← Chapters

အပိုင်း(၁၃၀)

Vol. 9 Ch. 130

အပိုင်း(၁၃၀)

Vol. 9 Ch. 130

ရှမြန်သည် တစ်ညလုံး အိပ်မက်မက်ခဲ့လေသည်။

အစပိုင်းတွင် ရှချွန်းအကြောင်းဖြစ်သည်။ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲက ရှချွန်းအကြောင်းနှင့် ပတ်သက်ပြီး ကလေးဘဝမှ လူကြီးဘဝရောက်သည်အထိ အလွန်မှ ရှင်းလင်းနေ၏။

နောက်ပိုင်းတွင် ရှောင်ဖုန်းအကြောင်း ဖြစ်သည်။ အိပ်မက်ထဲတွင် သူမသည် ဒီလောကသို့ မရောက်လာသေးချေ။ သူမ၏အတိတ်ဘဝမှာကဲ့သို့ပင် ရှောင်ဖုန်းသည် မှောင်မည်းနေသည့် အခန်းငယ်လေးတစ်ခုထဲတွင် ပိတ်လှောင်ခံထားရပြီး ကျန်းချီမင်နှင့် ဟွမ်ရှောင်ကျွမ်းတို့၏ နှိပ်စက်ခံနေရသည်...

ရှမြန်မှာ ချွေးစေးများဖြင့် နိုးထလာ၏။ သူမသည် သူမ၏လက်မောင်းပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ရှောင်ဖုန်းကို ငုံကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ တင်းနေအောင် ဖက်ထားမိတော့သည်။

"အန်တီလေး"ရှောင်ဖုန်းက အိပ်ချင်မူးတူးဖြင့် သူ့မျက်လုံးများကို ပွတ်ကာ ပြောလိုက်၏။

"ရပါတယ်" ရှမြန်က သူ၏နဖူးလေးကို နမ်းလိုက်ကာ သူ့ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်သည်။ သူမသည် သူ့ကိုရော သူမကိုယ်တိုင်ကိုပါ နှစ်သိမ့်ဖို့ ကြိုးစားလိုက်၏။

ဒီအိပ်မက်က မူလခန္ဓာကိုယ်၏သိစိတ်နှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု ခန့်မှန်းမိသည်။

ဒီအိပ်မက်ကြောင့်ပင် နောက်တစ်နေ့တွင် ရှမြန်သည် အနည်းငယ် နုံးခွေနေသလို ခံစားရပြီး တစ်မနက်ခင်းလုံး ငေးကြောင်ကြောင်ဖြင့် ကုန်ဆုံးခဲ့သည်။ နေ့လယ်ခင်းတွင် သူမက တရေးတမောလောက် ကိုယ့်ဟာကိုယ်အိပ်လိုက်သော်ငြားလည်း မမျှော်လင့်ဘဲ အအိပ်လွန်သွားခဲ့၏။

သူမသည် ထလာကာ မျက်နှာသစ်ပြီး အဝတ်အစားလဲလိုက်ပြီးနောက် ကျောင်းသို့ အပြေးအလွှားသွားရ၏။

ကျောင်းအနီးနားက လမ်းကြားလေးတစ်ခုကို ဖြတ်လာသည့်အချိန်တွင် လူမိုက်တချို့က ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ကို ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။

"မြန်မြန်ထုတ်လာခဲ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် မင်းဒီနေ့ ကျောင်းသွားရတော့မှာ မဟုတ်ဘူးနော်"

ကောင်လေးက ငိုမဲ့မဲ့လေးဖြစ်နေသည်။ "ကျွန်တော့မှာ ငွေမရှိတော့ပါဘူး။ တကယ်ပြောတာပါ။ ကျွန်တော်မနေ့က မင်းတို့ကို အားလုံးပေးလိုက်ပြီလေ"

"မနေ့က မနေ့ကလေ။ မင်း ဒီနေ့ ထမင်းမစားတော့ဘူးလား"

ကောင်လေးသည် အလွန်မှ စိုးရိမ်တကြီးဖြစ်နေသည်မှာ သိသာ၏။ "ဒါက ကျွန်တော့်အတွက် တစ်ပတ်စာ အစားအသောက်ဖိုးပါ။ ကျွန်တော် မင်းတို့ကို အားလုံးပေးလိုက်ပြီလေ။ ကျွန်တော်ဒီနေ့ ပြိုင်ပွဲတစ်ခုရှိတယ်။ နောက်ကျလို့မရဘူး..."

သူက စိုးရိမ်လာလေလေ လူမိုက်များကသူ့ကို လွှတ်ပေးဖို့ရန် ငြင်းဆန်လေလေ ဖြစ်နေပြီး သူတို့သည် သူ့ကို ရှာဖွေတော့မည်ပြင်ကြ၏။

ရှမြန်က အပြေးအလွှားရောက်လာပြီး ကောင်လေး၏လက်မောင်းကို လှမ်းဆွဲလိုက်ကာ လူမိုက်တစ်ယောက်ကို ဘေးသို့တွန်းထုတ်လိုက်ပြီး ရှေ့သို့အရှိန်ဖြင့်ပြေးသွားကာ ပြောလိုက်လေသည်။

"နင်ဘာဖြစ်လို့ ဒီမှာရှိနေသေးတာလဲ။ ခဏနေ ကျောင်းအုပ်ကြီး ရောက်လာတော့မယ်။ နောက်မကျစေနဲ့"

