အပိုင်း(၁၂၉)
Vol. 9 Ch. 129
ကျားမိသားစုကို စီရင်ချက်ချပြီး သိပ်မကြာခင်တွင် မင်မြို့မှ သတင်းရောက်လာခဲ့သည်။
ထိုနေ့က ညပိုင်း စာကြည့်ချိန်ပြီးသွားသည့်နောက်တွင် ရှမြန်သည် ခါတိုင်းကဲ့သို့ပင် ရှောင်ဖုန်းကို ကြိုဖို့ရန်အတွက် နဉ်ရှောက်ပိုင်၏အိမ်သို့ သွားလိုက်သည်။
သူမသည် ယခုတော့ အထက်တန်းကျောင်းဒုတိယနှစ်၏ ဒုတိယစာသင်ဝက်သို့ ရောက်နေပြီဖြစ်သည်။ သူမ၏ စာကြည့်ချိန်ကလည်း အများကြီးတိုးလာခဲ့၏။
ဟုတ်ပါသည်။ ဒါက သူမတစ်ယောက်တည်း မဟုတ်ချေ။ ကလေး၂ယောက်ကလွဲလျှင် မိသားစုက လူအားလုံးက နာရီလို အလုပ်များနေကြသည်။
ရှ၀မ်ယွဲ့သည် ထုတ်လုပ်မှုလမ်းကြောင်းကို ထည့်သွင်းဖို့ရန် အလုပ်များနေပြီး စက်ရုံကို အိမ်ပင် လုပ်ထားတော့သည်။
မောက်ကျစ်ရှန်းကလည်း သူ ရိုက်ကူးထားပြီးသည့်ကြော်ငြာကို ထုတ်လွှင့်ပြီးသည့်နောက်တွင် ခေတ်သစ်ဒရမ်မာ ရုပ်ရှင်အဖွဲ့တစ်ခုက လာရောက်ရှာဖွေခဲ့ပြီး သူက ရိုက်ကူးရေးထပ်သွားရပြန်သည်။
မောက်ဟွေ့မေကတော့ ပြီးခဲ့သည့်နှစ် ၉လပိုင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်ရုံမျှသာ တတ်နိုင်ခဲ့သည်။ ထို့နောက်တွင် ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်က ငွေစာရင်းဘာသာရပ်ကို အထူးပြုခဲ့သည်။ သူမသည် အခုတော့ သူမ၏ကောလိပ်ကျောင်းသူဘဝတွင် ပျော်နေလေ၏။
ရှမြန်နှင့် မောက်ဟွေ့လန်တို့ကလည်း သူတို့၏ဒုတိယနှစ်နှင့် ပထမနှစ်အထက်တန်းကျောင်းကို ကိုယ်စီတက်နေကြပြီး သူတို့၏ ကျောင်းအလုပ်များကလည်း အရင်တုန်းကထက် ပိုပြီး ဖိအားများလာခဲ့သည်။
ထို့ကြောင့် အိမ်တွင်ကျန်ခဲ့သည့်သူမှာ ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့ ကလေး၂ယောက်သာ ဖြစ်တော့သည်။
သူတို့၂ယောက်လုံးကလည်း ကျောင်းကွဲသွားကြသည်။
ပြီးခဲ့သည့်၉လပိုင်းက မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့၂ယောက်စလုံးက မူလတန်းကျောင်းသို့ တက်ရောက်သွားပြီဖြစ်ကာ ရှောင်ဖုန်းတစ်ယောက်သာ မူကြိုကျောင်းထဲတွင်ကျန်ခဲ့လေသည်။
သူ၏ ထူးခြားသည့်အခြေအနေကြောင့် သူ့မိသားစုဝင်များက စိတ်ခံစားချက်အပေါ် အနီးကပ် ဂရုစိုက်ပေးကြသည်။ နောက်ဆုံးကလေး၏ အရိပ်သည် ဖယ်ရှားပစ်ဖို့ရန် လွယ်ကူလှသည် မဟုတ်ချေ။
ရှောင်ဖုန်းသည် အမှန်ပင် မသက်မသာဖြစ်နေရ၏။ သူသည် သိတတ်လိမ္မာပြီး ဘာတစ်ခွန်းမှ မပြောသော်ငြားလည်း အပြုံးများ လျော့နည်းလာတော့သည်။
