← Chapters

အပိုင်း(၁၂၈)

Vol. 9 Ch. 128

အပိုင်း(၁၂၈)

Vol. 9 Ch. 128

၂လလောက် ပင်ပင်ပန်းပန်း လုပ်ပြီးသွားသည့်နောက်တွင် ရှင်းရှန်းအမှတ်တံဆိပ် ဝက်သားထုတ်ထိုးအရသာမှုန့်၊ ငါတို့၊ ငါးအသားလုံးတို့ကို ပြန်လည်ဖြန့်ဖြူးခဲ့သည်။ ထို့အပြင် ပုစွန်အသားလုံးနှင့် သက်သက်လွတ်အူချောင်းတို့ကဲ့သို့ တခြားပါဝင်ပစ္စည်းများကိုလည်း ထည့်သွင်းခဲ့သည်။

ပထမဦးဆုံး အရောင်းဝန်ထမ်းများမှာ စက်ရုံက ဝန်ထမ်းလျှော့ချခံခဲ့ရသည့် အလုပ်သမားဟောင်းများ ဖြစ်သည်။ စည်းကမ်းဟောင်းများကိုတော့ လိုက်နာရနေဆဲပင်။ သူတို့သည် ရောင်းရသည့် အချိုးအစားပေါ် အခြေခံပြီး အကျိုးဆောင်ခရကြသည်။

ဒီနည်းလမ်းသည် စားဝတ်နေရေးကို စိုးရိမ်နေကြသည့် ဝန်ထမ်းလျှော့ချခံလိုက်ရသော အလုပ်သမားများ၏ ထွက်ပေါက်တစ်ခု ဖြစ်သွားခဲ့သည်။ သူတို့ထဲက တချို့ကတော့ စကားအရာ ကျွမ်းကျင်ကြသည် မဟုတ်လျှင်ပင် အဆက်အသွယ်ကောင်းကောင်းရှိကြပြီး သူတို့၏ လစဉ်လစာငွေလောက် ရှာဖွေနိုင်ကြသည်။

တချို့ကတော့ သူတို့သည် မည်သို့ရောင်းချရမည်ကိုမသိသဖြင့် ဒီအတိုင်း လက်ကားယူပြီး အသီးအရွက်စျေးများတွင် ဆိုင်ဖွင့်ကြသည်။

ဝက်သားတုတ်ထိုးအတွက် အရည်ရောင်းသည့်ဆိုင်များလည်း ရှိလာသည်။

ရှမြန် ကြိုတင်ခန့်မှန်းထားသည့်ကိစ္စက အမှန်အကန်ဖြစ်လာ၏။ ဇွန်လကတည်းက နိုင်ငံပိုင်စက်ရုံ အများအပြားသည် ပိတ်ချလိုက်ပြီး ပြန်လည်တည်ဆောက်နေသည်။ ဝန်ထမ်းများကို လျှော့ချသည် မဟုတ်လျှင် သူတို့၏လစာများကို ရပ်နားထားသည်။ လုပ်သားလျှော့ချခံရသည့် လှိုင်းတစ်ခုက စတင်ပေါ်ပေါက်လာ၏။

ရှ၀မ်ယွဲ့က ဝက်သားတုတ်ထိုးလှည်းတစ်သုတ်ကို ချက်ချင်း အမှာစာယူလိုက်ပြီး လှည်းများပေါ်တွင် ရှင်းရှန်းဝက်သားတုတ်ထိုးဟူသည့် ဆိုင်းဘုတ်ကို ပန်းချီရေးဆွဲထားသည်။

ဒီလုပ်ငန်းကို လုပ်ရန်ဆန္ဒရှိသူများသည် စျေးသက်သက်သာသာနှင့် လှည်းကို ဝယ်ယူဖို့ရန် လိုအပ်ပြီး ဆိုင်ကိုချက်ချင်း ခင်းနိုင်လေသည်။ ရှ၀မ်ယွဲ့က သူတို့ကိုရိုးရှင်းသည့် လေ့ကျင့်ရေးတစ်ခုလည်း လုပ်ပေးခဲ့သည်။

ဒီကိစ္စ၏ အဓိကနည်းပညာမှာ ဟင်းရည်နှင့် ပါဝင်ပစ္စည်းထဲတွင်သာရှိသည်။ ယခုတော့ ရှ၀မ်ယွဲ့က ထိုအရာများကို အသင့်စားနိုင်အောင် ပြုလုပ်ထားသည်။ အရူးတစ်ယောက်သာ မဟုတ်လျှင် ဒီလုပ်ငန်းကို ချက်ချင်းစတင်နိုင်သည်ဟု ဆိုရပေမည်။ သင့်တော်သည့်နေရာတစ်ခုကို ရှာဖွေနိုင်သရွေ့ ငွေမရှာနိုင်မှာကို စိုးရိမ်ရန်မလိုချေ။

မောက်ဟွေ့မေ အစောပိုင်းက ပြောခဲ့သည့် လုပ်ဖော်ကိုင်ဖက်၏ ယောက်မဖြစ်သူကလည်း ရေချိန်စမ်းသပ်မှု၏ ပထမဦးဆုံးလူများထဲက တစ်ယောက်ဖြစ်လာသည်။ ဒုတိယလတွင် သူမသည် မောက်ဟွေ့မေထံမှ လက်ဆောင်ပစ္စည်းများအဖြစ် ဝယ်ယူခဲ့ပြီး ဆွေမျိုးများကို မိတ်ဆက်ပေးခဲ့သည်။

