အပိုင်း(၁၁၈)
Vol. 8 Ch. 118
မျက်နှာတစ်ပြင်လုံးတွင် လက်ဖက်ရည်အမြှုပ်များဖြင့် ပြည့်သွားသည့်မာရှို့အယ်သည် အချိန်နောက်ကျမှ အော်ဟစ်လိုက်လေသည်။ "နင်ဘာလုပ်တာလဲ"
ရှမြန်က ပြောလိုက်၏။ "ဒါက မိဘမရှိတဲ့အခါ ဖြစ်တတ်တဲ့ကိစ္စပဲတဲ့။ ရှင်ပဲ အဲဒီလိုပြောခဲ့တယ် မဟုတ်လား"
သူမက ချက်ချင်းလှုပ်ရှားလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ချေ။ ဆရာမီမှာလည်း အထိတ်တလန့် ဖြစ်သွားတော့သည်။ ဒီကလေးမလေးသည် သိမ်မွေ့သည့်ဟန်တူသော်ငြားလည်း လှုပ်ရှားရာတွင်တော့ အဘယ်ကြောင့်များ ဆုံးဖြတ်ချက် ပြတ်သားနေရပါသနည်း။
ရှမြန်နောက်က ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလည်း အော်ဟစ်ပစ်လိုက်ချင်ကြသည်။
"ကောင်းတယ်"
မာရှို့အယ်သည် ရှမြန်ကို ခုန်အုပ်ချင်ခဲ့သော်ငြားလည်း ဆရာမီ၏လှမ်းတားထားခြင်းကို ခံလိုက်ရ၏။ သူမသည် ရှမြန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး ကျိန်ဆဲလေတော့သည်။
"ငါ့အဝတ်အစား ဘယ်လောက်တန်တယ်ဆိုတာ နင် သိရဲ့လား။ နင်တို့လို ဆင်းရဲသားတွေက ဒါကို တတ်နိုင်မှာမလို့လား။ ရိုင်းစိုင်းလိုက်တဲ့ ကောင်မလေး..."
ရှမြန်က နောက်ထပ်လက်ဖက်ရည်ခွက်တစ်ခုကို ကောက်ကိုင်လိုက်ကာ မေးလိုက်လေသည်။ "ရှင် ဘာပြောလိုက်တယ်" မာရှို့အယ်မှာ ထပ်ပြီး မဖွယ်မရာ မပြောရဲတော့ချေ။
ဟောက်ကျန့်ကော်က ချက်ချင်းဆိုသလို အပြုံးတစ်ခုဖြင့် ရှေ့ထွက်လာခဲ့ပြီး အခြေအနေကို ဖျန်ဖြေလေသည်။
"ဒါရိုက်တာမာ စိတ်လျှော့ပါ။ ဒီကလေးက ငယ်ရွယ်ပြီးတော့ ဒေါသလည်း ကြီးတယ်လေ။ ခင်ဗျားက ဒီလိုကြမ်းတမ်းတဲ့စကားလုံးတွေ ပြောမှတော့ သူတို့တွေက ဒေါသမထွက်ဘဲ ဘယ်နေပါ့မလဲ"
ထို့နောက်တွင်တော့ သူသည် ရှမြန်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့ ငါက မင်းအတွက် ဒါရိုက်တာမာရဲ့အဝတ်အစားတွေကို လျော်ပေးလိုက်မှာပါ။ ဒါပေမဲ့ မင်းကလည်း အရမ်းကို အထိအခိုက်မခံတာပဲ ကလေးမရယ်။ ဒါရိုက်တာမာရဲ့ စကားလုံးတွေက ကြားလို့မကောင်းဘူးဆိုရင်တောင် မင်းလဲ ကြမ်းကြမ်းတမ်းတမ်း ပြန်မဖြေရှင်းသင့်ဘူးလေ"
သူက သက်ပြင်းချကာ ပြောလိုက်လေသည်။ "ငါ့သားလည်း အတူတူပါပဲ။ မင်းက လှလို့ သူက မင်းကို စနောက်ကျီစယ်ချင်တာပဲ ဖြစ်မှာပါ။ သူက မူကြိုကျောင်းကတည်းက ဒီလိုပုံစံပဲလေ။ သူက ချောမောလှပတဲ့ ကလေးတွေကိုတွေ့ရင် စနောက်ကျီစယ်ရတာ သဘောကျတယ်။ သူ့မှာမကောင်းတဲ့ ရည်ရွယ်ချက်လုံးဝမရှိပါဘူး"