ထိုလူမိုက်လေးများသည် အားနည်းချည့်နဲ့ဟန်တူပြီး လိမ္မာပါးနပ်သည့်မိန်းကလေးတစ်ယောက်က သူတို့ကို လိမ်လည်သွားမည်ဟု လုံးဝထင်မထားခဲ့ချေ။ သူတို့သည် ခဏလောက် ချီတုံချတုံဖြစ်သွားပြီး တစ်ချိန်တည်းတွင် လှည့်ကြည့်လိုက်ကြလေသည်။

ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးသည် အနီးအနားက လူမိုက်များတွင် နာမည်ကြီးလေသည်။ သူသည် တစ်ခါက မြောက်ပိုင်းဒေသက သိုင်းပြိုင်ပွဲတစ်ခုတွင် ချန်ပီယံ ဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ မည်သို့ဆိုစေ ဒီလူမိုက်များကို ရိုက်နှက်ရခြင်းကတော့ သူ့အတွက် အလွယ်လေးပင်။

သူ့ကို နာမည်ကျော်စေခဲ့သည့် ရန်ပွဲတစ်ခုမှာ သူ့အိမ်သို့ရောက်လာပြီး သူ့ကိုရိုက်နှက်ကြသည့် လူ၁၂ယောက်ကိုအနိုင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ သူသည် အမှတ်၁၄အထက်တန်းကျောင်း၏ ကျား၁၃ကောင်၏ ပထမမျိုးဆက် ဖြစ်သည်ဟု ဆိုသည်။ ထိုအချိန်က ကြောက်စရာအကောင်းဆုံး ဂိုဏ်းတစ်ခုဖြစ်လေ၏။

အကယ်၍ သူတို့သည် ဒီလိုတစ်ယောက်နှင့်အမှန်ပင်ရင်ဆိုင်ခဲ့ရလျှင် မြန်မြန်ဆန်ဆန် ထွက်ပြေးရပေလိမ့်မည်။

ရလဒ်အနေဖြင့် အလောတကြီး ထွက်ပြေးလာကြသည့် လူဆိုးလေးတချို့သည် လှည့်ကြည့်လိုက်သည့်အချိန်တွင် သူတို့သည် လိမ်လည်ခံလိုက်ရမှန်း ချက်ချင်းသဘောပေါက်သွား၏။ သူတို့က အော်ဟစ်ကာ သူ့နောက်သို့ လိုက်ပြေးကြတော့သည်။

"သေလိုက်ပါတော့"

"ကောင်မစုတ်လေး မင်း သေချင်နေတာပဲ။ အဲဒီမှာရပ်လိုက်"

အစကတည်းက သူတို့နှစ်ယောက်ကြားတွင် တော်တော်လေး ဝေးကွာနေပြီဖြစ်ရာ ထိုလူမိုက်လေးများသည် ခဏလောက် အမှီမလိုက်နိုင်တော့ချေ။

သူတို့သည် အလွန်မှဒေါသထွက်သဖြင့် နောက်မှနေ၍ အော်ဟစ်ကြတော့သည်။

"မင်းကို ရှာမတွေ့စေနဲ့နော်"

"စောင့်ကြည့်နေလိုက်။ မင်းကျောင်းတက်နေသရွေ့တော့ ငါတို့က မင်းကို သေချာပေါက်ဖမ်းရလိမ့်မယ်"

ရှမြန်သည် သူတို့၏အလိမ်အညာကို ယုံကြည်ပေသည်။

သူမသည် ဦးထုပ်တစ်လုံး ဆောင်းထားပြီး ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်း ၀တ်စုံကို ဝတ်ဆင်ထားသဖြင့် ထိုလူမိုက်များက သူမကို မှတ်မိဖို့ရာ ဘာနည်းလမ်းမှမရှိချေ။

သူမက ထိုအကြောင်းကို စဉ်းစားနေသည်တွင် ကြည်လင်နေသည့်အသံတစ်ခုက ဘေးမှနေ၍ ထွက်လာ၏။

"ရှမြန် နင် ဘာဖြစ်လို့လဲ"

အသံသည် အလွန်မှကျယ်လောင်နေရာ တခြားသူများက သူ့အသံကို မကြားမှာစိုးရိမ်နေသည့်နယ်ပင်။

ရှမြန်က ကိုယ်ကိုလှည့်လိုက်သည်တွင် သိပ်မဝေးလှသည့်နေရာမှနေ၍ လျှောက်လာသည့် ထျန်းရွှယ်ယာကို တွေ့လိုက်ရ၏။ သူမ၏မျက်နှာပေါ်တွင်တော့ အပြစ်ကင်းကာ စိုးရိမ်နေသည့် ရုပ်လေးတစ်ခု ထားရှိလေသည်။

ရှမြန်က သူမ၏စိတ်ထဲတွင် သရော်လှောင်ပြောင်လိုက်သည်။ အမလေး ငါတို့နှစ်ယောက်က အချင်းချင်း အဲဒီလောက်အထိ ဂရုစိုက်ရလောက်အောင် ဘယ်တုန်းက ရင်းနှီးသွားလို့လဲ။

