အပိုင်း(၁၁၇)
Vol. 8 Ch. 117
ရှမြန်က သက်ပြင်းချပြီး ပြောလိုက်သည်။ "ငါကတော့ သူ့ရဲ့အမှားတွေကနေ သင်ခန်းစာရပြီးတော့ ကောလာဟလတွေကို လုပ်နေတာရပ်ဖို့ပဲ မျှော်လင့်ပါတယ်"
ထိုစကားများ ထွက်လာပြီးသည့်နောက်တွင် ရှမြန်သည် သဘောထား မကြီးလေဘူးဟု မည်သူက ပြောနိုင်ပါတော့မည်နည်း။ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ကာ သူမသည် ဒီအတိုင်း နတ်သမီးလေးတစ်ပါး ဖြစ်နေလေသည်။
သူမအပေါ် အားလုံး၏ သဘောကျနှစ်သက်မှုများက တိုးလာသည့်အချိန်တွင် ထျန်းရွှယ်ယာ၏ အမေမာရှို့အယ်သည် သူတို့နှင့်မမျှော်လင့်ဘဲ ဆုံတွေ့လေတော့သည်။
သူမသည် ဝဖိုင့်ဖိုင့်ဒေါသကြီးသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမက တံခါးကို တွန်းဖွင့်လိုက်ပြီး ဒေါသတကြီး မေးလိုက်၏။ "ကျောင်းပြောင်းလာတဲ့ ကျောင်းသူအသစ်က ဘယ်သူလဲ"
ရှမြန်က ဇဝေဇဝါဖြင့် ထရပ်လိုက်ပြီး"မင်္ဂလာပါ အန်တီ ကျွန်မပါ"
"နင်လား" အမျိုးသမီးသည် သူမ၏စွေစောင်းနေသည့်မျက်လုံးများဖြင့် သူမကို ဝေဖန်သလို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"နင်က ငါတို့ရဲ့ရှောင်ရွှယ်ကို အနိုင်ကျင့်ခဲ့တဲ့သူပေါ့။ နင့်မိဘတွေကို သွားခေါ်လိုက်။ သူတို့တွေ သူတို့ရဲ့ကလေးကို ဘယ်လိုပြုစုပျိုးထောင်ခဲ့လဲဆိုတာ ငါ သူတို့ကို မေးချင်လို့ပါ။ နင်က စာကောင်းကောင်း မသင်တဲ့အပြင် စာတော်တဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း အနိုင်ကျင့်နေပါလား"
ဆွန်းယွဲ့ရှင်းသည် အလွန်မှဒေါသထွက်သွားသဖြင့် အသံထွက်ကာ အော်ရယ်လိုက်လေသည်။
"အဒေါ် အဒေါ်က အရမ်းကို မဆင်မခြင်လုပ်နေတာပဲ။ ဘယ်သူက ဆိုးသွမ်းနေလို့လဲ။ ဘယ်သူက အဒေါ့်ရဲ့ရှောင်ရွှယ်ကို အနိုင်ကျင့်နေလို့လဲ"
မာရှို့အယ်၏မျက်လုံးများသည် ဆွန်းယွဲ့ရှင်းပေါ်သို့ ကျရောက်သွားပြီး သူမ၏မျက်နှာပေါ်တွင် အထင်သေးမှုများ အတိုင်းသား ဖြစ်နေလေသည်။ "ဆွန်းယွဲ့ရှင်း၊ လီလီကျန်း ငါ နင်တို့ကို သိပါတယ်။ ဘာရယ် နင်တို့တွေက စာကောင်းကောင်း သင်နေကြတယ်ပေါ့လေ။ နင်တို့တွေက စာမေးပွဲဖြေတဲ့အခါ အတန်းထဲမှာနဲ့ တစ်ကျောင်းလုံးမှာ အဆင့်ဘယ်လောက်ရနေကြလို့လဲ"
ဆွန်းယွဲ့ရှင်းသည် နင်သွားပြီး စကားမပြောနိုင်တော့ချေ။
ရှမြန်သည် ထျန်းရွှယ်ယာက စာညံ့သည့်ကျောင်းသားများအပေါ် အထက်ဖား အောက်ဖိသဘောထားကို မည်သူ့ဆီမှ လေ့လာခဲ့သည့်အကြောင်းကို နောက်ဆုံးတော့ သိသွားလေတော့သည်။
ရှမြန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "အဒေါ် ကျွန်မတို့တွေက ထျန်းရွှယ်ယာကို အနိုင်ကျင့်ခဲ့တယ်လို့ သူက ပြောလို့လား"
"တကယ်လို့ နင်သာ သူ့ကို အနိုင်မကျင့်ဘူးဆိုရင် သူကဘာဖြစ်လို့ ကျောင်းမလာရဲရတာလဲ"
မာရှို့အယ်သည် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
