အပိုင်း(၁၄၂)
Vol. 10 Ch. 142
ရှမြန်သည် ထိုအကြောင်းကို စဉ်းစားလိုက်သည်တွင် တစ်ခုခုက လွဲမှားနေသည်ကို တဖြည်းဖြည်း သဘောပေါက်လာ၏။
သူမက ရုတ်တရက် ထထိုင်လိုက်သည်။
ဘေးတွင် တရေးတမောအိပ်နေသည့် ရှောင်ဖုန်းမှာ အလန့်တကြား ဖြစ်သွားပြီး အိပ်ချင်မူးတူးဖြင့် လှမ်းမေးလိုက်သည်။
"အန်တီလေး"
"ဘာမှမဟုတ်ပါဘူး" ရှမြန်က ပြန်လှဲချလိုက်ပြီး ရှောင်ဖုန်း၏ဗိုက်လေးကို ပုတ်ပေးလိုက်ကာ စဉ်းစားနေသည့်တစ်ချိန်လုံးတွင် သဲလွန်စတစ်ခုကို ဖြည်းဖြည်းချင်း ထုတ်ဖော်လိုက်သည်။
နဥ်ရှောက်ပိုင်လို စေ့စပ်သေချာပြီး ချေးများတဲ့ လူတစ်ယောက်က သူ့တံခါးကိုပိတ်ဖို့ ဘာဖြစ်လို့ မေ့ရမှာလဲ။
ရှမြန်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး...
ကြည့်ရတာ သူက ငါ့ရဲ့ရည်းစားစာတွေကို ဂရုစိုက်တဲ့ပုံပဲ။ ရှမြန်သည် အခန်းထဲက သစ်သားသေတ္တာကြီးကို လှမ်းကြည့်လိုက်၏။ ထိုသေတ္တာထဲတွင် ရည်းစားစာ အစောင်၂၀၀ကျော် အမှန်ပင် ရှိနေလေသည်...
နောက်ဆိုရင် သူက သူလက်ခံရရှိထားတဲ့ ရည်းစားစာကို ၂ဆပြန်ပေးမယ်လို့ ပြောခဲ့တယ်...
သူက ငါ ရည်းစားစာ လက်ခံထားတာကို လုံးဝသဘောမကျဘူးဆိုတာ သိသာပေမဲ့လည်း သူက ငါ့ကို သစ်သားသေတ္တာကြီးတစ်ခု ပေးသေးတယ်။ ဒီတော့ ဒါက မွေးနေ့လက်ဆောင် လုံးဝမဟုတ်ဘူး။ ဒါက အကြွေးကိုသိမ်းမဲ့ အကြွေးသေတ္တာတစ်ခုပဲ ဟုတ်တယ်မလား။
နောက်ပြီးတော့ အသက်၁၉နှစ်ပြည့်မွေးနေ့က ၁၈နှစ်ပြည့်မွေးနေ့ထက် ပိုပြီးအရေးကြီးရတဲ့ အကြောင်းအရင်း ဆိုတာလည်း မရှိဘူး။ ဒါနဲ့များ သူက ဒီလိုထူးဆန်းတဲ့စည်းမျဉ်းတစ်ခုကို ဘာလို့များချထားတာလဲ။
ငါက အသက်၁၉နှစ်အရွယ်မှာ အထက်တန်းကျောင်းပြီးမှ...
