← Chapters

အပိုင်း(၁၄၁)

Vol. 10 Ch. 141

အပိုင်း(၁၄၁)

Vol. 10 Ch. 141

ရှမြန်၏စိတ်မှာ အနည်းငယ် ရှုပ်ထွေးသွား၏။

သူမသည် မူလစာအုပ်ထဲက နဥ်ရှောက်ပိုင်အကြောင်းနှင့် ပတ်သက်ပြီး အကြောင်းအရာများကို တော်တော်လေး ပြန်စဉ်းစားယူလိုက်ရသည်။ သူသည် ဇာတ်လမ်းနောက်ကွယ်က သူဌေးကြီး ဖြစ်သည့်အတွက် လူကိုယ်တိုင် ထွက်ပေါ်လာသည်ကား မရှိသလောက်ပင်။ သူနှင့်ပတ်သက်သည့် အချက်အလက်အများစုမှာ တခြားသူဆီမှ ရောက်လာခြင်းဖြစ်သည်။

ရှမြန်က ခေါင်းခါလိုက်၏။

ငါတော့ မှားနေပြီ။ စာအုပ်ထဲက အကြောင်းအရာတွေကို ထပ်ပြီးတော့ စဉ်းစားလို့ မဖြစ်တော့ဘူး။

အခုက တကယ့်လက်တွေ့ အသက်ရှင်နေတဲ့ လောကကြီးလေ။ ဘယ်သူကမှ စာရွက်တွေနဲ့ လုပ်ထားတာ မဟုတ်ဘူး။ စာရွက်ထဲက မှန်းဆချက် အချက်အလက်တွေနဲ့ ဒါကို မသတ်မှတ်သင့်ဘူး။

စာအုပ်ထဲမှာ တခြားလူတွေ ပြောထားတဲ့စကားတွေကလည်း ကောလာဟလတွေပဲ မဟုတ်လား။ ကောလာဟလတွေက ဘယ်လောက် မှန်ကန်နိုင်မှာမလို့လဲ။

ဥပမာ နဥ်ရှောက်ပိုင်က ရက်စက်ပြီးယုတ်မာတယ်တဲ့။

ရှမြန်...

ဒါပေမဲ့လည်း သူ ပြောခဲ့တဲ့စကားတွေက အမှန်ပါပဲ။

ဒါပေမဲ့ တကယ်တမ်းကျတော့ သူကအရမ်းကို သိမ်မွေ့တဲ့ လူတစ်ယောက်လေ။ ရှောင်ဖုန်းက သူ့ကို မှီခိုအားထားနေတာ ကြည့်ရုံနဲ့ သိနိုင်တယ်။

ရှောင်ဖုန်းက လူတွေရဲ့စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး အရမ်းကို ထိခိုက်လွယ်တယ်လေ။ ဒါပေမဲ့ မင်မြို့မှာရှိနေတုန်းက ဒီကောင်ကလေးက ငါ့အပြင် အယုံရဆုံးလူလို့ ပြောလိုက်တယ်ဆိုရင် နဥ်ရှောက်ပိုင်ပဲရှိတာပဲ။

ကောလာဟလထဲမှာ ပြောထားတာကတော့ နဥ်ရှောက်ပိုင်က ဘယ်ရန်ငြိုးကိုမှ အလွတ်မပေးတတ်ဘူးတဲ့။

ရှမြန်...

ဒါကလည်း မှန်နေတဲ့ပုံပါပဲ။

ဒါပေမဲ့ ဒီကိစ္စကလည်း အဲဒီမျှော်လင့်ချက်မဲ့ပြီး အရမ်းကို ရွံစရာကောင်းတဲ့ အပြင်လူတွေအပေါ်ပဲ တိုက်ရိုက်သက်ရောက်တာပါ။ တကယ်တမ်းကျတော့ သူက သူ့ရဲ့ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေအပေါ် အရမ်းကို သည်းခံနိုင်စွမ်းရှိပါတယ်။ ဒီအချက်အလက်တွေကြောင့်ပဲ ငါကလည်း သူနဲ့ပတ်သက်ပြီး ကိုယ့်ဟာကိုယ်ပိုပြီး တဖြည်းဖြည်းနဲ့ ရဲတင်းလာခဲ့တာ။

အဲဒီလိုမှ မဟုတ်ဘူးဆိုရင် မနေ့တုန်းက ဒီလိုတရားလွန်တဲ့စကားတွေ ပြောခဲ့ပြီးတဲ့နောက်မှာ နဥ်ရှောက်ပိုင်က ငါ့ကို ဘာဖြစ်လို့ အပြစ်တင်ဖို့ စိတ်ကူးမရှိခဲ့တာလဲ။

ကောလာဟလထဲမှာ ပြောထားတာကတော့ နဥ်ရှောက်ပိုင်က အရာရာကို စွမ်းဆောင်နိုင်တဲ့သူတဲ့။

ရှမြန်...