ရှမြန်သည် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မှ ပြန်ရောက်လာသည့်အချိန်တိုင်း သူ့ပုံစံလေးက အနည်းငယ် နုံးခွေနေပြီး ညပိုင်းအိပ်သည့် အချိန်တွင်လည်း မသက်မသာ ခံစားနေရ၏။ ဒါသည် သူ၏လုံခြုံစိတ်ချရသည်ဟူသည့် ခံစားချက်က ကင်းမဲ့နေသည်မှာ သိသာနေသည်။
ရှောင်ဖုန်းက မူကြိုကျောင်းမှ ပြန်လာပြီးနောက် စတူဒီယိုသို့ မသွားချင်ကြောင်းနှင့် အိမ်တံခါးဝနားတွင် ထိုင်နေတတ်ပြီး လမ်းကြားအဝင်ဝကို ကြည့်ကာ တစ်ယောက်ယောက်ကို စောင့်မျှော်နေတတ်ကြောင်း နဥ်ရှောက်ယွင်နှင့် ဒေါ်ဒေါ်ဝေတို့ထံမှ ပြန်ကြားရသည့်အချိန်တွင် သူမမှာ အလွန်မှ စိတ်မကောင်း ဖြစ်နေလေသည်။
သူမသည် ကလေးကိုထပ်ပြီး မမျှမတ မခံစားစေလိုတော့ချေ။
ထို့ကြောင့် သူမက ကလေးကို အတန်းကျော်တက်ဖို့ရန် ကူညီပေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေပေးဖို့ နဥ်ရှောက်ပိုင်ကို မေးမြန်းရတော့၏။ သူသည် မောက်ဟွေ့ကျူး၊ ချန်းချန်းတို့နှင့်အတူ ပထမတန်းသို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့သည်။
ကံအားလျော်စွာ ထိုခေတ်ကာလက ကျောင်းတက်ဖို့ရန် အသက်ကို ကန့်သက်ထားခြင်း မရှိသေးချေ။ ရှောင်ဖုန်းသည် ဉာဏ်ကြီးရှင်လေးတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူသည် ပထမတန်း ဝင်ခွင့်စာမေးပွဲကို ချောချောမွေ့မွေ့ အောင်မြင်ခဲ့၏။
ထို့နောက်တွင်တော့ သူလေးသည် သူ၏ သူငယ်ချင်း၂ယောက်နှင့် ပြန်လည်ဆုံတွေ့ခဲ့လေသည်။
ရှမြန်သည် ကျောင်းတက်သည့်ပထမရက်ကို သေသေချာချာလေး မှတ်မိနေသေး၏။ ကောင်ကလေးသည် အလွန်မှ ဝမ်းသာပျော်ရွှင်နေပြီး စကားများလွန်းလှသည်။ ဒါသည် သူ့အတွက်တော့ ပုံမှန် မဟုတ်ချေ။ သူသည် အိပ်ရာပေါ်တွင် လဲလျောင်းကာ ကျောင်းခန်းအသစ်၊ အတန်းဖော်အသစ်၊ ဆရာမအသစ်အကြောင်းကို ပြောပြနေပြီး နောက်ဆုံးတော့ ကိုယ်ကို ၂ခါလောက် လှိမ့်ပြီး သူမ၏ရင်ခွင်ထဲသို့ ဝင်လာခဲ့သည်။
သူ၏ စပျစ်သီးရောင် ဝိုင်းစက်နေသည့် မျက်လုံးများဖြင့် သူမကို ကြည့်ကာ ရုတ်တရက် ပြောလေသည်။
"အန်တီလေး။ သား အန်တီလေးကို ချစ်တယ်နော်" သူသည် ဒီစကားကို ဘယ်ကနေသင်ခဲ့မှန်း ဘယ်သူမှမသိသော်ငြားလည်း သူသည် အရာအားလုံးကို နားလည်နေသည်မှာ သိသာ၏။
ထိုအခိုက်အတန့်တွင် ရှမြန်သည် သူမ၏ရင်ဘတ်ထဲ၌ တစ်ခုခု ပွတက်လာသလို ခံစားလိုက်ရပြီး သူမမှာ မနေနိုင်တော့ဘဲ ကလေးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလေ၏။ "အန်တီလေးကလည်း သားကို ချစ်ပါတယ်"