မနေ့တုန်းက ငါ့မွေးနေ့မှာ သူက ဟန်ဟောက်ရန်နဲ့ မွေးပွဝက်၀ံရုပ်ကြီးကို ထူးထူးဆန်းဆန်း စိတ်ပူနေတယ်တဲ့လေ။ ငါ ထင်ထားတာက သူက ငါ့ကိုဂရုစိုက်ပြီး ငါက စောစောစီးစီး ရည်းစားရသွားမှာကို စိုးရိမ်တယ်လို့ ထင်ထားတာ။
အခု ငါ ဒီအကြောင်းကို စဉ်းစားကြည့်လိုက်တော့ ငါက စောစောစီးစီး ရည်းစားရသွားတာကို စိုးရိမ်လို့ဆိုပြီး အဲဒီလောက် ဒေါသထွက်စရာ လိုလို့လား။
အထူးသဖြင့် ငါ အဲဒီစကားတွေကို အလောတကြီး ပြောလိုက်တုန်းက... သူ့မှာ သူကြိုက်နေတဲ့ လူတစ်ယောက်ယောက် ရှိတယ်လို့ ခန့်မှန်းလိုက်တဲ့အချိန်တုန်းက သူ ဒါကို မငြင်းခဲ့ဘူးဘဲ။ ငါ့ကိုတောင်မှ စိုက်ကြည့်နေပြီး ငါ ထုတ်ပြောလာမှာကိုတောင် စောင့်နေသေးတယ်...
သွားကြားထဲကနေ ဖျစ်ညှစ်ပြီးသရော်သလို ပြောလိုက်တဲ့ ငါ နင့်ကို ကြိုက်တာဆိုတဲ့စကားက ဒေါသထွက်လို့ ပြောလိုက်တာများလား။
ရှမြန်သည် တစ်ဖန် ထထိုင်လိုက်ပြီး သူမ၏ခေါင်းကို ခပ်ကြမ်းကြမ်း လှုပ်ခါလိုက်တော့သည်။
"ဒါတော့ မဖြစ်သင့်ပါဘူးလေ ဟုတ်တယ်မလား"
ဧကန္တ ငါကပဲ အလွန်အကျွံ ခံစားမိနေတာမျိုးလား။
"နဥ်ရှောက်ပိုင်လိုလူက သိမ်မွေ့ပြီး စကားနည်းတဲ့ မိန်းကလေးတွေကိုပဲ ပိုကြိုက်မှာပေါ့ ဟုတ်တယ်မလား"
သူက အရင်ဘဝတုန်းကတော့ တစ်ကိုယ်တည်းလူပဲလေ။
မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ စာအုပ်ထဲက အကြောင်းအရာတွေကို ကိုးကားချက် မယူတော့ပါဘူးလို့ ငါ ပြောထားပြီးပြီလေ။ ဒါဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ပဲ ကြည့်ပြီး ကိုယ့်နှလုံးသားနဲ့ပဲ ခံစားကြည့်ရမယ်။
ရှမြန်သည် လက်ကိုဆန့်လိုက်ပြီး သူမ၏နားကပ်ကို ထိလိုက်၏။ ဒီနေ့နေ့လယ်ခင်းက ထွက်မသွားချိန်တွင် သူမသည် အိုင်အိုဒင်းနှင့်သူမ၏နားကို အထူးတလည် သုတ်လိုက်သေးသည်...
ရှမြန်သည် အခန်းထဲက သစ်သားသေတ္တာကြီးကို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ကျဉ်းထားလိုက်တော့၏။
...