"ကလေးမကလည်း သူ့ကို ကာကွယ်ပေးဖို့ မိဘတွေ မရှိဘူးလေ။ ဒီတော့ သူကလည်း သတိရှိနေတာ ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့လည်း သူက အရမ်းကြီးတော့ စိတ်လိုက်မာန်ပါမလုပ်သင့်ဘူးပေါ့" ဟောက်ကျန့်ကော်က ပြောလိုက်သည်။ "အခုတော့ သူ့မှာ မင်းရဲ့ရိုက်နှက်ခံထားခဲ့ရတယ်။ တကယ်လို့ ငါသာ မင်းကို လျော်ကြေးတောင်းချင်တယ်ဆိုရင် ဆေးဝါးကုန်ကျစရိတ်က တော်တော်လေးများမှာနော်"
ရှမြန် စကားပြောလာမှာကို စောင့်မနေဘဲ သူက ဆက်ပြောလိုက်သည်။ "ဦးလေးက ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို စိတ်ထဲမထားပါဘူး။ နောက်ဆုံး ဒါက ကလေးမလေးကို စနောက်ကျီစယ်ခဲ့တဲ့ သူ့အမှားပဲလေ။ ဒါပေမဲ့ မင်းကလည်း သူ့ကို ရဲစခန်းတော့မပို့သင့်ဘူးပေါ့။ သူက အခုမှ ၁၇နှစ်ပဲရှိသေးတာပါ"
ခေါင်းငုံ့ကာ သူမ၏အင်္ကျီကိုသုတ်နေသည့် မာရှို့အယ်က ချက်ချင်းဆိုသလို တအံ့တဩဖြင့် အော်ပြောလိုက်လေသည်။ "ရဲစခန်းကို ပို့လိုက်တယ် ဟုတ်လား။ ရှင့်ရဲ့သားလည်း အရိုက်ခံခဲ့ရတာလား"
ဟောက်ကျန့်ကော်က ပြောလိုက်သည်။ "မဟုတ်လို့လားဗျာ။ သူက တော်တော်လေးတောင် ချုပ်လိုက်ရတယ်လေ"
မာရှို့အယ်သည် ရှမြန်ကို လူဆိုးမလေးကို တွေ့လိုက်သယောင် လှမ်းကြည့်လိုက်ပြီး အထင်သေးစွာပြောလိုက်၏။ "ဒီလူဆိုးမလေးက တကယ်ရက်စက်တာပဲ"
"လူကြီးမင်းဟောက် ရှင်က အရမ်းကို သဘောကောင်းနေပြီးပါပြီ။ ဒီကိစ္စကို ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ ကျော်သွားပေးနိုင်ရတာလဲ။ သူတို့လိုလူတွေက ဆုံးမပေးဖို့လိုအပ်တယ်" မာရှို့အယ်က အေးစက်စက်ပြောလိုက်၏။ "သူတို့တွေကို သင်ခန်းစာတစ်ခုလောက် ပေးလိုက်မှ သူတို့တွေက သူတို့အတွက် ဘာကောင်းတယ်ဆိုတာ သိလာမှာ"
"ဘယ်လိုနက်ရှိုင်းတဲ့ အမုန်းတရားရှိနေလို့ လူငယ်လေးတစ်ယောက်ကို အချုပ်ထဲကို ပို့ရတာလဲ"
ဆွန်းယွဲ့ရှင်းမှာ ဆက်ပြီးနားမထောင်နိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်လေသည်။ "အဒေါ်က အဒေါ့်သမီးကို မေးကြည့်လိုက်ပါလား။ သိလာမှာပေါ့။ သူက ရှမြန်ကိုသွားဆွပြီးတော့ ရှမြန်က ရဲစခန်းရောက်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်း ကောလဟာလတွေ လျှောက်လွှင့်နေတာလေ။ တကယ်လို့ သူသာ အဲ့ဒီစကားကို မပြောခဲ့ဘူးဆိုရင် ဟောက်ကျန်းကလည်း ရပ်ကွက်ထဲကလူတွေကို ခေါ်လာပြီး ရှမြန်ကို ပြဿနာလာရှာမှာ မဟုတ်ဘူး"
မာရှို့အယ်က မျက်နှာကိုမဲ့ထားလိုက်ကာ "ငါ့သမီးပြောတာ ဘာမှားလို့လဲ။ သူ့ရဲ့ကြောက်စရာကောင်းတဲ့ရုပ်ကို ကြည့်လိုက်စမ်း။ သူက တကယ်ပဲ အဲဒီကိုရောက်ခဲ့ဖူးတာ ဖြစ်ချင်ဖြစ်မှာပေါ့"
