အပိုင်း(၁၂၀)
Vol. 8 Ch. 120
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က ကျောင်းပိတ်ရက်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြပြီး နေ့ရက်များကို ရေတွက်လာလေသည်။
ကံဆိုးချင်တော့ အထက်တန်းကျောင်းသူများသည် တစ်ပတ်တွင် ၂ရက်အားလပ်ရက်ကို မရရှိနိုင်တော့ပေ။ ရှမြန်ကလည်း တစ်ပတ်တွင် နားရက်၁ရက်သာ ပေးနိုင်လေသည်။
နောက်ဆုံးတော့ တနင်္ဂနွေနေ့ ရောက်ရှိလာ၏။ ရှမြန်သည် ရှားရှားပါးပါး အိပ်ရသည့်အခွင့်အရေး ရလာတော့သည်။ အိပ်ချင်မူးတူးအချိန်တွင် ဂွမ်းစောင်ကလေးကို ဂရုတစိုက် ဆွဲမ,လိုက်သည်ကို သတိထားလိုက်မိပြီး အေးစက်နူးညံ့သည့် အရာဝတ္ထုလေးက သူမ၏ရင်ဘတ်ထဲသို့ လေးဘက်ထောက်ကာ ဝင်လာသည်ကို ခံစားမိလိုက်၏။
သူမက သူမ၏မျက်လုံးများကို မှိတ်ထားကာ ပြုံးလိုက်ပြီးနောက် ခေါင်းကို ငုံ့လိုက်ကာ သူမ၏မေးစေ့လေးနှင့် ကလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "သားက အစောကြီး နိုးနေတာလား"
ရှောင်ဖုန်းက ဝမ်းသာအားရ ပြောလိုက်သည်။
"အန်တီလေးက ကျောင်းကို သွားစရာမလိုဘူးလေ"
"ဟုတ်တယ်။ အန်တီလေးဒီနေ့ ကျောင်းသွားစရာမလိုဘူး။ အန်တီလေးက ရှောင်ဖုန်းနဲ့ တစ်နေ့လုံး အဖော်လုပ်ပေးမှာ"
ရှောင်ဖုန်းသည် သူမ၏ရင်ခွင်ထဲတွင် ဝမ်းသာအားရ လူးလိမ့်နေလေ၏။
တူဝရီး၂ယောက်သည် အိပ်ရာထဲတွင် ခဏလောက် နေလိုက်ပြီးနောက် အပြင်ဘက်က ဆူညံသံတချို့ကို ကြားလိုက်ရသည်။ လတ်လတ်ဆတ်ဆတ် ငါးခုံးများကို လာရောက်ပို့ဆောင်ခြင်းဖြစ်သည်။
ငါတို့နှင့် ငါးအသားလုံးလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းမှာ ငါးအသားသာဖြစ်သည်။ သူတို့မိသားစု၏ ဝယ်လိုအားက ယခုအချိန်တွင် တည်ငြိမ်လာသဖြင့် ရှ၀မ်ယွဲ့က ကုန်သည်ကို ဆက်သွယ်ခဲ့ပြီးနောက် နေ့တိုင်း အချိန်မှန် ပစ္စည်းများကို လာရောက်ပို့ဆောင်ခိုင်းသည်။
လတ်လတ်ဆတ်ဆတ် ငါးများကို လာပို့ပေးပြီးသည့်နောက်တွင် ကြေးခွံခွာခြင်းနှင့် ငါးအရိုးထုတ်ခြင်းများကို လူကိုယ်တိုင် လုပ်ရသည်။ ပုံမှန်ဆိုလျှင် ရှ၀မ်ယွဲ့က ဒါကိုလုပ်လျှင် မနက်စောစော အိပ်ရာထတတ်သည်။
အစပိုင်းတွင်တော့ မောက်ဟွေ့မေက စောစောထကာ ကူညီပေးသေးသည်။ သို့သော်ငြားလည်း သူမသည် ငါးညှီနံ့များဖြင့် စွဲသွားပြီးနောက် ရှ၀မ်ယွဲ့က သူမကိုမည်သို့မှ ကူညီမခိုင်းတော့ချေ။
နောက်ဆုံးတွင် မောက်ဟွေ့မေသည် သူမမှာ မကောင်းသည့်အနံ့အသက် စွဲသွားမှာကို စိုးရိမ်ကြသဖြင့် အလုပ်သာ သွားရသည်။
သို့သော်ငြားလည်း ပိတ်ရက်တွင်တော့ အားလုံးက လာရောက်ကူညီပေးကြသည်။
