အပိုင်း(၁၂၄)
Vol. 9 Ch. 124
နောက်ဆုံးတွင် ရှမြန်သည် ရှေးဟောင်းပန်းအိုးကို လုံခြုံစေရန်အလို့ငှာ နဥ်ရှောက်ပိုင်ကိုသာ ပေးရတော့သည်။ ပထမအချက်မှာ သူမသည် ပန်းအိုးကို ယူပြန်သွားသည့်အချိန်တွင် ရှ၀မ်ယွဲ့ကို မည်သို့ ရှင်းပြရမည်မသိသောကြောင့်ပင်။
ထို့အပြင် သူမ၏အတွေ့အကြုံ မရှိသည့်အဖြစ်ကြောင့် ခွင့်လွှတ်ခြင်းခံရမည်ဆိုလျှင်တောင် ဒီလောက် တန်ဖိုးကြီးသည့်ပစ္စည်းတစ်ခုကို ဘယ်နေရာတွင် ထားထားစိတ်မအေး ရနိုင်သည်ဖြစ်ရာ ညပင် အိပ်လို့ပျော်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရှမြန်သည် နဥ်ရှောက်ယွင်က နဥ်ရှောက်ပိုင်တွင် ပစ္စည်းဟောင်းများကို သိမ်းဆည်းရန်အတွက် ရည်ရွယ်ထားသည့် ဂိုထောင်တစ်ခုရှိသည်ဟု ကြားလိုက်ရသည့်အခါ သူမ၏မျက်လုံးများမှာ ရုတ်တရက် လင်းလက်သွားတော့သည်။
"ဒေါက်တာနဥ် ရှင်ကလေ ကျွန်မကို ကယ်တင်ပေးဖို့ ဘုရားသခင်က စေလွှတ်ပေးခဲ့တဲ့ နတ်သားလေးပဲ။ ဟုတ်တယ်မလား။ ရှင်က ကျွန်မ လိုအပ်တဲ့အချိန်တိုင်း အမြဲတမ်း ကျွန်မကို ကယ်တင်ပေးခဲ့တယ်လေ"
နဥ်ရှောက်ပိုင်က မကျေမနပ်ပြောလိုက်လေသည်။ "ငါကတော့ မင်း ငါ့ကို နှိပ်စက်ဖို့ဘုရားသခင်က လွှတ်လိုက်တာလို့ပဲ ခံစားရတယ်။ မင်းက ငါ့ကို အမြဲတမ်း ပြဿနာပဲ လာရှာနေတာလေ"
ရှမြန်က သူ့စကားကို မကြားချင်ဟန်ဆောင်ထားလိုက်ပြီး ရှောင်ဖုန်းကို ဝမ်းသာအားရ ပြောလိုက်လေသည်။ "သားရဲ့ရှေးဟောင်းပန်းအိုးလေးကို ဦးဦးနဥ်ရဲ့အိမ်မှာ ထားမယ်ဆိုရင် ဘယ်လိုလဲ။ သားရဲ့ ဒေါ်ဒေါ်ဟွေ့ကျူးက ဟိုဟိုဒီဒီ ပတ်ပြေးနေတာလေ။ တကယ်လို့ ဒါကြီးကွဲသွားရင် အန်တီလေးက ရင်ကျိုးရမှာ။ ဦးဦးနဥ်ရဲ့အိမ်မှာ ရှေးဟောင်းပစ္စည်းတွေကို သိမ်းထားပေးတဲ့ သီးသန့်နေရာတစ်ခု ရှိတယ်တဲ့"
"သားရဲ့ ဦးဦးနဥ်က အရမ်းကောင်းတာပဲ။ သူ့ကို မြန်မြန် ကျေးဇူးတင်လိုက်ပါဦး"
ရှောင်ဖုန်းသည် တောက်ပနေသည့် မျက်ဝန်းလေးများဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်ကာ ကလေးသံလေးဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ်နော် ဦးဦး"
နဥ်ရှောက်ပိုင်...
ယခုတော့ ရှောင်ဖုန်းနှင့် ညှိနှိုင်းနေစရာ မလိုတော့ချေ။ ရှောင်ဖုန်းက သူတို့သည် ရှေးဟောင်းပစ္စည်းအတွက် ယွမ်၂သောင်း သုံးခဲ့သည်ဟုပြောလျှင်ပင် ရှ၀မ်ယွဲ့က ဒါကို ရယ်စရာတစ်ခုဟုသာ ထင်ပေလိမ့်မည်။
ဝမ်းသာလိုက်တာ။ ကလေးကို မကောင်းတာတွေ သင်ပေးစရာမလိုတော့ဘူး။
နဥ်ရှောက်ပိုင်က စိတ်ပျက်သည့်အမူအရာ ပြသနေသော်ငြားလည်း သူ့ခန္ဓာကိုယ်ကတော့ ရိုးသားလှပေသည်။ သူသည် သူမအတွက် ပန်းအိုးကို ကူညီသိမ်းဆည်းထားပေးသည့်အပြင် ပန်းအိုးကို စစ်ဆေးဖို့ရန်အတွက်လည်း ထောက်ခံချက်တစ်ခု ရေးပေးလိုက်သည်။
ရှမြန်က တနင်္လာနေ့မှ သောကြာနေ့အထိ အတန်းချိန်အပြည့် ရှိနေသည့်အတွက် နဥ်ရှောက်ပိုင်က သူမ ပိတ်ရက်အိမ်တွင် ရှိသည့်အချိန် စနေနေ့ညနေပိုင်းတွင် သူ့အိမ်သို့ သူမကို ခေါ်လိုက်လေသည်။
ရှမြန်က လက်ပစ်သေနတ်အဆင့်မှ အမြှောက်တစ်ခုအဆင့်အထိ တိုးတက်သွားသည့် လက်ရာမြောက်လှသည့် ကြွေပန်းအိုးလေးကို ကြည့်လိုက်ပြီး တအံ့တသြ ဖြစ်နေမိ၏။ "ဒါက အဲဒီလောက်တောင် လှတာလား။ တော်ဝင်မိသားစုတွေ အသုံးပြုခဲ့တဲ့ပစ္စည်းဆိုတာ ထိုက်တန်ပါပေတယ်။ အရမ်းကို လင်းလက်ပြီးတော့ တောက်ပနေတာပဲ..."