ဒီကောလာဟလကလည်း မှန်နေတဲ့ပုံပါပဲ။ သူက ဘာမှမပြောဘူးဆိုပေမဲ့လည်း သူ့ဆွေမျိုးနဲ့ မိတ်ဆွေတွေက အခက်အခဲကို ရင်ဆိုင်တွေ့ကြုံလာရတဲ့အခါ သူက အမြဲလိုလို အရာအားလုံးကို နောက်ကွယ်ကနေ ပြင်ဆင်ပေးခဲ့တာပဲ။

လိုအပ်တဲ့အချိန်ကျရင် အမြဲတမ်း သူ့ကို အားကိုးလို့ရတယ်။

ဥပမာ နဥ်ရှောက်ယွင်က ချောချောမွေ့မွေ့နဲ့ ကွာရှင်းနိုင်ခဲ့တယ်။ ငါတို့ရဲ့မိသားစုတွေကလည်း ဒီလမ်းကြားထဲမှာ တည်ငြိမ်ပြီး အေးချမ်းတဲ့ဘဝတစ်ခုနဲ့ နေနိုင်ခဲ့တယ်။ ဒါတွေ အားလုံးကလည်း သူက အပြင်ဘက်က မုန်တိုင်းတွေကို ကာကွယ်ပေးထားခဲ့လို့ပဲ။

အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နဥ်မိသားစုနဲ့ ဟော်မိသားစုရဲ့ အင်အားနဲ့သာဆိုရင် သူတို့တွေ ဒေဝါလီခံသွားတယ် ဆိုရင်တောင်မှ သာမန်လူတွေကို ပစ်မှတ်ထားဖို့ဆိုတာ သူတို့အတွက် လွယ်လွယ်လေးပဲလေ။

နောက်ပြီးတော့ သူက ဂေးဆိုတဲ့ ကောလာဟလကတော့...

ရှမြန်သည် ထိုအကြောင်းကို သေသေချာချာ လေးစဉ်းစားလိုက်ပြီး သူသည် ယောက်ျားများကို ကြိုက်သည်ဟူသည့် ကောလာဟလ ပြန့်လာခြင်း အကြောင်းရင်းက သူသည် အသက်၄၀အထိ တစ်ကိုယ်တည်း နေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သဘောပေါက်သွားခဲ့သည်။

ငါ့ရဲ့သတိပေးချက်သာ မရှိဘူးဆိုရင် နဥ်ရှောက်ပိုင်က အရင်ဘဝတုန်းက ဟော်မိသားစုနဲ့ ဖန်မိသားစုကို ရင်ဆိုင်တဲ့နေရာမှာ ဒီဘဝလို ဆုံးဖြတ်ချက် ပြတ်သားနိုင်ခဲ့မှာ မဟုတ်ဘူး။ ဟော်မိသားစုနဲ့ ဖန်ရှို့ကျစ်တို့က အချိန်အကြာကြီး တိုက်ခိုက်လာခဲ့ရတယ်။ ဒီလိုနဲ့ သူက ယောက်ျားတွေကို ကြိုက်ပါတယ်ဆိုတဲ့ သတင်းကလည်း ပိုကြီးလာခဲ့တယ်။ ဒီအပြင် သူကလည်း တစ်ဘဝလုံး တစ်ကိုယ်တည်း နေခဲ့တာဆိုတော့ ဒီကောလာဟလက ပိုပြီးတော့ မြင့်တက်လာတာပေါ့။

တကယ်လို့ ဒါကို သေသေချာချာလေး ဆန်းစစ်ကြည့်မယ်ဆိုရင် ဂေးတစ်ယောက် ဖြစ်ရခြင်းဆိုတာက တစ်ကိုယ်တည်း နေတယ်ဆိုတဲ့ကိစ္စနဲ့ ဘာမှမဆိုင်ဘူးလေ။ ဂေးတွေကလည်း ချစ်ကြိုက်လို့ရတာပဲ။ နဥ်ရှောက်ပိုင်လိုလူတွေက သူတို့တွေက ယောက်ျားကို ကြိုက်ပါတယ်ဆိုတဲ့ကိစ္စကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး။

ဒီတော့ သူ တစ်ကိုယ်တည်းဖြစ်နေရတဲ့ တစ်ခုတည်းသော ဖြစ်နိုင်ခြေက...