ဒီနည်းဖြင့် လုပ်သားလျှော့ချခံရသည့် လှိုင်းအတွင်းတွင် စားဝတ်နေရေးအတွက် ကုန်းရုန်းပြီး လှုပ်ရှားနေရသည့် လူများထဲက လူတော်တော်များများက ဒါကို စတင်စမ်းကြည့်ကြတော့သည်။ ဒီရိုးရှင်းသည့်နမူနာက ပုံတူကူးရန် အလွန်မှလွယ်ကူသည်။ ပထမလတွင်လည်း ၁၀စီးကိုသာ ရောင်းချခဲ့ရ၏။ သို့သော်ငြားလည်း ဒုတိယလတွင်တော့အစီး ၅၀ကို ရောင်းချခဲ့ရသည်။

မောက်ကျစ်ရှန်းသည် သူ၏တတိယဇာတ်လမ်း ရိုက်ကူးပြီးသွားသည့်နောက် အိမ်ပြန်လာသည့်အခါ ရှင်းရှန်းအစားအသောက်စက်ရုံ၏ ရောင်းအားက သိသိသာသာတိုးတက်လာခဲ့သည်။

အစပိုင်းတွင်တော့ နာမည်ကြီးရသည့် သက်ရောက်မှုကျေးဇူးကြောင့် ဖြစ်သည်။ ရှမြန်၏ အိမ်အနီးနားပတ်ဝန်းကျင်က စလာခဲ့၏။

ဟွေ့ကျူးကတော့ မူကြိုကျောင်းတွင် သူမ၏အဖေက မင်းသားတစ်ယောက်ဖြစ်ကြောင်း စတင် အော်ဟစ်ပြောဆိုတော့သည်။ သို့သော်ငြားလည်း လူတော်တော်များများက ဂရုမစိုက်ကြချေ။ နောက်ဆုံးအဖေဖြစ်သူက ပုံ၇၂မျိုးပြောင်းလဲနိုင်သည့် စွန်း၀ူခုန်းဟုပြောကြသည့် ကလေးများလည်း ရှိသေးသည်ပဲ။

သို့သော်ငြားလည်း တီဗီဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီးသည့်အချိန်တွင် မောက်ဟွေ့ကျူး ပြောသည့်စကားက မှန်ကန်နေသည်ကို အားလုံးကတွေ့ခဲ့ရ၏။ ဝက်သားတုတ်ထိုးနှင့် ငါးတိုဟူးက နာမည်ကျော်တစ်ယောက် အိမ်ကပစ္စည်းဟု လူများသိလာကြသည့်အခါ ချက်ချင်းဆိုသလို စိတ်အားထက်သန်လာကြတော့သည်။

ထိုအချိန်က လူများသည် နောက်ပိုင်းမျိုးဆက်များလို ဆယ်လီများကို သရုပ်ဆောင်၊ အဆိုတော်၊ အိုင်ဒေါ၊ အင်တာနက်ဆယ်လီစသဖြင့် ခွဲခွဲခြားခြား သတ်မှတ်ထားခြင်းမရှိချေ။ အထူးသဖြင့် မျိုးဆက်ဟောင်းများသည် တီဗီပေါ်တွင် ဖျော်ဖြေရသည့် တစ်စုံတစ်ယောက် ပေါ်လာသည့်အချိန်တိုင်း သူတို့အားလုံးက ဒါကို နာမည်ကြီးသူများဟု ခေါ်လေသည်။

ထို့အပြင် ကြယ်ပွင့်များ နောက်လိုက်တတ်သည့် သူတို့၏ စိတ်အားထက်သန်မှုကတော့ ခေတ်သစ်က လူများထက် မနိမ့်ချေ။ သို့သော်ငြားလည်း အများကြီးတော့ ထိန်းသိမ်းသိမ်းသိမ်း ရှိကြ၏။

မောက်ကျစ်ရှန်းအိမ်တွင် ရှိသည့် ၂ရက်တာအတွင်း သူ့မိသားစုသည် ပစ္စည်းများကို မရောင်းချတော့သည်ကို သိကြသော်ငြားလည်း အားလုံးကတော့ မသိချင်ဟန်ဆောင်ကြပြီး လာရောက်မေးမြန်းကာ မောက်ကျစ်ရှန်းနှင့် စကားစမြည်ပြောဖို့ အခွင့်အရေးယူကြလေသည်။

မောက်ကျစ်ရှန်းးကလည်း မစိုးရိမ်ချေ။ သူသည် သူ၏သိမ်ငယ်ပြီး ကြောက်ရွံတတ်သည့် အရိပ်အောက်တွင် မရှိတော့ချေ။ သူ၏ခန့်ညားသည့်ရုပ်သွင်နှင့် ယုံကြည်မှုရှိကာ သဘောထားကြီးသည့် စိတ်သဘောထားတို့က ငယ်ရွယ်သည့်မိန်းကလေးများနှင့် ဇနီးသည်များကို ရှက်သွေးဖြာသွားစေပြီး သူတို့၏နှလုံးသားကို မြန်မြန်ဆန်ဆန် ခုန်သွားစေကာ သက်လတ်ပိုင်း အမျိုးသမီးများအားလုံးက သူ့ကြောင့် မှင်တက်အံ့သြရလေသည်။

မောက်ကျစ်ရှန်းနှင့် ပတ်သက်ပြီး မပြောင်းလဲသည့် တစ်ခုတည်းသောအရာမှာ သူ၏ ကိုယ်ရည်ကိုယ်သွေးသာ ဖြစ်တော့သည်။ သူသည် ရင်းနှီးဖော်ရွေပြီး ညင်သာသိမ်မွေ့လေ၏။ သူက ရှင်းရှန်းအစားအသောက်စက်ရုံ၏ တွဲဖက်လုပ်ဆောင်ထားသည့် နမူနာပုံစံ အားလုံးကို စိတ်ရှည်ရှည်နှင့် ရှင်းပြပြီး စက်ရုံအရောင်းဝန်ထမ်းများ၏ ဆက်သွယ်ရမည့်လိပ်စာကို ပေးခဲ့သည်။

