အပိုင်း(၁၂၆)
Vol. 9 Ch. 126
နှစ်လယ်စာမေးပွဲရလဒ် ကြေညာသည့်နေ့တွင် အထက်တန်းပထမနှစ်တစ်ခုလုံးသည် အနီရောင်စာရင်းထဲက ပထမရသည့်နာမည်ကို တွေ့လိုက်ရသည့်အခါ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က သူတို့၏ကိုယ်ပိုင်ရလဒ်ကိုမြင်ရသဖြင့် ပိုလို့ပင် ပျော်ရွှင်နေကြသည်။
နှစ်လယ်စာမေးပွဲနီးကပ်လာသည်နဲ့အမျှ ကောလာဟလများက အခန်း၇မှနေ၍ ပိုပိုပြီးထွက်လာခဲ့သည်။
ထျန်းရွှယ်ယာမှာ အခန်း၇တွင် အလွန်မှစာကြိုးစားသည်မှာ သိသာ၏။ သူမသည် ပင်ပန်းလွန်းသဖြင့် တစ်ခါက မေ့လဲသွားသည်ဟုပင် ကြားခဲ့ရသေးသည်။ ထို့ကြောင့် သူမအတန်းပြောင်းသွားခြင်း၏ အကြောင်းပြချက်ကို အမြဲတမ်းလိုလို ထုတ်ပြောကြတော့သည်။
ရှမြန်က တခြားသူများကို အနိုင်ကျင့်နေပါသည်ဟူသည့် ကောလာဟလနှင့် သူမ၏အဆင့်များက ကုကျိုးထက် ပိုသာကြောင်း မျက်နှာပြောင်နှင့် ကြေညာထားပါသည်ဟူသည့် ကောလာဟလများက ပိုပိုပြီးကျယ်ပြန့်လာခဲ့၏။
ရှမြန်သည် သူမ၏ကျောင်းပြောင်းလာသည့်ကိစ္စနှင့် ရဲဌာနသို့ဖုန်းခေါ်ဆိုခြင်းကြောင့် အာရုံစူးစိုက်မှု အများပြားရခဲ့သည်သာဖြစ်သည်။ ဒီသတင်းပျံ့သွားပြီးသည့်နောက်တွင် ဒီအကြောင်းကို သိကြသည့် အခန်း၃ကလူများမှလွဲလျှင် တခြားအတန်းက ကျောင်းသားကျောင်းသူအများစုက သူမအပေါ် လုံးဝအမြင်မကြည်ကြချေ။ သူမသည် မောက်မာထောင်လွှားကာ အားနည်းသူများကို အနိုင်ကျင့်တတ်သည်ဟု သူတို့က ထင်ကြသည်။
သူမက ဒီစာမေးပွဲတွင် ကိုယ့်ဟာကိုယ် အရူးလုပ်ပါစေဟု မျှော်လင့်နေကြ၏။
အကယ်၍ သူမသည် ကုကျိုးထက် သာလွန်ဖို့ရန် ကျရှုံးခဲ့လျှင် ထိုလူများသည် သူမကို မည်သို့ လှောင်ပြောင်သရော်ကြမည်ကို သိလိမ့်မည်မဟုတ်သော်ငြားလည်း သူမက ထျန်းရွှယ်ယာကို ရှုံးခဲ့လျှင်တော့ ဒါကပိုပြီးတော့ပင် ရှက်ဖွယ်ရာကောင်းသေးသည်။
သို့သော်ငြားလည်း သူတို့သည် ထိုစကားနှင့်ပတ်သက်ပြီး ထျန်းရွှယ်ယာကို နှစ်သိမ့်ပေးဖို့ရန် နည်းလမ်း မရှိခဲ့သလို သူတို့သည် ထိုအကြောင်းအရာကို ရှင်းလင်းပေးနိုင်သည်လည်း မဟုတ်ချေ။ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့မှာ ဒေါသကိုအံကြိတ်၍သာ မျိုချနိုင်ပြီး သူတို့၏ကြိုးစားအားထုတ်မှုကို ၂ဆလုပ်ရတော့သည်။
ရှမြန်၏ အဆင့်က ထျန်းရွှယ်ယာထက် မကျော်လွန်ခဲ့လျှင် အနည်းဆုံးတော့ သူတို့၂ယောက်က သူမကို မျက်နှာဆယ်ပေးနိုင်မည်ဟု စဉ်းစားထားကြသည်။
ဟုတ်ပါသည်။ သူတို့၂ယောက်စလုံးကလည်း ရှမြန်က ကုကျိုးထက် သာနိုင်မည်ဟု ထင်မထားချေ။ ကုကျိုးသည် နှစ်ဝက်အစမ်းစာမေးပွဲတွင် အဆင့်၁ရခဲ့သူဖြစ်သည်။ သူ၏ တရုတ်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတွင် တော်တော်လေး အားနည်းသည်ကလွဲလျှင် သူသည် ဘာသာရပ်အားလုံးတွင် တော်လေသည်။
