အပိုင်း(၁၃၈)
Vol. 10 Ch. 138
နဥ်ရှောက်ပိုင်သည် ဆေးသေတ္တာဘူးကို ယူလာပေးခဲ့သည်။ ရှမြန်သည် သူက သူမကို ဆေးလိမ်းပေးမည်ကို စောင့်ဆိုင်းနေ၏။ သူကတော့ မျက်နှာသေတစ်ခုဖြင့် သူမအား မှန်ငယ်လေးတစ်ခုကို လှမ်းပေးလိုက်ကာ သူမ၏ကျန်သည့်လက်တစ်ဖက်ထဲသို့ အိုင်အိုဒင်းဆေးကို ထည့်ပေးလိုက်သည်။
"ကိုယ့်ဟာကိုယ်လိမ်း"
ရှမြန်မှာ မျက်တောင်ခတ်မိလိုက်ပြီး သတိဖြင့် မေးလိုက်၏။ "ဒေါက်တာနဥ် ရှင် ဘာဖြစ်တာလဲ။ ရှင့်ကိုဘယ်သူ ဒေါသထွက်အောင်လုပ်ခဲ့တာလဲ"
နဥ်ရှောက်ပိုင်က သူမကို လျစ်လျူရှုထားလိုက်ကာ စာအုပ်ကို ပြန်ကောက်ယူပြီး စာဆက်ဖတ်နေလိုက်သည်။
ရှမြန်က သက်ပြင်းချလိုက်၏။ ဝှက်ဖဲကတောင်မှ အသုံးမဝင်တော့ဘူးပဲ။ ဒေါက်တာနဥ် ဒီကိစ္စက နည်းနည်းလေး အရေးကြီးသွားပြီနော်။
သူမသည် ဒီနေရာတွင်ပဲ ဆက်ထိုင်နေကာ သူ့ကိုတိတ်တိတ်လေး အဖော်လုပ်ပေးရမလား သို့မဟုတ် သူ့ကိုတစ်ယောက်တည်း ချန်ထားပြီး ထွက်သွားရမည်လား စဉ်းစားနေသည့်အချိန်တွင် မောက်ဟွေ့ကျူးက ရုတ်တရက် ပြေးဝင်လာ၏။ "အစ်မမြန် သမီးတို့တွေ အဲဒီမွေးပွဝက်၀ံရုပ်နဲ့ ကစားလို့ရလား"
ရှမြန်က ပြောလိုက်သည်။
"ရတယ်လေ။ သွားကစားကြ"
ကိုယ်ကို ပြန်လှည့်လာသည်တွင် ရှမြန်မှာ သူမကိုစိုက်ကြည့်နေသည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရသဖြင့် အလန့်တကြား ဖြစ်သွား၏။
"ဘာဖြစ်လို့လဲ"
နဥ်ရှောက်ပိုင်က သူ၏လက်ညှိုးဖြင့် စာအုပ်အထူကြီးကို တတောက်တောက် ခေါက်နေလိုက်ပြီး အေးအေးလူလူ ပြောလိုက်လေသည်။
"တကယ်တော့ ဒါက တစ်စုံတစ်ယောက်ဆီက မွေးနေ့လက်ဆောင်တစ်ခုပဲလေ။ အဲဒါကို ကလေးတွေကို ပေးကစားလိုက်တာက အဆင်ပြေရဲ့လား"
ရှမြန်မှာ နားမလည်နိုင်အောင် ဖြစ်သွား၏။
"တကယ်လို့ လက်ဆောင်ကို ကျွန်မကို ပေးပြီးသွားရင် ကျွန်မရဲ့ဟာပဲပေါ့။ ကလေးတွေကို ဘာဖြစ်လို့ စိတ်ရှိသလို ပေးဆော့လို့ မရမှာလဲ။ ဒါက ကလေးတွေ ကစားလို့ရတဲ့ မွေးပွအရုပ်လေးပဲ မဟုတ်လား"
"မင်းက အဲဒီမွေးပွအရုပ်လေးကို ဂရုတစိုက်နဲ့ တန်ဖိုးထားလိမ့်မယ်လို့ ထင်ထားခဲ့တာလေ"
နဥ်ရှောက်ပိုင်က ခဏလောက် ရပ်လိုက်ပြီး ဆက်ပြောလိုက်၏။ "နောက်ဆုံး ဒါက တစ်စုံတစ်ယောက်ရဲ့ ငယ်ရွယ်တဲ့ဘဝထဲက အဖိုးတန်တဲ့ လက်ဆောင်၁ခု မဟုတ်လား"
ရှမြန်က မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်၏။
"ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ဒီကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်ပါနဲ့တော့။ ကျွန်မမှာ ရည်းစားစာထည့်တဲ့ဘူးကိစ္စတောင် ရှင်နဲ့ စာရင်းမရှင်းရသေးဘူးနော်"
"ဂရုတစိုက်ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ပစ္စည်းတွေက အရေးကြီးတဲ့လူတွေ အတွက်ပါနော်။ ဟုတ်ပြီလား" ရှမြန်က ပြောလိုက်သည်။
"သာမန်လူတွေကတော့ ဒီအတိုင်း လက်ဆောင်အပေးအယူ လုပ်တာလောက်ပါပဲ။ တကယ်လို့ ရှင်က ဒီလက်ဆောင်တွေ အားလုံးကို တန်ဖိုးထားစေချင်တယ်ဆိုရင် ကျွန်မကိုလက်ဆောင်တွေသိမ်းဖို့ ခြံဝင်းအကြီးကြီးတစ်လုံး ပေးလိုက်ပေါ့"
"အဲဒီလိုပဲလေ။ သာမန်မိတ်ဆွေတွေဆီက မွေးနေ့လက်ဆောင်တွေက ကျေးဇူးတင်ဖို့ အကောင်းဆုံးအရာတွေပါပဲ။ အဲဒါတွေကို အဖိုးတန်တယ်လို့ သတ်မှတ်လို့ မရဘူးလေ။ ငါက ဟန်ဟောက်ရန်လောက် အရေးပါတဲ့လူမှ မဟုတ်ဘဲ"
"ကျွန်မက ဟန်ဟောက်ရန်အတွက် အရေးကြီးတဲ့သူမှမဟုတ်ပဲ"
"အဲဒီလိုမဟုတ်ဘူးလား" နဥ်ရှောက်ပိုင်က သူ့စာအုပ်ကို ပိတ်လိုက်ပြီး "ငါကြားထားတာကတော့ အဲ့ဒီကောင်လေးက မျက်နှာပြောင်နဲ့ ဒီနေရာအထိ မင်းနောက် လိုက်လာခဲ့တာဆို။ သူက မင်းတို့ကျောင်းမှာ အရမ်းနာမည်ကြီးမှာပဲ။ သူက မင်းကို တစ်ခါမှ ရည်းစားစာ မပေးဖူးဘူးလား"
"သူက အရမ်းနာမည်ကြီးပါတယ်" ရှမြန်က တအံ့တဩ ပြောလိုက်လေသည်။ "သူက ရုပ်ချောတယ်။ စာလည်းတော်တယ်။ အားကစား အရည်အချင်းလည်း တကယ်တော်တာ။ ကျွန်မတို့ကျောင်းက မိန်းကလေးတွေဆိုရင် သူ့ကိုပဲ ရူးသွပ်နေကြတာလေ။ သူက ကျွန်မတို့ကျောင်းမှာ တကယ့်ကို နာမည်အကြီးဆုံးကောင်လေးတစ်ယောက်ပဲ"
နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို မသိမသာ ကျဉ်းမြောင်းထားလိုက်ပြီး "မင်းလည်း သူက ကောင်းတယ်လို့ ထင်တယ်ပေါ့"
"ကျစ်"ရှမြန်က အထင်သေးသလို သူမ၏ခေါင်းလေးကို ခါလိုက်ပြီး "ဒါပေါ့ ဒီထဲမှာ ကျွန်မ မပါပါဘူး။ ကျွန်မက အဲဒီလိုကိစ္စတွေကို သဘောမကျဘူးလေ။ အခြေအနေက ဘယ်လိုပဲကောင်းမွန်နေပါစေ ဒါက ဒေါင်းတစ်ကောင်သာသာပါပဲ။ အားလုံးက ဒါကို သဘောကျကြတယ်လို့ ထင်ရပုံရှိပေမဲ့ ဒါကတော့ ပင်လယ်ဘုရင်ကလွဲလို့ပေါ့"
"ပင်လယ်ဘုရင် ဟုတ်လား"
"ဪ" ရှမြန်က ရှင်းပြလိုက်၏။ "ပင်လယ်ထဲက ငါးဖမ်းသမားတွေရဲ့ဘုရင်လေ။ သူက သူ့ရဲ့ပိုက်ကွန်ကို အကျယ်ကြီးချထားလိုက်ပြီး ငါးတွေကို လိုချင်သလောက် ဖမ်းလို့ရတယ်။ ဒါကိုပြောတာပါ"
