အပိုင်း(၁၁၉)
Vol. 8 Ch. 119
ရှမြန်သည် ဟောက်ကျန်းနှင့် တခြားသူများ၏အစီအစဉ်ကို ကြားခဲ့ပြီးသည့်နောက်တွင် ရဲစခန်းသို့ ဖုန်းခေါ်ရ လွယ်ကူစေရန်အတွက် နဥ်ရှောက်ယွင်၏ ဖုန်းကို ငှားရမ်းထားခဲ့ခြင်းဖြစ်သည်။
နဥ်ရှောက်ပိုင်က ထိုနေ့က သူမကို ရဲစခန်းတွင် လာကြိုပြီးသည့်နောက်တွင် နောက်ပိုင်း ဖြစ်ပျက်လာသည့်ကိစ္စများကို စိုးရိမ်သည့်အတွက် သူက သူမကို ဖုန်းအရင်ယူထားခိုင်းခြင်း ဖြစ်လေသည်။
သူမက ခေါ်ဆိုသူနာမည်ကို လှမ်းကြည့်လိုက်ပြီး ဖုန်းဖြေသည့်ခလုတ်ကို နှိပ်လိုက်၏။
နဥ်ရှောက်ပိုင်၏အသံက ထွက်လာ၏။ "ငါ မင်းကျောင်းကို ရောက်နေပြီ ဘယ်မှာလဲ"
ရှမြန်မှာ အခိုက်အတန့် မှင်တက်အံ့သြသွားပြီး"ရှင် အလုပ်များနေတာ မဟုတ်ဘူးလား"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "အင်း ငါ အခုလေးတင်ပဲ ခွဲခန်းထဲကထွက်လာတာ။ ရုံးခန်းထဲကိုတောင် မရောက်ခဲ့ဘူးလေ။ အခု ငါအထက်တန်းကျောင်းရုံးခန်းထဲမှာ ရောက်နေပြီ။ ငါ ဘယ်ကိုလာရမှာလဲ"
ရှမြန်က ပြောလိုက်သည်။ "ဒုတိယထပ် အရှေ့ဘက်အစွန်ဆုံးမှာရှိတဲ့ အစည်းအဝေးခန်းမှာပါ"
"စောင့်နေ ငါ ခဏနေရောက်တော့မယ်"
ရှမြန်က သူမ၏ဆဲလ်ဖုန်းကို ထုတ်လိုက်သည့်အချိန်တွင် ဟောက်ကျန့်ကော်၏မျက်နှာမှာ လေးနက်သွားတော့သည်။ သူသည် ဒီပစ္စည်းကို တစ်ကြိမ်တစ်ခါသာ တွေ့ခဲ့ဖူးပြီး ဒါကလည်း သူ့သူဌေးကြီး၏ လက်ထဲတွင်သာ ဖြစ်သည်။
အဓိကအချက်မှာ သူ့သူဌေးက ထိုဆဲလ်ဖုန်းကို အသုံးပြုဖို့ရန် တွန့်တိုနေတတ်ပြီး သူက ထိုဆဲလ်ဖုန်းကို သူ၏ အထက်လူကြီးဆီသို့ ပို့ပေးရမည်ဟု ပြောခဲ့ဖူးသည်။
လက်ရှိတွင်နိုင်ငံထဲ၌ ထို ဆဲလ်ဖုန်းပုံစံ အခု၁၀၀ကျော်သာ ရှိသည်ဟုပြောသည်။ မှောင်ခိုစျေးထဲတွင် ဆဲလ်ဖုန်းတစ်ခု၏ တန်ကြေးမှာ ယွမ်၁သိန်းကျော်၏။ သူက ဆဲလ်ဖုန်းတစ်ခုကိုရရှိဖို့ရန် တစ်စုံတစ်ယောက်ကို ရှာခိုင်းမည်ဟုပင် စဉ်းစားထားသေးသည်။ သို့သော်ငြားလည်း ဒီကလေးမလေးက ထိုဆဲလ်ဖုန်းကို အလွယ်တကူ ထုတ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဟောက်ကျန့်ကော်သည် လိုက်လျောညီထွေရှိလှပြီး ဖော်ဖော်ရွေရွေဖြင့် ပြုံးပြလိုက်၏။ "ကြည့်ရတာ ငါက လူကြီးလူကောင်းတစ်ယောက်ကို မမှတ်မိခဲ့တာပဲ ထင်တယ်။ ကလေးမ မင်းရဲ့အစ်ကိုက ဘာလုပ်တာလဲ"
ရှမြန်သည် သူ၏အမူအရာကို အမှန်ပင် ရွံရှာလှသဖြင့် သူ့ကိုဒီအတိုင်း လျစ်လျူရှုထားလိုက်၏။
ငါ့မှာ နဥ်ရှောက်ပိုင်ကို တကယ် ဒုက္ခမပေးချင်ပါဘူး။ ဒါပေမဲ့ အခုတော့ သူပေါ်လာမှာကိုပဲ တော်တော်လေး မျှော်လင့်နေမိပြီ။
ဒေါက်တာနဥ်က သူ့အရောင်အဝါကို အပြည့်အဝထုတ်ပြလိုက်ရင် အရမ်းကို အင်အားကြီးနေဦးမှာလေ။
ဟောက်ကျန့်ကော်သည် ဒေါသမထွက်ခဲ့ချေ။ သူက ကိုယ်ကိုလှည့်ပြီး ရှမြန်အကြောင်းကို သွယ်ဝိုက်စွာဖြင့် ဆရာမီအား မေးလိုက်၏။