ဒီအချိန်တွင် အားလုံးက ပျော်ရွှင်စရာကောင်းသည့်အခြေအနေကို ပါဝင်ကြသလို သဘောထားသော်ငြားလည်း နောက်တစ်နေ့ကစပြီး သူတို့အိမ်အနီးအနားက ကုန်စုံဆိုင်နှင့် အသီးအရွက်စျေးတွင် ရှင်းရှန်းဝက်သားတုတ်ထိုးအစာပလာနှင့် ရှင်းရှန်းငါတို့တို့အပြင် တခြားအစားအသောက်များကိုလည်း စတင်ရောင်းချလာခဲ့သည်။

လောင်ကျန်း၏ ဆိုင်လုပ်ငန်းကလည်း အင်မတန်မှ နာမည်ကြီးလာ၏။ လူများက တန်းမစီချင်သလို အစားအသောက်ကို မရနိုင်တော့သည်ပင်လျှင် သူတို့သည် ဝမ်ဖန့်အမေ၏ ဆိုင်သို့ သွားမစားကြတော့ချေ။

ဝမ်ဖန့်အမေကလည်း ဒါကိုအမှန်ပင် မတတ်နိုင်တော့ပေ။ ထို့ကြောင့် သူမက အမှတ်၅အလယ်တန်းကျောင်း ဝင်ပေါက်သို့ ပြောင်းရွှေ့ဖို့ရန် စဉ်းစားခဲ့လေသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ထိုနေရာ၌ ဝက်သားထုတ်ထိုးဆိုင်ကို တည်ထားနှင့်ပြီးသား ဖြစ်သည်ကို သိလိုက်ရ၏။ ဒါသည် လောင်ကျန်း၏ဆိုင်နှင့် တစ်ပုံစံတည်းဖြစ်ကာ အရသာကလည်းတူညီပြီး ရှင်းရှန်းဝက်သားတုတ်ထိုးများ ဖြစ်သည်။

မောက်ကျစ်ရှန်းသည် အိမ်တွင် အရောင်းမြှင့်တင်ရေး ပြီးစီးသွားသည့်နောက်တွင် သူသည် တခြားသူများ၏ စောင့်ကြည့်ခံရခြင်းကို မလိုချင်တော့ပေ။ ထို့ကြောင့် သူက စက်ရုံသို့သွားကာ မိန်းမဖြစ်သူကို သွားရှာခဲ့ပြီး ရှ၀မ်ယွဲ့အတွက် အရောင်းတာဝန်ကို ကိုယ်တိုင်ယူပေးလေသည်။

သူသည် ကိုယ့်ဟာကိုယ် သိမ်ငယ်မနေတော့သလို သူ၏ရုပ်ရည်က သူ့အတွက် ယူဆောင်လာပေးသည့် အကျိုးအမြတ်များကိုလည်း မည်သို့အသုံးချရမည်ကို သိလာခဲ့သည်။ အနည်းဆုံးတော့ သူသည် ထိုနေရာတွင် ယဉ်ယဉ်ကျေးကျေးသာ ရပ်နေလျှင်ပင် သူ၏ နာမည်ကြီးအဆင့်အတန်းနှင့်ဆိုလျှင် သူ့အတွက် သူဌေးကို မတွေ့ဖို့ရန်က ရှားပါးပေသည်။

အစားအသောက် အသစ်များအားလုံးက ကောင်းမွန်သည့်ပါဝင်ပစ္စည်းများကို သုံးထားသဖြင့် အမှာစာများကလည်း အလိုလို ရောက်လာခဲ့သည်။

လိုရင်းကိုပြောရလျှင် မောက်ကျစ်ရှန်း၏ ရောင်းအားက အားထုတ်မှုလေးတစ်ဝက်လုပ်ရုံနှင့်တင် ၂ဆလောက်ရှိခဲ့သည်။

သို့သော်ငြားလည်း ရှမြန်ကတော့ ငိုရခက်ရယ်ရခက်သာဖြစ်နေ၏။ ထို့ကြောင့် သူမက ရှ၀မ်ယွဲ့ကို တီဗီကြော်ငြာ ရိုက်ကူးဖို့ အကြံပေးခဲ့သည်။

လူတစ်ယောက်၏ ဆဲလ်လီဘရက်တီအဆင့်အတန်းကို အပြည့်အဝအသုံးချသင့်သည်က သဘာဝပင်။

စီးပွားရေးအရ ကြော်ငြာထည့်ခြင်းက ဒီနေ့ခေတ်လောက် လူသိမများသေးချေ။ ကြော်ငြာအခကြေးငွေကလည်း ဈေးမကြီးပေ။ ထို့အပြင် ရှင်းရှန်းအစားအသောက်စက်ရုံ၏ လက်ရှိထုတ်လုပ်နိုင်စွမ်းနှင့်ဆိုလျှင် ဒေသတွင်းရုပ်သံလွှင့်ရုံများတွင် ရင်းနှီးမြှုပ်နှံဖို့ရန် လုံလောက်ပေလိမ့်မည်။

အကြီးမားဆုံးကုန်ကျစရိတ်က ရိုက်ကူးရေးနှင့် သရုပ်ဆောင်များအတွက်သာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း မောက်ကျစ်ရှန်းက မိသားစုဝင်တစ်ယောက်ဖြစ်သဖြင့် ကုန်ကျစရိတ်အများအပြားကို ကာမိလေသည်။