နဥ်ရှောက်ပိုင်က အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားသည့်ဟန်ဖြင့် ကြည့်လိုက်လေသည်။ "ဒါက စုတ်ပြဲနေတဲ့ စောင်၁ထည်ကနေ ဗူးလေးတစ်ခုထဲကို ပြောင်းထည့်လိုက်ရုံပါပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကတော့ မင်းဒါကို ဒီလောက်ကြီးကြီးကျယ်ကျယ် လုပ်နေတာ ငါ ဘာလို့မတွေ့ခဲ့တာလဲ"
"အင်း..." ရှမြန်က ငြင်းပယ်သလို ပြောလိုက်လေသည်။ "ပြီးခဲ့တဲ့အခေါက်တုန်းကတော့ ဒါကယွမ်၂သောင်းစာအတွက် လေးစားမှုပဲရှိတာလေ။ ဒီတစ်ခေါက်ကျတော့ တကယ့် ရှေးဟောင်းပစ္စည်းအတွက် လေးစားမှုပေါ့။ ဒါပေါ့ ဘယ်တူနိုင်ပါ့မလဲ"
နဥ်ရှောက်ပိုင်က နှာခေါင်းရှုံ့ကာ အသံထွက်ရယ်လိုက်၏။ "ဒါက ယွမ်သိန်းချီတန်တဲ့ လေးစားမှု မဟုတ်ဘူးလား"
ရှမြန်မှာ နင်သွားတော့သည်။ "ရှင်ဟာလေ ဘယ်လိုလုပ်ပြီးတော့ တခြားသူတွေကို အဲဒီလောက်ပေါပေါပဲပဲ ထင်ရတာလဲ"
သူမသည် စကားပြောပြီးသွားသည်နှင့်ချက်ချင်း သူမ၏မျက်နှာပေါ်တွင် နာကျင်သွားသည့် ရုပ်လေးတစ်ခုဖြင့် ပြောလိုက်လေသည်။ "ကျွန်မ ရန်ဖေ့ကျန်းကို ယွမ်၈သောင်း ပေးလိုက်ရမလား။ တကယ်တမ်းကျတော့ သူကလည်း ဈေးခေါ်ခဲ့ပြီး ကျွန်မကလည်း သူခေါ်ခဲ့တဲ့စျေးအတိုင်း ပေးခဲ့တာပါပဲ။ ဒါကြောင့် ငွေချေပြီးပြီလို့ သတ်မှတ်လို့ရပါတယ်။ ဟုတ်တယ်မလား"
"ဒါက မင်းရှာနေတဲ့ စျေးချထားတဲ့ ပစ္စည်းပုံစံမျိုးလား... ဒါကို အစစ်အမှန်လို့ သတ်မှတ်ပြီးမှပဲ မင်းက ဒါကို အစစ်အမှန်လို့ လက်ခံနိုင်မယ်။ တကယ်လို့ ဒါက အတုဖြစ်နေမယ်ဆိုရင်တော့ မင်းက ဒါကို တိတ်တိတ်လေးနဲ့ပဲ အရှုံးကို မျိုသိပ်ထားရတော့မယ်ပေါ့လေ။ ဟုတ်လား"
နဥ်ရှောက်ပိုင်က သူမ၏အမူအရာတစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်ကို ဒီအတိုင်း စောင့်ကြည့်နေလိုက်ပြီး သူ့မျက်လုံးထဲတွင် ဖျတ်ခနဲ အပြုံးတစ်ခု လင်းလက်သွားလေသည်။
ဟုတ်ပါသည်။ မိနစ်အနည်းငယ် ကြာပြီးသွားသည့်နောက်တွင် သူမက ရှက်ရွံ့စွာဖြင့် သူ့ထံသို့ရောက်လာကာ ပြောလေသည်။ "ဒေါက်တာနဥ် ဒီနေ့ဘဏ်က ပိတ်သွားပြီနော်။ ဒါကြောင့် ကျွန်မ ငွေထုတ်ဖို့ မနက်ဖြန်မှပဲ ရက်ချိန်းယူလို့ရမလား။ ကျွန်မ မနက်ဖြန်ကျရင် ကျွန်မရဲ့ကတ်ကို ရှင့်ကို ပေးငှားလိုက်မယ်လေ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုပဲ ကျွန်မ နောက်ပိုင်းကျမှ ရှင့်ကို ငွေပြန်လွှဲပေးလိုက်မယ်"
နဥ်ရှောက်ပိုင်မှာ မနေနိုင်တော့ဘဲ သူမကိုစနောက်ချင်စိတ် ပေါက်သွားတော့သည်။ "မင်းမှာ ငွေအများကြီး မရှိဘူး မဟုတ်လား"
ရှမြန်၏မျက်နှာမှာ အမှန်ပဲ နာကျင်သွားတော့သည်။ "မရှိဘူးလို့ ဘယ်သူကပြောတာလဲ။ ကျွန်မက အဲဒီထဲကတစ်ဝက်ကို တစ်ထိုင်တည်း သုံးပစ်ခဲ့တာလေ... မဟုတ်ပါဘူး။ ကျွန်မ ဒီကိစ္စကို ဒီလိုစဉ်းစားလို့မရဘူး" ရှမြန်က သူမ၏ရင်ဘတ်လေးကို အုပ်ကာပြောလိုက်လေသည်။ "ကျွန်မလေ အရမ်းရင်နာလွန်းလို့ပါ"
နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်၏။ "မင်း သူ့ကို ယွမ်၈သောင်း ပေးစရာမလိုပါဘူး။ လေလံပွဲက စျေးက စျေးကွက်ကဈေးထက် အများကြီး မြင့်တယ်လေ။ လေလံပွဲက ဒီထဲကနေ ငွေပြန်ဖြတ်ထားဦးမှာ။ သူက ဒါကို ရောင်းဖို့ အလျင်လိုနေတာပဲ။ ဒီတော့ ၆သောင်း၊ ၇သောင်းလောက်ဆိုရင် အရမ်းကောင်းတဲ့စျေး ဖြစ်နေပါပြီ"
ရှမြန်၏မျက်လုံးများမှာ လင်းလက်သွားတော့သည်။ "ရှင်ပြောချင်တာက ကျွန်မသူ့ကို နောက်ထပ်၄သောင်းပဲ ပေးရုံပေါ့နော်"
နဥ်ရှောက်ပိုင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "တကယ်တမ်းကျတော့ ဒီပန်းအိုးကို ရှေးခေတ်မင်းဆက်ကနေ ဆင်းသက်လာတာ ဖြစ်တဲ့အတွက် ဒီစျေးနှုန်းနဲ့ ရတယ်ဆိုတာ လျှော့ဈေးနဲ့ရတယ်လို့တောင် သတ်မှတ်လို့ရပါတယ်"
"ဒီကြွေထည်နည်းပညာက ရှေးခေတ်မင်းဆက်ရဲ့ တော်ဝင်မိသားစုမှာ ထူးခြားတယ်လေ။ လက်မှုပညာ ထွန်းကားတဲ့အချိန်ပေါ့။ ဒါကစုဆောင်းဖို့အတွက် အရမ်းကို တန်ဖိုးကြီးတယ်။ နောက်ပိုင်း အလှပြထားမယ်ဆိုရင်တောင်မှ သေချာပေါက် နာမည်ကြီးလာနိုင်တယ်"
"ဟားဟား တကယ်လား" ရှမြန်မှာ ရုတ်တရက်ဆိုသလို စိတ်အေးသွားတော့သည်။ "ရှင်က ဒီလိုပြောတယ်ဆိုမှတော့ ကျွန်မက ဒါကို ရွှေတောင်ကြီးတစ်ခုလို သဘောထားရမှာပဲ။ ကျေးဇူးပြုပြီးတော့ ဒီအတွက် ကျွန်မကို ကူညီပြီးတော့ ထောက်ပံ့ပေးပါနော်"
နဥ်ရှောက်ပိုင်က ပျင်းရိငြီးငွေ့စွာဖြင့် ပြောလိုက်လေသည်။ "ငါ မှတ်မိသလောက်တော့ မင်းက ကျေးဇူးတရား အသိဆုံးသူပါ။ ဟုတ်တယ်မလား"
ရှမြန်သည် ချက်ချင်းဆိုသလို သတိလေးနှင့် ပြောလိုက်တော့သည်။ "လူသတ်မှုနဲ့မီးရှို့မှုမပါ။ တရားမဝင် ရာဇဝတ်မှုမပါဘူးနော်"
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို လှမ်းခေါက်လိုက်ပြီး ပြောလိုက်လေသည်။ "မင်း စကားကိုသာ မှတ်ထားလိုက်"
ရှမြန်က တခစ်ခစ်ရယ်မောလိုက်ကာ "ကျွန်မက သိပ်ပြီးဉာဏ်ကောင်းတာ မဟုတ်ဘူး"
နဥ်ရှောက်ပိုင်သည် သူမ၏အကျင့်စရိုက်ကို သိနေသယောင် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး ခပ်တိုးတိုးလေး ပြောလိုက်လေသည်။ "ရပါတယ်။ ငါ ဒါတွေအားလုံးကို မှတ်ထားတယ်"
ရှမြန်မှာမနေနိုင်တော့ဘဲ အလန့်တကြား ဖြစ်သွားတော့သည်။ "ရှင် ကျွန်မကို ဘာလုပ်စေချင်လို့လဲ။ ကျွန်မကို နည်းနည်းလေး ပြောပြလို့မရဘူးလား"
နဥ်ရှောက်ပိုင်က သူမကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်ပြီးနောက်မှ ရုတ်တရက်ဆိုသလို တောက်တောက်ပပ ပြုံးပြလိုက်လေသည်။
"ငါ ဒါတွေကို စုထားရဦးမှာ"
ရှမြန်မှာ ပိုလို့ပင် ကြောက်လန့်လာတော့၏...
