အပိုင်း(၁၂၂)
Vol. 9 Ch. 122
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် လူကြီး၃ယောက်နှင့် ကလေး၁ယောက်သည် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေကြ၏။ ရှေးဟောင်းပန်းအိုးတစ်လုံးကို အလယ်ကထူထဲသည့် ချည်ဖျာတစ်ခုပေါ်တွင် နေရာချထားသည်။ လူကြီး၃ယောက်က အပြန်အလှန် ကြည့်နေကြပြီး တစ်ဦးတည်းသော ကလေးလေးကတော့ ဖျာပေါ်တွင်လဲလျောင်းကာ ပန်းအိုးကို ဂရုတစိုက်စိုက် ကြည့်နေလေသည်။
ကလေးက သူ့လက်ညှိုးသေးသေးလေးဖြင့် ပန်းအိုးကို ပွတ်သပ်ကြည့်နေ၏။ ဒါသည် လေလံပွဲက ဓာတ်ပုံစာအုပ်ထဲက ဓာတ်ပုံများကို သူ မှတ်သားထားခဲ့သည့်ပုံစံဖြစ်မှန်း ရှမြန်က သတိရလိုက်သည်။
သူမက ဒါကို ကလေးက ကစားချင်ရုံသက်သက်ဟု ထင်ထားသော်ငြားလည်း သူက ဒါကို အမှန်တကယ် မှတ်မိနေလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
ရှမြန်သည် ကောင်ကလေးကို အားကျစိတ်ဖြင့် ကြည့်နေပြီး သူမတွင်လည်း ဒီလိုမှတ်ဉာဏ်မျိုး ရှိချင်လာတော့၏။
ခဏအကြာတွင် ရှောင်ဖုန်းက ရှမြန်ကို မော့ကြည့်လိုက်လေသည်။
"အန်တီလေး ပန်းအိုးရဲ့ဖင်ကို ကြည့်မယ်"
ရှမြန်မှာ ထိုလူကို အောင့်သက်သက်လှမ်းကြည့်လိုက်ရပြီး ပြောလိုက်ရတော့သည်။
"ကျေးဇူးပြုပြီးတော့ သူ့ကို ပန်းအိုးရဲ့ဖင်ကို ပြပေးလိုက်ပါဦး"
ဒါသည် ပုံမှန်ကြည့်ရှုခြင်းဖြစ်သော်ငြားလည်း မည်သို့ဆိုစေကာမူ နည်းနည်းလေးတော့ အူကြောင်ကြောင် နိုင်နေ၏။ ဒီပန်းအိုးကို စိတ်ဝင်စားပုံပြသူမှာ ပထမဦးဆုံးလူဖြစ်နိုင်သည်။
ထိုလူက ဘာမှမပြောချေ။ သူက ပန်းအိုးကိုကောက်မလိုက်ပြီး ရှောင်ဖုန်းက ခဏလောက် အနီးကပ် ကြည့်ဖို့ရန်အတွက် ပန်းအိုးဖင်ကို ထောင်ပြလိုက်သည်။ သူကတော့ ဒါကို နောက်ဆုံး အားထုတ်မှုတစ်ခုကို စဉ်းစားထားလိုက်၏။
သူတို့က စိတ်ဝင်စားနေခြင်းကြောင့်လားတော့ မသိချေ။ အနီးအနားက ရှေးဟောင်းပစ္စည်းဆိုင်က ပိုင်ရှင် တော်တော်များများကလည်း အပျော်သဘောဖြင့် လာရောက်ကြည့်ရှုကြတော့သည်။
"ပညာရှင်လေး မင်း ဒါကိုဖော်ထုတ်နိုင်ပြီလား။ ဒါက အစစ်လား"
ရှောင်ဖုန်းသည် သူစိမ်းအများကြီးကို မြင်လိုက်ရသဖြင့် အလန့်တကြား ဖြစ်သွားကာ သူ့ကိုယ်သူ ရှမြန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်လေသည်။
သူလေးက ချစ်စရာကောင်းနေသဖြင့် အားလုံးကသူ့ ကို စနောက်ကျီစယ်နေကြသည်။ ထို့ကြောင့် သူတို့က သူ့ကိုမြင်လိုက်ရသည့်အချိန်တွင် ဒီအတိုင်း အော်ရယ်နေကြ၏။
ကြွေထည် ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်က ပြောလိုက်သည်။
"ကလေးမ အရူးလုပ်မခံနဲ့နော်။ တကယ်လို့ ဒီပန်းအိုးကသာ အစစ်ဆိုရင် ဒါက ငွေအများကြီး သေချာပေါက်တန်မှာပဲ။ သူက ဒါကို စစ်ဆေးပေးဖို့ ပညာရှင်တစ်ယောက်ကို သွားမေးချင်သွားမေးမယ်။ ဒါမှမဟုတ် လေလံပွဲကို ယူသွားမှာပေါ့။ ဒီလိုအတုအယောင် အချက်အလက်တွေ ရှိတဲ့စျေးထဲမှာ ဒီပစ္စည်းကို ဘာလို့လာရောင်းမှာလဲ"
"ကျွန်တော် လေလံပွဲကို ရောက်ပြီးပါပြီ" ထိုလူက အလောတကြီး ရှင်းပြလေသည်။
"ဒါပေမဲ့ ပညာရှင်တွေက ဒါကိုခွဲခြားစစ်ဆေးပေးဖို့ အချိန်တစ်ပတ်လောက် ယူရမယ်လို့ ပြောတယ်။ လေလံအိမ်ကလည်း ဒါကိုရောင်းချဖို့ အနည်းဆုံးတစ်လလောက် အချိန်ယူရလိမ့်မယ်တဲ့။ ကျွန်တော် မစောင့်နိုင်လို့ပါ"
သူက စိုးရိမ်တကြီး ပြောလိုက်သည်။ "ကျွန်တော် ဒီနေ့ငွေရမှဖြစ်မှာ။ ကျွန်တော့်ဦးလေးက သန်ဘက်ခါဆိုရင် ခွဲစိတ်ခန်း ဝင်ရတော့မှာလေ။ ဒီနေ့ခွဲစိတ်ခကို ငွေချေပေးမှဖြစ်မှာ"
ရှမြန်...
