အပိုင်း(၁၄၀)
Vol. 10 Ch. 140
ရှမြန်သည် နဥ်ရှောက်ပိုင်အိမ်မှ ပြေးထွက်လာတော့၏။ သူမ ခုနက ပြောခဲ့သည့်စကားကို ပြန်စဉ်းစားမိသည်တွင် သူမမှာ အလွန်မှရှက်ရွံ့မိသဖြင့် တွင်းတစ်ခုရှာကာ လေးဘက်ထောက်ပြီး ဝင်သွားချင်စိတ်ပင် ဖြစ်သွားမိတော့၏။
ငါကတော့ စိတ်လွတ်သွားတာပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ဆိုးဝါးတဲ့စိတ်ကူးကိုမှ စဉ်းစားမိခဲ့ပါလိမ့်။
ဒါပေမဲ့လည်း နဥ်ရှောက်ပိုင်ကလည်း ဒါကို လုံးဝမငြင်းခဲ့ဘူးတဲ့။ ငါ့ကိုတောင်မှ တည့်တည့်ကြီး စိုက်ကြည့်နေသေးတယ်။ သူ ကြိုက်တဲ့သူက ငါလို့များ ပြောတော့မလားတောင် ထင်ရတယ်။
အဲဒီအကြည့်က အရမ်းကိုပြင်းပြလွန်းလို့ ငါ့ဦးနှောက်တွေတောင် ထူပူသွားတာပဲ...
အခုမှဒီကိစ္စကို တည်တည်ငြိမ်ငြိမ်လေး ပြန်စဉ်းစားကြည့်လိုက်တော့ နဥ်ရှောက်ပိုင်လို စိတ်အားထက်သန်ပြီး ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့လူတစ်ယောက်က သူ့ခံစားချက်ကို ဖွင့်မပြောဘဲ ဒီလိုသနားစရာကောင်းတဲ့ အခြေအနေမျိုးမှာ ကိုယ့်ဟာကိုယ် သက်ဆင်းသွားအောင် ဘယ်လိုလုပ်ပြီးတော့ လုပ်မှာလဲ။
ရှမြန်သည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီးတော့ရှက်ရွံ့ လေလေဖြစ်လာတော့၏။ နဥ်ရှောက်ပိုင်က ခုနတုန်းက ငါ့ကို လည်ပင်းညှစ်မသတ်မိအောင် သူ့ဟာသူ တော်တော်လေးကို တကယ်ပဲ ထိန်းထားခဲ့ရတာပဲ။ အခုတော့ ငါ့မှာနေရာမှာတင် ကိုယ့်ဟာကိုယ် ကြိုးဆွဲချ သတ်သေချင်စိတ် ပေါက်သွားပြီ။
နဥ်ရှောက်ပိုင်က ကျိုးရွှယ်ဝမ်ကို ကြိုက်နေတာတဲ့လားဟယ်။
ရှမြန်သည် ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားပြီး သူမ၏လက်မောင်းများကို ပွတ်သပ်လိုက်ပြီးနောက် အိမ်သို့ အပြေးပြန်လာတော့သည်။
ထားလိုက်ပါ။ ထားလိုက်ပါတော့။ အခုလောလောဆယ်တော့ ငါ ဘေးအိမ်ကို သွားလည်းမသွားဘူး။ နဥ်ရှောက်ပိုင်နဲ့လည်း မတွေ့အောင်နေရမယ်။ အတိတ်မေ့သွားသလိုပဲ နေရမယ်။
ရှမြန်သည် တံခါးမှ ဝင်လာသည့်အချိန်တွင် တစ်စုံတစ်ယောက်နှင့် တိုက်မိတော့မလို ဖြစ်သွားလိုက်၏။ သူမသည် မော့ကြည့်လိုက်လေသည်။
ချန်းချန်းကို လာကြည့်သည့်ကျိုးရွှယ်ဝမ် ဖြစ်နေတော့သည်။
ရှမြန်...
ဘုရားသခင်က ငါ့ကို လွှတ်ပေးဖို့ တကယ့်ကို စိတ်ကူးမရှိတာဘဲ...
