အပိုင်း(၁၄၇)
Vol. 10 Ch. 147
ရှမြန်သည် ပခုံးလေးကိုင်းကျကာ ပြေးထွက်လာလေသည်။ ချွေဟွားတံခါးမှ ထွက်လာပြီးသည့်နောက်တွင် သူမသည် ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ သူမ၏ဗိုက်ကိုနှိပ်ကာ တိတ်တိတ်လေး ခိုးရယ်တော့သည်။
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က သူမနောက်က လိုက်လာသည်ကို မသိလိုက်ချေ။
အကြောင်းမှာ သူသည် စိုးရိမ်နေခြင်းသို့မဟုတ် ရှမြန်ကို ထွက်သွားခွင့်ပြုဖို့ရန် ပိုပြီး တွန့်ဆုတ်နေမိသည့်အတွက် သူသည် သူမ ပြန်သွားသည်ကို တိတ်တိတ်လေး စောင့်ကြည့်ချင်လေသည်။ သို့သော်ငြားလည်း သူသည် ချွေဟွားတံခါးကို ကွေ့လိုက်သည့်အချိန်တွင် သူ့ရှေ့က ဒီမြင်ကွင်းကို မြင်လိုက်ရ၏။
သူသည် ခဏလောက် မှင်တက်အံ့သြသွားပြီးတော့မှ ရုတ်တရက် သတိပြန်ဝင်သွားတော့သည်။
ပြီးခဲ့သည့် နှစ်ရက်ကအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်တော့ သူသည် မနေနိုင်တော့ဘဲ သူ့မျက်လုံးများကို လက်ဖြင့် အုပ်ထားမိတော့သည်။
သူ ပြောပါတယ်။ ဒီကလေးမက အဲဒီလောက်ကို ဉာဏ်ကောင်းပြီး ထိုးထွင်းသိမြင်နိုင်စွမ်းရှိတာ။ ဘယ်လိုလုပ်ပြီးတော့ တုံးအတဲ့ဦးနှောက်ကြီး ဖြစ်နေမှာလဲ။
သူက သူမကို အပြည့်အဝ နားမလည်ဘူးဆိုရင်တောင် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားမှာတော့ မဖြစ်နိုင်ဘူးလေ။
ဒါက တမင်သက်သက် လုပ်နေတာကိုး...
နဥ်ရှောက်ပိုင်မှာ ငိုရမည်လား၊ ရယ်ရမည်လားပင် မသိတော့ချေ။ သူသည် ကလေးမလေးတစ်ယောက်၏ ကစားခံလိုက်ရသည်ပင်။
သူသည် ရှမြန်နောက်မှနေ၍ တံခါးအထိလိုက်လာပြီး အရိပ်ထဲမှနံရံကို ဖြည်းဖြည်းချင်း ကပ်မှီထားလိုက်ကာ လက်ပိုက်ပြီး ရယ်လွန်းသဖြင့် နံရံနှင့်သွားဆောင့်မိနေသည့် ကလေးမလေးကို လှမ်းကြည့်လိုက်ပြီးနောက် သူလည်း မနေနိုင်ဘဲ ရယ်မိတော့သည်။ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ဆိုးသွမ်းတဲ့ ကလေးမ ဖြစ်နေပါလိမ့်။
ရှမြန်သည် တော်တော်လေး ကြာအောင် ရယ်မောခဲ့ပြီးသည်နောက်တွင် ဘေးတံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကာ သူမ၏ဗိုက်ကိုကိုင်ထားပြီး သူမသည် လဲကျတော့မလိုပင် ဖြစ်နေသည်။
နဥ်ရှောက်ပိုင်သည် သူ့နဖူးကို ပွတ်သပ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်တော့သည်။
ထားလိုက်ပါလေ။ သူက အရမ်းကို ပျော်နေတယ်ဆိုတော့လည်း သူနဲ့ ကစားပေးရတာပေါ့။ ငါက ဘာတတ်နိုင်မှာမလို့လဲ။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ချစ်ကြိုက်လို့မှမရသေးဘဲ။
နောက်တစ်နေ့တွင် ကလေး၃ယောက်သည် ထမင်းစားချိန်ကလွဲလျှင် ခါတိုင်းလိုပင် ဘေးအိမ်တွင် ရှိနေကြ၏။ ပစ္စည်းပစ္စယများက သူတို့အတွက် ရက်ပေါင်းများစွာ တက်တက်ကြွကြွ ဆက်ပြီးရှိနေနိုင်ရန် လုံလောက်ပေသည်။
ရှမြန်ကတော့ ခရီးဆောင်အိတ်များကို ထုပ်ပိုးရင်း အလုပ်များနေသည်။
စက်ရုံတွင် အလုပ်များနေကြသည့် ရှဝမ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့ကလည်း မနက်ခင်းတွင် ပြန်လာကြပြီး သူတို့၏ဇာတိမြို့က ဆွေမျိုးများအတွက် လက်ဆောင် အများအပြားကို ပြင်ဆင်ပေးခဲ့ကြသည်။