နောက်တစ်နေ့တွင် ရှမြန်သည် ခါတိုင်းလိုပင် နဥ်ရှောက်ပိုင်အတွက် မနက်စာကို စောစောစီးစီး သွားပို့ပေးခဲ့သည်။
နဥ်ရှောက်ပိုင်က အားကစားခန်းမထဲတွင် ချွေးများဖြင့် စိုရွှဲနေဆဲပင်။
ရှမြန်က တဘတ်ကို ဂရုတစိုက် လှမ်းပေးလိုက်သည့်အချိန်တွင် နဥ်ရှောက်ပိုင်ကတော့ အထင်သေးနေသည့်လေသံတစ်ခုဖြင့် ပြောနေဆဲ။
"ဟုတ်ပါပြီ ဝေးဝေးနေ။ မင်း ဒီလိုတွေ လုပ်စရာမလိုပါဘူး" ပုံမှန်ဆိုလျှင် အပြုံးတစ်ခုဖြင့် ရှေ့ကိုအပြေးတက်လာတတ်သည့် ရှမြန်သည် ထိုစကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ဘေး၌ လိမ်လိမ်မာမာလေး ရပ်နေလိုက်လေသည်။
မတ်တပ်ရပ်ပြီး စောင့်ဆိုင်းနေသည့်နဥ်ရှောက်ပိုင်မှာ အခိုက်အတန့် မှင်တက်အံ့သြသွားပြီးမှ ရှေ့သို့လျှောက်လာပြီး တဘတ်ကို ဖြည်းဖြည်းချင်း ကောက်ယူလိုက်ကာ သူ့မျက်နှာကို သုတ်လိုက်တော့သည်။
သူသည် သူ့ကျောပြင်ကို လှမ်းသုတ်လိုက်သော်လည်း လက်လှမ်းမမှီနိုင်အောင်ဖြစ်နေ၏။ ထို့ကြောင့် သူကဒီအတိုင်း လက်လျှော့ထားလိုက်တော့သည်။
ရှမြန်သည် ဘာမှမမြင်သယောင် လုံးဝကို မတုန်မလှုပ်ပင်။
နဥ်ရှောက်ပိုင်မှာ ခဏလောက် ချီတုံချတုံဖြစ်သွားသည်။ ထို့နောက်တွင်တော့ လက်ကိုဆန့်ကာ သူမ၏နဖူးကို လှမ်းထိလိုက်၏။
"မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား"
ရှမြန်က သူ့လက်ကို ဖယ်ထုတ်လိုက်ကာ
"ဘာမှမဖြစ်ပါဘူး။ ကျွန်မ မနေ့တုန်းက ဖြစ်သွားတဲ့ကိစ္စကို သေသေချာချာလေး ပြန်စဉ်းစားမိလို့ပါ။ ကျွန်မ ရှင့်ကို အရမ်းကြီး မလေးမစား လုပ်ခဲ့မိတယ်လို့ ခံစားရတယ်လေ။ အမြဲတမ်းလိုလိုပဲ မလေးမစားဖြစ်ခဲ့တာ"
သူမက စိတ်ရင်းအတိုင်း ပြောလိုက်၏။
"ကျွန်မ အခုချိန်ကစပြီး ရှင့်ကို အစ်ကိုတစ်ယောက်လို လေးစားပြီးတော့ ဘယ်တော့မှ ဆိုးဆိုးရွားရွား မလုပ်တော့ပါဘူး"
နဥ်ရှောက်ပိုင်!
ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလေ။
ရှမြန်သည် တံခါးမှ လျှောက်ကာထွက်လာသည့်အချိန်တွင် မနေနိုင်တော့ဘဲ နောက်ကို လှည့်ကြည့်လိုက်၏။ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်သွားသည့် ရုပ်တစ်ခုဖြင့် အားကစားခန်းမ၏ တံခါးနားတွင်ရပ်နေသည့် နဥ်ရှောက်ပိုင်ကို မြင်လိုက်ရလေသည်။
