ပျော်တယ်ဆိုတဲ့ခံစားချက်ကို သိသလား
Vol. 16 Ch. 218
အခန်း (၂၁၈) ပျော်တယ်ဆိုတဲ့ခံစားချက်ကို သိသလား
ရှောင်ယွိ အိပ်ပျော်နေခဲ့လေသည်။
သူမ အိပ်ပျော်နေသည်ကို ကျန်းလန် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
သူက ရှောင်ယွိရှေ့တွင်ထိုင်လိုက်ပြီး သူမကို တိတ်ဆိတ်စွာ ငေးမောကြည့်နေမိသည်။ မိန်းကလေးငယ် နိုးသွားမည်ကို စိုးရိမ်သောကြောင့် တစ်ချက်မှလည်း မလှုပ်ရှားသလို အသံလည်းမထွက်ခဲ့ပေ။
နံနက်ခင်းနေရောင်က တောက်ပစွာဖြင့် ထွက်ပေါ်လာသည်။
သို့သော် ကျန်းလန်က နံနက်အရုဏ်တက်ရှုမျှော်ခင်းကို မကြည့်ခဲ့ပေ။ ရှောင်ယွိသည် နံနက်ခင်းနေရောင်ခြည်ထက် ပိုမိုလှပပြီး ချစ်စရာကောင်းသည် မဟုတ်ပါလား။
သို့မဟုတ် ရှောင်ယွိအိပ်ပျော်နေသည်ကို တစ်ခါမှ မမြင်ဖူးသောကြောင့်လည်း ထူးဆန်းနေခြင်း ဖြစ်နိုင်သည်။
ထိုအချိန် ရှောင်ယွိ မျက်ခုံးလေးများ ကြုံ့လိုက်သည်ကို ကျန်းလန် တွေ့မြင်လိုက်သည်။
"သူ နိုးလာတော့မှာလား"
ကျန်းလန် ရေရွတ်ရင်း သူမကို မျက်တောင်မခတ် ဆက်ပြီးငေးကြည့်နေမိသည်။ သူက ရှောင်ယွိနိုးလာမည်ကို စောင့်နေခြင်းပင်။
"အင်း…"
ရှောင်ယွိ မျက်မှောင်လေးများကြုတ်ရင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
အိပ်ယာနိုးစဖြစ်သောကြောင့် မျက်လုံးများက ေ၀ဝါးနေသော်လည်း သူ့ရှေ့တွင် လူတစ်ယောက်ထိုင်နေသည်ကို သတိပြုလိုက်မိသည်။
သူမက ခေါင်းကိုထောင်လိုက်ပြီး မေးဖျားလေးကို လက်ပေါ်အသာတင်ရင်း သူမရှေ့မှလူကို ကြည့်လိုက်သည်။ ထိုသူက ကျန်းလန်ပင် ဖြစ်၏။
ကျန်းလန်၏အငွေ့အသက်တို့ဖြင့် သူမ အတော်လေး ရင်းနှီးနေခဲ့ပြီ ဖြစ်၏။ မရင်းနှီးသည့်အငွေ့အသက်တစ်ခုသာဆိုလျှင် သူမ အိပ်ပျော်နေရာမှ နိုးထလာမည် မဟုတ်ပေ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ နိုးလာပြီလားဟင်"
သူ့အသံက တည်ငြိမ်သော်လည်း နူးညံ့လွန်းလှသည်။ ယခုမှ နိုးလာသူလေး ထိတ်လန့်သွားမည်ကို စိုးရိမ်သည့်ဟန် တိုးလျလို့လည်းနေ၏။
"ဂိုဏ်းတူမောင်လေး"
ရှောင်ယွိမျက်ဝန်းများက အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေဟန် ရှိသည်။
"ဂိုဏ်းတူမောင်လေး ၊ ရှင် ကျွန်မကို လိမ်တယ်… ရှင် ကတိမတည်ဘူး"
ရှောင်ယွိကိုကြည့်ရသည်မှာ အနည်းငယ် ဒေါသထွက်ပြီး မကျေမနပ် ဖြစ်နေဟန် ရှိသည်။
သို့သော် ထိုခံစားချက်များက အလွန်မှိန်ဖျော့နေပြီး နောက်ပြောင်နေသည်နှင့်လည်းဆင်တူသည်။
ကျန်းလန် အံ့သြမှင်တက်သွားပြီး…
"ကိုယ်က ကတိမတည်ဘူး ၊ ဟုတ်လား"
"အခုတော့ ရှင်က အားလုံးကို မေ့သွားပြီပေါ့လေ"
ရှောင်ယွိက ကျန်းလန်ကို စိတ်ပျက်စွာဖြင့်ကြည့်ရင်း ပြောလိုက်သည်။
"………………"
ခဏမျှ တိတ်ဆိတ်နေပြီးတော့မှ ကျန်းလန်က ပြောလိုက်သည်။
"ကျောက်စိမ်းရေကန်က ပန်းပင်တွေကို လာကြည့်ပေးဖို့ကိစ္စလား…"
သူ ရက်အနည်းငယ်ကြာလျှင် လာကြည့်ပေးမည်ဟု ရှောင်ယွိကို ပြောခဲ့သည်။
သို့သော်...
