← Chapters

အပိုင်း(၁၂၃)

Vol. 9 Ch. 123

အပိုင်း(၁၂၃)

Vol. 9 Ch. 123

"...အိုက်ယိုး အဖေ့ရဲ့သားအရင်းကို အားကိုးနေတော့ရော ဘာအဓိပ္ပာယ်ရှိလဲ... ငယ်ငယ်တုန်းကဆိုရင် သမီးက မိန်းကလေးမလို့ သမီးကို အထင်သေးခဲ့တာပဲ မဟုတ်လား။ ဒါပေမဲ့ အခုတော့ သမီးကပဲ အဖေ့ကို ပြုစုပေးနေရတာလေ..."

သာ့မေသည် မိဘများက မိန်းကလေးများထက် ယောက်ျားလေးများကို ပိုပြီး မျက်နှာသာပေးသည့်အကြောင်းကို စကားပြောင်း ပြောလိုက်သည်ကို မြင်လိုက်သည်တွင် ရှမြန်က ရှောင်ဖုန်း၏လက်ကို တွဲကာထွက်ခွာဖို့ရန် ပြင်ဆင်လိုက်၏။

လက်ရှိတွင် ခရက်ဒစ်ကတ်ကို ဆေးရုံက လက်မခံသေးချေ။ ငွေချေမှုအားလုံးမှာ ငွေသားများဖြင့်သာဖြစ်သည်။ သူမသည် ပိုက်ဆံ မြန်မြန်သွားထုတ်ရပေလိမ့်မည်။ သို့မဟုတ်လျှင် ဘဏ်က ပိတ်သွားတော့မည်။

ထိုအချိန်မှာပင် သူတို့သည် ဖန်‌ဟွေရမ်ကို တွဲကာပြန်လာသည့် ရန်ဖေ့ကျန်းနှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ ရှမြန်က အဘိုးကြီးရှေ့တွင် စကားအများကြီး မပြောလိုက်သော်ငြားလည်း ရန်ဖေ့ကျန်းကိုတော့ ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ပန်းအိုးကို ယူပြီးတော့ ၅နာရီခွဲကျရင် ငွေချေမဲ့ကောင်တာမှာ ကျွန်မကို စောင့်နေပါ"

ရန်ဖေ့ကျန်း၏မျက်နှာသည် ဝမ်းသာမှုအပြည့်ဖြစ်သွား၏။ "ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်..."

ဖန်‌ဟွေရမ်မှာ ဇဝေဇဝါ ဖြစ်သွားလေသည်။ "ရှောင်ကျန်း ဘာဖြစ်လို့လဲ။ ဒါက ဘယ်သူ..."

"ဒါက ကျွန်တော်တို့တွေကို အရင်တုန်းက ကူညီပေးခဲ့တဲ့ ဆရာဝန်ရဲ့ဆွေမျိုးတစ်ယောက်လေ"

ရန်ဖေ့ကျန်းသည် မြန်မြန် စိတ်လျှော့ချထားလိုက်ပြီး ပြောလိုက်လေသည်။ "ဦးလေး မြန်မြန်ပြန်သွားရအောင်။ “ဦးလေး တစ်ခုခုစားဖို့ လိုသေးတယ်နော်။ တက်တက်ကြွကြွလည်း နေရမယ်။ ဒါမှခွဲစိတ်မှုကို ကောင်းကောင်းလုပ်နိုင်မှာ"

ရှမြန်သည် အစတုန်းကတော့ နဥ်ရှောက်ပိုင်၏ ရုံးခန်းသို့သွားကာ နင်ရှောက်ယွင်ကို သွားရှာချင်ခဲ့သည်။ သူမသည် နဥ်ရှောက်ယွင်ထံမှ ငွေနည်းနည်း ချေးငှားရန် လိုအပ်နေ၏။