"နင်တို့အားလုံးမှာ တာဝန်ရှိပါတယ် ဟုတ်တယ်မလား။ အသွင်တူရာ စုနေကြတာလေ။ နင်တို့အားလုံးက ဆိုးသွမ်းတဲ့ကျောင်းသားတွေပဲ"
သူမသည် အခြေအနေကိုပင် နားမလည်သေးခင် သူမကို လာရောက်စွပ်စွဲနေသည်မှာ အမှန်ပင် ရယ်စရာကောင်းလှပေသည်။
ရှမြန်က လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။ "ကျောင်းသူထျန်းရွှယ်ယာ ကျောင်းမလာရဲဘူးဆိုတာက အန်တီကြောင့် ဖြစ်မှာပေါ့"
မာရှို့အယ်က မျက်မှောင်ကြုတ်သွား၏။ "နင်က ဘာစကားပြောတာလဲ"
ရှမြန်က တီးတိုးပြောလိုက်လေသည်။
"ဘာဖြစ်လို့လဲဆိုတော့ အဒေါ့်မိသားစုရဲ့ပညာရေးအခြေအနေက တခြားလူတွေနဲ့ပတ်သက်လာရင် မဆင်မခြင် မှားယွင်းခန့်မှန်းတတ်တယ်လေ။ ထျန်းရွှယ်ယာကလည်း ဒီကိစ္စကြောင့်ပဲ တခြားသူတွေရဲ့ နောက်ကွယ်မှာ မကောင်းတဲ့အကြောင်းတွေ ပြောတတ်တယ်လေ။ ဖော်ထုတ်ခံလိုက်ရပြီးတော့ သူက သူ့ရဲ့အတန်းဖော်တွေကို မျက်နှာပြဖို့အရမ်းရှက်နေလို့ ကျောင်းမလာရဲတာဖြစ်မှာပေါ့"
မာရှို့အယ်မှာ ချက်ချင်းဆိုသလို ဒေါသထွက်သွားတော့သည်။ "နင်ကများ ဘယ်လိုလုပ်ပြီး ဒီလိုပြောရတာလဲ။ အမှန်တရားကို မသိဘဲနဲ့ ဘယ်သူက မှားယွင်းကောက်ချက်ချလို့လဲ။ ငါ့သမီးမှာ ဘာကြောက်စရာရှိလို့လဲ"
"ထျန်းရွှယ်ယာက ကြောက်မယ်ဆိုလည်း ကြောက်သင့်တယ်လေ။ သူ လျှောက်ပြောတဲ့စကားတွေကြောင့် ရှမြန်က လူမိုက်တွေရဲ့ အတင်းအကြပ်ပြုမူခံရတော့မလို ဖြစ်သွားတာလေ" သူမကို မကျေမနပ်ဖြစ်သွားသည့် အတန်းဖော်တစ်ယောက်က ပြောလိုက်လေသည်။
"ရှမြန်သာ သဘောထားမကြီးဘူးဆိုရင် အဒေါ့်ရဲ့သမီးက ရဲတွေ ဖမ်းဆီးတာတောင် ခံရပြီးလောက်ပြီ"
မာရှို့အယ်သည် ရဲများ ပါဝင်ပတ်သက်နေသည်ဟု ကြားလိုက်ရချိန်တွင် သူမမှာ မှင်တက် အံ့သြသွားတော့သည်။
တခြားကျောင်းသူကျောင်းသားများကလည်း ဒေါသထွက်သွားကြပြီး ရှမြန်အတွက် ပြောဆိုပေးကြတော့၏။
"ဟုတ်တယ်။ ထျန်းရွှယ်ယာက ရှမြန်ကို ရာဇဝတ်သားတစ်ယောက်ဆိုပြီးတော့ ကောလာဟလ ဖြန့်ခဲ့တယ်လေ။ သူက အဲဒီကိစ္စလုပ်တာ ပေါ်ပေါက်သွားတဲ့အချိန်မှာ ကြောက်သွားတာ နေမှာပေါ့။ သူက ဘယ်လိုလုပ်ပြီး ရှမြန်ကို အပြစ်ပြောလို့ရမှာလဲ"
"ထျန်းရွှယ်ယာက တကယ်ရွံစရာကောင်းပါတယ်။ သူက သူ့ကိုယ်ပိုင်အမှားကို ဝန်မခံတဲ့အပြင် သူ့မိဘကိုတောင် သူ့ကိုယ်စား လာပြီးတော့တောင် ပြဿနာရှာခိုင်းထားသေးတယ်"
"သူက လူကောင်းတစ်ယောက်လို့ ငါက ထင်ထားခဲ့တာပါ။ ဒါပေမဲ့ သူက ဟန်ဆောင်နေတယ်ဆိုတာကို အခု ငါ သိသွားပြီ"
"ရှမြန်ကတော့ အဲဒီလောက် မတရားခံခဲ့ရတာတောင်မှ သူက ခွင့်လွှတ်ပေးခဲ့သေးတယ်လေ။ ဒါပေမဲ့ သူက အခြေအနေကိုတောင်မှ ပြောင်းပြန်လှန်အောင် လုပ်လိုက်သေးတယ်။ ငါက အရင်တုန်းက သူနဲ့ ပတ်သက်ပြီးတော့တောင်မှ နည်းနည်းလေးစိုးရိမ်ပေးခဲ့သေးတာ"
"ဟားဟား စာတော်တော့ရော ဘာအရေးလဲ။ သူက ဆွန်းယွဲ့ရှင်းနဲ့ တခြားသူတွေထက်တောင် ပိုပြီးတော့နိမ့်ကျပါသေးတယ်"
...