မဟုတ်သေးဘူးလား။ ရှမြန်သည် သူမ၏ လွန်ကဲသည့်စိတ်ကူးများကို ဖယ်ရှားဖို့ရန် သူမ၏နဖူးကို ပြန်ရိုက်လိုက်တော့သည်။ ငါသူ့ကို တစ်ခါထိခိုက်နာကျင်အောင် လုပ်ပြီးသွားပြီလေ။ ဒုတိယအကြိမ်တော့ သူ့ကိုသေချာပေါက် ထိခိုက်အောင်လုပ်လို့ မဖြစ်ဘူး။

ဒီတော့ နဥ်ရှောက်ပိုင် တစ်ကိုယ်တည်း ဖြစ်နေရတဲ့ အကြောင်းအရင်းက သူ ကြိုက်တဲ့လူကို ဘယ်တုန်းကမှ မတွေ့ခဲ့တာပဲ ဖြစ်ရမယ်။ သူက အလွယ်တကူ ကျေနပ်နှစ်သိမ့်နိုင်တဲ့ လူတစ်ယောက် မဟုတ်တာလည်း သိသာတယ်။

ဒီလိုလူမျိုးတွေက နောက်ပိုင်းမျိုးဆက်တွေမှာ ထူးခြားနေတာမှ မဟုတ်ဘဲ။

ငါ သူ့ကို အရင်တုန်းက နားလည်မှုလွဲခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင်... အထူးသဖြင့် မနေ့တုန်းက...

မနေ့တုန်းက ဆိုးရွားသည့်ခန့်မှန်းချက်ကို စဉ်းစားမိသည်တွင် ရှမြန်မှာ သူမ၏မျက်နှာကို သုတ်လိုက်ပြီး ငိုချင်စိတ် ပေါက်သွားတော့သည်။

ဘုရားရေ ငါကတော့ ဒေါက်တာနဥ်နဲ့ မျက်နှာချင်းဆိုင်ဖို့ တကယ့်ကို မျက်နှာမရှိတော့ပါဘူး။

ရှမြန်သည် သူမ၏အတွေးများကို ရုန်းကန်နေရစဉ်တွင် သူမရှေ့က တံခါးက ရုတ်တရက် ပွင့်သွား၏။ နဥ်ရှောက်ပိုင်က ဇဝေဇဝါဖြင့် သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ အပြင်ဘက်မှာ လူတစ်ယောက်အသံ ကြားလိုက်လို့"

"မင်း ဘာဖြစ်လို့ ဝင်မလာခဲ့တာလဲ။ ဘာလုပ်နေတာလဲ"

ရှမြန်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ရုပ်တည်ဖြင့် ပြောလိုက်လေသည်။

"ဒေါက်တာနဥ် ကျွန်မဒီနေရာမှာ ကိုယ့်ဟာကိုယ် ကြိုးဆွဲချလို့ရအောင် ကျွန်မကို ကြိုးတစ်ချောင်းလောက် ပေးငှားပါလား"

နဥ်ရှောက်ပိုင်က သူမ၏နဖူးကို လှမ်းခေါက်လိုက်ပြီး သူမကို ဆွဲဝင်လိုက်၏။

"မင်းဘာတွေ ထပ်ရူးနေပြန်ပြီလဲ"

ဒါသည် ရှက်စရာကောင်းသည်ဆိုလျှင်ပင် ဒါကိုတော့ ရင်ဆိုင်ရပေဦးမည်။ ရှမြန်သည် ငိုချင်သွားသော်ငြားလည်း မျက်ရည်က ထွက်မလာပေ။

"ကျွန်မ ရှင် အစ်ကိုရုံရှင်းနဲ့ ဖုန်းပြောနေတာကို အခုလေးတင် ကြားလိုက်ရတယ်"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ရှိနေ၏။