ရှမြန်သည် ရှောင်ဖုန်းကို ခေါ်သွားမည်ဖြစ်ကာ သူတို့သည် ဒီ၂နှစ်အတွင်းတွင် လုံးဝမပြန်ခဲ့သည်ကို စဉ်းစားမိပြီး သူတို့၏ပစ္စည်းများကို ရိုးရိုးရှင်းရှင်းသာ သယ်သွားစေလိုသော်ငြားလည်း ဇာတိမြို့တွင် ဆွေမျိုးများစွာ ရှိနေသည်။ ထို့ကြောင့် သူတို့သည် ကိုယ်တိုင်မသိလိုက်ခင်မှာပင် ခရီးဆောင်အိတ်ကြီး ၂အိတ်အပြည့် ထည့်လိုက်မိကြ၏။
ရှ၀မ်ယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ဒါက အရမ်းများနေသေးတာပဲ။ နင် ဒါကိုသယ်နိုင်ပါ့မလား"
ရှမြန်က ခရီးဆောင်အိတ်ကို ကောက်မကြည့်လိုက်ကာ ပြောလိုက်လေသည်။
"မ,လို့ရပါသေးတယ်။ ဒေါက်တာနဥ်က မနက်ဖြန် ကျွန်မကို ဘူတာရုံဆီ လိုက်ပို့မှာလေ။ ကျွန်မတို့ကို မင်မြို့မှာ လာကြိုဖို့ လူတစ်ယောက်ကို ဆက်သွယ်ထားပြီးပြီ။ ကျွန်မတို့တွေ မင်ရှီစီရင်စုကို တိုက်ရိုက်မောင်းပြန်ကြမှာ။ ရထားပေါ်က ဆင်းလာပြီးတဲ့အခါကျရင် ကားပေါ်တန်းတက်ကြမှာပဲလေ"
"ရထားပေါ် အတက်အဆင်း လုပ်တဲ့အချိန်က သတိထားရမဲ့ အရေးအကြီးဆုံးအချိန်ပဲ။ ရထားပေါ်မှာ ခါးပိုက်နှိုက်တွေ အရမ်းများတယ်။ သူတောင်းစားတွေလည်း ရှိသေးတယ်" ရှ၀မ်ယွဲ့သည် အခုတော့ကြီး ပြင်းလာကြပြီဖြစ်သည့် ဖြူဖွေးပြီး ချစ်စဖွယ်ကောင်းသည့် ကလေးလေးကို စဉ်းစားမိလိုက်ပြီး စိတ်မအေးနိုင် ဖြစ်နေရသေးသည်။ "ဒေါက်တာနဥ်က နင်တို့ကို လာကြိုဖို့ လူတစ်ယောက် စီစဉ်ပေးထားတယ်ဆိုတော့ ငါတို့တွေလည်း ခရီးဆောင်အိတ်အားလုံးကို ကောင်းကောင်းလေး စစ်ဆေးကြရလိမ့်မယ်။ ဒါမှငါတို့တွေ ပစ္စည်းကိုပိုပြီးတော့ သယ်သွားလို့ရမှာ"
"နင်ကတော့ ကလေးကို သေချာပေါက် မျက်ခြေမပြတ် စောင့်ကြည့်နော်။ အထူးသဖြင့် ရထားနဲ့ကားပေါ်က အဆင်းအတက် လုပ်တဲ့အချိန်မှာ လူအုပ်ထဲမှာ တိုးဝှေ့ပြီး ခေါ်သွားခံရမယ်ဆိုရင် သူ့ကို သေသေချာချာလေးတောင် မြင်ရမှာမဟုတ်ဘူး။ ဒီလိုဆိုရင်တော့ အဲဒီအခါကျမှ အော်ငိုလို့လည်း အရမ်းနောက်ကျသွားပြီ"
သူမက ထိုသို့ပြောသည့်အချိန်တွင် ရှမြန်ကလည်း စိုးရိမ်လာတော့သည်။
"ကောင်းပါပြီ"
သို့နှင် ရှမြန်သည် ခရီးဆောင်အိတ်ထဲက လက်ဆောင်များအားလုံးကို ပြန်ထုတ်လိုက်ပြီး သူမနှင့် ရှောင်ဖုန်းတို့သေချာပေါက် အသုံးပြုမည့် ပစ္စည်းများကို သာထားလိုက်ကာ ခရီးဆောင်အိတ်ကို ထုပ်ပိုးလိုက်လေသည်။
ထို့နောက်တွင် ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့က ပစ္စည်းများကို ရွေးထုတ်ပြီး ကျန်နေသည့် လက်ဆောင်များကို ထုတ်ပိုးလိုက်ပြီးနောက် အိတ်ကြီး၃လုံးကို ဖြေလိုက်ကာ ထိုပစ္စည်းများကို တင်ပို့ဖို့ရန်အတွက် ရထားဘူတာသို့ သွားပို့ပေးလိုက်သည်။
သူမ၏ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီးသွားသည့်နောက်တွင် ရှမြန်သည် ဆိုဖာပေါ်တွင်လည်း ချလိုက်ပြီး မျှော်လင့်ချက်ဖြင့် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်ကာ ဒီနေ့တွင်တော့ ဒေါက်တာနဥ်က ဘာအကြံများ ထုတ်လေဦးမလဲဟု စဉ်းစားမိလေသည်။
သူမသည် ထိုအကြောင်းကို စဉ်းစားနေသည့်အချိန်မှာပင် ရှောင်ဖုန်းသည် ဘေးအိမ်ကနေ၍ အပြေးဝင်လာကာ ပြောလိုက်၏။
"အန်တီလေး ဦးဦးနဥ်က ပြောတယ်။ မနေ့တုန်းက အန်တီလေး မေးထားတဲ့ စာရင်းစာရွက်က အဆင်သင့်ဖြစ်ပြီတဲ့။ အန်တီလေးကို တစ်ချက်လောက် လာကြည့်ပါဦးလို့ ပြောခိုင်းလိုက်တယ်"
ဒီလိုကိုး။
ရှမြန်က သူမ၏အပြုံးကို မျိုသိပ်ထားလိုက်ပြီး "ဦးဦးနဥ်ကို ပြောလိုက်ပါ။ အန်တီလေးက အလုပ်များပြီး လာကြည့်ဖို့ အချိန်မရှိဘူးလို့။ ဘာပဲဖြစ်ဖြစ်လေ အလျင်မလိုဘူး။ အန်တီလေးတို့တွေ ဇာတိမြို့က ပြန်လာပြီးမှကြည့်လည်း သိပ်ပြီးနောက်မကျပါဘူး"
