အပိုင်း(၁၃၃)
Vol. 9 Ch. 133
ရှမြန်နှင့် နဥ်ရှောင်ပိုင်တို့သည် အလွန်စိတ်ကျေနပ်ဖွယ်ရာကောင်းသည့် လက်ရည်ယှဥ်ပွဲတစ်ခု ပြုလုပ်ခဲ့လေသည်။ သူတို့ရင်ဘတ်ထဲက စိတ်ဓာတ်ကျနေသည့် အရာများအားလုံးက ပျောက်ကွယ်သွားပြီး နောက်ဆုံးတော့ လူရော စိတ်ပါ အပန်းပြေသွားတော့၏။
မှောင်လာသည့်အချိန်တွင် ရှောင်ဖုန်းနှင့် တခြားသူများက ပြန်လာကြသည်။ ကလေးတစ်ယောက်စီတိုင်းက ခေါင်းပေါ်တွင် အမွှေးဖွားဖွား တိရစ္ဆာန်ရုပ်လေးပါသည့် ဘီးကုတ်တစ်ခုကို တပ်ထားကြပြီး လက်ချင်းတွဲကာ ခုန်ဆွခုန်ဆွလေး ရောက်လာကြသည်။
ရှောင်ဖုန်းက စိတ်အခြေအနေ ကောင်းမွန်နေသည်မှာ သိသာ၏။ ရှမြန်ကို မြင်လိုက်ရသည့်အခါ သူက ဝမ်းသာအားရ အပြေးရောက်လာပြီး ပြောလိုက်သည်။
"အန်တီလေး"
"ပျော်ရဲ့လား" ရှမြန်က အပြုံးဖြင့်မေးလိုက်သည်။
ရှောင်ဖုန်းကလည်း ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ "ပျော်တယ်။ ဆင်တွေ၊ သစ်ကုလားအုပ်ကြီးတွေ၊ ပန်ဒါဝက်ဝံကြီးတွေရှိတယ်"
"မနက်ဖြန်ကျရင် သားက ပန်ဒါဝက်ဝံပုံဆွဲချင်တယ်"
ရှမြန်က ပြုံးကာပြောလိုက်သည်။
"ဟုတ်ပါပြီ။ ပန်ဒါဝက်ဝံက ဒဏ်ရာတွေကို ကုသပေးတဲ့ နာမည်ကြီး နတ်သားလေးတစ်ပါးပဲလေ"
လုံးဝမှောင်သွားသည့်အချိန်တွင် ရှမြန်က ရှောင်ဖုန်းကို ခေါ်ကာ လမ်းတစ်ဖက်တွင် စက္ကူများ မီးသွားရှို့ပေးတော့သည်။
ဒီအခိုက်အတန့်တွင် သူမ၏နှလုံးသားထဲ၌ မွန်းကျပ်နေသည့် ရှင်းမပြတတ်သည့်ခံစားချက်များက ပျောက်ကွယ်သွားတော့၏။ သူမသည် ဝမ်းနည်းနေသော်ငြားလည်း ရှချွန်း၏ဘဝကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်စဉ်းစားနိုင်လာသည်။
ရှောင်ဖုန်းကတော့ သူမ၏ရင်ခွင်ထဲတွင် ငြိမ်ငြိမ်သက်သက် လေးမှီထား၏။ သူမ၏တည်ငြိမ်နေသည့် စိတ်အခြေအနေက ကလေးကိုလည်း စိတ်သက်သာရာ အများကြီးရစေသည်။
စက္ကူကို မီးရှို့ပေးပြီး အိမ်ပြန်လာပြီးသည့်နောက်တွင် ၂ယောက်သားက အခန်းတစ်ခုတည်းတွင် လဲလျောင်းနေလိုက်ကြသည်။
ရှမြန်က သူမ၏ရင်ခွင်ထဲတွင် ကလေးကိုပွေ့ဖက်ထားပြီး သူ့အမေ၏ဘဝအကြောင်းကို သိမ်သိမ်မွေ့မွေ့ စိတ်ဝင်စားဖွယ် ဟာသကလေးများဖြင့် သူ့အား ပြောပြခဲ့သည်။ ဆွေမျိုးတစ်ယောက်က သေဆုံးသွားပြီးသည့်နောက်တွင် ကြယ်တစ်ပွင့်အဖြစ် မည်သို့ ပြောင်းလဲသွားသည့် ဇာတ်လမ်းကိုလည်းပဲ သူ့အား ပြောပြခဲ့သေး၏...