နောက်တစ်နေ့ မနက်ခင်းတွင် ရှမြန်သည် ရှောင်ဖုန်းနှင့် နဥ်ရှောက်ပိုင်ကိုခေါ်ကာ ပိုက်ဆံသွားထုတ်ရန် ဘဏ်သို့သွားခဲ့လိုက်သည်။ သူတို့သည် အစတုန်းကတော့ ယွမ်၄သောင်းထုတ်ဖို့ရန် ရည်ရွယ်ထားခဲ့သော်ငြားလည်း ရှမြန်က ရုတ်တရက်ဆိုသလို သူမ၏စိတ်ကိုပြောင်းလဲလိုက်ကာ ပြောလိုက်၏။
"သူတို့ရဲ့အိမ်မှာ လူနာတစ်ယောက်လည်း ရှိနေတယ်။ ၄ဂဏန်းဖြစ်နေတော့ သိပ်ပြီး ကံမကောင်းဘူးထင်တယ်နော်။ ကျွန်မ ယွမ်၅သောင်း ထုတ်လိုက်ပါ့မယ်"
နဥ်ရှောက်ပိုင်က နားလည်ဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်။ ဘဏ်မန်နေဂျာက သူမကိုကြည့်ကာ ပြုံးပြလိုက်၏။ "လူကြီးမင်းနဥ်ကလည်း အစကတည်းက ကျွန်တော်တို့ကို ယွမ်၅သောင်း ဖြည့်ခိုင်းထားတာပါ"
ရှမြန်မှာ ချက်ချင်းဆိုသလို ချီးကျူးလိုက်လေသည်။ "ဒေါက်တာနဥ်က မိုးရွာမဲ့နေ့အတွက် တကယ်ကို ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။ ဒါက ရေရှည်အစီအစဉ်တစ်ခုပဲ"
နဥ်ရှောက်ပိုင်မှာ လုံးဝကို မလှုပ်မယှက်ပင်။
သူတို့သည် ဆေးရုံသို့ ရောက်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်ကတော့ ရုံးခန်းဘက်သို့ သွားလိုက်ပြီး ရှမြန်ကတော့ ရှောင်ဖုန်းကိုခေါ်ကာ တတိယထပ်က အိုင်စီယူသို့ တန်းသွားလိုက်တော့သည်။
ဖန်ဟွေရမ်၏ ခွဲစိတ်ကုသမှုသည် ပြင်ဆင်ထားသည့်အတိုင်း ဖြစ်သွားပြီး အဆင်ပြေသည်ဟု ကြားခဲ့ရ၏။ သူသည် အိုင်စီယူ ထဲတွင် တစ်ပတ်လောက် အခြေအနေ ကြည့်ရဦးမည်ဖြစ်ကာ ဆေးရုံတော့ မဆင်းရသေးချေ။
ရန်ဖေ့ကျန်းက ထိုနေရာတွင် စောင့်ကြပ်ပေးနေမှာ သေချာသည်။ ထိုကြောင့် ရှမြန်က ဘယ်သူ့ကိုမှ မတွေ့မှာကိုတော့ စိုးရိမ်မနေချေ။
တတိယထပ်သို့ တက်သွားပြီးသည့်နောက်တွင် ရှမြန်သည် ဆေးရုံတံခါးတွင် နောက်ထပ် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ရန်ဖေ့ကျန်းအပြင် အသက်၅၀အရွယ် နီးပါးထင်ရသည့် သက်လတ်ပိုင်း ယောက်ျားတစ်ဦးလည်း ရှိနေသည်။ သူက ဘေးစောင်းကာ ရပ်နေသဖြင့် ရှမြန်သည် သူ့သွင်ပြင်ကို သေချာမမြင်ရပေ။ သူ့အသားအရေက ကြမ်းတမ်းပြီး ညိုမဲနေကာ သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် ကိုင်းနေသည်ကိုသာ မြင်ရ၏။
ရှမြန်က ထိုလူကို စဉ်းစားနေဆဲမှာပင် သူမဘေးရှိ သူနာပြုနားနေခန်းမှ သူနာပြုဆရာမ၂ယောက် တီးတိုးပြောနေသံကို ကြားလိုက်ရ၏။ "ဖန်ဖေ့ယွီက ရန်ဖေ့ကျန်းအတွက် အစားအသောက်တွေ ထပ်ယူလာပေးပြန်ပြီတဲ့"
"ဒီနေ့ နောက်ထပ် ရန်ဖြစ်ကြဦးမလား မသိဘူး"
ရှမြန်သည် ခဏလောက် မှင်တက်အံ့သြသွားပြီး ထိုလူကို ကြည့်လိုက်လေသည်။ ဒါက ဖန်ဖေ့ယွီတဲ့လား။ သူက ဒီနေရာမှာ ပေါ်လာရဲသေးသတဲ့လား။
သူမက သူနာပြုဆရာမကို အခြေအနေ မေးမြန်းမည်ပြင်လိုက်စဉ်တွင် နေ့လယ်စာထမင်းဘူး ကိုင်ထားသည့်ထိုလူက ရန်ဖေ့ကျန်းကို စကားပြောလိုက်သည်ကို မြင်လိုက်ရ၏။
"အရင်ဆုံးတစ်ခုခု စားလိုက်ပါဦး။ မင်းမရီးက မင်းအတွက် အထူးတလည် လုပ်ထားပေးတာ။ မင်း စားလို့ပြီးသွားရင် ခဏလောက် သွားအနားယူလိုက်ဦး။ ငါ မင်းအတွက် ဒီမှာစောင့်နေပေးမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် မင်းလဲကျသွားလိမ့်မယ်"