ဒီဘဝမှာ သားရဲ့အန်တီလေးက သားကို ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာအောင် လုပ်ပေးဖို့ အကောင်းဆုံး ကြိုးစားပေးမှာပါ”
ဒါသည် ခက်ခဲသည့်ကိစ္စတစ်ခုတော့ ဟုတ်ဟန်မတူချေ။ အကြောင်းမှာ ရှောင်ဖုန်းသည် အလွန်မှ ကျေနပ်လွယ်သည့် ကလေးတစ်ယောက် ဖြစ်သည်။ သူသည် မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့နှင့်အတူ ဆက်ပြီး နေနိုင်သမျှ အလွန်မှ ဝမ်းသာနေပေလိမ့်မည်။
စာသင်ကြားခြင်းအပြင် သူတို့သည် ယခုတော့ တိုက်ခိုက်ရေးပညာများကိုလည်း အတူတူ လေ့လာနေကြ၏။
ကလေး၃ယောက်ကြားက ရန်ပွဲပြီးသွားကတည်းက ရှမြန်သည် ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့ကို သိုင်းပညာသင်တန်းကျောင်းသို့ ပို့ဆောင်ပေးရန် စဉ်းစားလာခဲ့လေသည်။
သူမတစ်ယောက်တည်း ဒီအတွေးကို တွေးနေသည်တော့ မဟုတ်ချေ။ ၂ရက်အတွင်းတွင် နဥ်ရှောက်ပိုင်သည် အိမ်တွင် လာရောက်သင်ကြားပေးသည့် သိုင်းပညာနည်းပြတစ်ယောက်ကို ငှားရမ်းခဲ့ပြီး ကလေး၃ယောက်အတွက် သတ်မှတ်ထားသည့်လေ့ကျင့်ရေးကို ပြုလုပ်ပေးခဲ့သည်။
ထို့နောက်တွင်တော့ ကလေး၃ယောက်သည် မနက်ခင်းတိုင်း ဦးလေးလီ၏ ကြီးကြပ်မှုအောက်တွင် မြင်းထိုင်ထိုင်ခြင်းကို စတင်လေ့ကျင့်ရ၏။ ညနေခင်း ကျောင်းဆင်းလာသည့်အခါ ဦးလေးဟန်ထံမှ သိုင်းပညာကိုသင်ကြားဖို့ရန် နဉ်ရှောက်ပိုင်သည် အိမ်သို့တန်းသွားရသည်။ နဉ်ရှောက်ပိုင်က ထိုင်ဖုံများအပြည့် ဖြည့်ထားပေးပြီး သူတို့အတွက် သိုင်းပညာလေ့ကျင့်သည့်အခန်းကို သီးသန့် ဖန်တီးပေးထားသည်။
ကလေး၃ယောက်သည် သိုင်းပညာကို သင်ကြားရသည့်အချိန် ပင်ပန်းကြသော်ငြားလည်း အထူးသဖြင့် သရဲ၁ကောင်လို အော်ဟစ်တတ်သည့် မောက်ဟွေ့ကျူးသည် သိုင်းပညာ သင်ကြားပေးသွားသည့်နောက် အခန်းထဲတွင် ကစားရသည်ကို အလွန်မှသဘောကျလေသည်။ သူတို့သည် အခန်းထဲတွင် လှိမ့်ချင်သည့်နေရာသို့ လူးလိမ့်နိုင်သောကြောင့်ပင်။
အထူးသဖြင့် ဆောင်းတွင်းတွင် အိမ်ထဲ၌ အပူပေးထားသဖြင့် အလွန်မှ နွေးထွေးနေပြီး ကလေး၃ယောက်သည် ဆောင်းတွင်းပိတ်ရက်အတွင်းတွင် အပြင်သို့ ထွက်မလာကြတော့ဘဲ တစ်နေ့လုံးနီးပါး ထိုနေရာတွင်သာ နေကြတော့သည်။
နဥ်ရှောက်ပိုင်ကလည်း ဘယ်လိုစဉ်းစားပေးရမည်ကို မသိတော့သဖြင့် သူက အိမ်သို့ ကစားစရာအရုပ်များကို ဝယ်လာပေးခဲ့သည်။ ကလေး၃ယောက်မှာ ပိုလို့ပင် အိမ်မပြန်ချင်အောင် ဖြစ်လာကြတော့သည်။ ထို့ကြောင့် ယခုတော့ သူတို့မကြာခဏ နေကြသည့်အိမ်မှာ နဥ်ရှောက်ယွင်၏ အိမ်မဟုတ်ဘဲ နဥ်ရှောက်ပိုင်၏အိမ် ဖြစ်လာတော့သည်။