သူ့သဘောထား ပြောင်းလဲပုံက အလွန်မှသိသာလွန်းသည့်အတွက် အားလုံးမှာ တအံ့တဩ ဖြစ်သွားလေသည်။ မာရှို့အယ်က ရှမြန်ကို စူးစမ်းသလို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်လုံးများကို စွေစောင်းထားလိုက်၏။
ခဏအကြာတွင် အစည်းအဝေးခန်းမတံခါးတွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြီး ဆရာမီက မြန်မြန်ပြောလိုက်လေသည်။ "ဝင်လာခဲ့ပါ"
အရပ်မြင့်မြင့်ချောမောလှပသည့် လူငယ်တစ်ယောက်သည် တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ သူသည် သိုးမွှေးကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသဖြင့် သူ၏ခန္ဓာကိုယ်က သွယ်လျနေသယောင် ရှိ၏။ သူ့မျက်နှာသည် အေးစက်နေကာ "ငါက မင်းတို့တွေ လာရှုပ်လို့ရတဲ့သူ မဟုတ်ဘူး"ဟူသည့်စကားကို ရှင်းရှင်းလင်းလင်း ထုတ်ပြနေသည့်ဟန်ဖြစ်သည်။
ဆရာမီမှာ ရုတ်တရက်ဆိုသလို မှင်တက်အံ့သြသွားတော့သည်။ ဒီလေးစားဖွယ်ကောင်းသည့် မျက်နှာကြောင့်သာ မဟုတ်လျှင် ဒီလိုခပ်တန်းတန်းနေတတ်သည့် လူငယ်လေးတစ်ယောက်သည် ထိုနေ့က ရဲစခန်းတံခါးရှေ့တွင် တွေ့ခဲ့ဖူးသည့်သူနှင့် တစ်ယောက်တည်း ဟုတ်ပါလေစဟု သံသယဖြစ်မိပေလိမ့်မည်။
"ဟာ ဒါက ရှမြန်ရဲ့အစ်ကိုလား" အခိုက်အတန့် အထိတ်တလန့်ဖြစ်သွားပြီးသည်နောက် ဟောက်ကျန့်ကော်သည် ချက်ချင်းဆိုသလို သူ့ထိုင်ခုံမှထလာကာ နဥ်ရှောက်ပိုင်ကို တလေးတစား နှုတ်ဆက်လိုက်လေသည်။ "တကယ့်ကို ချောမောလှတဲ့သူပဲ။ ကျွန်တော်က ဟောက်ကျန်းရဲ့အဖေ ဟောက်ကျန့်ကော်ပါ"
နဥ်ရှောက်ပိုင်က သူ့နှုတ်ဆက်စကားကို လျစ်လျူရှုထားပြီး အသာအယာသာ ခေါင်းညိတ်လိုက်လေသည်။
သူက ရှမြန်ဆီသို့ လျှောက်သွားလိုက်ပြီးနောက် ဆရာမီကိုပြောလိုက်၏။ "ဆရာ ရှမြန်မှာ ဘာကိစ္စရှိလို့လဲ"
ဆရာမီက ကူးကယ်ရာမဲ့သွားသလို ဟောက်ကျန့်ကော်ကို လှမ်းကြည့်လိုက်သည်။ ရှမြန်ကလည်း ဆရာမီအတွက် စကားပြောဖို့ရန် ခက်ခဲနေသည်ကို သိလိုက်၏။ ထိုကြောင့် သူမက တိုက်ရိုက်သာ ပြောလိုက်လေသည်။ "ဟောက်ကျန်းရဲ့အဖေက ပြောတယ်လေ။ သူက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ငါ့ကို ယွမ်၅၀၀၀ပေးမယ်တဲ့။ ပြီးတော့ သူ့သားအတွက်လည်း လုပ်ကြံထွက်ဆိုချက် ပေးခိုင်းနေတယ်။ သူ့သားက ငါ့ကိုဒီအတိုင်းသဘောကျလို့ စနောက်ချင်တာ။ ငါ့ကိုနိုက်ကလပ်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ဖိအားပေးဖို့မရည်ရွယ်ဘူးလို့ ပြောနေတယ်"
နဥ်ရှောက်ပိုင်က ဟောက်ကျန့်ကော်ကို မျက်နှာသေဖြင့်ကြည့်လိုက်ပြီး "ကျွန်တော်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် ခင်ဗျားကို ယွမ်၁သိန်းပေးပြီးတော့ ခင်ဗျားရဲ့သားကို သူအရွယ်ရောက်တဲ့အထိ ထောင်ထဲမှာနေခိုင်းမယ်ဆိုရင်ရော"
