အပိုင်း(၁၄၈)
Vol. 10 Ch. 148
ရှမြန်သည် ရုတ်တရက်ဆိုသလို အန္တရာယ်က ချဉ်းကပ်လာသည်ကို ခံစားလိုက်ရပြီး သူမမှာလည်း နောက်ကိုဆုတ်ဖို့ရန် နည်းလမ်းလည်း မရှိတော့ချေ။ သို့သော်ငြားလည်း ဒီအခိုက်အတန့်တွင် သူမသည် ရင်ဆိုင်ဖို့ရန်သာ တတ်နိုင်ပြီး ခေါင်းညိတ်လိုက်ရတော့သည်။
နဥ်ရှောက်ပိုင်က သူ့လက်ကို ဆန့်လိုက်ကာ သူမအင်္ကျီ၏အနားကို ဖမ်းဆွဲလိုက်ပြီး သူမကို အနားသို့ ဆွဲကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
"တကယ်တမ်းကျတော့ မင်းက ငါနဲ့ဆိုရင် အလိုလိုက်ခံထားရတဲ့ ကလေးလေးတစ်ယောက်လို ပြုမူချင်နေတာလေ။ မင်းရဲ့အရှုပ်ထုပ်တွေကို ငါ့ကို လိုက်ပြီးတော့ ရှင်းလင်းခိုင်းနေတာ။ အစားအသောက်နဲ့ ငါ့ရဲ့... အိပ်ရာတွေက အစလေ"
??
ဒေါက်တာနဥ် ပြောလိုက်တဲ့အိပ်ရာဆိုတာက ငါပြောလိုက်တဲ့ပုံစံနဲ့ မတူဘူးလို့ ဘာဖြစ်လို့ ခံစားနေမိပါလိမ့်။
ထို့နောက်တွင်တော့ သူက ဆက်ပြောလိုက်၏။ "မင်းက ငါ့ကို မင်းရဲ့ငွေကြေးကိုလည်း စီမံစေချင်သေးတာလား"
ရှမြန်သည် ခဏလောက် ချီတုံချတုံဖြစ်သွားလေသည်။ ထို့နောက်တွင်တော့ သူမသည် ခေါင်းညိတ်ရန်သာ တတ်နိုင်တော့၏။
နဥ်ရှောက်ပိုင်၏မျက်လုံးများက ဖြည်းဖြည်းချင်း ကွေးတတ်သွားကာ သူ့မျက်လုံးထဲက နှစ်လိုဖွယ် ခံစားချက်ကလည်း လျှံကျလာပြီး လူများကို နစ်မွန်းသွားတော့မယောင် ဖြစ်နေလေသည်။ သူ၏လေသံက နူးညံ့သိမ်မွေ့လို့နေ၏။
"ဒီလိုလူမျိုးတွေက ငါ့ညီမလေး ဖြစ်စရာမလိုပါဘူး..."
"နောက်ပြီးတော့ မင်းရဲ့ကျန်တဲ့တစ်ဘဝလုံးကို တရားဝင် စီမံခွင့်ပေးနိုင်အောင် လုံလောက်တဲ့ နေရာတစ်ခု ရှိပါသေးတယ်..."