ခြုံပြီးပြောရလျှင်ဖြင့် ဒါသည် ကြီးမားကောင်းမွန်သည့် အပေးအယူလည်းဖြစ်၏။

ရှမြန်က ရှ၀မ်ယွဲ့ကို နားချဖို့ရန် အားစိုက်ထုတ်မှုတချို့ လိုလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်ငြားလည်း ရှ၀မ်ယွဲ့ကတော့ အများကြီး စဉ်းစားမနေဘဲ သဘောတူခဲ့၏။

ကျားမိသားစု၏ ကိစ္စပြီးသွားကတည်းက ရှ၀မ်ယွဲ့သည် အရင်တုန်းကထက် အများကြီး ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားကာ ရဲရင့်လာသည်ဟု ခံစားနေမိ၏။

ကျားမိသားစုအကြောင်း ပြောရလျှင်တော့ ဝမ်ဖန့်အမေဝက်သားထုတ်ထိုးဆိုင် ဒေဝါလီ ခံသွားရသကဲ့သို့ပင် ကျားမိသားစု၏ ငါးတိုဟူးနှင့် ငါးအသားလုံးလုပ်ငန်းကလည်း အထိနာခဲ့လေသည်။

ရှ၀မ်ယွဲ့သည် လပေါင်းများစွာ အလုပ်များခဲ့ပြီးသော်ငြားလည်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ အိမ်မှစက်များကလည်း အလုပ်လုပ်ရာတွင် ရပ်တန့်ထားခဲ့ရ၏။ သူတို့ကတော့ ရှ၀မ်ယွဲ့က လုံးဝအရှုံးပေးသွားပြီဟု ထင်ခဲ့ကြသည်။

ထို့နောက်တွင်တော့ သူတို့သည် စျေးကွက်ထဲတွင် ထူးခြားသည့်ပါဝင်ပစ္စည်းများ၏ အားသာချက်များကို အသုံးချခဲ့ပြီး ကုန်ကျစရိတ် သက်သာရန် အဖြစ်သဘောသာ စတင်လုပ်ဆောင်တော့သည်။ သူတို့သည် ထုပ်ပိုးမှုကို ရပ်တန့်လိုက်ပြီး ပါဝင်ပစ္စည်းများကို သီးခြားအလေးချိန်ဖြင့် လုပ်ပေးကာ သယ်ယူပို့ဆောင်ရန်အတွက် ပလတ်စတစ်အိတ်ကိုသာ ထုပ်ပိုးပေးတော့သည်။ စျေးကို တစ်ဖန်မြှင့်တင်လိုက်သည့်အပြင် ပါဝင်ပစ္စည်းများကိုလည်း ရံဖန်ရံခါ အလေးချိန် လျှော့ချလိုက်လေသည်။

သူဌေးများက အလွန်မှ မကျေမနပ်ဖြစ်သွားပြီး သူတို့သည် ဒါကိုရှောင်ရှားနိုင်ခဲ့လျှင် မဝယ်ဘဲနေကြသည်။ သို့သော်ငြားလည်း နှစ်ဝက်ကျော်လာပြီးသည့်နောက် သူဌေးအများစုမှာ သူတို့ဆိုင်၏ အဓိကဟင်းလျာများတွင် အသုံးပြုရသည့် ပါဝင်ပစ္စည်းများထဲကတစ်ခုမှာ ငါးတိုဟူးနှင့် ငါးအသားလုံးများ ဖြစ်နေသည့်အတွက် သူတို့သည်မတတ်သာတော့ဘဲ ဆက်ပြီးဝယ်ယူနေရသည်။

ရှ၀မ်ယွဲ့က ရှင်းရှန်းကုန်ပစ္စည်းများက စျေးကွက်သို့ ပြန်တင်နေပြီဖြစ်ကြောင်းကို ဖုန်းဆက် အကြောင်းကြားသည့်အချိန်တွင် သူဌေးများအားလုံးက ကျားမိသားစုမှ သူတို့၏အမှာစာများအားလုံးကို လက်လျှော့ခဲ့ကြပြီး ရှင်းရှန်းအစားအသောက်စက်ရုံမှ ကုန်ပစ္စည်းများကိုသာ စတင် ဝယ်ယူကြတော့သည်။

ဒီအချိန်တွင် ကျားမိသားစုက ဈေးကို ချပေးပြီး အရည်အသွေးကို အာမခံခဲ့သည့်တိုင် ဘယ်သူကမှ သူတို့ကို မယုံကြည်ကြတော့ချေ။

သို့သော်ငြားလည်း သူတို့တွင် ထွက်ပေါက် မရှိတော့ချေ။ ရှ၀မ်ယွဲ့က သူတို့သည် ဆန္ဒရှိခဲ့လျှင်ပင် ဘာပြဿနာမှ မရှာနိုင်အောင် လုပ်ထားခဲ့သည်။

သူတို့သည် အရည်အသွေးကို တိုးမြှင့်ပြီး ပစ္စည်းအသစ်များကို ထုတ်လုပ်နိုင်ခဲ့လျှင်တော့ သူတို့သည် အသက်ရှင်နိုင်လိမ့်မည်။ ကံဆိုးချင်တော့ ဖြတ်လမ်းလိုက်ရသည်ကိုသာ အသားကျနေကြသည့်ထိုသူများတွင် ဘာကြိုးစားအားထုတ်မှုမှ ရှိလိမ့်မည်မဟုတ်ချေ။

ထိုကြောင့် သူတို့သည် ရှင်းရှန်းအစားအသောက်စက်ရုံကဲ့သို့ တူညီသည့်ထုတ်ပိုးမှုပုံစံကို ပြန်လုပ်ခဲ့ကြပြီး ရှင်းရှန်းအစားအသောက်စက်ရုံ၏ ထုတ်ပိုးပစ္စည်းများကို စတင်တုပလာကြလေသည်။

