလေးပြန်လာပြီ" သူမက မြန်မြန်ပြန်ဖြေလိုက်၏။

ရှ၀မ်ယွဲ့က ကူကယ်ရာမဲ့သွားသလို ခေါင်းခါပြလိုက်ပြီးသည့်နောက်တွင် "ဒီနေ့တစ်နေ့လုံး နင့်ကို မတွေ့ရသေးလို့တဲ့။ မူကြိုကျောင်းက ဒီနေ့သူတို့ကို ပန်းချီတစ်ခုဆွဲခိုင်းခဲ့တယ်လို့ ပြောတယ်။ သူက နင့်ကို သူဆွဲထားတဲ့ပန်းချီ ပြချင်လို့တဲ့"

"ဟုတ်ပါပြီ။ ကျွန်မနားလည်ပါပြီ အဒေါ်၂။ အဒေါ် သွားအိပ်လိုက်တော့နော်။ ကျွန်မသူ့ကို ဆက်ပြီးတော့ ခေါ်ထားလိုက်ပါမယ်" ရှမြန်က အနောက်ဘက်ခန်းထဲသို့ မြန်မြန်ဝင်လာခဲ့တော့သည်။

ကလေးက ဂွမ်းစောင်ထဲတွင် ထိုင်နေဆဲဖြစ်ကာ တံခါးဘက်ကို ကြည့်နေလေသည်။ ရှမြန်ကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်လုံးများက လင်းလက်သွားတော့သည်။ "အန်တီလေး"

"အင်း" ရှမြန်က သူမ၏အနွေးထည်ကို ချွတ်လိုက်ပြီး လျှောက်လာကာ သူ့ပါးလေးကို အနမ်းပေးလိုက်လေသည်။ "အန်တီလေးပြန်လာပြီ။ သားက ဘာဖြစ်လို့ အခုထိမအိပ်သေးတာလဲ"

ရှောင်ဖုန်းကပြုံးကာ ကိုယ်ကိုလှည့်လိုက်ပြီး ခေါင်းအုံးအောက်က စာရွက်အပိုင်းအစတစ်ခုကို ဆွဲထုတ်လိုက်ကာ ရှမြန်ကို လှမ်းပေးလိုက်လေသည်။

ရှမြန်ကလည်း တအံ့တဩနှင့် မေးလိုက်၏။ "အန်တီလေးအတွက်လား"

ရှောင်ဖုန်းက ဝမ်းသာအားရ ခေါင်းညိတ်ပြ၏။

ရှမြန်သည် စာရွက်ကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် အပြာရောင်ကောင်းကင်၊ အဖြူရောင်တိမ်တိုက်များ၊ နွေးထွေးသည့်နေရောင်ခြည်နှင့် လိမ္မော်ရောင်ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က အဝါရောင် ဝတ်ဆင်ထားသည့် ကလေးလေးတစ်ယောက်ကို ချီထားကာ ရောင်စုံလှပသည့်ပန်းများနှင့် လိပ်ပြာများ ဝန်းရံနေသောလှပသည့် ပန်းချီကားတစ်ခုကို မြင်လိုက်ရလေသည်။

စုတ်ချက်များက မတည်ငြိမ်သေးသော်ငြားလည်း ပန်းချီထဲက သူ၏ပြင်းပြသည့် စိတ်ခံစားချက်များကို သေချာချာခံစားနိုင်ပေသည်။

"အန်တီလေးနဲ့ ရှောင်ဖုန်းတို့လား"

ရှောင်ဖုန်းကပြုံးကာ သူ့လက်လေးကိုဆန့်ပြီး ပွေ့ဖက်လိုက်တော့သည်။ ရှမြန်က မနေနိုင်တော့ဘဲ အသံထွက်ကာ အော်ရယ်မိ၏။ ကောင်ကလေးက အနည်းငယ် အလိုလိုက်ခံရသည်နှင့် အသားကျလာပြီဖြစ်လေသည်။

ရှမြန်က သူ့ကိုကောက်ချီလိုက်ပြီး ပြောလိုက်သည်။ "အန်တီလေးတို့ ရှောင်ဖုန်းရဲ့ပန်းချီကားက အရမ်းလှတာပဲ"