ရှမြန်၏လုပ်ရပ်ကို ဘယ်သူကမှ အပြစ်မမြင်ကြပေ။ သို့သော်ငြားလည်း သန့်ရှင်းနေအောင် သုတ်ထားပြီးသား မာရှို့အယ်၏မျက်နှာသည် တစ်ဖန်ရေဖြင့် ပက်ခံလိုက်ရတော့သည်။ ဒီအချိန်တွင်တော့ အဖြူရောင်အရိပ်တစ်ခုသည် သူမ၏ခေါင်းကို ဖျတ်ခနဲ ဖြတ်ကျော်သွားကာ သူမ၏ နောက်ကနံရံကို ရိုက်မိသွားပြီး ကွဲအက်သွားသည့်အသံတစ်ခု ထွက်ပေါ်လာတော့သည်။
အားလုံးမှာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ မာရှို့အယ်မှာ သူမ၏မျက်နှာပေါ်က လက်ဖက်ရည်များကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူမသည် သူမ၏ကျောထဲတွင် ချမ်းစိမ့်စိမ့် ခံစားချက်တစ်ခုကိုသာ ခံစားလိုက်ရပြီး သူမ၏ဦးရေပြားများမှာ ထုံထိုင်းသွားတော့သည်။ သူမမှာ မအော်ဟစ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
ရှမြန်က နောက်ထပ်လက်ဖက်ရည်ခွက်တစ်ခုကို ကောက်ယူလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
"အဒေါ် အဒေါ် ပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်။ နောက်တစ်ခါဆိုရင်တော့ အဒေါ် အဲ့ဒီလောက် ကံကောင်းမှာမဟုတ်ဘူးနော်"
"တကယ်လို့ မယုံဘူးဆိုရင် စမ်းကြည့်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီဦးလေးက ကျွန်မအတွက် လျော်ကြေးပေးလိုက်မှာပဲလေ" ရှမြန်က ဟောက်ကျန့်ကော်ကို ကြည့်လိုက်ပြီး "ဟုတ်တယ်နော် ဦးလေး။ ဒါက ခေါင်းပေါ်မှာ ၁၂ချက်လောက် ချုပ်တာလောက်တော့ အများကြီး ကုန်ကျမှာ မဟုတ်ပါဘူး"
ဟောက်ကျန့်ကော်သည် တဒင်္ဂက မှင်တက်အံ့သြသွားပြီး သူရှေ့က ကလေးမလေးက ထိုမျှလောက်ကြောက်စရာကောင်းလိမ့်မည်ဟု ထင်မထားသည်မှာ သိသာလေသည်။
မာရှို့အယ်မှာ အနည်းငယ်ကြောက်လန့်သွားတော့သည်။ သူမက ဆရာမီကို လှမ်းမေးလိုက်၏။ "ဆရာမီ ရှင် ရှင့်ရဲ့ကျောင်းသူတွေကို ဘယ်လိုသင်ထားပေးတာလဲ"
"ကျွန်မကတော့ ကျွန်မရဲ့သမီးကို ဒီလိုလူနဲ့အတူ ဘယ်တော့မှ ကျောင်းတက်ခွင့်ပေးမှာ မဟုတ်ဘူး"
ဆရာမီသည် နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး စားပွဲပေါ်က ကျန်နေသည့်လက်ဖက်ရည်ခွက်များကို မြန်မြန်သိမ်းဆည်းထားလိုက်သည်။ ထို့နောက်တွင်တော့ သူက ရှမြန်၏လက်ထဲက လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ကာ "ရှမြန် စိတ်လျှော့"
ရှမြန်က လွှတ်ပေးလိုက်သည်။
ဆရာမီက လက်ဖက်ရည်ခွက်ကိုယူလိုက်ကာ စိတ်အေးသွားပြီး သက်ပြင်းတစ်ချက်ချလိုက်၏။
ဒါကိုမြင်လိုက်သည်တွင် မာရှို့အယ်သည် စိတ်အေးသွားပြီး တစ်ဖန်စကားပြောတော့မည် ပြင်လိုက်ချိန်တွင် ရှမြန်က ဟောက်ကျန့်ကော်ရှေ့တွင် ချထားသည့်ဆေးလိပ်ပြာခံခွက်ကို ကောက်ယူလိုက်သည်ကို မြင်လိုက်ရ၏။
မာရှို့အယ်...