မာရှို့အယ်၏ မျက်နှာသည် အတန်းဖော်များ၏စကားသံများကို ကြားလိုက်ရသည့်အချိန်တွင် ရှုံ့မဲ့သွားလေတော့သည်။ သူ့ရဲ့သမီးက အရမ်းကို လိမ္မာတဲ့သူပဲ။ ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့အတန်းဖော်တွေရဲ့ ဒီလိုဆဲဆိုခံနေရတာလဲ။
သူမသည် ထိုစကားလုံးများကို ကြားရသည်ကို လုံးဝမခံမရပ်ဖြစ်နေတော့သည်။ သူမ သမီးက ဒီလိုပတ်၀န်းကျင်မျိုးမှာ ရှိနေတာ ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ။
မဖြစ်သေးဘူး။ သူ့သမီးကို ဒီလိုမတရားခံရတာကိုတော့ ခွင့်ပြုမထားနိုင်ဘူး။
အခုမှအလုပ်သို့ရောက်လာသည့် ဆရာမီသည် ရုံးခန်းထဲသို့ မဝင်ရသေးခင်မှာပင် သတင်းကို ကြားလိုက်ရပြီး အပြေးအလွှား ရောက်လာရတော့သည်။
"ထျန်းရွှယ်ယာအမေ ရုံးခန်းကိုသွားပြီးတော့ စကားပြောကြရအောင်ပါ။ ကလေးတွေစာသင်နေတာကို အနှောင့်အယှက်မဖြစ်ပါစေနဲ့"
မာရှို့အယ်သည် ဒီနေရာသို့ ရောက်လာရခြင်းကလည်း အတန်းပိုင်ဆရာကို တွေ့ဖို့ရန်ဖြစ်လေသည်။ ထိုကြောင့် သူကဒီအခွင့်အရေးကို အသုံးချကာ ပြောလိုက်၏။
"အတော်ပဲပေါ့ ဆရာရယ်။ ရှင်လည်း ဒီကျောင်းသူကျောင်းသားတွေကို ဂရုစိုက်ဦးမှရမယ်။ ကျွန်မတို့ရဲ့ရှောင်ရွှယ်က ပြီးခဲ့တဲ့ရက်အပိုင်းအတွင်း အိမ်မှာမစားမသောက်ဘူးလို့ ငြင်းဆန်နေတာ။ သူက ကျောင်းကို မလာရဲလောက်အောင် အရမ်းကြောက်နေတာလေ"
"သူက အလားအလာရှိတဲ့ ကျောင်းသူတစ်ယောက်ပါ။ ကျွန်မတို့တွေက ဒီပြဿနာတွေနဲ့လူတွေကို သူ့ကို ဖျက်ဆီးခွင့် မပေးနိုင်ပါဘူး"
ဆရာမီသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို နောက်မှ ခင်ဗျားကို ပြောပြပါ့မယ်။ စိတ်မပူပါနဲ့"
သူသည် ကိုယ်ကိုလှည့်ကာ ရှမြန်ကိုခေါ်လိုက်လေသည်။ "ရှမြန် ဆရာနဲ့အတူတူ ရုံးခန်းကိုလိုက်ခဲ့"
ရှမြန်သည် တစ်ယောက်တည်း ဖြစ်နေပြီး အားနည်းသည့်အတွက် နစ်နာသွားမှာကို စိုးရိမ်သဖြင့် ဆွန်းယွဲ့ရှင်းက ချက်ချင်းဆိုသလို ဝင်ပြောလိုက်၏။ "လောင်မီ ကျွန်မလည်း သူနဲ့အတူတူ လိုက်သွားလို့ရမလား"
လီလီကျန်းကလည်း ပြောလိုက်သည်။ "ကျွန်မလည်း သွားမယ်"
ဆရာမီက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။ "ကောင်းပြီလေ နင်တို့၃ယောက် အတူတူလိုက်ခဲ့"
