အပိုင်း(၁၃၅)
Vol. 9 Ch. 135
နေ့တိုင်း နောက်ကျသည့်အထိ အိပ်နိုင်သည့်ကံကောင်းသည့်နေ့ရက်များမှာ လျင်လျင်မြန်မြန် ကုန်ဆုံးသွားလေသည်။
မကြာမီတွင် ရှမြန်၏မွေးနေ့ ရောက်လာ၏။
မိသားစုတစ်ခုလုံးက စောစောစီးစီး အိပ်ရထကြသည်။ ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့က မောက်ဟွေ့လန်နောက် လိုက်သွားကာ အိပ်ရာထလာသည်နှင့် ချက်ချင်း နဥ်ရှောက်ယွင်၏အိမ်သို့ တန်းသွားလိုက်ကြသည်။ သူတို့သည် ရှမြန်အတွက် မွေးနေ့ကိတ်တစ်ခု သွားလုပ်ခြင်းဖြစ်သည်။
ရှောင်ဖုန်း၏ မွေးနေ့ကတည်းက မွေးနေ့ကိတ်ပြုလုပ်ပြီးကတည်းက ကလေး၃ယောက်သည် မိသားစုဝင်များ၏မွေးနေ့တွင် ကိတ်မုန့်စားရဖို့ရန် အမြဲတမ်းမျှော်လင့်လာကြလေသည်။
ထို့နောက်တွင်တော့ မိသားစုထဲက တစ်စုံတစ်ယောက် မွေးနေ့ရောက်လာသည့်အချိန်တိုင်း သူတို့မိသားစုသည် မွေးနေ့ကိတ်တခု ပြုလုပ်သည်မှာ ထုံးစံတစ်ခုဖြစ်လာတော့သည်။
ရှမြန်သည် ကျောင်းတက်ရောက်ပြီးသည့်နောက်ပိုင်းတွင် အချိန်မရှိတော့သဖြင့် သူမက တခြားသူများနှင့် ကိတ်မုန့်လုပ်နည်းကို သင်ပေးခဲ့သည်။ ရှ၀မ်ယွဲ့၊ မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့ အားလုံးက အလွန်မှ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ကြသည်။ ကိတ်မုန့်ကိုအလှဆင်သည့် သူတို့၏ အမျိုးမျိုးသော စွမ်းရည်မှလွဲလျှင် သူတို့လုပ်ထားသည့်ကိတ်မုန့်ကတော့ အရသာရှိပေ၏။
နောက်ပိုင်း ချန်းချန်းမွေးနေ့ပွဲ ရောက်သည့်အခါ ဟော်ရွှယ်ဝမ်က နဥ်ရှောက်ယွင်ကလည်း ချန်းချန်းအတွက် ကိတ်မုန့်တစ်ခု ကိုယ်တိုင် လုပ်ပေးချင်သည်ဟု ကြားသဖြင့် သူသည် တစ်နေရာရာမှနေ၍ ကိတ်မုန့်လုပ်သည့်ပစ္စည်းတစ်စုံကို မှာယူခဲ့သည်။ ကြက်ဥခေါက်တံ၊ အလှဆင်သည့်စားပွဲ၊ ကုတ်ခြစ်သည့်အတံ၊ ယောက်မ၊ အလှဆင်အိတ်စသည်တို့ကို အရာအားလုံးနီးပါး မှာယူခဲ့သည်။
လျှပ်စစ်ကြက်ဥခေါက်တံအနေဖြင့် ထိုပစ္စည်းများက ဒီခေတ်တွင် ရှားပါးလှသည်ဖြစ်ရာ ကိတ်ဆိုင်များ အားလုံးကလည်း စက်ကြီးများကိုသာ အသုံးပြုသဖြင့် ထိုပစ္စည်းကို ဝယ်ပြီးသည့်နောက်တွင် ထားစရာနေရာလည်း မရှိချေ။ ထိုကြောင့် နဥ်ရှောက်ပိုင်၏အိမ်က လျှပ်စစ်ပန်ကာမှာ ဖြုတ်ပြီးသွားသည်ကတည်းက ဘယ်တော့မှ ပြန်မတပ်ရတော့ချေ။
ထိုအကြောင်းကို ပြောလျှင် ချန်းချန်း၏မွေးနေ့ပွဲကလည်း အလွန်မှအမှတ်တရရှိလှသည်။
ထိုမျှလောက်လှပသည့် ပန်းချီကားများကို ဆွဲသားနိုင်သည့် နဥ်ရှောက်ယွင်က လက်တွေ့ကျကျ လုပ်ရသည့် အရည်အချင်းတွင်တော့ မတတ်သလောက်ဖြစ်နေသည်ဟု မည်သူကမှ မျှော်လင့်မထားချေ။