ကျိုးရွှယ်ဝမ်သည် ရှမြန်၏ကျောပြင်ကို ကြည့်လိုက်ပြီး သူမမှာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့မလို ဖြစ်နေ၏။ သူမ၏ ကြံရာမရဖြစ်နေသည့် အမူအရာကို စဉ်းစားလိုက်ပြီး သံသယအပြည့် ဖြစ်သွားတော့သည်။
ဘာဖြစ်ခဲ့တာပါလိမ့်။
ချန်းချန်းကို လမ်းကြား၏အဝင်ဝတွင် သွားတွေ့ပြီး သူ့ကို ညစာစားဖို့ရန်အတွက် အိမ်ပြန်ခိုင်းခဲ့ပြီးနောက်တွင် ကျိုးရွှယ်ဝမ်သည် အိမ်တံခါးဝနားတွင် ခဏလောက် ရပ်လိုက်ပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားလိုက်ကာ မျက်နှာချင်းဆိုင်ခြံဝင်းဘက်သို့ လှည့်သွားလိုက်တော့သည်။
နဥ်ရှောက်ပိုင်ရဲ့ တက်ကြွနေမှုကြီးကို မြင်ရဖို့ဆိုတာ တော်တော်ရှားတယ်လေ။ ဒီကိစ္စနဲ့ လွဲချော်သွားရင် တကယ်ပဲ နှမြောစရာကောင်းတယ်။ ဒါက မနက်ဖြန် ရှောင်ယွင်နဲ့ စကားပြောစရာ အကြောင်းအရာ တစ်ခုလည်း ရနိုင်တာပေါ့။ ဟုတ်ပါသည်။ ကျိုးရွှယ်ဝမ်သည် ဝင်သွားသည့်အချိန်တွင် နဥ်ရှောက်ပိုင်သည် ထိုင်ခုံပေါ်တွင် လဲလျောင်းနေပြီး တစ်ခုခု ဆိုးရွားရွားကို ရင်ဆိုင်တွေ့ကြုံခဲ့ရသလို ပင်ပန်းနွမ်းနယ်နေသည့်ရုပ် ဖြစ်နေသည်ကို မြင်လိုက်ရ၏။
သူက အသာအယာ ချောင်းဟန့်လိုက်သည်။
"မင်းရဲ့ရန်သူ ထွက်ပြေးသွားတာ ငါ တွေ့လိုက်တယ်။ တိုက်ပွဲက ဘယ်လိုနေလဲ။ အောင်မြင်မှုကြီး တစ်ခုဖြစ်ရဲ့လား"
နဥ်ရှောက်ပိုင်မှာ အခိုက်အတန့် အေးခဲသွားတော့သည်။ သူသည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတချို့ကို ပြုလုပ်နေသည့်နှယ်ပင်။ သူက သူ၏ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာပြီး ကျိုးရွှယ်ဝမ်ကို မြင်လိုက်ရသည့်အခါ သွားကိုက်သွားသည့် မျက်နှာထားတစ်ခုကို ထုတ်ပြလိုက်ပြီး ချက်ချင်းဆိုသလို ခေါင်းပြန်လှည့်သွားတော့သည်။
ကျိုးရွှယ်ဝမ်...
ဒီတုံ့ပြန်မှုကြီးကလည်း တစ်ခုခုညစ်ပတ်နေတာကို တွေ့တဲ့ပုံစံမျိုး ဘာဖြစ်လို့ ဖြစ်နေတာလဲ။
ကျိုးရွှယ်ဝမ်က အနားသို့ လျှောက်လာကာ ပြောလိုက်၏။ "ရှမြန်ရဲ့ပုံစံက အလန့်တကြား ဖြစ်သွားတာကို တွေ့လိုက်တယ်။ မင်း ဘယ်လိုနည်းပရိယာယ်တွေ သုံးခဲ့တာလဲ"
ဘယ်လိုနည်းပရိယာယ်ပဲ သုံးသုံးပါ။ အဲဒါတွေက နောက်ဆုံးကျတော့လည်း ရှမြန်ရဲ့ဖျက်ဆီးတာ ခံလိုက်ရတာပဲလေ။ နဥ်ရှောက်ပိုင်သည် မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ဒီလိုကြည့်လိုက်တော့လည်း ဒီကလေးမလေးက တကယ် အံ့သြစရာကောင်းတာပဲ။