ရှမြန်၏ နှလုံးခုန်သံမှာ စည်းချက်လွဲသွားတော့သည်။ သူက ရှေ့သို့တက်လာစဉ်တွင် သူမက ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်လိုက်၏။ သူမသည် ခပ်တိုးတိုး ရယ်မောလိုက်ကာ ပြောရတော့သည်။
"ကျွန်မ ဒီအကြောင်းကို စဉ်းစားလိုက်တော့လေ ကျွန်မရဲ့တောင်းဆိုချက်က နည်းနည်းလေး တရားလွန်နေတာပဲ။ တကယ်တမ်းကျတော့ အခုလည်းပဲ ကျွန်မနဲ့ပတ်သက်ပြီး စောင့်ရှောက်ပေးရမဲ့ကိစ္စ အားလုံးကို ရှင်က စောင့်ရှောက်ပေးနေတာပဲ မဟုတ်လား"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။
"မဟုတ်ပါဘူး။ မနေ့တုန်းက မင်းပြောတဲ့စကားက အဓိပ္ပာယ်ရှိတယ်လို့ ငါ ထင်တယ်။ နာမည်လေး တစ်ခုပေးမှ ပိုပြီးတော့ မျှတမှာပေါ့။ အိမ်နီးနားချင်းတစ်ယောက်ကို ကိုယ့်ရဲ့အိပ်ရာပေါ်မှာ ပေးအိပ်ဖို့ဆိုတာ မသင့်တော်ဘူးလေ။ နောက်ပြီးတော့ အိမ်နီးနားချင်းရဲ့ငွေကို စီမံပေးဖို့ဆိုတာကလည်း မသင့်တော်လှဘူး"
ဒေါက်တာနဉ် ရှင်လေ အိပ်ရာပေါ်ကအကြောင်းကို မပြောလို့ မရဘူးလား။ ရှင်ရဲ့နည်းလမ်းကလည်း အခုထူးဆန်းလာပြီ။
ရှမြန်သည် စိတ်ထဲတွင် ဒေါသထွက်မိတော့၏။ သို့သော်ငြားလည်း သူမမှာ ပြုံးကာသာ ပြောရသေးသည်။
"ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ ကျွန်မက အရေထူနေသရွေ့တော့ ဘယ်လိုနေရာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လက်ခံနိုင်ပါတယ်"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်း ဒါကို ဒီအတိုင်းကြီး လက်ခံဖို့ မလိုပါဘူး။ ငါ့ညီမအပြင် မင်းနဲ့သင့်တော်တဲ့ ပိုကောင်းတဲ့နေရာတစ်ခု ရှိသေးတယ်။ မင်းဒါကို လက်ခံလိုက်ရင်..."
"အား" ရှမြန်သည် ရုတ်တရက်ဆိုသလို တိတ်တိတ်လေးနေဖို့ လက်ဟန်ပြလိုက်ပြီး အပြင်ဘက်သို့ နားစွင့်လိုက်ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။
"ရှောင်ဖုန်း။ ဒါက ရှောင်ဖုန်းသံ မဟုတ်လား"