ကောင်းမွန်သည့်တစ်ညတာကို အိပ်စက်ပြီးသွားသည့်နောက်တွင် ရှမြန်သည် သူမ၏ခန္ဓာကိုယ်ထဲက အစွဲတချို့သည် အားလုံး ပျောက်ကွယ်သွားသယောင် စိတ်ပြေလျော့သွားသလို ခံစားလိုက်ရ၏။
အထက်တန်းကျောင်းသူဘဝက စာလေ့လာရုံနှင့် ပျင်းစရာကောင်းသော်ငြားလည်း အမှန်တွင်တော့ လုပ်စရာအများကြီး ရှိခဲ့သည်။
အထူးသဖြင့် အမှတ်၁၄အထက်တန်းကျောင်းက လူမိုက်လေးများက စပြီးတက်ကြွလာသည့်အချိန်တွင် ကျောင်းထဲက ကျောင်းသားသစ်အများစုမှာ ငွေညှစ်ခံရသည့်အကြောင်း မကြာခဏကြားလာရသည်။
ဒီလူမိုက်များထဲက နာမည်အကြီးဆုံးမှာ ရွှီဖေးကို ငွေညှစ်ခဲ့သည့် သာ့ကျင်း ၈ယောက်ဖြစ်နေသည်။ ရွှီဖေးသည် ရှမြန်ကယ်တင်ပေးခဲ့သည့် အထက်တန်းကျောင်းသားဖြစ်၏။
ကျောင်းအုပ်ကြီးက သူတို့ကို ခဏလောက် ခြောက်လန့်နိုင်သော်ငြားလည်း သူသည် သူတို့ကို တစ်ချိန်လုံး မစောင့်ကြည့်နိုင်ပေ။ အထူးသဖြင့် သာ့ကျင်း ၈ယောက်သည် သင်ခန်းစာ ရသွားခဲ့ပြီးသည့်နောက်တွင် သူတို့ကလူခွဲပြီး စတင်လှုပ်ရှားကြသည်။
ကျောင်းအုပ်ကြီးမှာ နှစ်ဖက်စလုံးကို ဂရုမစိုက်နိုင်သဖြင့် သူတို့သည် အမြဲတမ်းအောင်မြင်ခဲ့ကြသည်။ ထို့အပြင် ကျောင်းသားများကလည်း အမြဲတမ်းလိုလို ပိုက်ဆံအနည်းငယ် ၁၀ယွမ်လောက်သာ ပါကြသဖြင့် ရဲခေါ်ခြင်းကလည်း မဖြေရှင်းနိုင်ပေ။
ဟုတ်ပါသည်။ တစ်ဖက်လူများက သူတို့ကို ငွေညှစ်လာသည့်အချိန်တွင်တော့ သူတို့ကလည်း သူမကို ပညာပေးလိုသည့်စိတ်ဖြင့် ရှမြန်ကို ရှာဖွေဖို့မမေ့ကြချေ။
နောက်ဆုံး ထျန်းရွှယ်ယာ၏အသံကြောင့် သူမသည် သာ့ကျင်း ၈ယောက်တို့ကြားထဲတွင် နာမည်ကြီးလာခဲ့သည်။ သို့သော်ငြားလည်း ရှမြန်က ဘာမှမလုပ်ရသေးခင်မှာပင် သူမကို ကာကွယ်ပေးမည်ဟု ပြောထားခဲ့သည့် ဟောက်ကျန်းက သူ့ညီအစ်ကိုများကို ခေါ်ကာ ညှိနှိုင်းဆွေးနွေးဖို့ရန်အတွက် အမှတ်၁၄ အထက်တန်းကျောင်းသို့ သွားခဲ့လေသည်။
ထို့နောက်တွင်တော့ သူသည် ဟန်ဟောက်ရန်နှင့် တွေ့ခဲ့၏။ ထိုကိစ္စ ပြီးသွားသည့်နောက်တွင် ကျောက်ချန်းနှင့် ဟန်ဟောက်ရန်တို့မှာ ရင်းနှီးသည့်ညီအစ်ကိုများ ဖြစ်လာတော့သည်။