မောက်ဟွေ့ကျူးက မပျော်မရွှင်ဖြင့် ပြော၏။ "အမေ သမီး ဒီနေ့ကျောင်းကနေ ပြန်လာတုန်းက ပစ္စည်းကို လာဝယ်ကြတဲ့သူတွေက သမီးတို့စက်ရုံက ပစ္စည်းကိုဝယ်သွားခဲ့တာလို့ ပြောတာကြားလိုက်တယ်"

မောက်ဟွေ့လန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"အမေ အခုသမီးတို့တွေ သူတို့ကို တရားစွဲလို့ရပြီလား"

ရှ၀မ်ယွဲ့က ယုံယုံကြည်ကြည် ပြောလိုက်၏။ "မလောပါနဲ့။ ငါတို့တွေ ကြော်ငြာကို ထုတ်လွှင့်ပြီးတဲ့အခါကျမှပဲ ပြောကြရအောင်"

မောက်ဟွေ့လန်က နားမလည်သလို ဖြစ်နေသည်ကို တွေ့လိုက်ရသည်တွင် ရှမြန်က ရှင်းပြလိုက်လေသည်။ "ငါတို့တွေက ပိုပြီးတော့ နာမည်ကြီးလာလေလေ ရပ်ကွက်နဲ့ တရားရုံးကလည်း ငါတို့တွေကို ပိုပြီး အာရုံစိုက်လာလေလေ ဖြစ်မယ်။ အဲဒီအချိန်ကျမှ တရားစွဲဆိုမယ်ဆိုရင် တခြားသူတွေကိုလည်း သတိပေးရာရောက်တယ်လေ"

နောက်ဆုံး အတုအပလုပ်ခြင်းနှင့် ပုံတူကူးချခြင်းက ကျားမိသားစုအပြင် တခြားမိသားစုများလည်း ရှိနိုင်သေးသည်။ တို့ကြောင့် တတ်နိုင်သလောက် များများစားစားကို အထိတ်တလန့်ဖြစ်သွားအောင် လုပ်သည်ကပိုကောင်းပေမည်။

ကြော်ငြာကို စတုဒီယိုနှင့် ပူးပေါင်းကာ ရုံရှင်းက ရိုက်ကူးပေးသည်။ ရိုက်ကူးရေးက တော်တော်လေး မြန်မြန်ဆန်ဆန်နှင့် ထွက်လာသည်။ အကြောင်းအရာက ရိုးရှင်းပြီး တည့်တိုးဆန်ကာ ဒါက ဒီခေတ်၏ ထူးခြားပုံဖြစ်၏။

ခင်ပွန်းသည်က ရေထည့်ထားသည့်အိုးထဲသို့ ရှင်းရှန်းဝက်သားတုတ်ထိုး အဆာပလာများကို လောင်းထည့်လိုက်ပြီး မွှေးပျံ့နေသည့် ဟင်းရည်တစ်အိုးကို ဆူပွက်နေအောင် တည်ထားလိုက်သည်။ ကလေးများက မနေနိုင်တော့ဘဲ အပြေးအလွှား ရောက်လာကြပြီး လောဘတကြီးဖြင့် တံတွေးများကို မျိုချပြသည်။ ဇနီးဖြစ်သူနှင့် လူကြီးများက ဝမ်းသာအားရ ဝိုင်းအုံလာကြပြီး ခင်ပွန်းဖြစ်သူက အိုးထဲသို့ အဆာပလာအမျိုးမျိုးကို ထည့်လိုက်သည်။

ငရုတ်ဆီကို တထုတ်ထုတ်ဖြစ်နေသည့် ငါတို့၊ နှင်းလိုဖြူဖွေးနေသည့် ငါးအသားလုံး၊ အရည်ရွှမ်းသည့်အစိမ်းရောင် မုန်လာထုပ်၊ ကြာဆွယ်အစိမ်းနှင့် ငုံးဥ၊ ရေညှိပြားများပေါ်သို့ ဖြန့်ပြီးလောင်းထည့်လိုက်သည်... ဒါကလူကို သရေများကျလာစေတော့သည်။

မိသားစုတစ်ခုလုံးက ထမင်းစားစားပွဲတွင် ဝိုင်းပြီးစားကြသည်။ နောက်ဆုံး မောက်ကျစ်ရှန်းက ကြော်ငြာ၏ ဆောင်ပုဒ်ကို ပြောလိုက်သည်။ -ဝက်သားတုတ်ထိုးအသစ် အရသာအသစ်။

အစောပိုင်းကြော်ငြာများက ထိုမျှလောက် မကောင်းလှသော်ငြားလည်း ပါဝင်ပစ္စည်းများကိုတော့ လှလှပပ ရိုက်ကူးထားခဲ့သည်။ ကြော်ငြာကို လွှင့်ပြီးနောက်တစ်နေ့တွင် ရှ၀မ်ယွဲ့က ဝက်သားထုတ်ထိုးတစ်အိုးကို လုပ်ပေးခဲ့သည်။

နဥ်ရှောက်ယွင်က ချန်းချန်းကို ခေါ်လာခဲ့ပြီး ဒေါ်ဒေါ်ဝေကလည်း လိုက်ပါလာသည်။

ဒေါ်ဒေါ်ဝေက ပြုံးကာပြောလိုက်၏။ "နင်တို့ရဲ့ကြော်ငြာကို မြင်လိုက်တော့ ရုတ်တရက်ပဲ စားချင်စိတ်တွေ ပေါက်လာခဲ့တယ်။ နင်တို့တွေလည်း ဒါကို စားချင်စိတ်ဖြစ်နေမယ်လို့ ငါထင်တောင် မထားဘူး"