ရှောင်ဖုန်းက အဖြေကိုပြန်သွားပေးဖို့ရန် အပြေးအလွှား ပြန်ထွက်သွားလေသည်။
နဥ်ရှောက်ပိုင်သည် ရှောင်ဖုန်း၏ ပြန်ပြောပြနေသည့်ပုံလေးကို နားထောင်ပြီး မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ သူ့လို ငွေကြိုက်ခင်လေးတစ်ယောက်က ပထမဦးဆုံးအကြိမ် ရထားတဲ့ ငွေပမာဏကို မသိချင်ဘူးဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ဒါက ဒီအတိုင်း အကြောင်းပြနေတာ မဟုတ်လား။
ရှောင်ဖုန်းသည် နဥ်ရှောက်ပိုင်၏အပြုံးက အနည်းငယ် ထူးဆန်းနေသည်ဟု သိလိုက်ရ၏။
"ဦးဦးနဉ်"
နဥ်ရှောက်ပိုင်သည် ရှမြန်နှင့် တစ်ပုံစံတည်းတူသည့် ရှောင်ဖုန်း၏ထောင်တက်နေသည့် ဆံပင်လေးကို သပ်ချပေးလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ဟုတ်ပါပြီ။ သွားကစားတော့နော်"
ရှောင်ဖုန်းက ဂရုမစိုက်ချေ။ မည်သို့ဆိုစေ သူ၏အန်တီလေးနှင့် ဦးဦးနဥ်တို့က ဒီနေ့တွင် ထူးထူးဆန်းဆန်း ပြုမူနေကြသည်ပင်။
ညနေခင်း ရောက်လာသည်တွင်တော့ ဘေးအိမ်မှ ဘာဆူညံသံမှ မကြားရတော့ချေ။ ရှမြန်သည် အနည်းငယ် စိတ်နှင့်ကိုယ် မကပ်ဘဲ ဖြစ်လာတော့၏။ ငါများ အရမ်းကိုလွန်သွားလို့ သူက အကြောင်းပြချက်တစ်ခုကိုများ မရှာနိုင်တော့တာများလား။
သူမသည် မနေနိုင်တော့ဘဲ နဥ်ရှောက်ပိုင်၏ အကြောင်းကို စဉ်းစားမိလေသည်။ ကြည့်ရတာ အဖြေကောင်းတစ်ခုက သေချာပေါက် မရှိတော့ဘူး ထင်တယ်။ နောက်ဆုံး ကလေးတွေ အားလုံးကိုလည်း အသုံးချပြီးပြီလေ။
ငါကပဲ အရင်ဆုံးသွားပြီးတော့ တစ်ချက်လောက် ကြည့်လိုက်ရမလား။ ငါတို့ရဲ့မိတ်ဆွေဆက်ဆံရေးကို ထောက်ချင့်မယ်ဆိုရင် မနက်ဖြန် ခရီးထွက်ရမှာဆိုတော့ ဒီနေ့တစ်ချက်လောက် သွားကြည့်တာကလည်း ပုံမှန်ပါပဲ။
နေ့လယ်ခင်းတွင် နဥ်ရှောက်ယွင်နှင့် ကျိုးရွှယ်ဝမ်တို့သည် အထူးတလည် ရောက်လာပြီး သူမကို ပစ္စည်းတချို့ လာပေးလေသည်။
ညနေ့ခင်း ရှောင်ဖုန်း သိုင်းလေ့ကျင့်တဲ့အချိန်အထိ စောင့်လိုက်တာက ပိုပြီးသဘာဝကျလိမ့်မယ်။
ရှမြန်သည် ဆုံးဖြတ်ချက်ချပြီးသွားသည့်အချိန်တွင် ရှောင်ဖုန်းသည် မိတ္တူထုတ်ထားသည့် စာရွက်၂ရွက်ဖြင့် အပြေးရောက်လာကာ ရှမြန်ကို လှမ်းပေးလိုက်လေသည်။ "အန်တီလေး ဦးဦးနဥ် ပေးလိုက်တာ။ ကျေးဇူးပြုပြီးတော့ အချိန်ယူပြီးတော့ ဖတ်ကြည့်ပါဦးတဲ့"
ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်မိတော့၏။ ဒေါက်တာနဥ်က အခုထိ လက်မလျှော့သေးဘူးပဲ။
ရှမြန်သည် စာရွက်ကို လှမ်းကြည့်လိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ ဇယားကွက်၂ခုကို တွေ့လိုက်ရလေသည်။ ဇယားကွက်ပေါ်က သိပ်သည်းသည့် ကိန်းဂဏန်းများက သူမကို မူးနောက်သွားစေတော့သည်။ နေ့စဉ်နှင့်အပတ်စဉ်ဝင်ငွေ စုစုပေါင်း ငွေပမာဏဝင်ငွေတိုင်းကို သေသေချာချာလေး စာရင်းပြုစုထားသည်။
ဒီလောက် အသေးစိတ်ကျကျလုပ်ဖို့ဆိုရင် ဒေါက်တာနဥ်အတွက်လည်း လွယ်မှာမဟုတ်ဘူး။ အချိန်ကြာနေတာလည်း မဆန်းတော့ပါဘူး။
ရှမြန်သည် အောက်ဆုံးဆီသို့ လှန်ကြည့်လိုက်ပြီး သူမ၏ကိုယ်ပိုင်ပိုင်ဆိုင်မှုကို စဉ်းစားနေလိုက်ပြီးနောက် ဇယားသည် အသေးစိတ်အချက်အလက်များ အပြည့်ပါရှိသော်ငြားလည်း စုစုပေါင်းပမာဏ မပါရှိသည်ကို တွေ့လိုက်ရလေသည်။
ရှမြန်...