သူမသည် ကိုယ့်ဟာကိုယ် မရယ်မိအောင် သူမ၏နှုတ်ခမ်းကို တင်းနေအောင် စေ့ထားရတော့၏။
နဥ်ရှောက်ပိုင်က အလုပ်ကိုသွားခဲ့သည်။ ရှမြန်ကလည်း သူ့အတွက် နေ့လယ်စာကို ပြင်ဆင်ပေးနေဆဲပင်။
မနက်ခင်းတွင် ရုံရှင်းသည် ရိုက်ကူးရေး ပြီးမြောက်လာသည့် မောက်ကျစ်ရှန်းကို လမ်းကြုံလိုက်ပို့ပေးခဲ့သည်။
ရှမြန်၏ မျက်လုံးများက ချက်ချင်းဆိုသလို ရုံရှင်း၏ညာဘက်နားပေါ်က တလက်လက်ဖြစ်နေသည့် နားကပ်ဆီသို့ ကျရောက်သွား၏။
တကယ်လို့ ငါ အမြင်မှားတာ မဟုတ်ဘူးဆိုရင် ပုံစံက ရိုးရိုးရှင်းရှင်း အလုံးပုံစံလေးဆိုပေမဲ့လည်း ပုံဖော်ထားတဲ့ပုံစံကတော့ ငါ့နားပေါ်က နားကပ်နဲ့ တစ်ပုံစံတည်းပဲ။
ရှမြန်က သူမ၏ဆံပင်ကို နားနောက်သို့ ပို့လိုက်ကာ ရုံရှင်း၏အာရုံကို အမှန်ပင် ဆွဲဆောင်ထားလိုက်လေသည်။
နောက်ဆုံး ဒါသည် သူ ပထမဦးဆုံး သဘောကျခဲ့သည့် နားကပ်ဖြစ်လေသည်။ ထို့ကြောင့် သူသည် ထိုနားကပ်ကို အမှန်ပင် မှတ်မှတ်ရရရှိနေ၏။
"ဒါက ဘာဖြစ်လို့ မင်းရဲ့နားပေါ် ရောက်နေတာလဲ။ အစ်ကိုပိုင်က မင်းကို နားဖောက်ပေးခဲ့တာလား"
"လုံးဝမနာဘူး မဟုတ်လား"
"ဟုတ်တယ်။ ဒေါက်တာနဥ်က ကျွန်မကို ကူညီပေးခဲ့တာလေ" ရှမြန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "တကယ်ပဲ လုံး၀မနာဘူး။ ဒေါက်တာနဥ်ကလေ တကယ် အံ့သြဖို့ကောင်းတာနော်"
"ဟုတ်ပ" ရုံရှင်းကလည်း ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြော၏။ "သူ ဒီအတွက် ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရလဲဆိုတာ နင် မသိလို့နော်။ ငါတို့ရဲ့နားကပ်အတွက် သူက ဒါတွေကို ကိုယ်တိုင်လုပ်ဖို့ တစ်စုံတစ်ယောက်ဆီမှာတောင်မှ အထူးတလည် တောင်းဆိုခဲ့သေးတယ်လေ။ ဒါကိုလည်း ချက်ချင်းဝတ်လို့ရအောင်ဆိုပြီး သူတို့ကိုလုပ်ပေးဖို့ အားစိုက်ထုတ်မှုတွေ အများကြီး လုပ်ပေးခဲ့ရတာ"
"အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါကတော့ လက်ဖက်ရိုးကို ရုပ်ဆိုးခံပြီးတော့ ဝတ်နေရဦးမယ်လို့ ထင်တယ်"
"အစ်ကိုရုံ အစ်ကိုက ဘာဖြစ်လို့ နားဖောက်ဖို့ စဉ်းစားမိသွားတာလဲ" ရှမြန်က မေးလိုက်သည်။ "အစ်ကို ဒါကို ဘယ်တုန်းကလုပ်ခဲ့တာလဲ"
"ဟောင်ကောင်မင်းသားတစ်ယောက်က နားကပ်ဝတ်ထားတာကို တွေ့လိုက်တော့ ငါလည်း ဒါကိုဝတ်ချင်စိတ် ဖြစ်သွားတာလေ" ရုံရှင်းက ပြောလိုက်သည်။