ရှ၀မ်ယွဲ့က ရယ်မောလိုက်၏။

"ကြော်ငြာကို အဲဒီလောက်အထိ ကောင်းကောင်းမွန်မွန်လေးဖြစ်အောင် လုပ်ပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျွန်မလည်းပဲ အဲဒါကိုကြည့်ပြီးတော့ စားချင်စိတ် ဖြစ်သွားတယ်လေ"

အားလုံးက အတူတူထိုင်လိုက်ကြပြီး မစားရတာကြာပြီဖြစ်သည့် ဝက်သားတုတ်ထိုးကို စားသောက်ကြသည်။ ဒေါ်ဒေါ်ဝေက သက်ပြင်းချလိုက်၏။ "မနှစ်တုန်းက ဒီလိုအချိန်မှာ နင်တို့တွေက နင်တို့ရဲ့ဝက်သားတုတ်ထိုးဆိုင်လေးကို တည်စလေးပဲရှိသေးတယ်။ ဒါပေမဲ့ အခုတော့ နင်တို့တွေက စက်ရုံတစ်ရုံကိုတောင် ဖွင့်ပြီးသွားပြီ"

ရှ၀မ်ယွဲ့ကလည်း အနည်းငယ် ငေးမောလို့နေသည်။ "တစ်နှစ်ပဲ ကုန်သွားသေးတယ်ဆိုပေမဲ့ အချိန်အကြာကြီး ဖြတ်သန်းလာရသလို ခံစားရတာပဲ"

မင်ရှီစီရင်စုက နေ့ရက်များသည် အတိတ်ဘဝက ကိစ္စများကဲ့သို့ပင်။

သူမက ခေါင်းကို ခါလိုက်ပြီး ရယ်မောလိုက်၏။ "အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်မလည်း အဲဒီလောက် မျှော်လင့်မထားပါဘူး"

သို့သော်ငြားလည်း သူမ မျှော်လင့်မထားသည့် ကိစ္စရပ်က များစွာရှိနေ၏။ အနည်းဆုံးတော့ ကြော်ငြာမှ ယူဆောင်လာပေးသည့် အကျိုးအမြတ်များသည် သူမအတွက် လုံးဝကို မျှော်လင့်မထားသလောက်ပင်။ အရောင်းဌာန၏ဖုန်းကလည်း ပေါက်ကွဲလုနီးပါးပင်။

စက်များကိုလည်း နေနှင့်ညလည်ပတ်နေရပြီး ၃ဆိုင်းခွဲပြီး လုပ်ရလေသည်။

ရှ၀မ်ယွဲ့သည် စက်ရုံတွင်သာ နေထိုင်စားသောက်ပြီး ၁လလုံးလုံး ထိုသို့ကုန်ဆုံးခဲ့ရသည်။ အစားအသောက်အသစ်ကလည်း ယန်မြို့၏ စူပါမားကတ်များထဲသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်လာ၏။

အရင်က သူမ မစဉ်းစားရဲခဲ့ဖူးသည့် စူပါမားကတ်ဆိုင်ခွဲများကလည်း ပူးပေါင်းဆောင်ရွက်ဖို့ရန် သူမထံသို့ လာရောက်တိုင်ပင်ကြသည်။

သူမသည် လစဉ်ဝင်ငွေကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူမစိတ်ထဲတွင် သိမ်းဆည်းထားခဲ့သည့် တင်းကြပ်သည့် အရာအားလုံးက နောက်ဆုံးတော့ ပြေလျော့သွားခဲ့၏။ သူမသည် အောင်မြင်ခဲ့ပေသည်။

ပြီးခဲ့သည့်၆လတာကာလအတွက် သူမကို ခြောက်လှန့်နေသည့် ဒီခရီးကိုပြန်လှည့်ကြည့်လိုက်လျှင် တစ်ချို့ကိစ္စများသည် ခြေလှမ်းတစ်လှမ်းကို စတင်လိုက်ပြီးသည့်နောက်တွင် ထိုမျှလောက် ကြောက်စရာမကောင်းတော့သည်ကို နားလည်လာသယောင်ရှိနေမိ၏။

သူမသည် ဒီကိစ္စအတွက်တော့ ကျားမိသားစုကို အမှန်တကယ် ကျေးဇူးတင်ရမည်။

သို့သော်ငြားလည်း အကြွေးကိုတော့ ပြန်ပေးဆပ်ရမည်ပင်။ နှစ်ကုန်သွားသည့်နောက်တွင် ရှ၀မ်ယွဲ့က ကျားမိသားစုကို တရားစွဲဆိုခဲ့သည်။

ကျားမိသားစု၏ အလုပ်ရုံငယ်လေးသည် တရားမဝင်လည်ပတ်ခြင်းကြောင့် သံသယဖြစ်ခံခဲ့ရပြီး နေရာတွင်ပင် ချိတ်ပိတ်ခံခဲ့ရသည်။

တစ်ဖက်လူက ရှင်းရှန်းအမှတ်တံဆိပ်ကို တုပခြင်းနှင့် ရှင်းရှန်းအမှတ်တံဆိပ်၏ အကျိုးအမြတ်ကို ထိပါးစော်ကားခြင်း၏ တရားစွဲဆိုမှုက ၃လတာ ကြာမြင့်ခဲ့ပြီး နှစ်သစ်ကူးပြီးသွားသည့်နောက်တွင် နောက်ဆုံးတော့ စီရင်ချက်ချခဲ့လေသည်။ ပထမတရားစီရင်ခြင်းကို လိုအပ်ခဲ့ပြီး ပြည်သူလူထုကို တောင်းပန်ခြင်းအပြင် ရှင်းရှန်းအစားအသောက်စက်ရုံကို လျော်ကြေးငွေ ယွမ်၅သောင်း ပေးချေခဲ့ရသည်။