ဒေါက်တာနဥ်။ ရှင်ဟာလေ တော်တော်ကို အံ့ဩဖို့ကောင်းတာပဲ။
တကယ်လို့ ငါသာ မသွားခဲ့ဘူးဆိုရင်တော့ အမှန်တရားက ပေါ်လာဦးမှာပဲ။
ရှမြန်သည် စာရွက်၂ရွက်ကိုယူကာ ဘေးအိမ်သို့ သွားခဲ့ရတော့သည်။ ကလေး၃ယောက်မှာ ဘယ်နေရာသို့ သွားကစားကြလဲတော့ မသိချေ။ နဥ်ရှောက်ပိုင်သည် လေ့ကျင့်သည့်အခန်းထဲတွင် လက်ဝှေ့ထိုးနေလေသည်။ သူသည် အနက်ရောင်စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်ကာ ချွေးများနှင့် ရွှဲနစ်နေပြီး စွပ်ကျယ်က သူ၏ခန္ဓာကိုယ်တွင် ကပ်နေ၏။
ရှမြန်သည် နဥ်ရှောက်ပိုင်၏ခန္ဓာကိုယ် အလှအပကိုတော့ လွန်ဆန်နိုင်စွမ်း မရှိသည်ကို ၀န်ခံရပေသည်။ သူမ၏မျက်လုံးများက သူမ၏ကိုယ်ပိုင်ဆန္ဒအတိုင်း သူ၏ကြွက်သားများပေါ်တွင် အမြဲတမ်း ပြေးလွှားလို့နေ၏။
နဥ်ရှောက်ပိုင်သည် မြန်မြန်ရပ်ထားလိုက်ပြီး ရှမြန်၏ စူးရှသည့်အကြည့်ကို တွေ့လိုက်ရသည့်အခါ သူ့ဘေးက ရှပ်အင်္ကျီကို ကောက်ယူလိုက်ပြီး မျက်နှာပေါ်တွင် သတိဖြစ်နေသည့်ရုပ်ဖြင့် ဝတ်ထားလိုက်သည်။ "မင်း ငါ့အလှအပကို လေးစားသွားပြီလား"
ဟန်ဆောင်နေလိုက်သေးတယ်။
ရှမြန်သည် သူ့ကိုစိတ်ထဲတွင် ရှုတ်ချလိုက်သော်ငြားလည်း သူမ၏မျက်နှာပေါ်တွင်တော့ အရူးအမူး ဖြစ်နေသည့် ရုပ်တစ်ခုဖြင့် ပြောလိုက်၏။
"ဟုတ်ပ" ထိုနောက်တွင်တော့ သူမ၏လက်က သူ့အင်္ကျီကို ဖမ်းဆွဲလိုက်လေသည်။ "ဒီတော့ ဒေါက်တာနဥ်ရယ် ကျေးဇူးပြုပြီးတော့ အဲဒီလောက်ကြီး ရှေးရိုးဆန်မနေပါနဲ့တော့"
နဥ်ရှောက်ပိုင်သည် မျက်စောင်းထိုးလိုက်ပြီး ဘေးသို့ ရှောင်ရှားလိုက်ပြီးနောက် ပုံမှန်အတိုင်း ဟန်ဆောင်နေလိုက်ကာ ပြောလိုက်လေသည်။ "အခုရော ဘာကိစ္စနဲ့ ဒီကိုရောက်လာတာလဲ"
"ဒေါက်တာနဥ် ရှင်က အဖြေကိုသိရဲ့သားနဲ့များ ကျွန်မကို မေးနေရသေးတယ်" ရှမြန်မှာ ရယ်ချင်စိတ် ဖြစ်သွား၏။ သူမက သူမ၏လက်ထဲက စာရွက်၂ရွက်ကို လှုပ်ခါပြလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ ရထားတဲ့စာရင်းစာရွက်ထဲမှာ စုစုပေါင်းပမာဏ မပါဘူးလေ။ ဒီလောက်ဂဏန်းတွေ အများကြီးကို ရှင်က ကျွန်မကို ဘောပင်နဲ့ တွက်ချက်စေချင်နေတာလား"
နဥ်ရှောက်ပိုင်သည် ခဏလောက် မှင်တက်အံ့ဩသွားသည်။ သူသည် တစ်ခုခုကို သတိရသွားသည့်ပုံဖြင့်
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" သူသည် စာရွက်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ရုတ်တရက် သတိရသွားတော့သည်။ "ဒါက ပရင်တာက ပြဿနာ ရှိသွားတာပဲဖြစ်မယ်။ မင်း အလျင်လိုနေလား။ တကယ်လို့ မဟုတ်ဘူးဆိုရင်လည်း မင်း ဇာတိမြို့က ပြန်လာတဲ့အထိ စောင့်လိုက်လေ။ တကယ်လို့ မင်း အလျင်လိုတယ်ဆိုရင်တော့ အခုကွန်ပျူတာပေါ်မှာ သွားပြီးကြည့်လို့ရပါတယ်"
အဟက်။ ကျွန်မက ဒါကို တွက်ထားပြီးသားပါ။
"အလျင်မလိုပါဘူး" ရှမြန်က မျက်စောင်းထိုးကာ နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။ "ဒေါက်တာနဥ် ကျွန်မကို အကြမ်းဖျင်းနံပါတ်ပဲ ပြောပါ"
နဥ်ရှောက်ပိုင်က ပြောလိုက်သည်။
"ဒါက ဘဏ်မန်နေဂျာနဲ့ အိတ်စ်ချိန်းကနေပြီးတော့ ပို့လာပေးတာလေ။ ငါ ဒါကို သေသေချာချာ မဖတ်ရသေးဘူး။ နောက်ဆုံး ဒါက မင်းရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု မဟုတ်လား"
ရှမြန်...