ဗာဟီရ များလွန်းလှသည့် အလုပ်အားလုံး ပြီးသွားသည့်နောက်တွင် ကျန်ရစ်ခဲ့သည့်အရာမှာ အမှိုက်ပုံတစ်ခုသာ ဖြစ်လေသည်။ နောက်ဆုံးတော့ အရင်က မီးဖိုထဲသို့ဘယ်တုန်းကမှ မဝင်ခဲ့ဖူးသည့် ဟော်ရွှယ်ဝမ်မှာ သားအမိနှစ်ယောက်က စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို မကြည့်ရက်တော့သဖြင့် သူက ကိုယ်တိုင်ချက်ပြုတ်သည့်တာဝန်ကိုလက်လွှဲယူခဲ့ရသည်။
နဥ်ရှောက်ယွင်က လုပ်နည်းကို ပြောပြရပြီး ဟော်ရွှယ်ဝမ်က လက်တွေ့အသုံးချကာ သူတို့နှစ်ယောက်သည် အပြင်ပန်းကလှသလောက် အတွင်းပိုင်းက ရုပ်ဆိုးလှသည့် ကိတ်မုန့်တစ်ခုကို အတူတူလုပ်ခဲ့ကြလေသည်။
ဟုတ်ပါသည်။ နောက်ဆုံးတော့ နဥ်ရှောက်ယွင်က ရုပ်ဆိုးနေသည့်ကိတ်မုန့်ကို လှလှပပလေး ဖြစ်ရန် အလှဆင်အိတ်ကို သုံးကာ ကိတ်မုန့်ကို အလှဆင်ပေးခဲ့သည်။
သို့သော်ငြားလည်း ချန်းချန်းက ဆုတောင်းပြီး ကိတ်မုန့်ခွဲသည့်အချိန်တွင်တော့ အားလုံးမှာ ကိတ်မုန့်ကိုစားရင်း ရယ်မောကြတော့သည်။ အထဲတွင် မဲနက်နေသည့်ကိတ်မုန့်ကိုသာ တွေ့ရ၏။
ချန်းချန်းသည် ဟော်ရွှယ်ဝမ်၏ရင်ခွင်ထဲတွင်ထိုင်ကာ အထူးတလည် ပြုံးနေတော့သည်။
သူက ဟော်ရွှယ်ဝမ်၏လည်ပင်းကို ဖက်လိုက်ပြီး ပျော်ရွှင်စွာပြောလိုက်၏။ "ဖေဖေ ဒါက သားစားဖူးတဲ့ မွေးနေ့ကိတ်မုန့်ထဲမှာ အရသာအရှိဆုံးပဲ။ နောက်တစ်နှစ်ကျရင်လည်း သားအတွက် လုပ်ပေးလို့ရမလား"
ဟော်ရွှယ်ဝမ်သည် အခိုက်အတန့် မှင်တက်အံ့သြသွားပြီး သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝေ့တတ်လာကာ သူသည် ချန်းချန်းကို တင်းနေအောင်ပွေ့ဖက်ထားပြီး နဥ်ရှောက်ယွင်ကိုပြုံးရင်း ပြောလိုက်သည်ကို ရှမြန်ကတွေ့လိုက်ရ၏။ "အခုအချိန်ကစပြီး အချိန်အားလပ်နေသရွေ့ သူ့အတွက် မွေးနေ့ကိတ်တစ်ခု လုပ်ပေးမယ်"
နဥ်ရှောက်ယွင်က ချန်းချန်း၏ပန်းပွင့်လေးလို ပြုံးနေသည့်မျက်နှာကို ကြည့်လိုက်ပြီး သိမ်သိမ်မွေ့မွေ့ ခေါင်းညိတ်ပြလိုက်၏။
အကြိမ်ပေါင်းများစွာတွင် လူများလိုအပ်သည့်အရာက ပြီးပြည့်စုံသည့်ရလဒ်တစ်ခု မဟုတ်ဘဲ နှလုံးသားအပြည့်ပါသည့် လုပ်ငန်းစဉ်တစ်ခုသာဖြစ်လေသည်။
နဥ်ရှောက်ယွင်က တစ်ဖက်လူများကို ဖြည်းဖြည်းချင်းမည်သို့ ယုံကြည်အားကိုးရမည်ကို စတင်လေ့လာနေသည်နှင့်အမျှ ဟော်ရွှယ်ဝမ်ကလည်း သူ့ကိုယ်သူ ဖော်ပြရာတွင်တဖြည်းဖြည်း ပိုကောင်းလာတော့သည်။
ရှမြန်သည် သူတို့နှစ်ယောက်အကြားက တိကျသည့်တိုးတက်မှုအကြောင်းကို သေချာ မသိသော်ငြားလည်း ထိုအချိန်ကစပြီး မိသားစုက ကိတ်မုန့်လုပ်သည့်အချိန်တိုင်း သူတို့သည် နဥ်ရှောက်ယွင်အိမ်သို့ ချက်ချင်းသွားကြတော့သည်။