ဘယ်သူကမှ သူ့ကိုမယုံကြည်ကြသည်မှာလည်း မဆန်းတော့ချေ။ ဒီလေသံက လူလိမ်တစ်ယောက်၏ လှည့်ကွက်နှင့် တော်တော်လေးကို ဆင်တူနေသည်။
သို့သော်ငြားလည်း သူက ဦးလေးဖြစ်သူအကြောင်းကို ပြောနေသည်ကို ရှမြန်က သတိထားမိလိုက်၏။ အကယ်၍ သူသာ လူလိမ်တစ်ယောက် အမှန်တကယ်ဖြစ်ခဲ့လျှင် အဖေ၊ သား၊ ဇနီးစသည့် အခြေအနေက ဦးလေးတစ်ယောက်ထက် အများကြီးပိုပြီး ယုံချင်စရာ ကောင်းပေလိမ့်မည်။ သို့သော်ငြားလည်း သူကတော့ ဦးလေးဖြစ်သူကိုသာ ပြောနေလေသည်။
ရှောင်ဖုန်းက အမှတ်တမဲ့ဆိုသလို ရှမြန်၏လည်ပင်းကို တင်းနေအောင် ဖက်ထားလိုက်၏။ သူသည် လူကြီးများ၏ ဆွေးနွေးနေသည့်စကားကို နားမလည်ချေ။ သို့သော်ငြားလည်း ရှမြန်ကို တိုးတိုးလေးပြောလိုက်၏။
"ရှေးဟောင်းပစ္စည်းလေ"
ကောင်ကလေးက ဒီပန်းအိုးကို ဝယ်မည်ဟု ဆုံးဖြတ်ထားသယောင်ပင်။ ရှမြန်မှာ ခဏလောက် ချီတုံချတုံဖြစ်သွား၏။ ကလေးလေးက တစ်ခုခုကို လိုချင်သည်မှာ တော်တော်လေးရှားပါးသည်။
ထိုလူက ရှမြန်၏အမူအရာကို မြင်သွားသည့်အခါ နောက်ဆုံးကောက်ရိုးကို ဖမ်းဆွဲထားသည့်နှယ် အံကြိတ်ကာ ပြောလိုက်လေသည်။ "ကျွန်တော့်ကို ၁သောင်းပဲပေးပါ။ ၁သောင်းဆိုရင် လုံလောက်ပါပြီ။ အဲဒီထက်မနည်းပါဘူး"
"ချက်ချင်းကို တစ်ဝက် စျေးကျသွားတာပဲ" ဆိုင်ပိုင်ရှင်တစ်ယောက်က ရယ်မောကာပြောလိုက်၏။
"မင်းက လူလိမ်တစ်ယောက် မဟုတ်ပါဘူးလို့သာ ပြောနေတာ။ ဒါပေမဲ့ တကယ့် ရှေးဟောင်းပစ္စည်းဆိုရင် ဘယ်သူက ဒီလိုရောင်းချနိုင်မှာလဲ"
"ဟုတ်တယ်နော် ကလေးမ။ အရူးလုပ်မခံနဲ့။ နင်က လှည့်စားရတာ လွယ်ကူတယ်လို့ သူ ထင်နေတာဖြစ်မှာ။ တကယ်လို့ နင့်မှာ အဲဒီ၁သောင်းရှိတယ်ဆိုရင် ငါတို့ဆိုင်လာပြီးတော့ တကယ့်ပစ္စည်းအစစ်ကို လာဝယ်လှည့်။ သူ့ဟာထက်တောင်မှ ပိုပြီးတော့ စိတ်ချရသေးတယ်"
ထိုလူသည် သူ၏နောက်ဆုံးမျှော်လင့်ချက်အတွက် နောက်ဆုံးရုန်းကန်မှုက ဒီလိုအခြေအနေ ဆိုးရွားသွားလိမ့်မည်ဟု မျှော်လင့်မထားမိသည်မှာ သေချာသည်။
သူက ထောင်ချောက်ထဲ ကျရောက်သွားသည့် တိရစ္ဆာန်လေးတစ်ကောင်လို သူ့ခေါင်းကို တစ်ဗျင်းဗျင်း ကုတ်လိုက်ပြီး ရှမြန်ကို မော့ကြည့်ကာ ပြောလိုက်လေသည်။ "မိန်းကလေး ဒါက တကယ့်ပစ္စည်းအစစ်ပါ"
"မင်း ငါ့ကို မယုံဘူးဆိုရင် ဒီပန်းအိုးကို ငါ မင်းကို အသနားခံတာလို့ပဲ သဘောထားလိုက်ပါ။ ငါ မင်းကို ငါ့ရဲ့လိပ်စာနဲ့ အချက်အလက်တွေအားလုံးကို ပေးနိုင်ပါတယ်။ ငါ ပိုက်ဆံရှိတဲ့အချိန်ကျရင် မင်းဆီကနေ ပန်းအိုးကို ပြန်လာရွေးပါမယ်။ ငါ မင်းကို ဒီထက်ပိုပြီးတော့ နည်းနည်းပိုပြီးတော့ ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ငါ မင်းကို ဆုံးရှုံးရအောင် လုပ်မှာမဟုတ်ဘူးဆိုတာကိုတော့ ကတိပေးနိုင်ပါတယ်"
"ရယ်စရာပဲ။ မင်းရဲ့ပန်းအိုးက အစစ်ဟုတ်၊ မဟုတ်တောင် ငါတို့က မသိဘဲနဲ့။ သူတို့က မင်းကို ဒီလောက်ငွေအများကြီး ဘာဖြစ်လို့ ပေးရမှာလဲ" သူဌေးတစ်ယောက်က ပြောလိုက်လေသည်။
"မင်းပေးခဲ့တဲ့အချက်အလက်က အမှန်အကန်ပါဆိုရင်တောင် မင်းက ငွေကို တကယ်တမ်း ပြန်မပေးနိုင်ခဲ့ရင် မင်းက ကလေးမကို အကြွေးဆပ်ခိုင်းဖို့ နေ့တိုင်း မင်းနောက် လိုက်ခိုင်းစေချင်နေတာလား"
