အပိုင်း(၁၂၅)
Vol. 9 Ch. 125
ရှမြန်သည် ရှောင်ဖုန်းကိုချီကာ ဆေးရုံမှထွက်လာခဲ့သည်။ ကလေး၏မျက်လုံးများက အနည်းငယ် နီရဲနေသည်။ သူသည် ခုနကဖန်ဖေ့ယွီကြောင့် အနည်းငယ် ကြောက်လန့်သွားလေသည်။
ဒီအခိုက်အတန့်တွင် သူသည်သူမ၏ပခုံးပေါ်တွင် မှီနေပြီး တိုးတိုးလေးပြောလိုက်၏။ "အန်တီလေး ဘိုးဘိုးက နေကောင်းသွားပြီလား"
သူနှင့်သူမတို့သည် ဖန်ဟွေရမ်ကို အိုင်စီယူပြတင်းပေါက်မှတစ်ဆင့် ဒီအတိုင်းသာ ကြည့်ခဲ့ရပြီး တစ်ဖက်လူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပိုက်များစွာ ထိုးသွင်းထားလေသည်။
ရှမြန်က သူ့ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်ကာ ပြောလိုက်သည်။ "ဒါပေါ့ ဘိုးဘိုးက ခွဲစိတ်မှု အောင်အောင်မြင်မြင် ပြီးမြောက်သွားတာလေ။ သူက ကောင်းကောင်းအနားယူရင် ဖြည်းဖြည်းချင်း ပိုပြီးတော့ နေကောင်းလာမှာ"
ရှမြန်က ပြုံးကာ ပြောလိုက်၏။ "ဒီအကြောင်းကို စဉ်းစားကြည့်လိုက်တော့ ဒါတွေ အားလုံးက အန်တီလေးတို့ ရှောင်ဖုန်းရဲ့ ကျေးဇူးကြောင့်ပဲ။ ပန်းအိုးလေးကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မှတ်မိသွားတာ ရှောင်ဖုန်းလေ"
ရှောင်ဖုန်းသည် ရှမြန်၏လည်ပင်းကို ဖက်ထားပြီး ပွတ်သပ်နေကာ သူ့မျက်နှာပေါ်တွင် သေးငယ်သည့် အပြုံးလေးတစ်ခုရှိနေ၏။
"ဦးလေးက ထပ်ပြီးတော့ မငိုတော့ပါဘူးနော်။ ဟုတ်တယ်မလား"
ရှမြန်က သူမ၏ခေါင်းလေးကို စောင်းထားလိုက်ကာ သူမ၏လက်ကို ကလေး၏ နဖူးပေါ်တွင် ကပ်ထားပေးလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်မှာပါ။ ဒါပေမဲ့ အန်တီလေးနဲ့ ရှောင်ဖုန်းတို့က အန်တီလေးတို့ လုပ်နိုင်တာတွေ လုပ်ပြီးသွားပြီလေ။ ကျန်တာတွေကတော့ ဦးလေးတို့ကိုယ်တိုင် ကျော်ဖြတ်ရမဲ့ကိစ္စပေါ်ပဲ မူတည်တော့တယ်"
ရှောင်ဖုန်း၏မျက်လုံးများက နားမလည်နိုင်မှုအပြည့် ဖြစ်သွားတော့သည်။
ရှမြန်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ပြုံးလိုက်၏။ "ဦးလေးတို့လိုပဲ အကူအညီ မဲ့နေတဲ့သူတွေ လောကကြီးထဲမှာ အများကြီးရှိတယ်လေ။ အန်တီလေးတို့က ဒါကို မတော်တဆ တွေ့ကြုံရတဲ့အခါ အန်တီလေးတို့ရဲ့အရည်အချင်းကို အကောင်းဆုံး အသုံးချပြီးတော့ ကူညီပေးဖို့ပဲ တတ်နိုင်တာလေ"