နဥ်ရှောက်ပိုင်ကလည်း ပြန်ပြောလိုက်၏။ "ကြည့်ရတာ မင်းကလည်း သူ့ရဲ့ပင်လယ်ထဲက ငါး၁ကောင် ထင်တယ်"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ရှမြန်၏မျက်လုံးများက ဝိုင်းစက်သွားလေသည်။ "ဒေါက်တာနဥ် ရှင် ကျွန်မအကြောင်းကို မသိသေးပါဘူး။ တကယ်လို့ သူသာ ကျွန်မကို လိုက်ချိတ်ရဲမယ်ဆိုရင် ကျွန်မကလည်း ငါးမန်း၁ကောင်က ဘယ်လိုပုံစံလဲဆိုတာကို သူ့ကိုပြပေးရမှာပေါ့"
သူမက ထိုသို့ပြောလိုက်ပြီးနောက် ပါးစပ်ကိုဟလိုက်ကာ အသံတစ်ခုလုပ်ရင်း သူမ၏ ချွန်ထက်သည့်သွားများကို ထုတ်ပြလိုက်လေသည်။
နဥ်ရှောက်ပိုင်က သဘောကျသွားပြီး သူ့လက်ကိုမြောက်ကာ သူမ၏ ရှေ့ဆံပင်ကို လှမ်းဆွဲလိုက်၏။
သူက ပျော်ရွှင်သွားသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်သည် ချက်ချင်းဆိုသလို ကြီးမားသည်စိတ်ဝင်စားမှုဖြင့် သူ့ကိုဆက်ပြီး ညည်းညူတော့သည်။ "ဒီတော့ အဲဒီလိုလူမျိုးတွေက တစ်ဖက်လူကို စပြီးတော့ လိုက်မှာမဟုတ်ဘူးလေ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် သူက လူတွေရဲ့အာရုံစိုက်စရာ ဖြစ်နေရတဲ့ အခြေအနေကနေ ဆုံးရှုံးသွားမှာပေါ့"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်းကအခြေအနေကို အရမ်းကို ရှင်းရှင်းလင်းလင်း မြင်တတ်နေတာပဲ"
"ဒါပေါ့ရှင့်" ရှမြန်က ဂုဏ်ယူ၀င့်ကြွားစွာဖြင့် မေးကိုချီထားလိုက်ကာ "ကျွန်မက အရမ်းညဏ်ကောင်းတယ်လေ"
"ဟုတ်ပါပြီ။ ကျွန်မ စောစောစီးစီး ရည်းစားရသွားမှာ ရှင် စိုးရိမ်နေတယ်ဆိုတာ ကျွန်မသိပါတယ် " ရှမြန်က ပြောလိုက်၏။ "စိတ်မပူပါနဲ့။ ကျွန်မက အထက်တန်းကျောင်းမှာ ဘယ်တော့မှ ရည်းစားထားမှာ မဟုတ်ဘူး" သူမက နဥ်ရှောက်ပိုင်အနားသို့ တိုးကပ်သွားလိုက်ပြီး ရယ်မောလိုက်လေသည်။
"ကျွန်မရဲ့ကျောင်းစာကို ထိခိုက်မှာ စိုးရိမ်လို့တော့ မဟုတ်ဘူးနော်။ အထက်တန်းကျောင်းသားလေးတွေက လုံးဝကို မရင့်ကျက်တာကြောင့်လေ။ အဲဒါတွေက ကျွန်မရဲ့အကြိုက် မဟုတ်လို့"
နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "မင်းက ဘယ်လိုလူမျိုးကို ကြိုက်တာလဲ"
ရှမြန်က သူမ၏ခေါင်းကိုလှည့်ကာ နဥ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။
နဥ်ရှောက်ပိုင်က သူ၏လက်ညှိုးဖြင့် စာအုပ်အထူကြီး၏အဖုံးကို တတောက်တောက် စတင် ခေါက်နေလိုက်သည်။
"ပြောလေ"
ထို့နောက်တွင်တော့ ရှမြန်က ချဲ့ကားလွန်းစွာ သက်ပြင်းချလိုက်တော့သည်။
"ကျွန်မရှေ့က ဒေါက်တာနဥ်လို ထက်မြက်တဲ့လူပေါ့။ သူကလွဲပြီး တခြားဘယ်သူ့ကိုမှ မကြည့်နိုင်တဲ့ခံစားချက်မျိုး"