ရန်ဖေ့ကျန်းက သူ့ကို လျစ်လျူရှုထားပြီး ကိုယ်ကိုတစ်ဖက်သို့ လှည့်လိုက်ကာ သူ ရှိနေသည်ဟုပင် သဘောမထားဘဲ အစားအသောက်ကိုလည်း မစားခဲ့ချေ။
ရှမြန်မှာ အမှန်ပင် သိချင်စိတ် ဖြစ်သွားတော့သည်။ သူမဘေးက သူနာပြုဆရာမ၏ အတင်းအဖျင်းစကားကို နားထောင်ရင်း သူမမှာ မနေနိုင်တော့ဘဲ ကြားဖြတ်ကာ မေးလိုက်တော့သည်။
"အဲ့ဒါက ဖန်ဖေ့ယွီလား။ ဖန်ဖေ့ယွီက အဘိုးကြီးရဲ့ခွဲစိတ်ခနဲ့ ထွက်ပြေးသွားတာ မဟုတ်ဘူးလား။ သူ ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ"
"ဖန်ဖေ့ယွီ ဟုတ်ပါတယ်" သူနာပြုဆရာမက သက်ပြင်းချလိုက်ပြီး "သူက ထွက်ပြေးသွားတာ မဟုတ်ပါဘူး။ သူက အဘိုးကြီးကို ဒီအတိုင်း ခွဲစိတ်ကုသမှု မခံယူစေချင်တာပါ"
"နောက်ဆုံး ခွဲစိတ်ကုသမှု ခံယူပြီးရင်တောင် ၂နှစ်ထက်ပိုပြီး နေနိုင်မှာ မဟုတ်ဘူးလေ။ သူတို့က ဒါကို မတန်ဘူးလို့ ထင်တာဖြစ်မယ်။ နောက်ဆုံး သူတို့တွေကလည်း ဆက်ပြီးအသက်ရှင်ရဦးမှာပဲ မဟုတ်လား"
ဒါသည် အပြင်းအထန်ရောဂါ ဖြစ်နေသည့် လူနာများရှိသည့် မိသားစုများ ရင်ဆိုင်နေရသည့် ရွေးချယ်မှုတစ်ခုပင်။ လူကြီးများသည် ကိစ္စများကို ဆောင်ရွက်ရာတွင် အကျိုးအပြစ်ကို တွက်ချက်ရာမှ မရှောင်လွဲနိုင်ချေ။
"ဒါပေမဲ့ အဘိုးဖန် ခွဲစိတ်ကုသတဲ့နေ့တုန်းကတော့ လာခဲ့တယ်။ သူ တစ်နေ့လုံး အပြင်မှာရှိနေခဲ့တာပဲ။ သူ့ကြည့်ရတာ အဘိုးကြီးကို ဂရုစိုက်တဲ့ပုံပဲ"
ရှမြန်သည် ဒီအခိုက်အတန့်တွင် သူမ၏ခံစားချက်ကို မည်သို့ဖော်ပြရမည်မသိ ဖြစ်သွားတော့သည်။
"ရန်ဖေ့ကျန်းက သူ့ကိုမြင်သွားတဲ့ အခါကျတော့ရော..."
"သူတို့တွေ ဒီအတိုင်းစပြီးတော့ ရန်ဖြစ်ကြတော့တာပဲလေ" သူနာပြုဆရာမက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်လေသည်။ "ဒါကို ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ပါဘူး..."
"ရန်ဖေ့ကျန်း တော်လောက်ပြီ" ထိုလူ၏အသံသည် ရုတ်တရက် ပိုပြီးကျယ်လောင်လာကာ မောဟိုက်နေပြီး ဒေါသတကြီး ပြောနေလေသည်။ "မင်းကပဲ သူ့ရဲ့သား။ ငါက မဟုတ်လို့လား"
"သူက မင်း ထက်စာရင် ငါ့ကို ပြုစုပျိုးထောင်ပေးတဲ့အချိန် ပိုများခဲ့ပါတယ်။ သူက မင်း ထက်စာရင် ငါ့အပေါ်ပိုပြီးတော့ ကြိုးစားအားထုတ်မှုတွေလည်း အများကြီး လုပ်ပေးခဲ့တယ်။ မင်းက ငါ့နောက်မှ ရောက်လာတဲ့သူပါ"
"မင်းမှာ မိဘတွေရှိတယ်။ ဒါပေမဲ့ သူကတော့ ငါ့ကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာ။ ငါက သူ့ကို အသက်မရှင်စေချင်ဘဲ နေပါ့မလား"
ဖန်ဖေ့ယွီသည် ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူသည် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်နှာကိုအုပ်ကာ ငိုရှိုက်တော့သည်။ "ငါ အမျှော်လင့်ဆုံးအရာက သူ အသက်ရှည်ရှည် နေနိုင်ဖို့ပါပဲ"
ရန်ဖေ့ကျန်းက အေးစက်စက် ပြောလိုက်၏။ "ဒါဆိုရင် မင်းက ဘာဖြစ်လို့ အသက်ကယ်ပေးမဲ့ပိုက်ဆံကိုမှ ယူသွားခဲ့ရတာလဲ"