သူမမှာ ထပ်ပြီး စကားမပြောရဲတော့ချေ။ ထိုအချိန်တွင် ရှမြန်က နားမလည်နိုင်စွာဖြင့် ဆရာမီကို မေးလိုက်လေသည်။ "ဆရာ ထျန်းရွှယ်ယာရဲ့အမေက ဒီနေရာမှာတကတည်း ဘာလာလုပ်တာတဲ့လဲ"
"ထျန်းရွှယ်ယာရဲ့ကိစ္စက အရမ်းကို ရှင်းလင်းပါတယ်။ ကျွန်မမှာ သူနဲ့လည်း ဘာရန်ငြှိုးမှ မရှိပါဘူး။ သူက ဟောက်မိသားစုကို မျက်နှာချိုသွေးချင်နေတာ။ ဒါပေမဲ့လည်း သူက ကျွန်မကို ဆက်တိုက်ကို စော်ကားနေတယ်။ သူက ပြဿနာရှာနေတာတဲ့လား"
ဆရာမီက မာရှို့အယ်ကို ပြောလိုက်လေသည်။ "ထျန်းရွှယ်ယာအမေ ခင်ဗျားဒီကိုလာတာ ထျန်းရွှယ်ယာအတွက်လေ။ ကျွန်တော်တို့ကလည်း ကိစ္စကိုရှင်းလင်းအောင် လုပ်ထားပြီးပါပြီ။ ခင်ဗျား အရင်ဆုံး ပြန်သွားပြီးတော့ ထျန်းရွှယ်ယာကို မနက်ဖြန် ကျောင်းလာခိုင်းလိုက်ပါ။ အထက်တန်းကျောင်းဆိုတာ အလယ်တန်းကျောင်းနဲ့ မတူပါဘူး။ တကယ်လို့ သင်ခန်းစာတွေကို လွတ်သွားတယ်ဆိုရင် အမှီပြန်လိုက်ဖို့ဆိုတာ မလွယ်တော့ဘူး"
"နောက်ပြီးတော့ ပြန်သွားပြီးတော့ ခင်ဗျားရဲ့အဝတ်အစားတွေကို မြန်မြန်လဲလိုက်ပါ။ ဆောင်းတွင်းကြီးမှာ အအေးမမိပါစေနဲ့"
မာရှို့အယ်သည် အစကတည်းက လူကောင်းတစ်ယောက် မဟုတ်ချေ။ သူမသည် ဒေါသထွက်သွားပြီးနောက်တော့ မပြန်နိုင်တော့ပေ။ "မပြန်ဘူး ကျွန်မ ဒီနေ့ သူ့မိဘနဲ့ တွေ့ရမှဖြစ်မယ်။ လူကြီးမင်းဟောက် စိတ်တော့မရှိပါနဲ့။ ကျွန်မ ဒါကို အခွင့်ကောင်းယူတာ မဟုတ်ပါဘူး"
"ကျွန်မတို့တွေ ဒီလူကို သူတို့နေရာသူတို့ သိသွားအောင် သေချာပေါက်လုပ်ဖို့လိုတယ်"
မာရှို့အယ်က သူ့ကိုထပ်ပြီး တွယ်ကပ်နှောက်ယှက်နေသည်ကို တွေ့လိုက်ရသည်တွင် ဟောက်ကျန့်ကော်ကလည်း မြန်မြန်ပြောလိုက်လေသည်။ "ဒါရိုက်တာမာ ပြန်ထိုင်လိုက်ပြီးတော့ ကိုယ့်ဟာကိုယ် အပူပေးစက်နားမှာ နွေးသွားအောင် လုပ်လိုက်ပါဦး။ အအေးမမိပါစေနဲ့"
ကလေးမက ဒေါသကြီးသည်ကို သူသည် တွေ့နေရ၏။ သူမ ဒေါသထွက်လာခဲ့လျှင် သူ့အတွက်လည်း ကောင်းတော့မည် မဟုတ်ချေ။
ဟောက်ကျန့်ကော် စကားပြောပြီးသွားသည့်နောက် မာရှို့အယ်ကလည်း ဘာမှထပ်မပြောတော့ပေ။ သူမက ရှမြန်ကို ဒေါသတကြီး ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာပေါ်နှင့် ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည်ရေများနှင့် လက်ဖက်ခြောက်အရွက်များကို အလောတကြီး ရှင်းထုတ်လိုက်လေသည်။
