← Chapters

အပိုင်း(၁၂၁)

Vol. 9 Ch. 121

အပိုင်း(၁၂၁)

Vol. 9 Ch. 121

၁နာရီလောက် တရေးတမော အိပ်ပြီးသွားသည့်နောက်တွင် ကလေး၃ယောက်သည် တစ်ယောက်ပြီး တစ်ယောက် နိုးလာကြသည်။ ရှမြန်က ရှောင်ဖုန်းနှင့် နဥ်ရှောက်ယွင်တို့ကိုခေါ်ကာ အနုပညာပြပွဲသို့ အတူတူသွားရောက်ရန် ပြင်ဆင်ကြသည်။

ပန်းချီကားအများစုမှာ ကျူးယွင်ဟိုင် နောက်ဆုံးတပည့်များ၏ လက်ရာများဖြစ်သည်။ နဥ်ရှောက်ယွင်က ရှောင်ဖုန်းကို ခေါ်သွားပြီး တစ်ချက်လောက်သွားကြည့်ဖို့ ရှမြန်ကို အထူးတလည် မှာထားသည်။

ရှောင်ဖုန်းသည် ပန်းချီပညာကို စတင်လေ့လာဖို့ရန် တရားဝင် မလုပ်ရသေးသော်ငြားလည်း သူသည် ကလေးဘဝကတည်းက အနုပညာလက်ရာများနှင့် ထိတွေ့လာခဲ့ပြီး ဒီနယ်ပယ်တွင် ကောင်းမွန်သည့် အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားသည်။

ဟော်ရွှယ်ဝမ်က သူတို့ကို ကားမောင်းပြီး ပို့ပေး၏။ သူက ချန်းချန်းကို ရေခဲပြင်စကိတ် လိုက်ပို့ပေးမည်ဟု ကတိပေးထားသဖြင့် ချန်းချန်းကို ဒီနေ့အပြင်ခေါ်ကာ ကစားပေးသည်။

သူက လမ်းကြုံသဖြင့် သူတို့ကို ပြခန်းသို့ ပို့ပေးခြင်းပင်။

ကားထွက်မသွားခင်တွင် နဥ်ရှောက်ယွင်က စိုးရိမ်သဖြင့် ဟော်ရွှယ်၀မ်နှင့် ချန်းချန်းတို့ကို စကားအနည်းငယ် မှာကြားပြောလိုက်သည်။

သူတို့၂ယောက်စလုံးက နဥ်ရှောက်ယွင်ကားပေါ်မှ မဆင်းမချင်း အာရုံတစိုက် နားထောင်ပေးနေကြသည်။ နဉ်ရှောက်ယွင်က ကားပေါ်က ဆင်းတော့မည် ပြင်လိုက်မှ ဟော်ရွှယ်ဝမ်က ရုတ်တရက် ထပြောလိုက်၏။

"ရှောက်ယွင် ဘယ်အချိန်ပြီးမှာလဲ။ ကိုယ် မင်းကို လာကြိုပေးမယ်လေ"

နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်သည်။ "ရပါတယ် ကျွန်မ သေချာမပြောနိုင်သေးလို့ပါ။ ချန်းချန်းနဲ့ပဲ ပျော်ခဲ့နော်"

ဟော်ရွှယ်ဝမ်က သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီး ဘာမှထပ်မပြောလိုက်တော့ချေ။ သူသည် အရင်တုန်းကလို ဆွံ့အနေသည် မဟုတ်ဘဲ အလွန်မှ သတိထားနေသည်ကို ရှမြန်က တွေ့နေရ၏။ သူသည် နဥ်ရှောက်ယွင်ကို သဘောမကျသွားအောင်လုပ်မိမှာ စိုးရိမ်နေသယောင်ပင်။

ရှမြန်က ကြိတ်ကာ သက်ပြင်းချလိုက်ပြီး ဘာမှတော့ မပြောလိုက်ချေ။ နောက်ဆုံး ဒါသည် နဥ်ရှောက်ယွင်၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပေသည်။ သူမက နဥ်ရှောက်ယွင် လိုအပ်လာသည့်အချိန်မှသာ ထောက်ပံ့ပေးဖို့ရန် လိုအပ်၏။

ပြခန်းထဲတွင် လူမြောက်မြားစွာ ရှိနေသည်။ နောက်ဆုံး ကျူးယွင်ဟိုင်သည် ဒီလောက၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သဖြင့် သူ့တပည့်များကလည်း အာရုံစိုက်မှု အများဆုံးကို ဆွဲဆောင်ထားသည်။ ထို့ကြောင့် လူအများအပြားက ဒီနေရာသို့လာကာ သူ့ကို လာရောက်တွေ့ဆုံကြသည်။