နဥ်ရှောက်ပိုင်က ဖြည်းဖြည်းချင်း ကိုယ်ကိုမတ်ထားလိုက်ပြီး စင်္ကြံနားတွင် ပတ်လျှောက်နေသည့် ကျိုးရွှယ်ဝမ်ကို လှမ်းကြည့်လိုက်ပြီးနောက် သူ့ရှေ့တွင် ထရပ်လိုက်လေသည်။ သူက ခေါင်းကိုက်သလို သူ့နဖူးကို ပွတ်သပ်လိုက်ကာ "ဘာကိစ္စလဲ။ ငါ မင်းကို သင်ပေးခဲ့တာတွေက မလုံလောက်သေးဘူးလား။ ဒီတော့ မင်းက ငါ့ဆီက ဆက်ပြီးတော့ ပညာလာသင်တာလား"
ကျိုးရွှယ်ဝမ်သည် နေ့လယ်ခင်းက နဉ်ရှောက်ယွင်နှင့် နွေးထွေးမှုအကြောင်းကို စဉ်းစားလိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက မသိမသာ ကွေးတက်သွား၏။ "အဲဒီလိုမဟုတ်ပါဘူး"
"ဒါက အရမ်းအသုံးဝင်တယ်။ ဒါကြောင့်မလို့ ငါမင်းကို ကျေးဇူးတင်စကားလာပြောတာ" ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက မေးလိုက်သည်။ "မင်းရော ငါ့အကူအညီ လိုသေးလား"
နဥ်ရှောက်ပိုင်က သူ့ကို မော့ကြည့်လိုက်၏။ သူတို့၂ယောက်၏နေရာသည် တစ်မနက်ခင်းတည်းနှင့် ပြောင်းပြန် လှန်သွားသလိုဖြစ်နေသည်။ ကျိုးရွှယ်ဝမ်၏မျက်လုံးထဲက ထိန်းချုပ်မထားနိုင်သည့် ပျော်ရွှင်မှုကို မြင်လိုက်ရသည့်အခါ နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း တတ်နိုင်တာ ဘာမှမရှိပါဘူး"
သူက သူ၏ပုံမှန်တည်ငြိမ်နေသည့် အနေအထားကို ပြန်ထိန်းထားလိုက်ကာ "ငါတို့ရဲ့တပ်ဖွဲ့၂ခုက တိုက်ပွဲမှာ လက်ရည်ချင်း ညီနေပါတယ်။ ဒီတော့ နှစ်ဖက်စလုံး အထိအခိုက်ရှိတာကတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့ ဥက္ကဋ္ဌကျိုး..."
"ငါတို့တွေ ပထမဦးဆုံးအကြိမ် တိုက်ခိုက်ပြီးကတည်းကဆိုရင် ၂နှစ်လောက် ရှိသွားပြီနော်။ ဒီတော့ သူတို့တွေက ပိုပြီးတော့ အကူအညီ လိုလာလောက်တယ်"
နဥ်ရှောက်ပိုင်က မသိမသာပြုံးလိုက်ပြီး "ငါက ငါ့အစ်မကို ကူညီပေးဖို့ အကောင်းဆုံးဖြစ်အောင် သေချာပေါက် ကြိုးစားမှာပါ။ သူ့ရဲ့နောက်မှာလည်း စစ်သားတွေက အများကြီးရှိတယ်လေ။ ငါက သူ့ကို ကူညီပြီးတော့ လေ့ကျင့်ပေးလို့ရတယ်လို့ ထင်တယ်။ ပြီးတော့ သန်းပေါင်းများစွာသော တောင့်တင်းတဲ့ စစ်တပ်တစ်ခုကို တည်ဆောက်လို့ရတာပေါ့"
"ဥက္ကဋ္ဌကျိုးကိုလည်း ဒီလိုကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုနဲ့ ပက်သက်ပြီး ပျော်ရွှင်ဖွယ်ရာခံစားချက်ကို ရင်ဆိုင်တွေ့ကြုံရအောင် လုပ်ပေးမယ်လေ။ နော်"
ကျိုးရွှယ်ဝမ်...