ဒီအခိုက်အတန့်တွင် သူမက မနေနိုင်တော့ဘဲ သက်ပြင်းချမိ၏။ ဒီလိုပြောလို့ ငွေတစ်ပြားကတောင် သူရဲကောင်းတစ်ယောက်ကို ပြိုလဲသွားစေနိုင်တာပဲ။ ဒီလောကထဲက အကူအညီမဲ့နေတဲ့ လူတွေရဲ့ ၉၀ရာခိုင်နှုန်းက ငွေကြေးမရှိကြလို့ဘဲ။
"တကယ်လို့ အန်တီလေးတို့က လူအများကြီးကို ကူညီချင်တယ်ဆိုရင် အန်တီလေးတို့က ကြိုးစားပြီးတော့ ငွေရှာဖို့လိုတယ်"
ရှောင်ဖုန်းသည် တစ်ခုခုကို သတိရသွားပြီး သူ့လက်သေးသေးလေးကို ဖြန့်ပြလိုက်ကာ ပြောလိုက်လေသည်။
"ယွမ်၅သန်း"
ရှမြန်သည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့သြသွားပြီး ဆိုးဝါးသည့် ခံစားချက်တစ်ခု ဖြစ်သွား၏။ သူမက မြန်မြန်ပြောလိုက်ရတော့သည်။ "အင်း ဒါဆိုရင် အန်တီလေးတို့က အန်တီလေးတို့ရဲ့ပန်းတိုင်ကို ၅သန်းလို့ သက်မှတ်လိုက်ကြရအောင်။ ဒါပေမဲ့ အန်တီလေးတို့တွေ စျေးလျှော့တာမျိုးတွေ၊ ဖြတ်လမ်းလိုက်တာမျိုးတွေ၊ ထီပေါက်တဲ့ကိစ္စမျိုးတွေကို ဖြတ်လမ်းကနေ မလိုက်တော့ဘူးနော်။ အဲဒါတွေက လေထဲကသက်တမ်းတိုတဲ့ ရဲတိုက်တွေလိုပဲ။ ဒါကို သုံးလိုက်ပြီဆိုတာနဲ့ ကုန်သွားကြမှာ"
"အန်တီလေးတို့တွေက အလုပ်ကြိုးစားတာနဲ့ပဲ ယွမ်၅သန်းကိုပဲ ဆက်ပြီးတော့ ထိန်းထားစရာ မလိုဘူးလေ"
ရှမြန်က ပြောလိုက်သည်။ "ဥပမာ ရှောင်ဖုန်း သား အခုလုပ်ရမဲ့ဟာက မူကြိုကျောင်းကို ကောင်းကောင်းသွားပြီးတော့ ပန်းချီကို ကောင်းကောင်းသင်တာပဲ။ တကယ်လို့ သားရဲ့ပန်းချီတွေကို နောက်ပိုင်းကျရင် လူအများကြီးက သဘောကျလာတဲ့အခါ သားလည်း ယွမ်၅သန်းအများကြီးကို ရှာနိုင်လာလိမ့်မယ်လေ"
"နောက်ပြီးတော့ အန်တီလေးကလည်း စာကြိုးစားရမယ်။ တက္ကသိုလ်ကောင်းကောင်းတစ်ခု ဝင်အောင်လုပ်ရမယ်။ ဒါဆိုရင် အန်တီလေးကလည်း ဆရာမတစ်ယောက် ဖြစ်လာပြီး ငွေရှာလို့ရတာပေါ့"
ခပ်တိုးတိုး ရယ်သံတစ်ခုက နောက်မှထွက်လာ၏။ "ဆရာတစ်ယောက် လုပ်ရင်တော့ ယွမ်၅သန်းရှာနိုင်မှာ မဟုတ်ဘူးနော်"
ရှမြန်သည် ကိုယ်ကိုလှည့်လိုက်သည်တွင် မျက်နှာပေါ်တွင် စနောက်ကျီစယ်နေသည့်ရုပ်တစ်ခုနှင့် သူမနောက်တွင် ရပ်နေသည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရ၏။
ရှောင်ဖုန်းက ရှမြန်၏လည်ပင်းကို ချက်ချင်းပွေ့ဖက်ထားကာ ပြောလိုက်လေသည်။ "သားရဲ့ပိုက်ဆံတွေ အားလုံးကို အန်တီလေးကို ပေးမှာပေါ့"