နဥ်ရှောက်ယွင်က ရှမြန်နှင့် ရှောင်ဖုန်းတို့ကို အပေါ်ထပ်က ဧည့်ခန်းဆီသို့ ခေါ်လာခဲ့သည်။ ကျူးယွင်ဟိုင်နှင့် သူ့တပည့်များစွာက ထိုနေရာတွင်ရှိနေ၏။

ရှမြန်က ရှောင်ဖုန်းကို ခေါ်ဝင်လာသည်နှင့် ချက်ချင်း တအံ့တဩ အော်သံများစွာ ထွက်ပေါ်လာတော့သည်။

"ဟယ် ပေါင်ပေ့ ရှောင်ဖုန်းလေး ရောက်လာပြီပဲ"

"ဆရာတူမောင်လေး ဆရာတူအစ်မဆီကို မြန်မြန်လာပါဦး။ အစ်မတို့တွေ မတွေ့ရတာ တော်တော်လေးကြာသွားပြီပဲ"

"ရှောင်ဖုန်း မမကို ပေးဖက်ပါဦး။ အရမ်းစိတ်လှုပ်ရှားနေလို့ပါ"

"..."

မျက်စိတစ်မှိတ်အတွင်းမှာပင် ကလေးလေးသည် ဝန်းရံခံလိုက်ရလေသည်။

ရှောင်ဖုန်းက ဒီလိုမြင်ကွင်းကို အသားကျနေပြီးသယောင် ထင်ရသည်။ သူ၏ဆရာတူအစ်ကိုနှင့် အစ်မများက လက်လှမ်းလာသည်ကို တွေ့ရသည်တွင် သူက ကျူးယွင်ဟိုင်ဆီသို့ မြန်မြန်ပြေးသွားကာ သူ့ခြေထောက်လေးကို ပွေ့ဖက်လိုက်ပြီး အကူအညီတောင်းတော့သည်။

"ဆရာ"

ကျူးယွင်ဟိုင်က အပြုံးလေးနှင့် သူခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ တပည့်များကို လှမ်းပြောလိုက်၏။

"သူ့ကို မစပါနဲ့တော့။ ဘာလဲ နင်တို့တွေ အခု ငါ့ကို အရှက်ခွဲရမှာတောင် မစိုးရိမ်တော့ဘူးလား"

ဆရာတူအစ်ကိုနှင့် အစ်မများက ရယ်မောကြလေသည်။ "အို ရှောင်ဖုန်းလေး ဒီမှာရှိနေသ၍တော့ ငါတော့ ထပ်ပြီး မစိုးရိမ်တော့ပါဘူး"

"ရှောင်ဖုန်းလေးကို ငါတို့ရဲ့ပန်းချီကားတွေဆီ ခေါ်သွားပြီးတော့ တစ်ချက်လောက် ကြည့်ခိုင်းလိုက်မယ်လေ။ ငါတို့တွေလည်း စိတ်ကူးတစ်ခု ရလာလောက်တယ်"

ရှောင်ဖုန်းသည် ပန်းချီကားစုစည်းခြင်းကို နားမလည်သော်ငြားလည်း သူသည် အလွန်မှပြတ်သားပြီး စိတ်ခံစားချက်များစွာ ပိုင်ဆိုင်ထား၏။ လိုရင်းကိုပြောရလျှင် သူ့စိတ်ကို လှုပ်ရှားစေနိုင်သည့် မည်သည့်ပန်းချီကားမဆို သေချာပေါက်ကောင်းနေလေသည်။

"ရှောင်ဖုန်းလေး ဒီကိုလာပါဦး။ အောက်ထပ်ကို သွားပြီးတော့ ပန်းချီကားတွေ သွားကြည့်ကြမယ်"

ရှောင်ဖုန်းက အပြုံးနှင့် ပြောလာသည့်ကျူးယွင်ဟိုင်ကို မော့ကြည့်လိုက်သည်။ "သွားလိုက်ပါ။ ရှောင်ဖုန်းက အနီးကပ်လေးတော့ တစ်ခါလောက် သွားကြည့်သင့်တယ်"

ရှောင်ဖုန်းသည် ချက်ချင်းဆိုသလို အမြင့်ဆုံးအမြန်နှုန်းဖြင့် ရှမြန်ဆီသို့ ပြေးလာတော့သည်။