"သူတို့တွေ တစ်ယောက်ယောက်နဲ့ ထပ်ပြီးတော့ ရန်ဖြစ်ကြပြန်ပြီလား" သူမသည် ပြောရင်းဆိုရင်း ကိုယ်ကိုလှည့်ကာ ပြေးထွက်ဖို့ပြင်ဆင်လိုက်လေသည်။
နဥ်ရှောက်ပိုင်က ရှမြန်၏လက်ကောက်ဝတ်ကို မြန်မြန်ဖမ်းဆွဲထားလိုက်ကာ သူမကို ပြန်ဆွဲထားလိုက်၏။ "စိတ်မပူပါနဲ့။ သိုင်းပြိုင်ပွဲအတွင်း ရန်ဖြစ်ကြတာက ပုံမှန်ပါပဲ။ အဲဒါက ဟိုဘက်လမ်းကြားက ကလေးတွေနဲ့လေ"
သူက ဆုံးဖြတ်ထားပြီဖြစ်သည့်ပုံကို မြင်လိုက်ရသည့်အခါ ရှမြန်မှာ ပျာယာခတ်သွားတော့သည်။
လုံးဝကို စိတ်မရှည်လက်မရှည် ဖြစ်နေတာက ဒေါက်တာနဥ်စတိုင် မဟုတ်ဘူးလေ...
ဒါက ဝန်ခံနေတာလား။ ငါ ဒါကို ဘယ်လိုပြန်ပြင်ရမှာလဲ။ အခုအချိန်ကစပြီး သူတို့တွေ ဘယ်လိုလုပ်ပြီး မျက်နှာချင်းဆိုင်ရမှာလဲ။
ရှမြန်၏ စိတ်တို့မှာ ပြေးလွှားနေလေသည်။ သူမသည် နဥ်ရှောက်ပိုင်၏မျက်လုံးထဲက အပြုံးကိုပင် မမြင်လိုက်ရချေ။ သူက ခေါင်းကိုငုံ့လိုက်ပြီး ကောင်မလေး၏စိုးရိမ်စိတ်ကြောင့် တွန့်လိမ်နေသည့် လက်ချောင်းလေးများကို ဆွဲဖြန့်လိုက်ပြီး ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်လေသည်။
"ချန်းချန်းရဲ့ ကယ်တင်ရှင် ဆိုတဲ့နေရာဆိုရင် လုံလောက်ပါတယ်"
"ဟမ်" ရှမြန်၏ ပျာယာခက်နေသည့်ရင်ခုန်သံမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။
နဥ်ရှောက်ပိုင်က ရုပ်တည်ကြီးဖြင့် ပြောလိုက်၏။
"မင်းက ဘာတစ်ခုကိုမှ ပြန်မတောင်းဆိုဘူးဆိုပေမဲ့လည်း ငါ့ရဲ့ကျန်တဲ့တစ်ဘဝလုံးမှာ မင်းရဲ့စေတနာကို အမှတ်ရနေမှာပါ"
ရှမြန်သည် အံကြိတ်ထားလိုက်ကာ အပြုံးတစ်ခုကို ဆောင်ထားလိုက်ရတော့သည်။
"အင်း ဟုတ်တာပေါ့။ ဒါကို ဘယ်လိုလုပ်ပြီးတော့ မေ့လို့ရမှာလဲ။ ဒီနေရာက ကျွန်မ လိုချင်တဲ့အရာတိုင်းကို ရစေနိုင်တယ်လေ"
"ဒါဆိုရင်တော့ နောက်ဆိုရင် ကျွန်မကိုစောင့်ရှောက်ပေးဖို့ ဒေါက်တာနဥ်ကိုပဲ တောင်းဆိုရပါဦးမယ်"
နဥ်ရှောက်ပိုင်သည် ရှမြန်၏ ဒေါသထွက်နေသည့်ကျောပြင်ကို ကြည့်ပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ချလိုက်ကာ ကြိတ်ပြီး ရယ်မောလေတော့သည်။
...