လမ်းတလျှောက်တွင် ထျန်းရွှယ်ယာအတွက် စာလေ့လာရသည်မှာ မည်မျှအရေးကြီးကြောင်း၊ သူမ၏ အတန်းဖော်များက မည်မျှကျိုးကြောင်းဆင်ခြင်ဉာဏ်မဲ့ကြကြောင်း၊ ဒါသည် သူမသမီး၏ အနာဂတ်ကို ဖျက်ဆီးမှာစိုးရိမ်မိကြောင်း မာရှို့အယ်က ဆရာမီကို တစ်လျှောက်လုံး ပြောလာလေသည်။
ဆရာမီက 'အင်း အာ' ဟုသာ တုံ့ပြန်လေ၏။
သူသည် သူတို့ကို ဆရာများရုံးခန်းဆီသို့ ခေါ်မလာခဲ့ဘဲ ဒုတိယထပ်ရှိ လူ၃ယောက်ထိုင်နေနှင့်ပြီးသည့် အစည်းအဝေးခန်းမငယ်လေးဆီသို့ ခေါ်လာခဲ့လိုက်သည်။
အလယ်တွင်ထိုင်နေသည့် သန်မာထွားကြိုင်းလှသည့် ယောက်ျားတစ်ယောက်သည် ကောင်းမွန်သည့် မျက်နှာသွင်ပြင်များ ပိုင်ဆိုင်ထားကာ ကောင်းမွန်သည့် ခန္ဓာကိုယ်အရွယ်အစားလည်း ရှိလေသည်။ သူသည် ဝတ်စုံပြည့်နှင့် နက်ခ်တိုင်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်လှန်ဖြီးထားကာ သူ့လက်ကောက်ဝတ်ပေါ်တွင် ရွှေနာရီတစ်လုံးကို ဝတ်ဆင်ထားပြီး စားပွဲပေါ်တွင်တော့ လက်ဆွဲအိတ်တစ်ခုကို တင်ထားသည်။ ဒီအခိုက်အတန့်တွင် သူသည် မိုဘိုင်းလ်ဖုန်းတစ်လုံးကို ကိုင်ထားကာ ဖုန်းထဲတွင် အသံကျယ်လောင်စွာဖြင့် စကားပြောနေလေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက "ငါက လူချမ်းသာတစ်ယောက်ပါ"ဟူသည့် စီးပိုးသည့်အာရုံတစ်ခုကို ထုတ်လွှတ်နေပြီး ထိုမျက်နှာကိုကြည့်လိုက်လျှင် သူသည် မည်သူဖြစ်သည်ကို ခန့်မှန်းရန်မခက်ခဲချေ။
အားလုံးဝင်လာသည်ကို မြင်လိုက်သော်ငြားလည်း သူသည် ဖုန်းကိုမချဘဲ အေးအေးလူလူဖြင့် စကားဆက်ပြောနေလေ၏။ "ဪ သူတို့က ပြောတယ်လေ။ ကလေးက အကြွေးတင်နေတာတဲ့။ ငါ့ရဲ့ကောင်လေးကလည်း မိန်းမငယ်လေးတစ်ယောက်ရဲ့ ဂရုစိုက်ထားတာ ခံထားရတာပဲ။ ဒီတော့ ငါလည်း သူ့ကို လာပြီးတွေ့ရမှာပေါ့"
"ဟားဟားဟား ငါ တောင်းပန်ပါတယ်။ ဒီတစ်ကြိမ် ပြန်ရောက်လာတဲ့အခါကျမှပဲ မင်းကို သေသေချာချာလေး တိုက်မယ်လို့ ကတိပေးပါတယ်"
"တကယ်ပဲ ဖုန်းတွေ ထွက်လာပြီလား။ သူတို့တွေက အသုတ်အနည်းငယ်ပဲ အရင်ဆုံးထုတ်ပြီးတော့ ဒါက စျေးကွက်မှာ မရောက်သေးဘူးလို့ ပြောထားတယ် မဟုတ်လား"
"၅သောင်းလား။ တကယ်လို့ မင်းသာ ငါ့အတွက် တစ်လုံးလောက် ယူပေးနိုင်မယ်ဆိုရင် ငါ မင်းကို ၁သိန်း ပေးပါ့မယ်။ ၅သောင်းတော့ ပြောမနေပါနဲ့"
"အစ်ကိုရယ် ခင်ဗျားမှာ အဆက်အသွယ်အများကြီးရှိတာပဲ။ ကျွန်တော်က ဒီမြေကွက်ကို ရနိုင်မရနိုင်ဆိုတာက အစ်ကို့အပေါ်မှာပဲ မူတည်တာပါဗျာ"
...