"အန်တီလေး" သူသည် သူ၏ဆရာတူအစ်ကိုနှင့် အစ်မများ လိုက်ဖမ်းမည်ကို စိုးရိမ်နေ၏။

အားလုံးက ရယ်မောကြတော့သည်။

"ဆရာတူမောင်လေးက ဘယ်လိုလုပ်ပြီး ပိုပိုပြီးတော့ တော်လာတာလဲ"

"အမှန်ပဲလေ။ ကောင်ကလေးက အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ ပြေးလွှားနေတာ။ ငါတောင်မှ လိုက်မမှီတော့ဘူး"

"ဟုတ်ပ။ သူက အစကတည်းက အရမ်းတော်တာလေ"

ရှမြန်က အသံထွက်ကာ ရယ်မောလိုက်၏။ သူမသည် သူတို့နှင့်အလွန်မှ မရင်းနှီးလှသော်ငြားလည်း သူတို့အားလုံးကို သိလေသည်။ ရှမြန်သည် ရှောင်ဖုန်းကိုခေါ်ကာ နှစ်သစ်ကူးကာလအတွင်း ကျူးယွင်ဟိုင်ကို နှစ်သစ်ကူးနှုတ်ဆက်စကား လာပြောသည့်အချိန်တွင် ဒီဆရာတူအစ်ကိုနှင့် အစ်မများအားလုံးက သူ့ကို ဟုန်ပေါင်းများ ပေးခဲ့သည်။

အားလုံးက သူ့ကို ချစ်မြတ်နိုးကြသည်မှာ သိသာ၏။

သို့သော်ငြားလည်း ဒီနေ့တွင်တော့ ရှောင်ဖုန်းက သူ၏အန်တီလေးကို လိုချင်နေသည်။ ထို့ကြောင့် သူက ရှမြန်၏ ခြေထောက်ကို တင်းနေအောင် ဖက်ထားပြီး ပြောလိုက်၏။ "အန်တီလေး ပန်းချီကားတွေ သွားကြည့်ကြမယ်"

ရှမြန်က သူ့ကို ကောက်ချီလိုက်ပြီး ဆရာတူအစ်ကိုနှင့် အစ်မများကလည်း နောက်မှ လိုက်လာကြသည်။

"သွားကြမယ် ရှောင်ဖုန်းကို မှတ်ချက်တချို့ ပေးခိုင်းကြမယ်"

ဒီစကားကို ကြားလိုက်သည်တွင် ရှောင်ဖုန်းက ရှမြန်၏လည်ပင်းကို တင်းနေအောင် ဖက်ထားလိုက်ပြီး သူသည် ထိုလူများကသူ့ကို လုပြေးသွားမှာကို စိုးရိမ်နေသယောင်ပင်။

အစ်မများထဲက တစ်ယောက်က မနေနိုင်တော့ဘဲ သူ၏ထောင်နေသည့်ဆံပင်လေးကို သပ်ချလိုက်ပြီး ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့။ မမက ဒီနေ့တော့ မောင်လေးကို မလုပါဘူး။ မမတို့တွေ အတူတူသွားကြည့်လို့ ရတယ်မလား"

ရှမြန်သည် ပန်းချီအကြောင်းနှင့်ပတ်သက်ပြီး အများကြီး မသိထားချေ။ သို့သော်ငြားလည်း ရှောင်ဖုန်းကတော့ ပန်းချီကားများကို တွေ့လိုက်ရပြီးနောက်တွင် ချက်ချင်းဆိုသလို အာရုံစူးစိုက်သွား၏။ သူသည် အရောင်အသွေးများနောက်ကွယ်က ထူးဆန်းသည့် လောကကြီးကို သိမြင်နိုင်နေသယောင်ပင်။

တပည့်တော်တော်များများကလည်း သူတို့နောက်မှ လိုက်ပါလာကြပြီး လေသံတိုးတိုးဖြင့် ပြောဆိုဆွေးနွေးကြကာ ရှောင်ဖုန်းကို စနောက်ကျီစယ်နေကြပြီး ပန်းချီကားကို တွေ့သည့်အချိန်တွင် ရှောင်ဖုန်းက မည်သို့ခံစားရသည့်အကြောင်းကို ပြောပြခိုင်းနေလေသည်။

ကလေးလေး၏ အမူအရာက စိတ်အေးသွားသယောင်။ ပျော်ရွှင်သွားသယောင် ဝမ်းနည်းပြီး အံ့သြသွားသယောင်။ ထိုအမူအရာများ ဖြစ်သွားသည်တွင် ပန်းချီကားပိုင်ရှင်များက အလွန်မှ ဝမ်းသာကြလေသည်။

"ကြည့်ပါဦး ငါတို့ရဲ့ရှောင်ဖုန်းက ဒါကိုခံစားတတ်တယ်"

"ဟားဟား ဒါဆိုရင်တော့ အဆင်ပြေသွားပြီ။ ငါထပ်ပြီးတော့ မစိုးရိမ်တော့ဘူး"

"ငါက ဆရာ့ကို အရှက်ခွဲမှာမဟုတ်ဘူးလို့ ငါတော့ ထင်တယ်"

...