ရှမြန်နှင့် ရှောင်ဖုန်းတို့သည် မနက်၁၁နာရီရထားကို စီးကြ၏။
သူတို့သည် အထုပ်အပိုးအများကြီး မပါသဖြင့် ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့က ဘူတာသို့ မလိုက်ခဲ့ကြချေ။ နဥ်ရှောက်ပိုင်တစ်ယောက်သာ ရထားပေါ်တက်သည့်လက်မှတ်ကို ဝယ်ယူပြီး သူတို့ကို ရထားပေါ်သို့ လိုက်ပို့ပေးခဲ့သည်။
ယန်မြို့၏ ရထားဘူတာသည် ယခုမှဖွင့်စဖြစ်သဖြင့် အထက်တန်းတွဲက တစ်တွဲသာရှိသည်။ ထို့ကြောင့် သူတို့၃ယောက်သည် အချိန်အများကြီးရခဲ့၏။
ရှမြန်တို့ ရှိသည့်နေရာတွင် ဘယ်သူမှမရှိသေးချေ။ နဥ်ရှောက်ပိုင်က ရှမြန်ကို ရှောင်ဖုန်းအား ကြည့်ခိုင်းထားလိုက်ပြီး သူကတော့ လမ်းတွင် သူမ လိုအပ်မည့်ပစ္စည်းများဖြစ်သည့် ရေနွေးဓာတ်ဘူး၊ နေ့လယ်စာ၊ စောင်ငယ်လေးများကို ခရီးဆောင်အိတ်မှ ထုတ်ပေးလိုက်သည်။ ထို့နောက်တွင်တော့ သူက တခြားပစ္စည်းများကို ထုပ်ပိုးလိုက်ပြီး ထိုပစ္စည်းများကို အိပ်ရာအောက်တွင် ပြန်ထိုးထည့်ထားလိုက်၏။
ထို့နောက်တွင်တော့ သူသည် ခေါင်းကိုအပြင်သို့ထုတ်ပြီး ဝင်ထွက်သွားလာနေကြသည့် ခရီးသည်များကို ကြည့်လိုက်ပြီးနောက် ရေနွေးဓာတ်ဘူးကိုယူကာ အတွဲများကြား ချိတ်ထားသည့်နေရာတွင် ရေနွေးတစ်အိုးလောက် သွားယူလိုက်လေသည်။
ပြန်လာသည့်အချိန်တွင် သူက ရှမြန်ကို ပြောလိုက်၏။ "ဒီ ၁ဘူး ဆိုရင် မင်းတို့၂ယောက်သောက်ဖို့ နေ့တစ်ဝက်လောက်တော့ လုံလောက်တယ်။ ဒါကုန်သွားရင်တော့ လက်မှတ်သိမ်းတဲ့သူ လာတဲ့အထိ စောင့်ပြီးမှ ရေဖြည့်လိုက်ကြ။ ကိုယ့်ဟာကိုယ် သွားမဖြည့်ကြနဲ့။ ဟိုဘက်မှာ လူပေါင်းစုံတယ်"
"အထက်တန်းတွဲက ပိုကောင်းတယ်ဆိုပေမဲ့လည်း ငါတို့တွေသတိထားဖို့တော့ လိုသေးတယ်"
နဥ်ရှောက်ပိုင်က ပြုံးကာ မျက်မှောင်ကြုတ်လိုက်လေသည်။ "ရထားပေါ်မှာ သူခိုးတွေလည်း အများကြီးပဲ"
ရှမြန်က ရယ်မောလိုက်ပြီး "ဒေါက်တာနဥ် ကျွန်မမှာ ထူးချွန်တဲ့အားကစား အရည်အချင်း ရှိတယ်ဆိုတာကို မေ့သွားပြီလား။ စိတ်မပူပါနဲ့"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်း ဘယ်လောက်ပဲအစွမ်းရှိပါစေလေ သူတို့အားလုံးက တစ်ဖွဲ့တည်းတွေပဲ။ မကောင်းတဲ့ ဉာဏ်နီဉာဏ်နက်တွေသုံးတဲ့ အဲဒီလူတွေနဲ့တွေ့ရင် အမြဲတမ်း ပြဿနာတက်ရမှာပဲ"
"ဘာပဲဖြစ်ဖြစ်ပါ မင်းတို့တွေ ကိုယ့်အတွဲထဲမှာပဲ ကိုယ်နေတာ ကောင်းမယ်။ တကယ်လို့ မင်းတို့ အပြင်ထွက်ချင်တယ်ဆိုရင် လူသူများနေတဲ့အချိန် နေ့ခင်းဘက်မှာထွက်တာ ပိုကောင်းမယ်။ နားလည်လား"
"အင်းပါ ကျွန်မ သိပါပြီ" ရှမြန်က နာနာခံခံဖြင့်ပြောလိုက်၏။ "ဒေါက်တာနဥ် စိတ်မပူပါနဲ့"
နဥ်ရှောက်ပိုင်သည် သူမ၏ခေါင်းကို လှမ်းပုတ်လိုက်ပြီး ပြောလိုက်လေသည်။
"အထက်တန်းအတွဲတွေရဲ့အခန်းနားမှာ လေအေးပေးစက် ရှိတယ်။ ညဘက်အအေးမမိအောင် စောင်ခြုံကြနော်"
"ရထားပေါ်က ဆင်းတယ်ဆိုရင်လည်း အလျင်မလိုနဲ့။ နောက်ဆုံးမှဆင်း"
"ဟိုဘက်ရောက်သွားရင် မင်းကို လာကြိုပေးမဲ့သူရှိတယ်။ ဖုန်းကိုလည်း လက်ထဲမှာ အမြဲကိုင်ထား။ ရောက်ခါနီးကျရင် သူ့ကိုဖုန်းခေါ်လိုက်"
"ဟိုကိုရောက်သွားပြီဆိုရင်လည်း အန္တရာယ်ကင်းကင်း ရောက်တဲ့အကြောင်း ငါ့ကိုဖုန်းဆက်ဦး။ နားလည်လား"
သူ့အတွက် စကားအများကြီးပြောသည်က ရှားပါးလှပေသည်။ ရှမြန်သည် သူမ၏ ခေါင်းပေါ်ကလက်ကြီးကို ခံစားမိလိုက်ပြီး ရုတ်တရက်ဆိုသလို ဝန်လေးသွားသည့် ခံစားချက် ဖြစ်သွား၏။ သူမသည် ဒီလူကို အချိန်တော်တော်ကြာအောင် တွေ့ရလိမ့်တော့မည် မဟုတ်ချေ...