ရှမြန်ကလည်း အခန်းထဲသို့ဝင်လာစဉ်က သူမ၏ ကောင်းမွန်သည့် စာပေဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အတန်းပိုင်ဆရာ၏ ချီးကျူးခြင်းခံရသော်ငြားလည်း ဒါသည် ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းဖြစ်၏။ စာတော်သည့် ကျောင်းသား၊ ကျောင်းသူများစွာ ရှိသည်။
ထို့အပြင် သူမသည် တစ်နေ့လုံး ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့လို နောက်ဆုံးတန်းကသူများနှင့် လည်ပတ်နေတတ်သည်။ သူမသည် စာကို အရမ်းကြီး ကြိုးစားသည်ဟုလည်း မထင်ရချေ။ သူမ၏ အဆင့်ကတော့ သာမန်အဆင့်ရလျှင်တောင် ကံကောင်းဟု အားလုံးက ထင်ကြသည်။
ထျန်းရွှယ်ယာလည်း ထိုသို့စဉ်းစားသည်မှာသိသာ၏။ ထို့ကြောင့် သူမက ဒီလိုလုပ်ခဲ့ခြင်းပင်။
ရလဒ်အနေဖြင့် ရှမြန်သည် ဒီလိုမှင်တက်အံ့ဩစရာကောင်းသည့် ပွဲဦးထွက်ပုံစံမျိုးကို လုပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။ သူမသည် အဆင့်တစ်ရခဲ့သည့်အပြင် ကုကျိုးကိုလည်း ၁၀မှတ်အသာဖြင့် ကျော်လွန်နိုင်ခဲ့ကာ အမှတ်ပြည့်ရဖို့ရန် ၅မှတ်သာလိုခဲ့သည်။
ထျန်းရွှယ်ယာ မဆိုထားနှင့် ကုကျိုးပင် ဒီရလဒ်ကိုကြားပြီးနောက် မယုံနိုင်အောင်ဖြစ်သွားခဲ့၏။ သူက ရလဒ်ကြေညာသည့် ဘုတ်ကို အချိန်တော်တော်ကြာ စိုက်ကြည့်နေမိသည်။ ပြန်လာပြီးသည့်နောက်တွင် သူက သူ့အဖြေလွှာစာရွက်ကို ဆက်ပြီးစစ်ဆေးခဲ့၏။ သူက ရှမြန်၏ အဖြေလွှာကိုလည်း ငှားရမ်းခဲ့ကာ ကိုးကားယူချင်ခဲ့သည်လား စစ်ဆေးခဲ့ခြင်းခဲ့သည်လားတော့ မသိချေ။
ရှမြန်ကတော့ ဂရုမစိုက်ဘဲ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ ပျော်ရွှင်နေသည်ကိုသာ ကြည့်နေလိုက်၏။
"ဟားဟားဟား" ဆွန်းယွဲ့ရှင်းက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် အော်ရယ်တော့သည်။
"ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ"
"ထျန်းရွှယ်ယာက ဒီတစ်ကြိမ် အကောင်းဆုံးကြိုးစားထားခဲ့တာ။ ငါ့အထင် သူက ကျောင်းမှာ အဆင့်၅ဝင်တယ် ထင်တယ်။ တကယ်လို့ နင့်ကြောင့်သာမဟုတ်ဘူးဆိုရင် သူက အဆင့်၄ရချင်ရဦးမှာ။ ဒါက သူ့တစ်သက်လုံးမှာ အကောင်းဆုံးလုပ်ဆောင်ချက်ပဲလေ။ နှမြောစရာကောင်းလိုက်တာ... ဟားဟားဟား"
လီလီကျန်းက သူမ၏လက်ဖြင့် မေးစေ့ကိုပွတ်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေ၏။ "ငါသူ့အမူအရာကို တကယ်ကြည့်ချင်လိုက်တာ။ အရမ်း စိတ်လှုပ်ရှားဖို့ကောင်းမှာပဲ"
ဆွန်းယွဲ့ရှင်းက ချက်ခြင်းပြောလိုက်သည်။ "ငါတို့တွေ အတန်း၇ကိုသွားပြီးတော့ တစ်ချက်လောက် ကြည့်ကြမလား"
"သွားစရာမလိုတော့ပါဘူး" ရှေ့ခုံက လီမင်သည် ရုတ်တရက် ကိုယ်ကိုလှည့်လာ၏။ အခန်း၇ကလူက ထျန်းရွှယ်ယာကို ဂရုစိုက်သကဲ့သို့ အခန်းသုံးကလူများကလည်း ရှမြန်ကို အမှန်ပင် ဂရုစိုက်လေသည်။
ကောင်းသည့်ကိစ္စကို လုပ်ရသည်ကို သဘောကျသည့် လီမင်လိုလူများက ချက်ချင်းဆိုသလို အခန်း၇သို့ သွားကာ ပွဲကြည့်ခဲ့သေးသည်။