ပြပွဲအလယ်တွင် အားလုံးသည် သူတို့ကိုယ်ပိုင် လုပ်စရာကိစ္စများရှိနေသဖြင့် တဖြည်းဖြည်း လူစုခွဲသွားကြသည်။ ရှမြန်ကတော့ ရှောင်ဖုန်းကိုခေါ်ကာ ဖြည်းဖြည်းချင်း ကြည့်လာခဲ့၏။

မသိလိုက်သေးခင်မှာပင် အချိန်၂နာရီကျော် ကုန်သွားလေသည်။ နောက်ဆုံးပန်းချီကားကို ကြည့်လိုက်ပြီးသည့်နောက်တွင် ရှမြန်က နဥ်ရှောက်ယွင်ဘက်ကို လှည့်ကြည့်လိုက်၏။

သူမကို လူငယ်လေး၂ယောက်က ဝိုင်းရံထားကာ သူမသည် အနည်းငယ် မသက်မသာ ဖြစ်နေသယောင်ပင်။ ရှမြန်က အလောတကြီး ရောက်လာပြီး လူငယ်လေးထဲကတစ်ယောက်ကို ရင်းနှီးနေသလို တွေ့လိုက်ရသည်။

လူငယ်လေးက ဝမ်းသာအားရပြောလိုက်၏။ "ဆရာမရှင်းယွင် ဆရာမ ဒီကိုလာမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"

သူသည် ဒီစကားကို ပြောလိုက်ပြီးနောက် သူ့နဖူးကို ပြန်ရိုက်လိုက်ကာ ပြောလိုက်လေသည်။

"ကျွန်တော် ပြောတဲ့ပုံကိုလည်း ကြည့်ပါဦး။ ဆရာမက ပါမောက္ခကျူးယွင်ဟိုင် ကျောင်းသားတွေရဲ့ အနုပညာပြခန်းကို လာတာက ပုံမှန်ပဲလေ"

ရှမြန်သည် ဝေဟုန်ချိုးကို သခင်ကြီးနဥ်၏ပါတီပွဲတွင် နဥ်ရှောက်ယွင်ကို အလွန်မှ လေးစားနေသူအဖြစ် မှတ်မိနေ၏။

ရှမြန်က သူ့ဘေးက လူငယ်လေးကို မမှတ်မိသည်သာရှိသည်။ နဥ်ရှောက်ယွင်ကလည်း ဒီလူငယ်ကြောင့် အနည်းငယ် မသက်မသာ ဖြစ်နေသယောင်ဖြစ်၏။

တစ်ဖက်လူသည် ဝတ်ကောင်းစားလှဝတ်ဆင်ထားပြီး ခံ့ညားကာ ရွှေကိုင်းမျက်မှန်ကြီးက သူ့ကိုမှန်းဆလို့မရနိုင်ဘဲ လျှို့ဝှက်ဆန်းကြယ်သည့် အရောင်အဝါတစ်ခုကို ပေးစွမ်းနေ၏။ သို့သော်ငြားလည်း သူ နဥ်ရှောက်ယွင်ကို ကြည့်နေသည့်စူးရှသည့် အကြည့်က... အနည်းငယ် တောက်လောင်နေသယောင်။

"ဪ ဆရာမရှင်းယွင် ဖြစ်နေတာကိုး။ ကျွန်တော် ဆရာမအကြောင်း အများကြီးကြားဖူးပါတယ်"

လူငယ်က ပြောလိုက်သည်။ "ကျွန်တော်ကတော့ ရန်ရှို့သယ်ပါ..."

ဝေဟုန်ချိုးက မနေနိုင်ဘဲ မေးလိုက်တော့သည်။ "ဆရာမရှင်းယွင်က အခုထက်ထိ ဘယ်ပန်းချီကားကိုမှ ချမပြလာသေးဘူးနော်။ အစ်ကိုရန် အစ်ကိုက ဒီအကြောင်းကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"

ရှမြန်မှာ ရယ်ချင်စိတ်ကို ကြိုးစားမျိုသိပ်ထားရတော့သည်။ လူငယ်လေးက အမှန်ပင် ရိုးအလှ၏။