အပြင်ဘက်တွင် ဖော့ဖာကြီးတစ်ခုထဲတွင်ထည့်ပြီး ရေခဲမုန့်ရောင်းနေသည့်လူတစ်ယောက်ရှိလေသည်။
ရှမြန်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာ ဆွဲလှုပ်ခါလိုက်ပြီး ပြုံးကာဖြင့် ချွဲနွဲ့စွာ ပြောလိုက်လေသည်။ "ဒေါက်တာနဥ် ကျွန်မ ဒီနေ့ ရေခဲမုန့် မစားရသေးဘူး"
ပြတင်းပေါက်ကို မှီထားပြီး အပြင်ဘက်ကိုကြည့်နေသည့် ရှောင်ဖုန်းသည် ချက်ချင်းဆိုသလို မျှော်လင့်တကြီး အကြည့်လေးကို ထုတ်ပြလေသည်။
နဥ်ရှောက်ပိုင်က ရယ်မောလိုက်ကာ ပြတင်းပေါက်ကိုဖွင့်ပြီး ရေခဲမုန့်၂ခုဝယ်လိုက်ပြီးနောက် ရှမြန်နှင့် ရှောင်ဖုန်းတို့ကို တစ်ခုစီလှမ်းပေးလိုက်သည်။
သူတို့၂ယောက်က အပေါ်ကထုတ်ထားသည့်စက္ကူကို ကျွမ်းကျွမ်းကျင်ကျင် ခွာလိုက်ပြီး ဘယ်ဘက်အပေါ်ဆုံးထောင့်ကို အရင်ဆုံး ခေါင်းငုံ့ကာ စားလိုက်ကြလေသည်။ သူတို့၏လှုပ်ရှားမှုများက တစ်ပုံစံတည်းဖြစ်နေ၏။ နဥ်ရှောက်ပိုင်သည် သူတို့ကိုကြည့်လိုက်ပြီး သူ့လက်ကိုဆန့်ကာ သူတို့တစ်ယောက်ချင်းစီ၏ ခေါင်းပေါ်က ထောင်တက်နေသည့်ဆံပင်များကို လှမ်းဆွဲလိုက်လေသည်။
ထို့နောက်တွင်တော့ သူက တဘတ်တစ်ထည်ကို လှမ်းယူလိုက်ပြီး ရေနွေးဖြင့် ရေစွတ်လိုက်ကာ ဘေးတွင် ချထားပေးလိုက်လေသည်။ သို့မှသာ သူတို့သည် ရေခဲမုန့်စားပြီးသွားလျှင် လက်ကိုသုတ်နိုင်ပေလိမ့်မည်။
ရှမြန်သည် သူက မည်မျှဂရုတစိုက်ရှိနေသည်ကို ကြည့်လိုက်ပြီး သူ့ကိုထုပ်ပိုးသွားကာ တစ်ခါတည်း ခေါ်သွားချင်စိတ်ပင် ဖြစ်သွားတော့၏။
ရထားတွဲ၏ အခန်းတံခါးက တွန်းဖွင့်ခံလိုက်ရသည်။ သားအမိ၂ယောက်က ဝင်လာ၏။ သမီးဖြစ်သူက အသက်၂၀ဝန်းကျင် ရှိဟန်တူသည်။ ဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားပြီး တော်တော်လေး လှသည့်အမျိုးသမီးဖြစ်၏။
တစ်ဖက်လူက နဥ်ရှောက်ပိုင်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူမ၏မျက်လုံးများက လင်းလက်သွားတော့သည်။ "မင်္ဂလာပါ"
"မင်္ဂလာပါ" နဥ်ရှောက်ပိုင်က ဘာမှမဖြစ်သလို ခေါင်းညိတ်လိုက်ပြီး ရှမြန်၏ဘေးတွင် ထိုင်ချလိုက်ကာ သူတို့အတွက် နေရာဖယ်ပေးလိုက်လေသည်။
ထိုမိန်းကလေး ကိုင်ထားသည့်သေတ္တာသည် ရုတ်တရက်ဆိုသလို ပေါင်ထောင်ချီအောင် လေးသွားသည်ဟု ခံစားလိုက်ရသည်။ သူမက သူမ၏လက်ကိုမြှောက်ကာ နဖူးပေါ်ကချွေးများကို သုတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် အကူအညီတောင်းလေသည်။ "အစ်ကိုကြီး ကျွန်မကို ဒါလေးကူပြီးတော့ သယ်ပေးလို့ရလား။ အရမ်းလေးနေလို့ပါ"
သူမ၏ အမေကလည်း နဥ်ရှောက်ပိုင်၏အမူအရာကို မြင်လိုက်ရသည့်အခါ သူမ ပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားပြီး အမောဖြေဖို့ရန်အတွက် ရထားတွဲတံခါးကို မှီထားလိုက်လေသည်။ "ကျေးဇူးတင်ပါတယ်နော် လူငယ်လေး"
ချောမောသည့် ကောင်လေးတစ်ယောက်နှင့်တွေ့လျှင် စကားပြောချင်ကြသည်မှာ လူ့သဘာဝမှန်း သိနေသော်ငြားလည်း ရှမြန်သည် မကျေမနပ် ခံစားနေရသေး၏။