ရှမြန်တွင်လည်း ငွေပမာဏ အမြောက်အများကြီးရှိသည့် ဘဏ်ကတ်တစ်ခုရှိသည်။ အဘိုးနဥ်၏ မွေးနေ့ပါတီပွဲ ပြီးသွားသည့်နောက်တွင် တံဆိပ်ခေါင်းအတွက် သူ အလဲအလှယ်လုပ်ခဲ့သည့် ဟော်မိသားစု၏အိမ်တန်းများထဲက ဝင်ပေါက်တစ်ခုပါသည့် အခြားခြံဝင်း၂ခုကို အလဲလှယ်လုပ်ခဲ့သည်။ ဝင်ပေါက်၃ခုပါသည့် ခြံဝင်းတစ်ခုအတွက်တော့ ဒါက ချန်းချန်း၏ပိုင်ဆိုင်မှုဟု သဘောတူထားသဖြင့် နဥ်ရှောက်ပိုင်က သူမကို ငွေပြန်လွှဲပေးခဲ့သည်။ စျေးကွက်ပေါက်စျေးမှာ ယွမ်၁သိန်းခွဲ ဖြစ်၏။ ရှမြန်က ထိုငွေကို သီးသန့်ဘဏ်ကတ်တစ်ခုတည်းတွင် ထည့်သွင်းထားခဲ့သည်။

ယခုအချိန်တွင် သူမက ဘဏ်ကတ်ကို ယူမလာခဲ့ချေ။ သူမအိတ်ထဲက ဘဏ်စာအုပ်ထဲတွင်လည်း ယွမ်၁ထောင်၊ ၂ထောင်လောက်သာပါသည်။

ရလဒ်အနေဖြင့် သူတို့သည် သူနာပြုနားနေသည့်အခန်းထဲတွင် ထိုလူ၂ယောက်နှင့် တွေ့ဆုံမိ၏။ နဥ်ရှောက်ယွင်က နဥ်ရှောက်ပိုင်ကို မေးမြန်းထားခဲ့ပြီးသားဖြစ်နေ၏။ သို့သော်ငြားလည်း သူသည် ထိုလူနာတစ်ယောက် ရှိကြောင်းသာ သိထားပြီး ထိုလူနာနှင့်ပတ်သက်သည့် အသေးစိတ် အကြောင်းအရာကို မသိချေ။

သူသည် ပုံမှန်ဆိုလျှင် အလွန်မှ ခပ်တန်းတန်း နေတတ်ပြီး ဘယ်သူကမှ သူ့အနားသို့ အတင်းအဖျင်းများ လာမပြောရဲကြချေ။

ထို့ကြောင့် သူက နဥ်ရှောက်ယွင်ကို သူနာပြုများနားနေခန်းသို့ ဒီအတိုင်း ခေါ်လာခဲ့ခြင်းပင်။

ဆေးရုံထဲက အကြောင်းအရာအားလုံးက ဒီနေရာတွင် စုဝေးနေ၏။ ဒီသူနာပြုငယ်လေးများက ခုတင်တိုင်းက မိသားစုအကြောင်း အားလုံးနီးပါးကို သိလေသည်။

ဒေါက်တာနဥ်က လူကိုယ်တိုင် လာမေးသဖြင့် သူမကလည်း သူမ သိထားသည့် အရာအားလုံးကို သူ့အားပြောပြချင်သည်။

"ကျွန်မက သူတို့ရွာမှာ ဆွေမျိုးတစ်ယောက် ရှိတယ်လေ။ ဖန်ဟွေရမ်အကြောင်းကို ဘာပြောနိုင်မှာလဲ။ သူက တော်တော်လေး သနားဖို့ကောင်းပါတယ်"

"သူငယ်ငယ်တုန်းကတော့ သူက မြေပိုင်ရှင်တစ်ယောက်ရဲ့ သားပါ။ သူက အပြင်းအထန် ဝေဖန်ခံခဲ့ရပြီး စွပ်စွဲခံခဲ့ရတယ်လေ။ နောက်ပိုင်းကျတော့ သူ့ကိုအိမ်တစ်လုံး ပေးလိုက်ပြီး အိမ်ခွဲနေခဲ့ခိုင်းတာ။ ဒါပေမဲ့ သူက ခြောက်လှန့်ခံထားရတဲ့ပုံပဲ။ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲခဲ့ဘူးလေ။ သူက အမှိုက်ကောက်ရင်းနဲ့ပဲ အသက်မွေးရတာ"