ရန်ရှို့သယ်မှာ အနည်းငယ် ရှက်ရွံ့သွားသယောင်ပင်။ သူက ဝေဟုန်ချိုးကို ကူးကယ်ရာမဲ့သွားသလို ကြည့်လိုက်ပြီး နဥ်ရှောက်ယွင်ကို ပြောလိုက်တော့သည်။ "တဆိတ်လောက်ပါခင်ဗျား"

ထို့နောက်တွင်တော့ သူကကိုယ့်ဟာကိုယ် ဆက်ပြီး မိတ်ဆက်ပေးနေ၏။

"ကျွန်တော်က အနုပညာကို ချစ်မြတ်နိုးတယ်လေ။ ဒါကြောင့် ကျွန်တော်က ပြခန်းတစ်ခု ဖွင့်ထားတယ်။ ကျွန်တော်က ဆရာမလို ပန်းချီပညာရှင်တွေနဲ့ တွေ့ရတာ တကယ့်ကို ဂုဏ်ယူပါတယ်"

နဥ်ရှောက်ယွင်က ပြုံးပြီး ယဉ်ယဉ်ကျေးကျေးသာ ပြောလိုက်သည်။ "ဪ ရှင်က ပြခန်းပိုင်ရှင်တစ်ယောက်ကိုး။ ရှင်က တကယ့်ကို ငယ်ရွယ်ပြီးတော့ အလားအလာရှိပါတယ်"

ရန်ရှို့သယ်က ပြုံးကာပြောလိုက်သည်။ "ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆရာမရှင်းယွင်"

သူက သူ့နာရီကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "ဒီအချိန်လောက်ဆိုရင်... ကျွန်တော့်မိတ်ဆွေက ပြင်သစ်စားသောက်ဆိုင်တစ်ခုကို အခုမှ ဖွင့်ထားတာလေ။ အစားအသောက်တွေကလည်း အရမ်းကောင်းတယ်။ ကျွန်တော်က ဆရာမကို နေ့လယ်ခင်းလက်ဖက်ရည်သောက်ဖို့ ဖိတ်ကြားနိုင်တဲ့ အသိအမှတ်ပြုမှုလေးများ ရနိုင်မလားပဲ"

ဝေဟုန်ချိုးက ဝမ်းသာအားရ ပြောလိုက်သည်။ "တကယ်လို့ ဆရာမရှင်းယွင် သွားမယ်ဆိုရင် ကျွန်တော်လည်းပဲ သွားချင်တယ်"

နဥ်ရှောက်ယွင်က အလောတကြီး ပြောလိုက်၏။ "အားနာပါတယ်ရှင် ကျွန်မခဏနေ တခြားကိစ္စလေးတွေ ရှိသေးလို့ပါ။ ဒါကြောင့် ကျွန်မ မသွားနိုင်ပါဘူး"

ရန်ရှို့သယ်က နှမြောတသစွာဖြင့် ပြောလိုက်၏။ "ကျွန်တော်တို့တွေ နောက်နေ့ကျမှပဲ လက်ဖက်ရည် သောက်ကြတာပေါ့။ ဆရာမရှင်းယွင် ဆရာမရဲ့ဆက်သွယ်လို့ရမဲ့ လိပ်စာလေးကို ထားခဲ့ပေးလို့ရမလား"

ဒီလိုကျွမ်းကျွမ်းကျင်ကျင် ကြုံတုန်းကြုံခိုက် အီစီကလီ ပြုတတ်သည့်နည်းလမ်းက ရှမြန်ကို အနည်းငယ် ထူးဆန်းသွားစေတော့သည်။

နဥ်ရှောက်ယွင်က ပြုံးပြီးဘာမှ မပြောလိုက်ချေ။ ဒါက ငြင်းဆန်သည့် အဓိပ္ပာယ်ပင်။

ရန်ရှို့သယ်က ပြုံးကာပြောလိုက်၏။

"ကြည့်ရတာ ကျွန်တော်ကိုယ့်ဟာကိုယ် အရမ်းကြီး အထင်ကြီးမိသွားတယ် ထင်တယ်။ ကျွန်တော်တို့၂ယောက်စလုံးက အနုပညာ အသိုင်းအဝိုင်းကဆိုတော့ နောက်ပိုင်းကျရင် အဆက်အသွယ် ရှိလာလိမ့်မယ်လို့ စဉ်းစားမိလို့ပါ"

နဥ်ရှောက်ယွင်က ထိုစကားကို ကြားလိုက်ပြီးသည့်နောက်တွင် အနည်းငယ် ရှက်ရွံ့သွားတော့သည်။