သူ တကယ်ပဲ ထိုအလုပ်ကို ပျက်ကွက်ခဲ့ပေသည်။
ကျန်းလန်စကားကိုကြားသည်နှင့် ရှောင်ယွိက စိတ်ပျက်လက်ပျက်ပုံစံဖြင့်…
"ကျွန်မပန်းပင်တွေ သေကုန်ပြီ ၊ (၇)ရက်ပဲခံတယ် ၊ ရှင်သာ ရောက်လာရင် (၈)ရက်လောက်တော့ ခံချင်ခံမှာ"
ကျန်းလန်က...
"အဲဒါဘာထူးလို့လဲ ဂိုဏ်းတူအစ်မရယ်…"
"ထူးတယ်"
ရှောင်ယွိ ဝုန်းကနဲ မတ်တတ်ထရပ်လိုက်ပြီး ကျန်းလန်ကို စိုက်ကြည့်လိုက်သည်။
"ရှင်သာလာခဲ့မယ်ဆိုရင် ပန်းပင်လေးတွေ မသေအောင် ကြိုးစားကြည့်နိုင်မှာ"
"………………"
ဂိုဏ်းတူအစ်မက မဟုတ်သည့်နေရာတွင် ခံစားလွယ်လွန်းသည်။
သို့သော် အဋ္ဌမတောင်ထွတ်သို့ လာရောက်မည်ကို ကျန်းလန်က သူမကိုမပြောခဲ့မိခြင်းက သူ့အပြစ်သာပင်။ နောက်ပိုင်း တစ်ယောက်တည်းကျင့်ကြံမည်ဆိုလျှင် ရှောင်ယွိကို အရင်ဆုံး အသိပေးအကြောင်းကြားရမည် ဖြစ်သည်။
ရှောင်ယွိက လွန်ခဲ့သည့် ရက်များကတည်းက သူ့ကို ဤနေရာတွင် လာစောင့်နေခဲ့ဟန် ရှိသည်။ သို့သော် သူက အချိန်မီ ထွက်မလာနိုင်ခဲ့ပေ။
"ကိုယ်..."
"အင်း... ကိုယ် ဘာဖြစ်လဲ..."