ဖန်‌ဖေ့ယွီနဲ့ ရန်ဖေ့ကျန်းတို့ကို ဒီလိုခေတ်မီတဲ့နာမည် ပေးထားတာလည်း မဆန်းတော့ပါဘူး။ သူတို့တွေက ချမ်းသာတဲ့ မိသားစုနောက်ခံက ဖြစ်နေတာကိုး။ ဒီလိုဆိုရင်တော့ ပန်းအိုးက အစစ်အမှန် ဖြစ်နိုင်ခြေ အရမ်းများသွားပြီ။

"နောက်ပိုင်းကျတော့ သူက အကြီးဆုံးသားတစ်ယောက်ကို ရလာပြီး သူ့အတွက် ဘယ်တော့မှ နောက်အိမ်ထောင် မပြုခဲ့ဘူးလေ..."

ရှမြန်မှာ အခိုက်အတန့် မှင်တက်အံ့ဩသွားတော့သည်။ ဖန်ဖေ့ယွီက သူ့သားအရင်းလို ပြောကြတယ် မဟုတ်လား။

"မဟုတ်ပါဘူး။ သူက အမှိုက်ကောက်နေတုန်း အမှိုက်ပုံနားမှာ ဖန်ဖေ့ယွီကို ကောက်ယူခဲ့ပြီးတော့ သူ့ကို ဆန်ပြုတ်တစ်ဇွန်းချင်းစီ တိုက်ကျွေးလာခဲ့တာလေ"

"ငယ်ငယ်တုန်းက သူ အနိုင်ကျင့်ခံရမှာစိုးလို့ သူ့သားအရင်းလို့ ပြောထားတာပေါ့။ ဒါပေမဲ့ ရွာထဲက လူကြီးတွေက သူ့ကို ကောက်လာခဲ့မှန်း သိကြပါတယ်။ သူ့ကလေး သေသွားပြီးကတည်းက လူတော်တော်များများကလည်း သူ့ကို အိမ်ထောင်ထပ်ပြုဖို့ ပြောကြတယ်လေ"

"ရန်ဖေ့ကျန်းကတော့ ဖန်ဖေ့ယွီ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါမှာ ဖန်ဟွေရမ်က သူ့ကိုလမ်းဘေးကနေ ကယ်လာပေးခဲ့တာထင်တယ်။ သူ သတိရလာပြီးတဲ့နောက်မှာတော့ သူ့ကိုသားတစ်ယောက်လို ပြုစုပျိုးထောင်ပေးခဲ့တာလေ။ ဒါပေမဲ့လည်း သူ အရွယ်ရောက်လာတော့ သူ့မိဘတွေက ဘယ်သူဆိုတာ သိတယ်ထင်ပါတယ်။ သူကတော့ ဖန်ဟွေရမ်ကို ဦးလေးလို့ပဲ ဆက်ပြီးတော့ခေါ်တာ"

"သူက လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝကတော့ နည်းနည်းလေး ခက်ခဲတယ်။ ဒီရောဂါကလည်း..."

"ဟုတ်တယ်။ တမြန်နေ့တုန်းကပေါ့။ ခွဲစိတ်ကုသမှုအတွက်ငွေကို ဖန်ဖေ့ယွီ ယူသွားတာကို သိလိုက်ရတယ်လို့ ရန်ဖေ့ကျန်းက ကြားလိုက်တဲ့အချိန်မှာ ဒါကမိုးပြိုသွားသလိုပဲ" ဒီအချိန်တွင် သူနာပြုဆရာမလေးက တိုးတိုးလေး ပြောလိုက်လေသည်။

"ကျွန်မ ကြားထားတာတော့ ခွဲစိတ်မှုအတွက်ငွေလိုလို့ သူက အတိုးအများကြီး ပေးပြီးတော့တောင်မှ ငွေချေးခဲ့တာတဲ့လေ"

"ဒါကြောင့် ဖန်ဖေ့ယွီက ခွဲစိတ်ဖို့ ငြင်းဆန်နေတာပေါ့။ နောက်ဆုံး အဘိုးဖန်ရဲ့အခြေအနေနဲ့ဆိုရင် ခွဲစိတ်ကုသမှုရဲ့ အကောင်းဆုံးရလဒ်ကလည်း အကြာဆုံးနေရရင် ၂နှစ်၊ ၃နှစ်လောက်ပေါ့။ အဆိုးဆုံးရလဒ်ကတော့ ခွဲစိတ်ကုသမှု မလုပ်ခင်ကလောက်တောင် ကြာကြာနေနိုင်မှာ မဟုတ်လောက်ဘူးလေ"

"..."