"မင်းက ဘာကြားခဲ့လို့လဲ"

သူ့မျက်နှာအမူအရာကို အကဲခတ်ရတာသူက ရည်းစားစာကိစ္စ ပြောချင်တဲ့ပုံလည်း မပေါ်သလို အဲဒီလိုကိစ္စနဲ့ ဆင်တူတဲ့ကိစ္စကိုလည်း ပြောချင်ဟန်တော့ မတူဘူးလေ။

"ကျွန်မအားလုံးကို ကြားလိုက်တယ်" ရှမြန်သည် ထမင်းဘူးကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီးနောက် သူမ၏နဖူးပေါ်တွင် လက်အုပ်ချီထားလိုက်ကာ အကျယ်ကြီး ပြောလိုက်တော့သည်။

"ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မှားသွားပါတယ်နော်။ ကျွန်မ ရှင့်ကို အထင်မလွဲခဲ့သင့်ပါဘူး"

"ကျစ်...ငါ ဒီစကားကို ကြားပြီးပြီလေ" နဥ်ရှောက်ပိုင်က သူ၏နားကို အုပ်ထားလိုက်ပြီး ဆွံ့အစွာဖြင့် ပြန်ပြောလိုက်၏။ "မင်းဘာဖြစ်လို့ အဲဒီလောက် အကျယ်ကြီး အော်ပြောနေတာလဲ"

ရှမြန်က သူ့လက်ကို ဖမ်းဆွဲထားလိုက်ကာ သူ့ကိုထိုင်ခုံပေါ်သို့ တွန်းချလိုက်ပြီးနောက် သူ့အတွက် ထမင်းဘူးကို ဝီရိယရှိရှိဖြင့် ကူဖွင့်ပေးလိုက်ပြီး အစားအသောက်များကို တစ်ခုပြီးတစ်ခု ထုတ်ပေးလိုက်ပြီးနောက် တူကိုသူ့လက်ထဲ ထည့်ပေးလိုက်လေသည်။

"ဒေါက်တာနဥ် ပူတုန်းစားလိုက်ပါဦး"

နဥ်ရှောက်ပိုင်သည် သူမ၏အမူအရာကို မနေနိုင်ဘဲ ရယ်မောမိတော့သည်။

"အဲဒီလောက်တောင်မှ အပြစ်ရှိတယ်လို့ ခံစားနေရတာလား"

ရှမြန်က သူ့တူဖြင့် သူ့အတွက် အသားတစ်တုံးကို ကောက်ထည့်ပေးလိုက်ကာ စိတ်ရင်းအတိုင်း ပြောလိုက်၏။

"ကျွန်မ အရမ်းကို အပြစ်ရှိသလိုခံစားရပါတယ်"

နဥ်ရှောက်ပိုင်က တူနောက်၁စုံကို လှမ်းယူလိုက်ပြီး သူမရှေ့ကို ထမင်းပန်းကန်တစ်လုံး ချပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "အတူတူစားကြမယ်"

ရှမြန်သည် စိတ်မအေးရသည့်ပုံ ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် သူက သက်ပြင်းချပြီး ပြောလိုက်၏။ "မင်း နားလည်မှုလွဲနေတယ်ဆိုတာ သိသွားပြီဆိုမှတော့ ငါကလည်း သိချင်စိတ် ဖြစ်သွားပြီ။ မင်းက ငါ့ကိုဘာဖြစ်လို့ ဂေးလို့ထင်နေတာလဲ"

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ကြိုတင်မှန်းဆထားတဲ့ အသိတစ်ခုရှိနေပြီး စာအုပ်ထဲမှာ ပြောခဲ့တဲ့စကားကို ယုံကြည်မိလို့လေ။

သို့သော်ငြားလည်း ထိုစကားကို ထုတ်ပြောလို့မရနိုင်သည်မှာ သိသာသည်။

ရှမြန်က သူမ၏ခေါင်းကို ကုတ်လိုက်ကာ တော်တော်လေး ဖိအားပေးခံရသလိုဖြင့် ပြောလိုက်၏။

"ကျွန်မတို့တွေ မင်မြို့မှာရှိနေတုန်းက ရှင်က မိန်းကလေးတွေကို လုံးဝသဘောမကျတာ တွေ့လိုက်ရတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖန်ရှို့ကျစ်ကလည်း ရှင့်ကို ချောက်ချခဲ့တယ် မဟုတ်လား။ ဒီတော့ ကျွန်မက အဲဒီအခိုက်အတန့်လေးမှာ ဒီအကြောင်းကို စဉ်းစားမိသွားတာပေါ့"