ရှောင်ယွိက ခေါင်းကိုစောင်းလိုက်ရင်း ကျန်းလန်ဘာပြောမည်ကို သိလိုဟန်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
ကျန်းလန်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားပြောလိုက်သည်။
"ကိုယ်လည်း တမင်သက်သက်မေ့သွားတာ မဟုတ်ရပါဘူး"
ကျန်းလန်က လေပြေလေးနှင့်ဆိုလာလေရာ ရှောင်ယွိ အံ့အားသင့်သွားလေသည်။ ပြီးမှ သူမ မျက်နှာထက်တွင် လှပသည့် အပြုံးလေးပွင့်လန်းလာသည်။
"ကျွန်မသိပါတယ်"
ရှောင်ယွိက မတ်တတ်ရပ်နေရာမှ နေရာတွင် ပြန်ထိုင်လိုက်သည်။
ကျန်းလန်က…
"ဒါနဲ့ ဂိုဏ်းတူအစ်မ ၊ ကိုယ် စိန်ခေါ်ပွဲယှဉ်ပြိုင်ရဖို့ အချိန်ဘယ်လောက်လိုသေးလဲ"
သူက ယခုမှ နဂါးသုတ်သင်ဓားသိုင်းကျင့်ကြံပြီး ထွက်လာသူ ဖြစ်ရာ အချိန်အတိအကျကို သိရှိခြင်း မရှိသေးပေ။
အေးအေးဆေးဆေး ပြန်ထိုင်နေသည့် ရှောင်ယွိမှာ ယခုမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဝုန်းကနဲ မတ်တတ်ရပ်လိုက်ပြန်သည်။
"ပြောဖို့မေ့နေတာ… မေ့နေတာ… ဒီနေ့ စိန်ခေါ်ပွဲက အဋ္ဌမတောင်ထွတ်တောင် ရောက်နေပြီ ၊ မနက်ဖန်ဆိုရင် ဂိုဏ်းတူမောင်လေး စိန်ခေါ်ပွဲ ရင်ဆိုင်ရတော့မှာ…"
"………………"
ဤသို့သော ခပ်ဆင်ဆင်စကားမျိုးကို ယခင်နှစ်များဆီက ပဉ္စမတောင်ထွတ်မှ ဒေါ်လေးမြောင်ယွဲ့နှင့် ဂိုဏ်းတူအစ်ကို လုကျန်းတို့က သူ့ကို ပြောခဲ့ဖူးသည်။
"မနက်ဖန်ဆိုလျှင် စေ့စပ်ပွဲ ကျင်းပတော့မည်" ဟူ၍။
သူ တစ်ယောက်တည်းကျင့်ကြံရာမှ ထွက်လာတိုင်း အဖြစ်အပျက်များက အတော်လေး တိုက်ဆိုင်ကြသည်ပင်။
ယနေ့က အဋ္ဌမတောင်ထွတ်မှ တပည့်နှင့် နဂါးမျိုးနွယ်ကိုယ်စားပြုသူတို့ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ရေကန်နံဘေးတွင် မည်သူမှမရှိကြသည်ကို ကျန်းလန် သဘောပေါက်သွား၏။
ရှောင်ယွိက အလျင်စလို ပြောလိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ အမြန်သွားရအောင်… သူတို့က ဒီနေ့ခပ်စောစော ယှဉ်ပြိုင်ကြမှာတဲ့ ၊ အခုဆို တိုက်ပွဲတောင် စနေလောက်ပြီ"
ကျန်းလန်ကတော့ တောင်ထွတ် (၇)ခုမှ စိန်ခေါ်ပွဲများကို လွတ်သွားလေပြီ။
ဤတစ်ပွဲကိုသာ မကြည့်လိုက်ရပါက အင်မော်တယ်များ တစ်ယောက်ချင်းလက်ရည်ယှဉ်သည့်ပွဲကို သူ လုံး၀ ကြည့်ရတော့မည် မဟုတ်ပေ။
သို့ပေသိ ရှောင်ယွိက စိန်ခေါ်ပွဲများအားလုံးကို မှော်ဝင်ပစ္စည်းဖြင့် မှတ်တမ်းတင်ပေးထားလေသည်။
***
"ပထမတောင်ထွတ်က ရှုံးသွားတယ် ဟုတ်လား"
ကျန်းလန်မေးလိုက်သည်။
လမ်းတွင် ရှောင်ယွိက ကျန်းလန်ကို စိန်ခေါ်ပွဲအခြေအနေများအကြောင်း အကြမ်းဖျင်းပြောပြသည်။
ပထမတောင်ထွတ်မှတပည့် လင်အန်းက ရှုံးနိမ့်သွားခဲ့သည်။
ဒုတိယတောင်ထွတ်မှ ပေဖန်းကတော့ ပွတ်ကာသီကာဖြင့် အနိုင်ရသွားခဲ့၏။