"လူတိုင်းနီးပါးက ဒါကို ကန့်ကွက်ကြပါတယ်။ ဒါပေမဲ့ ဘက်မလိုက်တဲ့သူကတော့ အစ်ကိုပိုင်ပဲလေ။ သူက ဘာမှမပြောဘဲနဲ့ ငါ့ကို ပေးဝတ်ထားလိုက်တာ"
"တစ်ပတ်ကျော်လောက် ရှိသွားပြီ" ရုံရှင်းက သက်ပြင်းချလိုက်၏။ "အစ်ကိုပိုင်က သူ့ရဲ့မရှည်တဲ့စိတ်က လွဲရင် အားလုံးကောင်းပါတယ်။ သူက ငါ့အတွက် တစ်ဖက်ပဲ ပေးဝတ်ပြီးတော့ လက်လျှော့လိုက်တယ်လေ။ ဒါက ကျိုးကြောင်းသင့်တယ်လို့ရော နင် ထင်ရဲ့လား"
ရှမြန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ "ဒါက တော်တော်လေး မိုက်ပါတယ်"
ရှမြန်၏နားပေါ်က နားကပ်ကို မြင်လိုက်သည့်အခါ စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်လေသည်။
"အစ်ကိုပိုင်က အရမ်းကို မျက်နှာလိုက်တာပဲ။ ငါက ဒီနှင်းပွင့်ပုံစံတစ်ခုကို လိုချင်တာလေ။ ဒါပေမဲ့ သူကတော့ ငါ့ကို လျစ်လျူရှုထားပြီးတော့ အရိုးရှင်းဆုံးပုံစံတစ်ခုကိုပဲ ဝတ်ပေးလိုက်တာ"
ရှမြန်က သူ့ကိုနှစ်သိမ့်ပေးလိုက်၏။
"အစ်ကိုက ယောက်ျားလေးဖြစ်နေလို့ နေမှာပေါ့။ ယောက်ျားလေးတွေအတွက် စတိုင်က ပိုပြီးတော့ ရိုးရှင်းလေလေ ပိုကောင်းလေပဲလေ"
ရုံရှင်းက ဒီစကားကို အင်တင်တင်ဖြင့် လက်ခံလိုက်၏။ သို့သော်ငြားလည်း မကြာမီတွင် ပြန်ပြီး စိတ်ဓာတ်ကျသွားတော့သည်။ "ဒီအပြင် သူက နင့်ကို၂ခု ပေးတယ်လေ။ ငါ့ကိုကျတော့ တစ်ခုပဲပေးတာ"
ရှမြန်က နှုတ်ခမ်းကို စူပုတ်ထားလိုက်ပြီး ပြောလိုက်လေသည်။
"အစ်ကို မသိလို့ပါ။ ကျွန်မက သူ့ဆီမှာ အစောကြီးကတည်းက တောင်းပန်ထားရတာ။ ကျွန်မမှာ ဒါကိုဝတ်ပေးဖို့ လွန်ခဲ့တဲ့တစ်ပတ်ကတည်းက သူ့ကို တောင်းဆိုခဲ့ရတာလေ။ ဒါပေမဲ့ သူက အစ်ကို့ကို အရင်ဆုံး လုပ်ပေးလိမ့်မယ်လို့တောင် မထင်ထားဘူး"
ရုံရှင်းသည် ပိုပြီးမျှတသွားသည်ဟု ခံစားလိုက်ရ၏။ "နင်ဒါကို အခုမှဝတ်ရတာလား"
"ဟုတ်တယ်လေ" ရှမြန်က ပြောလိုက်သည်။ "ကျွန်မက ဒါကို အသက်၁၈နှစ် ပြည့် မွေးနေ့လက်ဆောင်တစ်ခုအနေနဲ့တောင်းထားတာ"
ရုံရှင်းက တအံ့တဩမေး လိုက်၏။ "သူ မင်းကိုပေးတဲ့ အသက်၁၈နှစ်ပြည့် မွေးနေ့လက်ဆောင်က နား၂ဖက်ကို ဖောက်ပေးတာပဲလား"
ရှမြန်က သူမ၏နှုတ်ခမ်းကို ကွေးထားလိုက်ကာ "ရှိပါသေးတယ်။ လေ့ကျင့်ခန်းစာအုပ် အထူကြီးလေ"
ရုံရှင်းက ကိုယ်ချင်းစာသလို ကြည့်လိုက်လေသည်။ "ဆိုးတယ် သိပ်ဆိုးတာပဲ"