ဟောက်ကျန့်ကော်က ရှမြန်ကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်၏။
"ကလေးမလေးက တကယ်အံ့ဩဖို့ကောင်းတာပဲ။ ဒါက ငါ့ကောင်လေးအမှားဆိုတာ ဦးလေး သိပါတယ်။ ဒါပေမဲ့လည်း သူက မကောင်းတဲ့ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ သူက ဒီအတိုင်း မင်းကို စနောက်ချင်တာပါ။ ဦးလေးက သူ့ကိုယ်စား ကလေးမကို တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးလို့ရမလား"
"သူက ၁၇နှစ်ပဲ ရှိသေးတာလေ။ တကယ်လို့ သူ့မှာ မှုခင်းမှတ်တမ်းတစ်ခုရှိသွားရင် သူ့ဘဝကလည်း ပျက်စီးသွားလိမ့်မယ်" ဟောက်ကျန့်ကော်သည် စကားပြောကောင်းသူဖြစ်သည်မှာ သိသာ၏။
"အတန်းဖော်လေး ကျေးဇူးပြုပြီးတော့ ဒီတစ်ကြိမ်တော့ သနားစရာကောင်းတဲ့မိဘအတွက် သူ့ကိုခွင့်လွှတ်ပေးပါနော်။ နောက်ဆိုရင် ဦးလေးက သူ့ကိုသေချာပေါက် တင်းကျပ်ပြီး ဆုံးမပါမယ်။ ဒီလိုတူညီတဲ့ကိစ္စမျိုး မကျူးလွန်အောင် သေချာပေါက် လုပ်ပေးပါ့မယ်"
"ဟုတ်ပါတယ်။ ဦးလေးက ကလေးမကို အချည်းအနှီး ဒုက္ခခံစားရအောင် မလုပ်ပါဘူး။ ဦးလေးက စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့အတွက် လျော်ကြေးပေးမှာပါ။ ၅..."
ရှမြန်က ဖြတ်ပြောလိုက်သည်။ "သန်း၅၀လား"
ဟောက်ကျန့်ကော်မှာ နင်သွားတော့သည်။ မာရှို့အယ်က မနေနိုင်တော့ဘဲ ဝင်ကာသရော်လိုက်၏။
"သန်း၅၀ နင်မလို့ ပြောရဲတယ်နော်။ စားပို့နင့်သေမှာ မကြောက်ဘူးလား"
ရှမြန်က သူတို့နှင့် အချိန်ဖြုန်းဖို့ရန် အလွန်မှငြီးငွေ့လာသဖြင့် တိုက်ရိုက်သာပြောလိုက်တော့သည်။
"ဦးလေး ဦးလေး အထင်လွဲနေတာထင်တယ်။ ကျွန်မက ရဲစခန်းကို ဖုန်းခေါ်ခဲ့ပေမယ့်လည်း ဒီအမှုကို နောက်ဆုံးဆုံးဖြတ်ချက်ချတဲ့သူက ကျွန်မ မဟုတ်ပါဘူး"
"အဲဒီတုန်းက အခြေအနေကို သေသေချာချာလေး မှတ်တမ်းတင်ထားတဲ့ရဲဌာနက ဒီအမှုကို ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ ဦးလေးအနေနဲ့ ကျွန်မကို လာရှာစရာ အကြောင်းမရှိပါဘူး။ ကျွန်မက လုပ်သင့်တဲ့အရာကို လုပ်ခဲ့တာပါ။ ကျွန်မက ဘာတောင်းပန်စကား ဘာလျော်ကြေးမှလဲ မလိုအပ်ပါဘူး"