ဟောက်ကျန့်ကော်၏မျက်နှာမှာ ပြောင်းလဲသွားပြီး သူက မြန်မြန်ဆန်ဆန်အော်ရယ်ကာ ပြောလိုက်လေသည်။ "ကျွန်တော်က ကလေးကို ဒီအတိုင်း ရယ်စရာပြောလိုက်တာပါ။ ကျွန်တော့်သားက မိန်းကလေးကို အပြစ်လုပ်ခဲ့တယ်ဆိုတာကိုလည်း ကြားခဲ့ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်က ဒီနေရာကိုလာပြီး တောင်းပန်တာပါ"
"မလိုပါဘူး" နဥ်ရှောက်ပိုင်က ရွံရှာမှုတချို့ဖြင့် ပြောလိုက်ပြီးနောက် ခေါင်းငုံ့ကာ ရှမြန်ကို မေးလိုက်လေသည်။ "မင်း ဒါကို ဘယ်လိုဖြေရှင်းချင်လဲ"
ဟောက်ကျန့်ကော်သည် ဒီအခိုက်အတန့်တွင် အလွန်မှလန့်ဖျပ်သွားတော့သည်။ သူသည် ရှမြန်၏ရက်စက်မှုကို စဉ်းစားမိသွားသည့်အချိန်တွင် တစ်ဖက်လူသည် မတုံးအသလို ယုံကြည်ချက်ရှိနေသည်ကို ချက်ချင်းသဘောပေါက်သွား၏။
သူကလည်း ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားဖြင့် ပြောလိုက်လေသည်။ "ကျွန်တော် ရုတ်တရက် ဆန်သွားတာပါ။ ကျေးဇူးပြုပြီးတော့ ဒီလိုလုပ်လိုက်ပါ။ ကျွန်တော်တို့တွေရဲဌာနနဲ့ ကျောင်းကဆုံးဖြတ်ချက်ချတဲ့အတိုင်း လိုက်နာပါ့မယ်"
"ကျွန်တော့်သားနဲ့ ကျွန်တော်ကလည်း ရှမြန်ရဲ့ရှေ့မှာ ဘယ်တော့မှထပ်ပေါ်မလာပါဘူးလို့ ကတိပေးပါတယ်။ ဘယ်လိုလဲ"
နဥ်ရှောက်ပိုင်က ရှမြန်ကိုကြည့်လိုက်သည်။
ရှမြန်ကလည်း ခေါင်းညိတ်ပြလိုက်၏။ ဖြစ်နိုင်မယ်ဆိုရင် ဒီလိုလူဆိုးတွေနဲ့ မပတ်သက်တာ အကောင်းဆုံးပဲလေ။
ဟောက်ကျန့်ကော်သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး နဉ်ရှောက်ပိုင်ကို ပြုံးပြလိုက်၏။ "တွေ့တယ်မဟုတ်လား။ ကျွန်တော်တို့တွေက ရန်ဖြစ်ပြီးသွားတော့ အသိမိတ်ဆွေတွေ ဖြစ်သွားကြတယ်။ ကျွန်တော် မင်းတို့ကို ထမင်းတစ်နပ်လောက်ဖိတ်ကျွေးချင်လို့ မိုးပြာစားသောက်ဆိုင်မှာ စားပွဲတစ်လုံးစာ မှာထားလိုက်မယ်လေ။ ဒီနေ့ ကလေးတွေကို ခြောက်လှန့်မိတဲ့အတွက် တောင်းပန်ချင်လို့ပါ။ ဒါက ကျွန်တော်ရဲ့ တကယ့်စေတနာပါ"
"မလိုပါဘူး" နဉ်ရှောက်ပိုင်က လက်ကိုမြှောက်လိုက်ကာ နာရီကိုကြည့်လိုက်ပြီး ဆရာမီကို ပြောလိုက်လေသည်။ "အခုကိစ္စကို ဖြေရှင်းပေးသွားပြီဆိုတော့ ကျွန်တော် အရင်ဆုံး ပြန်သွားလိုက်ပါဦးမယ်။ ရှမြန်ရဲ့ကိစ္စကိုတော့ ဆရာ့ကိုပဲ ဒုက္ခပေးရပါတော့မယ်"
ဆရာမီမှာ ဒီကိစ္စကို စကား၁ခွန်း၊ ၂ခွန်းလောက်ဖြင့် ထိုမျှလောက်အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ အူကြောင်ကြောင်လေးဖြင့် ပြန်ဖြေလိုက်လေ၏။ "ဪ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"
ဟောက်ကျန့်ကော်က ချက်ချင်းပြောလိုက်သည်။ "ကျွန်တော် ရှမြန်ရဲ့အစ်ကိုကို လိုက်ပို့ပေးပါမယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ကားပါလာတယ်လေ။ ခင်ဗျားကို လိုက်ပို့ပေးပါ့မယ်"
နဥ်ရှောက်ပိုင်က မငြင်းရသေးခင်မှာပင် သူ့ဘေးက ရန်လိုနေသည့် အမျိုးသမီးတစ်ယောက်အသံကို ကြားလိုက်ရ၏။ "ရှမြန်အစ်ကို"
မာရှို့အယ်သည် ရှေ့သို့ လှမ်းထွက်လာပြီး သူမ၏ရှက်ရွံ့နေသည့်အမူအယာကို ထုတ်ပြလိုက်၏။