သေချာပါသည်။ သူ့နောက်က ထိုလူမိုက်တစ်ယောက်က ပြောလိုက်၏။

"ရှမြန်ဟုတ်လား။ အဲဒီမှာရပ်လိုက်"

"ရှမြန်ပေါ့လေ ဟုတ်ပြီ။ ငါတို့တွေ မင်းကို မဖမ်းမိစေနဲ့နော်"

ရှမြန်ကလည်း ကပြာကယာ ပြောလိုက်၏။ "ထျန်းရွှယ်ယာ ပြေးတော့။ အဲဒီလူမိုက်တွေက နင့်ရဲ့ပိုက်ဆံကို ခိုးဖို့ကြိုးစားနေတာ။ နင့်မှာ အခုလေးတင်မှ စုဆောင်းလာတဲ့ အတန်းကြေးယွမ်၂၀၀ ကျော် ရှိတယ် မဟုတ်လား။ သူတို့တွေ လုမသွားစေနဲ့နော်"

ထျန်းရွှယ်ယာ၏အမူအရာမှာ မသိမသာပြောင်းလဲသွားလေသည်။

ဟုတ်ပါသည်။ ခပ်လှမ်းလှမ်းက လူမိုက်များက ချက်ချင်းဆိုသလို ရပ်လိုက်ကြပြီး သူတို့၏ ဦးတည်ဘက်ကို ပြောင်းလဲလိုက်ကာ သူမကို ဝိုင်းရံလာကြ၏။ သူတို့လိုချင်သည့်အရာမှာ ဘာပဲဖြစ်ဖြစ် ငွေသာဖြစ်လေသည်။ ရှမြန်အတွက်တော့ ဘုန်းကြီးက ထွက်ပြေးသွားနိုင်သော်လည်း ဘုရားကျောင်းကတော့ ထွက်ပြေးလို့မရချေ။ သူမကို နောက်ပိုင်းမှ သွားရှာလျှင်လည်း အတူတူသာ ဖြစ်လိမ့်မည်။

ရှမြန်က ကောင်လေးကို ဖမ်းဆွဲလိုက်ပြီး ပြေးထွက်သွား၏။

ငါ့ကို ဒုက္ခပေးချင်တယ်ပေါ့လေ။ ကိုယ့်ဟာကိုယ် အရင်ဆုံးမေးကြည့်လိုက်အုန်း။

ရှမြန်မှာ ခေါင်းမခါဘဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။ ဒီကလေးမလေးက အကြိမ်ပေါင်းများစွာ ခံစားခဲ့ပြီးရတာတောင်မှ သင်ခန်းစာ မရနိုင်သေးဘူးပဲ။

သူ့အမုန်းတရားတွေက အရမ်းကို နက်ရှိုင်းလွန်းလို့ ရှမြန်ကို ကံဆိုးမှုတွေ ယူလာပေးမဲ့ ဘယ်အခွင့်အရေးကိုမှ လက်လွှတ်မခံချင်တဲ့ပုံပဲ။

ကျောင်းထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရှမြန်က ကောင်လေးကို လွှတ်ပေးလိုက်ပြီး မေးလိုက်လေသည်။ "မင်းက အထက်တန်းပထမနှစ်ကလား"

ကောင်လေးက ခေါင်းညိတ်ပြလိုက်ပြီး စိုးရိမ်မှုတချို့ဖြင့် နောက်ကိုပြန်လှည့်ကြည့်လိုက်၏။

"အဲဒီစီနီယာ အဆင်ပြေပါ့မလား"

ရှမြန်က ပြောလိုက်သည်။ "စိတ်မပူပါနဲ့ သူကလည်း လူကောင်းတစ်ယောက် မဟုတ်ပါဘူး။ သူက နင့်ထက်တော့ သေချာပေါက် ပိုပြီးတော့ အခြေအနေကောင်းပါတယ်"

"သူတို့တွေ နင့်ကို နှောက်ယှက်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ"

ကောင်လေးက တီးတိုးပြောလိုက်လေသည်။

"၂ကြိမ်"

"ဒါဆိုရင် မနေ့တုန်းက ပထမဆုံးအကြိမ်ပေါ့" ရှမြန်က မေးလိုက်သည်။ "နင် သူတို့ကို ဘယ်လောက် ပေးခဲ့တာလဲ"

"၅၀"ကောင်လေးက ပြောလိုက်သည်။ "ကျွန်တော့်ရဲ့၁ပတ်စာမုန့်ဖိုးပါ"

အင်း။ သူက လူချမ်းသာတစ်ယောက် ဖြစ်နေတာကိုး။ ပစ်မှတ်ထားခံရတာလည်း မဆန်းတော့ပါဘူး”

"နင် လူကြီးတွေကို ပြောပြပြီးပြီလား" ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သူမသည် အလကားနေရင်း မေးမြန်းခဲ့သည်ဟု ခံစားမိလေသည်။ လူကြီးတစ်ယောက်သည် နေထိုင်စရိတ်အဖြစ် တစ်ကြိမ်တည်း ထိုမျှလောက်အများအပြား မည်သို့ပေးနိုင်ပါမည်နည်း။

သေချာပါသည်။ ကောင်လေးက သူ့ခေါင်းကို ခါပြလိုက်ကာ ဝမ်းနည်းစွာဖြင့်ပြောလိုက်၏။

"ကျွန်တော့်မိဘတွေက အိမ်မှာမရှိဘူး"