ဟောက်ကျန့်ကော်၏ မျက်နှာမှာ ညိုမည်းသွားတော့သည်။ "ကလေးမ အဲဒီလောက်အထိ ယုံကြည်ချက် ရှိမနေပါနဲ့။ ငါကစကားတစ်ခွန်းနဲ့ ငါ့သားကို ကယ်တင်နိုင်ပါတယ်။ ရန်သူလုပ်မယ့်အစား မိတ်ဆွေတွေ လုပ်ရအောင်ပါ။ ဟုတ်ပြီလား"
"ငါ့သားက ရာဇဝတ်မှုမှတ်တမ်းတစ်ခု ရှိခဲ့တယ်ဆိုရင်တောင် သူက ရက်ပိုင်းလောက်ပဲ အချုပ်ထဲမှာ နေရမှာပါ။ မင်းက ဒီနေရာမှာ ကျောင်းလာတက်နေတာဆိုတော့ မင်းမိသားစုကလည်း ဒီအနီးအနားမှာပဲ ရှိရမယ်။ မင်းက မင်းမိသားစုရဲ့ စားဝတ်နေရေးအခြေအနေကို တိုးတက်အောင် ယွမ်၅၀၀၀ကို ယူထားလိုက်ပါ။ နောက်ဆိုရင် ငါ့သားက ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ မင်းမိသားစုကို စိုက်ကြည့်နေတာထက်စာရင်တော့ ပိုကောင်းတာပေါ့"
"ရှင်က ကျွန်မကို ခြိမ်းခြောက်နေတာလား" ရှမြန်က ပြောလိုက်သည်။
ဟောက်ကျန့်ကော်၏မျက်လုံးများသည် မှေးမှိန်သွား၏။ သို့သော်ငြားလည်း သူက ပြုံးကာ ပြောလိုက်လေသည်။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါက မင်းကို ဒီအတိုင်း အမှန်တရား ပြောပြတာပါ။ ငါတို့ဟောက်မိသားစုက ဒီနေရာမှာ သြဇာအာဏာတချို့ရှိတယ်လေ။ ငါတို့တွေ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု လုပ်ထားနိုင်ရင် ပိုကောင်းလိမ့်မယ်"
ရှမြန်က ပြောလိုက်၏။ "အားတော့နာပါတယ်။ ကျွန်မ ဒါတွေ မလိုဘူး"
သူမက စိတ်မယိမ်းမယိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဟောက်ကျန့်ကော်က သူမကိုဒေါသဖြင့် ကြည့်လိုက်လေသည်။ "ကလေးမ ငါတို့တွေဒီကိစ္စကို တိုင်ပင်ပြီးဖြေရှင်းလို့ရမယ်လို့ ထင်ပါတယ်။ မင်းဘယ်လိုထင်လဲ"
ရှမြန်က မေးလိုက်၏။ "ရှင်က ကျွန်မရဲ့ထွက်ဆိုချက်ကို ပြောင်းလဲပြီး ရှင့်သားက ဒီအတိုင်း လူဆိုးလေးပါလို့ ပြောစေချင်နေတာပေါ့ ဟုတ်လား"
"ဒါပေမဲ့ အသံသွင်းစက်ထဲမှာ ဖြစ်ပျက်သွားတဲ့ကိစ္စတွေက သက်သေအနေနဲ့ ရှိနေပြီးသား။ တကယ်လို့ ရှင် ကျွန်မကို ကျွန်မရဲ့ထွက်ဆိုချက်ကို ပြောင်းလဲခိုင်းမယ်ဆိုရင် ရှင်က ကျွန်မကို လုပ်ကြံထွက်ဆိုချက်ပေးဖို့ ဖိအားပေးနေတာပဲ။ ဒါက ရာဇဝတ်မှုတစ်ခုပဲလေ"