ငါ မမြင်ဘူးလို့များ ထင်နေကြတာလား မသိဘူး။ အဲဒီ၂ယောက်က ခုနကတုန်းက သေတ္တာကို သယ်လာလိုက်တာမှ အရမ်းကိုမြန်နေတာပဲ။
ရှမြန်သည် ရေခဲမုန့်ကို နဥ်ရှောက်ပိုင်ဆီသို့ လှမ်းပေးလိုက်ပြီးနောက် သားအမိ၂ယောက်ကို ပြုံးပြလိုက်လေသည်။
"အစ်မ အဒေါ်။ ကျွန်မအစ်ကိုရဲ့လက်က သိပ်ပြီးတော့ အဆင်မပြေလို့ပါ။ ကျွန်မ ကူညီပေးပါရစေ"
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမက ထရပ်လိုက်ပြီး သေတ္တာကို ခုတင်အောက်သို့ ထိုးထည့်ပေးလိုက်ကာ သားအမိ၂ယောက်ကို အလွယ်တကူ ကူညီပေးလိုက်တော့သည်။ သူတို့၂ယောက်မှာ ရုတ်တရက်ဆိုသလို အနည်းငယ် ရှက်ရွံ့သွားတော့၏။
ကိုယ်ကိုလှည့်လိုက်သည်တွင် အပြုံးတစ်ဝက်ဖြင့် သူမကိုကြည့်နေသည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရသည်။ ရှမြန်က သူ့ကိုမကျေနပ်သလို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဒါတွေအားလုံးက ရှင့်ကို မက်မွန်ပန်းတွေနဲ့ ခပ်ဝေးဝေးနေရအောင် ကူညီပေးတာပဲ မဟုတ်ဘူးလား"
နဥ်ရှောက်ပိုင်က ပိုပြီးဝမ်းသာစွာ ရယ်မောလိုက်သော်ငြားလည်း ရှမြန်ကတော့ သူ့ကို ဆက်ပြီး မကြည့်နိုင်တော့ချေ။
"ဟော... အရည်ပျော်ကုန်ပြီ"
ရာသီဥတုကပူသဖြင့် ရေခဲမုန့်သည် ကြာကြာမခံဘဲ စတင်အရည်ပျော်လာတော့သည်။
ရှမြန်သည် အလောတကြီး ရောက်လာပြီး နဥ်ရှောက်ပိုင်က လက်လှမ်းပေးသည်ကိုပင် မစောင့်တော့ဘဲ သူ့လက်ကို ချက်ချင်းဖမ်းဆွဲလိုက်ကာ ရေခဲမုန့်ဆီမှ စီးကျလာတော့မည့်ရေခဲရေကို တစ်ကိုက်လောက် လှမ်းကိုက်လိုက်လေသည်။
ရေခဲမုန့်က အရည်မပျော်တော့သည်ကို သေချာအောင်လုပ်ပြီးသွားမှ ရှမြန်သည် နဥ်ရှောက်ပိုင်ဆီက ရေခဲမုန့်ကိုယူကာ ဖြည်းဖြည်းချင်း ဆက်ပြီးစားလိုက်လေသည်။
နဥ်ရှောက်ပိုင်က သူမကို ကြည့်လိုက်ပြီး တိမ်ဝင်နေသည့်လေသံတစ်ခုဖြင့် ပြောလိုက်၏။
"အရသာရှိလား"
ရှမြန်သည် မျက်လုံးများကို ပင့်လိုက်သည့်အခါ သူမကို စိုက်ကြည့်နေသည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရ၏။ သူမသည် ရုတ်တရက်ဆိုသလို ဆိုးညစ်စွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"အရသာရှိတယ်။ ဒေါက်တာနဥ် စားဦးမလား"
သူမက ရေခဲမုန့်ကို လှမ်းပေးလိုက်ကာ ပြောလိုက်လေသည်။ "မြည်းကြည့်ပါဦးလား"
နဥ်ရှောက်ပိုင်သည် မျက်တောင်မခတ်ဘဲ သူမကိုကြည့်နေလိုက်ပြီး လူများကို စုပ်ယူတော့မည့် လေပွေတစ်ခုက သူ့မျက်လုံးထဲတွင် ဝင်ရောက်လာသလို ထင်ရသည်။
ရှမြန်သည် အမှတ်တမဲ့ သူမ၏ဇက်လေးကို ပြန်ပုထားလိုက်ကာ အပြုံးတစ်ခုဖြင့် ရေခဲမုန့်ကို ပြန်ယူဖို့ ကြိုးစားလိုက်၏။ သို့သော်ငြားလည်း သူမက သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည့်အချိန်မှာပင် နဥ်ရှောက်ပိုင်က ရုတ်တရက်ဆိုသလို သူမ၏လက်ကိုဖမ်းဆွဲလိုက်ကာ တစ်ကိုက် ကိုက်လိုက်တော့သည်...