ရှမြန်က သူ့ကို ခပ်ကြမ်းကြမ်းလေး နမ်းရှုံ့လိုက်တော့သည်။ "ငါတို့ရဲ့ရှောင်ဖုန်းက အကောင်းဆုံးပဲဟေ့"
ထို့နောက်တွင်တော့ သူမက နဥ်ရှောက်ပိုင်ကို ပြောလိုက်လေသည်။ "ကျွန်မက ယွမ်၅သန်းကို မရှာနိုင်ပါဘူး။ ဒါပေမဲ့ ယွမ်၅သန်း ရှာပေးနိုင်မဲ့လူတွေကို စာသင်ပေးနိုင်တယ်လေ"
သူမသည် နောက်လာမည့် နှစ်၂၀၊ ၃၀အထိ စိတ်ကူးကြည့်ထားလိုက်သည်။ ဘဝတွင် လျှောက်လှမ်းနေကြသည့် သူဌေးကြီးများအားလုံးက သူမ၏ကျောင်းသားလေးများ ဖြစ်လာပေလိမ့်မည်။ ဒါဆိုလျှင်တော့ အလွန်မှ မိမိုက်လှသည်ထင်၏။
နဥ်ရှောက်ပိုင်ကလည်း သူမ၏အမူအရာကို မြင်လိုက်သည်နှင့် ချက်ချင်း သူမ ဘာစဉ်းစားနေသည်ကို သိလိုက်ကာ မနေနိုင်ဘဲ အသံထွက်အော်ရယ်တော့သည်။
ရုတ်တရက်ဆိုသလို သူမသည် ရှက်ရွံ့စွာဖြင့် အနားသို့ရောက်လာပြီး ပြောလိုက်လေသည်။
"နောက်ပြီးတော့ ကျွန်မမှာ ဒေါက်တာနဥ် ရှိသေးတယ်လေ။ ဟုတ်တယ်မလား"
"ကျွန်မတို့ရဲ့ မိတ်ဆွေဆက်ဆံရေးနဲ့ဆိုရင်" ရှမြန်က မြှောက်ပင့်ကာ ပြောတော့သည်။ "ရှင် ကျွန်မကို ခြေထောက်တစ်ဖက်လေး ပေးငှားလိုက်ပေါ့။ ကျွန်မမှာ ယွမ်၁သောင်း ရှိသေးတယ်လေ... ဒီမှာကြည့်..."
နဥ်ရှောက်ပိုင်က သူမကို ကြည့်လိုက်ပြီး ရုတ်တရက်ပြုံးလိုက်၏။ "ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."
ရှမြန်၏ မျက်လုံးများက လင်းလက်သွားသည်ကို မြင်လိုက်ရသည့်အခါ သူက ဆက်ပြောလိုက်လေသည်။
"ဒါဆိုရင် မင်းကတော့ ကျေးဇူးပြန်ဆပ်ဖို့အတွက် ကိုယ့်ဟာကိုယ် ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်"
"ကျစ်" ရှမြန်သည် မျက်နှာကို မဲ့ထားလိုက်ပြီး ပြောလိုက်၏။
"ရှင် ကျွန်မကို အထင်သေးနေတာပဲ ဟုတ်တယ်မလား။ ကျွန်မကို ဘယ်လိုများထင်နေတာလဲ။ ရှင်က ကျွန်မကို ချမ်းသာလာအောင် ကူညီပေးနိုင်မယ်ဆိုရင်ကျွန်မက ကျွန်မရဲ့ခန္ဓာကိုယ်ကို ရောင်းပြီး အနုပညာဝန်ဆောင်မှုအတွက် ဆောင်ရွက်ပေးလို့တောင် ရသေးတယ်"
နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ သူမကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်လေသည်။ ခဏကြာပြီးနောက်တွင်တော့ သူက ခပ်တိုးတိုးလေး ပြောလိုက်၏။
"အပေးအယူဖြစ်ပြီ"
လက်ထဲတွင် ရှောင်ဖုန်းသာရှိမနေလျှင် ရှမြန်သည် ရှေ့သို့ အပြေးအလွှား ဝင်သွားချင်တော့သည်။