ရှမြန်က ပြောလိုက်သည်။ "ဒါဆိုရင် နင်က ကိုယ့်ဟာကိုယ် အားကိုးနေရတာပေါ့။ နင်က ၁၅နှစ်၊ ၁၆နှစ်အရွယ်ဆိုတော့ ကလေးတော့ မဟုတ်တော့ပါဘူး"

"ဘာပဲဖြစ်ဖြစ်လေ တကယ်လို့ ဒီလိုကိစ္စမျိုးက တစ်ခါဖြစ်သွားခဲ့ရင် နောက်လည်း ထပ်ဖြစ်လာလိမ့်မယ်။ နင်က ဒါကို ခုခံရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အထက်တန်းကျောင်းတက်တဲ့ တလျှောက်လုံးမှာ ခက်ခဲတဲ့အချိန်တစ်ခု ဖြစ်သွားလိမ့်မယ်"

ကောင်လေး၏ ကူကယ်ရာမဲ့နေသည့်ရုပ်လေးကို မြင်လိုက်ရသည်တွင် ရှမြန်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"ထားလိုက်ပါတော့။ ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ငါ နင့်ကို တစ်ခေါက်လောက်ပြပေးမယ်။ နောက်တစ်ခါကျရင်တော့ နင့်ဟာနင် လုပ်လို့ရတာပေါ့"

သူမက သူ့ကို ကျောင်းအုပ်ရုံးခန်းဆီသို့ တိုက်ရိုက်ခေါ်လာခဲ့သည်။

"ဆရာလီ လူမိုက်တစ်ယောက်က အတန်းဖော်တစ်ယောက်ကို ငွေညှစ်နေတာကို တွေ့ခဲ့တယ်။ သူက ဒီကျောင်းသားလေးရဲ့ တစ်ပတ်စာထမင်းဖိုးကို ယူသွားခဲ့တယ်။ ယွမ်၅၀၀တဲ့"

"ကျွန်မ သူ့ကို ပြန်ဆွဲလာခဲ့ပေမဲ့လည်း သူတို့တွေက ကျောင်းတံခါးရဲ့ ညာဘက်ခြမ်းကထွက်လာတဲ့ နောက်ထပ်ကျောင်းသူလေးတစ်ယောက်ကို လမ်းပိတ်ထားတဲ့ပုံပဲ"

ကျောင်းအုပ်သည် ချက်ချင်းဆိုသလို ထရပ်က ထွက်လာတော့သည်။ ရှမြန်က ပြောလိုက်၏။ "နင် တွေ့လား။ နောက်တစ်ခါကျရင် ပိုက်ဆံထပ်လိုတဲ့အခါ ဒီလိုလုပ်လို့ရတယ်။ ပိုက်ဆံကို ပြန်ယူလာခဲ့လို့ ရတယ်။ တကယ်လို့ နင်ဒါကို ကိုယ့်ဟာကိုယ်မလုပ်နိုင်ဘူးဆိုရင် ဒါကိုလုပ်ပေးနိုင်တဲ့လူတစ်ယောက်က အမြဲတမ်း ရှိပြီးသားပဲ"

"ငါတို့ရဲ့ကျောင်းအုပ်ကြီးက အရမ်းကိုအရည်အချင်းရှိတာ။ သူက အားလုံးကို သေသေချာချာ မှတ်မိနေတယ်။ တကယ်လို့ နင်သူတို့ကို ထပ်တွေ့ခဲ့မယ်ဆိုရင် အုပ်ကြီးကိုပဲလာရှာလိုက်"

ကောင်လေးသည် တစ်စုံတစ်ယောက်က ကျောင်းအုပ်ကြီးကို သက်တော်စောင့်တစ်ယောက်အနေဖြင့် အသုံးချလိမ့်မည်ဟု လုံးဝမျှော်လင့်မထားသည်မှာ သိသာသည်။ သို့သော်ငြားလည်း...

ကောင်လေးကတော့ ရို့ရို့ကလေး ပြောလိုက်၏။ "တကယ်လို့ သူတို့တွေ ကျွန်တော့်ကို တစ်ယောက်တည်း တားမြစ်ထားမယ်ဆိုရင် သူတို့တွေ ကျွန်တော့်ကို ရိုက်နှက်မှာပေါ့"

"ပထမဦးဆုံးအနေနဲ့ တစ်ယောက်တည်း ဖြစ်နေတာကို တစ်ယောက်တည်း မဖြစ်အောင်လုပ်ပေါ့"

ရှမြန်က ပြောလိုက်သည်။ "ပြီးရင် ငါက နင့်ကို ကိုးကားလို့ရတဲ့ နည်းလမ်း၂ခုပေးမယ်"

"ပထမတစ်ခု နင်နဲ့အတူတူ တစ်ခုခု အဖိုးတန်တာကိုယူလာခဲ့။ ယွမ် ၁၀၀တန်လောက် ရှိရင် ကောင်းတယ်။ တကယ်လို့ သူတို့တွေက ဒါကိုတောင်းတယ်ဆိုရင် သူ့ကို ဒီအတိုင်းပဲပေးလိုက်။ ပြီးရင် ရဲကိုခေါ်လိုက်။ ဒါကရာဇဝတ်မှုတစ်ခုလို့ သတ်မှတ်လို့ရတယ်။ ရဲတွေက သူ့ကိုဖမ်းသွားလိမ့်မယ်"