"ဟုတ်တယ် ကျွန်တော်တို့တွေ အခွင့်အရေးတစ်ခုရှိလာရင် ထပ်ပြီးတွေ့ရဦးမှာပါ" ဝေဟုန်ချိုးက ပြောလိုက်သည်။

"ဒါက ကျွန်တော်နဲ့ အစ်ကိုရန်တို့လိုပဲ မဟုတ်လား"

သူတို့၂ယောက်သည် အချင်းချင်း မရင်းနှီးကြသဖြင့် သူသည် အမှန်ပဲ ထိုသို့တွေးတောနေသည်လား သို့မဟုတ် နဥ်ရှောက်ယွင်ကို ကူညီပေးဖို့ ကြိုးစားနေသည်လားတော့ ရှမြန်မှာ မပြောနိုင်တော့ချေ။ သူမက ရှေ့သို့ မြန်မြန်လျှောက်လာကာ နဥ်ရှောက်ယွင်၏လက်မောင်းကို လှမ်းတွဲလိုက်ပြီး ပြောလိုက်လေသည်။ "အစ်မနဥ် အဆင်ပြေရဲ့လား။ နောက်တောင် ကျနေပြီနော်။ ကျွန်မတို့ ပြန်ကြရအောင်"

နဥ်ရှောက်ယွင်သည် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ရန်ရှို့သယ်နှင့် ဝေဟုန်ချိုးတို့ကို ပြောလိုက်၏။ "ဒါဆိုရင် ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်"

ဝေဟုန်ချိုးက သူမကို အိုင်ဒေါတစ်ယောက်လို သဘောထားပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။

"ဂရုစိုက်ပါနော်။ ဆရာမရှင်းယွင် ကျွန်တော်ဆရာမရဲ့ ပန်းချီကားတွေကို တွေ့ရဖို့စောင့်နေပါ့မယ်"

ရန်ရှို့သယ်၏မျက်နှာကတော့ နှမြောတသမှုနှင့် ဆုံးရှုံးမှုအပြည့် ဖြစ်သွားလေ၏။

ဒါက နဥ်ရှောက်ယွင်ကို အနည်းငယ် မသက်မသာဖြစ်သွားစေပြီး သူမက ရှမြန်နှင့် ရှောင်ဖုန်းကို မြန်မြန်ခေါ်ထွက်လာတော့သည်။

သူတို့၃ယောက်သည် အပေါ်ထပ်သို့ တက်သွားကာ ကျူးယွင်ဟိုင်နှင့် တခြားသူများကို နှုတ်ဆက်လိုက်ပြီးနောက် အိမ်ပြန်ဖို့ရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ သူတို့သည် တက်စီတစ်စီးကို ငှားရမ်းဖို့ရန်အတွက် လူသွားလမ်းကို ဖြတ်လာပြီး မိန်းလမ်းပေါ်သို့ လျှောက်လာရန် လိုအပ်လေသည်။

ထို့နောက်တွင် သူတို့သည် လမ်းတစ်ခုကိုဖြတ်လာချိန်တွင် ရှောင်ဖုန်းက လမ်းလျှောက်နေသည့် အရှိန်နှုန်းကို နှေးထားလိုက်ပြီး မကြာခဏဆိုသလို ပတ်ဝန်းကျင်ကိုကြည့်နေ၏။

ရှမြန်မှာ ဇဝေဇဝါဖြစ်သွားပြီး"ဘာဖြစ်လို့လဲ"

ရှောင်ဖုန်းက ရှေးဟောင်းပစ္စည်းဆိုင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

"အန်တီလေး ရှေးဟောင်းပစ္စည်းတွေ"

ရှမြန်...

ဒီနေရာသည် ပြခန်းနှင့် အနုပညာပြတိုက်များ အပြည့်ရှိနေသည့်နေရာဖြစ်သည်။ လူချမ်းသာများနှင့် ဝါသနာအရ ပစ္စည်းစုဆောင်းသည့်လူများက ဒီနေရာသို့ ဝင်ထွက်သွားလာနေပြီး ဒီလမ်းသည် သဘာဝအလျောက် ရှေးဟောင်းပစ္စည်းဆိုင်လမ်းတခု ဖြစ်လာတော့သည်။

နဥ်ရှောက်ယွင်မှာ မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။

"သူက အရမ်းကို ကောင်းကောင်းကြီး မှတ်မိနေတော့တာပဲ။ အခုဆိုရင် သူ့ရဲ့အစ်ကို အစ်မတွေအားလုံးက သူ ရှေးဟောင်းပစ္စည်း ကြိုက်တယ်ဆိုတာကိုတောင် သိနေကြပြီလေ"