ဟုတ်ပါသည်။ ကျားမိသားစုက လက်မခံနိုင်ခဲ့ပေ။ ရှ၀မ်ယွဲ့က သူတို့ကို တရားစွဲဆိုချိန်က ကျားမိသားစုသည် ထိုမျှလောက် ဂရုစိုက်စရာလိုလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိချေ။

သို့သော်ငြားလည်း အခြေအနေက ယခုတော့ ကွာခြားသွားခဲ့ပြီ။ သူတို့မိသားစုသည် ဒီနေရာတွင် နယ်မြေခံသူဌေးများ ဖြစ်နေဆဲပင်။ သို့သော်ငြားလည်း ရှ၀မ်ယွဲ့က သာမန်အပြင်လူတစ်ယောက် မဟုတ်တော့ချေ။

ရှင်းရှန်းအစားအသောက်စက်ရုံသည် လုံချန်ရပ်ကွက်တွင် နာမည်ကြီးလာခဲ့သည်။ အစိုးရကို ပေးချေထားသည့် အခွန်အခများကိုလည်း ထင်သာမြင်သာရှိအောင် တိုးပေးခဲ့သည်။ အရေးကြီးဆုံးအချက်မှာ ဝန်ထမ်းများကို လျှော့ချသည့် လှိုင်းအတောအတွင်း သိသာထင်ရှားသည့် အကျိုးဆောင်မှုတစ်ခုကို ပြုလုပ်ခဲ့ပေးခြင်းပင်။ ထိုအရာများက ဒေသအတွင်း တရားရုံးအတွက် အာရုံစိုက်စရာ အများအပြား ဖြစ်စေခဲ့သည်။

ကျားမိသားစုသည် နောက်ဆုံးတော့ ကူကယ်ရာမဲ့သည့်အခြေအနေကို ဖိအားပေးခံရသည့်ခံစားချက်ကို ခံစားရတော့၏။

ကျားမိသားစု၏အဘွားကြီးက တံခါးအပြင်ဘက်တွင်ထိုင်ကာ အကျယ်ကြီး အော်ငိုလေသည်။

"နင်တို့စက်ရုံက ဒီလောက်တောင်မှ ကြီးနေပြီပဲ။ နင်တို့တွေက ဘာဖြစ်လို့ ငါတို့ဆိုင်သေးသေးလေးကို ဂရုစိုက်နေသေးတာလဲ။ နင်တို့က ငါတို့အားလုံးကို သတ်ဖို့ကြိုးစားနေတာပဲ။ ဒါကတော့ အနိုင်ကျင့်တာမှ လွန်လွန်းလာပြီ"

"နင်တို့တွေက ဒီအတိုင်း လက်စားချေနေကြတာ။ နင်တို့ အပြင်လူတွေက တကယ်ကိုယုတ်မာတဲ့ နှလုံးသားတွေ ရှိကြတာပဲ။ ငါတို့တွေက နင်တို့အတွက် အမှာစာရှာပေးခဲ့တဲ့သူတွေပါ။ နင်တို့တွေက ဒီကျေးဇူးကို ရန်လိုမှုနဲ့ ပြန်ပြီးတော့ ဆပ်လိုက်တာပေါ့လေ..."

အခြေအနေကို သဘောမကျကြသည့် အိမ်နီးချင်းများက သရော်ပြောကြတော့သည်။

"ဒါကြောင့် လူတွေက ပြောတာပေါ့။ တစ်ဖက်လူတွေအတွက် ထွက်ပေါက်တစ်ခုတော့ ပေးထားသင့်တယ်လေ။ နောက်ကျရင်လည်း သူတို့တွေကပြန်ပြီး တွေ့ဆုံကြဦးမှာပဲကိုး။ အစပိုင်းတုန်းကတော့ နင်တို့မိသားစုတွေက ဒီအမှာစာသေးသေးလေးကို ဂရုစိုက်နေတဲ့အပြင် သူတို့ရဲ့ကုန်ပစ္စည်းကို အလုံးအရင်းနဲ့ ရောင်းချတာကိုလည်း ခွင့်မပြုခဲ့ဘူးလေ။ နင်တို့တွေလည်း သူတို့အားလုံးကို သတ်ဖို့ ကြိုးစားခဲ့တာပဲ မဟုတ်ဘူးလား။ အခုမှ နင်က တခြားသူတွေအကြောင်းကို ပြောနေတာပဲ"

တချို့လူများသည် အစောပိုင်းတုန်းက အဘွားကြီးပြောခဲ့သည့်စကားများကိုမှတ်မိနေကြသေးကာ ပြုံးကာပြောကြလေသည်။

"ကျွန်မအထင်တော့ ရှင် မနက်အစောကြီးထားပြီး နောက်ကျတဲ့ထိ အလုပ်လုပ်ရတာက အရမ်းကို ပင်ပန်းလှပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ရှင်တို့တွေကလည်း ရှင်းရှန်းအမှတ်တံဆိပ်အောက်မှာ ပစ္စည်းတွေကို ရောင်းချနေကြတာပဲ။ ရှင်းရှန်းစက်ရုံကနေ ပစ္စည်းတွေကို တိုက်ရိုက်ဝယ်ယူပြီး ဒီအတိုင်း ရောင်းတာက ပိုပြီးတော့ကောင်းတယ် မဟုတ်လား။ ဒါက လုပ်ကိုင်ရတာကိုလည်း သက်သာစေတဲ့အပြင် ရှင်တို့တွေကိုလည်း အတုအယောင်လုပ်တယ်လို့ စွပ်စွဲခံစရာမလိုတော့ဘူးပေါ့"