သူမသည် နဥ်ရှောက်ပိုင်က မေးခွန်းများကို ထပ်မေးလာမည်ကို စိုးရိမ်သဖြင့် မြန်မြန်ထရပ်လိုက်ပြီး သူ့အတွက်ဟင်းရည်ကို ထည့်ပေးလိုက်သည်။

"များများသောက်နော်။ ကျွန်မ ဒီပဲနီဟင်းရည်ကို လုပ်လာတာ။ ဒါက အေးအေးစိမ့်စိမ့်လေး အရမ်းကို လန်းဆန်းသွားစေမှာ"

နဥ်ရှောက်ပိုင်က သူမကို လှမ်းကြည့်လိုက်ပြီး ဘာမေးခွန်းမှ ထပ်မမေးတော့ချေ။

"ဟုတ်ပါပြီ မင်းလည်း စားလို့ရပါတယ်"

ရှမြန်က ၁လုပ်၊ ၂လုပ်လောက် ဒီအတိုင်းစားလိုက်ပြီးနောက် ထရပ်လိုက်ကာ အဆောင်ထဲတွင် ပတ်လျှောက်နေလိုက်ပြီး သူမ လုပ်ပေးနိုင်သည့် တစ်စုံတစ်ခုများ ရှိလိုရှိငြား ရှာဖွေလိုက်လေသည်။

ဝရံတာအပြင်ဘက်တွင် ပစ်ထားသည့် ရှပ်အင်္ကျီနှင့် စွပ်ကျယ်ကို မြင်လိုက်ရသည့်အခါ သူမက ပြောလိုက်၏။

"ကျွန်မ အဲဒါတွေကို ရှင့်အတွက် လျှော်ပေးမယ်လေ။ အဲဒါတွေက မြန်မြန်ခြောက်သွားမှာပါ။ ရှင် ဒီနေ့ည အလုပ်ဆင်းတဲ့အခါကျရင် အဲဒါတွေကို လဲဝတ်သွားလို့ရတယ်"

"မလိုပါဘူး" နဥ်ရှောက်ပိုင်၏လေသံက အလောတကြီး မဖြစ်နေချေ။ အကြောင်းရင်းမှာ သူသည် ဟင်းရည်ကို ခပ်သောက်နေခြင်းကြောင့်ပင်။

ရှမြန်က သူ့အဝတ်အစားအားလုံးကို ဇလုံထဲတွင် ထည့်စိမ်လိုက်၏။

နဥ်ရှောက်ပိုင်သည် ရုတ်တရက်ဆိုသလို သူ့မျက်နှာက ပူပြင်းလာသည်ကို ခံစားလိုက်ရလေသည်။ ရှမြန်က သူ့ကိုကြည့်နေသည်ကို မြင်လိုက်သည့်အခါ ချက်ချင်းဆိုသလို ကူကယ်ရာမဲ့သွားသလို လုပ်ပြလိုက်ပြီး ပြောလိုက်၏။ "မင်း ဒီလိုလုပ်စရာမလိုပါဘူး။ ဒါက နားလည်မှု လွဲရုံသက်သက်ပါပဲ။ ငါ မင်းကို အပြစ်မပြောပါဘူး"

သူသည် ထိုစကားကိုပြောလေလေ ရှမြန်က အပြစ်ရှိစိတ် ပိုဖြစ်လာလေလေ ဖြစ်နေ၏။

နဥ်ရှောက်ပိုင်က ဒါကိုမြင်လိုက်ရသည့်အခါ ဆက်ပြောလိုက်သည်။

"ဒါက ငါ့အမှားပါပဲ။ အစကတည်းက မင်းကို သေသေချာချာ မရှင်းပြဘဲနဲ့ ဒီအတိုင်း လွှတ်ထားခဲ့တာလေ"

"ကျွန်မက ရှင်ကို ဘယ်လိုလုပ်ပြီးတော့ အပြစ်ပြောလို့ရမှာလဲ" ရှမြန်က သူမ၏နှာခေါင်းကို ရှုံ့ထားလိုက်ကာ စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်လေသည်။