"ထျန်းရွှယ်ယာက အရမ်းကို သနားစရာကောင်းလောက်အောင် ငိုနေတာလေ။ သူက လုံလောက်အောင် မကြိုးစားခဲ့ဘူးလို့ ပြောနေတာ။ အရမ်း အတာပဲ။ အမုန်းခံရတာပဲ တန်တယ်။ အခန်း၇က လူတွေကလည်း သူတို့ကိုအနိုင်ကျင့်လို့ဆိုပြီးတော့ ရှမြန်ကို ဆဲဆိုနေကြတယ်လေ"
ဒီအချိန်တွင် သူ ကသက်ပြင်းချလိုက်ပြီး "ထျန်းရွှယ်ယာက ပြဿနာရှာတဲ့နေရာမှာ အရမ်းကိုတော်တယ်ဆိုတဲ့အကြောင်းကို အရင်က ငါ ဘာဖြစ်လို့ မစဉ်းစားမိခဲ့ပါလိမ့်"
ဆွန်းယွဲ့ရှင်းက မျက်လုံးများကို စောင်းထားကာပြောလိုက်လေသည်။ "နင်လည်း သူ့အတွက် တုံးအတဲ့ကိစ္စတွေ လုပ်ခဲ့သေးတာပဲ မဟုတ်လား"
"အိုက်ယား... ပြီးခဲ့တာတွေ အတိတ်မှာထားခဲ့စမ်းပါတော့။ ဒါက ငယ်ရွယ်ပြီး မသိနားမလည်ခဲ့လို့ဘဲ မဟုတ်လား" လီမင်က ပြောလိုက်သည်။ ထို့နောက်တွင်တော့ တိုးတိုးလေး ဆက်ပြောလိုက်၏။
"ထျန်းရွှယ်ယာကိစ္စကိုတော့ စိတ်မပူပါနဲ့။ ကုကျိုးကလည်း အခြေအနေဟန်တဲ့ပုံတော့မပေါ်ဘူး"
ဆွန်းယွဲ့ရှင်းသည် လီလီကျန်းကို လှမ်းကြည့်လိုက်ပြီး ခဏလောက်စဉ်းစားပြီးနောက် ပြောလိုက်လေသည်။ "ဒါက ပုံမှန်ပါပဲ။ ပြောရရင် သူက အရင်တုန်းက တစ်ခါမှ ဒုတိယနေရာကို မဆင်းခဲ့ဖူးဘူးလေ။ သူ ဒါကို ခဏလောက်လက်မခံနိုင်တာ သဘာဝပါပဲ"
လီလီကျန်းသည် ကုကျိုးကို ကြည့်လိုက်ပြီး ကုကျိုးက ရှမြန်၏ အဖြေလွှာကို ထပ်ခါထပ်ခါ လှန်လှောကြည့်ရှုနေသည်ကို မြင်လိုက်သည့်အခါ မြန်မြန်အကြည့်လွှဲထားလိုက်သည်။
"ဒါပေမဲ့ ဒီတစ်ခါ နင်တို့၂ယောက်ကလည်း တကယ်အံ့သြဖို့ကောင်းတာပဲ" လီမင်က လက်မထောင်ပြကာပြောလေသည်။ "တစ်ချီတည်းနဲ့ တစ်ကျောင်းလုံးမှာ အဆင့်၃၀၀အထိ တက်လာခဲ့တယ်။ အံ့ဩစရာကောင်းတာပဲ"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် သူတို့၏မျက်နှာပေါ်က ဂုဏ်ယူ၀င့်ကြွားမှုကို ဖုံးကွယ်မထားနိုင်တော့ချေ။ အထူးသဖြင့် ကြိုးကြိုးစားစားလုပ်ခဲ့သည်မှ ရလာသည့်အချိန်တွင် မည်သူက ချီးကျူးခံရသည်ကို မကြိုက်ဘဲရှိပါမည်နည်း။ ကြိုးစားမှုပိုပြီး ပြင်းထန်လေလေ ရလဒ်ကို ခံစားရသည့်အချိန်တွင် ပိုပြီးကျေနပ်ဖွယ်ရာ ကောင်းလေလေပင်။
အမှန်တွင်တော့ ဘာသာရပ်တိုင်းက ဆရာများ အားလုံးနီးပါးကလည်း သူတို့၏ နာမည်ကို ချီးကျူးစကားပြောခဲ့ကြပြီး သူတို့၏စာလေ့လာလိုသည့် စိတ်အားထက်သန်မှုကလည်း သိသိသာသာ တိုးမြင့်လာခဲ့သည်။
ဘေးအခန်းက ကျောက်ချန်းကလည်း မိသားစု၂ခုက မိဘများ၏ ကြွားဝါခံခဲ့ရသေးသည်။ ထိုကိစ္စကြောင့် ဖိနှိပ်ခံရပြီးသည့်နောက်တွင် ကျောက်ချန်းသည် ဂဏာမငြိမ် ဖြစ်လာတော့၏။
သူသည် ထျန်းရွှယ်ယာကိုလည်း ဖိနှိပ်ဖို့ရန် ဂရုမစိုက်သလို သူ၏ငယ်သူငယ်ချင်းများက သူ့ထက် အဆင့် ပိုသာသွားသည်ကိုလည်း ဂရုမစိုက်ချေ။ သို့သော်ငြားလည်း သူသည် ရဲအရာရှိတစ်ယောက် ဖြစ်လာမည့်အိပ်မက် ရှိခဲ့သည်ကို ခပ်ရေးရေးလေး မှတ်မိနေသေးသည်။