ရှောင်ဖုန်းနှင့် ရှမြန်တို့ကလည်း အဝတ်အစားလဲကာ မျက်နှာသစ်ပြီးနောက် အနောက်ဘက် အခန်းဆီသို့ လမ်းလျှောက်ထွက်လာကြသည်။
"ငါးတွေ အများကြီးပါလား" ရှမြန်မှာ အနည်းငယ်အံ့သြသွား၏။
ရှ၀မ်ယွဲ့က ငါးကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ရင်း ဝမ်းသာအားရ ပြောလေသည်။
"ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ဝင်းထဲက လောင်ကျားက ငါတို့ကို စားသောက်ဆိုင်တစ်ဆိုင်က စားဖိုမှူးတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်လေ။ ဒီနေ့စားသောက်ဆိုင်ကြီးက အရေအတွက် တော်တော်များများ မှာယူထားတာ"
"နောက်ပြီးတော့ အဲဒီဟော့ပေါ့ဆိုင်တွေနဲ့ အသားကင်ဆိုင်တွေကလည်း ပိတ်ရက်ဆိုရင် အမှာစာ ပိုပြီးတော့များတယ်လေ"
မောက်ဟွေ့မေလည်း မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်နေ၏။ "တစ်ယောက်ချင်းစီ ရောင်းအားကလည်း တော်တော်များတယ်"
ရှ၀မ်ယွဲ့သည် နှမ်းမုန့်ကို စတင်ရောင်းသည့်အချိန်က သူမသည် ဖောက်သည်အဟောင်းများကိုလည်း အနည်းငယ် အမြည်းပေးတတ်သည်။ နောက်ဆုံး ဒါသည် လတ်လတ်ဆတ်ဆတ် အစားအသောက်တစ်ခု ဖြစ်၏။ လပြက္ခဒိန်၏ ပထမဦးဆုံးလ မကုန်ဆုံးသေးသဖြင့် မိသားစု တော်တော်များများကလည်း ဟော့ပေါ့စားကြသည်။ တစ်ခါလောက် စမ်းစားပြီးသည့်နောက်တွင် သူတို့သည် ဒါကို သဘောကျသွားတော့၏။
အိမ်နီးချင်းများကလည်း အချင်းချင်း တော်တော်လေး ရင်းနှီးကြသဖြင့် တစ်ယောက်ယောက်က တစ်ခုခုကို သိလာခဲ့လျှင် အားလုံးက ထိုအကြောင်းကို သိကြလေသည်။ တဖြည်းဖြည်းနှင့် အိမ်နီးချင်းများက နေ့တိုင်းဆိုသလို ရောက်လာတတ်ကြပြီး ချက်ပြုတ်ဖို့ရန်အတွက် အစားအသောက် ၁ကီလိုဂရမ်၊ ၂ကီလိုဂရမ် လာရောက်မှာယူတတ်သည်။
"ငါ့အထင်တော့ ဒီနေ့ စက်ကို နေ့တစ်ဝက်လောက်တော့ သုံးလို့ရမယ် ထင်တယ်" မောက်ဟွေ့မေက အပြုံးဖြင့် ပြောလိုက်သည်။ "ဒီလိုဆိုရင် ငါတို့တွေတစ်ရက်ကို ယွမ်၁၀၀ကနေ ၂၀၀အထိ ရှာနိုင်မယ်"
ရှ၀မ်ယွဲ့သည် မျက်နှာပေါ်တွင် အေးဆေးနေသည့် အပြုံးတစ်ခုရှိကာ "ဒါဆိုရင်တော့ ကွက်တိပဲပေါ့"
ဒီနှုန်းထားအတိုင်းဆိုလျှင် အကယ်၍ နောက်ထပ်ဖောက်သည် အကြီးစားများ ထပ်ရောက်လာလျှင်ပင် စက်က တစ်နေ့လုံး လည်ပတ်နိုင်လိမ့်မည်။ စက်အတွက် ကုန်ကျထားသည့်ငွေကိုလည်း ၁နှစ်တည်းနှင့် ပြန်ရှာပေးနိုင်သည်။
ရှမြန်က ပြောလိုက်၏။
"အဒေါ်၂ အဒေါ့်အနေနဲ့ လောင်ကျားတို့လို လူ၂ယောက်လောက် ငှားပြီးတော့ သူတို့ကိုရောင်းတဲ့နေရာမှာ ကူညီခိုင်းလို့ရတယ်လေ။ တကယ်လို့ ကုန်ပစ္စည်းတွေကို သူတို့ကနေတစ်ဆင့် ရောင်းခဲ့ရတယ်ဆိုရင် သူတို့ကို ရောင်းအားပမာဏ ပေါ်မူတည်ပြီးတော့ အကျိုးဆောင်ခတချို့ ပေးလိုက်ပေါ့။ ဒီလိုဆိုရင် အဒေါ်လည်း ပိုပြီးတော့ မြန်မြန်ချဲ့ထွင်နိုင်လိမ့်မယ်"