ဒါက ပေါ်တင်ကြီးကို ခြိမ်းခြောက်နေတာပဲ။ ဟုတ်နေပါပြီ။ ဒါက ရန်ငြိုးကြီးပြီး ရက်စက်တဲ့ နဥ်ရှောက်ပိုင် ဖြစ်နေသေးတာပဲ။
ကျိုးရွှယ်ဝမ်၏ ထွက်သွားသည့်ကျောပြင်ကို ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်က မျက်နှာကို မဲ့ထားလိုက်လေသည်။ သူ့ရဲ့တက်ကြွနေမှုကြီးကပဲ ကြည့်လို့အရမ်းကောင်းတယ်လို့ ထင်နေလားမသိဘူး။
သို့သော်ငြားလည်း သူပြောခဲ့သည့်စကားကို စဉ်းစားလိုက်ပြီးသည့်နောက်တွင်... နဥ်ရှောက်ပိုင်က သူ၏မေးစေ့ကို ထိကိုင်ကြည့်လိုက်၏။ ကြည့်ရတာ အဲဒီကလေးမလေးကလည်း တော်တော်လေး လန့်သွားတဲ့ပုံပဲ။ သူတော့ ဒီနေ့ည ကောင်းကောင်းအိပ်နိုင်ပါ့မလားတောင် မသိဘူး။
ဟင့်။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။
နဥ်ရှောက်ပိုင်သည် ထိုင်ခုံပေါ်တွင် ပြန်လှဲချလိုက်ပြီး နံရံပေါ်က ရောင်စုံပန်းချီကားကို ငေးကြည့်လိုက်ပြီးနောက် အတွေးနစ်သွားတော့သည်။ သို့သော်ငြားလည်း ဒီကလေးမလေးက သူသည် ယောက်ျားများကို သဘောကျသည်ဟု အဘယ်ကြောင့်များ ထိုမျှလောက် ယုံကြည်နေသည့် အကြောင်းရင်းကို သူ့မှာ မသိတော့ချေ။
သို့သော်ငြားလည်း အခြေအနေကတော့ သူမကို ဒီလိုဆက်ပြီး အထင်လွဲခွင့်ပေးလို့မရတော့သည်က သေချာပေသည်။
သတိမထားမိတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အကျင့်စရိုက်တွေက လူတွေကိုဖမ်းဆီးဖို့ ပိုပြီး လွယ်ကူတယ်ဆိုပေမဲ့လည်း တကယ်လို့ သူ့ကိုယောက်ျားတစ်ယောက်လို သဘောထားပြီး ဆက်ဆံတာ မဟုတ်ဘူးဆိုရင် သူက ဒီဂိမ်းမှာပါဝင်ဖို့ အရည်အချင်း ရှိလာလိမ့်မှာ မဟုတ်ဘူး။ ဒီလိုဆိုတော့ မဖြစ်သေးဘူး...
ဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် သူ့ကိုရှောင်ဖယ်နေလို့ မဖြစ်ဘူး။ သူက ငါနဲ့ပိုပြီး နီးကပ်လာအောင် လုပ်မှပဲ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်...
နဥ်ရှောက်ပိုင်သည် ကောင်းကင်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ဝင်သွားသည့်နေမင်းကြီးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ကျဉ်းမြောင်းထားလိုက်လေသည်။
ရှမြန်ကတော့ တစ်ညလုံး ဟိုလှည့်ဒီလှည့် လုပ်ခဲ့ပြီးနောက် နောက်တစ်နေ့မနက် အစောကြီးနိုးလာခဲ့၏။ နဥ်ရှောက်ပိုင်၏ အကြိုက်ဆုံး အမဲသားပေါက်စီကို ပေါင်းလိုက်ပြီး ဘေးအိမ်သို့ သွားလိုက်လေသည်။
နဥ်ရှောက်ပိုင်က လေ့ကျင့်သည့်အခန်းထဲတွင် လေ့ကျင့်နေပြီဖြစ်ကာ သူမ ဝင်လာသည်ကို မြင်လိုက်သည့်အခါ သူမကို လျစ်လျူရှုထားလိုက်၏။
ရှမြန်က ခပ်တိုးတိုးရယ်မောကာ ပြောလိုက်လေသည်။ "ဒေါက်တာနဥ် ရှင် ဗိုက်မဆာတော့ဘူးလား"