ယနေ့သည် ရှမြန်၏မွေးနေ့ ဖြစ်၏။ ထို့ကြောင့် မောက်ဟွေ့လန်က မနက်စောစောထကာ ကိတ်မုန့် လုပ်ပေးမည့်တာဝန်ကို ယူထားသည်။ ရှောင်ဖုန်းနှင့် ဟွေ့ကျူးတို့ကလည်း ပါဝင်ချင်ကြသဖြင့် သူတို့ကလည်း အတူတူလိုက်လာကြသည်။
ရှမြန်အတွက်တော့ သူမသည် နဥ်ရှောက်ပိုင်၏အိမ်ကို တန်းသွားလိုက်ကာ အသက်၁၈နှစ်ပြည့် ပထမဦးဆုံး မွေးနေ့လက်ဆောင်ကို ဝမ်းသာအားရ လက်ခံခဲ့လေသည်။
နဥ်ရှောက်ပိုင်သည်လည်း အစောကြီးကတည်းက စောင့်စားနေဟန်တူ၏။ သူသည် ဆိုဖာပေါ်တွင် ပျင်းရိလေးတွဲစွာ လဲလျောင်းနေပြီး ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားကာ သူ့မျက်လုံးများကတော့ မှိတ်ပြီးအနားယူနေပြီး အိပ်ချင်မူးတူး ဖြစ်နေသည်။ ရှမြန်၏ ရှုထောင့်မှဆိုလျှင် သူ၏ ပြေပြစ်သည့်မေးရိုး၊ နှာတံမြင့်မြင့်၊ ရှည်လျားသည့်မျက်တောင်များကပင် အထူးတလည် လှပနေလေသည်။
သူသည် ယနေ့တွင်တော့ ကိုယ်ကျပ်ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး အင်္ကျီလက်များကို တံတောင်ဆစ်အထိ ပုံမှန်အတိုင်း လိပ်တင်ထားသည်။ ရာသီဥတုပူပြင်းသဖြင့် သူက အပေါ်ဆုံး ကြယ်သီး၂လုံးကို မတပ်ဘဲထားထားကာ သူ၏လှပသည့်ညှပ်ရိုးကို လှစ်ပြထားပြီး အင်္ကျီအသားစ၏ အောက်တွင် ဖုံးကွယ်ထားသည့် ဆွဲဆောင်မှုရှိသည့် ကြွက်သားလှိုင်းများကလည်း ပေါ်လွင်နေသည်။
ရှမြန်သည် အမှတ်တမဲ့ တံတွေးမျိုချမိ၏။
ဒီနေ့ကျမှပဲ သူက ဘာဖြစ်လို့အဲဒီလောက်အထိ ဆွဲဆောင်မှုရှိနေပါလိမ့်။
သူမသည် သူမ၏အရင်ဘဝက ထိုအစ်မများက သူမ၏ ဝမ်းဗိုက်ကြွက်သားကို သွားရည်ကျသည့်အကြောင်းကို ရုတ်တရက် နားလည်သွားတော့သည်။ သူမမှာ ထိုကြွက်သားများကို မနေနိုင်တော့ဘဲ ထိကိုင်ချင်စိတ်ပင် ဖြစ်သွား၏။ ယခုတော့ သူမကလည်း ထိုသို့လုပ်ဖို့ရန် အနည်းငယ် စိတ်အားထက်သန်နေသည်။
နဥ်ရှောက်ပိုင်သည် ဆူညံသံကို ကြားလိုက်သည့်အချိန်တွင် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ရင်ဘတ်ကို စိုက်ကြည့်နေသည့်ရှမြန်ကို တွေ့လိုက်ရ၏။ သူက ခေါင်းကိုငုံ့ကာ သူ့အင်္ကျီကို ကြည့်လိုက်ပြီး ကြယ်သီးကိုတပ်ဖို့ရန် သူ့လက်ကို မြှောက်လိုက်ပြီးနောက် အထင်သေးစွာ ပြောလိုက်လေသည်။
"မင်း မိန်းကလေးရောဟုတ်သေးရဲ့လား။ နည်းနည်းလေး ပိုပြီး ထိန်းထိန်းသိမ်းသိမ်းလေး နေလို့မရဘူးလား"
ရှမြန်က ချက်ချင်းဆိုသလို သူ့ပေါ်ခုန်တက်လိုက်ကာ သူ့လက်ကိုဖမ်းဆွဲထားလိုက်ပြီး သွားရည်ကျနေသည့်ဟန် ဆောင်ပြလိုက်သည်။