ဆရာဝန်များနှင့် သူနာပြုဆရာမများသည် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို အများအပြား တွေ့ကြုံခဲ့ရဟန်တူသည်။ သူတို့သည် လူနာများ၏အခြေအနေကို ပြောနေကြသည့်အချိန်တွင် အလွန်မှ လက်တွေ့ကျကျ ပြောနေကြ၏။

သူတို့၃ယောက်သည် နဥ်ရှောက်ပိုင်၏ရုံးခန်းဆီသို့ ပြန်လာခဲ့ကြသည်။

ရှမြန်က နဥ်ရှောက်ယွင်ကို ဘဏ်ကတ်ငှားပေးရန် တောင်းဆိုလိုက်သည်။ နဥ်ရှောက်ယွင်ကတော့ မအံ့ဩချေ။ "ပန်းအိုးကို ဝယ်ဖို့ စဉ်းစားလိုက်ပြီလား"

ရှမြန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကျွန်မ မနက်ဖြန်ကျရင် အစ်မကို ပိုက်ဆံပြန်ပေးပါ့မယ်"

နဥ်ရှောက်ယွင်က ဂရုမစိုက်ချေ။ သို့သော်ငြားလည်း ရုတ်တရက် သတိရသွား၏။ "တစ်နေ့တာ ငွေထုတ်တဲ့ ကန့်သတ်မှုက ၆ထောင်ပဲ ရှိတာလေ..."

ရှမြန်သည် ဒီကိစ္စကို မှတ်မိသွားပြီး အခိုက်အတန့် မှင်တက်အံ့သြသွားတော့သည်။

"ကျွန်မ ဘာလုပ်ရမလဲ"

သူမက နဉ်ရှောက်ပိုင်ကို ကြည့်လိုက်၏။ "ဒေါက်တာနဥ် ဒီနေ့ခွဲစိတ်ခကို ပေးမှဖြစ်မှာလား။ ကျွန်မကို အချိန်၁ရက်လောက် ပေးလို့မရဘူးလား"

သူမက ထိုသို့ပြောလိုက်သည်တွင် နဥ်ရှောက်ပိုင်နှင့်အတူ တာဝန်ကျသည့်ဆရာဝန်မငယ်လေးက ဝင်လာကာ ပုံမှန်အတိုင်း မေးလိုက်လေသည်။ "ဘယ်သူ့ခွဲစိတ်ခလဲ"

ရှမြန်က ပြောလိုက်၏။ "ဖန်ဟွေရမ်ရဲ့ ခွဲစိတ်ခပါ"

ဒီဆရာဝန်မလေးကလည်း အတင်းအဖျင်းပြောရသည်တွင် ရှေ့တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်ဟန်တူသည်။ သူမက ချက်ချင်းပြောလိုက်၏။ "သူ့ခွဲစိတ်ခတွေကို သူ့သားအကြီးဆုံးက ယူသွားပြီ မဟုတ်လား။ ဒေါက်တာလျိုကတော့ ခွဲစိတ်ဖို့အတွက် အဆောင်နံပါတ်၉ကို လွှဲပြောင်းပေးလိုက်မယ် ထင်တယ်"

ရှမြန်သည် ရုတ်တရက်ဆိုသလို စိုးရိမ်လာတော့သည်။ "ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မငွေကို ဒီနေ့ပဲ ပေးမှဖြစ်မှာပဲ"

ဆရာဝန်မလေးက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။ "ဖန်ဟွေရမ်ရဲ့ခွဲစိတ်ခကို ရှင်က ဘာဖြစ်လို့ ပေးရမှာလဲ"

ရှမြန်က ပြုံးလိုက်ပြီး ဒီမေးခွန်းကို မည်သို့ဖြေပေးရမည်မသိ ဖြစ်နေသဖြင့် နဉ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။ နဥ်ရှောက်ပိုင်က အံဆွဲထဲမှ သူ့ပိုက်ဆံအိတ်ကို ချက်ချင်းဆွဲထုတ်လိုက်ကာ ကတ်တစ်ကတ်ကို ဆွဲယူလိုက်ပြီး ရှမြန်ကို လှမ်းပေးလိုက်သည်။