ရှ၀မ်ယွဲ့သည် တံခါးမှထွက်လာပြီး သူမအတွက် ရပ်တည်ပေးကြသည့် အိမ်နီးချင်းများကို ကျေးဇူးတင်စကားပြောလိုက်၏။

"ရင်းနှီးလှတဲ့ အိမ်နီးချင်းတစ်ယောက်ရှိထားတာက ဝေးကွာလှတဲ့ ဆွေမျိုးတစ်ယောက်ထက် ပိုကောင်းတယ်လို့ ပြောကြတယ်လေ။ ဒီနေ့ ကျွန်မ ဒီနေရာကိုရောက်လာတာက အားလုံးရဲ့ စောင့်ရှောက်ပေးတဲ့ ကျေးဇူးကြောင့်ပါ"

သူမက ဒေါသထွက်နေသည့် အဘွားကျားကို ပြောလိုက်လေသည်။ "ကျွန်မ ရှင်တို့အားလုံးကို မသတ်ချင်ပါဘူး။ ရှင်တို့တွေက အလုပ်ရုံတစ်ခုကို ထပ်ပြီးဖွင့်ချင်တယ်ဆိုရင်လည်း အရည်အချင်း သတ်မှတ်ချက်တွေကို ရအောင်လုပ်ပြီး ရှင်တို့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကို ပြန်လျှောက်ကြပေါ့။ ကျွန်မကဂရုမစိုက်ဖို့ ကတိပေးနိုင်ပါတယ်။ ဒါပေမဲ့ ရှင်တို့တွေ ကျွန်မရဲ့တံဆိပ်ကိုတော့ ယူသုံးလို့ မရဘူးလေ။ အဲဒီလိုမှာမဟုတ်ဘူးဆိုရင် အစားအသောက်နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ ဘယ်သူကဒါကို တာဝန်ယူပေးမှာလဲ"

ထိုသို့ပြောလိုက်ပြီးနောက် သူမက အဘွားကျားကို လျစ်လျူရှု့ထားလိုက်ကာ အိမ်နီးချင်း၂ယောက်ကို ပြောလိုက်လေသည်။ "ကျွန်မတို့တွေ ကျွန်မတို့လမ်းကြားထဲက လမ်းကို ပြင်ဖို့လိုအပ်တဲ့အခါ ဘယ်သူ့ကို ဆက်သွယ်ရမှာလဲ"

ပွဲလာကြည့်နေသည့် ဝမ်ဖန့်အမေက ချက်ချင်း မေးလိုက်လေသည်။ "ရှင်က ကျွန်မတို့အတွက် လမ်းပြင်ပေးမလို့လား"

ရှ၀မ်ယွဲ့က စိတ်အနှောင့်အယှက် မဖြစ်သွားဘဲ အပြုံးဖြင့် ပြောလိုက်လေသည်။ "ကျွန်မ တကယ်ပဲ လုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်မစက်ရုံကလည်း ဖွင့်ထားတာ ၁နှစ်တောင် မပြည့်သေးဘူးဆိုတာ ရှင်တို့လည်း သိပါတယ်။ ဒါက ဘဏ်မှာ ယွမ်၁သိန်းကျော်တောင်မှ အကြွေးတင်နေသေးတယ်လေ"

"ဒါပေမဲ့ ကျွန်မက တရားရုံးကနေပြီးတော့ ကျားမိသားစုက ကျွန်မတို့ကို လျော်ကြေးပေးမဲ့ငွေကို လက်ခံဖို့က သိပ်ပြီးစိတ်ထဲမှာ အဆင်ပြေမနေဘူး။ ဒါကြောင့် ဒီငွေကို ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေအတွက် အကျိုးရှိအောင် အသုံးချဖို့စဉ်းစားထားတယ်။ ကျွန်မတို့ရဲ့လမ်းကြားထဲက လမ်းကိုပြင်ပေးမယ်လေ"

"အို ဒါရိုက်တာရှရယ် တကယ့်ကို အမြင်ကျယ်ပါပေတယ်" ဝမ်ဖန့်အမေက ချက်ချင်း ပြောလိုက်လေသည်။ "ငါတို့ရဲ့လမ်းကြားလေးကလည်း ချိုင့်ခွက်တွေနဲ့မှ အပြည့်ပဲ။ ဒီရက်ပိုင်း နှင်းတွေကျပြီးတဲ့နောက်မှာ တကယ့်ကို ညစ်ပတ်နေခဲ့တာ။ တကယ်လို့ ငါတို့တွေက အပြာရောင်အုတ်ဖြစ်ဖြစ် အင်္ဂတေဖြစ်ဖြစ် ခင်းပြီးတော့ ပြန်ပြင်မယ်ဆိုရင်တောင် ယွမ်၅သောင်းက လုံလောက်မှာပါ"

မျက်နှာဖြူဆုတ်သွားသည့် ကျားမိသားစုက အဘွားကြီးကလွဲလျှင် အားလုံးက ချက်ချင်းဆိုသလို ထောက်ခံကြလေသည်။

ရှ၀မ်ယွဲ့ကလည်း အမှန်ပင် ပါးနပ်လှပေသည်။ တစ်နည်းအားဖြင့် ကျွေးမြီရှင်များသည် ရှ၀မ်ယွဲ့မှနေ၍ တစ်လမ်းလုံးက အိမ်နီးချင်းများဆီသို့ ပြောင်းလဲသွားသည် မဟုတ်ပါလား။

...

All Chapters