မည်သို့ပင်ဖြစ်စေ သူသည် ဘာပြောပြော လူလိမ်တစ်ယောက်လိုသာ ဖြစ်နေတော့သည်။
ထိုလူက မျက်လုံးများကို တင်းနေအောင် ပိတ်ထားလိုက်ပြီး တစ်ခုခုကို ပြောချင်သဖြင့် ပါးစပ်ကို ဖွင့်လိုက်သော်ငြားလည်း နောက်ဆုံးတော့ စိတ်ဓာတ်ကျကျဖြင့် ခေါင်းငုံ့ထားလိုက်ကာ ဘာတစ်ခွန်းမှ မပြောဘဲ ကိုယ်ကိုကုန်းပြီး ပန်းအိုးကို ဂရုတစိုက်ထုတ်ပိုးပြီးနောက် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်တော့သည်။
ရှမြန်သည် သူ့ခန္ဓာကိုယ်ပေါ်က တင်းကျပ်နေသည့်အဖြစ်ကို မြင်နေရသယောင်ရှိ၏။ နောက်ထပ် ကောက်ရိုးတစ်ခုသာ ထပ်ထည့်လိုက်လျှင် ဒါက သူ့ကို ကျိုးကျသွားဖို့ရန် လုံလောက်စေသည်။
ပတ်ဝန်းကျင်က အနည်းငယ် တိတ်ဆိတ်သွားသည်။ ရှမြန်သည် သူမ၏လက်က တင်းကျပ်သွားသလို ခံစားလိုက်ရပြီး ရှောင်ဖုန်းက အမှတ်တမဲ့ မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ကာ အမူအရာလေးက အလွန်မှ ဝမ်းနည်းနေသဖြင့် ငိုတော့မိဆဲဆဲပုံစံ ဖြစ်နေလေသည်။
ရှမြန်က ရှောင်ဖုန်း၏ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ထွက်သွားတော့မည်ပြင်နေသည့် ထိုလူကို မော့ကြည့်ပြီး ပြောလိုက်တော့သည်။ "လူကြီးမင်း"
ထိုလူသည် လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်သွားပြီးနောက် သူသည် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားချင်သော်ငြားလည်း စိတ်ပျက်အားလျော့ခြင်းကို ရင်ဆိုင်ရမှာ စိုးရိမ်နေ၏။ သူက တောင့်တောင့်တင်းတင်းဖြင့် ပြောလိုက်လေသည်။ "ဘာကိစ္စရှိလို့လဲ"
"ကျွန်မ အရူး မဖြစ်ချင်ပါဘူး။ ကျွန်မတို့က ဒီပန်းအိုးအစစ်ဟုတ်၊ မဟုတ်ဆိုတာ အတည်မပြုနိုင်ပေမဲ့လည်း ရှင် ပထမဦးဆုံးပြောခဲ့တဲ့ တခြားကိစ္စတွေကိုတော့ အရင်ဆုံး အတည်ပြုဖို့လိုတယ်" ရှမြန်က ပြောလိုက်သည်။
"ရှင့်ဦးလေးရဲ့ရောဂါက ဘာလဲ။ သူ ဘယ်ဆေးရုံမှာလဲ"
ထိုလူ၏ မှေးမှိန်နေသည့်မျက်လုံးများသည် နောက်ဆုံးတော့ တစ်ဖန်လင်းလက်သွားပြီး သူ့မှာ ထပ်မစောင့်နိုင်ဘဲ ပြောလိုက်တော့သည်။ "ဟို ဟို ယန်တက္ကသိုလ်ဆေးရုံမှာပါ။ ငါ မင်းတို့ကို အခုချက်ချင်း ခေါ်သွားပေးလို့ရပါတယ်။ တကယ်လို့ မင်းတို့ ငါ့ကိုမယုံဘူးဆိုရင် ငါ့ကို ပိုက်ဆံပေးစရာ မလိုပါဘူး။ ဆေးရုံကိုပဲ တိုက်ရိုက်ပိုက်ဆံပေးလိုက်လို့ရပါတယ်"
"ငါက တကယ်လူလိမ်တစ်ယောက် မဟုတ်ပါဘူး"
ရှမြန်နှင့် နဥ်ရှောင်ယွင်တို့သည် အပြန်အလှန် ကြည့်လိုက်ကြ၏။ တိုက်ဆိုင်လိုက်တာ...
ဆိုင်ပိုင်ရှင်က သူမကို သတိပေးသည်။
"ကလေးမ နေမကောင်းဖြစ်နေတဲ့သူကတော့ တကယ်ဖြစ်နိုင်ပါတယ်။ ပန်းအိုးကတော့ အတုနဲ့ ပိုပြီးတော့တူတယ်။ ကြံမိကြံရာ လုပ်တတ်ကြတဲ့သူတွေက စည်းရှိမှာ မဟုတ်ဘူး။ ဒီတော့ မင်းသတိထားတာ ပိုကောင်းမယ်"
ရှမြန်သည် သူဌေးက စေတနာနှင့် ပြောလိုက်သည်ကို သိလေသည်။ ထို့ကြောင့် သူမက ပြုံးကာ ပြောလိုက်၏။
"သူဌေး ကျွန်မကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ဂရုစိုက်ပါ့မယ်။ ကျွန်မက ယန်တက္ကသိုလ်ဆေးရုံနားမှာ နေတာပါ။ ဒီတော့ ကျွန်မရဲ့မိသားစုတွေက ကျွန်မကို လာတွေ့ဖို့ အဆင်ပြေပါတယ်"