"ကျွန်မတို့တွေ လူကြီးမင်းဟောက်ရဲ့ကိစ္စကို တိုင်ပင်ပြီးသွားပြီ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ကိစ္စကိုတော့ မတိုင်ပင်ရသေးဘူးနော်"
နဥ်ရှောက်ပိုင်က ရှမြန်ကို လှမ်းကြည့်လိုက်သည်။ ဘာဖြစ်ခဲ့သည်ဆိုသည်ကို သူ မသိသော်ငြားလည်း သူ့ရှေ့ကအခြေအနေက ဒီမိန်းကလေး၏လက်ချက်မှန်းတော့ သိသာနေ၏။
သူက မာရှို့အယ်၏ မေးခွန်းကို ပြန်မဖြေလိုက်ဘဲ ဆွန်းယွဲ့ရှင်းကို တိုက်ရိုက်မေးလိုက်လေသည်။
"ဆွန်းယွဲ့ရှင်းနော် ဟုတ်လား။ ငါ့ကိုပြောပါဦး။ ဒီအမျိုးသမီးက ဘာဖြစ်တာလဲ"
ဆွန်းယွဲ့ရှင်းသည် သူမကို ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် ရှင်းမပြတတ်အောင် ဝမ်းသာသွားတော့သည်။
"သူက ထျန်းရွှယ်ယာရဲ့အမေပါ။ သူက ဒီနေ့ရှမြန်ဆီကို ရောက်လာပြီး ကျွန်မတို့တွေက ထျန်းရွှယ်ယာကို ခြိမ်းခြောက်ခဲ့လို့ သူက ကျောင်းတောင်မလာရဲဘူးလို့ အတင်းပြောနေတာလေ"
"သူက ရှမြန်ကိုလည်း အဖေ အမေမရှိတဲ့သူလို့ ခေါ်သေးတယ်... သူ့သမီးက မှန်တယ်။ ရှမြန်ကအရင်တုန်းက ရဲစခန်းကို ရောက်ခဲ့ဖူးတယ်လို့လည်း ပြောသေးတယ်။ ရှမြန်က အရမ်းစိတ်တိုသွားပြီး... သူက မာရှို့အယ်ကို လက်ဖက်ရည်ခွက်နဲ့ လောင်းချလိုက်တာပဲ"
"သူက လက်ဖက်ရည်ခွက်နဲ့ လောင်းချလိုက်ရုံပဲတဲ့လား" မာရှို့အယ်က ဒေါသတကြီး ပြောလိုက်၏။
"ဆရာမီ လူကြီးမင်းဟောက်တို့လည်း တွေ့ပါတယ်။ ငါက မဖွယ်မရာစကားလေး ၁ခွန်း၊ ၂ခွန်းပဲပြောတာပါ။ ဒီကလေးမကတော့ ငါ့ကို၂ခါတောင်မှ လက်ဖက်ရည်ခွက်နဲ့ လောင်းချခဲ့တယ်လေ"
"သူ ငါ့ကို လက်ဖက်ရည်ခွက်နဲ့ဒုတိယအကြိမ် ပစ်ပေါက်လိုက်တုန်းက ကံကောင်းလို ငါ အရှောင်မြန်လိုက်လို့ပေါ့။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် လူကြီးမင်းဟောက်ရဲ့သားလိုပဲ ငါဆေးရုံရောက်သွားတော့မှာ"
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့တွေ ဘာလုပ်သင့်လဲဆိုတာ ပြောပြပါဦး" မာရှို့အယ်က ကလိမ်ကကျစ်ရုပ်တစ်ခုဖြင့် ပြောလိုက်လေသည်။ "ကျွန်မရဲ့သမီးလေးက ရှင်တို့ ရှမြန်ကြောင့် ခြောက်လန့်ခံခဲ့ရတယ်လေ။ အခု သူ ကျောင်းကိုတောင် မလာရဲတော့ဘူး။ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေရတော့မှာ။ ရှင်တို့တွေက သူ့အနာဂတ် နှောင့်နှေးမှာကို တာဝန်ယူနိုင်လို့လား"
ဟောက်ကျန့်ကော်က ချက်ချင်းပြောလိုက်လေသည်။ "အိုး ဒါရိုက်တာမာရယ် ဒါက ကိစ္စအကြီးကြီးမဟုတ်ပါဘူး" သူက နဥ်ရှောက်ပိုင်ကိုပြုံးကာ ပြောလိုက်လေသည်။ "ရှမြန်ရဲ့အစ်ကို စိတ်မပူပါနဲ့။ ကျွန်တော်ဒီကိစ္စကို ခင်ဗျားအတွက် ဖြေရှင်းပေးပါ့မယ်"
"ဒါရိုက်တာမာက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးလိုချင်တာ မဟုတ်လား။ ယွမ်၅,၀၀၀ မဟုတ်ဘူး။ ၁၀,၀၀၀။ ၁၀,၀၀၀ဆိုရင် လုံလောက်ပြီလား။ ကျွန်တော်ဒီကိစ္စကို တာဝန်ယူပေးပါမယ်"