"ကျွန်မ မနေ့တုန်းက မှားသွားပါတယ်။ ကျွန်မ မနေ့တုန်းက စကားမှားပြီးတော့ ပြောမိတာပါ။ ကျွန်မဒီမှာ ရှင့်ကို လာတောင်းပန်တာပါ"
"ဒါက ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ အမဲသားပေါက်စီနော်။ အရသာကရှယ်ပဲ"
နဥ်ရှောက်ပိုင်က သူမကို လှမ်းကြည့်လိုက်၏။
ရှမြန်သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ထမင်းဘူးကိုဘေးတွင် မြန်မြန် ချထားလိုက်ပြီးနောက် နံရံနားတွင် ချိတ်ထားသည့် ပဝါကိုသွားယူလိုက်ပြီး ဂရုတစိုက်ဖြင့် အပြေးရောက်လာလေသည်။
နဥ်ရှောက်ပိုင်သည် အနက်ရောင်စွပ်ကျယ်၁ထည်ကို သာဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်တွင် ချွေးများဖြင့် ရွှဲနစ်နေကာ စွပ်ကျယ်က အသားနှင့်ကပ်နေသည်။ သူ၏ချောမောသည့် ကြွက်သားမြောင်းကြီးက သူလုပ်လိုက်သည့် အိပ်ထမတင်အခေါက်တိုင်းတွင် လှလှပပကောက်ကြောင်းများ ဖြစ်သွားတော့သည်။
ရှမြန်သည် အမှတ်တမဲ့ သူမ၏အောက်နှုတ်ခမ်းကို သပ်မိသွား၏။
နဥ်ရှောက်ပိုင်က ထရပ်လိုက်သည်တွင် ရှမြန်ကသူ့ကို ပဝါမြန်မြန်လှမ်းပေးလိုက်သည်။
နဥ်ရှောက်ပိုင်က မလှုပ်မယှက် ထိုနေရာတွင်သာ ရပ်နေသည်။ ရှမြန်ကလည်း ချက်ချင်းဆိုသလို ခြေဖျားထောက်လိုက်ပြီး သူ့မျက်နှာပေါ်က ချွေးများကို သုတ်ပေးလိုက်၏။ သူက မငြင်းသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်မှာ ရုတ်တရက် စိတ်ဝင်စားလာတော့သည်။
သူမက သူ့နဖူးမှနေ၍ မေးစေ့အထိ ပုဝါဖြင့် သုတ်ပေးလိုက်ပြီးနောက် သူ့လည်ပင်းကို သုတ်ပေးလိုက်လေသည်။ သူမသည် သူ့ရင်ဘတ်ဆီသို့ လက်လှမ်းလာတော့မည့်ဆဲဆဲတွင် နဥ်ရှောက်ပိုင်က သူမ၏ ထိန်းချုပ်မထားတတ်သည့်လက်ကို ဖမ်းဆွဲလိုက်ပြီး ပြောလိုက်၏။
"မင်းက ငါ့ကို တောင်းပန်နေတာလား။ အသားယူနေတာလား။ မင်းက တကယ်ပဲ နည်းနည်းလေးမှ အရှုံးမခံချင်ဘူးနော်"
သူ စကားပြောလာသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က ခပ်တိုးတိုးရယ်မောလိုက်ကာ သူ့ကိုမြန်မြန်ဆန်ဆန် မြှောက်ပင့်ပြောဆိုတော့သည်။ "အဓိကအကြောင်းအရာကတော့ ရှင်က အရမ်းကို ချောမောနေလို့လေ။ ဒေါက်တာနဥ် ရှင့်ရဲ့အလှတရားက အရမ်းကို စွဲမက်ဖွယ်ရာ ကောင်းလွန်းလို့ လူတွေမှာ ကိုယ့်ဟာကိုယ်တောင် မထိန်းချုပ်နိုင်တော့ဘူးလေ"
နဥ်ရှောက်ပိုင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး
"မင်းက မိန်းမငယ်လေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ကိုယ့်ဟာကိုယ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိဘူးလား"
ရှမြန်က သူ့ကို အလွယ်တကူ မြှောက်ပင့်ပြောဆိုလိုက်၏။