ရှမြန်က သူ့နဖူးကို ပြန်ရိုက်လိုက်ပြီး ပြောလိုက်လေသည်။ "ဪ ငါ့နှယ်လည်း တုံးလိုက်တာ။ ဘဏ်ကတ်တစ်ခုအတွက် ကန့်သတ်ချက် ငွေပမာဏက ၆ထောင်ဆိုရင် ဘဏ်ကတ်၂ခုကို သုံးလို့ရတာပဲ မဟုတ်လား"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ဒါကိုပဲ သုံးလိုက်ပါ။ တန်းစီစရာမလိုဘူး။ ဘဏ်မန်နေဂျာဆီကိုပဲ တိုက်ရိုက်သွားလိုက်။ ကန့်သတ်ထားတဲ့ ငွေပမာဏက လုံလောက်ပါတယ်"

"ဝိုး ဒါကဘဏ်ရဲ့နာမည်ကြီးနေတဲ့ ဗွီအိုင်ပီ အသုံးပြုသူပေါ့နော်" ရှမြန်သည် တအံ့တဩဖြင့် နဉ်ရှောက်ပိုင်ကို ပွေ့ဖက်လိုက်လေသည်။ "ဟားဟား ဒေါက်တာနဥ် ရှင်က အရမ်းချောတာပဲ"

နဥ်ရှောက်ပိုင်မှာ တအံ့တဩ ဖြစ်သွားပြီးနောက် သူက လက်ကိုဆန့်လိုက်ကာ သူမ၏ကော်လံကို ဖမ်းဆွဲလိုက်ပြီး သူမကို ဆွဲထုတ်လိုက်လေသည်။ သူက စာရွက်အပိုင်းအစတစ်ခုကို ဆွဲထုတ်လိုက်ပြီး passwordကို ချရေးလိုက်ပြီးနောက် သူမလက်ထဲသို့ ထိုးထည့်ကာ ပြောလိုက်၏။

"မြန်မြန်သွား‌တော့။ ခဏနေဘဏ်ပိတ်တော့မှာ"

ရှမြန်က ခေါင်းငုံ့လိုက်ပြီး ရှောင်ဖုန်းကို ပြောလိုက်သည်။ "သားက ဦးဦးနဥ်နဲ့ အန်တီနဥ်တို့နဲ့အတူ ဒီနေရာမှာ အန်တီလေးကို စောင့်နေမလား။ အန်တီလေးက ပိုက်ဆံသွားထုတ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မှာလေ"

ရှောင်ဖုန်းသည် ယခုတော့ ဒီလူ၂ယောက် နောက်လိုက်သွားရသည်မှာ အသားကျနေနှင့်ပြီးသားဖြစ်၏။ ထိုစကားကို ကြားလိုက်သည့်အချိန်တွင် သူသည် နဥ်ရှောက်ယွင်၏ လက်ကို လှမ်းတွဲလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"အန်တီလေး မြန်မြန်သွားနော်"

ရှမြန်မှာ ရှားပါးသည့် ဗွီအိုင်ပီကတ်လေးကြောင့် ဝမ်းသာပျော်ရွှင်သွားတော့သည်။

သူမသည် တံခါးမှ ဝင်သွားပြီးနောက် ၁၀မိနစ်ပင် မပြည့်သေးခင်မှာပင် ယွမ်၂သောင်းကို ရရှိခဲ့လေသည်။ ဒါကအမှန်ပင် ဟန်ကျလွန်းလှ၏။

သူမသည် အစပိုင်းကတော့ ဒါကို ကြီးကြီးကျယ်ကျယ် မစဉ်းစားခဲ့ခြင်း။ သို့သော်ငြားလည်း သူမက သိချင်စိတ်ဖြင့် ဗွီအိုင်ပီသုံးစွဲသူတစ်ယောက် ဖြစ်လာဖို့ရန်အတွက် လိုအပ်ချက်များကို ဘဏ်မန်နေဂျာအား မေးမြန်းလိုက်လေသည်။ ဒီကတ်ကို ကိုင်ထားရခြင်းက ဗုံးတစ်လုံးကို ကိုင်ထားရနေသလို ဖြစ်နေတော့၏။