ဝမ်းသာသွားသည့်ရုပ်တစ်ခုက မာရှို့အယ်၏မျက်လုံးထဲတွင် ဖြတ်ခနဲလက်သွားလေသည်။
နဥ်ရှောက်ပိုင်က ဟောက်ကျန့်ကော်ကို ဂရုမစိုက်သလိုလှမ်းကြည့်လိုက်ပြီး "ကျွန်တော်တို့ကလေးက ဘာအမှား လုပ်ခဲ့လို့လဲ။ သူ့အမှားကိုဝင်ခံဖို့ ခင်ဗျားအလှည့် ရောက်လာသေးလို့လား"
ဟောက်ကျန့်ကော်သည် သူ၏ မြှောက်ပင့်နေမှုက သူ၏ခြေထောက်ကို လာရောက်ထိမှန်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ့မှာအခိုက်အတန့် အေးခဲသွားတော့သည်။
မာရှို့အယ်ကလည်း မျက်မှောင်ကြုတ်လိုက်၏။ "ရှင်က ဘာအဓိပ္ပာယ်လဲ သူက ကျွန်မကို ရိုက်ခွင့်ရှိတယ်တဲ့လား"
နဉ်ရှောက်ပိုင်က သူမကို လုံးဝကို လျစ်လျူရှုထားကာ ခေါင်းငုံ့ပြီးရှမြန်ကို မေးလိုက်လေသည်။
"ကောလာဟလတွေကို ဖြန့်ခဲ့တာ သူ့သမီးလား"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က ကပျာကယာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ သူ့သမီးထျန်းရွှယ်ယာလေ"
ထို့နောက်တွင် နဥ်ရှောက်ပိုင်က မာရှု့အယ်ကို ကြည့်လိုက်ပြီး "ဒါဆိုရင် ခင်ဗျားရဲ့သမီးက အရမ်းကို သနားစရာကောင်းတယ်လို့ ကျုပ်တော့ ထင်တယ်။ သူ့အတွက် အဖေ၊ အမေ မရှိတာက ပိုပြီးတော့တောင် ကောင်းလိမ့်ဦးမယ်။ အနည်းဆုံးတော့ အဖေ၊ အမေ မရှိရင် သူကောင်းကောင်းလေး ကြီးပြင်းလာနိုင်တယ်လေ"
ကဲ လာပါပြီ။ နဥ်ရှောက်ပိုင်ရဲ့ အဆိပ်ရှိတဲ့လျှာပေါ့။
"ရှင်" မာရှို့အယ်၏မျက်နှာသည် ပြောင်းလဲသွားပြီး နဥ်ရှောက်ပိုင် ဆက်ပြောသည့်စကားကို ကြားလိုက်ရ၏။
"ခင်ဗျား ကျွန်တော့်ကို သတိပေးလိုက်တာပဲ"
"ခဏနေကျရင် ကျုပ် ရှေ့နေတစ်ယောက်ကို ငှားပြီး ခင်ဗျားနဲ့ ခင်ဗျားရဲ့သမီးကို အသရေဖျက်မှုအတွက် တရားစွဲရလိမ့်မယ်။ ဟောက်ကျန်းနဲ့ သူ့လူတွေကိစ္စကိုတော့ ဆိုင်းငံ့ထားလို့ရပါသေးတယ်။ ယွမ်၅၀၀၀ဆိုတာ ထျန်းရွှယ်ယာကို ထောင်ထဲပို့ဖို့ ရှေ့နေကောင်းတစ်ယောက် ငှားဖို့အတွက် လုံလောက်တယ်လေ"
"တရားရုံးက ဆင့်ခေါ်မှာကိုပဲ စောင့်နေလိုက်တော့"
မာရှို့အယ်သည် သူမ ရထားသည်ထက်ပိုပြီးတော့ ဆုံးရှုံးရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမမှာ ပျာယာခတ်သွားတော့သည်။ ချက်ချင်းဆိုသလို နဥ်ရှောက်ပိုင်၏လက်ကို လှမ်းဆွဲချင်သွားပြီး
"ရှမြန်အစ်ကို ရှင် ဒီလိုလုပ်လို့ မရဘူးနော်။ ကျွန်မတို့ရှောင်ရွှယ်က ဘယ်လိုလုပ်ပြီး ပြစ်မှုတစ်ခုကျူးလွန်နိုင်မှာလဲ"
နဥ်ရှောက်ပိုင်က သူမ၏လက်ကိုရှောင်လိုက်ပြီး ပြောလိုက်လေသည်။ "ပြစ်မှုတစ်ခုကျူးလွန်ခဲ့တယ်၊ မကျူးလွန်ခဲ့ဘူးဆိုတာကို တရားရုံးကနေပြီး ဆုံးဖြတ်ပေးလိမ့်မယ်။ သူက မှန်တယ်လို့ ခင်ဗျားထင်တယ် မဟုတ်လား။ ဒါဆိုရင်တော့ သူမှန်၊ မမှန်ဆိုတာ တရားရုံးက ဆုံးဖြတ်ပါစေပေါ့"
မာရှို့အယ်မှာ ဆက်ပြီးတော့ မမာထန်နိုင်တော့ချေ။ "ဒါက ကလေးတွေကြားက ရန်ပွဲတစ်ခုပဲ။ ဒီလိုရေးကြီးခွင်ကျယ် လုပ်စရာမလိုပါဘူး..."