"မဟုတ်လို့လား" ရှမြန်ကလည်း မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
ရုံရှင်းသည် နောက်တစ်ဖန် စိတ်အားတက်ကြွစွာဖြင့် အကွက်တစ်ကွက် ရွှေ့လိုက်၏။ "ငါ ဒါကို ငါ့မွေးနေ့လက်ဆောင်အဖြစ် တောင်းမယ်ဆိုရင်ရော ဘယ်လိုလဲ။ ငါ နားကို ၄ပေါက်ဖောက်ချင်တာ။ သူ ငါ့ကိုနားဖောက်ပေးတုန်းက တကယ်ပဲ လုံးဝမနာဘူးလေ"
ရှမြန်ကပြောလိုက်၏။ "သူက ကျွန်မကို ၂ခါလောက် နားဖောက်ပေးပြီးသွားတာနဲ့ သူ့ရဲ့စိတ်ရှည်မှုတွေက ပျောက်ဆုံးသွားပြီလေ။ သူက ကျွန်မကို အပ်တစ်ချောင်းနဲ့ ဒီအတိုင်း ထိုးထည့်ပစ်ချင်နေတာ"
ရုံရှင်းသည် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ဒါသည် နဥ်ရှောက်ပိုင်က အမှန်တကယ် လုပ်နိုင်သည့်အရာမှန်း သဘောပေါက်လိုက်၏။ သူက ပုခုံးကို တွန့်လိုက်ပြီးနောက် ပြောလိုက်လေသည်။ "ထားလိုက်ပါတော့ လက်ရာတကယ်ကောင်းတဲ့ လူကိုပဲ သွားရှာလိုက်ပါတော့မယ်။ ငါ့ဟာငါပဲ တပ်တော့မယ်။ ပြီးတော့ ငါ့ရဲ့မွေးနေ့ကလည်း အဝေးကြီးလိုသေးတယ်"
ရုံရှင်း ပြန်သွားသည့်နောက်တွင် ရှမြန်သည်အခန်းထဲက သစ်သားဘူးကြီးရှေ့တွင် ရပ်လိုက်ပြီး အတွေးနစ်နေမိ၏။
ရုတ်တရက်ဆိုသလို သူမသည်တစ်ခုခုကို သတိရသွားလေ၏။ မနေ့တုန်းက ရုံရှင်းကဖုန်းထဲမှာ ဘာပြောခဲ့တယ်။ နဥ်ရှောက်ပိုင်က အလယ်တန်းကျောင်းတုန်းက နေ့တိုင်း အနည်းဆုံး ရည်းစားစာ၂စောင် ရတယ်တဲ့လား။
ဒီလို တွက်ကြည့်လိုက်တော့ နဥ်ရှောက်ပိုင်က ငါ့ထက်တောင် ရည်းစားစာရတဲ့အကြိမ် ပိုများအုံးမှာပဲ။
ဒါက ငါတို့တွေ အချင်းချင်း ထိခိုက်အောင်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲမဟုတ်လား။
ရန်သူကို အကြိမ်၁ထောင် ဒဏ်ရာရအောင်လုပ်ပြီး ကိုယ့်ဟာကိုယ် အကြိမ်၈၀၀ ဆုံးရှုံးအောင်လုပ်ဖို့ ရွေးချယ်မှုကြားမှာ တွေဝေနေတာပဲ။ ဒါမှမဟုတ် ဘာထိခိုက်ဒဏ်ရာရမှုမှ မရှိအောင် ရှောင်ချင်နေတာလား။
ရှမြန်သည် ရုတ်တရက်ဆိုသလို လက်ခုပ်တီးလိုက်ပြီး ကျွတ်ခနဲအသံတစ်ခု လုပ်လိုက်ကာ ရယ်မောလိုက်လေသည်။
"ငါကတော့ အထက်တန်းကျောင်းမပြီးမချင်း ရည်းစားထားမှာ မဟုတ်ဘူး"
"အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ရှင်လည်းရှင့်တစ်သက်လုံး ဘယ်တော့မှ လက်ထပ်ရတော့မှာ မဟုတ်ဘူးလေ"