"နှိမ့်ချတယ်ဆိုတာ ဘာကိုပြောတာလဲ။ ဒါက ဒေါက်တာနဥ် ရှင့်ရှေ့မှာတော့ ဘာမှ အရေးမပါ ပါဘူး"
နဥ်ရှောက်ပိုင်သည် သူမကို ဆွံ့အစွာ ကြည့်နေမိတော့သည်။ သူ့မျက်လုံးများက သူမယူလာသည့် ထမင်းဘူးဆီသို့ ကျရောက်သွား၏။
"ဒါက မင်း ငါ့အပေါ်လုပ်ခဲ့တဲ့ ဒဏ်ရာရမှုကြီးကို ချေဖျက်ပေးနိုင်မယ်လို့များ ထင်နေတာလား"
"ဒါပေါ့ မထင်ပါဘူး" ရှမြန်က ချက်ချင်းပြန်ဖြေသည်။ "ဒါပေမဲ့ အရသာရှိတဲ့အစားအသောက်ကတော့ စိတ်နှလုံးကို ကုသပေးတဲ့နေရာမှာ အကောင်းဆုံး ဆေးတစ်လက်ပဲလေ။ တကယ်လို့ ထမင်းတစ်နပ်က အလုပ်မဖြစ်ဘူးဆိုရင် ထမင်း၂နပ်နဲ့ ကြိုးစားကြည့်ရမှာပေါ့။ တကယ်လို့ ထမင်း၂နပ်ကလည်း အလုပ်မဖြစ်သေးဘူးဆိုရင် ၃နပ်ကို ကြိုးစားကြည့်ရမယ်။ တစ်နေ့ကျရင်တော့ ရှင့်ရဲ့ဒဏ်ရာရနေတဲ့ စိတ်ဝိညာဉ်လေးက ပျောက်ကင်းသွားမှာပါ"
နဥ်ရှောက်ပိုင်က နှာခေါင်းရှုံ့လိုက်ကာ အော်ရယ်တော့သည်။
"ဒါဆိုရင် မင်းတော့ မင်းရဲ့ ကျန်တဲ့တစ်ဘဝလုံးကို ငါ့အတွက် အလုပ်လုပ်ပေးရတော့မယ် ထင်တယ်"
ရှမြန်သည့် အပြစ်ရှိစိတ်ဖြင့် လေသံတိုးတိုးနှင့် မေးလိုက်လေသည်။
"တကယ်ပဲ အဲဒီလောက်တောင် ပြင်းထန်သွားတာလား"
နဥ်ရှောက်ပိုင်က သူမကို ငုံ့ကြည့်ကာမေးလိုက်၏။
"မင်းက ဒါကို ပြင်းထန်တယ်လို့ မထင်ဘူးလား"
"အရမ်းပြင်းထန်ပါတယ်" ရှမြန်က မြန်မြန်ပြောလိုက်သည်။ "စိတ်မပူပါနဲ့နော် ဒေါက်တာနဥ်။ ကျွန်မက ရှင့်ရဲ့နှလုံးသားလေး အပြီးတိုင် ဒဏ်ရာပျောက်ကင်းတဲ့အထိ ကျွန်မရဲ့တာဝန်ကို ဘယ်တော့မှ ရှောင်ဖယ်မှာမဟုတ်ပါဘူး"
နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး "မင်းစကားကို မင်းမှတ်ထားနော်"
"နေ့လယ်ခင်းကျရင် ငါ့ကိုနေ့လယ်စာ လာပို့ပေး"
ရှမြန်သည့် ဒီအခိုက်အတန့်တွင် တောင်းဆိုမှုတိုင်းကို အလိုလိုလိုက်လျောရတော့သည်။
"ဟုတ်ပါပြီ စောင့်သာနေလိုက်တော့"
ရှမြန်သည် သူမ၏အမှားကို ဖြည့်ဆည်းဖို့ရန်အတွက် အချိန်အများကြီးပေးကာ အလျှံပယ် နေ့လယ်စာတစ်နပ်ကို ဂရုတစိုက်ပြင်ဆင်ပေးပြီး နဥ်ရှောက်ပိုင်အတွက် ဆေးရုံသို့ သွားပို့ပေးလေသည်။
အစပိုင်းတွင်တော့ နဥ်ရှောက်ပိုင်သည် နေ့လယ်ခင်းတွင် အိမ်ပြန်ပြီးအနားယူတတ်သည်။ သို့သော်ငြားလည်း ပြီးခဲ့သည့်၂နှစ်အတွင်းတွင် သူ့အလုပ်အချိန်ဇယားက များလှသည့်အတွက် သူသည်နေ့လယ်စာကို ဆေးရုံတွင်သာ စားသောက်ပြီး ဆေးရုံထဲ၌ တစ်ရေးအနားယူတတ်သည်။
သူမက နဥ်ရှောက်ပိုင်အဆောင်ဆီသို့ တိုက်ရိုက်သွားလိုက်၏။
သူသည် ထူးချွန်သည့်နိုင်ငံခြားပြန် ဉာဏ်ကြီးရှင် ဆရာဝန်တစ်ယောက် ဖြစ်လေသည်။ ဒီခေတ်တွင် အင်မတန်မှ တလေးတစားဆက်ဆံခံရ၏။ ထို့ကြောင့် ဆေးရုံက သူ့အတွက် တစ်ယောက်ခန်းအဆောင်ကို စီစဉ်ပေးထားသည်။ ဒါသည် မင်မြို့က ပြည်သူ့ဆေးရုံလောက် မကောင်းသော်ငြားလည်း တတိယထပ်၏ ထောင့်နေရာတွင်ဖြစ်ကာ အလွန်မှ တိတ်ဆိတ်ငြိမ်သက်၏။