ရှောင်ဖုန်းက သူမ၏လည်ပင်းလေးကို ကျေနပ်စွာ ပွတ်သပ်ပေးလိုက်လေသည်။

ရှမြန်က ပြောလိုက်သည်။ "အန်တီလေးက ဒီပိတ်ရက် အိမ်စာပြီးသွားတဲ့အချိန်ကျရင် ပိတ်ရက် အတောအတွင်းမှာ ရှောင်ဖုန်းနဲ့ တစ်နေ့လောက် အတူတူဆော့ပေးမယ်နော်။ ဟုတ်ပြီလား"

"ဟုတ်ပြီ" ရှောင်ဖုန်းက အလွန်မှဝမ်းသာသွားတော့သည်။

သူတို့သည် ယခုဆိုလျှင် တစ်နေ့တာတွင် အချင်းချင်း တွေ့ဆုံရသည်မှာပင် တော်တော်လေး ရှားပါးနေ၏။ သူမက မနက်ခင်းကျောင်းသွားသည့်အချိန်တွင် သူလေးက အိပ်ပျော်နေဆဲဖြစ်သည်။ သူတို့သည် နေ့ခင်းဘက်တွင် နေ့လယ်စာအတူတူစားကြသည်။ ညခင်းဘက်တွင်တော့ သူမသည် ကျောင်းက ပြန်ရောက်လာသည့်အချိန်တွင် အိမ်စာများကို လုပ်ရသေးသည်။ သူမ၏အိမ်စာများ ပြီးသွားသည့်အချိန်တွင် ကလေးကမကြာခဏဆိုသလို အလွန်မှအိပ်ငိုက်နေပြီးသားဖြစ်၏။

သို့တိုင် သူသည် သူမနှင့်အတူတူအိပ်ဖို့ရန် အမြဲတမ်း စောင့်ဆိုင်းနေတတ်သည်။

ရှမြန်က သူ့မျက်နှာသေးသေးလေးကို စိတ်မကောင်းသလို အနမ်းပေးလိုက်ပြီး

"ဒီနေ့အန်တီလေးနဲ့အတူတူ အိပ်ကြမလား"

"အိပ်ကြမယ်" ရှောင်ဖုန်းသည် ဝမ်းသာအားရ သူမ၏လည်ပင်းကိုပွေ့ဖက်ထားကာ ၂ခါလောက် ခုန်ဆွခုန်ဆွလေး လုပ်လိုက်ပြီးသည့်နောက်တွင် ဒီနေ့သည် အမှန်တကယ် ကောင်းမွန်သည့်နေ့တစ်နေ့ဖြစ်သည်ဟု ခံစားမိလေသည်။

ရှမြန်က အော်ရယ်လိုက်၏။ ကလေးလေးသည် စိတ်ကျေနပ်စေဖို့ရန် အလွန်မှအလွယ်တကူ ရှိလှသည်။

နောက်ဆုံး ရှောင်ဖုန်း၏အခြေအနေက ထူးခြားပေသည်။ ထို့ကြောင့် ရှမြန်က နဥ်ရှောက်ပိုင်နှင့် သီးသန့်တိုင်ပင်ဆွေးနွေးခဲ့သေးသည်။

သူ့ကို အသက်၇နှစ်အရွယ်အထိ စောင့်ဆိုင်းပြီးမှ တရားဝင်သီးသန့်အိပ်ရာတွင် ခွဲအိပ်ခိုင်းပြီး ထိုမတိုင်ခင်တော့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ရရှိဖို့ရန် နဥ်ရှောက်ပိုင်က အကြံပေးထားလေသည်။

ရှောင်ဖုန်း၏ ကိစ္စသည် စီစဉ်ထားသည့်အတိုင်း ဖြစ်သွားသော်ငြားလည်း ကျောင်းတွင်တော့ သူမ၏ရဲဌာနကို ဖုန်းခေါ်ဆိုမှုကြောင့် ဆူဆူညံညံ ဖြစ်သွားတော့သည်။

ရှမြန်သည် ဒီတိုက်ပွဲကြောင့် နာမည်ကြီးလာပြီး ကောလာဟလများကလည်း အလိုလို ပျောက်ကွယ်သွားတော့သည်။