ဆွန်းယွဲ့ရှင်းက ဟန်ဟောက်ရန်ကို မကြိုက်ကြောင်း ကြားသည့်အခါ ကျောက်ချန်းက မြန်မြန် ရှင်းပြသေးသည်။ "တကယ်တမ်းကျတော့ သူက လူကောင်းတစ်ယောက်ပါ။ သူက ဒီအတိုင်း နာမည်ကြီးချင်ရုံ သက်သက်ပဲရှိတာ"
ဒီအချိန်တွင် သူက သက်ပြင်းချလိုက်ပြီး "ဟန်ဟောက်ရန်က တကယ်ကို နတ်ဘုရားက မျက်နှာသာပေးထားခဲ့တာပဲ။ သူက ရုပ်လည်းချောတယ်။ ညဏ်ကောင်းတယ်။ တိုက်ခိုက်တဲ့နေရာမှာလည်း တော်သေးတယ်။ ငါသာ သူ့နေရာမှာဆိုရင်လည်း ကြွားဝါရတာကို သဘောကျမှာပဲလေ။ နင်တို့ မသိလို့နော်။ အဲဒီနေ့က သူ တကယ်ကြောက်ဖို့ကောင်းတာ"
လီလီကျန်းက သူ့ခေါင်းပေါ်က ပတ်တီးကိုကြည့်ပြီး ပြောလိုက်လေသည်။ "နင့်ထက်ပိုပြီးတော့ အစွမ်းရှိတယ်ပေါ့ ဟုတ်လား"
ကျောက်ချန်းက ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ လက်ရည်တူလောက်ပါပဲ"
ရှမြန်က လေ့ကျင့်ခန်းစာအုပ်ကို လှန်လောလိုက်ပြီး အေးအေးလူလူသာ ပြောလိုက်၏။ "ဒါဆိုရင်တော့ ငါက နင်တို့တွေထက်ပိုပြီးတော့ သန်မာမယ် ထင်တယ်"
ကျောက်ချန်း...
ဟန်ဟောက်ရန်က အပြုံးတစ်ခုဖြင့် အပြင်ဖက်မှဝင်လာပြီး ရှမြန်ကို ကြည့်ကာပြောလိုက်သည်။
"နင်တို့တွေ ငါ့အကြောင်း ဘာတွေပြောနေကြတာလဲ"
ရှမြန်က သူ၏ခရမ်းရောင်သမ်းနေသည့် ပါးစပ်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်လေသည်။ "နင်က လူမိုက်တွေနဲ့ ရန်ဖြစ်နေတယ်လို့ သူတို့တွေ ပြောနေကြတာလေ။ နင့်ကြည့်ရတာ ကျောင်းသားကောင်းတစ်ယောက်နဲ့ မတူတော့ဘူး"
ဟန်ဟောက်ရန်မှာ နင်သွားတော့သည်။
လီလီကျန်းနှင့် ဆွန်းယွဲ့ရှင်းတို့မှာလည်း မနေနိုင်ဘဲ အော်ရယ်တော့သည်။ ကျောက်ချန်းကတော့ စိတ်အေးသွား၏။
ဆွန်းယွဲ့ရှင်းက ပြုံးကာပြောလိုက်လေသည်။ "ဟန်ဟောက်ရန် နင်က လူမိုက်၁ယောက်၊ ၂ယောက်လောက်ကို တီးပစ်လိုက်တာနဲ့ ရှမြန်က ထျန်းရွှယ်ယာလိုပဲ စိတ်လှုပ်ရှားသွားပြီး နင့်ကို လက်ထပ်ချင်လာလိမ့်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"
"သူက လူမိုက်တွေကို တိုက်ခိုက်တဲ့နေရာမှာ နင်ထက်တောင်မှ အများကြီးပိုပြီး ရန်လိုသေးတယ်လေ"