ရှမြန်သည် သူ့ကိုပစ္စည်းများလာပို့ပေးရင်း အကြိမ်အနည်းငယ် ရောက်ခဲ့ဖူးသည်။
ရှမြန်သည် ရင်းနှီးနေပြီးသား အဆောင်တံခါးကို တွေ့လိုက်ရပြီး တံခါးက အနည်းငယ်ဟထားသဖြင့် အထဲက နဥ်ရှောက်ပိုင်ကို မြင်နေရ၏။
သူမက တံခါးကိုခေါက်ပြီး ဝင်တော့မည်ပြင်လိုက်စဉ်တွင် နဥ်ရှောက်ပိုင်က သူ့အင်္ကျီကိုချွတ်နေပြီး ချွေးများရွှဲစိုနေသည့် ရင်ဘတ်တစ်ခုကို ဖွင့်လှစ်ထားကာ အဝတ်အစားလဲဖို့ စီစဉ်နေသည်မှာ သိသာသည်။
ရှမြန်က ခဏလောက်ရပ်လိုက်ပြီး သူ အဝတ်အစားလဲပြီးမှ ဝင်သွားမည်ဟု ဆုံးဖြတ်လိုက်၏။ ထို့နောက်တွင်တော့ နဥ်ရှောက်ပိုင် မေးလာသည့်စကားကို ကြားလိုက်ရသည်။
"လိင်တူခြင်းသဘောကျတဲ့ စရိုက်လက္ခဏာတွေက ဘာတွေလဲ"
ရှမြန်မှာ မှင်တက်အံ့ဩသွား၏။ သူသည် သူမရောက်နေသည်ဟု သိသွားပြီး သူမကို စကား လှမ်းပြောလိုက်သည်ဟု ထင်လိုက်သည်။ သူသည် ထိုမေးခွန်းကို အဘယ်ကြောင့်များ ရုတ်တရက် မေးမြန်းပါသနည်းဟု စဉ်းစားနေသည်တွင် တစ်စုံတစ်ယောက်က အရင်ဆုံးပြန်ဖြေလိုက်လေသည်။
ရုံရှင်း၏အသံက ဖုန်းထဲမှနေ၍ ထွက်လာ၏။
"ဘယ်လို အစ်ကိုပိုင် အစ်ကို ဘာဖြစ်လို့ ဒီလိုမေးတာလဲ"
သူသည် အဝတ်အစားလဲနေသဖြင့် သူ့ ဆဲလ်ဖုန်းကို စပီကာဖွင့်ထားပြီး စားပွဲပေါ်တွင်တင်ထားသည်။
နဥ်ရှောက်ပိုင်က စွပ်ကျယ်အသစ်တစ်ထည်ကို ရှာဖွေလိုက်ပြီး ဝတ်ဆင်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"လူတွေက ငါ့ကို ဘာဖြစ်လို့ ဂေးလို့ ထင်နေလဲဆိုတာ သိချင်လို့ပါ"
ရှမြန်မှာ မှင်တက်အံ့သြသွားတော့သည်။
"ဘယ်လို" ရုံရှင်း၏အသံမှာ အလွန် စိတ်လှုပ်ရှားသွားသဖြင့် ကျယ်လောင်လာသည်။ "ဘယ်သူက အစ်ကို့ကို ဂေးလို့ထင်နေတာလဲ"
"ဖန်ရှို့ကျစ်အစ်ကို့ကို ချောက်ချခဲ့ပြီးတာမှ ဘယ်လောက်တောင် ကြာနေပြီလဲ" ရုံရှင်းက တအံ့တဩဖြင့် မေးလိုက်လေသည်။
"သူ အစ်ကို့အကြောင်းကို သတင်းတွေ လျှောက်ဖြန့်တဲ့အချိန်တုန်းက သူ့ကိုယုံကြတဲ့လူတွေကလည်း အများကြီး မရှိပါဘူး။ သူ အဖမ်းခံရခဲ့ပြီးတဲ့နောက်မှာ အရာအားလုံးကလည်း ဖြေရှင်းပြီးသွားပြီ မဟုတ်လား"
"လူတစ်ယောက်က အစ်ကို့ကို လာနှောက်ယှက်နေလို့လား" ရုံရှင်းသည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။
"မဟုတ်သေးပါဘူး။ ဘယ်သူက အစ်ကို့ကို လာနှောင့်ယှက်မှာလဲ။ တကယ်လို့ အစ်ကိုပိုင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အထူးတလည် ဖုန်းခေါ်တာဆိုရင်တော့ ဒါက သေချာပေါက်ပြင်းထန်တဲ့ ကိစ္စပဲဖြစ်ရမယ်။ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်က အစ်ကို့ကို နားလည်မှုလွဲနေတာလား။ ဧကန္တ အစ်မယွင်များလား"