"ဒီမယ် ဒီမယ် ရှင်က ဒီစကားကို ဘာသဘောနဲ့ပြောတာလဲ။ ရှင်က ကျွန်မကို လူယုတ်မာတစ်ယောက် ဖြစ်အောင် ပြောနေတာပဲ"
"အရမ်းပူရတဲ့ကြားထဲ ကြယ်သီးတပ်မနေနဲ့တော့" ရှမြန်က အော်ရယ်လိုက်ပြီး "ကျွန်မတို့တွေက မိတ်ဆွေတွေပဲလေ။ ကျွန်မရှေ့မှာ အဲဒီလောက်အထိ ယဉ်ကျေးမနေပါနဲ့။ နည်းနည်းလေးပိုပြီး အေးမြသွားတယ်ဆိုရင်လည်း အဆင်ပြေတာပါပဲ"
သူမက ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သူမ၏လက်ကို ဆန့်ထုတ်လိုက်ကာ တစ်ဖက်လူ၏ နောက်ထပ်ကြယ်သီးတစ်လုံးကို ဖြုတ်ပေးဖို့ရန် ပြင်လိုက်လေသည်။ နဥ်ရှောက်ပိုင်က သူမ၏လက်ကောက်ဝတ်ကို မြန်မြန်ဖမ်းဆွဲထားလိုက်ပြီး ပြောလိုက်လေသည်။ "ကလေးမ ကိုယ့်ဟာကိုယ်ဆင်ခြင်စမ်း။ မင်း ဂရုမစိုက်ရင် ငါ မင်းကို တာဝန်ယူရအောင် လုပ်ပစ်လိုက်မယ်နော်"
ရှမြန်က သူမ၏နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး လူယုတ်မာဆန်ဆန် ပြောလိုက်လေသည်။
"ကျွန်မ ဒီထက်ပိုပြီး မတောင်းဆိုတော့ပါဘူး။ ကိုလူချောလေး ကျွန်မစကားကို နားထောင်လိုက်ပါ။ ရှင် ဘာတစ်ခုမှ မဆုံးရှုံးစေရဘူးလို့ ကျွန်မ ကတိပေးတယ်"
"တကယ်လား" နဥ်ရှောက်ပိုင်က ရုတ်တရက်ပြုံးလိုက်ပြီး သူ့မျက်လုံးထဲတွင် ချစ်မြတ်နိုးမှုအပြည့်ဖြင့် အကဲခတ်နေသည့်နှယ် ရှမြန်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်လေသည်။
မိန်းကလေးသည် ပန်းပွင့်ပုံ အဖြူရောင်ခါးစည်းဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ယင်းက သူမ၏ခန္ဓာကိုယ်လေးကို ပိုပြီးသေးသွယ်ကာ ချစ်စဖွယ်ကောင်းနေစေ၏။
ရှမြန်သည့် x ray ဖြင့် စကန်ဖတ်ခံရသလို ခံစားလိုက်ရတော့လေသည်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည့် ခံစားချက်တစ်ခုက သူမ၏နှလုံးသားထဲတွင် တိုးထွက်လာလေသည်။ သူမက မြန်မြန်ပြန်ထိုင်ချလိုက်ပြီး လိမ်လိမ်မာမာလေးဖြင့် ပြောလိုက်လေသည်။ "ဒေါက်တာနဥ် နားဖောက်ကြရအောင်ပါ"
နဥ်ရှောက်ပိုင်က လက်ကိုဆန့်လိုက်ပြီး သူမ၏ဆံပင်ကို လှမ်းဆွဲထားလိုက်၏။ "ဆံပင်ကို အပေါ်တင်ထား"
"ဘယ်နားမှာ ထားရမှာလဲ" ရှမြန်က မေးလိုက်သည်။
"အဲဒီနားမှာပဲ အဲဒီနားမှာ အလင်းရောင်ရတယ်" နဥ်ရှောက်ပိုင်က ပြောလိုက်ပြီးထရပ်ကာ ဘေးအခန်းသို့ ဝင်သွားလေသည်။ ခဏအကြာတွင် သူသည်ဆေးသေတ္တာဘူးတစ်ခုနှင့် ဘူးငယ်လေးတစ်ခုကို ယူကာပြန်ထွက်လာ၏။
ရှမြန်သည် ဗူးငယ်လေးထဲက နားကပ်များကို အရင်ဆုံးတွေ့လိုက်ရ၏။
"ဝိုး လှလိုက်တာ။ ဒါတွေက နားဖောက်ဖို့အတွက် အထူးတလည်သုံးထားတဲ့ ပစ္စည်းတွေပဲ။ ကျွန်မ ဒီနေ့ ဒါကို ဝတ်လို့ရလား"