"ဟားဟားဟား ကျေးဇူးပဲနော်။ သဘောထားကြီးလှတဲ့ အစ်ကိုလေး"
"ကျွန်မ အခုချက်ချင်း ရှင့်ကို ငွေလွှဲပေးလိုက်မယ်နော်။ အားလုံးလွှဲပေးလိုက်မယ်" ထို့နောက်တွင်တော့ သူမက ပြေးထွက်သွားတော့သည်။
နဥ်ရှောက်ပိုင်သည် သူမ၏ကျောပြင်ကို ကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်အောင်ဖြစ်သွားကာ ဘေးမှဖြတ်သွားသည့် တာဝန်ကျဆရာဝန်ကို မှင်တက်အံ့ဩသွားစေတော့သည်။
"ဒေါက်တာနဉ် ဒေါက်တာရဲ့တူလေးအတွက် ဆေးတချို့ ပေးခိုင်းလိုက်မယ်လို့ ပြောတယ်မဟုတ်လား"
နဥ်ရှောက်ပိုင်သည် သူ့လက်ထဲက ဆေးများထည့်ထားသည့် အညိုရောင်စက္ကူအိတ်ကို ငုံကြည့်လိုက်ပြီး ခဏလောက် တွန့်ဆုတ်သွား၏။ "အင်း လူတွေကလည်း ပြေးတာ မြန်လိုက်တာ။ အလုပ်ဆင်းမှပဲ ကိုယ့်ဟာကိုယ် ယူသွားလိုက်ပါတော့မယ်"
ငွေရှာဖို့ရန်အတွက် သူမကို လမ်းညွှန်ပေးမည့် သူဌေးကြီးတစ်ယောက် ရှိနေသည့်တွင် ရှမြန်သည် ဘာစိုးရိမ်ပူပန်စိတ်မှမရှိဘဲ သူမ၏အာရုံအားလုံးကို စာလေ့လာခြင်းတွင် ထည့်ထားလိုက်တော့သည်။
နောက်ဆုံး ယန်တက္ကသိုလ် တွဲဖက်အတက်တန်းကျောင်းသည် အဓိကအထက်တန်းကျောင်းတစ်ခု ဖြစ်လေသည်။ စာသင်ကြားလာရသည်နှင့်အမျှ ကျောင်းသားများသည် ပိုလို့ပင် စိုးရိမ်လာကြတော့၏။ ကျောင်းပြောင်းလာသည့် ကျောင်းသူသစ်တစ်ယောက်အနေဖြင့် ရှမြန်၏ အသစ်အဆန်းဖြစ်မှုကလည်း မှိန်ပျောက်လုနီးပါး ဖြစ်သွားပြီဖြစ်ကာ သူမသည် အတန်းထဲတွင် လုံးဝအသားကျလာတော့သည်။
သို့သော်ငြားလည်း ရှမြန် ရောက်ရှိလာခြင်းက အခန်း၃ကို သိသိသာသာ ပြောင်းလဲမှုတစ်ချို့ ယူလာပေးခဲ့သည်။ အသိသာဆုံးမှာ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ဖြစ်၏။
ပြီးခဲ့သည့်စာသင်နှစ်က စာသင်ခန်းထဲတွင် အိပ်လျှင်အိပ် မအိပ်လျှင် ဝတ္ထုဖတ်နေတတ်ကြသည့် ဒီကလေး၂ယောက်သည် နေ့တိုင်းဆိုသလို စာလေ့လာခြင်းတွင် ခေါင်းစိုက်ထားလေသည်။
အရင်က သူတို့နှင့်အတူ လည်ပတ်ကာ တွဲသွားတတ်ကြသည့် လူများပင် အနည်းငယ် မနေတတ်အောင် ဖြစ်သွားကြ၏။
"ဒီမှာ နင်တို့၂ယောက် ဘာတွေဖြစ်နေတာလဲ" ဘေးအခန်းက သူငယ်ချင်းကောင်းလေးတစ်ယောက်က သူတို့ကိုလာရှာ၏။ "ဒီနေ့ ချွန်းချွန်းရှန်းမှာ သွားစားကြရအောင်။ ရှင်းရှန်း (ကျောင်းသားသစ်)ဆိုင်ကလည်း ဖွင့်နေပြီလေ။ တကယ်လို့ ငါတို့တွေ အရမ်းနောက်ကျသွားမယ်ဆိုရင် လူတောင်မှ တိုးလို့ရတော့မှာ မဟုတ်ဘူး"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က အနည်းငယ် ချီတုံချတုံဖြစ်နေ၏။