နေ့ခင်းဘက်တွင် ရှမြန်သည် ဟင်းပွဲ၄ခုနှင့် ဟင်းရည်၁ခုပါသည့် အလျှံအပယ် နေ့လယ်စာတစ်မျိုးကို နဥ်ရှောက်ပိုင်အတွက် ပြင်ဆင်ပေးခဲ့သည်။
သူမက အစားအသောက်ကို မြန်မြန်စီစဉ်ပေးပြီး လျှပ်စစ်ပန်ကာကို ပလပ်ထိုးပေးလိုက်ပြီးနောက် ခပ်ဝေးဝေးတွင် ရပ်ကာပြောလိုက်၏။
"ဒေါက်တာနဥ် ကျေးဇူးပြုပြီး မြန်မြန်စားလို့ရပါပြီ"
နဥ်ရှောက်ပိုင်က အစားအသောက်ကို ဖြည်းဖြည်းချင်း ကောက်ယူပြီး ရှမြန်ကိုကြည့်ကာ ပြောလိုက်၏။
"မင်းလည်း ငါနဲ့ အတူစားလို့ရပါတယ်"
ရှမြန်က ခေါင်းခါပြသည်။
"ကျွန်မက ရှင့်အတွက် အစားအသောက် ယူလာပေးတာလေ။ ရှင်နဲ့အတူတူ ဘာဖြစ်လို့ စားရမှာလဲ။ ကျွန်မက ဒီနေ့ကစပြီး ရှင့်ကို တလေးတစား ဆက်ဆံပါ့မယ်လို့ ပြောထားတယ်လေ။ ကျွန်မ ထပ်ပြီးတော့ မလေးမစား လုပ်လို့မရတော့ဘူး"
နဥ်ရှောက်ပိုင်မှာ နင်သွားပြီး တော်တော်ကြာအောင် ချောင်းဆိုးမိတော့သည်။
အပြုံးတစ်ခုက ရှမြန်၏မျက်လုံးထဲတွင် ဖျတ်ခနဲ ဖြတ်ပြေးသွား၏။ သူမက ရှေ့သို့ အလောတကြီး ရောက်လာကာ သူ့ကိုတည်ငြိမ်သွားအောင် ကူညီပေးလိုက်သည်။
နဥ်ရှောက်ပိုင်သည် ခါတိုင်းလိုပင် သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲချင်လိုက်သော်ငြားလည်း ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူသည် နမော်နမဲ့ မပြုလုပ်ရဲတော့သယောင်ဖြစ်သွားပြီး သူ့လက်ကို သဘာဝကျကျ ပြန်ချထားလိုက်လေသည်။
သူသည် အခြေအနေ တည်ငြိမ်သွားပြီးသည့်နောက်တွင် ရှမြန်က ကြာကြာမနေတော့ချေ။
"ဒေါက်တာနဥ် ရှင် အရင်စားပါ။ ကျွန်မ ရှင့်အတွက် ရေအရင် သွားခပ်ပေးမယ်နော်။ ကျွန်မပန်းကန်တွေကို ဆေးဖို့ အချိန်မီပြန်လာခဲ့ပါမယ်"
"မလိုပါဘူး..."
နဥ်ရှောက်ပိုင်က သူမကို လှမ်းတားဖို့ စကားမပြောရသေးခင်မှာပင် ရှမြန်သည် ဓာတ်ဘူးတစ်လုံးဖြင့် အပြင်သို့ ပြေးထွက်သွားတော့သည်။
နေ့လယ်ခင်း ရေထားသည့်အခန်းထဲတွင် ရေလာခပ်သူ အများအပြားရှိနေ၏။ နေရာက အလွန်မှဝေးကွာ၏။ ထို့ကြောင့် သူမ ပြန်လာသည့်အချိန်တွင် သူသည်စားသောက်လို့ ပြီးစီးသွားပြီဖြစ်၏...
နဥ်ရှောက်ပိုင်သည် ပိတ်ထားသည့်တံခါးကို ကြည့်လိုက်ပြီး ခေါင်းကိုက်သွားကာ သူ့နဖူးကို ပွတ်သပ်မိတော့သည်။
ဒါကြီးက...ဒါကြီးက အစီအစဉ်နဲ့ ကွာခြားနေပြီလေ။
...