ရှမြန်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရေခဲမုန့်ကို ဖြည်းဖြည်းချင်းကိုက်စားနေသည့် နဥ်ရှောက်ပိုင်ကို အူကြောင်ကြောင်ဖြင့် ငေးကြည့်နေမိလေကာ သူမကိုစိုက်ကြည့်ပြီး ခပ်တိုးတိုး ရယ်မောနေသည့် နှဉ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။
"အင်း တကယ်အရသာရှိတာပဲ"
"ကျွန်မမှာ ရေခဲမုန့် ဒီတစ်ခုပဲရှိတာလေ" ရှမြန်က ဒေါသတကြီးပြောလိုက်၏။ "ရှင် အကိုက်အကြီးကြီးပဲ ကိုက်စားလိုက်တာပဲ"
သူမသည် စကားပြောပြီးသွားသည်နှင့်ချက်ချင်း ကျန်နေသည့် ရေခဲအပိုင်းအစလေးက နဥ်ရှောက်ပိုင်တစ်ကိုက် ကိုက်လိုက်သည့်အတွက် ဟန်ချက်လွဲသွားကာ ရေခဲချောင်းတုတ်မှနေ၍ ပြုတ်ကျသွားပြီး နဥ်ရှောက်ပိုင်၏လက်ခုံပေါ်သို့ ဆင်းသက်သွားလေသည်။
ရှမြန်...
"ဟယ် အစ်ကိုကြီး ညစ်ပတ်ကုန်ပြီ" ဒါကိုမြင်လိုက်သည်တွင် သူ့ဘေးက အိပ်စင်ကို သန့်ရှင်းရေး လုပ်နေသည့် မိန်းကလေးသည် လက်ကိုင်ပဝါတစ်ထည်ကို မြန်မြန်ထုတ်ယူလိုက်ကာ သူ့ကို လှမ်းပေးလိုက်လေသည်။
"မလိုပါဘူး" ရှမြန်က သူ့ကိုယ်စား ချက်ချင်းငြင်းပယ်လိုက်ပြီး သူမက နဥ်ရှောက်ပိုင်၏ လက်ကို ဖမ်းဆွဲလိုက်ကာ တစ်လုပ်ထဲဖြင့် ရေခဲမုန့်ကို စားလိုက်လေသည်။
ရထား ထွက်ခွာတော့မည့်အကြောင်း ရထားပေါ်က ကြေငြာချက်က ထွက်လာသည်။ နဥ်ရှောက်ပိုင်က ရထားပေါ်က ဆင်းရတော့မည့်အချိန် ရောက်လာ၏။
ရှမြန်သည် ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ချေ။ ဒီကောင်လေး၏ စနောက်ကျီစယ်ခြင်းကြောင့် သူမမှာ ရှက်ရွံ့သွားကာ သူမ၏ ရင်ခုန်သံကလည်း မြန်သွားရသည့်အကြောင်းအရင်းကို စဉ်းစားလိုက်ပြီး သူမသည် ရုတ်တရက်ဆိုသလို ဒေါသထွက်လာတော့သည်။ ရေခဲချောင်းကို မျိုချလိုက်ပြီး သူ့လက်ခုံကို အားဖြင့် ကိုက်လိုက်တော့သည်။
နဥ်ရှောက်ပိုင်သည် အေးခဲသွားကာ ခဏလောက်တုံ့ဆိုင်းသွားပြီး အန္တရာယ်ရှိသည့်လေသံတစ်ခုဖြင့် မေးလိုက်၏။
"ရှမြန်"
ရှမြန်က သူ့လက်ကို လွှတ်ပေးလိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"ရပြီ ရထားထွက်တော့မယ်။ ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ရထားပေါ်က မြန်မြန်ဆင်းပါတော့"
နဥ်ရှောက်ပိုင်သည် အံကိုကြိတ်လိုက်ပြီး သူ့လက်ကိုမြှောက်ကာ သူမ၏ခေါင်းကို ခပ်ကြမ်းကြမ်း ပွတ်လိုက်လေသည်။ "အသည်းနှလုံးမရှိတဲ့ ကလေးမ!"