အခန်း၃က ကျောင်းသူကျောင်းသားများသည် ကောလာဟလ လွှင့်နေသည်ကို ရပ်တန့်သွားသည့်အပြင် တခြားသူများက ကောလာဟလ လွှင့်နေသည်ကို တွေ့ဆုံရသည့်အခါတွင် သူတို့က ထိုကိစ္စကိုအထူးတလည် ရှင်းလင်းပေးသေးသည်။

မကောင်းသည့်ရည်ရွယ်ချက်များဖြင့် အပျော်သဘော လာရောက်ကြည့်ရှုချင်ကြသည့် လူမိုက်များကပင် အလွန်မှလန့်ဖျပ်သွားကြပြီး ဟောက်ကျန်းတွင် ဖြစ်ပျက်သွားသည့်ကိစ္စကို မြင်ပြီးသွားသည့်နောက်တွင် ပါးစပ်များပိတ်သွားကြတော့သည်။ သူတို့အတွက်တော့ ရဲစခန်းကို သွားရောက်ရခြင်းက အလွန်မှကြောက်ရွံစရာကောင်းသည့် ကိစ္စတစ်ခုဖြစ်နေသေးသည်။

သို့သော်ငြားလည်း ကျောက်ချန်း၊ ဆွန်းယဲ့ရှင်းနှင့် လီလီကျန်းတို့ကတော့ အလွန်မှ စိတ်လှုပ်ရှားနေကြ၏။ ဒါသည် သူတို့ဘဝသမိုင်းတွင် မှတ်တမ်းတင်ထားရန် အဖိုးထိုက်တန်သည့် သမိုင်းဝင်ကိစ္စတစ်ခု ဖြစ်သည့်နှယ်ပင်။

ကျောက်ချန်းက ပြောလိုက်၏။ "ငါကတော့ နောက်ဆိုရင် ရဲအရာရှိတစ်ယောက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ။ ရဲအရာရှိတွေက အရမ်းမိမိုက်တာပဲ"

ရှမြန်က ချက်ချင်း ပြောလိုက်၏။ "ရဲသင်တန်းကျောင်းဆိုတာ ဝင်ဖို့လွယ်တာ မဟုတ်ဘူးနော်။ သူက အမှတ်အများကြီးလိုတယ်။ နင့်ရဲ့လက်ရှိအဆင့်နဲ့ နင်က ဝင်နိုင်မယ်ဆိုတာ သေချာလို့လား"

ကျောက်ချန်းသည် သူ၏ခေါင်းပေါ်သို့ ရေအေးတစ်ပုံးလုံးလောင်းချခံလိုက်ရပြီး စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်တော့သည်။ "ရှမြန် နင်ကလေ လူတွေကို ဘာဖြစ်လို့ စာလုပ်ဖို့ အမြဲတမ်းပဲခိုင်းနေတာလဲ"

ရှမြန်က ပြုံးကာပြောလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ စာလုပ်တာကပဲ နင်တို့ရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်စေလို့လေ"

ကျောက်ချန်းက ရည်မှန်းချက်တစ်ခု ရှိလာသော်ငြားလည်း သူသည်စာမလုပ်ချင်သေးပေ။ ထိုကြောင့် သူက စကားလမ်းကြောင်းပြောင်းလိုက်ပြီး ဟောက်ကျန်းအကြောင်းကို ပြောလိုက်လေသည်။

"ငါ့အဖေက ပြောတယ်။ ဟောက်ကျန်းက အလွန်ဆုံး ရက်ပိုင်းလောက်ပဲ ထိန်းသိမ်းခံရမှာတဲ့။ ပြီးရင်တော့ ပြန်လွတ်လာမှာတဲ့"

"ငါလည်း အဲဒီလို ခန့်မှန်းထားပါတယ်" ရှမြန်က ပြောလိုက်သည်။

"နောက်ဆုံး သူက အသက်မပြည့်သေးတဲ့သူလေ။ နောက်ဆုံးမှာတော့ ပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေ ရှိလာမှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ကိုကျောင်းကနေ ထုတ်ပယ်ဖို့ လုံလောက်သင့်ပါတယ်"