ရှမြန်သည် ၂မိနစ်၊ ၃မိနစ်စာပြဇာတ်ကပြနေသည့် ထိုလူကို ကြည့်လိုက်ပြီး သူက ဖုန်းချဖို့ အဆင်သင့် မဖြစ်သေးသည်ကို တွေ့လိုက်ရသည်တွင် ဆရာမီကို ပြောလိုက်လေသည်။ "ဆရာ ဆရာ ကျွန်မကို ဘာပြောချင်လို့လဲ။ ကျွန်မအတန်းထဲ ပြန်ပြီးတော့ အရင်ဆုံး အိမ်စာလုပ်လိုက်မယ်လေ။ ဒီနေရာမှာ အချိန်ဖြုန်းတာပဲ ရှိတော့မယ်"
ဆရာမီကလည်း စိတ်ပျက်သွားပြီး ပြောလိုက်၏။ "ကောင်းပြီလေ အားလုံးပြန်ကြရအောင်။ ငါတို့တွေ အားတဲ့အချိန်ကျမှပဲ ပြန်လာကြမယ်"
"ဟေ့ ဟေ့ ဟေ့" ဟောက်ကျန့်ကော်က ချက်ချင်းဖုန်းချလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
"ဪ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် ဆရာတို့နဲ့ ကျောင်းသူလေးတွေကို အချိန်အကြာကြီး စောင့်ဆိုင်းစေမိခဲ့ပါတယ်။ တကယ်တောင်းပန်ပါတယ်"
"အချိန်အကြာကြီး စောင့်ခိုင်းထားရတယ်ဆိုတာက ဘာအဓိပ္ပာယ်တဲ့လဲ" မာရှို့အယ်သည် ချက်ချင်းဆိုသလို ပန်းပွင့်လေးတစ်ခုလို ပြုံးလိုက်ပြီး "ကျန့်ကော် အို မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကို လူကြီးမင်းဟောက်လို့ခေါ်ရမှာပါ။ ရှင် အရမ်းအလုပ်များနေတာပဲနော်။ ကျွန်မတို့တွေ ရှင့်ကို နည်းနည်းလောက် ပိုပြီးစောင့်ရတာက အဆင်ပြေပါတယ်"
ဟောက်ကျန့်ကော်က မသင်္ကာသလို မေးလိုက်လေသည်။ "ခင်ဗျားက ဘယ်သူလဲ"
"ကျွန်မက အလုပ်ရုံ၂ရဲ့ အလုပ်ရုံဒါရိုက်တာ မာရှို့အယ်ပါ။ ရှင်က သင်္ဘောပေါ်တင်မဲ့ အမှာစာပစ္စည်းတချို့ကို ကျွန်မတို့ဆီမှာ မှာခဲ့ဖူးတယ်လေ"
ဒါသည် သူနှင့်ဆက်ဆံရေးတစ်ခုတည်ထောင်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်ဟုပြောနိုင်သည့် မြှောက်ပင့်စကားတစ်ခုသာ ဖြစ်လေသည်။
ဆွန်းယွဲ့ရှင်းက မနေနိုင်တော့ဘဲ မျက်စောင်းထိုးကာ ပြောလိုက်၏။
"ထျန်းရွှယ်ယာမှာ ဘာဖြစ်လို့ မျက်နှာ၂ခုရှိနေလဲဆိုတာ ငါနောက်ဆုံးတော့ သိသွားပါပြီ။ သူက သူ့အမေဆီကနေ သင်ထားတာ ဖြစ်နေတာကိုး"
တစ်ဖက်တွင်ရှိနေသည့် လူ၄ယောက်ကလည်း အဓိကအကြောင်းအရင်းကို စတင်ပြောဆိုကြလေသည်။ မာရှို့အယ်က မေးလိုက်၏။ "လူကြီးမင်းဟောက် ကျောင်းကို ဘာလာလုပ်တာလဲ"
ဟောက်ကျန့်ကော်က သက်ပြင်းချလိုက်ပြီး "ကျုပ်ရဲ့ စိတ်ပျက်စရာကောင်းတဲ့ သားကြောင့်ပေါ့"
"သူက ကျောင်းမှာ ကျောင်းသူလေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ပြီး ပြဿနာရှာခဲ့တယ်လေ"