သူက ငါ့အတွက် ငွေတောင်ရှာပေးထားတဲ့ကိစ္စ။ အခုတော့ ဒါက ငါ့ရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းလို့ သူက ပြောနေသေးသတဲ့လား။ ဒါက အရမ်းကို ဝတ်ကျေတမ်းကျေနိုင်တဲ့ ဆင်ခြေတစ်ခုပဲ မဟုတ်လား။ သူက ငါ့ကိုမြှူဆွယ်ဖို့ နည်းလမ်းပေါင်းစုံ သုံးဖို့ကြိုးစားနေတယ်ဆိုတာကို ငါ သတိမထားမိမှာ စိုးရိမ်နေတာလား။
ဟင့်။ ငါက ဒါကို ရှာမတွေ့နိုင်ပါဘူးလို့ ထင်နေလား။
ရှမြန်သည် နောက်ဆုံးတော့ နဥ်ရှောက်ပိုင်နောက်မှနေ၍ သူ့စာကြည့်ခန်းထဲသို့ လိုက်သွားရတော့သည်။ နောက်ဆုံး သူမသည် အရမ်းကြီး မူမမှန် ဖြစ်နေလို့ မဖြစ်ချေ။ ထို့အပြင် သူမသည် မနက်ဖြန် ခရီးထွက်ရဦးမည်။ ထို့ကြောင့် သူမသည်လည်းပဲ သူ့ကို ထားခဲ့ဖို့ရန် အတိုင်းအတာတစ်ခုအထိတော့ တွန့်ဆုတ်နေမိ၏။
နဥ်ရှောက်ပိုင်၏ စာကြည့်ခန်းသည် အလွန်မှကြီးမားလေသည်။ အရှေ့ဘက်အစွန်ဆုံးအခန်းသည် စတုရန်းမီတာ ၅၀ပတ်လည်ရှိပြီး အလွန်မှ ကျယ်ဝန်းလှ၏။ သုံးဖက်သုံးတန်တွင် မျက်နှာကျက်အထိ ရောက်သည့် ဗီရိုကြီးများရှိသည်။ ထိုဘီဒိုများထဲတွင် စာအုပ်ပေါင်းစုံနှင့် ဆေးဝါး နမူနာပစ္စည်းပေါင်းစုံ ထည့်သွင်းထား၏။
နာမည်ကြီးစာအုပ်များမှလွဲလျှင် ကျန်သည့်စာအုပ်များက ရှမြန်ကို မူးနောက်သွားစေလေသည်။
ကွန်ပျူတာခုံကို စာရေးခုံ၏ဘေးတွင် နေရာချထားသည်။ ရှမြန်သည် ဒီခေတ်ကွန်ပျူတာကို သိလိုစိတ်ဖြင့် ကြည့်မိ၏။ ကွန်ပျူတာသည် နို့နှစ်ရောင်ရှိပြီး တီဗီလိုပုံစံမျိုး ဖြစ်သော်ငြားလည်း အများကြီး ပိုပြီးသေးငယ်သည်။ စခရင်ကတော့ သူမ၏အရင်ဘဝက အိုင်ပတ်အရွယ်အစား ရှိသည်။
နောက်ဆုံး ဒါက အလွန်မှအသုံးဝင်သည့်ပုံတော့ မတူချေ။
နဥ်ရှောက်ပိုင်သည် ကွန်ပျူတာရှေ့ကထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး ရှမြန်ကို လက်ဟန်ပြလိုက်၏။ "ထိုင်လိုက်"
ရှမြန်က ထိုင်ချလိုက်ပြီးသည့်နောက်တွင် သူကကိုယ်ကို ကုန်းလိုက်ပြီး ကွန်ပျူတာပါဝါကို ခလုတ်ဖွင့်လိုက်သည်။
ရှမြန်သည် ကွန်ပျူတာကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေမိသည်။ ကွန်ပျူတာသည် ဖျတ်ခနဲ စတင်လက်လာပြီးနောက် စခရင်က ပြောင်ကြီးစဖြစ်လာသည်။
ဒီခေတ်ကွန်ပျူတာများသည် အလုပ်လုပ်သည်မှာ အလွန်မှ နှေးကွေးလှသည်ဟု သူမမိဘများက ပြောသည်ကိုသာ ကြားခဲ့ဖူးသည်။ သို့သော်ငြားလည်း ဒီလောက် နှေးကွေးနေလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။ စဖွင့်ကတည်းက ၂မိနစ်ကြာလာပြီဖြစ်၏။
နဥ်ရှောက်ပိုင်သည် သူ့နောက်တွင်ရပ်နေပြီး အလွန်မှ စိတ်ရှည်လက်ရှည် ကြည့်နေကာ ကွန်ပျူတာစခရင်ကို စူးစိုက်စွာဖြင့် ငေးကြည့်နေလေသည်။
သူမ၏ ကုလားထိုင်ကျောမှီပေါ်က သူ့လက်ကြောင့်သာ မဟုတ်လျှင်...
ရှမြန်သည် မျက်လုံးကိုပင့်ကာ နောက်သို့မှီချလိုက်ပြီး နဥ်ရှောက်ပိုင်ကို မော့ကြည့်လိုက်ပြီးနောက် ညည်းညူလိုက်၏။
"ဒေါက်တာနဥ် ကွန်ပျူတာကလည်း နှေးလိုက်တာ"
...