သူဌေးက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်လေသည်။ "ကလေးမက အရမ်းကို စေတနာကောင်းတာပဲ"
သူတို့သည် ထိုလူကို မော့ကြည့်လိုက်သည့်အချိန်တွင် ပါးစပ်ဖွင့်လိုက်သော်ငြားလည်း နောက်ဆုံးတော့ မဖွယ်မရာဘာမှ မပြောတော့ချေ။ သူ့မိသားစုထဲက နေမကောင်းဖြစ်နေသည့်သူက အမှန်ပင် ဖြစ်နိုင်သည်မှာ သေချာပေါက် သိသာလေသည်။
သူက သက်ပြင်းချကာ ပြောလိုက်၏။
"အားလုံးက ခက်ခဲနေကြတာပဲ။ ကိုယ့်ရဲ့အသိတရားနဲ့ ဆန့်ကျင်ပြီးတော့ မလုပ်နဲ့ပေါ့"
ထိုလူက ဘာမှမပြောချေ။ ယခုအချိန်တွင် သူ့ရှေ့က မိန်းကလေးကသာ သူ့ရှေ့ကပန်းအိုးကို ဝယ်နိုင်မလားဆိုတာကိုသာ ဂရုစိုက်နိုင်တော့သည်။ သူသည် တခြားဘာကိုမှ ဂရုမစိုက်တော့ချေ။
သူတို့သည် တက်စီတစ်စီးငှားကာ ယန်တက္ကသိုလ်ဆေးရုံသို့ တန်းတန်းမတ်မတ် လာခဲ့လိုက်ကြသည်။
ကားပေါ်တွင် ထိုလူက သူ့ဟာသူ ပြန်မိတ်ဆက်ပေး၏။
သူ့နာမည်က ရန်ဖေ့ကျန်းဖြစ်ကာ သူသည် ယန်မြို့၏ဆင်ခြေဖုန်းတွင် နေသည့် လယ်သမားတစ်ယောက်ဖြစ်လေသည်။ နေမကောင်းဖြစ်နေသည့်သူမှာ သူဦးလေးဖြစ်၏။ ပိုပြီး တိတိကျကျ ပြောရလျှင် သူ၏မွေးစားအဖေ ဖြစ်လေသည်။
သူ့အဖေသည် သူအသက်၇နှစ်အရွယ်က ဆုံးပါးသွားခဲ့ပြီး သူ့အမေက နောက်အိမ်ထောင် ပြုသွားခဲ့သည်။ သူ့အဘွားဖြစ်သူက သူ့ကို ရောင်းချချင်သည့်အချိန်တွင် သူသည် အိမ်မှတိတ်တဆိတ် ထွက်ပြေးလာကာ လမ်းဘေးတွင် ဆာလောင်မှုကြောင့် မေ့လဲသွားခဲ့သည်။ သူ့ကို အမှိုက်ကောက်သမား ဖန်ဟွေရမ်က ကယ်တင်ပေးခဲ့ပြီး သူ့ကို အိမ်ခေါ်သွားကာ သူ့ကို မွေးစားပေးခဲ့သည်။ ထိုကတည်းကဆိုလျှင် အနှစ်၂၀ရှိတော့မည်ဖြစ်၏။
လွန်ခဲ့သည့် ၁နှစ်က ဖန်ဟွေရမ်သည် အလွန်အကျွံ အလုပ်လုပ်ခြင်းကြောင့် အဆုတ်တွင် ပြဿနာဖြစ်လာကာ အိပ်ရာပေါ်တွင် လဲသွားတော့သည်။
အစတုန်းကတော့ ကောင်းကောင်း အနားယူလိုက်လျှင် ပြန်ကောင်းသွားမည်ဟု သူက ထင်ထားခဲ့သည်။ သို့သော်ငြားလည်း ရုတ်တရက် ပိုပြီးဆိုးဝါးလာကာ လွန်ခဲ့သည့်၁လလောက်က အကျိတ်တစ်ခုအသွင် ပြောင်းသွားခဲ့သည်။ ဖန်ဟွေရမ်က ကျန်းမာရေး ကောင်းနေသည့်အချိန်တွင် ချက်ချင်း တတ်နိုင်သလောက် ခွဲစိတ်မှုကိုပြုလုပ်ဖို့ စီစဉ်ပေးချင်သည်။
"ခွဲစိတ်ကုသမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာ လွန်ခဲ့တဲ့တစ်လလောက်တုန်းကပဲ" နဉ်ရှောက်ယွင်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ခွဲစိတ်မှုကုန်ကျစရိတ်ကို အစောကြီးကတည်းက ပေးချေပြီးလောက်သင့်တာပေါ့။ ပန်းအိုးကိုလည်း လွန်ခဲ့တဲ့၁လလောက်ကတည်းက ရောင်းချပေးသင့်တာလေ"
ရန်ဖေ့ကျန်းက သူမ၏သွယ်ဝိုက်ပြောနေသည့်စကားကို နားလည်သွားပြီး ရှင်းပြလိုက်လေသည်။
"အဘိုးကြီးက ကျွန်တော့်ကို ဒီပန်းအိုးပေးခဲ့တယ်ဆိုတာကလည်း သူ သေတော့မယ်လို့ ထင်နေလို့ပါ"
"ခွဲစိတ်ကုသမှုအတွက် ငွေကိုလည်း တကယ်တော့ ပြင်ဆင်ထားခဲ့ပါတယ်"
ရန်ဖေ့ကျန်း၏မျက်လုံးများသည် ထိုစကားကို ပြောလိုက်သည့်အချိန်တွင် နီမြန်းသွားပြီး သူသည် လူသား၏ အသွေးနှင့်အသားများကို စားသောက်ချင်သည့်ဟန် ဖြစ်နေ၏။ "ဒါပေမဲ့ အခိုးခံလိုက်ရလို့ပါ..."