"ဒါက အဘိုးကြီးရဲ့ အသက်ကယ်ပေးတဲ့ပိုက်ဆံဆိုလည်း ဟုတ်သလို မင်းရဲ့ အသက်ကယ်ပေးမဲ့ ပိုက်ဆံဆိုလည်း ဟုတ်တယ်လေ"
ဖန်ဖေ့ယွီက မောဟိုက်နေပြီး "မင်း မင်းရဲ့အိမ်ကို ရောင်းတုန်းကလည်း ငါ ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ မင်းက အတိုးကြီးစားငွေချေးတဲ့သူနားမှာ ငွေချေးရဲခဲ့တယ်လေ။ တကယ်လို့ မင်းသာ အဲ့ဒီငွေကို တစ်လအတွင်း ပြန်မဆပ်နိုင်ဘူးဆိုရင် မင်းရဲ့ဘဝတစ်ခုလုံးကို သူတို့ကို ရောင်းစားပစ်ရမယ်ဆိုတာ သိရဲ့လား"
"ငါအဖေ့ကို အသက်ရှင်စေချင်ပါတယ်။ ဒါပေမဲ့ ဦးစားပေး လိုအပ်ချက်တစ်ခုက သူ အေးအေးချမ်းချမ်းနဲ့ နေနိုင်ဖို့ပဲ" ဖန်ဖေ့ယွီက ဒေါသတကြီးပြောလိုက်၏။
"မင်း အိမ်ကို ရောင်းမယ်ဆိုရင်လည်း ငါဘာမှမပြောပါဘူး။ ဒါပေမဲ့ မင်းက ငွေတိုးချေးခဲ့တယ်လေ။ အဖေက အဲဒီလူတွေကို ဘယ်လောက်တောင် ကြောက်တယ်ဆိုတာ မင်းမသိလို့လား"
"ဘေးရွာက ဟေးကျီရဲ့အိမ် ဖျက်စီးခံရပြီး အကြွေးပြန်မပေးနိုင်လို့ သူ့လက်ချောင်းတွေ ခုတ်ဖြတ်ခံခဲ့ရတဲ့ နေ့တုန်းကဆိုရင် သူ့မှာ ကြောက်လန့်လွန်းလို့ တစ်ညလုံး အိပ်မက်ဆိုးတွေ မက်ခဲ့တာလေ"
"သူ့ရဲ့ခွဲစိတ်ခကို ဒီနေရာကနေ ရခဲ့တယ်ဆိုတာ သူသိသွားရင် သူက စိတ်အေးအေးချမ်းချမ်းနဲ့ နေပြန်ကောင်းလာနိုင်မယ်လို့ မင်းက ထင်နေတာလား"
"သူ့ဘဝမှာ လက်မလွှတ်နိုင်ဆုံးသူတွေက ငါတို့တွေဆိုတာ မင်း သေချာသိပါတယ်။ သူ့ကို ကုသပေးဖို့အတွက်နဲ့ မင်းရဲ့ကျန်တဲ့တဘဝလုံးကို ဖျက်ဆီးခဲ့ရတယ်ဆိုတာကို သူ့ကို ပေးသိချင်နေတာလား"
ဒီအချိန်တွင် ဖန်ဖေ့ယွီသည် နောက်ဆုံးတော့ သူ့မျက်ရည်များကို ဆက်ပြီး မထိန်းထားနိုင်တော့ချေ။
"ဟုတ်ပါတယ်။ မင်းကပဲ လိမ္မာသိတတ်တဲ့သားပါ။ ငါကတော့ခွေး၊ ဝက်ထက် ပိုပြီးတော့ ဆိုးတဲ့တိရစ္ဆာန်"
"ငါ မင်းကို ဂရုမစိုက်ခဲ့သင့်ပါဘူး။ အဘိုးကြီး ဆုံးပါးသွားတဲ့အချိန်ကျရင်လည်း မင်းရဲ့ကျန်တဲ့တစ်ဘဝလုံး အကြွေးအတွက် အဲဒီလူတွေ အလိုက်ခံနေရတာပဲ တန်တယ်"
"..."
ဖန်ဖေ့ယွီသည် ပြိုလဲလုဆဲဆဲ အခြေအနေတွင် ကျရောက်နေသည်။ နောက်ဆုံးတော့ သူကသူ့ကိုယ်သူ စကားပြန်ပြောနေသည့်ဟန်ပင်။
"ငါ ဆရာဝန်ကို မေးထားပြီးပြီ။ ခွဲစိတ်ပြီးသွားရင်လည်း သူက ကီမိုကုထုံး လိုအပ်သေးတယ်တဲ့။ ဒါက ပုံမှန်အတိုင်း ကုသမှုထက် အများကြီးပိုပြီး နာကျင်ရမယ်။ သူက သူ့တစ်ဘဝလုံးမှာ နာကျင်မှုတွေပဲ ခံစားလိုက်ရမယ်။ ငါက သူ့ကို အေးအေးချမ်းချမ်းပဲ နေစေချင်တော့တာပါ။ ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး အနည်းဆုံး ၂လလောက်တော့ ကောင်းကောင်းနေရမှာပေါ့..."
ထိုလူက ငိုယိုရင်း သူ၏မူလအကြောင်းပြချက်ကို ပြောပြလေသည်။ ဒါသည် တခြားသူများကို ယုံကြည်အောင် နားချခြင်းထက် သူ့ကိုယ်သူ ယုံကြည်အောင် နားချနေသည်နှင့် ပိုတူ၏။
"ဒီလိုဆိုရင် အဘိုးကြီးလည်း အေးအေးချမ်းချမ်း သေနိုင်မယ်။ နောက်ဆုံးတော့ သူသေသွားရင်တောင် ငါတို့တွေလည်း ဆက်ပြီးတော့ အသက်ရှင်ရဦးမှာပဲ။ ကောင်းကောင်း အသက်ရှင်ရဦးမယ်လေ..."