အစောပိုင်းက နံပါတ်၁ရခဲ့သူသည် ကြိုးစားအားထုတ်နေဆဲပင်။ အဆင့်ကို ပုံမှန်ရနေကြဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကလည်း ယခုတော့နောက်တစ်ကြိမ်တွင် သူတို့သည်အဆင့်ကို မည်သို့တိုးမြင့်အောင် လုပ်ရမည်ကို စဉ်းစားနေကြတော့သည်။ ဒါကအားလုံးကို ရုန်းရင်းဆန်ခတ်ခံစားမှုတစ်ခု ဖြစ်သွားစေပြီး သူတို့သည် စာမကြိုးစားခဲ့လျှင် အောက်ဆုံးအဆင့်သို့ ရောက်သွားတော့မိနှယ်ပင်။
ထိုအခိုက်အတန့်တွင် ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်း၏ ပထမနှစ်တစ်ခုလုံးသည် ပြင်းပြသည့် သင်ယူမှုအငွေ့အသက်တစ်ခုနှင့် ပြည့်နှက်နေ၏။
အတန်းပိုင်ဆရာကလည်း အလွန်မှကျေနပ်ပီတိဖြစ်နေသည်။ ဒါသည်ကျောင်းသားများ၏ အတက်ကြွဆုံးအတန်း ဖြစ်နေ၏။
နှစ်လယ်စာမေးပွဲပြီးသွားပြီး ဒုတိယအပတ်တွင် ကျောင်းက စနေနေ့နေ့လယ်ခင်းတွင် စောစော လွှတ်ပေးခဲ့သည်။ ရှမြန်က သဘောတူထားသည့်အတိုင်း ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို ဝက်သားတုတ်ထိုးစားဖို့ရန် ခေါ်လာခဲ့၏။
ရှမိသားစု၏ဆိုင်သည် ခါတိုင်းလိုပင် လူအများကြီး မရှိချေ။ ထို့ကြောင့် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် ချက်ခြင်းဆိုသလို ဝမ်းသာအားရဖြစ်သွား၏။ "မြန်မြန်လုပ်။ မြန်မြန်လုပ်။ ထိုင်စရာခုံတစ်ခုရှိသေးတယ်"
ပြန်တော့မည်ပြင်နေသည့် ရှမြန်က ဆိုင်ကို တစ်ချက်လောက်ကြည့်လိုက်ပြီးနောက် ရပ်လိုက်ကာ တအံ့တဩဖြင့် မေးလိုက်လေသည်။ "အဒေါ်၂ အဒေါ်ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ"
ငါးတိုဟူးအမှာစာသည် ပိုပြီးများသထက်များပြားလာသဖြင့် ရှ၀မ်ယွဲ့သည် ထိုအပိုင်းကို အာရုံစိုက်ခဲ့ရသည်။ ထို့ကြောင့် သူမသည် ဝက်သားတုတ်ထိုးဆိုင်ကို လည်ပတ်ဖို့ရန်အတွက် လူငှားခဲ့ရ၏။ မည်သို့ဆိုစေ ဝက်သားထုတ်ထိုးအရေအတွက်က အကန့်အသတ်ထားပြီး နေ့စဉ်ဝင်ငွေကလည်း ပုံမှန်ရှိနေသည်။ ထို့ကြောင့် ရှ၀မ်ယွဲ့သည် လူငှားမည့်အတွေးကို စမ်းကြည့်လိုက်၏။
ရပ်ကွက်ထဲက လောင်ကျားက ဒီအကြောင်းကို ကြားလိုက်သည့်အချိန်တွင် သူက ရှ၀မ်ယွဲ့ကို လူတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့ပြီး ထိုလူက သူ့မိသားစု၏ ဆွေမျိုးတစ်ယောက်ဟုဆိုသည်။
ရှ၀မ်ယွဲ့ကလည်း ပထမလကတည်းက ငါးတိုဟူးအမှာစာအတွက် လောင်ကျားကို အကျိုးဆောင်ခတစ်ခု ပေးထားခဲ့သဖြင့် သူသည် အချိန်ပိုင်းရောင်းချသူများကို ဆွေမျိုးများနှင့် မိတ်ဆွေများအား မိတ်ဆက်ပေးခဲ့သည်။ ရလဒ်အနေဖြင့် ရှ၀မ်ယွဲ့၏အမှာစာအရေအတွက်သည် အများကြီးတိုးလာခဲ့၏။ ယခုတော့ ငါးတိုဟူးနှင့် ငါးအသားလုံးစက်ကလည်း တစ်နေ့လုံး လည်ပတ်နေရသည်။
ထို့ကြောင့် ယခုအချိန်တွင် ရှ၀မ်ယွဲ့သည် လောင်ကျားတို့မိသားစုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိ၏။ ရှ၀မ်ယွဲ့က ဝက်သားတုတ်ထိုးဆိုင်အတွက် လူတစ်ယောက်ငှားချင်သည်ဟု လောင်ကျားက ကြားသောအခါ သူက သူတို့ရွာကဆွေမျိုးကို ထောက်ခံပေးသည်။