နဥ်ရှောက်ပိုင်က သူ့ခေါင်းကို ငုံ့လိုက်ပြီး သူသည် ဒါကိုသတိမထားမိသည့်နှယ် သူ့ပုခုံးများက သူမ၏ လက်မောင်းနားသို့ ကပ်သွားလေသည်။ ထို့ကြောင့် သူမက သူ့ကို မော့ကြည့်လိုက်သည့်အချိန်တွင် သူမသည် သူ့ရင်ခွင်ထဲသို့ ရောက်နေသလိုဖြစ်နေ၏။
သူ့မျက်လုံးများက သူမ၏နဖူး၊ မျက်လုံးနှင့် နှာခေါင်းကြားဆီသို့ ကျရောက်လာသည်...
ဒါသည် သူမက ခေါင်းကို နည်းနည်းလေးငုံ့လိုက်သည်နှင့် ထိသွားနိုင်သည်။
ရှမြန်သည် မျက်တောင်ခတ်လိုက်ပြီး ဒီကိုယ်နေဟန်ထားက မမှန်သေးဘူးဟု သဘောပေါက်သွား၏။ သူမက ကိုယ်ကို မတ်မတ်ထိုင်ဖို့ ပြင်တော့မည့် လုပ်လိုက်သည့်အချိန်တွင် နဥ်ရှောက်ပိုင်သည် ရုတ်တရက်ဆိုသလို ရှေ့သို့ညွတ်လာကာ သူမကို ဖိချလိုက်လေသည်။
!
ရှမြန်မှာ ရုတ်တရက် အလန့်တကြားဖြစ်သွား၏။
နဥ်ရှောက်ပိုင်ကလည်း လန့်ဖျပ်သွားသလို နားမလည်နိုင်စွာဖြင့် သူမကို ကြည့်လိုက်လေသည်။
"ဘာဖြစ်တာလဲ"
တီးလုံးသံထွက်လာသည်နှင့် ရှမြန်သည် ကီးဘုတ်ပေါ်က သူ့လက်ကိုမြင်လိုက်ရပြီး သူက ကိုယ်ကို ညွတ်ကာ ကီးဘုတ်ကို လှမ်းထိလိုက်သည်ကို သဘောပေါက်သွားသည်။
ကွန်ပျူတာက ပွင့်လာတာ ဖြစ်နေတာကိုး။
ရှမြန်သည် ချက်ချင်း အော်ရယ်လိုက်ကာ ပြောလိုက်၏။ "ဘာမှမဟုတ်ပါဘူး။ စခရင် လင်းလာတာ မြင်လိုက်ရတော့ နည်းနည်းလေး ဝမ်းသာသွားလို့ပါ"
တုံ့ပြန်မှုက မြန်ဆန်လှသည်။ အပြုံးတစ်ခုက နဥ်ရှောက်ပိုင်၏ မျက်လုံးထဲတွင် ဖျတ်ခနဲလက်သွား၏။
သူသည် ထိုအခြေအနေကို တူးဖော်ဖို့ရန် စိတ်ကူးမရှိချေ။ သူက လက်တစ်ဖက်ဖြင့် ကီးဘုတ်ပေါ်တွင် ဆက်ပြီးလှုပ်ရှားနေလိုက်ပြီး ကျန်သည့်လက်တစ်ဖက်ကတော့ ရှမြန်၏ နောက်မှနေ၍ လှမ်းထွက်လာကာ မော့က်စ်ကို ကိုင်ထားလေသည်။
သူမသည် သူ့ရင်ခွင်ထဲသို့ ရောက်လုနီးပါးဖြစ်နေ၏။
ရှမြန်...
ဟဲ့ ဟဲ့။ ဒေါက်တာနဥ် ရှင် အရမ်းကို သိသာသွားပြီနော်။ ရှင် ပေါ်ပေါက်တော့မှာပဲ။
သို့သော်ငြားလည်း ဒေါက်တာနဥ်၏မျက်နှာသည် အလွန်မှ သဘာဝကျနေလေ၏။ သူသည် သူ၏ သြရှရှအသံကို အသုံးပြုကာ ရှမြန်၏နားနားကပ်ပြီး ရှင်းပြနေလေသည်။
"ဒါက ပုံစံ၂ခုလေ။ ဒီလိုပုံစံမျိုး အစီအစဉ်ချထားပေးတယ်"
"ဒါကတော့ဘဏ်က... ညာဖက်ကို နှိပ်လိုက်မယ်ဆိုရင်... ပြီးရင် ဒီထဲမှာအကျယ်ချဲ့လိုက်... တကယ်လို့ စုစုပေါင်းပမာဏကို ကြည့်ချင်တယ်ဆိုရင် ဒီနေရာကိုသွား..."