ရှ၀မ်ယွဲ့က သတိရှိသည့်သူတစ်ယောက်မှန်း ရှမြန်ကသိသည်။ သူမသည် စွန့်ဦးလုပ်ငန်းကို လုပ်နေသော်ငြားလည်း နမော်နမဲ့တော့ မဟုတ်ချေ။ အခြေအနေ မကျသေးသည်တွင် သူမသည် အရောင်းပြုလုပ်ရန်အတွက် တစ်စုံတစ်ယောက်ကို တိုက်ရိုက်ငှားဖို့ရန် သေချာပေါက် သဘောတူလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဒါကို အချိန်ပိုင်း အလုပ်တစ်ခုအနေနှင့် လုပ်လျှင် အဆင်ပြေပေသည်။
ယနေ့ခေတ်တွင် အားလုံးက ငွေအပို နည်းနည်းပါးပါး လောက်ရှာနိုင်လျှင်ပင် ဝမ်းသာနေကြလိမ့်မည်။
ရှ၀မ်ယွဲ့က ငါးအရိုးကို ဘေးသို့ပစ်ထည့်လိုက်ပြီး ပြောလိုက်သည်။ " ဟယ် ဒါက စိတ်ကူးကောင်းတစ်ခုပဲ"
သူမက မြန်မြန်ဆန်ဆန် စဉ်းစားလိုက်၏။ "လောင်ကျားကလည်း တိုက်တိုက်ဆိုင်ဆိုင် အဆင်သင့် လုပ်ထားတဲ့ ကြော်ငြာတစ်ခုလို ဖြစ်နေတာပဲ။ ဒီအမှာစာ ရောင်းပြီးသွားရင် ငါသူ့ကို ဘယ်လောက်ပေးနိုင်မလဲဆိုတာ ကြည့်လိုက်ဦးမယ်။ ငါ သူ့ကိုတိုက်ရိုက်ပေးပြီးတော့ ငါတို့အတွက် သူ့ကို အရောင်းမြှင့်တင်ခိုင်းရမယ်"
မောက်ဟွေ့လန်က ပြောလိုက်သည်။ "သူတို့မိသားစုမှာ ညီအစ်ကိုတွေ အများကြီးရှိတဲ့ပုံပဲ။ သူတို့ရဲ့ဆွေမျိုးတွေကလည်း ဒါကိုလုပ်ချင်နေရင် လုပ်ချင်နေမှာ"
မောက်ဟွေ့မေက ပြုံးကာပြောလိုက်သည်။ "တကယ်လို့ ငါတို့တွေ အမှာစာထပ်ရမယ်ဆိုရင် ငါတို့တွေလူကို ထပ်ငှားလို့ရတယ်လေ ဟုတ်တယ်မလား"
"ငါတို့တွေ လူတစ်ယောက်တော့ ငှားရမှဖြစ်မယ်" ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "ဒါပေမဲ့ ငါတို့တွေက အားကိုးယုံကြည်ရတဲ့ လူတစ်ယောက်ကို ရှာမှဖြစ်မယ်။ နောက်ဆုံး ငါတို့တွေ ဝက်သားတုတ်ထိုးဆိုင်လည်း ဖွင့်ရဦးမှာလေ။ အိမ်က ဒီဆိုင်က တကယ် လူအင်အားတွေ လိုအပ်တယ်"
မောက်ဟွေ့လန်က စိုးရိမ်စိတ်ဖြင့် ပြောလိုက်၏။ "သမီးတို့တွေက ဒီအတွက် အပြင်လူတွေကို ငှားလို့ရပါ့မလား။ တကယ်လို့ သူတို့တွေက ဝမ်ဖန့်အဘွားတို့လိုလူတွေ ဖြစ်နေမယ်ဆိုရင် သူတို့တွေက ကိုယ့်ဟာကိုယ် လုပ်နည်းကိုခိုးပြီး သင်ကြတော့မှာပေါ့။ ဒါဆိုရင် သမီးတို့တွေပဲ နစ်နာရမှာ မဟုတ်လား"
ရှ၀မ်ယွဲ့ကလည်း ဒီကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်နေသည်မှာ သိသာသည်။ "ဒါကြောင့် ငါတို့က ဒီအတွက် ဖြည်းဖြည်းချင်း ရှာရမှာပေါ့။ အမေက ဒါကို ဘယ်လိုရှာရမလဲဆိုတာကို စဉ်းစားလိုက်ပါဦးမယ်"
အမှန်တွင်တော့ လုပ်အားနှင့် ပူးပေါင်းဆောင်ရွက်သည့်အလုပ်ကို ပိုင်းခြားထားသည်က အကောင်းဆုံးပင်။ သို့သော်ငြားလည်း သူတို့၏နေရာက အလွန်မှသေးငယ်နေပြီး နည်းပညာကို ဖုံးကွယ်ထားဖို့ရန်က အလွန်မှခက်ခဲလှသည်။