နဥ်ရှောက်ပိုင်က မျက်ခုံးများကို ပင့်ထားလိုက်သည်။ ဒီလို ရုတ်တရက် ပါးနပ်လာမှုက နောက်ဆိုရင် ရုံရှင်းကို ပိုပြီးစိတ်ရှည်ရှည်လေး နည်းနည်းတော့ ထားပေးရမည်ဟု ဆုံးဖြတ်စေနေ၏။
နဥ်ရှောက်ပိုင်၏ မျက်လုံးများက တံခါးဆီသို့ ကျရောက်သွားသည်။ သူ့လေသံက ကူကယ်ရာမဲ့စွာဖြင့် ပင်ပန်းလို့နေ၏။
"ထားလိုက်ပါတော့လေ။ မင်း နောက်ဆိုရင် ဖြည်းဖြည်းချင်း သိလာပါလိမ့်မယ်"
ရုံရှင်းကတော့ လက်မခံချေ။ "ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးတော့ အထင်လွဲခံရမှာလဲ။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ဂေးလို့ပြောလာတယ်ဆိုရင်လည်း ကျွန်တော်က အရမ်းဒေါသထွက်နေမှာပဲလေ။ အစ်ကိုဒီကိစ္စကို ဒီအတိုင်း ရှင်းပြလို့မရပုံနော်"
နဥ်ရှောက်ပိုင်က ခါးသက်သက်ပြုံးကာ ပြောလိုက်၏။ "ငါက သူတို့ကို ဒီကိစ္စရှင်းပြမယ်ဆိုရင်တောင် ဘယ်သူကမှ ငါ့ကို ယုံမှာမဟုတ်ဘူးလေ"
ရုံရှင်းမှာ မယုံကြည်နိုင်အောင် ဖြစ်သွားတော့၏။ "တကတည်း ဘယ်သူကလဲ။ ဒါက အရမ်းလွန်သွားပြီ။ ဒီကိစ္စကို ရှင်းပြပေးတာတောင်မှ မယုံဘူးတဲ့လား"
နဥ်ရှောက်ပိုင်သည် ချွေးများရွှဲစိုနေသည့် ရှပ်အင်္ကျီနှင့် စွပ်ကျယ်ကို ဝရန်တာဆီသို့ ယူသွားလိုက်၏။
ရုံရှင်းကတော့ ဖုန်းထဲတွင် ဒေါသထွက်နေဆဲပင်။
"ဒီအပြင် အစ်ကိုက ဘယ်လိုလုပ်ပြီးတော့ လိင်တူခြင်း ကြိုက်နေတဲ့ပုံပေါ်လို့လဲ"
"သူက မူကြိုကျောင်းကတည်းက ကြိုက်တဲ့သူတွေကလည်း အများကြီးပဲ" ရုံရှင်းသည် တက်ကြွစွာဖြင့် စက်သေနတ်တစ်ခုလို နင်ရှောင်ပိုင်၏ အချစ်ရေးသမိုင်းကြောင်းကို စာရင်းပြုစုလေတော့သည်။
"အလယ်တန်းကျောင်း ရောက်သွားတော့လည်း အစ်ကိုရဲ့စားပွဲထဲမှာ ရည်းစားစာဆိုတာ ၂စောင်ထက်တောင် မနည်းဘူးမဟုတ်လား။ အစ်ကို နိုင်ငံခြားရောက်သွားတော့လည်း အဲ့ဒီကလေးမလေးတွေက အစ်ကို့ကိုမြင်လိုက်တာနဲ့ ဝံပုလွေတွေလို ဆာလောင်နေကြတာပဲလေ။ ဘယ်လိုလိင်တူချစ်သူမျိုးက ဒီလောက်မိန်းကလေးအများကြီးကို ဆွဲဆောင်နိုင်လို့လဲ"
"နောက်ပြီးတော့ ကောင်းချုံးယင်းကလည်း အစ်ကို့ကို မျက်စိကျနေသေးတယ် မဟုတ်လား။ စကားမစပ် သူ အခုတစ်လော..."
နဥ်ရှောက်ပိုင်က ဖုန်းကိုလှမ်းယူလိုက်ပြီး ဖုန်းချလိုက်ပြီးနောက် တံခါးဘက်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်လေသည်။
သူက ကိုယ့်ဟာကိုယ် ပြန်စဉ်းစားလိုက်၏။
ဟုတ်သွားပြီ။ ငါ ဆက်ပြီးတော့ ဒါကိုရှင်းပြပေးစရာ မလိုတော့ဘူး။
...