"အိုက်ယိုး..." ရှမြန်ဘေးက သူနာပြုဆရာမလေးက ပြောလိုက်သည်။
"ဖန်ဖေ့ယွီလည်း သေချာပေါက် အရမ်းဝမ်းနည်းနေမှာပဲ။ အရင်က သူ့ရဲ့မဲနက်နေတဲ့ဆံပင်တွေတောင်မှ မရှိတော့ဘူး။ ဒါပေမဲ့ လဝက်အတွင်းမှာပဲ သူ့ရဲ့ဆံပင်တစ်ဝက်လောက်က ဖြူသွားတာကို တွေ့နေရတယ်"
ယခုအချိန်ကျမှ ရှမြန်သည် ဖန်ဖေ့ယွီက ရန်ဖေ့ကျန်းထက် ၇နှစ်၊ ၈နှစ်သာ ပိုကြီးသည်ကို သဘောပေါက်သွားတော့သည်။ သူသည် ၄၀ပင် မပြည့်သေးသော်ငြားလည်း ၅၀နီးပါး ရှိနေသယောင်ထင်ရ၏။
ဖန်ဖေ့ယွီသည် ငိုယိုပြီးသွားသည့်နောက် ထရပ်လိုက်ကာ ထမင်းဘူးကို ရန်ဖေ့ကျန်း၏လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
"မင်းစားချင်စား မစားချင်နေပါ။ မင်းလည်း နေမကောင်းဖြစ်နေတာပဲ။ ဒီတော့ အထဲဝင်သွားပြီးတော့ အဘိုးကြီးဘေးမှာ ခဏလောက်သွားလှဲနေလိုက်"
"ဘာပဲဖြစ်ဖြစ် ငါက တိရစ္ဆာန်ကောင်ပဲလေ။ ဒီတော့ ငါမင်းကို ဂရုမစိုက်နိုင်တော့ပါဘူး"
ရန်ဖေ့ကျန်းသည် နေ့လယ်စာထမင်းဘူးကိုင်ထားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်သော်ငြားလည်း ဘာတစ်ခွန်းမှ ထွက်မလာချေ။
ရှမြန်သည် တိတ်တိတ်လေး သက်ပြင်းချမိကာ နောက်ကျမှပဲ ပြန်လာမည်ဟု စဉ်းစားထားလိုက်၏။ မျှော်လင့်မထားဘဲ ရန်ဖေ့ကျန်းက သူမကိုမြင်သွားခဲ့သည်။
"မိန်းကလေးရှလား"
ရှမြန်မှာ မတတ်သာတော့ဘဲ ရပ်လိုက်၏။
"ကျွန်မကို ရှမြန်လို့ပဲခေါ်ပါ။ အစ်ကိုရန် ဦးလေးဖန် သက်သာရဲ့လား"
ရန်ဖေ့ကျန်းသည် သူ့မျက်နှာကို သုတ်လိုက်ပြီး ပြုံးပြရန် ကြိုးစားလိုက်လေသည်။
"ခွဲစိတ်ကုသမှုကတော့ ချောချောမွေ့မွေ့ ပြီးသွားပါတယ်။ ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့ သူ့အခု အိုင်စီယူထဲမှာပါ။ မင်းသူ့ဆီ သွားလည်လို့ မရသေးဘူး" သူက အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။
"ရပါတယ်" ရှမြန်က လူနာထံအလည်လာသည်တွင် ဝယ်လာသည့်အသီးများကို သူ့ကိုလှမ်းပေးလိုက်ပြီး ငွေအိတ်ကို လှမ်းပေးလိုက်လေသည်။ “စုစုပေါင်းယွမ်၅သောင်း၊ ၆သောင်းက နည်းတဲ့ပမာဏ မဟုတ်ပါဘူး”
ရန်ဖေ့ကျန်းက နားမလည်နိုင်သလိုဖြစ်သွားကာ"ဒါက..."
ရှမြန်က ပြောလိုက်၏။ "ပန်းအိုးကို စစ်ဆေးထားတဲ့ရလဒ်က ထွက်လာပြီလေ။ ဒါက ပစ္စည်းအစစ်ပါပဲ။ ကျွန်မက စျေးကွက်ပေါက်စျေးအတိုင်း ကျန်တဲ့ပိုက်ဆံကို လာပေးတာပါ"
ရန်ဖေ့ကျန်းမှာ ခဏလောက် မှင်တက်အံ့သြသွားပြီးနောက် ရုတ်တရက်ဆိုသလို ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့မျက်လုံးများကို အုပ်ပြီး ဗလုံးပထွေး ပြောလိုက်လေသည်။
"ဝမ်းသာလိုက်တာ။ တကယ်ဝမ်းသာစရာပဲ..." သူသည် အချိန်မရွေး ငိုချတော့မိနှယ်ပင်။
ရှမြန်က မျက်တောင်ခတ်လိုက်ပြီး ဒီလူသည် သူပြောခဲ့သလောက် ယုံကြည်မှုမရှိဟန် တူခဲ့ကြောင်း မြန်မြန်သဘောပေါက်သွားတော့သည်။ သူ့စိတ်ထဲတွင်လည်း ဒီပန်းအိုးက အစစ်ဟုတ်၊ မဟုတ်ဆိုတာ သေချာသိမနေချေ။ သူသည် ဒီအတိုင်းကြံရာမရ ဖြစ်နေခဲ့ပြီး သူ၏ကျင့်ဝတ်သိက္ခာအားလုံးကို စွန့်လွှတ်ကာ နောက်ဆုံး လောင်းကြေးထပ်လိုက်ခဲ့ခြင်းပင်။
စိတ်အေးသွားရသည့် သူ့အမူအရာကို မြင်လိုက်သည်တွင် ရှမြန်မှာလည်း ပန်းအိုးက အစစ် ဖြစ်သွားသည့်အတွက် ရုတ်တရက် ဝမ်းသာသွားတော့သည်။ ထိုမှမဟုတ်လျှင် ဒီရိုးသားသည့်လူသည် သူ့ကျန်သည့်တစ်ဘဝလုံး အပြစ်ရှိစိတ် ခံစားရပေတော့မည်။