ဟန်ဟောက်ရန်ကတော့ ဒီအကြောင်းကို မသိချေ။ ထို့ကြောင့် သူက ဒီအတိုင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။ "အစ်မကြီးရယ် အနည်းဆုံးတော့ ငါလည်း အကျိုးဆောင်တာလေး နည်းနည်းပါးပါး လုပ်ခဲ့သေးတာပဲ။ ငါက ချီးကျူးစကားကို မရနိုင်တော့ဘူးလား"
ရှမြန်က သက်ပြင်းချကာပြောလိုက်၏။
"ငါကတော့ နင့်ကို ကျေးဇူးအများကြီးတင်ပါတယ်လို့ပဲ ပြောရတော့မယ်။ ဒါပေမဲ့လည်း နင်တို့တွေ ငါ့အတွက် ဒီလိုစွန့်စားနေတာမျိုးကို မလုပ်ဖို့မျှော်လင့်သေးတယ်။ နင်တို့ဆီမှာ တစ်ခုခုသာ ဖြစ်လာခဲ့မယ်ဆိုရင် ငါက အပြစ်မကင်းတော့ဘူး"
ဟန်ဟောက်ရန်က မေးလိုက်၏။ "သူတို့တွေက နင့်ကို ပြဿနာလာရှာမှာကို ဒီအတိုင်း စောင့်ကြည့်စေချင်နေတာလား"
ကျောက်ချန်းကလည်း ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ငါတို့တွေ တစ်ခါရန်ဖြစ်ပြီးသွားပြီ။ တကယ်လို့ သူတို့တွေ တစ်ခါ ထပ်လာရဲသေးမယ်ဆိုရင် ငါတို့ကို သေချာပေါက်ပြောရမယ်နော်။ ဒီကိစ္စကို သူတို့တွေကို အနိုင်မရမချင်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
"ဒီကိစ္စက ဒီလိုဖြေရှင်းလို့မရဘူးဆိုတာ နင်လည်းသိသားပဲ" ရှမြန်က ပြောလိုက်သည်။
"ဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် ရန်ဖြစ်ပြီး အငြင်းပွားနေတာက သက်ရောက်မှုအနည်းဆုံးနဲ့ အန္တရာယ်အများဆုံးနည်းလမ်းပဲ။ ပြီးတော့ ဒါကလက္ခဏာကိုပဲ ကုသရာကျပြီး အမြစ်ဖြတ်နိုင်မှာ မဟုတ်ဘူးလေ။ ဒါက လုံးဝကို အသုံးမဝင်တဲ့နည်းလမ်းတစ်ခုပါ။ ဒီတော့ ဒီကိစ္စကို အပြင်းအထန်ကန့်ကွက်တယ်"
"အထူးသဖြင့် ကျောက်ချန်း။ နင်လေ ရဲသင်တန်းကျောင်းကို လျှောက်ဦးမှာ မဟုတ်လား" ရှမြန်က ကျောက်ချန်း၏နဖူးပေါ်က အမာရွတ်ကိုကြည့်ကာ ပြောလိုက်လေသည်။ "ရဲသင်တန်းကျောင်းရဲ့ ရုပ်ပိုင်းဆိုင်ရာစာမေးပွဲက အရမ်းကို တင်းကြပ်တာနော်။ အမာရွတ် ရှိလို့မရတဲ့ နေရာတွေမှ အများကြီးပဲ။ နင်က အဲဒီလူမိုက်လေးတွေကြောင့် နင့်အနာဂတ်ကို ဖျက်ဆီးချင်နေတာလား"
"ဒီလေသံက ဘာဖြစ်လို့များ ငါတို့ရဲ့အတန်းပိုင်ဆရာမနဲ့ တူနေတာလဲ" ကျောက်ချန်းမှာ ဆွံ့အသွားတော့သည်။ "ဒါဆိုရင် ငါ့ကိုပြောစမ်းပါဦး။ ငါတို့တွေက ဘာလုပ်နိုင်မှာလဲ"