ရှမြန်မှာ မျက်မှောင်ကြုတ်သွားတော့သည်။ အသက်ကယ်တင်ပေးမည့်ငွေကို ခိုးသွားသည့်မည်သူမဆို အဖမ်းခံရပြီး သေအောင်ရိုက်နှက်ခံရသင့်သည်။
"သန်ဘက်ခါကျရင် ခွဲစိတ်ကုသမှု လုပ်တော့မှာလေ။ ခွဲစိတ်ခကို ဒီနေ့နောက်ဆုံးပေးရမှာ"
ရန်ဖေ့ကျန်းက သူ့မျက်လုံးထဲတွင် တောင်းပန်တိုးလျှိုးနေသည့် အကြည့်တစ်ခုဖြင့် ပြောလိုက်လေသည်။
"တကယ်လို့ မင်းတို့တွေက ဒီပန်းအိုးကို အတုအယောင်လို့ ထင်တယ်ဆိုရင် မဝယ်ချင်လည်းရပါတယ်။ ကျွန်တော်... ကျွန်တော်က မင်းတို့မိသားစုအတွက် အလုပ်လုပ်ပေးပါ့မယ်"
"ကျွန်တော်က အထက်တန်းကျောင်းသားတစ်ယောက်ပါ။ ကျွန်တော့မှာ ခွန်အားရှိပါတယ်။ ကျွန်တော် အကြွေးတွေကျေတဲ့အထိ ကျွန်တော့်ကို အစားအသောက်ပဲပေးပါ။ ပြီးရင်တော့ ကျွန်တော့်ကို ပြန်လွှတ်လိုက်လို့ ရပါတယ်"
ရှမြန်သည် ချက်ချင်းဆိုသလို ရှ၀မ်ယွဲ့၏ အလုပ်ရုံကို စဉ်းစားမိသွား၏။ ဒီလူပြောခဲ့သည့်စကားက အမှန်တကယ် ဖြစ်ခဲ့လျှင် သူသည် သင့်တော်သည့် လူတစ်ယောက် အမှန်ဖြစ်နိုင်ပေမည်။
ဟုတ်ပါသည်။ ဒါက ဒီအရောင်းအဝယ်ကိစ္စနှင့်တော့ ဘာမှမဆိုင်ချေ။ ဒီလူတွင် ကောင်းမွန်သည့် အကျင့်စရိုက်ရှိသည်ဟု သူမက ထင်မြင်မိခြင်းကြောင့်ပင်။
သူမက သူမ၏ ရင်ခွင်ထဲတွင် လိမ်လိမ်မာမာလေးခိုနေသည့် ရှောင်ဖုန်းကို ထိကိုင်လိုက်ပြီး ပြောလိုက်၏။ "စိတ်မပူပါနဲ့။ ရှင်ပြောတဲ့စကား အမှန်ဖြစ်နေတယ်ဆိုရင် ကျွန်မက ရှင့်ရဲ့ပန်းအိုးကို ဝယ်မှာပါ"
ရှောင်ဖုန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ဝိုင်းစက်နေသည့် မျက်လုံးများဖြင့် ရုတ်တရက် ခေါင်းကို ထောင်ကြည့်လိုက်၏။
ရှမြန်က ညင်ညင်သာသာ ပြုံးပြလိုက်သည်။ ကောင်ကလေးသည် အကြောင်းအရာများကို အလွန်မှ ထင်ထင်ရှားရှား မှတ်မိနေပြီး ဒီလိုများပြားသည့် စိတ်ခံစားချက်များလည်း ရှိနေသည်။ ရှမြန်က သူ့ကိုအလွန်မှ လိမ္မာသိတတ်စွာဖြင့် ကြီးပြင်းမလာစေလိုပေ။ သူသည် ဒီကိစ္စကို စဉ်းစားမိလိုက်သည့်အချိန်တိုင်း ဒါကို လက်မလွှတ်နိုင်ခဲ့သည့်အတွက် နောင်တတစ်ခု ဖြစ်လာပေလိမ့်မည်။
ဟုတ်ပါသည်။ သူမလည်း ထိုနည်းတူစွာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူတို့၏အနာဂတ်တွင် စိတ်အေးချမ်းရစေရန်အလို့ငှာ သူမသည် ဒီခရီးကို မည်သို့ပင်ဖြစ်စေ သွားရပေလိမ့်မည်။