ထိုအမျိုးသမီးက သန့်ရှင်းသပ်ရပ်ကာ လုပ်ရည်ကိုင်ရည်ရှိပြီး ရိုးသားပုံပေါ်သည့်အတွက် ရှ၀မ်ယွဲ့ကလည်း သူမကို ငှားရမ်းခဲ့သည်။ သူမသည် နေ့လယ်ခင်းနှင့် ညနေခင်းတွင် ဆိုင်ကို ဖွင့်ပေးရမည်ဟု သဘောတူထားကြကာ သူမကို ရောင်းချရသည့် ဝက်သားတုတ်ထိုး အရေအတွက်ဖြင့် လခပေးမည်ဟု သဘောတူထားကြသည်။
"ရှမြန် ပြန်လာပြီလား" ရှ၀မ်ယွဲ့သည် အပြုံးတစ်ခုဖြင့် ဧည့်သည်များကို နှုတ်ဆက်လိုက်ကာ သူမ၏ မျက်နှာပေါ်တွင် ဘာအရိပ်အယောင်မှ မရှိချေ။ "အိမ်မှာ အားလုံးအဆင်သင့်ဖြစ်ပြီ။ နင် အတန်းဖော်တွေနဲ့ ပြန်သွားလိုက်ရုံပဲ"
ဒါကိုမြင်လိုက်သည်တွင် ရှမြန်သည် ငှားထားသည့်အမျိုးသမီးက အရေးကြီးလုပ်စရာရှိနေသည်ဟု ထင်လိုက်သဖြင့် သူမကလည်း ဒါကိုသိပ်ပြီး စိတ်ထဲမထည့်တော့ဘဲ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို အိမ်သို့ခေါ်လာခဲ့လိုက်သည်။
"ငါတို့တွေ ဒီမှာစားကြမှာ မဟုတ်ဘူးလား" ဆွန်းယွဲ့ရှင်းသည် ထိုသို့ပြောလိုက်ပြီးမှ သဘောပေါက်သွားတော့သည်။ "ဒါဆိုရင် ရှင်းရှန်း ဝက်သားတုတ်ထိုးဆိုင်က နင့်ရဲ့ဆိုင်ပေါ့"
လီလီကျန်းက ဝမ်းသာအားရ ပြောလိုက်၏။ "ဒါဆိုရင်တော့ ဒီနေ့ ငါ စားချင်တဲ့ဟာ တကယ်စားလို့ရလား"
ရှမြန်က အော်ရယ်လိုက်ပြီး "စိတ်မပူပါနဲ့။ ငါ နင်တို့ကိုပြုစုမှာပါ"
သူတို့သည် အိမ်သို့ရောက်လာသည့်အချိန်တွင် သူတို့ထက် ကျောင်းစောဆင်းလာသည့် မောက်ဟွေ့လန်က စားပွဲပေါ်တွင် ဝက်သားတုတ်ထိုးများကို ချထားပြီးသားဖြစ်၏။
လီလီကျန်းက စားပွဲအလယ်တွင်ရှိနေသည့် ဝက်သားတုတ်ထိုးအပြည့်ပါနေသည့် ပန်းကန်လုံးကြီးကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သူမ၏တံတွေးကို မျိုချလိုက်ကာ "တစ်နေ့မှာ စားချင်တာ စားလို့ရတယ်ဆိုတဲ့ ဝက်သားတုတ်ထိုးမျိုးကို စားရလိမ့်မယ်လို့ ငါ လုံးဝတောင် မထင်ထားခဲ့မိဘူး။ ပျော်လိုက်တာ"
"ဒါဆိုရင်တော့ ကြိုဆိုပါတယ်နော်။ ကျေးဇူးပြုပြီးတော့ ထိုင်ကြပါ ကျောင်းသူတို့"
သူတို့၃ယောက်က စားသောက်နေကြသည်အချိန်တွင် မောက်ဟွေ့ကျူး၊ ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကလည်း ပျော်ရွှင်စွာ လာရောက်စားသောက်ကြလေသည်။ နောက်ဆုံးတွင် သူတို့သည် ပါဝင်ပစ္စည်းများကို ဘယ်တော့မှ မငြီးငွေ့ခဲ့ချေ။
"..."
ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။ "ငါ့မိဘတွေက ဒီတစ်ခါ အရမ်းကို ပျော်နေကြတာလေ။ ငါ့ကို ငါကြိုက်တဲ့ဖိနပ်ဝယ်ပေးမယ်လို့ သူတို့တွေက ပြောထားကြတယ်"
လီလီကျန်းကလည်း ပြောလိုက်၏။ "ငါ့အမေကလည်း ငါ့ကို စကတ်၁ထည် ဝယ်ပေးမယ်လို့ ကတိပေးထားတယ်"
ရှမြန်က ပြုံးလိုက်ပြီး "ဂုဏ်ယူပါတယ်။ ငါတို့တွေ နောက်ဆိုရင် ဆက်ပြီးတော့ ကြိုးစားရလိမ့်မယ်"
ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။ "ငါကတော့ ရှမြန်ကို ကောင်းကောင်းသင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ရဦးမှာပဲ။ နောက်ဆိုရင်လည်း ငါ့ကို ကျေးဇူးပြုပြီးတော့ သင်ကြားပေးပါဦးနော်"
"..."