"ရှောင်ဖုန်းက သူတို့ဆီကနေ ပုန်းနေတဲ့အချိန်တိုင်း သူတို့တွေက ရှေးဟောင်းပစ္စည်းရှိတယ်လို့ ပြောလိုက်တာနဲ့ သူက ချက်ချင်း လိမ်လိမ်မာမာလေးနဲ့ ထွက်လာတော့တာပဲ"

ရှမြန်မှာ အော်ရယ်မိတော့သည်။ သူမသည် ကလေး၏ဆံပင်လေးကို သပ်ပေးလိုက်ပြီး ပြောလိုက်၏။

"အန်တီလေးတို့တွေ တစ်ခုလောက် ဝယ်ကြမလား"

အနည်းဆုံးတော့ ဒီအစွဲအလမ်းကို ဖယ်ရှားပေးရမယ်လေ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် အလိမ်ခံရဖို့ လွယ်သွားပြီမဟုတ်လား။

ရှောင်ဖုန်း၏ မျက်လုံးများက ချက်ချင်းဆိုသလို လင်းလက်သွားကာ သူက လိမ်လိမ်မာမာလေးဖြင့် ပြောလိုက်လေသည်။ "သားတို့တွေက လျှော့ဈေးနဲ့ ရောင်းတဲ့ဟာကိုပဲ ရွေးကြမှာနော်"

ရှမြန်မှာ ငိုရခက်ရယ်ရခက် ဖြစ်သွားတော့သည်။

"ဟုတ်ပါပြီ။ လျှော့ဈေးနဲ့ရောင်းတဲ့ဟာကိုပဲ ဝယ်ကြတော့မယ်။ တကယ်လို့ အန်တီလေးတို့တွေ အဲဒီပစ္စည်းကို မတွေ့သေးဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး"

နဥ်ရှောက်ယွင်က တိုးတိုးလေး ပြောလိုက်၏။ "ဒီလမ်းက နာမည်ကြီးတယ်ဆိုပေမဲ့လည်း တကယ်တမ်းကျတော့ ယန်မြို့က လူတိုင်းက သိကြတယ်လေ။ တကယ့်ရှေးဟောင်းပစ္စည်းတွေကို ကျူးယွီလမ်းထဲမှာပဲ တွေ့နိုင်တာ။ ဒီနေရာကတော့ အပြင်က သူဌေးသားလက်သစ်တချို့တွေကို နှပ်ချထားတဲ့ပစ္စည်းတွေပဲ။ ဒီတော့ ရှေးဟောင်းပစ္စည်းတွေကို ရွေးဖို့ဆိုတာ ခက်လိမ့်မယ်"

ရှမြန်ကလည်း တိုးတိုးလေး ပြောလိုက်သည်။ "ဒါဆိုရင်တော့ ကွက်တိပဲ"

ဘာပဲဖြစ်ဖြစ်လေ။ ကလေးက အတုလား၊ အစစ်လားဆိုတာ သိမှာမဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းလမ်းထဲက ဝယ်လာတဲ့ပစ္စည်း ဖြစ်နေသရွေ့ အရင်ဆုံးသူ့အစွဲအလမ်းကို ပယ်ဖျောက်ပေးကြတာပေါ့။ အဲဒီနောက်မှာ သူကြီးလာတဲ့ အချိန်ကျမှပဲ ဖြည်းဖြည်းချင်း ပြောပြရမယ်။

နဥ်ရှောက်ယွင်က အော်ရယ်ကာ ခေါင်းခါလိုက်တော့သည်။

သို့နှင့် ရှမြန်က ရှောင်ဖုန်းကို အေးအေးလူလူ လမ်းလျှောက်ကာ ခေါ်လာခဲ့တော့သည်။ သူတို့သည် တစ်ခုလောက် ကြုံရာဝယ်မည်ဟု ဆုံးဖြတ်ထားသော်ငြားလည်း သူတို့သည် ငွေကိုသုံးရမည်ဖြစ်သဖြင့် တစ်ခုခု ကောင်းမွန်ပြီး လက်တွေ့ကျသည့်အရာမျိုးကို ဝယ်ရပေမည်။

...