"ဒေါက်တာနဉ် ရှင်ကလေ လက်တစ်ဖက်တည်းနဲ့ ကျွန်မအတွက် ယောက်ျားလေးတွေရဲ့စံနှုန်းကို မြှင့်တင်ပေးလိုက်တာပဲ"
"ကျွန်မတော့ နောက်ဆိုရင် ဘယ်လိုလုပ်ရပါ့" ဟူသည့်အကြည့်တစ်ခုဖြင့် သူမက ပြောလိုက်လေသည်။
"ကျွန်မတော့ ဒီဘဝမှာ ဘယ်တော့မှ လက်ထပ်နိုင်မှာ မဟုတ်ဘူး ထင်တယ်"
သူမက သူ့ကို စနောက်ကျီစယ်နေသည်ကို သိနေသော်ငြားလည်း နဥ်ရှောက်ပိုင်သည် သူ၏ နှုတ်ခမ်းထောင့်များကို မနေနိုင်ဘဲ ကွေးထားမိတော့ကာ သူ့လက်တစ်ဖက်ကို ဆန့်လိုက်ပြီး သူမ၏နဖူးကို လှမ်းတောက်လိုက်၏။
"ပေါက်ကရတွေ လျှောက်မပြောနဲ့" ဝါဂွမ်းကို ကိုင်ထားရင်းနှင့်လည်း မှန်ကို ဆက်ပြီး မကိုင်နိုင်တော့သည်ကို မြင်လိုက်ရသဖြင့် နဥ်ရှောက်ပိုင်က ကျစ်ခနဲ အသံတိုးတိုးတစ်ခု လုပ်လိုက်ပြီး သူဘေးက ထိုင်ခုံကို ပုတ်ပြလိုက်ကာ "ဒီကိုလာ"
ရှမြန်က ချက်ချင်းဆိုသလို ဝမ်းသာအားရ အနားကပ်သွားလိုက်ပြီး သူ့ကို ဝါဂွမ်း လှမ်းပေးလိုက်ပြီးနောက် အပြုံးတစ်ခုဖြင့်ဆက်ပြီး မြှောက်ပင့်စကားပြောတော့သည်။
"ပေါက်ကရ ပြောတာမဟုတ်ပါဘူး။ ကျွန်မ ပြောတာတွေက အမှန်ပါ"
သူမ၏ကျလောက်သည့် အပြောစွမ်းရည်ကို ဆက်ပြီး မြှင့်တင်လိုက်ကာ သူမက တလေးတနက် ပြောလိုက်၏။ "တကယ်လို့ ဒေါက်တာနဥ် ရှင်သာ မိန်းကလေးတွေကို ကြိုက်တယ်ဆိုရင် ကျွန်မက အရင်ဆုံး စာရင်းလာသွင်းပြီးတော့ ယှဉ်ပြိုင်ရမဲ့လူဖြစ်မှာပဲ"
နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့ရှေ့က သက်သောင့်သက်သာဖြစ်နေပြီး အိုင်အိုဒင်းဆေးများ စွန်းနေသည့် ဝါးဂွမ်းကပ်ထားသည့် နားသီးကို စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "ဒါဆိုရင်တော့ မင်း အဆင်သင့် လုပ်ထားသင့်တယ်။ မင်း အခုပြိုင်ပွဲကို စတင်နိုင်တယ်။ မျှော်လင့်ချက်ကတော့ ကြီးမားလှပါတယ်။ နောက်ဆုံး မင်းက အနီးဆုံးမှာ ရှိတဲ့လူပဲလေ"
ရှမြန်သည် ရုတ်တရက်ဆိုသလို သူမ၏ခေါင်းကိုလှည့်ကာ သူ့ကိုကြည့်လိုက်၏။ နဥ်ရှောက်ပိုင်က ဝါဂွမ်းကို မြှောက်ကိုင်ထားလိုက်ပြီး အေးအေးလူလူ ပြောလိုက်သည်။ "မင်း ဘာဖြစ်လို့ အဲဒီလို ရုပ်ဖြစ်နေတာလဲ။ မင်း နောင်တရချင်သွားလို့လား"
ရှမြန်က တလေးတနက် ပြောလိုက်သည်။
"ဒေါက်တာနဥ် ရှင်ဘာဖြစ်နေတာလဲ"
"ဘာဖြစ်နေလို့လဲ"
"ရှင်က ဒေါက်တာနဥ်လေ" ရှမြန်က ပြောလိုက်၏။ "ရှင်က ဘယ်လိုလုပ်ပြီးတော့ ဒီလိုနဲ့ အလျှော့ပေးလိုက်ရတာလဲ..."