နဉ်ရှောက်ပိုင်သည် သူမနှင့်ထပ်ပြီး အငြင်းမပွားချင်တော့ချေ။ ထိုကြောင့် သူက ဆရာမီကို ချက်ချင်းနှုတ်ဆက်လိုက်၏။ ထွက်မသွားခင် သူသည် မနေနိုင်တော့ဘဲ ရှမြန်၏နဖူးကို လှမ်းတောက်လိုက်ကာ သူမကို အဓိပ္ပာယ်ပါပါနှင့် ပြောလိုက်လေသည်။ "စာကြိုးစား"
ဟောက်ကျန့်ကော်ကတော့ သူ့နောက်မှ အလောတကြီး လိုက်ပြေးသွားတော့၏။ "ဟေး ရှမြန်ရဲ့အစ်ကို အတူတူသွားကြမယ်လေ..."
မာရှို့အယ်ကလည်း နောက်မှအလောတကြီး လိုက်သွားလေသည်။ "သူဌေးဟောက် စောင့်ပါဦး။ ရှမြန်ရဲ့အစ်ကို"
သိက္ခာကျသွားသည့် အခြေအနေထဲ ရောက်သွားသည့် လူ၂ယောက်ကိုလှမ်းကြည့်လိုက်ပြီး "ဟွန့် အဲဒါနဲ့ပဲ တန်တယ်"
လီလီကျန်းကတော့ သူမ၏မျက်နှာပေါ်တွင် ရူးသွပ်နေသည့်အကြည့်တစ်ခုဖြင့် ပြောလိုက်လေသည်။
"ဘုရားရေ ရှမြန် နင့်အစ်ကိုက အရမ်းချောတာပဲ"
"အဲဒီနေ့တုန်းက သူ ဘယ်လောက်အထိ မိမိုက်တယ်ဆိုတာကို ငါ ဘာဖြစ်လို့ မသိလိုက်တာလဲ။ ခုနတုန်းက သူဝင်လာတုန်းက ငါအသက်တောင် မရှူနိုင်တော့ဘူး"
ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။ "ဟုတ်ပါ့ ငါက ဒီကိစ္စကို အချိန်တစ်ခုတော့ ယူရတော့မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ နင့်အစ်ကို ရောက်လာတာ ၅မိနစ်တောင် မပြည့်သေးဘူး။ အားလုံးကို ဖြေရှင်းပစ်လိုက်တယ်"
ဆရာမီကလည်း ပြောလိုက်လေသည်။ "မင်းရဲ့အစ်ကိုက ဆရာဝန်တစ်ယောက် မဟုတ်လား။ ဟောက်ကျန့်ကော်က ဘာဖြစ်လို့ အဲဒီလောက်အထိ မြှောက်ပင့်နေတာလဲ"
"သူက ဆရာဝန်တစ်ယောက်ပါ" ရှမြန်သည် သူမ၏စိတ်ထဲတွင် ဂုဏ်ယူသွားသည့်အရိပ်အယောင်တစ်ခု ခံစားလိုက်ရပြီး "သူက နိုင်ငံခြားမှာကျောင်းတက်ခဲ့တဲ့ PHD ကျောင်းသားတစ်ယောက်လေ။ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အပြင် သူ့မှာ တချို့အထင်ကြီးစရာကောင်းတဲ့ အရံအလုပ်တွေလည်း ရှိသေးတယ်လေ။ ဟားဟား"
ဆွန်းယွဲ့ရှင်းက စပ်စုကာ မေးလိုက်တော့သည်။ "နင့်ရဲ့ဖုန်းကရော။ နင့်ဖုန်းကိုတွေ့လိုက်ပြီးတာနဲ့ ချက်ချင်း ဟောက်ကျန့်ကော်ရဲ့သဘောထားက ချက်ချင်းပြောင်းလဲသွားတာနော်"
ရှမြန်က အများကြီးမပြောတော့ဘဲ ဒီအတိုင်းသာ ပြောလိုက်လေသည်။ "ဒါကို ရဲဌာနကိုဖုန်းခေါ်ဖို့ ငှားထားတာပါ။ နောက်တစ်ရက်ကျရင် ငါ ဒါကိုပြန်ပေးရမှာ။ ဒါတွေ ဖြစ်သွားမယ်လို့ ဘယ်သူကသိမှာလဲ"
ယနေ့ခေတ်တွင် မိုဘိုင်းလ်ဖုန်းများသည် ဂိမ်းများလည်းမပါသလို တခြားဖန်ရှင်များလည်း မရှိချေ။ ထို့ကြောင့် အထက်တန်းကျောင်းသူများအတွက် ဆွဲဆောင်မှုမရှိပေ။ ဆွန်းယွဲ့ရှင်းနဲ့ လီလီကျန်းတို့ကတော့ ထိုဖုန်းအကြောင်းကို ကြားရုံသာကြားဖူးလေသည်။