"ဒုတိယတစ်ချက်အနေနဲ့ တကယ်လို့ နင်က ရိုက်ခံရတယ်ဆိုရင် ရဲကိုချက်ချင်းခေါ်လိုက်။ သူတို့တွေက အတွင်းဒဏ်ရာ ရအောင် လုပ်တဲ့အမှုနဲ့ ပြဿနာရှာတဲ့ကိစ္စကြောင့် ထိန်းသိမ်းခံထားရလိမ့်မယ်"

ကောင်လေးမှာ သူမကိုအူကြောင်ကြောင်လေးဖြင့် ကြည့်နေလေသည်။

ရှမြန်ကတော့ သူ့ကို ဂရုစိုက်ဖို့ရန် အချိန်မရှိတော့ချေ။ သူမက ဒီအတိုင်းပြောလိုက်၏။

"ငါ့လို စပ်စုတဲ့လူတစ်ယောက်နဲ့ အမြဲတမ်းတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ အနိုင်ကျင့်မခံချင်ဘူးဆိုရင် ကိုယ့်ဟာကိုယ် နည်းလမ်းတစ်ခုရှာဖွေရမယ်"

သူသည် သူ့ဟာသူ မရပ်တည်နိုင်ခဲ့လျှင် ဘယ်သူကမှသူ့ကို ကူညီပေးနိုင်လိမ့်မည်မဟုတ်ချေ။

ရှမြန်သည် စာသင်ခန်းထဲသို့ ဝင်လာသည့်အချိန်တွင် နောက်ကျနေပြီဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာမီ၏အတန်း ဖြစ်နေ၏။ သူမက သိပ်ပြီးနေကောင်းသည့် ဟန်မပေါ်သည်ကို မြင်လိုက်ရသဖြင့် သူက မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"ကျောင်းသားတစ်ယောက်ကို ငွေညှစ်နေတဲ့ လူမိုက်တစ်ယောက်နဲ့ မမျှော်လင့်ဘဲတွေ့ခဲ့မိလို့ပါ"

ရှမြန်က ရှင်းပြလိုက်၏။ "ကျွန်မ ကျောင်းအုပ်ကြီးကို သတင်းသွားပို့ခဲ့တာပါ"

ဆရာမီက စိုးရိမ်စိတ်ဖြင့် မေးလိုက်လေသည်။ "အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်။ ကျောင်းအုပ်ကြီးကသွားပြီးတော့ စစ်ဆေးနေပါပြီ"

"ဟုတ်ပါပြီ။ ကိုယ့်နေရာမှာကိုယ် ထိုင်ကြတော့"

ဆွန်းယွဲ့ရှင်းက သူမကို မှတ်စုစာအုပ်တစ်အုပ် လှမ်းပေးလိုက်ပြီး ပြောလိုက်လေသည်။

"အမှတ်၁၄အထက်တန်းကျောင်းက အဲဒီကောင်တွေပဲ ဖြစ်ရမယ်"

ရှမြန်က ဇဝေဇဝါ ဖြစ်သွားသည်။ "အမှတ်၁၄ အထက်တန်းကျောင်း ဟုတ်လား။ ၁လမ်း၊ ၂လမ်းပဲ ကွာတဲ့နေရာက ကျောင်းကိုပြောတာလား။ သူတို့တွေက ဘာဖြစ်လို့ ငါတို့ကျောင်းကိုလာတာလဲ"

"အမှတ်၁၄အထက်တန်းကျောင်းက ယန်တစ်မြို့လုံးမှာ ဝင်ခွင့်အမှတ်အနည်းဆုံး အထက်တန်းကျောင်းတစ်ခုလေ။ နင် အဲ့ဒါကိုသိပါတယ်" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။

"အားလုံးက အဲဒီကျောင်းကို လူမိုက်အထက်တန်းကျောင်းလို့ ခေါ်ကြတာလေ။ ထိုက်ပေါင်၁၃ယောက်၊ ကျင်းကန်း၈ယောက်၊ ကျင်းရှင်း၄ယောက်၊ ဘာဆိုလား။ အဲဒီလိုဂိုဏ်းတွေမှ အများကြီးပဲ"

ရှမြန်သည် ဒီခေတ်နောက်ကျသည့် နာမည်များကြောင့် ရယ်မောမိတော့သည်။

"အဲဒီလူမိုက်တွေက ငါတို့ကျောင်းက ကျောင်းသားတွေကို အမြင်မကြည်ဘူးလေ။ သူတို့တွေက အမြဲတမ်းပဲ ငါတို့ကို လာပြီးတော့ အနိုင်ကျင့်နေကြတာ။ ငွေတောင်းလိုက် ရန်ဖြစ်လိုက်နဲ့လေ"

ရှမြန်သည် အမှတ်၁၄အထက်တန်းကျောင်းက ကျောင်းသားများ၏ မျက်လုံးထဲတွင် ယန်တက္ကသိုလ်တွဲဖက် အထက်တန်းကျောင်းက ကျောင်းသားများသည် တခြားသူများ၏ ကလေးများလို ထူးထူးခြားခြား ထူးချွန်နေသည့် ကျောင်းသားများဖြစ်သည်ဟု နားလည်လိုက်တော့သည်။