မာရှို့အယ်က သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ကာ ပြောလိုက်လေသည်။ "ဒါက ရှင့်သားရဲ့အမှား ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒီနေ့ခေတ် ကလေးမလေးတွေက ကျွန်မတို့ရှောင်ရွှယ်လို ဖြူစင်ကြတာ မဟုတ်ဘူး။ ကျွန်မအထင်တော့ သူက ရှင့်သားနဲ့ တမင်တကာ ပရောပရည် လုပ်တာနေမှာပေါ့။ ရှင်တို့မိသားစုကလည်း ချမ်းသာတာကိုး"
"သေလိုက်လေ" ဆွန်းယွဲ့ရှင်းက ကျိန်ဆဲတော့သည်။
"အဒေါ် အဒေါ့်ရဲ့ပါးစပ်ကို ကျေးဇူးပြုပြီး ပိတ်ထားလိုက်ပါလား။ ဘယ်သူက သူနဲ့တမင်တကာ ပရောပရည်လုပ်မှာလဲ။ ဒီတော့ ဒီစကားကို ဒီအဓိပ္ပာယ်ပြောချင်တယ်ဆိုရင် ရှမြန် ဒီကို မရောက်လာခင်တုန်းက ဟောက်ကျန်းရဲ့အချစ်ရဆုံးသူက အဒေါ့်ရဲ့ထျန်းရွှယ်ယာလေ"
မာရှို့အယ်၏ မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ်သွားပြီး စကားပြောတော့မည် ပြင်လိုက်သော်ငြားလည်း ဆရာမီက သူမကို ချက်ချင်း ဖြတ်ပြောလိုက်၏။
"ထျန်းရွှယ်ယာအမေ ဒီကိစ္စကို ခင်ဗျားသမီးရဲ့ ပေါက်ကရ သတင်းလျှောက်လွှင့်တာကနေ ဖြစ်သွားစေခဲ့တာပါ။ တကယ်လို့ ခင်ဗျားက ကျွန်တော်ရဲ့ကျောင်းသူတွေကို ဆက်ပြီးတော့ အမည်ဖျက်နေမယ်ဆိုရင် ကျွန်တော်ကလည်း ထျန်းရွှယ်ယာရဲ့ကိစ္စကို ဆက်ပြီး တာဝန်ယူပေးမှာမဟုတ်တော့ဘူး"
မာရှို့အယ်က ပြောလိုက်သည်။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ရှင် မှားများနေတာလား။ ကျွန်မရဲ့သမီးက အရမ်းကို လိမ္မာပြီး တစ်နေ့လုံး စာလေ့လာတဲ့နေရာမှာပဲ အာရုံစိုက်ထားတာပါ။ သူက ဘယ်လိုလုပ်ပြီးတော့ ကောလာဟလတွေကို ဖြန့်မှာလဲ"
ဆရာမီက ဖြစ်သွားသည့်အကြောင်းအရာကို ခြုံပြီးရှင်းပြလိုက်လေသည်။
"...ဒီတော့ ထျန်းရွှယ်ယာရဲ့ ပေါက်ကရစကားတွေကြောင့် လူကြီးမင်းဟောက်ရဲ့သားကလည်း ဒီစကားကို ယုံကြည်သွားပြီး အရပ်ထဲက လူတချို့ကိုခေါ်လာပြီးတော့ ကလေးမလေးကို ကျောင်းမှာ လာအနိုင်ကျင့်ခဲ့တာလေ"
"ကလေးမလေးက ရဲကို အလျင်စလို ဖုန်းခေါ်ခဲ့တာပေါ့"
"ထျန်းရွှယ်ယာက ဒီအခြေအနေကို ကြောက်ရွံ့သွားတာပဲ ဖြစ်ရမယ်။ ဒါကြောင့်ပဲ သူက ကျောင်းလာရမှာ ကြောက်နေတာလေ"
"ကျောင်းသူရှမြန်ကလည်း ကျွန်တော့်ကို ဒီကိစ္စကို သေသေချာချာရှင်းပြပေးပါပြီ။ ရဲတွေကလည်း သူ့ကိုဖမ်းမှာ မဟုတ်ပါဘူး။ သူ့ကို ကျောင်းပြန်တက်ခိုင်းလိုက်ပါ။ သူက ဘာမှဖြစ်မှာ မဟုတ်ပါဘူး"