တတိယတောင်ထွတ်မှ ဟုန်လွမ်သည်လည်း ရှုံးနိမ့်သွားခဲ့သည်။
စတုတ္ထတောင်ထွတ်ကတော့…
ရှောင်ယွိက…
"ဟုတ်တယ် ၊ ပထမတောင်ထွတ် ရှုံးသွားတယ် သိလား ၊ နဂါးမျိုးနွယ်တွေဘက်က ကျင့်ကြံသူက အရမ်း စွမ်းအားကြီးမားလွန်းတယ်"
သူမက ဆက်ပြောလိုက်သည်။
"လက်ရှိ တိုက်ပွဲ (၇)ပွဲမှာ ခွန်လွန်တောင်က (၄)ပွဲ ရှုံးပြီး (၃)ပွဲ နိုင်ထားတယ် ၊ ဂိုဏ်းတူအစ်ကို လုကျန်း နိုင်သွားရင် (၄)ပွဲနိုင် (၄)ပွဲရှုံး အနေအထားဖြစ်လိမ့်မယ် ၊ ဒါဆို မနက်ဖန်တိုက်ပွဲက အရေးကြီးဆုံး ဖြစ်လာလိမ့်မယ်"
စကားဆုံးသွားသည်နှင့် ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။ သူမစကားကြောင့် ကျန်းလန် စိတ်ရှုတ်ထွေးသွားမည်လားဟု သူမက အကဲခတ်လိုက်ခြင်း ဖြစ်၏။
သို့သော် ကျန်းလန်က ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။
သူမ၏ ဂိုဏ်းတူမောင်လေးက အစဉ်အမြဲ တည်ငြိမ်နေပြီး မည်သည့်ခံစားချက်ကိုမှ မျက်နှာထက် သိသိသာသာ တွေ့မြင်ရခြင်း မရှိပေ။
ကျန်းလန်သည် နှစ်ပေါင်းများစွာ ထိုသို့ပင်ဖြစ်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ပျော်တယ်ဆိုတဲ့ ခံစားချက်ကို သိသလား"
ကျန်းလန်…
"………………"
လာပြန်ပြီ။ ဘယ်လိုဖြစ်လို့ စကားလမ်းကြောင်းက ရုတ်တရက်ကြီး ပြောင်းသွားရပြန်တာပါလိမ့်။
"ဂိုဏ်းတူအစ်မ… ဘာလို့ ဒီလိုမေးတာလဲ"
စိန်ခေါ်ပွဲယှဉ်ပြိုင်ရာ အဋ္ဌမတောင်ထွတ်ရင်ပြင်သို့ရောက်သည့်အခါ လူအတော်များများ ရောက်နှင့်နေသည်ကို တွေ့လိုက်ကြရသည်။
သို့သော် ရှောင်ယွိပုံစံက ဆယ်ကျော်သက်ပုံစံလေးဖြစ်နေသောကြောင့် သူမကို ကျောက်စိမ်းရေကန်နတ်ဘုရားမဟု မည်သူမှ သတိမထားခဲ့မိကြပေ။
သူမက ချစ်စရာကောင်းပြီး လှပသော်လည်း အရွယ်ရောက်ပြီးသူ လုန်ယွိပမာ အလှဧကရီတစ်ပါး မဟုတ်သေးပေ။
ချစ်စရာကောင်းပြီး လှပသည့် မိန်းကလေးငယ်များစွာ ခွန်လွန်တောင်တွင် ရှိလေရာ ရှောင်ယွိကဲ့သို့ပုံစံက အဆန်းမဟုတ်လှပေ။
ကျန်းလန်က သာမန်တပည့်တစ်ယောက်ဖြစ်လေရာ အခြားသူများ အာရုံစိုက်ခံရလောက်အောင် တောက်ပထက်မြက်ခြင်းမျိုး မရှိပေ။
ထို့ကြောင့် မည်သူမှ သူတို့ (၂)ယောက် ရောက်လာကြသည်ကို သတိမထားမိကြပေ။
"ရှင်နဲ့ နှစ်ပေါင်း (၁၅၀) ကျော် ခင်မင်ခဲ့ရပေမယ့် တစ်ခါမှ ပျော်ပျော်ရွှင်ရွှင် ရယ်မောတာ မတွေ့ဖူးဘူး"
ရှောင်ယွိ တွေးလိုက်သည်။
ပြီးမှ သူမက တွေးတွေးဆဆဖြင့်…
"ဂိုဏ်းတူမောင်လေး… နည်းနည်းလောက် ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့ ကြိုးစားကြည့်ပါလား"
"………………"