တစ်ဖက်လူ၏ အားပြင်းသည့် တည်ရှိမှုနှင့် ဟိန်းထွက်နေသည့် လေသံတိုးတိုးလေးက ရှမြန်ကို မူးနောက်သွားစေတော့သည်။ သူမသည် ဘာကိုမှ မကြားတော့သော်ငြားလည်း သူမ၏ရင်ထဲက လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် နှလုံးသားက တုန်ရင်နေသည်ကိုတော့ ခံစားမိလေသည်။
နဥ်ရှောက်ပိုင်က မျက်လုံးကို အောက်ချထားလိုက်ပြီး ကလေးမလေး၏ ပန်းရောင်ပါးပြင်ကို ကြည့်လိုက်လေသည်။ သူမသည် အသက်မရှူရဲချေ။ သူ၏မျက်လုံးများထဲတွင်တော့ နှစ်လိုဖွယ်အပြုံးတစ်ခု ပါရှိနေလေ၏။
သူက လက်ကိုမြှောက်လိုက်ပြီး သူမ၏ ထောင်တက်နေသည့် ရှေ့ဆံပင်လေးကို လှမ်းဆွဲလိုက်ကာ "မင်း နားလည်ရဲ့လား"
"ဟမ်"ရှ မြန်သည် နာကျင်စွာဖြင့် သူမ၏ခေါင်းလေးကို အနည်းငယ် စောင်းထားလိုက်ရ၏။ သူတို့၂ယောက်ကြားတွင် အကွာအဝေးတစ်ခု ရှိနေသော်ငြားလည်း သူမသည် တစ်ဖက်လူ၏ အသက်ရှူသံကို ခံစားမိနေသေးသည်။ ထိုမြတ်နိုးဖွယ်ရာ မျက်၀န်းများ၏ အကြည့်အောက်တွင် ရှမြန်သည် ရှင်းမပြတတ်အောင် အာခေါင်များ ခြောက်လာပြီး အမှတ်တမဲ့ သူမ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိလေသည်...
နဥ်ရှောက်ပိုင်ကလည်း ကောင်မလေး၏လျှာဖျားကို လှမ်းကြည့်လိုက်ပြီး သူ့လည်ချောင်းက လိမ့်တက်သွားကာ သူသည် ကိုယ်ကိုမတ်မတ်ရပ်လိုက်ပြီး ပြောလိုက်၏။
"တကယ်လို့ မင်း နားမလည်ဘူးဆိုရင် ကိုယ့်ဟာကိုယ် ပြန်ဖတ်လိုက်လို့ရတယ်"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် အလျင်အမြန် ထွက်သွားတော့သည်။
ရှမြန်က ကုလားထိုင်ကို ကျောမှီလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်သည်တွင် သူမသည် အချိန်အကြာကြီး အသက်အောင့်ထားမိသည်ကို သိရှိလိုက်ရတော့သည်။
တကယ်ပါပဲ။ ဒေါက်တာနဥ်ရဲ့ ဒီလိုအီစီကလီလုပ်နေပုံမျိုးကို ဘယ်သူက သည်းခံနိုင်မှာလဲ။
ထိုသို့ စဉ်းစားလိုက်ပြီးနောက် သူမသည် မြန်မြန် မတ်မတ်ထိုင်လိုက်ကာ ဇယားကွက်ကို သေသေချာချာ ကြည့်လိုက်လေသည်။
ဒီနေရာမှာ ဆက်နေရင် အရမ်းအန္တရာယ် များသွားပြီ။ ငါ တတ်နိုင်သလောက် ဒီနေရာက မြန်မြန်ပြန်မှဖြစ်မယ်။
ရှမြန်သည် အသေးစိတ်အားလုံးကို ဂရုမစိုက်နိုင်တော့ဘဲ အောက်ဆုံးစာကြောင်းဆီသို့ တန်းဆင်းသွားလိုက်တော့သည်။ သူမသည် စုစုပေါင်းပမာဏကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရဖြင့် ပြုံးမိတော့၏။
ဒေါက်တာနဥ်က တကယ့်ကို ရင်းနှီးမြှုပ်နှံမှုရဲ့ပါရမီရှင်ပဲ။
ဒါက အရမ်းအံ့သြစရာ ကောင်းသွားပြီ။ ဘာပဲဖြစ်ဖြစ်လေ။ ဒီငွေက ဖြိုချဖို့ စောင့်ဆိုင်းနေတဲ့ အိမ်တော်တော်များများကို ဝယ်ဖို့ လုံလောက်တယ်။
ရှမြန်သည် ကွန်ပျူတာကိုပိတ်ပြီး ထွက်လာခဲ့လေသည်။
နဥ်ရှောက်ပိုင်က ပင်မအခန်းတံခါးနားက ကုလားထိုင်တွင် လဲလျောင်းရင်း ရေခဲရေသောက်နေသည်ကို တွေ့လိုက်ရ၏။ သူမသည်လည်း အနည်းငယ် ရေဆာနေသည်ကို အချိန်နှောင်းမှသာ သတိရမိတော့သည်။
သူမက ရေခဲသေတ္တာဆီသို့ လမ်းလျှောက်သွားနေသည်ကို တွေ့လိုက်ရသည့်အခါ နဥ်ရှောက်ပိုင်က သူမကို လှမ်းတားပြီးပြောလိုက်၏။
"ဒီနေ့ မင်း ရေခဲချောင်း စားပြီးပြီလေ။ ရေခဲရေ မသောက်နဲ့တော့"
"ဒီမှာ မင်းအတွက် အဆင်သင့် လုပ်ထားပေးတယ်"
ရှမြန်သည် နှာခေါင်းကိုရှုံ့လိုက်ပြီး အင်တင်တင်ဖြင့် လျှောက်လာကာ သူ့ဘေးက စားပွဲငယ်လေးပေါ်တွင် ရေကျက်အေးတစ်ခွက် ရှိနေသည်ကို တွေ့လိုက်ရ၏။
သူမက ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး နဥ်ရှောက်ပိုင်၏လက်ထဲက ရေခဲရေကို အားကျကာဖြင့် ကြည့်လိုက်လေသည်။ နဥ်ရှောက်ပိုင်က မော့ကြည့်လိုက်ကာ ပြောလိုက်၏။ "ကြည့်လည်းမကြည့်နဲ့။ ကိုယ့်ဟာကိုယ်သောက်။ ဗိုက်အောင့်မှာ မကြောက်ဘူးလား"
ရှမြန်သည် သူမ၏နှုတ်ခမ်းကို ကွေးထားလိုက်ကာ သူမ၏မျက်လုံးများကလည်း တစ်ဖန်စတင် ဝေ့ဝဲနေတော့သည်။
နဥ်ရှောက်ပိုင်သည် အိမ်တွင်ရှိသည့်အချိန်တွင် သူ၏ရှပ်အင်္ကျီကို အမြဲလိုလိုကြယ်သီး၂လုံး ဖြုတ်ထားတတ်သည်။ ရှမြန်၏ နေရာမှကြည့်လျှင် သူမသည် သူ၏လှပသည့်ညှပ်ရိုးနှင့် ရင်အုပ်ကြွက်သားလှိုင်းကြီးကို မြင်နေရ၏။
အပူဒဏ်ကြောင့် ဖြစ်မည်။ သူ၏အရေပြားပေါ်တွင် ပါးလွှာသည့် ချွေးတစ်လွှာဖုံးအုပ်ထားကာ တလက်လက် တောက်ပနေပြီး တော်တော့်ကို ဆွဲဆောင်မှုရှိနေလေသည်။
ရှမြန်သည် သူမ၏နှုတ်ခမ်းကို သပ်လိုက်ပြီး မြန်မြန် အကြည့်လွှဲထားလိုက်ပြီးနောက် ဖန်ခွက်ကို ကောက်ကိုင်လိုက်ကာ ရေတစ်ငုံ သောက်လိုက်တော့သည်။
ရလဒ်အနေဖြင့် သူမသည် အလွန်မှမြန်မြန်ဆန်ဆန် လောင်းထည့်မိသွားသည့်အတွက် ရေနင်သွားတော့သည်။
"အဟွတ်..."