"ငါတို့တွေ အထက်တန်းပထမနှစ်တုန်းကဆိုရင် သူတို့ကျောင်းက ထိုက်ပေါင်၁၃ယောက်နဲ့ ရန်ပွဲတွေ အများကြီး ဖြစ်ခဲ့တာလေ" ဆွန်းယွဲ့ရှင်းက လွမ်းတသသဖြင့်ပင် ပြောလိုက်သည်သည်။

ရှမြန်က သူမ၏နဖူးကို ထိကိုင်လိုက်ကာ သက်ပြင်းချလိုက်၏။ "နင်တို့တွေလေ တော်တော်လေးကို အရိုင်းဆန်ကြတာပဲ"

ဆွန်းယွဲ့ရှင်းက တခစ်ခစ်ရယ်မောကာ ပြောလိုက်၏။ "သူတို့တွေက ပြဿနာမရှာဘူးဆိုရင် ငါတို့တွေကလည်း သူတို့ကို ဂရုမစိုက်ပါဘူး။ ငါတို့မှာ အခုအချိန်လည်း မရှိတော့ဘူးလေ။ ငါတို့မှာ စာကြိုးစားဖို့တောင်မှ အချိန်မလောက်တာပဲ"

အထက်တန်းဒုတိယနှစ် ပထမစာသင်နှစ်ကတည်းက ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ နှစ်ယောက်စလုံးသည် တစ်ကျောင်းလုံးတွင် အဆင့်အယောက်၁၀၀အထိ ဝင်ခဲ့ကြသည်။ အတန်းတိုင်းက ဆရာမများက ပျင်းရိလေးတွဲနေကြသည့် ထိုကျောင်းသားများကို ဆုံးမဖို့ရန်အတွက် သူတို့နှစ်ယောက်ကို ဥပမာပေးကြလေသည်။ သူတို့၏မိဘများကလည်း ရှမြန်ကိုပင် ညစာစားဖို့ ဖိတ်ခေါ်ကြ၏။

သူတို့နှစ်ယောက်မှာ တဖြည်းဖြည်းနှင့် ပျော်စရာကောင်းသည်ကို သိလာရပြီး ပိုပြီးစာကြိုးစားလာကြတော့သည်။ ဟုတ်ပါသည်။ အရေးအကြီးဆုံးကိစ္စမှာ သူတို့ရှေ့တွင် လာရောက်အရှုံးပေးအောင်လုပ်မည့် ပစ်မှတ် ထျန်းရွှယ်ယာရှိနေခြင်းပင်။

"သူတို့တွေက နောက်ပိုင်းကျတော့ရော ထပ်ပြီးတော့ ပြဿနာလာရှာကြသေးလား" ရှမြန်က မေးလိုက်သည်။

"မရှာတော့ပါဘူး" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။

"နင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာ ဟောက်ကျန်းနဲ့ အဲဒီလူမိုက်၂ယောက်ကို ရဲစခန်းကို မြန်မြန်ပို့ပေးလိုက်တာ မဟုတ်လား။ အဲဒီသတင်း ထွက်လာပြီးတဲ့နောက်မှာ ဒီအနီးအနားပတ်ဝန်းကျင်က လူမိုက်တွေက ငါတို့ကျောင်းကို ထပ်ပြီးတော့ မလာရဲကြတော့ဘူးလေ"

ရှမြန်သည် မနှစ်က ဖြစ်ပျက်ခဲ့သည့်ကိစ္စက ဒီလိုအတားအဆီး အကျိုးသက်ရောက်မှုတစ်ခု ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

သို့သော်ငြားလည်း ဒါက အချိန်အကန့်အသက်သာ ဖြစ်ပေသည်။ ဆွန်းယွဲ့ရှင်းက သက်ပြင်းချလိုက်၏။

"တစ်နှစ်လောက်ပဲ အေးအေးချမ်းချမ်း နေရတာကတော့ နှမျောစရာပဲ"

ဒီအချိန်တွင် သူမက ရုတ်တရက်ဆိုသလို မှတ်မိသွား၏။ "ဟဲ့ ဒါက ဟောက်ကျန်းကြောင့်များ ဖြစ်နေမလား မသိဘူးနော်။ သူက အမှတ်၁၄အထက်တန်းကျောင်းကို ပြောင်းသွားခဲ့တာလေ"

"နင် နောက်တစ်ခါ သတိထားဖို့လိုတယ်။ သူက နင့်ကို လက်စားလာချေမလားမသိဘူး"

"ထျန်းရွှယ်ယာက နင့်မိသားစုအကြောင်း သူ့ကိုပြောပြခဲ့တာ ဖြစ်ရမယ်။ နင့်မိသားစုမှာ ဘာနောက်ခံမှ မရှိဘူးဆိုတာကို သူ သိသွားရင် သူကအဲဒီလောက်အထိ ကြောက်နေတော့မှာ မဟုတ်ဘူး"

ရှမြန်သည် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို မနှစ်က ဝက်သားတုတ်ထိုး စားဖို့ရန် သူမ၏အိမ်သို့ ခေါ်ခဲ့ပြီးသည့်နောက်တွင် ကျောင်းပတ်ဝန်းကျင်၌ ကောလာဟလများ ပြန့်သွားခဲ့လေသည်။ ရှမြန်၏ မိသားစုသည် ဒီအတိုင်းလမ်းဘေးစျေးသည် တစ်ယောက်သာ ဖြစ်ရာ သူမက ချမ်းသာချင်ဟန်ဆောင်နေသူဖြစ်ပြီး အလကားလူ တစ်ယောက်သာ ဖြစ်သည်ဟူ၍။