နဥ်ရှောက်ပိုင်က နားကပ်များကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"မထိနဲ့တော့ အဲဒါတွေကိုပိုးသတ်ထားပြီးပြီ"
ရှမြန်က သူမ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ ပြောလိုက်လေသည်။
"ကျွန်မ နှင်းပွင့်ပုံစံ တစ်ခုလိုချင်တယ်"
နဥ်ရှောက်ပိုင်က သူ့ဘေးကထိုင်ခုံကို လက်ဖြင့်ပုတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"သိပြီ ဒီနားမှာလာထိုင်"
ရှမြန်ကထိုင်ချလိုက်ပြီး သူမ၏နားကိုသတိလေးဖြင့် ထုတ်ပြထားလိုက်သည်။
နဥ်ရှောက်ပိုင်က သူမ၏နားသီးကို ရေခဲအိတ်ဖြင့် အရင်ဆုံး ထိပေးလိုက်ပြီး ရှမြန်မှာ တွန့်သွားတော့သည်။
"ရေခဲလား"
ရှမြန်က ပြောလိုက်သည်။
"မင်း ဒါကို အသားကျသွားဖို့ပဲလိုတာပါ။ ပူပြင်းတဲ့နွေရာသီမှာ ရေခဲအိတ်ကို သုံးတာက အရမ်းအဆင်ပြေတယ်လေ။ ဒါက တစ်ခုခုနာကျင်တာကို ခံစားရမှာထက်တော့ ပိုပြီးတော့ကောင်းတာပေါ့"
ရှမြန်က နဥ်ရှောက်ပိုင်သည် သူ၏အေးစက်နေသည့် ရေခဲအိတ်ကိုင်ထားသည့်လက်ချောင်းများဖြင့် သူမ၏နားသီးကို ခဏလောက် ဖိကိုင်ထားလိုက်ပြီးနောက် ရေခဲအိတ်ကို ပြန်ကပ်ထားပေးလိုက်သည်တွင် ရှမြန်က ဘာမှမခံစားရတော့ချေ။
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ သူ၏ခန္ဓာကိုယ်အနေအထားကို ဆက်တိုက်ချိန်ညှိနေပြီး အနည်းငယ် နေရခက်နေဟန်တူကာ ရှမြန်၏လည်ပင်းကလည်း ဆန့်ထားရသဖြင့် အနည်းငယ် တောင့်တင်းနေဟန်တူသည်။
သူမ၏မျက်လုံးများက နဥ်ရှောက်ပိုင်၏ပေါင်ဘေးက ခေါင်းအုံးလေးဆီသို့ ရောက်ရှိသွားပြီး မေးလိုက်၏။
"ဒေါက်တာနဥ် ဒါကိုဘယ်လောက်ကြာကြာ ကပ်ထားရမှာလဲ။ ရှင့်လက်တွေမနာဘူးလား"
နင်ရှောင်ပိုင်က သူမ၏ရည်ရွယ်ချက်ကို သတိထားမိဟန်မတူချေ။ သူ့ခန္ဓာကိုယ်ကို မသိမသာလေး ထပ်လှည့်လိုက်ကာ သတိပေးလိုက်လေသည်။
"မလှုပ်နဲ့" ရှမြန်၏မျက်လုံးများက စွေစောင်းသွားပြီး သူမက နဥ်ရှောက်ပိုင်၏ပေါင်ပေါ်သို့ ခေါင်းအုံးငယ်လေးကို မြန်မြန်တင်လိုက်ကာ လှဲချလိုက်တော့သည်။
နဥ်ရှောက်ပိုင်၏ ဆွံ့အနေသည့်မျက်နှာကိုမော့ကြည့်ရင်းလသူမက ခပ်တိုးတိုးရယ်မောလိုက်၏။
"ဒါကမှ အရမ်းကို အဆင်ပြေသွားတာလေ"
"ဒီခန္ဓာကိုယ်အနေအထားက ရင်းနှီးနေသလိုပဲ။ ဪ ဟုတ်တယ်နော်" ရှမြန်က ရုတ်တရက် သတိရသွားသည်။ "ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ဒီလိုပုံစံနဲ့ ရှင် ကျွန်မရဲ့နားကပ်တွေကို ကူပြီးတော့ ချွတ်ပေးခဲ့တာလေ"
သူမက လူညစ်လေးတစ်ယောက်လို ပြောလိုက်လေသည်။