ဖန်ဖေ့ကျန်းက ထရပ်လိုက်ပြီး ငွေပိုက်ဆံအိတ်ကို ရှမြန်အား လှမ်းပေးလိုက်၏။ "ကျွန်တော် ဒါကို လက်မခံတော့ပါဘူး။ မင်းက အစကတည်းက ဘာလျှော့ဈေးမှ မတောင်းဘဲ ကြီးမားတဲ့အကူအညီ ပေးခဲ့တဲ့သူပါ"
ရှမြန်ကလည်း ဒါကို လက်မခံပေ။
"ဒီငွေနည်းနည်းပါးပါးလေးက ကျွန်မအတွက် ဘာမှမဟုတ်ပါဘူး။ ကျွန်မက ဒါကို ဒီအတိုင်းယူရရင် စိတ်အေးရမှာ မဟုတ်ဘူး။ ရှင် ဒါကို လက်ခံထားလိုက်ပါ။ ဒီနေ့ပြီးသွားရင်တော့ ကျွန်မတို့တွေ တရားဝင် အရောင်းအဝယ် ဖြစ်သွားပြီလို့ မှတ်လို့ရပါတယ်" ဒီအခိုက်တွင် သူမက ရယ်စရာ ပြောလိုက်လေသည်။
"ဒီပန်းအိုးရဲ့တန်ဖိုးက နောက်ပိုင်းပိုပြီးတော့ တက်သွားတယ်ဆိုရင် ဒါက ရှင်နဲ့ဘာမှမဆိုင်တော့ဘူးနော်"
ရန်ဖေ့ကျန်းကလည်း မြန်မြန်ပြောလိုက်၏။ "ဟုတ်ပါတယ် ဟုတ်ပါတယ်။ ဒီပန်းအိုးက မင်းရဲ့ပန်းအိုးပါပဲ"
ရှမြန်မှာ ကျိတ်ပြီးသက်ပြင်းချလိုက်ကာ ဒီလူက အလွန်မှရိုးသားသည်ဟု ခံစားမိလေသည်။
ဖန်ဖေ့ယွီကလည်း လျှောက်လာခဲ့ပြီး သူသည် ရှမြန်နားသို့ ပိုပြီးနီးကပ်လာသည့်အချိန်တွင် ထိုလူ၏ မျက်လုံးများက နီရဲနေသည်ကို တွေ့လိုက်ရ၏။ ရှမြန်က ထိုလူသည် တစ်ခုခုပြောတော့မည်ဟု စဉ်းစားလိုက်သော်ငြားလည်း သူက သူမရှေ့တွင် ဒူးထောက်ချလိုက်၏။ ရှမြန်မှာ ခဏလောက် မှင်တက်အံ့သြသွားပြီး သူ့ကို မြန်မြန်သွားထူပေးရတော့သည်။ "ရှင် ရှင်ဘာလုပ်နေတာလဲ"
ဖန်ဖေ့ယွီမှာ ဆို့နစ်နေပြီး ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ မင်းက ကျွန်တော်တို့မိသားစုရဲ့ ကျေးဇူးရှင်ပါ။ ကျွန်တော် မင်းရဲ့စေတနာကို တစ်သက်လုံး အမှတ်ရနေပါ့မယ်"
"အဲဒီလိုမလုပ်ပါနဲ့ရှင်" ရှမြန်က သူ့ကိုအားဖြင့် ဆွဲထူပေးလိုက်ပြီး "ကျွန်မတို့တွေက ဒီအတိုင်း မမျှော်လင့်ဘဲ တွေ့ဆုံကြတဲ့သူတွေပါ။ ရှင် ကျွန်မအပေါ် ဘာကျေးဇူးမှမရှိပါဘူး"
ရှောင်ဖုန်းသည် အလွန်မှ ထိတ်လန့်သွားသဖြင့် ရှမြန်၏ခြေထောက်လေးကို တင်းနေအောင်ဖက်ထားပြီး သူ၏နှုတ်ခမ်းလေးကလည်း မသိမသာတင်းနေအောင် စေ့ထားလေသည်။ ရှမြန်က ပြောလိုက်၏။
"မြန်မြန်ထပါရှင်။ ရှင် ကလေးကို ခြောက်လှန့်နေပါပြီ"
ဖန်ဖေ့ယွီသည် ထိုအခါမှ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ ရှမြန်၏မျက်လုံးများသည် သူ့ဆံပင်ပေါ်သို့ ကျရောက်သွားသည်။ အစကတော့ သူမသည် အဝေးမှနေ၍ သူ၏အဖြူနှင့် အမဲရောနေသည့် ဆံပင်များကိုသာ တွေ့ရသော်ငြားလည်း ယခုတော့ သူ့နားထင်က ဆံပင်များနှင့် ငယ်ထိပ်ကဆံပင်များ အားလုံးနီးပါးက ဖြူဖွေးနေသည်ကို မြင်လိုက်ရလေသည်...
လူကြီးများ၏ အကျိုးအပြစ် ချိန်ဆခြင်းက တစ်ခါတစ်ရံ အကြင်နာမဲ့လှသော်ငြားလည်း ဘယ်တော့မှတော့ မလွယ်ကူခဲ့ချေ။
သူမသည် ကိုယ့်ဟာကိုယ် ဆင်ခြေပေးဖို့ ကြိုးစားနေသည့်တိုင် ဖန်ဖေ့ယွီအတွက်လည်း ငွေကိုယူသွားကာ ခွဲစိတ်မှုကို တားမြစ်ရသည့်အတွက် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ချေ။
ရှမြန်သည် ဒီနေရာသို့ ရန်ဖေ့ကျန်းနောက်မှ လျှောက်လိုက်လာခဲ့မိသည့်အတွက် တစ်ဖန် ဝမ်းသာမိလေသည်။ ပန်းအိုးလေးတစ်လုံးသည် မိသားစုတစ်ခုလုံးကို ကယ်တင်နိုင်ခဲ့ပြီး ဒါက ထိုက်တန်ပေ၏။
...