ရှောင်ဖုန်းသည် ရှမြန် သူ့ကိုပေးလာသည့် ငါတို့ကို စားရင်း ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို မကြာခဏဆိုသလို မော့ကြည့်နေလေသည်။
တို့၂ယောက်က ရှောင်ဖုန်း သူတို့ကို မေ့လျော့သွားသည်ဟုထင်သဖြင့် ကိုယ့်ဟာကိုယ် ထပ်ပြီးမိတ်ဆက်လိုက်ကြသည်။
ရှောင်ဖုန်းက ရှက်ရွံ့စွာဖြင့် နှုတ်ဆက်ပြီးသည့်နောက်တွင် သူက ရှမြန်နားသို့ကပ်သွားကာ တိတ်တိတ်လေး အကဲခတ်ကြည့်နေ၏။
ရှမြန်သည် ရှောင်ဖုန်း၏ မျက်လုံးများက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေမိ၏။ စားသောက်ပြီးစီးသွားပြီးနောက် မှောင်လာသည့်အချိန်တွင် ရှမြန်က သူမ၏သူငယ်ချင်းများကို လိုက်ပို့ပေးခဲ့သည်။
ထိုအခါမှ ရှောင်ဖုန်းက ရှမြန်၏လက်ကိုလှမ်းတွဲလိုက်ကာ မော့ကြည့်ပြီးမေးလိုက်လေသည်။
"အန်တီလေး အဲဒီအန်တီ၂ယောက်ကရော ၅သန်းရှာနိုင်မှာလား"
ရှမြန်...
သူမသည် လေလံပွဲက ထိုရှေးဟောင်းဓာတ်ပုံများ အယ်လ်ဘမ်ကို ကြည့်နေသည့်အချိန်တွင် ကလေးက သူ့မျက်လုံးထဲတွင် ထိုတူညီသည့်အကြည့် ရှိနေခဲ့သည်ကို မှတ်မိနေခဲ့၏...
ရှမြန်မှာ သူမ၏မျက်နှာကို သုတ်လိုက်ပြီး စဉ်းစားလိုက်တော့သည်။ ငါ ဆရာမ ဖြစ်လာတဲ့အချိန်ကျရင်တော့ ငါ့ကျောင်းသူ၊ ကျောင်းသားတွေအားလုံးက ရှောင်ဖုန်းရဲ့မျက်လုံးထဲမှာ ၅သန်း တန်တယ်လို့များ ထင်နေတော့မလား မသိဘူး။
ဒါကို ဘယ်လိုရှင်းပြရပါ့မလဲ။
သူမက ရှောင်ဖုန်းကို မည်သို့ရှင်းပြရမည်မသိ ဖြစ်နေစဉ်မှာပင် ရှ၀မ်ယွဲ့သည် ပြန်ရောက်လာပြီး အလုပ်ဆင်းလာသည့် မောက်ဟွေ့မေက နောက်မှလိုက်ဝင်လာသည်။
သူတို့၂ယောက်စလုံးမှာ မပျော်မရွှင် ဖြစ်နေကြ၏။ ရှ၀မ်ယွဲ့၏မျက်နှာကတော့ ဘာမှမဖြစ်သလို ဖြစ်နေသော်ငြားလည်း မောက်ဟွေ့မေကတော့ ဒေါသထွက်နေသည်။
ထိုအခါမှ ဆိုင်ရောင်းပေးရန် ငှားထားသည့် အမျိုးသမီးက အရေးကြီးကိစ္စ လုပ်ရန်ရှိသည်မဟုတ်ဘဲ ရှ၀မ်ယွဲ့က အလုပ်ဖြုတ်လိုက်ခြင်း ဖြစ်သည်ဟု သိလိုက်ရတော့သည်။
မနေ့က မိသားစုလုပ်ငန်းထဲတွင် တစ်ခုခုဖြစ်သွားခဲ့သည်။
အကြောင်းအရင်းက လောင်ကျားမိသားစုထဲတွင် ရှိနေသည်။
မောက်ဟွေ့လန်မှာ မောက်ဟွေ့မေ ပြောလိုက်သည့်စကားကို ကြားလိုက်ရချိန်တွင် မှင်တက် အံ့သြသွားတော့၏။ "အစ်မ နင်ပြောချင်တာက အစ်မလီနဲ့ အဒေါ်ဝမ်တို့က တကယ်တမ်းကျတော့ လောင်ကျားမိသားစုရဲ့ ဆွေမျိုးတွေဖြစ်နေတာတဲ့လား။ သူတို့မှာ ဆိုးဝါးတဲ့ဆက်ဆံရေးတွေ ရှိနေကြတာ မဟုတ်လား"
ငါးတိုဟူးအမှာစာ တိုးလာခဲ့သည့်နောက်တွင် ရှ၀မ်ယွဲ့သည် လူများကို ငှားရမ်းခဲ့သည်။ သူမက သတင်းလွှင့်ခဲ့ပြီးသည့်နောက်တွင် လူအများအပြားက အလုပ်အတွက် လာရောက်လျှောက်ကြ၏။