ရှမြန်သည် ၂ရက်လောက် လှောင်ပြောင်ခံခဲ့ရသော်ငြားလည်း သူမကတော့ လုံးဝဂရုမစိုက်ချေ။ ထိုအချိန်တွင် ကျားမိသားစုက ပြဿနာရှာနေသည့်အချိန်ဖြစ်ပြီး မိသားစုစီးပွားရေးကလည်း ဆိုးဝါးနေသည့်အချိန် ဖြစ်သည်။

သူမကို လာရောက်လှောင်ပြောင်ကြသူများ၏ရှေ့တွင် ရှမြန်က သူမ၏အတန်း‌ဖော်များကိုခေါ်ကာ သူမ၏ ဝက်သားထုတ်ထိုးကို သွားစားဖို့ ချက်ချင်းခေါ်သွားတတ်သည်။

"ငါက ရွာကလေ။ ငါ့မိသားစုက အရမ်းဆင်းရဲတာ။ ငါတို့တွေက ငါတို့ရဲ့စာသင်ဖို့ကို ထောက်ပံ့ပေးဖို့ ဒီဆိုင်လေးကိုပဲ အားကိုးနေရတာလေ။ ကျေးဇူးပြုပြီးတော့ ငါတို့ကို ဂရုစိုက်ပေးပါဦးနော်"

သူမကို လာရောက်လှောင်ပြောင်ခဲ့ကြသူများသည် အောင်မြင်မှုကို မခံစားရသဖြင့် နောက်ဆုံးတော့ စိတ်ပျက်ပျက်ဖြင့် ထွက်ခွာသွားကြတော့သည်။

အစပိုင်းတွင်တော့ ရှမြန်သည် ဒါကိုရည်ရွယ်ချက်မရှိဘဲ နားလည်မှုလွဲခြင်းသာ ဖြစ်မည်ဟု ထင်ခဲ့သည်။ နောက်ဆုံးရှမိသားစု၏ ဝက်သားတုတ်ထိုးဆိုင်ကလည်း ထိုနေရာတွင် ဖွင့်ထားကာ ရှမြန်က ထိုကိစ္စကို ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ချေ။ ထို့အပြင် သူမတွင် သန်မာသည့်နောက်ခံတစ်ခုရှိသည်ဟု ထျန်းရွှယ်ယာက ကောလာဟလလွှင့်ထားခဲ့သဖြင့် လူအများက သူမကို နားလည်မှုလွဲသည်ကလည်း သဘာဝပင်။

ရှမြန်သည် မိဘမဲ့တစ်ယောက် ဖြစ်သည်ဟူသည့် စကားထွက်လာသည့်အချိန်ရောက်မှ ဒါက ထျန်းရွှယ်ယာ ဖြစ်နေမှန်း အတည်ပြုမိ၏။ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလွဲလျှင် ထျန်းရွှယ်ယာတစ်ယောက်သာ ရှမြန်တွင် မိဘမရှိကြောင်း သိလေသည်။

ရှမြန်အပေါ် ထားသည့် ထျန်းရွှယ်ယာ၏အမုန်းတရားကို ထောက်ချင့်လျှင် သူမသည် ဒီလိုကိစ္စမျိုးအပေါ် သေချာပေါက် အခွင့်ကောင်းယူပေလိမ့်မည်။

ရှမြန်က ဂရုမစိုက်သော်ငြားလည်း ဆွန်းယွဲ့ရှင်းကတော့ သတိကြီးကြီးထားနှင့်နေပြီးသားဖြစ်၏။

"အခုအချိန်ကစပြီး ကျောင်းအသွားအပြန်ကို ကျောက်ချန်းနဲ့ အတူတူသွားရအောင်"

ဒီအခိုက်အတံ့တွင် သူမက မျက်နှာပေါ်တွင် စဉ်းစားနေသည့် အကြည့်တစ်ခုဖြင့် ပြောလိုက်လေသည်။

"ကျောက်ချန်းနဲ့ ဟန်ဟောက်ရန်တို့က အချင်းချင်း သိနေကြလားမသိဘူးနော်"

ရှမြန်ကတော့ ကူးကယ်ရမဲ့စွာ ခေါင်းခါပြလိုက်၏။

ဟန်ဟောက်ရန်သည် သိပ်မကြာသေးခင်ကမှ ကျောင်းပြောင်းလာခဲ့သည့် ကျောင်းသားတစ်ယောက် ဖြစ်သည်။ သူသည် အရပ်မြင့်မြင့်ချောမောပြီး သူ၏ကောင်ဆိုးလေးပုံစံက ဆွန်းယွဲ့ရှင်း၏အကြိုက်နှင့် အလွန်မှ ကိုက်ညီနေသည်။ သူသည် ဘက်စကတ်ဘောကစားရာတွင် အလွန်မှတော်ပြီး သူ၏ကျောင်းတွင်းလုပ်ဆောင်ချက်များကလည်း မဆိုးလှဟုဆိုကြသည်။ လိုရင်းကို ပြောရလျှင်တော့ သူရောက်လာပြီးသည့်နောက်တွင် ကုကျိုး၏အခြေအနေသည် တစ်ကျောင်းလုံး၏ အချောဆုံး ကောင်လေးတစ်ယောက်နေရာကို ဆက်ပြီးထိန်းမထားနိုင်မှာ စိုးရိမ်ရသည်။