နေ့တိုင်းဆိုသလို အိပ်ချိန်ရောက်ခါနီးကျမှ မိဘများက ကလေးများကို ကိုယ်စီ လာရောက်ကြိုပေးကြသည်။ ချန်းချန်းကို နဥ်ရှောက်ယွင်က လာကြိုပေးပြီး သိပ်မကြာခင်ကာလများတွင် ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးကို ရှမြန်က ညပိုင်းစာကြည့်ချိန်ပြီးသွားပြီနောက် သူတို့ကို လာကြိုပေးသည်ကို စောင့်ပေးရသည်။
ထို့ကြောင့် ယခုတော့ ရှမြန်သည် နေ့တိုင်း ညပိုင်းစာကြည့်ချိန်မှ ပြန်လာပြီးသည့်နောက်တွင် နဥ်ရှောက်ပိုင်၏အိမ်သို့ တန်းတန်းမတ်မတ်သွားရ၏။
သို့သော်ငြားလည်း သူမ ဒီနေ့ရောက်လာချိန်တွင် ကလေး၂ယောက်ကို ခေါ်သွားနှင့်ပြီးဖြစ်ကာ နဥ်ရှောက်ပိုင်တစ်ယောက်သာ လေ့ကျင့်သည့်အခန်းထဲတွင် ရှိနေပြီး သူမကို စောင့်ဆိုင်းနေသည်မှာ သိသာသည်။
ရှမြန်သည် အစပိုင်းတွင်တော့ တစ်ခုခုလွဲနေသည်ကို သတိမထားမိဘဲ ဝမ်းသာအားရ ပြောလိုက်၏။
"ကျွန်မရဲ့အဒေါ်၂ ဒါမှမဟုတ် ဦးလေး၂ပြန်လာတာလား"
"သူတို့အားလုံး ပြန်လာပါပြီ" နဥ်ရှောက်ပိုင်က ခပ်တိုးတိုး ပြောလိုက်၏။ "မင်မြို့ တရားရုံးက စီရင်ချက်ထွက်လာပြီ"
ရှမြန်သည် ခဏလောက် မှင်တက်အံ့ဩသွားပြီးနောက် နဉ်ရှောက်ပိုင်က ချက်ချင်းထပ်ပြီး အမိန့်စာကို ပြောလိုက်သည်ကို ကြားလိုက်ရ၏။
"ကျန်းချီမင်ကို ရှချွန်းလူသတ်မှုတရားခံ၊ ရှမြန်နဲ့ ရှယွီဖုန်းတို့ကို လူသတ်ရန် ကြိုးစားမှုတရားခံ၊ ရည်ရွယ်ချက်ဖြင့် ထိခိုက်အောင် လုပ်ဆောင်ခြင်း၊ အာမခံလိမ်လည်မှုနှင့် တခြားပြင်းထန်သည့် ပြစ်မှုများ ကျူးလွန်သည်ကို သံသယရှိသဖြင့် ချက်ချင်း ကွပ်မျက်ပြီး သေဒဏ်ချရန် အမိန့်ချမှတ်လိုက်သည်"
"ဟွမ်ရှောင်ကျွမ်းကတော့ နှိပ်စက်ညှဉ်းပန်းမှု၊ ခိုးမှု၊ သူခိုးကို လက်ဝယ် လက်ခံထားမှု ကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ် ၇နှစ် အမိန့်ချမှတ်ခံရတယ်"
ရှမြန်သည် ဒီသတင်းကို ကြားလိုက်ရသည့်အချိန်တွင် သူမ၏စိတ်ထဲ၌ ပထမဦးဆုံးခံစားချက်မှာ ပျော်ရွှင်မှု မဟုတ်ဘဲ ကြီးမားသည့်ဝမ်းနည်းမှုသာ ဖြစ်လေသည်။
ရှချွန်း၏အသံ၊ ရုပ်ရည်သွင်ပြင်နှင့် အပြုံးတို့က ရုတ်တရက်ဆိုသလို သူမ၏စိတ်ထဲတွင် ပေါ်ပေါက်လာပြီး မနေ့တုန်းကကဲ့သို့ပင် ရှင်းလင်းနေ၏။
တိရစ္ဆာန်ကို ကွပ်မျက်လိုက်တော့ရော ဘာဖြစ်သွားလဲ။ အဲဒီသိမ်မွေ့ပြီး လေးနက်တဲ့ မိန်းကလေးကတော့ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူးလေ။