ဆွန်းယွဲ့ရှင်းက ရှမြန်ကို မေးလိုက်သည်။ "နင်ရော ဝက်သားတုတ်ထိုးကို စားပြီးပြီလား။ အဲ့ဒါတွေက တကယ် အရသာရှိတာနော်"
ရှမြန်သည် သူတို့၏ဝက်သားတုတ်ထိုးက ထိုမျှလောက် နာမည်ကြီးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမက မအော်ရယ်ဘဲ မနေနိုင်အောင်ဖြစ်သွား၏။
"နင်တို့တွေ အရင်က ငါ့ကို လိုက်ပို့ပေးခဲ့သေးတယ် မဟုတ်လား။ ငါ ဘယ်မှာနေတယ်ဆိုတာ နင်တို့မေ့သွားပြီလား"
လီလီကျန်းသည် သတိရသွားပြီး ချက်ချင်းဆိုသလို အားကျစိတ်ဖြင့် ပြောလိုက်တော့သည်။ "ဒါဆိုရင် နင်ကတော့ နေ့တိုင်းဝက်သားတုတ်ထိုး စားနိုင်မှာပဲနော်။ ဟုတ်တယ်မလား"
ရှမြန်က ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်၏။
"စားချင်တိုင်း စားလို့ရတာပေါ့"
၂ယောက်သားက တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ကို မြင်လိုက်ရသည်တွင် ရှမြန်က ပြောလိုက်လေသည်။
"ထျန်းရွှယ်ယာက အင်္ဂလိပ်စာ ကျပန်းစကားပြောပြိုင်ပွဲမှာ စာရင်းသွင်းထားတယ်လို့ အတန်းပိုင်ဆရာဆီကနေ ငါ ကြားထားတယ်"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့အပြင် အခန်း၃တွင် နောက်ထပ် အပြောင်းအလဲတစ်ခုကတော့ ထျန်းရွှယ်ယာသည် တခြားအခန်းသို့ ပြောင်းရွှေ့သွားခြင်းပင်။
ရှမြန်သည် နောက်ဆုံးတွင် သူမကို တရားစွဲဆိုမည့်ကိစ္စကို ထုတ်မပြောခဲ့သော်ငြားလည်း ကောလာဟလ ထွက်သွားခဲ့ပြီး သူမနှင့် သူမအမေကြားက မလျော်ကန်သည့်ကိစ္စများ ဖြစ်သွားပြီးနောက်တွင် အခန်း၃က ကျောင်းသား၊ ကျောင်းသူများသည် သူမအပေါ်တွင် လုံးဝအမြင်မကြည်ကြတော့ဘဲ သူမ ကျောင်းပြန်တက်သည့်အချိန်တွင် ဘယ်သူကမှ သူမကို ဂရုမစိုက်ချင်ကြတော့ချေ။
မာရှို့အယ်က ကျောင်းအုပ်ကြီးထံသို့သွားပြီး ထျန်းရွှယ်ယာ၏ စာပေပိုင်းဆောင်ရွက်ချက်များကို အသုံးပြုကာ သူမကို တခြားအခန်းသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။
သူမသည် အခန်း၃နှင့် အဝေးဆုံးဖြစ်သည့် အခန်း၇ကို ရွေးချယ်ခဲ့၏။