"ကျွန်မက ဒီပေါ်မှာတခါလောက် လှဲပြီးပြီပဲ။ ဒီတော့ ဒုတိယအကြိမ်၊ တတိယအကြိမ် ဖြစ်သွားလည်း ဘာအရေးလဲ" သူမသည် ထမလာဖို့ ရန်ဆုံးဖြတ်ချက်ချထားပြီးသည်မှာ သိသာလေသည်။
နဥ်ရှောက်ပိုင်သည် သူမကို ဘာမှမလုပ်နိုင်သယောင်ရှိနေ၏။ ထို့ကြောင့် သူက မတတ်သာတော့ဘဲ အထင်သေးသလိုဖြင့် ပြောလိုက်လေသည်။ "ဒီနေ့ မင်းရဲ့မွေးနေ့ ဖြစ်နေလို့နော်"
ရှမြန်၏အစီအစဉ်က အောင်မြင်သွားလေသည်။ သူမက ပြုံးလိုက်ပြီး ရုတ်တရက် သတိရသွား၏။
"ဪ နောက်ထပ်တစ်ဖက်လည်း လုပ်ရဦးမှာပဲ"သူမက ထရန်ပြင်လိုက်လေသည်။
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကိုကိုင်ထားကာ ပြောလိုက်၏။ "မလုပ်နဲ့။ မင်းဒီဘက်တစ်ခြမ်းကို အရင်ဆုံး နားဖောက်လည်း အတူတူပဲ"
"ဒါဆိုရင် တခြားတစ်ဖက်မှာ ရေခဲကပ်ထားတာက အလကားဖြစ်သွားမှာပေါ့" ရှမြန်က ပြောလိုက်သည်။
နဥ်ရှောက်ပိုင်ကတော့ အေးအေးလူလူဖြင့် ပြောလိုက်၏။ "ဒါက ၁မိနစ်၊၂မိနစ်လောက်ပဲကြာမှာပါ"
ထို့နောက်တွင်တော့ ရှမြန်က မလှုပ်မယှက်လဲလျောင်းနေလိုက်ပြီး စိတ်အေးသွားသလို ခံစားလိုက်ရလေသည်။
သို့သော်ငြားလည်း သူမ မမြင်နိုင်သည့်တစ်နေရာတွင်တော့ တစ်စုံတစ်ယောက်က မျက်လုံးထဲတွင် အပြုံးတစ်ခုဆောင်ထားခဲ့သည်ကိုတော့ သတိမထားမိခဲ့ချေ။
ရေခဲတုံးက နားသီးအပေါ်ခံစားချက်ကို မြန်မြန် ထုံထိုင်းသွားစေလေသည်။ ထို့နောက်တွင်တော့ နဥ်ရှောက်ပိုင်က ပဲပိစပ်တစ်ခုကို ကောက်ယူလိုက်သည်ကို ရှမြန်က မြင်လိုက်ရသဖြင့် ကပျာကယာမေးလိုက်၏။
"ရှင်က နားသီးကိုလည်း ပွတ်ဦးမှာလား"
နဥ်ရှောက်ပိုင်က သူမ၏လက်ကို ပုတ်ထုတ်လိုက်ပြီး သူမကိုငုံ့ကြည့်ကာ ပြောလိုက်လေသည်။
"ဘာလဲ မင်းက ငါ့ကိုမယုံဘူးလား"
ရှမြန်က ချက်ချင်းပြန်လှဲချလိုက်၏။
"ဖြစ်ပါတယ်"
သူမသည် ဘော့စ်ပြောသမျှ အရာအားလုံးကို ယုံကြည်ပေသည်။
နဥ်ရှောက်ပိုင်က သူမ ကြောက်ရွံမှာကို စိုးရိမ်နေသည့်နှယ် ပြုံးလိုက်လေသည်။ သူက လက်တစ်ဖက်ကို သူမ၏ခေါင်းပေါ်တင်ထားပြီး သူမကိုအသာအယာ ချော့မြူပေးနေ၏။ ရှမြန်က တဖြည်းဖြည်း စိတ်အေးသွားတော့၏။
ထိုနောက်တွင်တော့ သူမသည် ဘော့စ်က အမှန်တကယ် ယုံကြည်အားကိုးရမှန်း တွေ့လိုက်ရ၏။
သူမ၏နားပေါ်တွင် နဥ်ရှောက်ပိုင်၏ လက်ချောင်းများဆီမှ အနွေးဓာတ်ကို သေသေချာချာ ခံစားနေရသည်။ သို့သော်ငြားလည်း ဘာနာကျင်မှုမှမရှိချေ။
သူမ၏ခေါင်းပေါ်တွင် ပုံမှန်ပွတ်သပ်ပေးနေသည့်လက်ကြီးက ရှမြန်၏မျက်ခွံများကို တဖြည်းဖြည်း လေးလံလာစေတော့သည်။ သူမသည် မွေးနေ့ပွဲအတွက် ဒီနေ့အစောကြီးထခဲ့ရပြီး ယခုတော့ သက်သောင့်သက်သာလေး လဲလျောင်းနေရသည်ဖြစ်ရာ မနေနိုင်တော့ဘဲ ငိုက်မြည်းလာတော့သည်။
...