"ယွမ်၅ထောင်လေးနဲ့များ ကျွန်မက ကျွန်မကိုဒုက္ခပေးချင်နေတဲ့ တစ်စုံတစ်ယောက်အတွက် ကိုယ့်ဟာကိုယ် အပြစ်သားတစ်ယောက်ဖြစ်အောင် ပြောင်းလဲလိမ့်မယ်လို့ ရှင်က ဘာလို့ထင်နေတာလဲ" ရှမြန်သည် ဟောက်ကျန့်ကော်၏မျက်လုံးကို သေသေချာချာကြည့်လိုက်ပြီး" ရှင်သာဆိုရင်ရော အဲဒီလိုလုပ်မှာတဲ့လား"
ဟောက်ကျန့်ကော်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည်။ "ကလေးမလေးက လောကကြီးကို တွေ့ဖူးခဲ့တယ်ထင်တယ်။ သူကယွမ်၅၀၀၀ကို အရမ်းနည်းနေတယ်လို့ ထင်နေတာကိုး။ ဒါဆိုရင်လည်း မင်းကငါ့ကို ဘယ်လောက်ပေးစေချင်လဲ ပြောလိုက်ပါ"
ဆရာမီသည် မျက်မှောင်ကြုတ်လိုက်ပြီး ရှမြန်ရှေ့တွင်ရပ်ကာ ပြောလိုက်လေသည်။
"ဟောက်ကျန်းအဖေ ရှမြန်က အဲဒီသဘောမျိုး ပြောတာမဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမြန်ကို လာတောင်းဆိုနေလို့လည်း အသုံးမဝင်ပါဘူး။ ခင်ဗျားက ရှေ့နေတစ်ယောက် ငှားရမ်းပြီး ရဲဌာနကို ဖုန်းခေါ်လိုက်သင့်တာပါ"
"ကျွန်တော်က ရှေ့နေတစ်ယောက်ကို ငှားရမ်းပြီးပါပြီ" ဟောက်ကျန့်ကော်သည် ဘာမှမတတ်သာတော့သလို ဆရာမီကို ပြောလိုက်၏။
"ဆရာမီ ကလေးတွေက နုံအလှပါတယ်။ ဆရာကရော ဘာဖြစ်လို့အဲဒီလောက်အထိ နုံအနေတာလဲ"
သူက သက်ပြင်းချကာ ပြောလိုက်၏။ "ဒီကိစ္စကိုဆွေးနွေးဖို့ သူ့အစ်ကိုရောက်လာတဲ့အချိန်ထိ စောင့်လိုက်ကြရင် ဘယ်လိုလဲ။ သူ့အစ်ကိုက သူ့ထက်တော့ ပိုပြီးစဉ်းစားတတ်မယ်လို့ ကျွန်တော် ထင်တယ်"
ရှမြန်က ဆရာမီ၏နောက်တွင် ခေါင်းကိုစောင်းလိုက်ကာ "ဦးလေး ရှင်က ကျွန်မကို ဘယ်လောက်ပေးချင်လို့လဲ။ ရှင့်မှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဆိုတာကို ကျွန်မ အရင်မေးရမယ်"
ဟောက်ကျန့်ကော်မှာ သူ၏စိတ်ရှည်မှုများ လုံးဝပျောက်ဆုံးသွားတော့သည်။
"အခုငါ့မှာ ယွမ်၂သန်းရှိတယ်။ ငါ မင်းကို ဒါတွေအားလုံး ပေးလိုက်မယ်။ မင်းလက်ခံရဲ့လား"
"ယွမ်၂သန်း ဟုတ်လား"ရှမြန်က မျက်နှာကိုမဲ့လိုက်ပြီး "ကျွန်မကတော့ ဒါကိုများတယ်လို့ လုံးဝမထင်ပါဘူး"
မာရှို့အယ်က ပြောလိုက်သည်။ "သူက ဆင်းရဲသားလေးတစ်ယောက်ပဲ။ ဒါပေမဲ့ သူက အရမ်းကို မောက်မာနေတာ။ နင့်ရဲ့အစ်ကိုလာတဲ့အချိန်ကျမှ သူ့ကိုလက်မခံရင် နင် အရှက်ကွဲရလိမ့်မယ်နော်"
ရှမြန်က မျက်စောင်းထိုးလိုက်ပြီး စကားပြောတော့မည်ပြင်လိုက်စဉ်တွင် သူမအိတ်ကပ်ထဲကဖုန်းက ရုတ်တရက် မြည်လာလေသည်။
...