သူမ၏ဘယ်ဘက်အိတ်ကပ်ထဲက ယွမ်၂သောင်းသည် သူမ၏စိတ်ထဲတွင် ၂ယွမ်လောက်သာ ရှိသော်ငြားလည်း သူမ၏ညာဘက်လက်ထဲက ဘဏ်ကတ်ကတော့ ပေါင်ထောင်ချီ လေးလံနေသလို ခံစားရ၏။

"မြန်မြန်လုပ် မြန်မြန်လုပ်" ရှမြန်သည် ရုံးခန်းထဲသို့ အလောတကြီး ပြေးဝင်လာပြီး ဘဏ်ကတ်ကို နဥ်ရှောက်ပိုင်ဆီသို့ မြန်မြန်ပြန်ပေးလိုက်လေသည်။ "ဝိုး ဒေါက်တာနဥ် ရှင် ကျွန်မကို ဒီလို ဒီအတိုင်း ပေးလိုက်ရအောင် အရမ်းကို ယုံကြည်နေတော့တာပဲ"

နဉ်ရှောက်ပိုင်က ပြောလိုက်၏။ "ကွက်တိပဲလေ မင်းသာ ဒါကို လုပ်ပျောက်ခဲ့မယ်ဆိုရင် မင်းကိုယ်မင်း ငါ့ဆီ ရောင်းလိုက်ရုံပဲပေါ့"

ရှမြန်က မျက်စောင်းထိုးလိုက်သည်။ "ရှင်က တကယ် အဲဒီလိုထင်တယ်ပေါ့လေ။ အလွန်ဆုံး ကျွန်မလုပ်ပေးနိုင်ရင် ရှင်နဲ့အဖော်လိုက်ပြီးတော့ ပစ္စည်းပျောက်သွားကြောင်း သတင်းလိုက်ပို့ပြီးတော့ ကတ်အသစ်တစ်ခု လျှောက်ပေးလိုက်ရုံပဲပေါ့"

ရှမြန်သည် ရှောင်ဖုန်းကို ငွေချေသည့်ရုံးခန်းသို့ ခေါ်လာသည့်အချိန်တွင် ရန်ဖေ့ကျန်းသည် ထိုနေရာတွင် ရောက်နေနှင့်ပြီးသား ဖြစ်ကာ သေးငယ်သည့် စစ်စိမ်းရောင်စောင်တစ်ထည်ထဲတွင် ထည့်ထုတ်ထားသည့် ပန်းအိုးတစ်လုံးကို ပိုက်ရင်း စိုးရိမ်တကြီး ခေါက်တုံ့ခေါက် ပြန်လျှောက်နေလေသည်။

ရှမြန်ကို မြင်လိုက်သည့်အခါ သူ့မျက်လုံးများက ရုတ်တရက် လင်းလက်သွား၏။ ရှမြန်သည် သူ့ခံစားချက်ကို နားလည်ပြီး တွေဝေမနေတော့ဘဲ သူ့ကို ငွေလှမ်းပေးလိုက်တော့သည်။ "ဒီမှာ ယွမ်၂သောင်းပါ"

ရန်ဖေ့ကျန်းမှာ တဒင်္ဂ မှင်တက်အံ့သြသွားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်ပြီးနောက် စကားကို တစ်ဝက်တစ်ပျက် ပြောလိုက်လေသည်။ "သဘောတူထားတာက..."

သူသည် စကားဆက်မပြောနိုင်တော့ချေ။ လူနာရှိသည့် မိသားစုတစ်ခုသည် တွင်းဆုံးကျနေပြီး ဒီငွေကို လိုအပ်လေသည်...။