"သူဌေး ဒါက တကယ့်ပစ္စည်းအစစ်ပါ" ယောက်ျားတစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်၏။ "မနှစ်က လေလံပွဲမှာ ကျွန်တော်ဝယ်ထားတဲ့ တခြားပစ္စည်းဆိုရင် ယွမ်၁သိန်းနဲ့ ရောင်းထွက်သွားတာ။ ကျွန်တော်က အခု ယွမ်၂သောင်းပဲ လိုချင်တာပါ။ တကယ်ပါ ယွမ်၂သောင်းဆိုရင် အဆင်ပြေပါတယ်"

"ကျွန်တော် ငွေသုံးစရာ အလျင်လိုနေလို့ပါ။ ဒါကြောင့် ကျွန်တော် စျေးချပြီးတော့ ရောင်းရတာပါ"

"တော်စမ်းပါ။ ရှေးဟောင်းပစ္စည်းအတုတွေကို ရောင်းတဲ့လူ ၁၀ယောက်လုံးက ဒီလိုပဲပြောကြတာပဲလေ" သူဌေးသည် ထိုသို့ပြောလိုက်ပြီး ပစ္စည်းကို မဝယ်မှာ သိသာနေ၏။

"ဒီပန်းအိုးအတွက်တော့ ငါ မင်းကို ယွမ်၂၀၀ပဲပေးနိုင်မယ်"

"ဒါတော့မဖြစ်ပါဘူး" ထိုလူ၏အသံသည် ငိုတော့မည့် အသံဖြစ်နေ၏။

ရှမြန်က သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်တွင် တစ်ကိုယ်လုံးတွင် ဖာထေးရာများနှင့် စစ်စိမ်းရောင် ဂျာကင်တစ်ထည်ကို ဝတ်ဆင်ထားသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် တော်တော်လေး ငယ်သည့်ရုပ် ဖြစ်သော်ငြားလည်း သူ့မျက်နှာပေါ်တွင် စိုးရိမ်စိတ်များ၊ ဝမ်းနည်းစိတ်များပြည့်နှက်နေကာ သူ့မျက်လုံးများက နီရဲလို့နေသည်။

အပျော်သဘောဖြင့် လာရောက်ကြည့်ရှုကြသည့် သူဌေး တော်တော်များများကလည်း ရယ်စရာ ပြောနေကြ၏။ "ဒါက တော်တော်လေးကို အစစ်နဲ့တူတာပဲ"

"သရုပ်ဆောင်တစ်ယောက်လုပ်ရင် ပိုပြီးတော့တောင် ကောင်းဦးမယ်"

...

ဒီလိုကိစ္စမျိုးက ဒီနေရာမှာ မကြာခဏဖြစ်တယ် ထင်ပါတယ်။

ရှမြန်သည် အစောပိုင်းတွင်တော့ ဂရုမစိုက်ချေ။ သို့သော်ငြားလည်း သူမ၏လက်က တင်းကျပ်သွားသလို ခံစားလိုက်ရ၏။

ရုတ်တရက် ရပ်တန့်သွားပြီး ထိုလူ၏ရင်ခွင်ထဲက ရောင်စုံပန်းအိုးလေးကို ငေးကြည့်နေသူမှာ ရှောင်ဖုန်း ဖြစ်နေတော့သည်။

ရှမြန်...

ရှောင်ဖုန်းက ပန်းအိုးကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။ "ရှေးဟောင်းပစ္စည်း"

ရှမြန်မှာ တဒင်္ဂ မှင်တက်အံ့သြသွားပြီးနောက် ပုလင်းကို လှမ်းကြည့်လိုက်ပြီးနောက်တွင် တော်တော်လေး ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။

နဥ်ရှောက်ယွင်ကလည်း ခပ်ရေးရေးလေး မှတ်မိနေ၏။ "လေလံပွဲမှာ ပြထားတဲ့ အရင်မင်းဆက်က ကြွေထည်ပန်းအိုးလေး မဟုတ်လား"

"ငန်းပုံပါတဲ့ ကျောက်စိမ်းပန်းအိုးတစ်ခုလေ" ရှောင်ဖုန်းကလည်း ကလေးသံလေးတစ်ခုနှင့် ပြောလိုက်သည်။

ရှမြန်...

ပါရမီရှင်အားလုံးက ဒီလိုပဲလား။ လတော်တော်များများတောင် ကြာသွားပြီလေ။ ဒါကို မှတ်မိနေတုန်းတဲ့လား။

ကြွေပန်းအိုးကို ကိုင်ထားသည့် ထိုလူ၏မျက်လုံးများသည် ထိုစကားများကို ကြားလိုက်ရချိန်တွင် ရုတ်တရက် လင်းလက်သွားပြီး သူက ဝမ်းသာအားရဖြင့် ရှမြန်ကို လှမ်းကြည့်လိုက်လေသည်။

"ဒီအကြောင်းကို သိနေတာလား"

မဟုတ်ပါဘူး။ ရှင် ဒါကိုယုံချင်မှယုံမှာပါ။ ဒါပေမဲ့ ဒီကလေးကပဲ ဒါကို သိနေတာ။

...

All Chapters