ဆွန်းယွဲ့ရှင်းက တခြားသူများကို စောင့်ကြည့်ဖို့ရန် ဘယ်အခွင့်အရေးကိုမှ ဘယ်တုန်းကမှ လက်မလွှတ်ခဲ့ချေ။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် နတ်သားတစ်ယောက်၏ အငွေ့အသက်ကို ရှူရှိုက်နေရသလို သူမကိုတစ်နေ့လုံး စိတ်လှုပ်ရှားနိုင်အောင်လုပ်နိုင်လေသည်။

ဟုတ်ပါသည်။ ထိုသို့ဖြစ်နေသည်မှာလည်း သူမတစ်ယောက်တည်း မဟုတ်ချေ။

ကျောင်းခေါင်းလောင်းတီးသံ ကြားသည်နှင့် တပြိုင်နက် စင်္ကြံပေါ်ကလူများသည် အခန်း၆ဆီသို့ အရှိန်အဟုန်ဖြင့် စတင်ပြေးသွားတတ်ကြသည်။ လီလီကျန်းကတော့ စာသင်ခန်း၏တံခါးတွင် ရပ်နေနှင့်ပြီဖြစ်ရာ သူတို့ကို လက်ဝှေ့ရမ်းပြနေသည်။

" ဟဲ့ မြန်မြန်လုပ်ကြ"

အထက်တန်း ဒုတိယနှစ်ရောက်သည့်အခါ ကျောင်းသား ကျောင်းသူများကို ဝိဇ္ဇာတန်းနှင့် သိပ္ပံတန်းဟူ၍ ခွဲပေးထားသည်။ သူတို့အားလုံးက သိပ္ပံခန်းကို ရွေးချယ်ခဲ့ကြသော်လည်း ကံဆိုးချင်တော့ တစ်ခန်းထဲ မကျခဲ့ကြချေ။ ရှမြန်နှင့် ဆွန်းယွဲ့ရှင်းတို့က အခန်း၃တွင်ရှိနေဆဲဖြစ်ကာ လီလီကျန်းနှင့် ကျောက်ချန်းတို့ကတော့ အခန်း၄သို့ ရောက်သွားသည်။

ဆွန်းယွဲ့ရှင်းက စိတ်လှုပ်ရှားစွာဖြင့် လီလီကျန်းနောက်မှာ ချက်ချင်းလိုက်ထွက်သွားသည်။ ရှမြန်ကတော့ ဒီနေ့တွင် စိတ်မပါသဖြင့် စားပွဲပေါ်တွင်သာ မှောက်နေလိုက်ကာ မျက်စိမှိတ်ပြီး အနားယူနေလိုက်သည်။

သူမ၏ရှေ့စားပွဲက လီမင်က တအံ့တဩ ပြောလိုက်၏။ "ဒီကလေးမလေးတွေကလည်း တကယ်ရူးကြတာပဲ။ သူက တကယ်ပဲ အဲဒီလောက်တောင်ချောလို့လား"

သူ၏အတူတူထိုင်သည့် သူငယ်ချင်းကပြောလိုက်သည်။ "ရှမြန် ဒီကိုရောက်လာတုန်းကလည်း တကယ့်ကို ကြီးကြီးမားမားကိစ္စ ဖြစ်သွားတာပဲလေ"

လီမင်က ပြောလိုက်၏။ "ငါတို့ရဲ့အခန်း၃က အဲဒီတုန်းက တကယ်ပဲ အရမ်းပျော်စရာကောင်းခဲ့တာ"

"ဒီတော့ အခု အခန်း၆ရဲ့အလှည့်ပေါ့"

"ဒါပေမဲ့ ငါ ကြားထားတာကတော့ အဲ့ဒီကျောင်းပြောင်းလာတဲ့ ကျောင်းသားက ထျန်းရွှယ်ယာကို စိတ်ဝင်စားနေတာနဲ့ တူတယ်..."

လီမင်မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။

"ဘာ။ တကယ်ပဲလား"

အရာအားလုံးကို မြင်တွေ့ခဲ့ဖူးပြီဟု ထင်ထားခဲ့သည့်လီမင်မှာ ရသေ့တစ်ပါးလိုလေသံဖြင့် ပြောလိုက်လေသည်။ "အိုက်ယိုး... ထျန်းရွှယ်ယာရဲ့ လှည့်စားခံလိုက်ရတဲ့ နောက်ထပ်သနားစရာ လူလေးတစ်ယောက်ပဲ"

အတန်းချိန်အတွင်းတွင် ဆွန်းယွဲ့ရှင်းသည် သူမ၏မျက်နှာပေါ်တွင် ထင်ယောင်ထင်မှား ဖြစ်နေသည့် ရုပ်တစ်ခုဖြင့် အပြင်မှပြန်ရောက်လာလေသည်။

"အိုးမိုင်ဂေါ့ ဟန်ဟောက်ရန်က ထျန်းရွှယ်ယာနဲ့ တကယ်တွဲနေတာတဲ့..."

...

All Chapters