ရှမြန်က သူမကိုယ်သူမ စိတ်အေးရစေချင်သည့်အတွက် သူမက သူ့အပေါ် အခွင့်ကောင်းမယူခဲ့ချေ။

"ကျွန်မက သဘောတူထားတဲ့အတိုင်း ရှင့်ကို ယွမ်၂သောင်းပေးမှာပါ။ ကျွန်မ ပန်းအိုးကိုတော့ စစ်ဆေးဖို့အတွက် ယူသွားရလိမ့်မယ်။ တကယ်လို့ ဒါက အတုဆိုရင် ကျွန်မ ရှင့်ကို ပြန်လာပေးမယ်။ တကယ်လို့ အစစ်ဆိုရင်တော့ ကျွန်မက စျေးကွက်ပေါက်စျေးအတိုင်း ကျန်တဲ့ငွေကို ရှင့်ကိုပေးမှာပါ"

ရန်ဖေ့ကျန်းမှာ အချိန်အကြာကြီး မှင်တက်အံ့ဩသွားတော့သည်။ ရှေးဟောင်းပစ္စည်းလမ်းထဲတွင် တိရစ္ဆာန်လေးတစ်ကောင်လို ထောင်ချောက်မိနေသည့်အချိန်က မျက်ရည်တစ်စက်မှ မကျခဲ့သည့် ဒီလူသည် ရုတ်တရက်ဆိုသလို မျက်ရည်များပေါက်ပေါက် ကျလာတော့သည်။ "ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရန်ဖေ့ကျန်းက ဒီစေတနာကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"

ရှမြန်သာ မြန်မြန်မတုံ့ပြန်ခဲ့လျှင် ဒီလူက သူမရှေ့တွင် ဒူးထောက်ချနေနှင့်ပြီးသားဖြစ်လိမ့်မည်။

ရှမြန်က သူ့ကို မြန်မြန်တွဲထူပေးလိုက်ပြီး "ကျွန်မတို့တွေက အပြန်အလှန် အကျိုးရှိခဲ့တာပါ။ ကျွန်မက ဒီရှေးဟောင်းပစ္စည်းကို ဝယ်ချင်တယ်။ ရှင်ကလည်းပဲ တိုက်တိုက်ဆိုင်ဆိုင် ရှေးဟောင်းပစ္စည်းတစ်ခု ရှိနေတယ်။ ရှင် ဘာဖြစ်လို့ ဒီလိုလုပ်ရမှာလဲ"

သို့သော်ငြားလည်း လူတိုင်းက ယုံကြည်မှုကို ပေးလိမ့်မည် မဟုတ်ချေ။ လူပေါင်းများစွာထဲမှာမှ သူစိမ်းတစ်ယောက်အတွက် စွန့်စားမှုပြုလုပ်ပြီး ရွေးချယ်ခဲ့သူမှာ သူမတစ်ယောက်သာ ဖြစ်လေသည်။

ရှမြန်သည် စုတ်ပြဲနေသည့် စောင်လေးတစ်ထည်တည်းတွင် ထုတ်ပိုးထားသည့် ယွမ်၂သောင်းတန် ပန်းအိုးကို ဂရုတစိုက် သယ်လာပြီး နဥ်ရှောက်ပိုင်၏ ရုံးခန်းဆီသို့ ပြန်လာခဲ့၏။

ထိုအခါကျမှ သူမသည် တစ်ခုခု ကြီးကြီးမားမားလုပ်ခဲ့မှန်း သဘောပေါက်သွားတော့သည်။

သို့သော်ငြားလည်း ရှောင်ဖုန်းကတော့ နားမလည်ခဲ့ချေ။ သူသည် ယွမ်သောင်းချီပမာဏကို မသိချေ။ သူကတော့ ရှေးဟောင်းပစ္စည်းတစ်ခုကို အောင်အောင်မြင်မြင် ဝယ်ယူနိုင်ခဲ့ပြီး ထိုဦးလေးကလည်း သူ့ဘိုးဘိုးကို ကုသပေးနိုင်သည့်အတွက် အလွန်မှ ပျော်ရွှင်စရာကောင်းသည့်အရာဟုသာ ခံစားလေသည်။

သူက ပန်းအိုးလေးကို ဝမ်းသာအားရ ထိကိုင်ကြည့်ပြီး ပြုံးလိုက်၏။

"ရှေးဟောင်းပစ္စည်းလေးပဲ"

သူ၏ ပျော်ရွှင်နေသည့်အမူအရာကို မြင်လိုက်ရသည်တွင် ရှမြန်မှာ ဆက်ပြီးတုံ့ဆိုင်းမနေတော့ချေ။