"ငါပြောပြရင်တောင်မှ နင် နားလည်မှာ မဟုတ်ပါဘူး" ရှမြန်က အလွန်မှ စိုးရိမ်ပူပန်နေသည့်ရုပ်ဖြင့် ပြောလိုက်လေသည်။
"ငါ ဒီကိစ္စကိုဖြေရှင်းမှာပါ။ နင်တို့ကသာ နင်တို့ကျောင်းစာကိုပဲ အာရုံစိုက်ထား။ အချိန်တန်ရင် နင်တို့တွေ နားလည်လာလိမ့်မယ်"
ကျောက်ချန်း: ဘယ်သူက ဘယ်သူ့ကို ကာကွယ်နေတာလဲ။
ဟန်ဟောက်ရန်: ငါက မလိုအပ်တဲ့ကိစ္စကို လုပ်ခဲ့မိတယ်လို့ ဘာလို့များခံစားမိနေပါလိမ့်။
မည်သို့ဆိုစေ သူတို့နှစ်ယောက်သည် ရှမြန်ကို မပြောဘဲ သာ့ကျင်း ၈ယောက်တို့နှင့် အသေအကျေ ရန်ဖြစ်ကြမည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။
ရလဒ်အနေနှင့် တစ်ပတ်အတွင်းမှာပင် အမှတ်၁၄အထက်တန်းကျောင်းမှ ထိုသာ့ကျင်း ၈ယောက်တို့သည် ရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့်သတင်းကို ကြားလိုက်ရ၏။
ကျောက်ချန်းနှင့် ဟန်ဟောက်ရန်တို့မှာ ထိုအကြောင်းကို ရှမြန်အား ပြောပြဖို့ရန် ဝမ်းသာအားရ အပြေးရောက်လာတော့သည်။
ရှမြန်က သူတို့နှစ်ယောက်ကို မော့ကြည့်လိုက်ကာ ပြောလိုက်၏။
"ဒါက အကောင်းဆုံးနဲ့ အခြေခံအကျဆုံးဖြေရှင်းချက်လို့ နင်တို့တွေလည်း ထင်ပါတယ်။ ဟုတ်တယ်မလား"
ဟန်ဟောက်ရန်က သူမ၏တည်ငြိမ်နေသည့်မျက်နှာထားကို ကြည့်လိုက်ပြီး တအံ့တဩဖြင့် မေးလိုက်လေသည်။ "နင်ပြောချင်တာက နင် ဒီကိစ္စကို လုပ်လိုက်တာလား"
ကျောက်ချန်းသည် ရုတ်တရက် ဉာဏ်ပွင့်သွားသယောင် ခံစားလိုက်ရ၏။ ဒါက ကျောက်ချန်း အရင်ဆုံး ခံစားလိုက်ရတဲ့ ပုံစံပဲမဟုတ်ဘူးလား။
သို့သော်ငြားလည်း သူက သိချင်နေဆဲဖြစ် လေသည်။ "နင် ဘာလုပ်ခဲ့တာလဲ။ သူတို့တွေ ဘာလို့အဖမ်းခံလိုက်ရတာလဲ"
ရှမြန်က ပြောလိုက်သည်။
"သူတို့တွေက ဆိုးဝါးတဲ့အကျင့်စရိုက်ရှိတဲ့ လူမိုက်တွေပဲလေ။ လုယက် ငွေညှစ်တယ်ဆိုတာကိုက ရာဇဝတ်မှု မြောက်နေပြီ။ သူတို့တွေ အဖမ်းခံရတာက ထူးဆန်းလို့လား"
သူမက စကားပြောနေချိန်မှာပင် ရွှီဖေးသည် ပျော်ရွှင်စွာဖြင့် ပြေးဝင်လာပြီး "စီနီယာ"
ဟန်ဟောက်ရန်က ပြောလိုက်သည်။ "အဲဒါက သာ့ကျင်း ၈ယောက်တို့ ပစ်မှတ်ထားခံရတဲ့ သိုးလေး မဟုတ်လား။ မဟုတ်မှလွဲရော နင်တို့နှစ်ယောက်..."