နဥ်ရှောက်ပိုင်သည် မြန်မြန် ထရပ်လိုက်ပြီး သူမ၏ကျောပြင်ကို သပ်ပေးလိုက်သည်။ "မင်းဟာလေ ဘာလို့အဲဒီလောက် အလျင်လိုနေတာလဲ"
...
သူသည် ရုတ်တရက်ဆိုသလို နှုတ်ဆိတ်သွားလေသည်။ ရှမြန်သည် အသက်ပြန်ရှူလို့ရလာသည့်အချိန်တွင် စဉ်းစားမိလေ၏။
နဥ်ရှောက်ပိုင်က သူမကို ပင်မကြည့်ဘဲ သူမ၏ကိုယ်ကို တစ်ဖက်သို့ဆွဲလှည့်လိုက်ကာ သူမကို အခန်းထဲသို့ တွန်းပို့လိုက်၏။ “တဘက်က မင်းဘေးက စင်ပေါ်မှာရှိတယ်။ ကိုယ့်ဟာကိုယ် ယူသုတ်လိုက်"
ထိုအခါကျမှ ရှမြန်သည် သူမ၏ အင်္ကျီအရှေ့ခြမ်းက စိုရွှဲနေသည်ကို သတိထားမိလိုက်တော့၏။ သူမသည် အောက်ဖက်က အတွင်းအင်္ကျီပါးပါးလေးကိုပင် ခပ်ရေးရေးလေး မြင်နေရ၏။
သူမက လျှာထုတ်လိုက်ပြီး ရှားရှားပါးပါး အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသဖြင့် အင်္ကျီကို တဘက်ဖြင့် မြန်မြန်သုတ်လိုက်တော့သည်။ သူမသည် လျှပ်စစ်ပန်ကာရှေ့တွင် ခဏလောက် ရပ်နေလိုက်ပြီး သူမ၏အဝတ်အစားများကို မြန်မြန်ခြောက်သွားအောင် လုပ်လိုက်သည်။
သူမက အပြင်သို့ ပြန်ထွက်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်သည် မျက်လုံးကို မှိတ်ကာ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး အေးအေးလူလူ ခြေထောက်လှုပ်ယမ်းနေလေ၏။ ရှမြန်က ပြုံးကာ ပြောလိုက်လေသည်။ "ဒေါက်တာနဥ် ကျွန်မ အခုပြန်တော့မယ်နော်"
နဥ်ရှောက်ပိုင်သည် သူ့မျက်လုံးများကို လုံးဝမဖွင့်ဘဲ ဒီအတိုင်း အေးအေးလူလူ လက်ရမ်းပြကာ ပြောလိုက်၏။ "တာ့တာ"
ရှမြန်က သူ့ကိုရှင်းမပြတတ်သည့် မကျေနပ်ချက်ဖြင့် လှမ်းကြည့်လိုက်ကာ သူ့မျက်လုံးများရှေ့တွင် သူမ၏လက်ကို ဝှေ့ရမ်းလိုက်လေသည်။ နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ သူ့မျက်လုံးများကို ဖွင့်လိုက်၏။ "မင်း မပြန်သေးဘူးလား"
ရှမြန်က သူမ၏ခေါင်းကို စောင်းထားလိုက်ကာ သူ့ကိုကြည့်လိုက်လေသည်။
"ဒေါက်တာနဥ် ရှင်လေ ကျွန်မကို ရှင့်ရဲ့ညီမလေးလုပ်ခွင့်ပြုဖို့ တကယ်ပဲ မစဉ်းစားတော့ဘူးလား။ ရှင်က အရမ်းကို အံ့သြစရာကောင်းတာပဲ။ ကျွန်မက ရှင့်ကို ကျွန်မအတွက် ကျွန်မရဲ့ငွေတွေကို စီမံစေချင်တာလေ"
နဥ်ရှောက်ပိုင်က သူမကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ပြုံးလိုက်ကာ ပက်လက်ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး သူမဆီသို့ ကိုယ်ကိုညွတ်လိုက်လေသည်။
"ငါ့ညီမလေး ဖြစ်ချင်တာလား"
...