ဟော်ရွှယ်ဝမ်မှာ ဝင်လာသည့်အချိန်တွင် မှင်တက်အံ့ဩရလေ၏။
ပင်မအဆောင်၏ တံခါးများနှင့် ပြတင်းပေါက်များကို အပြည့်ဖွင့်ထားပြီး သူသည် ပြတင်းပေါက်များမှတစ်ဆင့် ဆိုဖာပေါ်မှလူငယ်လေးနှင့် မိန်းကလေးတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
မနက်ခင်းနေရောင်ခြည်၏ သိပ်မပြင်းလှသည့် နေရောင်အောက်တွင် မိန်းကလေးသည် လူငယ်လေး၏ ပေါင်ပေါ်တွင် ခေါင်းကိုတင်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
ပုံမှန်ဆိုလျှင် ဖာသိဖာသာ ခံစားချက်မဲ့နေသယောင် လူငယ်လေးက လက်တစ်ဖက်တွင် မိန်းကလေး၏ နားသီးကို အသာအယာ ပွတ်သပ်ပေးနေပြီး ကျန်သည့်လက်တစ်ဖက်ကတော့ သူမပေါ်သို့ တိုက်ရိုက် ကျရောက်လာသည့် နေရောင်ခြည်ကို ကာကွယ်ပေးရန် သူမ၏မျက်လုံးကို အုပ်ထားပေးလေသည်။
အရင်က ဘယ်သူကမှ မမြင်ခဲ့ဖူးသည့် နူးညံ့မှုနှင့် အလိုလိုက်မှုများကို သူ့မျက်လုံးထဲတွင် တွေ့နေရသည်။
လူငယ်လေးသည် မကြာမီတွင် တစ်ခုခုကို သတိထားမိလိုက်ပြီး လှမ်းကြည့်လိုက်၏။
ဟော်ရွှယ်ဝမ်က သူ့အကြည့်ထဲတွင် ဖုံးကွယ်ထားခြင်း မရှိဘဲ လူငယ်လေးကို ကြည့်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် တိတ်တိတ်ကလေး ပြန်လှည့်ထွက်သွားတော့သည်။
...
ရှမြန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး တစ်စုံတစ်ယောက်က သူမ၏ခေါင်းကို ကိုင်ထားသည်ကို ရေးရေးလေး ခံစားမိခဲ့၏။
"ထတော့ ဖက်ပြောင်းမယ်"
ရှမြန်က သူမ၏မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် မက်မွန်ပွင့်ပမာ လှပသည့် နဥ်ရှောက်ပိုင်၏ မျက်လုံးများနှင့် တွေ့ဆုံသွား၏။ သူမသည် အခိုက်အတန့် အနည်းငယ်ဇဝေဇဝါဖြစ်သွားပြီး "ပြီးသွားပြီလား" သူမကနားကို ထိကြည့်လိုက်သည်။
နဥ်ရှောက်ပိုင်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာပြောလိုက်၏။
"ငါအိုင်အိုဒင်း လိမ်းထားပေးတယ် မထိနဲ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ပိုးဝင်သွားလိမ့်မယ်"
"နောက်တစ်ဖက်လှည့်"
"အံ့သြစရာကောင်းလိုက်တာ။ တကယ်ပဲ လုံးဝမနာဘူးတော့" ရှမြန်၏မျက်လုံးများသည် ဝိုင်းစက်သွား၏။ အကြောင်းမှာ သူမသည် ဘာနာကျင်မှုကိုမှ မခံစားခဲ့ရခြင်းကြောင့်ပင်။ နဥ်ရှောက်ပိုင်က သူမကို ဘက်ပြောင်းခိုင်းသော်ငြားလည်း သူမကမထလိုက်ဘဲ ကိုယ်ကိုသာ တိုက်ရိုက်လှည့်လိုက်ကာ အတွင်းဘက်ကို မျက်နှာမှုထားလိုက်လေသည်။
"ဟ "နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို မြန်မြန် ဖမ်းဆွဲထားလိုက်၏။
ရှမြန်က ဒီအတိုင်း တုံ့ပြန်လိုက်သဖြင့် သူမ၏နားကိုပွတ်သပ်မိလုနီးပါး ဖြစ်သွားတော့သည်။
သူမက ရှက်ရှက်နှင့် လျှာထုတ်ပြလိုက်ပြီး ထဖို့ရန်ပြင်လိုက်လေသည်။
နဥ်ရှောက်ပိုင်ကတော့ သူမကိုဖြေရှင်းဖို့ရန် နည်းလမ်းမရှိသည့်နှယ် သက်ပြင်းချလိုက်ပြီး "ထားလိုက်ပါတော့။ ဒီအတိုင်းပဲ ထားလိုက်တော့"
သူက ပြောရင်းဆိုရင်း သူ့ပေါင်ပေါ်ကခေါင်းအုံးကို နေရာချိန်လိုက်ပြီးနောက် ရှမြန်၏ခေါင်းကို နေရာပြန်ချထားလိုက်ကာ သူမ၏နားက သူ့ပေါင်နှင့် မပွတ်မိအောင် သေချာပြုလုပ်ထားလိုက်သည်။
ရှမြန်က အလိုလိုက်ခံနေရသယောင် ရှင်းမပြတတ်အောင် ခံစားမိလိုက်၏။
ရှမြန်က သူမ၏သက်ပြင်းရှည်ကြီးချသံကို ကြားလိုက်ရသည့်အခါ သူ၏အားနေသည့် လက်တစ်ဖက်ဖြင့် သူမ၏ဆံပင်ကို ဆွဲလိုက်ကာ ပြောလိုက်၏။ "မင်းက ဘာကိုသက်ပြင်းချနေတာလဲ"
ရှမြန်က သက်ပြင်းချလိုက်သည်။ "ဒေါက်တာနဥ် ရှင့်ရဲ့လက်တွဲဖော်ကတော့ အရမ်းကို ပျော်နေမှာပဲနော်..."