ကျောက်ချန်းက လက်ခုပ်တီးကာ ပြောလိုက်လေသည်။ "ဟာ ငါ ဘာဖြစ်လို့ ဒီအကြောင်းကို မစဉ်းစားမိပါလိမ့်။ သူသာ ငါတို့ကျောင်းကနေ ထွက်သွားတယ်ဆိုရင် လေထုကပိုပြီး လတ်ဆတ်လာလိမ့်မယ်"

ဆွန်းယဲ့ရှင်းက ပြောလိုက်သည်။

"ဒါဆိုရင် ရှမြန် နင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုသွားပြီ။ သူ့ရဲ့ကလေးထိန်းအမေက..." သူမသည် ထိုအကြောင်းကို ပြောလိုက်သည့်အချိန်တွင် လီလီကျန်းဘက်သို့ လှည့်လိုက်လေ၏။ "သူက ဒီတစ်ခါဆေးရုံကို ပို့ခံလိုက်ရတယ်ဆိုတော့ မိဘတွေက လူကိုယ်တိုင်သေချာပေါက် ပေါ်လာမှ မဟုတ်လား"

လီလီကျန်းက ပြောလိုက်သည်။ "ငါ့အထင်တော့ သူ့အဖေက သူ ငါတို့ကျောင်းကို ပြောင်းလာဖို့ ပိုက်ဆံအများကြီး သုံးထားခဲ့တယ်ထင်တယ်။ သူက အဲဒီလောက် အလွယ်တကူတော့ ကျောင်းထုတ်ခံရမှာမဟုတ်ဘူး ထင်တယ်"

ဆွန်းယဲ့ရှင်းက စိုးရိမ်တကြီး မေးလိုက်လေသည်။

"သူ ချောင်ကျန်းယွီကို သွားရှာမယ်လို့ နင်ထင်လား။ ဟောက်မိသားစုက ချောင်ကျန်းယွီရဲ့နိုက်ကလပ်မှာ ရင်းနှီးမြှုပ်နှံထားတာ မဟုတ်လား။ တကယ်လို့ ချောင်ကျန်းယွီက စကားတစ်ခွန်းသာ ပြောလိုက်မယ်ဆိုရင် ကိစ္စက တစ်ခါထပ်ပြီးတော့ပြီးသွားမှာ"

ရှမြန်က အော်ရယ်လိုက်၏။ "နင်တို့အားလုံးက ချောင်ကျန်းယွီကို အကောင်ကြီးကြီးတစ်ကောင်လို့ ပြောနေကြတာပဲ။ ဒီလိုအသေးအဖွဲကိစ္စလေးတွေကို ဂရုစိုက်ဖို့ သူ့အတွက်က အရမ်းကို အပေါစား ဆန်နေလွန်းပါတယ်"

“ဒီအပြင် ဟောက်မိသားစုကလည်း ဒီကိစ္စကို ဖုံးကွယ်ရတာနဲ့ကို အလုပ်များနေတာလေ။ ဒီတော့ သူတို့တွေက ချောင်ကျန်းယွီကို ဘယ်လိုလုပ်ပြီး သွားတွေ့ရဲမှာလဲ"

ကျောက်ချန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားလေသည်။

ရှမြန်က သူတို့ကို ဝေဖန်ဆန်းစစ်ပြလိုက်၏။

"နင်တို့အားလုံးပဲ ဒီလိုပြောကြတာ မဟုတ်လား။ ချောင်ကျန်းယွီက ဟောက်ကျန်းကို လုံးဝအထင်ကြီးတာ မဟုတ်ဘူးဆို။ အလွန်ဆုံး သူက သူ့မိသားစုက ရင်းနှီးမြှုပ်နှံငွေ ထုတ်လာပေးထားတဲ့အတွက် သူ့အတွက် စကားနည်းနည်းပါးပါး ပြောပေးရုံလောက်ပဲ ရှိမှာပေါ့"

"ဒီတော့ ဟောက်ကျန်းနဲ့ တွဲနေကြတဲ့ အဲဒီလူမိုက်၂ယောက်ကလည်း ဒီအတိုင်း မထင်မရှားလူတွေပဲ နေမှာပါ"