သူသာ အသက်ရှင်နေဦးမယ်ဆိုရင် ရှောင်ဖုန်းကလည်း အဲဒီလောက်အထိ ခံစားရမှာမဟုတ်ဘူး။
အုတ်ဂူကို ရွှေဆိုင်းခဲ့သည့်အချိန်က အုတ်ဂူရှေ့တွင် ငေးငေးငိုင်ငိုင်လေး ဒူးထောက်နေသည့် ရှောင်ဖုန်းကို စဉ်းစားမိသည်တွင် ရှမြန်မှာ မနေနိုင်တော့ဘဲ မျက်ရည်များ ကျလာတော့သည်။
နဥ်ရှောက်ပိုင်က သူမကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး "ကျွန်မဒီမှာ ခဏလောက် အချိန်ယူလိုက်ဦးမယ်” ဟုပြောတော့မည့်ဆဲဆဲမှာပင် မျက်ရည်များက ရှင်းမပြတတ်အောင် စီးကျလာတော့သည်။
နဥ်ရှောက်ပိုင်က ဘာမှမပြောဘဲ ရှေ့သို့တစ်လှမ်းလှမ်းလာပြီး သူ့လက်ကိုမြောက်ကာ မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက် သူမ၏ ခေါင်းလေးကို အသာအယာ ထိကိုင်ပေးလိုက်လေသည်။
ရှမြန်၏မျက်ရည်များက ပိုလို့ပင် ထိန်းမရအောင်ဖြစ်လာခဲ့၏။ သူမသည် ရှိုက်ကာငိုယိုနေမိ၏။ "ရှင် ဘာလုပ်လိုက်တာလဲ။ ကျွန်မ ရှောင်ဖုန်းကို ခဏနေတွေ့ရအုံးမှာလေ။ ငိုလို့မဖြစ်ဘူး"
နဥ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတော့ သူသည် ရှည်လျားသည့်လက်တံကို ဆန့်ထုတ်လိုက်ကာ သူမ၏ခေါင်းကို သူ့ပခုံးပေါ်သို့ ဖိချပေးလိုက်လေသည်။ "အရင်ဆုံး ပြီးအောင်ငိုလိုက်ပါ။ ပြီးမှ သူ့ကို သွားတွေ့။ ဒီလိုဆိုရင် ကလေးကိုတွေ့တဲ့အခါ ထိန်းချုပ်စရာ မလိုတော့ဘူးပေါ့"
သူမရှေ့က မြင်ကွင်းသည် ရုတ်တရက်ဆိုသလို မှောင်မည်းသွားလေသည်။ သို့သော်ငြားလည်း သူမသည် ထူးဆန်းပြီး လုံခြုံသည့်စိတ်ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူမ၏မျက်ရည်များကို ထိန်းမနိုင်အောင် စီးကျစေတော့သည်။ ရှမြန်သည် သူမရှေ့ကလူကို မနေနိုင်တော့ဘဲ ပွေ့ဖက်ထားမိလိုက်ကာ အားရပါးရ ငိုကြွေးလိုက်တော့သည်။
ရှမြန်သည် အချိန်အကြာကြီး မငိုခဲ့ချေ။ နောက်ဆုံး ရှောင်ဖုန်းက သူမကို စောင့်နေသေးလေသည်။
နဥ်ရှောက်ပိုင်က ပြင်ဆင်ထားပြီးဟန်တူ၏။ သူက ရေအေးထဲတွင် စိမ်ထားသည့်တဘက်တစ်ခုကို သုံးကာ သူမ၏မျက်နှာကို သုတ်ပေးသည်။
"အိမ်ကို လမ်းလျှောက်ပြန်သွားတဲ့အခါ သိပ်ပြီးတော့ သိသာနေမှာ မဟုတ်တော့ဘူး"
"ကျေးဇူးတင်ပါတယ်" ရှမြန်သည် ပင်ပန်းနွမ်းနယ်နေလေ၏။
နဥ်ရှောက်ပိုင်က ဘာမှမပြောတော့ဘဲ သူမ၏ခေါင်းလေးကိုသာ ထိပေးလိုက်လေသည်။
ရှမြန်သည် အိမ်သို့ပြန်ရောက်လာသည့်အချိန်တွင် မျှော်လင့်ထားသည့်အတိုင်းပင် ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့က ပြန်ရောက်နေပြီး မောက်ဟွေ့လန်ကလည်း ကျောင်းမှပြန်ရောက်နေပြီဖြစ်သည်။