ရွှီဖေးက ခေါင်းညိတ်လိုက်ကာ တောက်ပနေသည့်မျက်လုံးများဖြင့် ရှမြန်ကို ကြည့်လိုက်လေသည်။
"စီနီယာအစ်မ ကျွန်တော် စာကြိုးစားပြီးတော့ နောက်ဆိုရင် ရှေ့နေတစ်ယောက် ဖြစ်လာချင်တယ်"
"ဥပဒေက တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ"
ရှမြန်က သူ့ပခုံးကို လှမ်းပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"နင်က တကယ်တော်တဲ့ ရှေ့နေတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါလည်း ထင်တယ်။ ကြိုးစားထားနော်"
ရှမြန်သည် လေးနက်နေပြီး ဒီကလေးကတော့ အံ့သြစရာကောင်းနေလေသည်။
သူမက ထိုအချိန်က သူ့ကို စကား၁ခွန်း၊ ၂ခွန်းသာ သာမန်ကာလျှံကာ ထောက်ပြခဲ့သော်ငြားလည်း သူသည် သက်ဆိုင်ရာဥပဒေများကို သေသေချာချာ ရှာဖွေကြည့်ရှုလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။
ထို့နောက်တွင်တော့ လုံလောက်သည့် ဆွဲဆောင်မှုကို ရရှိစေရန်အလို့ငှာ ကလေးက သူ့အဖေ၏ ရွှေနာရီကို ယူလာခဲ့ပြီး ကိုယ့်ဟာကိုယ် ရက်ပေါင်းများစွာ ထမင်းအငတ်ခံထားလိုက်လေသည်။
ရွှေနာရီက အလွန်မှ တန်ဖိုးရှိ၏။ ထို့ကြောင့် သူတို့သည် ဒါကိုရောင်းဖို့ရန် နေရာတစ်ခု ရှာဖွေခဲ့လျှင် သူတို့သည် ဒီပစ္စည်းကို သိမ်းထားနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဒီလူ၈ယောက်က သူတို့အကြားတွင်ပင် ဒီလုယက်ပစ္စည်းကို ခွဲဝေဖို့ဆုံးဖြတ်လိုက်ကြသည်။ ရွှီဖေးသည် အမှုကို သွားရောက်တိုင်ကြားသည့်အချိန်တွင် ဗိုက်ဆာလွန်းသဖြင့် ရဲစခန်းရှေ့၌ သတိလစ်သွား၏။ သူ့အဖေဖြစ်သူက ရောက်လာပြီး သူ့သား၏ ထမင်းစရိတ်အားလုံးက လုယက်ခံလိုက်ရကာ သူ၏ ရွှေနာရီကလည်း ခြိမ်းခြောက်ငွေညှစ်ခံရသည်ကို သိလိုက်ပြီးသည်နောက်တွင် သူကလည်း သေချာပေါက် ဒါကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ရွှီဖေး၏ မိသားစုသည် ချမ်းသာလေသည်။ သူ့အဖေက ပါဝင်ပတ်သက်လာပြီး အဖိုးတန်ပစ္စည်းများကလည်း ပါဝင်ပတ်သက်လာသည်နှင့် တစ်ပြိုင်နက် ထိုကြီးမားသည့် နောက်ခံမရှိသည့် လူမိုက်လေးများမှာ အလိုလို အဖမ်းခံရလေတော့သည်။
လုယက်မှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ရာဇဝတ်မှုများ အားလုံးက ပါဝင်ပတ်သက်နေ၏...