"တကယ်လို့ အမှာစာက တကယ်တမ်း ကြီးလာပြီဆိုရင်တော့" ရှမြန်က ပြောလိုက်သည်။
"ကျွန်မတို့တွေ စက်ရုံတစ်ခု ဖွင့်လို့ရပါသေးတယ်"
ရှ၀မ်ယွဲ့သည် ဒီအလုပ်ကို ကိုယ်တိုင်လုပ်ပြီးခဲ့သည့်နောက်တွင် စက်ရုံတစ်ခုလည်ပတ်ရခြင်း၏ အကျိုးကျေးဇူးများကို သဘောပေါက်လာခဲ့သည်။ ဒါသည် အချိန်နှင့်အားထုတ်မှုကို သက်သာစေသည့်အပြင် ကုန်ကျစရိတ်ကို လျှော့ချပေးကာ လုပ်နည်းကို လျှို့ဝှက်ထားရာတွင်လည်း ထိရောက်မှုရှိလေသည်။
"ငါ အသင့်စားခေါက်ဆွဲစက်ရုံကို သွားကြည့်ခဲ့ပြီးပြီ" ရှ၀မ်ယွဲ့က ကူးကယ်ရာမဲ့စွာပြောလေသည်။
"ယွမ်၄သောင်း၊ ၅သောင်းလောက် မရရင် အဲဒါကိုရောင်းမှာ မဟုတ်ဘူး ထင်တယ်"
သူမတွင်လည်း သူမ၏ကိုယ်ပိုင်စိတ်ကူးများရှိသည်မှာ သိသာ၏။ "ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့တွေ အရင်ဆုံး ငါးကိုင်တဲ့အလုပ်ကို ကိုင်တွယ်ဖို့အတွက် လူတစ်ယောက်တော့ ငှားလို့ရပါသေးတယ်။ ပြီးရင်တော့ နောက်မှတခြားကိစ္စတွေကို စဉ်းစားကြတာပေါ့"
ရှမြန်က ဘာမှမပြောတော့ချေ။ ခြစ်ကုပ်ပြီး စုဆောင်းထားသည့် ငွေကြေးများမှ စီးပွားရေးတစ်ခု စတင်လုပ်ဆောင်ရန် ပြောသည်က လွယ်ကူသည်။ သို့သော်ငြားလည်း ဒီလုပ်ငန်းစဉ်အတွင်းတွင် လုပ်စရာကိစ္စက အများကြီးရှိနေ၏။ အလွန်ဆုံး သူမသည် တချို့သောအဆင်ပြေသည့် စိတ်ကူးများဖြင့် ရှ၀မ်ယွဲ့ကိုပြောပြကာ ထောက်ပံ့ပေးရုံသာ ရှိနိုင်သည်။ တကယ်တမ်း အဆင့်တိုင်းကို ပုံဖော်လုပ်ကိုင်ရသူက ရှ၀မ်ယွဲ့ကိုယ်တိုင်သာ ဖြစ်၏။
"အစ်မမြန် ဒီရက်ပိုင်းအတွင်း အစ်မ ချက်ပြုတ်ပေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား"
မောက်ဟွေ့လန်က မျှော်လင့်တကြီး ပြောလိုက်၏။ "သွားပြီးတော့ လုပ်တော့လေ။ ကျွန်မ ဗိုက်ဆာနေပြီ"
"ခဏနေပါဦး"
သူမသည် ဒီနေ့တွင် ရှောင်ဖုန်းကိုအဖော်လုပ်ပေးမည်ဟု ပြောထားခဲ့သည်။ ထို့ကြောင့် ရှမြန်သည် သူ့အတွက် စားစရာတစ်ခုခု ချစ်စရာကောင်းသည့်အရာလေးကို ပြုလုပ်ပေးရန် စဉ်းစားထား၏။
မီးဖိုပေါ်က ဂျုံလုံးများက အသင့်ဖြစ်နေသည်။ ရှောင်ဖုန်းက အဖုံးကိုဖွင့်လိုက်သည့်အချိန်တွင် သူ့မှာ မနေနိုင်တော့ဘဲ တအံ့တဩပြောဆိုမိ၏။ "ဝိုး အစိမ်းရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်တွေပဲ"
ရှမြန်သည် မနေ့က တော်တော်လေး နောက်ကျသည်အထိ နေခဲ့သည်။ ဟင်းနုနယ်ရွက်အရည်၊ မုန်လာဥနီအရည်နှင့် ဖရုံသီးအရည်များကိုသုံးကာ အရောင်ဆိုးထားသည့် မုန့်အနှစ်များကို အချဉ်ဖောက်ထားခဲ့သည်။