မာရှို့အယ်သည် အခုလေးတင် အခန်းထဲ၌ သူမအပြင်းအထန် တိုက်ခိုက်ခံခဲ့ရသည်ကို စဉ်းစားမိသွားပြီး ချက်ချင်းဆိုသလို ပြောလိုက်လေသည်။ "ဒါကို ကျွန်မသမီးအပေါ် ဘယ်လိုလုပ်ပြီးတော့ အပြစ်တင်လို့ရမှာလဲ"
သူမက ရှမြန်ကိုအထင်သေးကာ လှမ်းကြည့်လိုက်ပြီး "သူကိုယ်တိုင်က မရိုးသားတဲ့အတွက်ကြောင့် လူတွေကို နားလည်မှုလွဲသွားစေတာ သိသာနေတာပဲ"
"တကယ်လို့ သူက ချောမောလှပတယ်လို့ ပြောတယ်ဆိုရင် ကျွန်မသမီးကလည်း ချောမောလှပတာပဲလေ။ ကျွန်မသမီးက ပြဿနာဖြစ်တာ ဘာဖြစ်လို့မတွေ့ခဲ့ဖူးတာလဲ"
"ထျန်းရွှယ်ယာအမေ" ဆရာမီသည် တင်းမာစွာဖြင့် ပြောလိုက်လေသည်။ "ဒီကိစ္စက အစကတည်းက ထျန်းရွှယ်ယာရဲ့အမှားပဲ။ ကျွန်တော့်ကျောင်းသူတွေကို ထပ်ပြီးတော့ နာမည်မဖျက်ပါနဲ့လို့ ကျွန်တော် ခင်ဗျားကို ပြောထားတယ်နော်"
မာရှို့အယ်သည် ဆရာမီက ဒါသည် သူမသမီးဖြစ်သူ၏ အမှားဖြစ်သည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် သူမသည်ချက်ချင်းဆိုသလို နားထောင်ရန်ငြင်းဆန်ပြီး ဆက်ပြောလိုက်လေသည်။
"ရှင်က ဘယ်လိုများ ဆရာတစ်ယောက်ဖြစ်လာတာလဲ"
"ကျွန်မတို့ကျောင်းက အဓိကအထက်တန်းကျောင်းတစ်ခုပဲ။ ကျွန်မသမီးက ယန်တက္ကသိုလ် ဒါမှမဟုတ် ဟွားကျုံးတက္ကသိုလ်ကို ဝင်ခွင့်ရမှာ။ ရှင်က ဒီလူမိုက်တစ်သိုက်က ကျွန်မသမီးကို ထိခိုက်အောင် လုပ်စေချင်နေတာလား။ ကျွန်မကတော့ ကျွန်မသမီးကို တခြားအခန်းကို ပြောင်းစေချင်တယ်။ ကျွန်မ ကျောင်းအုပ်ကြီးနဲ့လည်း တွေ့ချင်တယ်"
ရှမြန်သည် ပင့်သက်တစ်ချက်ရှိုက်လိုက်တော့သည်။ နတ်သမီးတစ်ယောက် ဖြစ်ရန်ကလည်း လွယ်ကူလှသည်တော့ မဟုတ်ချေ။ သူမသည် တည်တည်ငြိမ်ငြိမ်ဖြင့် စကားပြောဖို့ ကြိုးစားလိုက်တော့သည်။ "ဒီတော့ အန်တီပြောချင်တာက စာကောင်းကောင်းလေ့လာတဲ့သူတိုင်းက ဘိုးဘေးကြီးတွေ ဖြစ်လာမယ်ပေါ့ ဟုတ်လား"
"ဒါဆိုရင် ကျွန်မက ထျန်းရွှယ်ယာထက် ပိုပြီးတော့ စာတော်တယ်ဆိုရင် ကျွန်မက သူ့ကို ကျောင်းထွက်ခိုင်းတဲ့အခါ သူက ကျောင်းထွက်ရမှာပေါ့နော်"
မာရှို့အယ်က အထင်သေးစွာ ပြောလိုက်လေသည်။ "နင်က အရင်ဆုံးစာမေးပွဲမှာ သူ့ကိုကျော်အောင် ကြိုးစားလိုက်ပါဦး"
ရှမြန်က ပြုံးကာ တိုးတိုးလေးပြောလိုက်၏။ "စိတ်မပူပါနဲ့ ကျွန်မက အဒေါ့်ကို အဒေါ့်သမီးရဲ့ တကယ့် အကျင့်စရိုက်အစစ်ကို ပြပေးမှာပါ။ သူက လူမိုက်တစ်ယောက်ထက်တောင် ပိုပြီးတော့ဆိုးတယ်။ အမှိုက်တစ်ခုသာသာပဲလေ"