နဥ်ရှောက်ပိုင်က ခဏလောက်တုံ့ဆိုင်းသွားသည်။
"မင်းကဘာကိုပြောချင်တာလဲ"
သူမက သူမရှေ့က ရှပ်အင်္ကျီကိုကြည့်လိုက်လေသည်။ သူမသည် လက်တစ်ဖက်တည်းနှင့် ဆွဲဆောင်နေသည့် ဝမ်းဗိုက်ကြွက်သားကို ထိကိုင်ကြည့်လိုက်၏။
နဥ်ရှောက်ပိုင်က သူမ၏ရည်ရွယ်ချက်ကို အာရုံခံမိသွားသယောင် သတိဖြင့်ပြောလိုက်၏။
"ကိုယ့်ဟာကိုယ်ဆင်ခြင်စမ်း"
ရှမြန်မှာ ချက်ခြင်းဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူ့ကိုမြန်မြန်ထိလိုက်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။ "သူ့မှာ လက်တွဲဖော်မရှိတုန်း အခွင့်ကောင်းယူရမယ်"
နဥ်ရှောက်ပိုင်မှာ အံကြိတ်ထားဟန်တူသည်။
"သူက ရုပ်ချောတယ်။ အမိုက်စားခန္ဓာကိုယ်တစ်ခုလည်းရှိတယ်။ ဘာမဆိုလုပ်လို့ရတယ်" ရှမြန်က သူ့ကို အလောတကြီး ချီးမွမ်းလိုက်လေသည်။ ဒီအချိန်တွင် သူမသည် နှမြောတသသလို ဖြစ်သွားသည့်ရုပ်နှင့် ငိုချင်ဟန်ဆောင်လိုက်၏။ "ကျွန်မတို့တွေ လိင်စိတ်တိမ်းညွတ်မှု မတူတာကိုတော့ တကယ်မုန်းတီးမိတယ်။ ကျွန်မတို့တွေက အတူတူနေဖို့ ကံမပါလာဘူးပဲ"
နဥ်ရှောက်ပိုင်...
သူက ရှမြန်၏ အေးစက်နေသည့်ပါးလေးကို ဆွဲညှစ်လိုက်ပြီး သူ့မျက်လုံးများကို အန္တရာယ်ရှိသည့်ဟန် ကျဉ်းမြောင်းထားလိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ဘာဖြစ်လို့လဲ။ မင်းက ငါနဲ့ဆက်ဆံရေးတစ်ခု ရှိချင်လို့လား"
ရှမြန်သည် ဒရမ်မာချိုးနေသည့် စိတ်ဝိညာဉ်တစ်ခု ဝင်စားခံနေရပြီး ဝမ်းနည်းသည့်မျက်နှာတစ်ခုဖြင့် ပြောလိုက်၏။
"ကျွန်မအဲဒီကိစ္စကို အိပ်မက်မက်နေတာပါ"
"ကောင်းပြီလေ။ ငါလည်း အဲ့ဒီလိုလုပ်ချင်နေတာ" နဥ်ရှောက်ပိုင်က ပြုံးလိုက်သည်။
"လိင်အင်္ဂါခွဲစိတ်မှုကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်ကို ငါသိထားတယ်"
ရှမြန်...
တုန်ရင်သွားတော့သည်။
"ဒေါက်တာနဥ် ကျွန်မ မှားသွားပါတယ်။ ကျွန်မ ရှင့်ရဲ့အလှတရားကို မမက်မောသင့်ခဲ့ပါဘူး"
...