ရန်ဖေ့ကျန်းမှာ စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများက နီရဲသွားကာ စကားလုံးများကို အဆက်အစပ်မရှိ ပြောမိတော့သည်။ "ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော်... ကျွန်တော် ပြောတဲ့စကားက အမှန်ပါ။ ကျွန်တော့်ဦးလေးက တကယ်ခွဲစိတ်ဖို့ လိုအပ်နေတာပါ။ ပန်းအိုးကလည်း အစစ်ပါ။ ဒါက မိသားစုအမွေအနှစ်တစ်ခုလို့ ကျွန်တော့်ဦးလေးက ပြောထားတယ်"
ရှမြန်သည် အနည်းငယ် ရယ်ချင်စိတ် ဖြစ်သွားတော့သည်။ သူမသည် သူ့ကို စကားလျှော့ပြောဖို့ရန် အကြံပေးချင်လာတော့၏။ သူသည် စကားပြောလေလေ သူပြောလိုက်သည့်လေသံက လူလိမ်တစ်ယောက်နှင့် ပိုပြီးတူလေလေ ဖြစ်နေတော့သည်။
သူတို့သည် ဆေးရုံသို့ ရောက်လာသည့်အချိန်တွင် နဉ်ရှောက်ယွင်က အခြေအနေကို စုံစမ်းမေးမြန်းဖို့ရန် နဥ်ရှောက်ပိုင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။ ရှမြန်ကတော့ ရန်ဖေ့ကျန်းနောက်သို့လိုက်ကာ ဖန်ဟွေရမ်၏ဆေးရုံခန်းထဲသို့ လိုက်သွားလိုက်သည်။
အဘိုးကြီးက သံသယ မဖြစ်စေရန်အလို့ငှာ ရှမြန်နှင့် ရှောင်ဖုန်းတို့က အထဲသို့ဝင်မသွားဘဲ တံခါးနားတွင်ရပ်ပြီး အထဲသို့ကြည့်လိုက်သည်။
အလယ်က ခုတင်ပေါ်တွင် လဲလျောင်းနေသည့်အဘိုးကြီးသည် တစ်ခေါင်းလုံး ဆံပင်ဖြူနေပြီး ပိန်လှီနေ၏။ သူသည် အသက်၆၀၊ ၇၀ရုပ်ထွက်နေကာ ဦးလေးတစ်ယောက်ဆိုသည်ထက် အဘိုးတစ်ယောက်နှင့် ပိုတူနေတော့သည်။
အဘိုးကြီးသည် နိုးလာပြီး သူသည် ရန်ဖေ့ကျန်းကို တွေ့လိုက်သည့်အခါ ပြုံးပြလိုက်လေသည်။
"ရှောင်ကျန်း ပြန်လာပြီလား"
ထိုဝါကျန့်ကျန့်ဖြစ်နေသည့်မျက်နှာကို စဉ်းစားမိလိုက်တော့ အကြောင်းအရင်းမရှိဘဲ လူများကို ဝမ်းနည်းလာစေတော့သည်။
ရန်ဖေ့ကျန်းက သူ့အမူအရာကို သိပ်ပြီးဝမ်းမနည်းတော့အောင် ကြိုးစားပြီး ပြုလုပ်ထားရ၏။ "ဦးလေး ဒီနေ့ရော ဘယ်လိုနေသေးလဲ။ မသက်မသာ ခံစားနေရသေးလား"
ဖန်ဟွေရမ်သည် အားလုံးက အဆင်ပြေသည်ဟု အမှန်ပင် ပြောပေလိမ့်မည်။
သို့သော်ငြားလည်း ဘေးခုတင်က လူနာ၏မိသားစုကတော့ သူ့ကိုသစ္စာဖောက်သွား၏။
"ဘာကောင်းရမှာလဲ။ တစ်နေ့တစ်နေ့ ဘာမှလည်း ကောင်းကောင်းမစား မသောက်ဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ကောင်းနိုင်မှာလဲ။ ရှောင်ရန်ရယ် နင် တစ်နေ့လုံး ဘာတွေ လုပ်နေတာလဲ။ အစ်ကိုဖန်ကလည်း ဒီမှာမရှိဘူး။ နင်ကလည်း မလာဘူး။ နင့်ဦးလေးက အိမ်သာတောင် မသွားနိုင်ဘူးလေ..."