ယခုတော့ အားလုံးက တော်တော်လေးကို ကြီးနေပြီ။ ရှမြန်က ဆိုဒါအနည်းငယ်လောက် ထည့်လိုက်ပြီးသည့်နောက်တွင် ကလေးများအတွက် တိရစ္ဆာန်ငယ်လေးများကို စတင်ပြုလုပ်ပေးတော့သည်။
ရှောင်ဖုန်း၏မျက်လုံးများက လင်းလက်သွား၏။ "ဝက်ကလေးပဲ"
သူ၏ တအံ့တဩ အမူအရာလေးကို ကြည့်ရင်း ရှမြန်မှာ မနေနိုင်တော့ဘဲ သူမအရည်အချင်းကို ထုတ်ပြချင်လာကာ သူမစဉ်းစားလို့ရသမျှ အကောင်တိုင်း၏ပုံစံတူ လေးများကို စတင်လုပ်ပေးတော့သည်။
"ခရုလေးတွေ"
"လိပ်ပြာ"
"ပန်းပွင့်ပဲ"
ရှောင်ဖုန်းက သူ့လက်သေးသေးလေးဖြင့် ထိုအရာလေးများကို ဂရုတစိုက်ထိကိုင်ကြည့်လိုက်၏။ ရှမြန်သည် မော့ကြည့်လိုက်သည်တွင် အိပ်ချင်မူးတူးမျက်လုံးများဖြင့် အရှေ့ဘက်ခန်းမှ ထွက်လာသည့် မောက်ဟွေ့ကျူးကို မြင်လိုက်ရ၏။ သူမသည် အခုမှ အိပ်ရာထစ စ်သည်မှာ သိသာသည်။
သူမက ရှောင်ဖုန်းကို ညစ်ကျယ်ကျယ်လေးပြုံးပြလိုက်ကာ တိုးတိုးလေးပြောလိုက်၏။ "ငါတို့တွေ သားရဲ့ ဒေါ်ဒေါ်ဟွေ့ကျူးကို ခဏနေကြရင် ခြောက်လှန့်ကြမယ်"
သူမသည် ပြောရင်းဆိုရင်း အစိမ်းရောင် ခေါက်ဆွဲတစ်ပိုင်းကို မြန်မြန်လှမ်းဆွဲလိုက်ကာ ဘောက်ဖက် အကောင်လေးတစ်ကောင်ဖြစ်သွားအောင် ပြုပြင်လိုက်သည်။
ဘောက်ဖက်အကောင်လေးများကို ပြုလုပ်သည့်နည်းလမ်းက အလွန်မှရိုးစင်းလှ၏။ အစိမ်းရောင်ခေါက်ဆွဲများကို လက်မအရွယ်အစား အထူရှိသည့် ရှည်လျားသည့် အချောင်းလေး ဖြစ်အောင် လိမ့်လိုက်ပြီး ဓားဖနောင့်ကိုသုံးကာ ၂မီလီမီတာ အရွယ်အစားရှိသည့် အလျားလိုက် အရှည်လေးဖြစ်အောင် လှီးဖြတ်လိုက်ကာ နောက်ဆုံးတော့ တူ၂ချောင်းကိုသုံးပြီး အချောင်းလေး၏ အလျားအတိုင်း အသာအယာ ဖိညှစ်ပေးလိုက်သည်။ ၂ဖက်စလုံးတွင် ခြေချောင်းလေးများ ဖြစ်လာအောင် ကတ်ကြေးကိုသုံးကာ ညှပ်ပေးလိုက်သည်။ ဝဖိုင့်ဖိုင့် ဘောက်ဖက်လေးတစ်ကောင် ဖြစ်လာ၏။ နောက်ဆုံးတော့ နှမ်းမဲအစေ့၂စေ့ကိုသုံးကာ မျက်လုံးအဖြစ် ထည့်ပေးလိုက်သည်။
ဒါက အလွန်မှ အသက်ဝင်လှ၏။ ရှမြန်က ဘောက်ဖက်လေးကို ပုံဖော်ပြီးသွားသည့်နောက်တွင် ရုတ်တရက်ဆိုသလို ရှောင်ဖုန်း၏ရှေ့သို့ လှမ်းထိုးထည့်လိုက်သည်။ ရှောင်ဖုန်းမှာ အလန့်တကြား ဖြစ်သွားပြီး ကိုယ်ကိုလှည့်ကာ ရှမြန်၏ခြေထောက်ကို ဖက်ထားပေတော့၏။
ဒါက သူမကို အသံထွက်ကာ ရယ်မောသွားစေတော့သည်။ ရှောင်ဖုန်းမှာလည်း မနေနိုင်တော့ဘဲ ပြုံးရင်း သတိပြန်ဝင်လာတော့၏။
မောက်ဟွေ့ကျူး၏ ခြေသံ နီးကပ်လာသည်ကို ကြားလိုက်ရသဖြင့် ရှမြန်က ရှောင်ဖုန်းကို တိတ်တိတ်လေး နေဖို့ လက်ဟန်ပြလိုက်သည်။
ရှောင်ဖုန်းက ကိုယ်ကိုလှည့်လိုက်ပြီး စားပွဲပေါ်တွင်မှောက်ကာ တံခါးဘက်ကို စိုက်ကြည့်နေတော့သည်။