"အဲဒီတုန်းကလည်း ကျွန်မတို့တွေက မထင်မှတ်ဘဲနဲ့ တွေ့ခဲ့ကြတာလေ။ ကျွန်မတို့တွေက အပေါ်ထပ် အောက်ထပ် အိမ်နီးချင်းသာသာပဲ။ ရှင်က ကျွန်မကို အထူးတလည် သေသေချာချာကြီး ရှင်းပြနေတာမှ ထူးဆန်းစရာ ကောင်းနေဦးမယ်"

သူမက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ်ပါ။ ဒါက ကျွန်မအမှားဆိုတာ အမှန်ပဲလေ။ ကျွန်မက ကျွန်မရဲ့ ကြိုတင်မှန်းဆချက် စိတ်ကူးတွေကို ပြောင်းလဲသင့်ပါတယ်"

သူမက သူ၏ရှပ်အင်္ကျီများနှင့် စွပ်ကျယ်များကို ချိတ်လှန်းပေးနေသည်ကို ကြည့်နေလိုက်ပြီး နဥ်ရှောက်ပိုင်သည် သူ့ရင်ဘတ်ထဲတွင် လှုပ်ရှားသွားသလို ခံစားလိုက်ရပြီးနောက် အနည်းငယ် နောင်တရသွားသလို ဖြစ်သွားတော့သည်။ သူသည် အနည်းဆုံးတော့ သူ့အဝတ်အစားများကို လျှော်ပေးနေသည်ကို သူမကို တားမြစ်ခဲ့သင့်ပေသည်။

သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။

"မင်း သန်ဘက်ခါကြရင် ဇာတိမြို့ကို ပြန်တော့မှာလား။ လက်မှတ်ရော ဝယ်ထားပြီးပြီလား။ အထက်တန်းရထားတွဲလား"

"အင်း အဒေါ်၂က စိတ်ပူလို့ဆိုပြီး ကျွန်မနဲ့ ရှောင်ဖုန်းတို့အတွက် လူလွှတ်ပြီး အထက်တန်း ရထားလက်မှတ်ကို ဝယ်ခိုင်းထားတယ်လေ"

နဥ်ရှောက်ပိုင်က ခေါင်းညိတ်ပြသည်။

"ဒါဆိုရင်တော့ ဟုတ်ပါပြီ။ ခဏနေကြရင် လက်မှတ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ငါ့ကို ပေးထားလိုက်။ ငါ မနက်ဖြန်ဖုန်းခေါ်ပြီးတော့ မင်းတို့ကိုလာကြိုပေးဖို့ လူလွှတ်ခိုင်းလိုက်မယ်။ မင်းတို့ကို မင်ရှီစီရင်စုကို တန်းပို့ခိုင်းလိုက်မယ်။ ဒီလိုဆိုရင် မင်းတို့လည်း ဘတ်စ်ကား ပြောင်းစီးနေရတာနဲ့ ဒုက္ခမများတော့ဘူးပေါ့"

ရှမြန်မှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားကာ မျက်ရည်များ ၀ဲတက်လာပြီး နဥ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။ "ဒေါက်တာနဥ် ရှင်ကလေ အရမ်းကို ကြင်နာတတ်တာပဲ"

ငါ မနေ့တုန်းက သူ့ကို အရမ်းဒေါသထွက်အောင် လုပ်ခဲ့တယ်လေ။ ဒါပေမဲ့ သူကတော့ ငါ့အတွက် စဉ်းစားပေးဦးမယ်လို့တောင် ထင်မထားခဲ့ဘူး။

နဥ်ရှောက်ပိုင်သည် မကြည်သလိုဖြင့် သူမ၏ရှေ့ဆံပင်ကို လှမ်းဆွဲလိုက်ကာ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ တော်တော့။ ငါ တစ်ရေးအိပ်ချင်ပြီ"

ရှမြန်က ယပ်တောင်ကို ကောက်ယူကာ ပြောလိုက်၏။ "ကျွန်မ ရှင့်အတွက် ယပ်ခတ်ပေးရမလား"

နဥ်ရှောက်ပိုင်သည် နောင်တရသွားသည့်အကြည့်ဖြင့် ကုတင်ခြေရင်းက ပန်ကာကို လှမ်းကြည့်လိုက်၏။ သို့သော်ငြားလည်း သူသည် ပြန်လှည့်လာသည့်အချိန်တွင် သူ့မျက်လုံးများက အထင်သေးမှုများ ပြည့်နှက်နေဆဲပင်။ "မြန်မြန်သွားပါတော့"