"အဲဒီနေ့တုန်းက သူတို့တွေက ချောင်ကျန်းယွီနဲ့ ‘ကင်း’ နိုက်ကလပ်နာမည်ကို တိုက်ရိုက်ထုတ်ပြောခဲ့တယ်လေ။ ဒီတော့ ရဲဌာနကလည်း စုံစမ်းလိမ့်မှာပဲပေါ့" ရှမြန်က ပြောလိုက်သည်။

"ချောင်ကျန်းယွီက ဒီကိစ္စကို ပြဿနာရှာဖွေခဲ့တဲ့ ဟောက်ကျန်းအပေါ် အပြစ်တင်မယ်လို့ ထင်လား။ သူတောင်မှ နာမည်မသိတဲ့ ကျောင်းသူလေးတစ်ယောက်အပေါ် အပြစ်တင်မယ်လို့ထင်လား"

"ပြဿနာက ဟောက်ကျန်းကိုပဲ အပြစ်တင်မှာပေါ့" ကျောက်ချန်းက လက်ခုပ်တီးကာ ရုတ်တရက် ထမေးလိုက်လေသည်။

"ဒီတော့ နင် အဲဒီနေ့တုန်းက စကားတွေအများကြီးပြောခဲ့တာ သူတို့တွေက ချောင်ကျန်းယွီရဲ့နာမည်ကို ထုတ်ပြောလာအောင် လုပ်နေတာပေါ့လေ"

ရှမြန်က သူ့ကို 'နင်ကသင်ပေးလို့ရသားပဲ' ဟူသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

"ဟုတ်တယ် ယွဲ့ရှင်းရယ် ကျန်းကျန်းရယ် ငါရယ် အဲဒီနေ့တုန်းက ဒီအကြောင်းကို ကြားခဲ့တာလေ။ ချောင်ကျန်းယွီရဲ့အဘိုးက သူနဲ့ပတ်သက်ပြီး မျက်လုံးတစ်ဖက် မှိတ်ထားပေးတာတဲ့။ သူက ဒီလိုအသေးအဖွဲ့ကိစ္စနဲ့ ဟောက်ကျန်းကို ကူညီဖို့ သူ့အဆက်အသွယ်ကို သုံးမှာတဲ့လား"

"ဟောက်ကျန်းရဲ့အဖေကတောင် ဒီလို အရေးတကြီးအချိန်မှာ ချောင်ကျန်းယွီကို ပြစ်မှားရဲမှာ မဟုတ်ဘူးလေ။ ဟောက်ကျန်းဆီမှာ ဖြစ်လာမဲ့ အဆိုးဆုံးကိစ္စကတော့ ကျောင်းကနေ ထုတ်ခံရတာပဲ ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း တခြားကျောင်းကို ပြောင်းသွားရုံပဲပေါ့။ ဒါပေမဲ့ တကယ်လို့ ချောင်ကျန်းယွီကသာ ဝင်ပါလာမယ်ဆိုရင် ဟောက်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ နိုက်ကလပ်ကလည်း ဆုံးရှုံးမှုအကြီးကြီးဖြစ်သွားလိမ့်မယ်"

"ဟောက်ကျန်းရဲ့အဖေက တခြားဘာမဆိုထက် သူ့သားဖြစ်သူကို ချစ်တဲ့သူလို့ နင်တို့ထင်လား"

၃ယောက်စလုံးက ခေါင်းခါပြလိုက်လေသည်။

ရှမြန်က ပြောလိုက်၏။ "ဒါပဲလေ"

ကျောက်ချန်းက ပြောပြန်သည်။ "ဒါဆိုရင် ဖြစ်နိုင်ခြေအရှိဆုံးကတော့ သူ့အဖေ နင့်ဆီလာရှာလိမ့်မယ်"

ဆွန်းယဲ့ရှင်းကလည်း ပြောလိုက်သည်။ "တစ်စုံတစ်ယောက်ကတော့ နင့်ကို သေချာပေါက် ငွေနဲ့ လာပစ်ပေါက်တော့မှာပဲ"

ရှမြန်က နှာခေါင်းရှုံ့ကာ ရယ်မောလိုက်လေသည်။ "သူ ငါ့ကို သေအောင်ရိုက်သတ်မှပဲ ရမယ်"