မီးဖိုချောင်၏ညာဘက်ဝင်ပေါက်တွင် စားပွဲလေးတစ်ခုရှိသည်။ ရှမြန်သည် မောက်ဟွေ့ကျူးက ခန်းဆီးကိုပင့်ပြီး ဝင်လာသည့်အခိုက်အတန့်တွင် ဘောက်ဖက်ကို သူမဆီသို့ ထိုးထည့်လိုက်၏။ "ဝိုး ကြည့်ပါဦး ဘောက်ဖက်တစ်ကောင်ပဲ"
မောက်ဟွေ့ကျူးမှာ ကြောက်လန့်တကြား အော်ဟစ်ပြီး သူမကိုရိုက်ပုတ်ကာ လှည့်ကာ ထွက်ပြေးတော့၏။ "အမလေး အမေရေ အိမ်ထဲမှာ အကောင်အကြီးကြီးပဲ"
ရှောင်ဖုန်းမှာ အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားကာ ခြေဖျားထောက်လိုက်ပြီး ပြတင်းပေါက်ဘောင်ကို လှမ်းမှီလိုက်ပြီးနောက် မျက်တောင်လေး ခတ်ကာ ရှမြန်ကို မော့ကြည့်လိုက်လေသည်။ "အန်တီလေး အဲဒါက ပြားသွားပြီ"
ရှမြန်သည် ငိုရမလား၊ ရယ်ရမလားပင် မသိတော့ချေ။ "ဟုတ်ပ သူ အရိုက်ခံလိုက်ရတာလေ"
ဟွေ့ကျူးသည် အမှန်ပင် အရိုင်းဆန်လှ၏။
ရှောင်ဖုန်းက ခြေဖျားလေးထောက်ကာ ရှမြန်ဆီသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်ထဲက မုန့်အနှစ်ကို ငေးကြည့်နေမိသည်။
ရှမြန်က အသံထွက်ကာ အော်ရယ်လိုက်ပြီး သူ့ကိုတမင်တကာ စနောက်ကျီစယ်လိုက်၏။ "သားက တခြားဘာလုပ်ချင်သေးလို့လဲ"
ရှောင်ဖုန်းသည် သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီး ကျီစယ်တတ်သည့် အကြည့်လေးတစ်ခုက သူ၏စပျစ်သီးရောင်မျက်ဝန်းထဲတွင် ဖျတ်ခနဲ လက်သွားပြီးနောက် သူက တိုးတိုးလေး ပြောလိုက်လေသည်။ "ဘောက်ဖက်"
ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်တော့သည်။ "ဟုတ်ပြီ ဘောက်ဖက်လုပ်ကြမယ်"
ခဏအကြာတွင် မောက်ဟွေ့ကျူးက မောက်ဟွေ့လန်ကို မီးဖိုဆီသို့ ဆွဲခေါ်လာခဲ့သည်။
သူတို့သည် အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင် ဘောက်ဖက်များကို တစ်တန်းလုံး တွေ့လိုက်ရသည်တွင် မျက်လုံးအဝိုင်းသား ဖြစ်သွားကြတော့သည်။
မောက်ဟွေ့ကျူးက ချက်ချင်းတုံ့ပြန်လိုက်ကာ သူမ၏မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားသွားသည့် အပြုံးတစ်ခု ဖြစ်သွား၏။ "အစ်မမြန် သမီးကိုလည်း တစ်ခုပေး"
ရှမြန်က သူ့လက်သေးသေးလေးကို ရိုက်ချလိုက်ကာ "ဒါကို ပေါင်းပြီးမှပဲ ယူတော့။ ဒီအတိုင်း အစိမ်းသက်သက် သွားကိုင်လိုက်ရင် ပြားသွားလိမ့်မယ်"
မောက်ဟွေ့လန်ကလည်း ဒါကိုစိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်သည်။ "ဒီတစ်ခုက အရမ်းတူတာပဲ။ အထူးသဖြင့် ဒီအစိမ်းရောင်တစ်ခု။ ဒါက လူတောင် ကြက်သီးထသွားတယ်"
မောက်ဟွေ့ကျူးက အစိမ်းရောင်မုန့်နှစ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။ "အစ်မမြန် ဒီတစ်ခုကိုလုပ်ပေး။ ဒီတစ်ခုကိုလုပ်"