ရှ၀မ်ယွဲ့၏ မျက်လုံးများက နီရဲနေကာ သူမသည် ငိုကြွေးထားသည်မှာ သိသာ၏။ "နင် ဒေါက်တာနဥ်အိမ်ကနေ ပြန်လာတာလား။ ဒါဆိုရင်တော့ မင်မြို့တရားရုံးက အမိန့်ချမှတ်ထားတာကို သိခဲ့ပြီးပြီပေါ့"
ရှမြန်က နားလည်ကြောင်းပြသရန် ခေါင်းညိတ်ပြလိုက်၏။
"ဟွေ့မေနဲ့ ဟွေ့ကျူးတို့ ရှောင်ဖုန်းနဲ့ အတူတူ ရှိနေတယ်။ နင် အရင်ဆုံး မျက်နှာသွားသစ်လိုက်"
ရှ၀မ်ယွဲ့သည် သူမက စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး ကလေးကို ခြောက်လန့်မိမှာကို အနည်းငယ် စိုးရိမ်နေ၏။
သူမကလည်း ရှမြန်နှင့် အတွေးတူနေသည်မှာ သိသာ၏။ သူမသည် ရှောင်ဖုန်းကို ကျန်းချီမင်နှင့် ဟွမ်ရှောင်ကျွမ်းတို့နှင့် ပတ်သက်သည့်သတင်းကို ဆက်ပြီးမကြားစေလိုတော့ချေ။ ဒီလူ၂ယောက်သည် ကလေး၏ ဘဝထဲက လုံးဝပျောက်ကွယ်သွားလျှင် အကောင်းဆုံးပင်။
ရှမြန်ကလည်း ဆက်ပြီးထိန်းချုပ်မထားနိုင်မှာ စိုးရိမ်သဖြင့် ရေချိုးခန်းထဲသို့ သွားလိုက်လေသည်။
ရှ၀မ်ယွဲ့က နောက်မှ လိုက်ဝင်လာပြီး ပြောလိုက်၏။ "ငါ မနက်ဖြန် စက္ကူတချို့ ပြင်ဆင်ထားပေးမယ်။ မနက်ဖြန်ညနေကျရင် နင့်အစ်မအတွက် မီးရှို့ပေးဖို့ ရှောင်ဖုန်းကို ခေါ်သွားလိုက်ပေါ့"
ရှမြန်သည် တဘက်နှင့် သူမ၏မျက်နှာကို အုပ်ထားလိုက်ကာ အင်းဟု ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
ရှ၀မ်ယွဲ့က သူမ၏မျက်လုံးကို သုတ်ပြီး ပြန်ထွက်သွား၏။ ရှမြန်သည် စိတ်ပြေသွားအောင် ခဏလောက်အချိန်ယူလိုက်ပြီးမှ အရှေ့ဘက်အခန်းထဲသို့ ပြန်လာခဲ့၏။
မောက်ဟွေ့ကျူးနှင့် ရှောင်ဖုန်းတို့သည် အိပ်ရာပေါ်တွင်ထိုင်ကာ ကစားနေကြပြီး မောက်ဟွေ့မေကတော့ သူတို့ဘေးတွင် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်နေသည်။
ရှမြန်ဝင်လာသည်ကို မြင်လိုက်ရသည်အခါ ရှောင်ဖုန်းက ချက်ချင်းဆိုသလို ထရပ်ပြီး မသက်မသာ လေသံတစ်ခုဖြင့် ပြောလိုက်၏။ "အန်တီလေး"
ရှမြန်က လက်ကိုဆန့်လိုက်ပြီး ကလေးကိုပွေ့ဖက်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူမသည် တစ်ဖန်ငိုချင်သွားတော့၏။ ကံအားလျော်စွာ သူမသည် ခုနကဒေါသများကို ဖွင့်ချထားခဲ့ပြီးဖြစ်သဖြင့် ငိုချင်စိတ်ကို ခက်ခက်ခဲခဲ မျိုသိပ်နိုင်ခဲ့၏။ "အဆင်ပြေပါတယ် ပေါင်ပေ့ရဲ့"
မောက်ဟွေ့မေက ဟွေ့ကျူးကို ဒီအတိုင်းခေါ်ထွက်သွားခဲ့သည်။
ရှောင်ဖုန်းက သူ၏လက်သေးသေးလေးဖြင့် ရှမြန်၏မျက်လုံးများကို ထိကိုင်လိုက်ပြီး သူ့နှုတ်ခမ်းလေးကို စူထားကာ ငိုတော့သည်။ "အန်တီလေး။ အန်တီလေး ဘာဖြစ်လို့လဲ"