သူသည် ဝရန်တာာတွင် ချိတ်လှန်းထားသည့် အဝတ်အစားများကို လှမ်းကြည့်လိုက်ပြီး သူမ အသက်၁၉နှစ် မပြည့်ခင်တွင် သူမကိုယ်သူမ ဒီလိုနှိပ်စက်နေသည်ကို ရပ်တန့်ရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ရှမြန်သည် တစ်နေ့လယ်ခင်းလုံး စိုးရိမ်နေခဲ့၏။ ဒီနေ့အဖြစ်အပျက်များက သူမကို နိုးထသွားစေတော့သည်။ သူမသည် တခြားသူများနှင့် ဆက်ဆံသည့် အခိုက်အတန့်အားလုံးကို သေသေချာချာ စတင်ပြန်စဉ်းစားမိ၏။ သူမသည် စာအုပ်ထဲက အကြောင်းအရာကြောင့် တစ်စုံတစ်ယောက်ကို မထင်မှတ်ဘဲ ပြစ်မှားမိလေမလားဟု သေသေချာချာ ပြန်စဉ်းစားလိုက်သည်။

နောက်ဆုံးတွင်တော့ သူမ ပြစ်မှားမိသည့် တစ်ဦးတည်းသောသူမှာ နဥ်ရှောက်ပိုင်သာ ဖြစ်နေသည်ကို သိလိုက်ရသည်။

သူမသည် ထိုလူဆိုးများကိုတော့ ဘယ်တော့မှ ပြစ်မှားလိမ့်မည်မဟုတ်မှန်း ပြောစရာမလိုပေ။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို အစပိုင်းတုန်းကတော့ စာရွက်ထဲကလူများလို သဘောထားခဲ့သော်ငြားလည်း သူမသည် သူတို့ကို ချစ်ခင်ကာ ဂရုစိုက်ပေးသည်။ နဥ်ရှောက်ယွင်အတွက်လည်း ထိုနည်းတူပင်။ သူမသည် ဟော်ရွှယ်ဝမ်နှင့်တော့ အပြန်အလှန် ဆက်ဆံခြင်းမျိုးမရှိခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူမသည် နဥ်ရှောက်ပိုင်နှင့်သာ အချစ်အမုန်း ဆက်ဆံရေးတစ်ခုမျိုး ရှိခဲ့သည်။

ထို့နောက်တွင်တော့ ရှမြန်သည် တစ်ဖက်လူကို ညီအစ်မလို ဆက်ဆံခဲ့သည့်အခြေအနေများကို သေသေချာချာ ပြန်စဉ်းစားလိုက်၏။ သူမသည် ထိုအကြောင်းကို စဉ်းစားလေလေ နဥ်ရှောက်ပိုင်အတွက် စိတ်မကောင်း ဖြစ်လာလေလေပင်။

သူ့ကြည့်ရတာ ငါ့ကို သဘောမကျဘူး ထင်တယ်။ ပုံစံမျိုးစုံနဲ့ ငါ့ရဲ့နှောင့်ယှက်တာကိုလည်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ ငါ့မှာလုပ်စရာရှိလာတဲ့အချိန်တိုင်း သူက အမြဲတမ်း ငါ့ဘေးမှာ ရပ်တည်ပေးခဲ့တယ်။ ငါ ရဲစခန်းကို ရောက်သွားတဲ့အချိန်တုန်းကဖြစ်ဖြစ် ဟောက်ကျန်းရဲ့အဖေနဲ့ ထျန်းရွှယ်ယာတို့ရဲ့အမေက ကျောင်းမှာ ပြဿနာလာရှာတုန်းကပဲဖြစ်ဖြစ် သူက တတ်နိုင်သလောက် အလောတကြီး ရောက်ချလာတတ်တာပဲ။

ပြီးတော့ ငါက စိတ်အခြေအနေ မကောင်းတဲ့အချိန်တိုင်း သူက သူ့နည်းသူ့ဟန်နဲ့ အမြဲတမ်း ငါ့ကို နှစ်သိမ့်ပေးတတ်တယ်။ ကျန်းချီမင်ရဲ့ စီရင်ချက်ထွက်လာတုန်းက အချိန်တုန်းကလိုပေါ့...

...

All Chapters