"အဟမ်း အဟမ်း အဟမ်း" ခုတင်ပေါ်ကလူနာက အသည်းအသန် ချောင်းဆိုးပြလိုက်၏။ လူနာ၏မိသားစုဝင်မှာ ရန်ဖေ့ကျန်းကို ဆက်ပြီး မဆူဆဲနိုင်တော့ဘဲ အဖိုးအိုကို အလောတကြီး သွားပြီးတော့ သပ်ပေးလိုက်လေသည်။ "အဖေ အဖေဘယ်နားမှာ မသက်မသာ ဖြစ်နေလို့လဲ။ အဖေ ရေသောက်ချင်လို့လား"
ရန်ဖေ့ကျန်း၏ အမူအရာမှာ ပြောင်းလဲသွား၏။ "ဦးလေး ကျွန်တော်ဦးလေးအတွက် အစားအသောက် ယူလာတယ် မဟုတ်လား။ ဦးလေးဘာဖြစ်လို့ ကောင်းကောင်းမစားတာလဲ"
ဖန်ဟွေရမ်က မြန်မြန်ပြောလိုက်၏။ "ဒီအတိုင်း အများကြီး မစားနိုင်လို့ပါ"
"ဦးလေးရယ် မစားနိုင်လည်း စားတော့စားရမယ်လေ" ရန်ဖေ့ကျန်းက စိုးရိမ်တကြီး ပြောလိုက်လေသည်။ "သန်ဘက်ခါကျရင် ဦးလေးခွဲစိတ်ခန်းဝင်ရတော့မှာ။ ဦးလေးရဲ့ခန္ဓာကိုယ်က အကောင်းဆုံး အခြေအနေ ရှိရမယ်လို့ ဆရာဝန် ပြောထားတယ်လေ"
ဖန်ဟွေရမ်သည် စကားပြောဖို့ရန် တွန့်ဆုတ်နေ၏။ ရန်ဖေ့ကျန်းကလည်း သူပြောချင်သည့်စကားကို သိနေသယောင်ရှိ၏။ "ငွေကိစ္စကိုတော့ စိတ်မပူပါနဲ့။ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်။ ဦးလေးကသာ ကောင်းကောင်းလေး နေပါ" ဒီအချိန်တွင် သူသည် ဆို့နစ်လာတော့သည်။
"ဦးလေး ကျွန်တော်နဲ့အတူ နေပေးလို့ရမလား။ ဦးလေးတစ်ယောက်တည်းကပဲ ကျွန်တော့်ဘေးမှာ ကျန်တော့တာလေ"
မျက်ရည်များက ဖန်ဟွေရမ်၏မျက်လုံးထဲတွင် ဝေ့တက်လာတော့သည်။ သူသည် နောက်ဆုံးတော့ သက်ပြင်းချလိုက်ပြီး စကားနားထောင်ကာ သူ့ကိုသန့်စင်ခန်းသို့ ကူညီခေါ်သွားခွင့် ပေးလိုက်၏။
သူတို့ထွက်လာသည်နှင့်ချက်ချင်း အသက်ဖမ်းရှူပြီး ချောင်းဆိုးနေသည့်အဘိုးကြီးမှာ ချက်ချင်းဆိုသလို ရပ်တန့်သွားကာ ဒေါသတကြီးဖြင့် သူ့သမီးကို ဆူဆဲတော့သည်။ "သာ့မေ နင်ဟာလေ တကယ် မဆီမဆိုင်အကြောင်းအရာတွေကို ထုတ်ပြောနေတော့တာပဲ"
"အဖေ အဆင်ပြေရဲ့လား။ သမီးတောင် လန့်သွားတာပဲ" သာ့မေကတော့ မတရားအဆူခံရသည်ဟု ခံစားရ၏။ "သမီးပြောတာ ဘာမှားလို့လဲ။ ဦးလေးဖန်က အဲဒီလောက်တောင် နေမကောင်းဖြစ်နေတာ။ သူ့ကိုတစ်လှည့်စီ ဂရုစိုက်ပေးနေကြတာ အစ်ကိုဖန်နဲ့ ရှောင်ရန်တို့ပဲမဟုတ်လား..."
အဘိုးကြီးသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ "အဲဒီနေ့က နင်မှ ဒီမှာမရှိဘဲ။ ရှောင်ဖန်က ကုန်ကျစရိတ်ကို သဘောမကျဘူးလေ။ သူက လောင်ဖန် ခွဲစိတ်ကုသမှာကိုလည်း သဘောမတူဘူး။ ဒါကြောင့် သူနဲ့ ရှောင်ရန်တို့ အကြီးအကျယ် ရန်ဖြစ်ကြတယ်လေ"
"ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါ ကြားခဲ့တာတော့ ရှောင်ရန်က သူ့အိမ်ကို ရောင်းပြီး ခွဲစိတ်ကုသမှုအတွက် ငွေတွေကို ကုပ်ခြစ်ပြီး စုဆောင်းခဲ့တာတဲ့။ ဒါပေမဲ့ တမြန်နေ့က ငွေချေဖို့လုပ်တဲ့အခါ ရှောင်ဖန်က ငွေတွေအားလုံးကို ယူသွားခဲ့တယ်လေ"
"ခုနတုန်းက နင် ရှောင်ဖန်အကြောင်း ပြောလိုက်တာ သူ့နှလုံးသားထဲကို ဓားနဲ့ထိုးလိုက်သလိုပဲပေါ့"
"အစ်ကိုဖန်ကလား။ ဖန်ဖေ့ယွီကလား" သာ့မေမှာ မယုံနိုင်စွာ ပြောလိုက်လေသည်။ "ဖန်ဖေ့ယွီက ဦးလေးရန်ရဲ့ သားအရင်းလေ။ ဟုတ်တယ်မလား။ သူက ခွဲစိတ်မှုကို မထောက်ပံ့ပေးတဲ့အပြင် ရှောင်ရန်က ခွဲစိတ်ခအတွက် စုထားတဲ့ငွေတွေကိုလည်း ယူပြေးသွားတယ် ဟုတ်လား"
"ဘုရားရေ" သာ့မေမှာ မည်သို့ပြောရမည်မှန်း မသိတော့ချေ။ "ဒါက အရမ်းကို အသည်းနှလုံးမဲ့တာပဲ။ သားအရင်းက မွေးစားသားထက်တောင် ပိုဆိုးနေပါလား"
သူခိုးက ဖန်ဟွေရမ်ရဲ့သားအရင်း ဖြစ်နေတာကိုး။ ခုနတုန်းက ရန်ဖေ့ကျန်း အရမ်း ဒေါသထွက်နေတာလည်း မဆန်းတော့ဘူး။ မိသားစုတစ်ခုတည်းက သစ္စာဖောက်မှုက ပိုလို့တောင် စိတ်ဆင်းရဲစရာ ကောင်းနေသေးတယ်လေ။
ဖန်ဟွေရမ်ကလည်း ဒီအကြောင်းကို သေချာပေါက် သိနေရမယ်။ သူ့ရဲ့စျာပနကို စီစဉ်ပေးဖို့ ရည်ရွယ်ချက်များလား။ ဒါမှမဟုတ် ရန်ဖေ့ကျန်းကိုပဲ မျှော်လင့်ချက် ပေးချင်လို့များလား။ သူက ရှေးဟောင်းပန်းအိုးကို ရန်ဖေ့ကျန်းကို ပေးခဲ့တာဖြစ်မှာ။
ရလဒ်အနေနဲ့ ရန်ဖေ့ကျန်းက ခွဲစိတ်ကုသဖို့ငွေရလာအောင် ဒီပန်းအိုးကို ချက်ချင်းသုံးခဲ့တာပဲ။
ရန်ဖေ့ကျန်း၏ဘဝမှာ မလွယ်လှပေဘူးဟု ရှမြန်မှာ စိတ်ရင်းအတိုင်း ခံစားမိလေတော့သည်။
...