ရှမြန်မှာ ကူးကယ်ရာမဲ့သလို ခံစားလိုက်ရ၏။ ဒီကလေးသည် အလွန်မှ စိတ်ခံစားချက်လွယ်ကူပြီး သူ့ထံမှ မသိမသာ ပြင်းထန်သည့် ဘာစိတ်ခံစားချက်တစ်ခုကိုမှ ဖုံးကွယ်ထားလို့ မရချေ။
ရှမြန်ကလည်း ဒီအတိုင်း ဖုံးကွယ်မထားလိုက်တော့ပေ။ ရှချွန်းသည် ကလေး၏အမေ ဖြစ်ပေသည်။ သူသည်လည်း သူမအတွက် ဝမ်းနည်းပေးဖို့ရန် အခွင့်ရှိ၏။
"အန်တီလေး ဘာမှမဖြစ်ပါဘူး" ရှမြန်က ပြောလိုက်သည်။ "အန်တီလေးက သားရဲ့မေမေကို စဉ်းစားမိလို့ပါ"
"မေမေ"ရှောင်ဖုန်းသည် တိုးတိုးလေးရေရွတ်ပြီး သူ့မျက်လုံးပေါ်တွင် မျက်ရည်များ ဝေ့တက်လာတော့၏။
ဒါသည် သူ့မေမေ၏ အစွမ်းသတ္တိသာ ဖြစ်ရမည်။ သူသည် ဘာတစ်ခုမှ မမှတ်မိသော်ငြားလည်း သူ့မေမေက ဒီလောကတွင် သူ့ကိုအချစ်ဆုံးသူဖြစ်သည်ကိုတော့ သူက သိနေသည်။
ရှမြန်က သူ၏မျက်နှာသေးသေးလေးကို အနမ်းပေးလိုက်ပြီး ရှချွန်း၏တံဆိပ်ခေါင်းအယ်လ်ဘမ်ကို ဆွဲထုတ်လိုက်ပြီးနောက် ဘူးထဲမှနေ၍ ဓာတ်ပုံတချို့ကို ထုတ်လာခဲ့သည်။
ထို့နောက်တွင်တော့ သူမသည် ကလေးကိုဖက်ထားပြီး အိပ်ရာပေါ်သို့တက်ကာ ထိုသိမ်မွေ့လေးနက်သည့် မိန်းကလေးကို စဉ်းစားမိလေ၏။
"..."
"ဒါတွေအားလုံးက သားမေမေရဲ့ အချစ်ဆုံး တံဆိပ်ခေါင်းတွေလေ။ အခု အန်တီလေးတို့ နေကြတဲ့အိမ်တွေကိုလည်း သားမေမေရဲ့တံဆိပ်ခေါင်းနဲ့ အန်တီလေးတို့အတွက် ဝယ်ထားခဲ့တာလေ..."
"ဟုတ်တယ်။ သားရဲ့မေမေက သားကို အမြဲတမ်း ကာကွယ်ပေးနေခဲ့တာ"
"ဒါက သားမွေးကင်းစ အရွယ်တုန်းကလေ။ မေမေက သားကိုချီထားခဲ့တာ။ ဟုတ်တာပေါ့။ သားက မွေးတုန်းကဆိုရင် အရမ်းကိုမှ သေးသေးလေးပဲ"
"ဘယ်လောက်သေးလဲဆိုရင်လေ အင်း... သားရဲ့ဘိုးဘိုး၂ရဲ့ဖိနပ်တွေက အရမ်းကိုသေးလွန်းလို့ သားတောင်မှ အဲဒီထဲမှာ ဝင်ဆံ့လို့ရတယ်လေ"
ရှောင်ဖုန်းသည် နောက်ဆုံးတော့ တအံ့တဩဖြင့် မျက်လုံးများ ဝိုင်းစက်သွားပြီး သူ့ခေါင်းပေါ်က ဆံပင်ကလည်း ထောင်တက်သွားတော့သည်။
ရှမြန်သည် မနေနိုင်တော့ဘဲ သူမ၏လက်ကိုဆန့်ကာ ထိုထောင်တက်နေသည့်ဆံပင်လေးကို လှမ်းဆွဲလိုက်၏။ ရှောင်ဖုန်းသည် ဘာကို သတိထားမိသွားမှန်းတော့ မသိချေ။ ထို့ကြောင့် သူက သူ့လက်မောင်းလေးကိုဆန့်ကာ ရှမြန်၏ခေါင်းပေါ်က ဆံပင်လေးတစ်ဆုပ်ကို ဆွဲလိုက်လေသည်။
"မေမေ့မှာလည်း ဒါရှိတယ်"
"ဟင်" ရှမြန်သည် ကိုယ်ကို မြန်မြန်ကုန်းလိုက်သည်တွင် ရှောင်ဖုန်းသည် ဓာတ်ပုံထဲက ရှချွန်း၏ ဆံပင်တိုတိုလေးကို ထောက်ပြနေသည်ကို တွေ့လိုက်ရ၏။ "ဒါက..."