နဥ်ရှောက်ပိုင်...
"မင်း ကိုယ့်ဟာကိုယ် ဒီလိုသိမ်ငယ်စရာဖြစ်နေမှာကို ခွင့်မပြုချင်လို့ပါ" နဥ်ရှောက်ပိုင်က ပြောသည်။
"မင်းက အကောင်းဆုံးပဲလေ"
ရှမြန်က နင်သွားပြီး သူ့ကိုဝါးစားမတတ်ကြည့်ကာ ပြောတော့၏။
"အလုပ်ကိစ္စကိုပဲ ပြောကြရအောင်ပါ"
"ဒေါက်တာနဥ် ကျွန်မကို အမှန်အတိုင်းပြောစမ်းပါ။ တကတည်း ရှင့်ကို ဘယ်ဟာကများ ဒီနေ့လာပြီး ဒေါသထွက်အောင် လုပ်နေတာလဲ" ရှမြန်သည် ဝမ်းနည်းခြင်းကြီးစွာဖြင့် ပြောလေသည်။ "အဲဒါက ရှင့်ကို ကိုယ့်ဟာကိုယ် ဖျက်ဆီးရလောက်တဲ့ စိတ်ကူးတွေ ဖြစ်လာပြီး ရှင့်ရဲ့လိင်စိတ်တိမ်းညွတ်မှုကို ပြောင်းလဲဖို့ ကိုယ့်ဟာကိုယ် ဖိအားပေးချင်တဲ့အထိတောင် ဖြစ်သွားစေတာပဲ"
နဥ်ရှောက်ပိုင်...
သူက ခေါင်းကိုက်သွားကာ သူ့နဖူးကို ပွတ်သပ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်ရတော့သည်။
"ထားလိုက်ပါတော့။ အရင်ဆုံး စာပဲကြိုးစားစမ်းပါ"
ရှမြန်ကတော့ ပိုလို့ပင် စိုးရိမ်သွားတော့သည်။
တကတည်း ပုံမှန်ဆိုရင် တည်ငြိမ်ပြီး ဣန္ဒြေကြီးတဲ့ ဒီဘော့စ်ကြီးကို ဘယ်အရာကများ ဒီလောက်တောင် ကူကယ်ရာမဲ့သွားအောင် လုပ်ပစ်လိုက်တာလဲ...
သူမသည် မျက်တောင်ခတ်လိုက်ပြီး နဥ်ရှောက်ပိုင်၏ အပြုအမူ တစ်သီတစ်တန်းလုံးက သူမ၏ စိတ်ထဲတွင် တဖျတ်ဖျတ် ပြန်ရောက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူမက အတွေးတစ်ခုရလာပြီး
"ဒေါက်တာနဥ် ဒေါက်တာ့မှာ သဘောကျနေတဲ့လူများ ရှိနေတာလား"
နဥ်ရှောက်ပိုင်က ဆေးသေတ္တာအဖုံးကို ဖတ်ခနဲပိတ်ချလိုက်ပြီး ရှမြန်ကို မော့ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "မင်းက ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ"
"တကယ်ကြီးလား" သူက ထိုမေးခွန်းကို လုံးဝမငြင်းပယ်သည်ကို မြင်လိုက်ရသည့်အခါ ရှမြန်၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။
"ဘယ်သူလဲ။ ရှင်တို့နှစ်ယောက် အချင်းချင်း အပြန်အလှန်ချစ်နေကြပြီလား။ ဒါမှမဟုတ်..."
ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် သူမက သူမ၏နဖူးကိုပြန်ရိုက်ကာ ဆွံ့အသွားသလို ခံစားလိုက်ရလေသည်။ တကယ်လို့ နှစ်ယောက်သား အပြန်အလှန် ကြိုက်နေတာမျိုးဆိုရင် နဥ်ရှောက်ပိုင်က အဲဒီလောက်အထိ စိတ်ဆင်းရဲနေမှာ မဟုတ်ဘူးလေ။
နဥ်ရှောက်ပိုင်က သွားကိုက်နေသည့် ခံစားချက်တစ်ခုဖြင့် သူမ၏ခေါင်းကို လှမ်းခေါက်လိုက်ကာ
"မင်းဘာတွေ စဉ်းစားနေတာလဲ"
ရှမြန်က ကျွန်မအားလုံးကို နားလည်နိုင်ပါတယ် ဟူသည့်အမူအရာတစ်ခုဖြင့် စိတ်ထဲမထည့်တော့ချေ။
"လောကကြီးက ခက်ခဲတယ်ဆိုတာ ကျွန်မသိပါတယ်။ ရှင်... ရှင်ကတော့ တစ်ချိန်လုံး ခက်ခဲတဲ့အချိန်တစ်ခု ဖြစ်နေခဲ့မှာပဲ..."
နဥ်ရှောက်ပိုင်၏ မျက်နှာမှာ ညိုမဲသွားတော့သည်။
"မင်းကို အဲဒီလောက်အထိ အတွေးမလွန်ပါနဲ့လို့ ငါ ပြောနေတယ်လေ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ" ရှမြန်က သူ့ကို မြန်မြန်နှစ်သိမ့်ပေးလိုက်သည်။ "ကျွန်မလည်း အဲဒီလို မလုပ်ချင်ပါဘူး။ ကျွန်မလည်း အဲ့ဒီလိုမလုပ်ချင်ဘူး..."
သို့သော်ငြားလည်း သူမသည် ထိုစကားကိုပြောလိုက်သည့်အချိန်တွင် ရုတ်တရက်ဆိုသလို ခဏလောက် ရပ်ထားလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။
"ဒေါက်တာနဥ် ဒေါက်တာနဥ် ရှင်... ရှင်မဟုတ်မှ... ရှင်မဟုတ်မှလွဲရော..." နောက်ထပ်လာမည့် စကားလုံးများမှာ ပြောဖို့ရန် အလွန်မှ ခက်ခဲနေသယောင်ရှိ၏။
နဥ်ရှောက်ပိုင်၏ရင်မှာ စည်းချက်လွဲသွားတော့သည်။ သူက ရှမြန်ကို စိုက်ကြည့်လိုက်ပြီး တိမ်ဝင်နေသည့် လေသံတစ်ခုဖြင့် မေးလိုက်၏။
"ဘာကိုလဲ"
ရှမြန်က ရုတ်တရက်ဆိုသလို သူမ၏ပါးစပ်ကို လှမ်းအုပ်ထားလိုက်ပြီး သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများတွင်လည်း ထိတ်လန့်မှုအပြည့် ဖြစ်သွားတော့သည်။
"ရှင်တကယ်ပဲ- ရှင်တကယ်ပဲ ကြိုက်နေတာ..."
နဥ်ရှောက်ပိုင်က အမှတ်တမဲ့ သူ့လက်ချောင်းများကို ကွေးထားလိုက်ပြီး ဘာအမူအရာမှ မပြဘဲ သူမအနားသို့ ပိုပြီးတိုးသွားလိုက်ကာ သူမ၏လမ်းကို ပိတ်ထားလိုက်ပြီးသည့်နောက်
"ဘာကို ကြိုက်ရမှာလဲ"
ထို့နောက်တွင်တော့ ရှမြန်က တုန်ရင်နေသည့်အသံတစ်ခုဖြင့် ပြောလိုက်တော့သည်။
...