ထျန်းရွှယ်ယာက ထိုအခန်းထဲတွင် တော်တော်လေး ကောင်းကောင်းမွန်မွန် ပြုမူနေသည်ဟု ကြားထားသည်။ နောက်ဆုံး သူမ လုပ်ခဲ့သည့်ကိစ္စများကို အခန်း၃က ကျောင်းသား ကျောင်းသူများကသာ တွေ့ကြုံခဲ့ဖူးခြင်းဖြစ်သည်။ ရှမြန်ကလည်း သူမကိုယ်သူမ အကောင်းဆုံးကြိုးစားကာ အားလုံးကို ကောလာဟလ မဖြန့်ဖို့တားမြစ်ခဲ့၏။ ထိုကြောင့် တခြားအတန်းများက တချို့ကောလာဟလများကိုသာ ခပ်သဲ့သဲ့ကြားခဲ့ရပြီး ထိုအကြောင်းကို အများကြီး မခံစားမိကြချေ။
ထို့အပြင် ထျန်းရွှယ်ယာကလည်း ဟန်ဆောင်ရသည်နှင့် အသားကျနေသည်။ ဒါကို တွေ့ဆုံခဲ့ပြီးသည့်နောက်တွင် သူမက မိန်းကလေးများ အပေါ်ထားသည့် သူမ၏ မောက်မာသည့်မျက်နှာကို သိမ်းဆည်းထားခဲ့၏။ သူမသည် ရှမြန်ဆီမှ လေ့လာကာ ယောက်ျားလေးနှင့် မိန်းကလေးများ၂မျိုးစလုံးတွင် နာမည်ကြီးလာအောင် လုပ်ဆောင်လေသည်။
သူမသည် တခြားအတန်းသို့ ပြောင်းသွားပြီးသိပ်မကြာခင်တွင် ကောလာဟလတစ်ခုက အတန်းဖော်ထံမှ စတင်ပျံ့နှံလာ၏။
အထက်တန်းပထမနှစ်သို့ အသစ်ပြောင်းရွှေ့လာသည့် ကျောင်းသူရှမြန်သည် အလွန်မှကောင်းမွန်သည့် ပညာရေးလုပ်ဆောင်ချက်များရှိထားကာ ကျောင်းတွင် ပထမနေရာရရန် ကုကျိုးထက်ပင် သာလွန်သွားနိုင်သည်ဟု ပြောနေကြသည်။ ထျန်းရွှယ်ယာက တခြားအတန်းသို့ ပြောင်းရသည်ကလည်း ရှမြန်က သူမကို မကြိုက်ခြင်းကြောင့်ဖြစ်သည်ဟူ၍။
ထို့ကြောင့် ထျန်းရွှယ်ယာသည် ရှမြန်ကို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားနေရပြီး သူမသည် ထိုအတန်းတွင် ထူးထူးခြားခြား ပိုပြီးအလုပ်ကြိုးစားနေ၏။
ဆွန်းယွဲ့ရှင်းမှာ ဒီအကြောင်းကို ကြားသိရသည့်အချိန်တွင် အလွန်မှ ဒေါသထွက်သွားပြီး ထျန်းရွှယ်ယာဆီသို့ တိုက်ရိုက်သွားကာ ငြင်းခုန်ချင်လိုက်တော့သည်။
ရှမြန်က သူမကို တားမြစ်လိုက်၏။ "ဒါက သူပြောတဲ့စကားတော့ လုံးဝမဟုတ်လောက်ဘူး"
ကောလာဟလကိစ္စကို တွေ့ကြုံရခဲ့ပြီးသည့်နောက်တွင် ထျန်းရွှယ်ယာသည် သူမနှင့်ပတ်သက်ပြီး မကောင်းကြောင်းများကို ဘယ်တော့မှ ထပ်ပြောရဲလိမ့်မည်မဟုတ်ဟု ရှမြန်ကတော့ ယုံကြည်ထားသည်။ သို့သော်ငြားလည်း "စကားကို ပထမတစ်ဝက်ပဲပြောပြီး ကျန်တဲ့တစ်ဝက်ကို ချန်ထားခဲ့ခြင်း" ဟူသည့် ကြာပန်းဖြူတို့၏ စံပြအရည်အချင်းကတော့ ဒီအတိုင်းကို အသုံးဝင်သေးသည်။
ဥပမာ "သူ့ရဲ့အဆင့်တွေက အရမ်းကောင်းတယ်လို့ ဆရာတွေက ပြောခဲ့တယ်..."