ဒါက မိဘများ၏အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့လေသည်။
လိုရင်းကို ပြောရလျှင်တော့ ခဲ၁လုံးနှင့် ငှက်၂ကောင်ကိုပစ်ခဲ့ခြင်းပင်။
"တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ငါတို့ရန်ပွဲက အလကားဖြစ်သွားတာ မဟုတ်လား" ကျောက်ချန်းက မသဲမကွဲရေရွတ်လိုက်၏။
"ဟုတ်တယ် နင့်ခေါင်းနဲ့ နင့်လက်မောင်းပေါ်ကဒဏ်ရာတွေက အကုန်လုံးအချည်းနှီးပဲ" ရှမြန်က လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။ "ဒါကြောင့် စာကြိုးစားပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နင်က အမြဲတမ်း ဦးနှောက် မရှိတဲ့အလုပ်တွေကိုပဲ လုပ်နေတော့မှာ"
ကျောက်ချန်းသည် ဒီတစ်ကြိမ်တွင်တော့ ပါးနပ်လာ၏။ "ဒါက ကျောင်းစာနဲ့ ဘာမှမဆိုင်ပါဘူး။ ဟန်ဟောက်ရန်ကလည်း စာတော်တဲ့ကျောင်းသားတစ်ယောက်ပဲ။ ဒါပေမဲ့ သူလည်း ပေါက်ကရအလုပ်တွေကို လုပ်ခဲ့တာပဲ မဟုတ်ဘူးလား"
ဟန်ဟောက်ရန်...
ဒီကိစ္စတွေက သူ ပုံမှန်ဆိုရင် အမြဲတမ်း ကြွားလုံးထုတ်နေတဲ့ဟာတွေပဲလေ။ သူတို့နားရောက်မှပဲ ငါက ငတုံးတစ်ယောက်လို ပြုမူနေတယ်လို့ ဘာဖြစ်လို့များပြောနေပါလိမ့်။
တုံးအနည်းတစ်မျိုးများလား။
ရှမြန်ကတော့ ဖြောင့်မတ်မှန်ကန်စွာ ပြောလိုက်လေသည်။
"အရေးကြီးတာပေါ့။ တကယ်လို့ နင်တို့တွေစာမကြိုးစားဘဲ ရန်ပဲဖြစ်နေမယ်ဆိုရင် ဒါက တရားမ၀င်တဲ့ လူမိုက်တွေကြားကရန်ပွဲလေ။ တကယ်လို့ နင်တို့တွေက စာကြိုးစားပြီး ရဲသင်တန်းကျောင်းကို တက်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီတိုက်ခိုက်မှုက သူရဲကောင်းဆန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်လာပြီး ချီးကျူးခံရလိမ့်ဦးမယ်"
"နင်တို့က ဘယ်တစ်ခုကိုရွေးချယ်ချင်လဲ"
ကျောက်ချန်းနှင့် ဟန်ဟောက်ရန်တို့က စာကြိုးစားပြီး ရဲသင်တန်းကျောင်း၀င်ခွင့်စာမေးပွဲကို အတူတူဖြေကြမည်ဟု အချင်းချင်း မြှောက်ပင့်နေကြသည်ကို ကြည့်လိုက်ပြီး ရှမြန်မှာ စိတ်အေးသွားကာ သက်ပြင်းချမိလေသည်။
ဒီအတန်းက ကျောင်းသူကျောင်းသားတွေကတော့ တကယ်ကိုပဲ ဦးဆောင်ရခက်ခဲလွန်းပါတယ်။
...