လူအများကြီးကို စီစစ်ရွေးချယ်ခဲ့ပြီးသည့်နောက် နောက်ဆုံးတွင် လူ၂ယောက်ကို ရွေးချယ်လိုက်ကာ ထိုလူများမှာ အစ်မလီနှင့် အဒေါ်ဝမ်တို့ဖြစ်လေသည်။ ရှ၀မ်ယွဲ့က သူတို့၂ယောက်ကို ရွေးချယ်ခဲ့သည့်အကြောင်းရင်းမှာ သူတို့သည် စိတ်ထဲတွင်သာ ထားတတ်ကြပြီး သူတို့တစ်ယောက်ချင်းစီကို ထုတ်လုပ်သည့်လုပ်ငန်းတွင် သပ်သပ်စီ တာဝန်ပေးနိုင်ခြင်းကြောင့် ဖြစ်သည်။
အတွင်းရေးကိစ္စများကို ပိုပြီးကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်ဖို့ရန် ရှ၀မ်ယွဲ့က အခန်း၂ခုထဲတွင် လုပ်ငန်းစဉ်၂ခုကို ခွဲခြားထားလိုက်၏။ ထို့ကြောင့် သူတို့သည် အလုပ်များနေသည့်အချိန်တွင် အချင်းချင်း တွေ့နိုင်ကြလိမ့်မည် မဟုတ်ချေ။ ထို့အပြင် အလုပ်လုပ်နေသည့်လုပ်ငန်းစဉ်ကြောင့် သူတို့ အလုပ်ဆင်းချိန်ကလည်း မတူညီကြပေ။
သို့သော်ငြားလည်း အပေါ်ယံတွင် တစ်ဦးနှင့် တစ်ဦးမသိကြသည့် ထိုလူ၂ယောက်သည် နောက်ကွယ်တွင်တော့ ယောက္ခမနှင့် ချွေးမဖြစ်သူ မကောင်းသည့်ဆက်ဆံရေးတစ်ခု ရှိနေကာ ဒါသည် လောင်ကျား၏အဒေါ်နှင့်တူမ ဖြစ်နေတော့သည်။
“ဒီတော့ အမေက တော်တော်လေး ကောင်းတယ်လို့ ထင်ထားခဲ့တဲ့ အဲ့ဒီလူတွေက အလုပ်လုပ်ပြီး ၂ရက်အကြာမှာ အကြောင်းအရင်း မရှိဘဲ အလုပ်ထွက်သွားခဲ့တာက နောက်ကွယ်မှာ လောင်ကျားမိသားစုက ဖိအားပေးပြီး ထွက်ခိုင်းခဲ့လို့ပေါ့ဟုတ်လား”
"ဟုတ်တယ်" မောက်ဟွေ့မေသည် ထိုအကြောင်းကို ပြောနေသည့်အချိန်တွင် ဒေါသထွက်နေမိ၏။
"ငါတို့ရပ်ကွက်ထဲက ဟော့ပေါ့စားသောက်ဆိုင်က ဦးလေးလော့ကသာ ငါ့ကို မမေးခဲ့ဘူးဆိုရင် သူတို့တွေ အဲဒီလောက်အထိ ရွံစရာကောင်းမယ်လို့ ငါ လုံးဝသိမှာ မဟုတ်ဘူး"
"တကယ်လို့ သူတို့တွေက ကိုယ့်ဟာကိုယ် အလုပ်လုပ်ချင်တယ်ဆိုရင်လည်း လုပ်လို့ရပါတယ်။ သူတို့တွေက တောင်ပိုင်းကို သွားပြီးတော့ အားလုံးရနိုင်သားပဲ။ အမေကလည်း အဲ့ဒီမှာ၁လကျော်လောက် နေခဲ့ပြီးတော့ ဒါကို သင်ယူတတ်မြောက်ခဲ့တာပဲ မဟုတ်လား"
ရှမြန်က ပြောလိုက်၏။
"တောင်ပိုင်းကိုသွားမဲ့ ခရီးကုန်ကျစရိတ်က မနည်းဘူးလေ။ အဒေါ်၂ကလည်း လမ်းကြုံလိုက်နိုင်ခဲ့ပြီး ဦးလေးတို့ အဖွဲ့ထဲမှာ နေနိုင်ခဲ့လို့လေ။ ဒါပေမဲ့ အဲဒီသွားနေရပြီး ဆွေးနွေးတိုင်ပင်ရမဲ့ မှန်ကန်တဲ့လမ်းကို ရှာဖွေဖို့ဆိုတာက အချိန်အများကြီးနဲ့ လူအင်အားလည်း အများကြီးလိုအပ်တယ်လေ။ သူတို့တွေက သူတို့ကိုယ်တိုင် ယွမ်၁ထောင်လောက် သုံးခဲ့မယ်ဆိုရင်တောင် ဒါက ရှာတွေ့ချင်မှ ရှာတွေ့မှာပေါ့"
"ဒီတော့ ခိုးတာကပဲ အမြန်ဆုံးနည်းလမ်းပေါ့"
"သူတို့က ဆန္ဒရှိတယ်ဆိုရင် ခိုးလို့ရပါသေးတယ်။ စျေးကွက်ကလည်း အကြီးကြီးပါပဲ။ သူတို့တွေက ငါတို့ရဲ့အမှာစာကို ဘာဖြစ်လို့ စောင့်ကြည့်နေတာတဲ့လဲ" မောက်ဟွေ့မေမှာ လုံးဝ နားမလည်နိုင်တော့ချေ။
"သူတို့တွေက သူဌေးလော့ကို ဘာပြောခဲ့လဲဆိုတာ သိလား"