လူတိုင်းက သူမလို သေးလိုက်ကြီးလိုက်ဖြင့် ပုံစံ (၂)မျိုး မပြုလုပ်နိုင်လေရာ ကျန်းလန်က ကြီးတောင့်ကြီးမားဖြင့် တည်တည်ငြိမ်ငြိမ်နေလိုက် ၊ စခွီထလိုက် အဘယ်မှာလုပ်နေနိုင်ပါမည်နည်း။
ကျန်းလန်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
"စိန်ခေါ်ပွဲအရင်ဆုံး ကြည့်ရအောင်လေ"
မည်သို့ပင်ဖြစ်စေ စိန်ခေါ်ပွဲက သရေကျနေခဲ့လျှင် နောက်ဆုံးပြိုင်ပွဲက အနည်းနှင့်အများ ဖိအားပေးခံရမည် ဖြစ်သည်။ သို့သော် ကျန်းလန်က အများအမြင်တွင်အင်မော်တယ်မဖြစ်သေးသောကြောင့် ဖိအားကတော့ နည်းပါပေလိမ့်မည်။
အဓိကအချက်မှာ ကျန်းလန်ကို အာရုံစိုက်ခံရမှု မြင့်မားလာမည့်ကိစ္စဖြစ်သည်။
သို့သော် ခွန်လွန်တောင်တွင် လုကျန်းကို မည်သူမှ ယှဉ်ပြိုင်ပွဲတွင် မရှုံးနိမ့်စေချင်ကြပေ။ ထို့ပြင် လုကျန်းအနေဖြင့်လည်း ရှုံးမည့်အလားအလာ သိပ်မရှိပေ။
ခွန်လွန်တောင်တွင် ပထမတောင်ထွတ်နှင့် အဋ္ဌမတောင်ထွတ်က အင်အားအများဆုံးဖြစ်ကြောင်း အားလုံး သိရှိထားကြသည်။ သူတို့က တိုက်ခိုက်ရေးပိုင်းတွင်လည်း အလွန်စွမ်းအားကြီးမားကြ၏။ ထို့ကြောင့် ပထမတောင်ထွတ် ရှုံးနိမ့်သည်ဆိုသည့်အချက်ကို ကျန်းလန် အနည်းငယ် အံ့သြမိခဲ့သည်။
နဂါးမျိုးနွယ်များက ထိုအကြောင်းကို ကောင်းကောင်းသိထားသည့်အတွက် ပထမတောင်ထွတ်နှင့် အဋ္ဌမတောင်ထွတ်ကို တိုက်ခိုက်ရန် တန်ခိုးစွမ်းအားအမြင့်မားဆုံး ကျင့်ကြံသူများကို ရွေးခြယ်ထားခဲ့သည်။
ပထမတောင်ထွတ် ရှုံးနိမ့်သွားခဲ့သလို အဋ္ဌမတောင်ထွတ်သည်လည်း အနိုင်ရရန် လွယ်ကူမည် မဟုတ်ပေ။
အဋ္ဌမတောင်ထွတ်ကို ကိုယ်စားပြုယှဉ်ပြိုင်သူက သေချာပေါက် လုကျန်းပင် ဖြစ်သည်ကို အားလုံး သိရှိကြသည်။
လုကျန်းက အဋ္ဌမတောင်ထွတ်တွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးတပည့်မဟုတ်သော်လည်း အထူချွန်ဆုံးတပည့်ဖြစ်သလို ဆရာဖြစ်သူအချစ်ဆုံးတပည့်လည်း ဖြစ်သည်။
ယခုတော့ လုကျန်းက အဋ္ဌမတောင်ထွတ်၏ ရင်ပြင်ထက်တွင်ရှိနေပြီး အနီးပတ်ဝန်းကျင်တွင်တော့ မရေမတွက်နိုင်သည့် တပည့်များက စိန်ခေါ်ပွဲကို ကြည့်ရှုရန် စောင့်စားနေကြသည်။
အချို့က ဓားပေါ်တွင် ပျံသန်းစီးနင်းရင်း ကြည့်နေကြပြီး အချို့ကတော့ လူအုပ်ထဲတွင်ပင် မတ်တတ်ရပ်ကာ ကြည့်နေကြသည်။
ကျန်းလန်နှင့် ရှောင်ယွိတို့ကတော့ ရင်ပြင်အစွန်းတစ်နေရာတွင် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် တပည့်များနှင့် ရောနှောကာ မတ်တတ်ရပ်နေကြသည်။
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဂိုဏ်းတူအစ်ကိုလုကျန်းနဲ့ ယှဉ်ပြိုင်ရမယ့်သူက နဂါးမယ်တစ်ယောက် ထင်တယ်"
ကျန်းလန် လှမ်းကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် နဂါးမယ်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူမက အလွန်တရာ ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။
စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ချွန်ထက်သည့် လှံရှည်တစ်လက် ကိုင်ဆောင်ထားသည်။ သူမ၏ ဆံနွယ်များက ရှည်လျားလှပပြီး ဦးခေါင်းထက်တွင်တော့ နဂါးဦးချိုတစ်စုံထွက်ပေါ်နေသည်ကို တွေ့မြင်နိုင်သည်။
သူမပုံစံက ရဲရင့်ပြီး သူရဲကောင်းဆန်လှ၏။
သူမက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူတစ်ယောက်ဖြစ်သည်။ သို့သော် လုကျန်းက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်ဖြစ်လေရာ သူက လုကျန်းနှင့်အဆင့်တူသည်အထိ ကျင့်ကြံခြင်းအဆင့်ကို လျှော့ချထားသည်။
လုကျန်းက မိုးကောင်းကင်အင်မော်တယ်ဖြစ်လာရန်အတွက် အတော်လေး အချိန်ယူရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ တစ်ဖက်လူက ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး ယှဉ်ပြိုင်သည့်အတွက် အားသာချက် များစွာ ရှိသည်။
ပထမတောင်ထွတ် ရှုံးနိမ့်သွားသည်မှာ အံ့သြစရာမရှိတော့ပေ။ နဂါးမျိုးနွယ်များက တူညီသောနည်းဗျူဟာကို အသုံးပြုခဲ့ကြဟန် ရှိသည်။
ခွန်လွန်တောင်တွင် လုကျန်းနှင့် လင်အန်းတို့ထက် ပိုမိုတန်ခိုးစွမ်းအားမြင့်မားသည့် တပည့်များ မရှိတော့ဘူးလား။ သေချာပေါက် တပည့်အချို့ ရှိကြသော်လည်း ခွန်လွန်တောင်က အတော်ဆုံးတပည့်များကို ရွေးထုတ်ထားခြင်း ဖြစ်၏။
ကျန်းလန်က ရှောင်ယွိကို မေးလိုက်သည်။
"အဲဒီ နဂါးမယ်ကို ဂိုဏ်းတူအစ်မ သိလား"
ရှောင်ယွိက ခေါင်းခါရမ်းလိုက်ရင်း…
"မသိဘူး ၊ အခု ရောက်လာတဲ့ နောက်ပိုင်းမျိုးဆက် နဂါးကျင့်ကြံသူတွေထဲမှာ အဋ္ဌမမင်းသားတစ်ယောက်ပဲ ကျွန်မနဲ့သိတာ…"
အဋ္ဌမမင်းသားသည်ပင် သူမမောင်လေး ဖြစ်နေသောကြောင့် သိရှိနေခြင်းဖြစ်၏။
အခြားသူများထဲတွင်တော့ လုန်ရဲ့တစ်ယောက်သာ သူမ သိရှိလေသည်။ လုန်ရဲ့က ယခင်ကလည်း ခွန်လွန်တောင်သို့ လာရောက်ဖူးပြီး သူမနှင့်တွေ့ဆုံကာ စကားအနည်းအပါး ပြောဆိုဖူးသည်။
တပည့်တစ်ယောက်က…
"တိုက်ပွဲစတော့မယ် ၊ ဂိုဏ်းတူအစ်ကိုလုကျန်း နိုင်ပါ့မလား သိချင်လိုက်တာ"
အားလုံးက တိုက်ပွဲကို အာရုံစိုက်နေကြသည်။
လုကျန်းနှင့် ယှဉ်ပြိုင်မည့်နဂါးမယ်ကို မည်သူမှ လျှော့မတွက်ရဲကြပေ။
သူတို့က နဂါးမျိုးနွယ်များ၏ တန်ခိုးစွမ်းအားကို (၇)ရက်တိတိ တွေ့မြင်ဖူးပြီးဖြစ်လေရာ အခြေအနေကို ခန့်မှန်းနိုင်ကြသည်။
သို့သော် လုကျန်းနှင့် နဂါးမယ်တို့တွင် မည်သူက ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး ယှဉ်ပြိုင်သည်ဆိုသည့်အချက်ကိုတော့ တပည့်အတော်များများက သိရှိနိုင်ခြင်း မရှိကြပေ။