"လာလာ တစ်ချက်လောက် ကြည့်လိုက်ပါဦး။ ဒါက ကျွန်မတို့ ရှောင်ဖုန်း တစ်ချက်ကြည့်လိုက်ရုံနဲ့ သဘောကျသွားတဲ့ ရှေးဟောင်းပစ္စည်းလေ"

ရှောင်ဖုန်း၏ မျက်နှာသေးသေးလေးက လင်းလက်နေပြီး သူ့မျက်လုံးများထဲတွင်လည်း ဂုဏ်ယူမှုအပြည့်ဖြစ်နေ၏။

ရှမြန်မှာ မနေနိုင်တော့ဘဲ သူ့ပါးလေးကို နမ်းရှုံ့လိုက်လေသည်။

ကလေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် သူ၏ဖြူဖွေးနေသည့် သွားတန်းလေးကို ထုတ်ပြလိုက်သည်။

ရှမြန်က ပြောလိုက်သည်။ "အခု အန်တီလေးတို့တွေ တစ်ခုဝယ်သွားပေးပြီနော်။ ဒီတစ်ခုဆိုရင် လုံလောက်ပြီ။ အန်တီလေးတို့အိမ်မှာလည်း ရှေးဟောင်းပစ္စည်းတွေ အများကြီး မလိုအပ်ဘူးလေ"

လေလံပွဲနေ့က အယ်လ်ဘမ်ထဲတွင် ရှေးဟောင်းပစ္စည်းများစွာ ပါရှိလေသည်။ ရှမြန်သည် သူက ထိုပစ္စည်းများအားလုံးကို အမှန်တကယ် တောင်းဆိုမှာကို စိုးရိမ်နေမိ၏။

သို့သော်ငြားလည်း ကောင်ကလေးက အလွန်မှကျေနပ်လွယ်ပြီး သူသည် နားလည်ကြောင်း ခေါင်းညိတ်ကာပြသလေသည်။

ရှမြန်မှာ စိတ်အေးသွားကာ ကြိတ်ပြီး သက်ပြင်းချမိတော့သည်။ ယခုတော့ သူ၏ ရှေးဟောင်းပစ္စည်းအပေါ် စွဲလမ်းစိတ်ကို ပယ်ဖျောက်နိုင်သွားပြီဖြစ်၏...

သို့သော်ငြားလည်း ရှောင်ဖုန်း၏ ပြဿနာကိုတော့ မဖြေရှင်းရသေးချေ။ သူမ တိုးတိုးတိတ်တိတ် လုပ်ခဲ့သည့် ဒီကိစ္စကြီးက တော်တော်လေး စိုးရိမ်စရာဖြစ်ပေသည်။

နဥ်ရှောက်ပိုင်က ရှမြန်၏အကြပ်အတည်းဖြစ်နေသည့် အမူအရာကိုကြည့်ကာ ပြောလိုက်လေသည်။

"အခုကျတော့ရော ဘာဖြစ်ပြန်တာလဲ"

ရှမြန်က ပြောလိုက်၏။ "ကျွန်မအဒေါ်၂ကို ဘယ်လို ရှင်းပြရမလဲလို့ စဉ်းစားနေတာပါ။ ကျွန်မ ဒါကို ယွမ်၂၀နဲ့ ဝယ်ခဲ့တာလို့ ပြောချင်တာ။ ဒီလိုနဲ့ သူက ဒါကို အလေးမထားဘဲ မတော်တဆလှုပ်ခွဲမိမှာ စိုးရိမ်တာလေ"

"ကျွန်မသာ ဒါကို ယွမ်၂သောင်းနဲ့ ဝယ်ခဲ့တယ်လို့ ပြောပြလိုက်ရင် သူ ကျွန်မကို ခြေထောက်ရိုက်ချိုးလိမ့်မယ်"

ရှောင်ဖုန်းက သူမကို ဇဝေဇဝါလေးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်သည် ဒီကောင်ကလေးကို သေသေချာချာ လေးမှာကြားပြီး ဘာတစ်ခုမှ မပေါက်ကြားရအောင် လုပ်ရမည်ဟု စဉ်းစားမိလေတော့သည်။

...

All Chapters