ထို့ကြောင့် မောက်ဟွေ့ကျူး၏ စိတ်အားထက်သန်သည့် တောင်းဆိုမှုအောက်တွင် ချစ်စရာကောင်းသည့် အကောင်သေးသေးလေး များစွာ မလုပ်လိုက်ရဘဲ ဘောက်ဖက်လေးများကိုသာ အများကြီး လုပ်လိုက်ရတော့သည်။
ထိုအရာလေးများကို အိုးထဲက ထုတ်လာသည့်အချိန်တွင် ပေါင်းဖိုထဲမှနေ၍ တစ်ခုပြီးတစ်ခု တွားသွားကာ ထွက်လာသလိုပင်။ ဖေါင်းပွလာသည့်အတွက်ကြောင့် ချစ်စရာကောင်းဟန် တူသော်ငြားလည်း တချို့အရာကတော့ ပုံပျက်သွားသည့်အတွက် ကြောက်စရာကောင်းနေတော့သည်။
မောက်ဟွေ့ကျူးက ကြောက်စရာအကောင်းဆုံးဖြစ်နေသည့် တစ်ခုကို ချက်ချင်းကောက်ယူလိုက်ပြီး ပြောလိုက်သည်။ "အစ်မမြန် သမီး အဲဒီတစ်ခုလိုချင်တယ်"
ရှမြန်က သူမအတွက်တစ်ခု ကောက်ယူပေးလိုက်ကာ ရှောင်ဖုန်းကိုလည်း တစ်ခုယူပေးလိုက်သည်။ ကလေး၂ယောက်က သူတို့၏လက်ထဲတွင်မုန့်ကို ယူလိုက်ပြီးနောက် ခဏလောက် အအေးခံထားလိုက်သည်။ မုန့်များက အနည်းငယ် အေးသွားပြီးသည့်နောက်တွင် သူတို့က ထိုမုန့်များကို စားဖို့မဆုံးဖြတ်ခဲ့ဘဲ မျက်နှာချင်းဆိုင်ခြံဝင်းသို့ ပြေးထွက်သွားတော့၏။
ရှမြန်က ခေါင်းခါပြီး အသံထွက်ရယ်မောကာ အော်ပြောလိုက်တော့သည်။ "ခဏနေ ထမင်းစားလို့ ရတော့မှာနော်။ ချန်းချန်းကို မြန်မြန်ခေါ်လာခဲ့"
ပေါင်မုန့်များကို ပေါင်းနေသည့်အချိန်တွင် ရှမြန်က ဟင်းပွဲတော်တော်များများကို ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ သူမ လုပ်ရန်ကျန်သည့်အရာမှာ ကြက်ဥဟင်းရည် လုပ်ဖို့သာရှိသည်။
ရှမြန်သည် အချိန်ကို ကြည့်လိုက်၏။ နဥ်ရှောက်ပိုင်က ဒီနေ့ဂျူတီကျသည်ကို သတိရသွားသည်။
သူမက အလူမီနီယံ နေ့လယ်စာထမင်းဘူးတစ်ခုကို ဆွဲထုတ်လာပြီး ကြက်ဥမွှေကြော် ထူထူလေးတစ်ခုကို ထည့်ပေးလိုက်ကာ အမဲသားနှပ်၊ ကြက်တောင်ပံတို့ကို ထည့်ပေးပြီးနောက် တူဖြင့်မုန်လာထုပ်၂ရွက်ကို ကောက်ယူလိုက်ပြီး ထိုမုန်လာထုပ်များကို ကြွတ်ရွနေအောင် အချဉ်တည်ထားသည့် မုန်လာဥဖြူအမြှောင်းလေးများနှင့် ထည့်သိမ်းထားလိုက်သည်။ ထို့နောက်တွင်တော့ ကြောက်စရာအကောင်းဆုံး ပုံစံရှိနေသည့် ဘောက်ဖက် အကောင်လေးများကို ထည့်လိုက်၏။
ရှမြန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး အဝတ်အိတ်ထဲတွင် နေ့လယ်စာထမင်းဘူးကို ထည့်လိုက်ပြီးနောက် ဘေးအိမ်သို့သွားဖို့ ပြင်လိုက်လေသည်။
သူမက တံခါးနားသို့ လျှောက်လာသည်နှင့် ချက်ချင်း နဥ်ရှောက်ပိုင်ထွက်သွားသည်ကို မြင်လိုက်ရ၏။ ရှမြန်က ပြုံးကာပြောလိုက်လေသည်။ "တိုက်ဆိုင်လိုက်တာ"
သူမက အိတ်ကို လှမ်းပေးလိုက်ကာ "ဒါက အချစ်တွေနဲ့ လုပ်ထားတဲ့ နေ့လယ်စာ ထမင်းဘူးလေ။ အများကြီး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က အဝတ်အိတ်ကို ချီတုံချတုံကြည့်လိုက်ပြီး သတိအပြည့်ဖြစ်နေ၏။