သူတို့၃ယောက်က အသံထွက်ကာ ရယ်မောလိုက်ကြလေ၏။

မျှော်လင့်မထားဘဲ ရှမြန်သည် ဟောက်ကျန်း၏အဖေကို မစောင့်ဆိုင်းရဘဲနှင့် ထျန်းရွှယ်ယာ၏ အမေမာရှို့အယ်က အရင်ဆုံး ရောက်လာသည်ကို စောင့်ဆိုင်းလိုက်ရတော့သည်။

ထျန်းရွှယ်ယာသည် ထိုနေ့က ညနေ့ခင်းစာသင်ချိန်များမှ ထွက်လာခဲ့ပြီး ၂ရက်ဆက်တိုက် ကျောင်းမလာခဲ့ချေ။ သူမသည် လူများကိုတွေ့ဆုံဖို့ရန် အလွန်မှရှက်ရွံ့နေသောကြောင့်လား သို့မဟုတ် ရှမြန်ကပဲ ရဲစခန်းကို ဖုန်းခေါ်လိုက်မှာ စိုးရိမ်သောကြောင့်လားတော့ သေချာမသိပေ။

ရှမြန်သည် နေ့လယ်ခင်းစာသင်ခန်းထဲသို့ ဝင်လာသည့်အချိန်တွင် သူ၏အတန်းဖော်များက ဆွေးနွေးနေကြသည့်အကြောင်းအရာကို ကြားလိုက်ရ၏။ "ထျန်းရွှယ်ယာရော ရဲတွေရဲ့ ဖမ်းတာခံလိုက်ရတာလား"

"အဲဒီလို့မဟုတ်ပါဘူး" ရှမြန်က မြန်မြန်ရှင်းပြလိုက်သည်။

"ရဲစခန်းက နင် သူတို့ကို အသရေဖျက်မှုနဲ့ တရားစွဲမှသာ ဖမ်းပေးမှာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဘယ်သူကမှ တရားမစွဲသရွေ့သူတို့တွေက လာဖမ်းမှာ မဟုတ်ဘူးလေ"

ကျောင်းသား တော်တော်များများက စိတ်အေးသွားကာ ကြိတ်ပြီး သက်ပြင်းချလိုက်ကြလေသည်။ ထျန်းရွှယ်ယာသည် ဒီကိစ္စတွင် မှားယွင်းခဲ့သော်ငြားလည်း သူမကသာ ဒီကိစ္စကြောင့် အချုပ်ထဲ သွားခဲ့ရလျှင် သူတို့သည် သူမအတွက် ဝမ်းနည်းနေမိဦးမည်။ ရှမြန်အတွက်တော့ ပထမအချက်အနေဖြင့် သူမသည် ဒီလိုကလေးမလေးနှင့် အငြင်းပွားစရာ အမှန်ပင်မလိုအပ်ချေ။ ဒုတိယအချက်အနေဖြင့် ဒီလိုသေးသေးမွှားမွှားကိစ္စကို တရားစွဲဆိုစရာအကြောင်းပြချက်လည်း မရှိချေ။ ထို့ကြောင့် ဒီကိစ္စကိုအသုံးချပြီး အပေးအယူကောင်းတစ်ခု လုပ်ခဲ့ခြင်းသာ ဖြစ်လေသည်။

"ငါ သူ့ကို ဒီအတိုင်းပဲ ခြောက်လှန့်ဖို့ ကြိုးစားခဲ့တာပါ။ နောက်ဆုံး ငါ့ဆီမှာလည်း တကယ်တမ်း ဘာမှဖြစ်ခဲ့တာ မဟုတ်ဘူးလေ။ သူက ချောမောလှပတယ်။ စာလည်းတော်တယ်။ သူ့မှာတောက်ပတဲ့ အနာဂတ်တစ်ခုရှိနေတာပဲ။ ဒီတော့ ငါသာ သူ့ကို တကယ်တမ်းတရားစွဲခဲ့မယ်ဆိုရင် သူ့ဘဝက ပျက်စီးသွားမှာ မဟုတ်လား"

...

All Chapters