ရှမြန်က အကြင်နာမဲ့စွာ သူ့ကိုလက်ဝှေ့ရမ်းပြလိုက်၏။
"တာ့တာနော်..."
နဥ်ရှောက်ပိုင်က သူမ၏နဖူးကို လှမ်းတောက်လိုက်ပြီးနောက် ရှောင်ဖုန်းကို လှမ်းပြီး ထိကိုင်လိုက်ကာ ပြောလိုက်လေသည်။ "ဦးဦး သွားတော့မယ်နော်။ လမ်းမှာ မင်းရဲ့အန်တီလေးနဲ့ နီးနီးကပ်ကပ်လိုက်သွား ဟုတ်ပြီလား"
ရှောင်ဖုန်းက ရေခဲချောင်းကို လျက်လိုက်ပြီး လိမ်လိမ်မာမာလေးဖြင့် ခေါင်းညိတ်ပြသည်။
"တာ့တာဦးဦး"
နဥ်ရှောက်ပိုင်သည် ရထားတွဲထဲမှ ထွက်သွား၏။ တည်ငြိမ်ဖို့ ကြိုးစားနေရသည့်ရှမြန်မှာ ချက်ချင်းဆိုသလို ရှက်သွေးဖြာသွားတော့သည်။
ဘုရားရေ။ ငါဘာလုပ်ခဲ့တာလဲ။
ရှောင်ဖုန်းက ပြတင်းပေါက်နားကိုမှီကာ ပြောလိုက်၏။ "ဦးဦးနဉ်"
ရှမြန်ကလည်း ပြတင်းပေါက်နားသို့ မြန်မြန်မှီထားလိုက်ကာ ပြတင်းပေါက်နားတွင် ရပ်နေသည့် နဥ်ရှောက်ပိုင်က သူတို့ကိုကြည့်နေလေသည်။
အမှာစကားများအားလုံးကို ပြောထားပြီးသားဖြစ်၏။ ရှမြန်သည် သူ့ကိုကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲက မခွဲခွာလိုသည့်စိတ်သည် ရုတ်တရက်ဆိုသလို ပိုပြီးကြီးမားလာတော့သည်။ သူမသည် မနေနိုင်တော့ဘဲ လှမ်းပြီးခေါ်လိုက်မိ၏။ "ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က အနားသို့ပိုကပ်လာခဲ့သည်။ "ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး"
ခေါ်ကြည့်ချင်လို့ ခေါ်လိုက်တာပါ။ ရှမြန်က ပြုံးကာ ပြောလိုက်လေသည်။
"စိတ်မပူနဲ့နော်။ ကျွန်မတို့တွေ သိပ်မကြာခင် ပြန်လာပါ့မယ်"
နဥ်ရှောက်ပိုင်ကလည်း ရယ်မောလိုက်ပြီး "မြန်တယ်ဆိုတာကရော ဘယ်လောက်မြန်မှာမလို့လဲ"
ရှမြန်က ခပ်တိုးတိုးပြောလိုက်သည်။ "နွေရာသီကျောင်းပိတ်ရက် ပြီးသွားရင်ပေါ့"
ပြတင်းပေါက်သာ ထိုမျှလောက် မမြင့်နေခဲ့လျှင် ထိုဆိုးညစ်သည့်ကလေးမလေးကို အမှန်ပင် ခေါင်းခေါက်ချင်သွားတော့သည်။
ရထားက စတင်ပြီး ဥဩဆွဲနေ၏။ နဥ်ရှောက်ပိုင်က အန္တရာယ်ကင်းသည့် အကွာအဝေးသို့ ပြန်ဆုတ်သွားကာ သူတို့၃ယောက်သည် လက်ဝှေ့ရမ်းကာ နှုတ်ဆက်လိုက်ကြလေသည်။
ရထားက ထွက်ခွာတော့မည်ဆဲဆဲတွင် ရှမြန်သည် နဥ်ရှောက်ပိုင်က သူ့ဘယ်ဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့နှုတ်ခမ်းနားသို့ ကပ်ထားလိုက်သည်ကို တွေ့လိုက်ရလေ၏။
သူ့နှုတ်ခမ်းများက သူမအခုလေးတင် ကိုက်လိုက်သည့်နေရာနှင့် နီးကပ်သွားတော့သည်...
ရှမြန်...
ရှမြန်၏ပါးပြင်မှာ နီရဲသွားတော့သည်။
ဒေါက်တာနဥ်။ ရှင် အရမ်းရက်စက်တာပဲ။
...