"နင် ဘယ်လိုလုပ်ပြီးတော့ စကားကို ဒီလိုပြောနေတာလဲ။ မိုက်ရိုင်းလိုက်တဲ့ဟာလေး" မာရှို့အယ်သည် အော်ဟစ်ကာ ရှမြန်ကို တွန်းထုတ်ဖို့ ကြိုးစားလိုက်သော်ငြားလည်း ဆရာမီ၏လှမ်းတားခြင်းကို ခံလိုက်ရသည်။ "ထျန်းရွှယ်ယာအမေ"
မာရှို့အယ်သည် ထိုလူကိုမနိုင်သဖြင့် သူမက ဖိအားပေးတော့သည်။ "သူ့မိဘကို ခေါ်လိုက်။ ကျွန်မ သူ့မိဘတွေနဲ့ စကားပြောချင်တယ်"
ဟောက်ကျန့်ကော်က နောက်ဆုံးတော့ စကားထပြောလေသည်။ "ဟုတ်တယ် ဆရာမီ။ ရှမြန်ရဲ့မိဘတွေ ဘာဖြစ်လို့ ရောက်မလာသေးတာလဲ။ ကျွန်တော်က အချိန်မရဘူးနော်"
မိဘများကို ခေါ်ထားသည့်အကြောင်း မြန်သည် အခုမှသဘောပေါက်သွားတော့သည်။ ထိုနေ့က နဥ်ရှောက်ပိုင်၏ ငြင်းဆိုပုံကို ပြန်စဉ်းစားမိသည်တွင် ရှမြန်သည် အမှတ်တမဲ့ ဇက်ကို ပုထားလိုက်မိလေသည်။ သူမသည် သူမ ကျောင်းတက်နေသည့်ကာလအတွင်းတွင် သူ့ကိုမိဘအဖြစ် သဘောထားချင်သော်ငြားလည်း ဒါက... မကြာခဏဆိုလျှင်တော့ အနည်းငယ် ရှက်ရွံ့ဖွယ်ကောင်းနေသေးသည်။
ဆရာမီကတော့ ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။ "သူ့အစ်ကိုက အခုလောလောဆယ် ဖုန်းမကိုင်နိုင်သေးလို့ပါ။ ကျွန်တော် ခဏနေကျရင် ဖုန်းပြန်ခေါ်လိုက်ပါမယ်။ ခင်ဗျားက ဘာပြောချင်တာလဲ။ အရင်ဆုံး စကားပြောကြတာပေါ့"
ဟောက်ကျန့်ကော်သည် စကားမပြောနိုင်သေးခင်မှာပင် မာရှို့အယ်က ချက်ချင်းဆိုသလို မေးလိုက်လေသည်။ "ဘာဖြစ်လို့ သူ့အစ်ကိုကို ခေါ်ရမှာလဲ။ သူ့မိဘက ဘယ်မှာလဲ"
ဆရာမီသည် ခဏလောက်တုံ့ဆိုင်းသွားပြီး ရှမြန်၏အခြေအနေကို အနည်းအကျဥ်းသိထားလေသည်။ သူမကို ကျောင်းလာပို့ပေးသည့်သူမှာ သူမ၏အဒေါ်၂ဖြစ်လေသည်။ သူမ၏အဒေါ်၂က သူမ၏ မိဘများသည် ဆုံးပါးသွားပြီဖြစ်ကြောင်း အနည်းအကျဥ်း ပြောပြခဲ့ဖူးသည်။ တစ်ခုခုဖြစ်သွားခဲ့လျှင် ဒါက ကလေးကို နာကျင်စရာဖြစ်သွားစေပေလိမ့်မည်။
မာရှို့အယ်က ဒါကို ချက်ချင်းသဘောပေါက်သွားပြီး အော်ကာပြောလိုက်လေသည်။ "သူက မိဘမဲ့ကလေးပေါ့လေ။ မဆန်းတော့ပါဘူး"
ရှမြန်က စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ကာ မာရှို့အယ်၏ မျက်နှာကို လှမ်းပက်လိုက်တော့သည်။
ကဲပါ။ ၅စက္ကန့်လောက်တော့ နတ်သမီးလုပ်နေတာကို လက်လျှော့ထားလိုက်တာပေါ့လေ။
...