ဆရာမီကလည်း ဂရုမစိုက်ချေ။ သူက သူ့ကျောင်းသူများကိုသာ ဂရုစိုက်လေသည်။ "ရှမြန် နင့်အစ်ကိုက ထန်းရွှယ်ယာကို တကယ်ပဲ တရားစွဲမှာလား"
ရှမြန်က သူမ၏ခေါင်းလေးကို စောင်းကာ ပြောလိုက်၏။ "ကျွန်မအိမ်ပြန်ရောက်သွားရင် သူ့ကို နားချလိုက်ပါမယ်။ ထျန်းရွှယ်ယာနဲ့ သူ့အမေက ကျွန်မကို ထပ်ပြီး မနှောင့်ယှက်တော့ရင်တော့... အဓိကကတော့ သူ့အမေက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်လေ"
"တကယ် စိတ်ပျက်ဖို့ကောင်းပါတယ်" ဆရာမီကလည်း ခါးခါးသီးသီး ပြုံးကာ သက်ပြင်းချလိုက်လေသည်။
"ဒါပေမဲ့ သူတို့တွေက အခုလောက်ဆိုရင်တော့ အဲဒီလိုမလုပ်ရဲလောက်တော့ပါဘူး"
"ဟုတ်ပါပြီ နင်တို့တွေ အတန်းထဲကို ပြန်ကြတော့"
ဒုတိယထပ်မှဆင်းလာပြီး ဆရာမီ၏မမြင်ကွယ်ရာသို့ ရောက်လာသည်တွင် ဆွန်းယွဲ့ရှင်းက ဒေါသတကြီးပြောလိုက်လေသည်။ "သူတို့တွေကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား"
ရှမြန်က မေးလိုက်၏။ "ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
"ဒီလိုလူတွေက သင်ခန်းစာတစ်ခုတော့ ပေးသင့်တယ်လေ"
ဆွန်းယွဲ့ရှင်းသည် ချက်ချင်းဆိုသလို သူမ၏အင်္ကျီလက်ကိုလိပ်တင်ပြီး ပြောလိုက်လေသည်။
"ပြောစမ်းပါဦး။ နင့်ရဲ့အစီအစဉ်က ဘာလဲ"
ရှမြန်က ပြောလိုက်သည်။ "ဘုရားစျေးပွဲမှာတုန်းက ငါ နင်တို့ကိုပြောခဲ့တဲ့ ဝှက်ဖဲတစ်ခု ရှိသေးတယ်ဆိုတာကို မှတ်မိသေးလား"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က အချင်းချင်းကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ "မှတ်မိတယ်လေ"
"နင်တို့တွေ ငါ့ကိုကူညီမှာနော်။ ဟုတ်တယ်မလား"
သူတို့၂ယောက်စလုံးက တစ်ပြိုင်တည်းပြောလိုက်ကြ၏။ "ကူညီမှာပေါ့"
ရှမြန်က သူတို့၏ပုခုံးပေါ်သို့ သူမ၏လက်ကိုတင်လိုက်ကာ ချီးကျူးစကားပြောလိုက်၏။ "ညီအစ်မကောင်းလေးတွေပဲ"
အတန်းထဲသို့ ပြန်ရောက်လာသည်တွင် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် စားပွဲပေါ်က စာလေ့လာမည့်အစီအစဉ်ကို ငေးကြည့်နေကြတော့သည်။
"ဒါက နင့်အစီအစဉ်လား"
"ဒါက နင့်ရဲ့အရံအစီအစဉ်လား"
ရှမြန်က ပြောလိုက်သည်။ "ဒါပေါ့ ဒါက ဒီကောလဟာလကို ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ်လို့ ငါထင်ထားတာလေ။ ဒါပေမဲ့ ဟောက်ကျန်းက ဝင်ပါလာပြီး ကိစ္စက ဒီလောက်ကြီးသွားမယ်လို့ ငါ ထင်မထားခဲ့ဖူးဘူး"
"ဒါပေမဲ့ အခုတော့ ဒါက အသုံးဝင်သေးပါတယ်။ ဒီအစီအစဉ်အရဆိုရင် နှစ်ဝက်စာမေးပွဲ ရောက်လာတဲ့အချိန်ကျရင် ငါတို့အားလုံး ထျန်းရွှယ်ယာထက် သာသွားနိုင်တယ်"
ရှမြန်က သူတို့၏တအံ့တဩအမူအရာအများကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "ဘာဖြစ်လို့လဲ။ ငါက တစ်ယောက်ယောက်ကို သွားပြီးတော့ အသေရိုက်နှက်တော့မှာလို့ နင်တို့တွေထင်နေတာတော့ မဟုတ်ပါဘူးနော်"