အတန်းပြောင်းရခြင်းအတွက် အကြောင်းပြချက်ကို ပြောဆိုရသည့်အခါ သူတို့က ထိုသို့ပြောလိမ့်မည်။
"အခန်း၃က ကျောင်းသား၊ ကျောင်းသူတွေက ငါ့ကို သဘောမကျလို့နေမှာပေါ့"
"ရှမြန်က ငါတို့ကျောင်းကို အခုမှပြောင်းလာတာလေ။ သူက အရမ်းကို နာမည်ကြီးတယ်။ ငါက သူ့မကောင်းကြောင်းကို မတော်တဆ ပြောခဲ့မိတာပါ။ သူက ငါ့ကို မုန်းခွင့်ရှိပါတယ်..."
အခန်း၇က ကျောင်းသား၊ ကျောင်းသူများသည် ရှမြန်အကြောင်းကို မသိကြပေ။
ထို့အပြင် ရှမြန်သည် ဟောက်ကျန်းကို ရဲစခန်းသို့ပို့ခဲ့ပြီး ဟောက်ကျန်း၏ အဖေကိုလည်း ထွက်သွားအောင် ဖိအားပေးခဲ့ကာ ဟောက်ကျန်းကိုလည်း ကျောင်းထွက်သွားအောင် လုပ်ခဲ့လေသည်။ ရှမြန်တွင် တောင့်တင်းသည့် နောက်ခံတစ်ခုရှိသည်ဟု ကျောင်းထဲတွင် ကောလာဟလများ စတင်ပြန့်နှံ့လာတော့၏။
အတန်း၇မှ ကျောင်းသား၊ ကျောင်းသူများကလည်း ရှမြန်သည် သူမ၏ အင်အားကို အသုံးချကာ တခြားသူများကို အနိုင်ကျင့်နေသည်ဟု ထင်သွားမည်ကလည်း သဘာဝပင်။ ထို့အပြင် ချောမောလှပပြီး အဆင့်ကောင်းမွန်သည့် ထျန်းရွှယ်ယာကို အခြားအခန်းသို့ ပြောင်းရန် ဖိအားပေးခဲ့သည်ဟုပင် ထင်လိမ့်မည်။
"နင် သူ့ကိုသွားရှာရင် သူက ဂုဏ်ယူနေမှာပေါ့။ ဒါက ငါတို့တွေက အားနည်းတဲ့သူကို အနိုင်ကျင့်နေတယ်လို့ ဒီအတိုင်း သက်သေပြလိုက်တဲ့ပုံ ဖြစ်မနေဘူးလား" ရှမြန်က ပြောလိုက်သည်။
"ဒါကြောင့် ငါပြောတဲ့စကားကိုပဲ သတိရစမ်းပါ"
ဆွန်းယွဲ့ရှင်းမှာ သူမ၏အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး လေ့ကျင့်ခန်းစာအုပ်ကို ဆွဲထုတ်လိုက်တော့သည်။
"ငါက သူ့အတွက် စိတ်မကောင်းဖြစ်နေပြီး သူ့ကိုခဏလောက် အနားပေးချင်နေတာ။ ဒါပေမဲ့ သူကသူ့ရဲ့နည်းလမ်းကို ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူးဆိုတာ ငါ ထင်တောင်မထားဘူး။ စောင့်ကြည့်နေလိုက်။ ငါ သူ့ကို အသေဒေါသထွက်အောင် မလုပ်နိုင်ဘူးဆိုရင် ငါ့ရဲ့မျိုးရိုးနာမည် ဆွန်း မဟုတ်တော့ဘူး"
ရှမြန်က သူမ၏ပခုံးကို ချက်ချင်းပုတ်ကာ ပြောလိုက်လေသည်။ "တော်တယ်။ နင်က ညီအစ်မကောင်း ဖြစ်ထိုက်ပါပေတယ်။ ဆက်ကြိုးစားထား"
လီလီကျန်း...