"ဟုတ်နေတာပဲ" ရှမြန်မှာ တအံ့တဩ ပြောလိုက်လေသည်။ "ရှောင်ဖုန်း သားက အရမ်းအံ့ဩဖို့ကောင်းတာပဲ"
သူမ၏ဆံပင်သည် ယခုတော့ ပခုံးထိနေပြီဖြစ်၏။ သို့သော်ငြားလည်း မတိုမရှည်ဖြစ်နေသည့်အချိန်က သူမ၏ ရှေ့ဆံပင်တွင် ဆံပင်အစုလေးတစ်ခုရှိနေကာ ထိုအရာက ရှောင်ဖုန်းနှင့် တစ်ပုံစံတည်း ဖြစ်လေသည်။ ဒါက အမြဲတမ်း ထောင်တက်လို့နေ၏။ ရှောင်ဖုန်းက ထိုအရာကို မြင်သည့်အချိန်တိုင်း အော်ရယ်နေတတ်သည်။ သို့သော်ငြားလည်း ရှမြန်သည် သူ၏ရယ်စရာကောင်းသည့်အချက်ကို ဘယ်တော့မှ နားမလည်နိုင်ခဲ့ချေ။
နောက်ပိုင်း ဆံပင်ပိုရှည်လာသည့်အခါ ဒါက သိပ်ပြီးမသိသာတော့ဘဲ အိပ်ရာထသည့်အချိန် မကြာခဏဆိုသလိုမှသာ ထောင်တက်နေတတ်သည်။
ရှောင်ဖုန်းက သူမကို မြင်သည့်အချိန်တိုင်း သူ့ကို ခေါ်ချီခိုင်းပြီး အတူတူ မှန်ကြည့်ခိုင်းတတ်သည်။ ထို့နောက်တွင်တော့ မှန်ကိုကြည့်ကာ စတင်ပြုံးနေတတ်သည်။ ဒီတစ်ခုတည်းကပင် သူ့ကို တစ်နေ့လုံး ပျော်ရွှင်စေနိုင်သည်ဟု ခံစားမိနေဟန်တူ၏။
ယခုတော့ ထိုအကြောင်းကို စဉ်းစားလိုက်သည့်အခါမှ သူတို့၂ယောက်အကြားက နက်ရှိုင်းသည့် သံယောဇဉ်ကို သက်သေပြနေသည့် သင်္ကေတတစ်ခု ဖြစ်နေဟန်တူသည်။
ရှမြန်သည် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး အိပ်ရာပေါ်မှဆင်းကာ သူမ၏ဆံပင်လေးကို တိုအောင် ညှပ်လိုက်လေသည်။ ရှောင်ဖုန်းသည် အိပ်ရာပေါ်တွင်ထိုင်ပြီး ရှမြန်၏ခေါင်းပေါ်က ထောင်တက်နေသည့် ဆံပင်စုလေးကို ကြည့်လိုက်၏။ သူက သူ၏ကိုယ်ပိုင်ဆံပင်လေးကို ထိကိုင်ကာ ချက်ချင်းဆိုသလို တခစ်ခစ် ရယ်မောတော့သည်။ "အတူတူဖြစ်သွားပြီ"
ရှမြန်က အိပ်ရာပေါ်သို့ ပြန်တက်လာပြီး သူ့ကို ပွေ့ဖက်လိုက်၏။ "ဟုတ်တယ်။ အတူတူဖြစ်သွားပြီ။ မေမေရယ်၊ အန်တီလေးရယ်၊ ရှောင်ဖုန်းရယ်။ အားလုံးက အတူတူပဲ"
"မေမေက သားကို ကောင်းကင်ပေါ်ကနေပြီးတော့ ကာကွယ်ပေးလိမ့်မယ်။ အန်တီလေးကလည်း သားရဲ့ဘေးကနေပြီးတော့ သားကို ကာကွယ်ပေးမှာ။ ရှောင်ဖုန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာရုံပဲလေ။ ဟုတ်ပြီလား"
ရှောင်ဖုန်းသည် သူ့လက်လေးကိုဆန့်လိုက်ကာ ရှမြန်၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"ဟုတ်ပြီ"
...