သူမက သူမ၏မျက်လုံးများကို ဝိုင်းစက်နေအောင် ပြူးကျယ်ထားလိုက်ပြီး မယုံကြည်စွာဖြင့် ပြောလိုက်လေသည်။
"ငါ့လိုနူးညံ့သိမ်မွေ့တဲ့ နတ်သမီးလေးတစ်ပါးက ရန်ဖြစ်လိမ့်မယ်လို့ နင်တို့က ထင်နေတာလား"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် ခုနက သူတို့သောက်ခဲ့သည့် လက်ဖက်ရည်၂ခွက်ကို ပြန်စဉ်းစားလိုက်မိပြီးနောက် တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြတော့သည်။
ရှမြန်မှာ နားမလည်နိုင်စွာဖြင့်သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားမိ၏။ "ဘယ်လို"
သူတို့၂ယောက်က မြန်မြန်ခေါင်းခါပြလိုက်ပြီး ဒါကအနည်းငယ်ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။
ရှမြန်က ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏။
"ထျန်းရွှယ်ယာက ငါတို့ကို အထင်သေးနေတာ မဟုတ်လား။ ဒါဆိုရင်တော့ ငါတို့က သူ့ခေါင်းကိုတက်စီးပြီး သူ့ကိုပြန်လှည့်လို့မရအောင် လုပ်ပေးရလိုက်လိမ့်မယ်"
"နောက်ပြီးတော့ သူ့ရဲ့ကျောင်းတွင်း ဆောင်ရွက်ချက်တွေအတွက်ကတော့ သူ အခန်း ပြောင်းသွားတယ်ဆိုရင်တောင် ဒီကိစ္စကနေ လွတ်ကင်းနိုင်မှာ မဟုတ်ဘူးလေ။ အခန်းခွဲသွားတာပဲဖြစ်ဖြစ် ကျောင်းပြောင်းသွားတယ်ဆိုရင်တောင်မှ မလွတ်နိုင်ပါဘူး" ရှမြန်သည် သူမ၏ ရဲတင်းလွန်းလှသည့်အဆိုပြုချက်ကို ထည့်သွင်းလိုက်၏။ "ငါတို့တွေ သူ့ကို ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာ အမြဲတမ်းထားထားရလိမ့်မယ်"
"ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားရင် သူနဲ့ သူ့အမေဆီကို ငါတို့ရဲ့ တက္ကသိုလ်တက်ရောက်ခွင့်စာကို မိတ္တူပွားပြီးတော့ ပို့ပေးရမယ်။ ဒါက နင်တို့တွေကို ပိုပြီးခံစားလို့ကောင်းလာအောင် လုပ်ပေးနိုင်တယ်လို့ထင်လား"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်း...
ရက်စက်လိုက်တာ။ တကယ်ရက်စက်တာပဲ။
ဘာဖြစ်လို့လဲတော့ မသိဘူး။ ထျန်းရွှယ်ယာက နည်းနည်းလေး သနားစရာကောင်းလာတယ်လို့ ရုတ်တရက် ခံစားမိနေတယ်။
ရှမြန်က ပြုံးလိုက်ပြီး သူတို့၂ယောက်၏ပုခုံးကို လှမ်းပုတ်လိုက်ကာ ပြောလိုက်လေသည်။
"နင်တို့ပြောခဲ့ဖူးတာ ငါ မှတ်မိနေပါသေးတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် နင်တို့တွေက ငါ့ကိုကူညီပေးမယ်ဆို ဟုတ်တယ်မလား"
"သူ့ကို ငါတစ်ယောက်တည်း ဖိနှိပ်နေရတာ အရမ်းပျင်းဖို့ကောင်းတယ်လေ"
ဆွန်းယွဲ့ရှင်းနှင့်လီလီကျန်း...
အေးပါ။ သူတို့တွေက ထျန်းရွှယ်ယာကို ကိုယ်ချင်းမစာသေးခင် အရင်ဆုံးကိုယ့်ဟာကိုယ်ပဲ စောင့်ရှောက်သင့်ပါတယ်လေ။
...