ငါကတော့ ထပ်ပြီးလှည့်စားခံနေရပြန်ပြီလို့ ခံစားနေရပါလား။
သို့သော်ငြားလည်း မရပ်မနား အိမ်စာလုပ်နေသည့် ဆွန်းယွဲ့ရှင်းကို ကြည့်လိုက်ပြီး လီလီကျန်းသည် စိတ်ထဲတွင် လှုပ်လှုပ်ရှားရှား ခံစားလိုက်ရလေသည်။ သူတို့သည် ညီအစ်မကောင်းများ ဖြစ်သည့်အတွက် သူတို့၏အဆင့်များကို တိုးတက်အောင်လုပ်ဖို့ရန် အတူတူကြိုးစားရမည်က သဘာဝပင်။
လိုရင်းကိုပြောရလျှင် ထျန်းရွှယ်ယာ၏ လှုံဆော်မှုအကျိုးကျေးဇူးကြောင့် သူတို့၂ယောက်သည် အမြဲတမ်း တက်ကြွသည့်စိတ်အင်အားကို ထိန်းသိမ်းထားနိုင်ခဲ့လေသည်။
သူတို့သည် ထျန်းရွှယ်ယာက အင်္ဂလိပ်စာပြိုင်ပွဲကို စာရင်းသွင်းသည်ဟု ကြားလိုက်ရသည့်အချိန်တွင် သူတို့ကလည်း ဝက်သားတုတ်ထိုး စားမည့်စိတ်ကူးကို ချက်ချင်းဖယ်ထားလိုက်တော့၏။
ဆွန်းယွဲ့ရှင်းက မေးလိုက်သည်။
"နင့်အစီအစဉ်ကဘာလဲ"
ရှမြန်က ပြောလိုက်သည်။
"အားလုံး စာရင်းသွားသွင်းကြတာပေါ့"
လီလီကျန်းက မြန်မြန်ခေါင်းခါပြလိုက်သည်။ "ငါ့အင်္ဂလိပ်စာက အညံ့ဆုံးပဲ"
ရှမြန်က သူမ၏ပခုံးကိုပုတ်ကာ ပြောလိုက်လေသည်။ "ဒါက အင်္ဂလိပ်စကားပြောသက်သက်ပါပဲ။ စာမေးပွဲတစ်ခုမှ မဟုတ်တာ။ ပြီးတော့ သူ့ကို အနိုင်ယူမဲ့တာဝန်ကိုတော့ ငါ့ကိုလွှဲထားလိုက်။ ဒီတော့ နင်တို့တွေကဒီအတိုင်း ငါ့ကိုအားပေးရင်ရပြီ"
ဒီအချိန်တွင် သူမက သနားစဖွယ်ပြောလိုက်လေသည်။ "တကယ်လို့ ထျန်းရွှယ်ယာက အဖွဲ့ထဲကို ဝင်လာရင် သူက သေချာပေါက် ငါ့ကို ထပ်ပြီးတော့ ချောက်ချလိမ့်မယ်။ နင်တို့တွေက ငါ့ကို တစ်ယောက်တည်း တိုက်ခိုက်ခိုင်းရက်တာလား"
ဆွန်းယွဲ့ရှင်းမှာ စားပွဲကို ဘုံးခနဲထုကာ ပြောလိုက်လေသည်။ "ဒီလိုသတ်မှတ်လိုက်ပြီ"
လီလီကျန်း...
ရှမြန်က ပျော်ရွှင်စွာပြုံးလိုက်၏။ "တကယ်လို့ နင်တို့တွေ နှစ်လယ်စာမေးပွဲမှာ အဆင့်၂၀အထိ တိုးလာနိုင်တယ်ဆိုရင် ငါ နင်တို့ကို ဝက်သားတုတ်ထိုး တစ်ဝိုင်းကျွေးမယ်"
လီလီကျန်းမှာ သူမ၏အင်္ကျီလက်ကို ဆွဲတင်လိုက်ကာ ပြောလိုက်တော့သည်။
"လုပ်လိုက်ကြစို့"
...