"ငါတို့မိသားစုက ဝက်သားတုတ်ထိုးဆိုင်ကို အာရုံစိုက်ချင်တဲ့အတွက် ငါတို့တွေက ငါးတိုဟူးကို ဂရုစိုက်နိုင်မှာ မဟုတ်လို့ သူတို့ကိုပေးခဲ့တာလို့ ပြောခဲ့တယ်တဲ့လေ"
ရှမြန်မှာ သက်ပြင်းချလိုက်လေသည်။ "အင်းပေါ့ တခြားလူတွေကိုပဲ အာရုံစိုက်ပြီး ကြည့်နေကြတဲ့လူတွေက ကိတ်မုန့်က အပြင်ဘက်မှာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ကြည့်မှာ မဟုတ်ဘူးလေ။ သူတို့တွေက တခြားလူတွေရဲ့ပါးစပ်ထဲက ကိတ်မုန့်က ဘယ်လောက် အရသာရှိလဲဆိုတာကိုပဲ မြင်နိုင်မှာ"
မောက်ဟွေ့မေက ပြောလိုက်သည်။ "သူတို့တွေ ဦးလေးလော့ကို ပို့ပေးခဲ့တဲ့ပစ္စည်းတွေကို ငါ သွားကြည့်ခဲ့တယ်။ ထုတ်ပိုးဖို့အတွက် သူတို့သုံးထားတဲ့ ပလတ်စတစ်အိတ်ကလည်း ငါတို့ဟာနဲ့ အတူတူပဲ"
ရှမြန်က မေးလိုက်သည်။ "သူတို့တွေက ငါတို့ရဲ့ရှင်းရှန်းတံဆိပ်ကိုလည်း သုံးနေတာလား"
ရှမြန်က ပုံတူကူးချခြင်းကို ကာကွယ်ချင်သည်ဟု ကြိုတင်ပြောထားခဲ့သဖြင့် ရှ၀မ်ယွဲ့က ကုန်ကျစရိတ် နည်းနည်း ပိုများသွားသည့်တိုင် အစကတည်းက ထုတ်ပိုးမှုအတွက် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို အသုံးပြုခဲ့သည်။
အရိုးရှင်းဆုံး ပလတ်စတစ်အိတ်အကြည် ဖြစ်သော်ငြားလည်း အမှတ်တံဆိပ်ကိုတော့ နဥ်ရှောက်ယွင်ကိုယ်တိုင် ဆွဲသားပေးခဲ့ခြင်းဖြစ်သဖြင့် ဒါက လုံးဝမှားယွင်းလိမ့်မည် မဟုတ်ချေ။
မောက်ဟွေ့မေက ပြောလိုက်သည်။ "သူတို့တွေက ဒါကို သုံးထားပါတယ်။ ဒါပေမဲ့ ငါတို့တံဆိပ်နဲ့တော့ မတူဘူး။ ဒီအတိုင်း ရှင်းရှန်းဆိုပြီး စကားလုံးကိုပဲ ထည့်သွင်းထားတာ။ ငါ့အထင်တော့ သူတို့တွေက ငါတို့ရဲ့အမှတ်တံဆိပ်ကို ကူးယူလို့မရလို့ ဖြစ်မယ်"
"ငါ့အထင်တော့ သူတို့တွေက စားသုံးသူတွေ သံသယဖြစ်လာမှာကို ရှောင်ရှားဖို့ ထုပ်ပိုးမှုပုံစံကို အတုယူထားတာ ဖြစ်လောက်တယ်" မောက်ဟွေ့မေက ပြောသည်။ "ဒါပေမဲ့ သူတို့တွေက လုံးဝကိုမတူပါဘူး။ ဒါကြောင့် ဦးလေးလော့ကလည်း ဒီကိစ္စကို ပုံမှန်အတိုင်း ငါ့ကို မေးလာတာပေါ့။ အဲဒီအချိန်မှပဲ ငါ ဒီအကြောင်းကို သိခဲ့ရတာ"
"အမှာစာတွေနည်းသွားတာ မဆန်းတော့ပါဘူး" မောက်ဟွေ့လန်က ဒေါသတကြီးပြောလိုက်လေသည်။
"အမေကတော့ ဒါက ရာသီဥတုပူလာပြီး လူတွေကလည်း ဟောပေါ့အစားနည်းသွားခဲ့လို့ လို့ထင်ထားခဲ့တာ"
မောက်ဟွေ့မေက ပြောလိုက်သည်။ "ငါ မနေ့က အလုပ်ဆင်းတော့ နေရာကို ဝမ်ဖန့်အမေနားမှာ သွားမေးခဲ့တယ်လေ။ ငါလည်း တစ်ချက်လောက် သွားကြည့်ခဲ့သေးတယ်။ သူတို့မိသားစုက ရှောင်ယွီလမ်းထဲမှာ ခြံဝင်းငယ်လေးတစ်ခုကို ငှားထားခဲ့တာ။ ပတ်ဝန်းကျင်က လူတွေဆီက ကြားခဲ့တာတော့ စက်ကိုလည်ပတ်နေတာ တစ်ပတ်နီးပါးလောက်ရှိပြီဆိုပဲ"
ဒါသည် ကြိုတင်ကြံစည်ထားသည့် အစီအစဉ်တစ်ခုမှန်း သိသာပေသည်။
...