"မင်း ဘာတွေ လုပ်နေတာလဲ"
ရှမြန်မှာ ချက်ချင်းဆိုသလို နာကျင်သွားသလို ခံစားလိုက်ရပြီး ပြောလိုက်၏။
"ဒေါက်တာနဥ် ရှင် ကျွန်မကို ဘယ်လိုလုပ်ပြီး ဒီလိုထင်ရတာလဲ။ ကျွန်မအရမ်းကို စိတ်မကောင်း ဖြစ်သွားပြီနော်။ ကျွန်မက ဒီစေတနာကို ကျေးဇူးပြန်ဆပ်နေတာပါ"
သူမ စကားဆုံးသွားသည်နှင့်ချက်ချင်း ချန်းချန်းမှာ ငယ်သံပါအောင် အော်ဟစ်ကာ မျက်နှာချင်းဆိုင်တံခါးမှ ပြေးထွက်လာပြီး မောက်ဟွေ့ကျူးကတော့ လက်ထဲတွင် ကြောက်စရာကောင်းသည့် ဘောက်ဖက်လေးတစ်ကောင်ကို ကိုင်ထားကာ သူ့နောက်မှ ရယ်မောနေလေသည်။
ရှောင်ဖုန်း၏ ခြေထောက်တိုတိုလေးများက သူတို့လောက် မြန်မြန် မပြေးနိုင်ချေ။ ထို့ကြောင့် သူက သူတို့နောက်မှနေ၍ ဖြည်းဖြည်းချင်း လိုက်ထွက်လာလေသည်။ သူသည် ရှမြန်နှင့် နဥ်ရှောက်ပိုင်တို့ကို တွေ့လိုက်သည့်အချိန်တွင် သူ့မျက်လုံးများက လင်းလက်သွား၏။ သူကလက်ထဲတွင် ပိုးကောင်လေးတစ်ကောင်ဖြင့် အပြေးရောက်လာပြီး သူ့ပါးစပ်လေးကို ဖေါင်းထားကာ ‘ဝူး’ ဟု အသံလုပ်ရင်း နဥ်ရှောက်ပိုင်ကို ခြောက်လှန့်တော့သည်။
နဥ်ရှောက်ပိုင်က ခြေ၁လှမ်း နောက်ဆုတ်လိုက်ပြီး ရှောင်ဖုန်းကတော့ ချက်ချင်းဆိုသလို တခစ်ခစ် ရယ်မောတော့၏။ "ဦးဦးနဉ်"
နဥ်ရှောက်ပိုင်က သူ၏ထောင်တက်နေသည့်ဆံပင်လေးကို ဆွဲလိုက်ကာ သူ့လက်ကို မြှောက်လိုက်ပြီး ရှမြန်၏ခေါင်းကို လှမ်းခေါက်လိုက်လေသည်။
"ဒါက ကျေးဇူးပြန်ဆပ်တာပေါ့လေ"
"မဟုတ်လို့လား။ ရှင်က အရမ်းချစ်စရာကောင်းတယ်လေ။ ကျွန်မက ရှင့်ကို အထူးတလည် သတိရနေလို့ပါ" ရှမြန်၏လေသံမှာ အနည်းငယ် ဝမ်းနည်းသလိုဖြစ်နေ၏။
အံမယ်။ ဒီအဆော့သန်တဲ့ကလေးတွေကတော့။ ဒေါက်တာနဥ်၏အံ့ဩစိတ်မှာ ပျောက်ကွယ်သွားတော့သည်။
နဥ်ရှောက်ပိုင်က မျက်လုံးကို စွေလိုက်ပြီး အဝတ်အိတ်ကို လှမ်းယူလိုက်လေသည်။
"ဒါဆိုရင်တော့ ငါက မင်းကို ကျေးဇူးအများကြီးတင်ပါတယ်"
ကလေး၃ယောက်သည် ဘောက်ဖက်တစ်ကောင်စီဖြင့် တစ်မနက်ခင်းလုံးနီးပါး ဆော့ကစားခဲ့ကြပြီး အချင်းချင်း ခြောက်လန့်နေကြလေသည်။ လူကြီးများကတော့ သူတို့ကို ရယ်မောစေရန် ကြောက်လန့်သွားသည့် ရုပ်ကလေးကို ပြနေရသည်။
နေ့လယ်ခင်းတွင်တော့ ရှောင်ဖုန်းသည် ရှမြန်ကြောင့် တရေးတမောအိပ်ဖို့ရန် ဖိအားပေးခံရတော့၏။
"ချန်းချန်း နင် ဒီနေ့ဖေဖေနဲ့ ထွက်မလည်တော့ဘူးလား။ မြန်မြန်လုပ်နော်။ သားနိုးလာတဲ့အချိန်ကျရင် ဖေဖေ့ကိုတွေ့ရမှာ"
"ရှောင်ဖုန်း ဒီနေ့ညနေခင်း ငါတို့တွေ အပြင်ထွက်ကြမှာလေ။ မေ့သွားပြီလား"
"မောက်ဟွေ့ကျူး နင် ညိုညိုနဲ့ ဘယ်အချိန်တုန်းက တွေ့ခဲ့တာလဲ"
ထိုအခါကျမှ ကလေး၃ယောက်သည် ငြိမ်သွားကြတော့၏။
...