← Chapters

အပိုင်း(၁၅၀)

Vol. 10 Ch. 150

အပိုင်း(၁၅၀)

Vol. 10 Ch. 150

ရှမြန်နှင့် ရှောင်လျို့တို့သည် စစ်ဆေးပြီးသား ခရီးဆောင်အိတ်များကို သွားရွေးလိုက်ပြီး ကားပေါ်တင်လိုက်ပြီး မင်ရှီစီရင်စုသို့ တိုက်ရိုက်မောင်းပြန်လာတော့သည်။

ညနေခင်း၃နာရီ၊ ၄နာရီဝန်းကျင်တွင် ကားသည် ဦးကြီးရှ၏အိမ်ရှေ့တွင် ရပ်သွား၏။

သူတို့ကို ကြိုတင်ဆက်သွယ်ထားသည့်အတွက် အိမ်က လူအားလုံးက စောင့်ဆိုင်းနေကြသည်။

ကားရပ်သွားသည်နှင့် ချက်ချင်း ချန်ချန်၏အသံကို ကြားလိုက်ရ၏။ "ပြန်လာပြီ။ ပြန်လာကြပြီ"

ရှမြန်သည် ရှောင်ဖုန်းကို ချီကာ ကားပေါ်မှဆင်းလာသည့်အချိန်တွင် ဦးကြီးရှ၊ ဒေါ်ကြီးရှနှင့် ရှမိသားစုက ညီအစ်ကို၃ယောက်စလုံးက သူတို့ကို လာရောက်ကြိုဆိုကြသည်။

"ဟုတ်ပြီ ဟုတ်ပြီ" ဦးကြီးရှသည် ကလေး၂ယောက်ကို မြင်လိုက်သည့်အခါ စိတ်အေးသွားလေသည်။ သူက စိတ်အေးသွားသည့်မျက်နှာတစ်ခုဖြင့် ပြောလိုက်၏။ "ယန်မြို့က လူတွေကို ကြီးပွားစေတဲ့ နေရာတစ်ခုပဲ"

"ဟုတ်ပ" ဒေါ်ကြီးကလည်း ရှေ့သို့လှမ်းလာပြီး ရှောင်ဖုန်း၏ခေါင်းလေးကို ချစ်စနိုးလှမ်းထိလိုက်ကာ သူ့ကိုသေသေချာချာလေး ကြည့်လိုက်ပြီးမှ ပြောလိုက်လေသည်။ "ငါတို့ရဲ့ရှောင်ဖုန်းကလည်း တကယ်ချောလာတာပဲ"

ရှမြန်သည် ပြီးခဲ့သည့်၂နှစ်အတွင်း စာလုပ်ရင်း အလုပ်များနေခဲ့သော်လည်း ရှ၀မ်ယွဲ့၊ နဉ်ရှောက်ယွင်နှင့် နဉ်ရှောက်ပိုင်တို့အားလုံးက ရှောင်ဖုန်းကို ဂရုစိုက်ပေးခဲ့ကြသည်။ သူ၏သူငယ်ချင်း မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့က အဖော်ပြုပေးနေသဖြင့် ကလေးသည် ဘယ်တုန်းကမှ ဝမ်းနည်းသည်ဟု မခံစားခဲ့ရချေ။

သူ၏အစောပိုင်းက ပိန်လှီသေးညှပ်နေသည့် ရုပ်သွင်လေးနှင့် ယှဉ်လျှင် သူသည် ထွားလာသည့်အပြင် သူသည် အသားများလည်း ပြည့်လာခဲ့သည်။ ဒီနေ့တွင်တော့ သူသည် အနီရောင်မစ်ကီမောက်စ် အင်္ကျီလက်တိုနှင့် ဘောင်းဘီတိုလေးကို ဝတ်ဆင်ထားရာ အလွန်ချစ်စရာကောင်းနေလေတော့သည်။

သူ၏အကျင့်စရိုက်ကလည်း အများကြီးပိုပြီး ဖော်ရွေလာခဲ့၏။

ကလေးက သူ့ဘွားဘွားကြီးကို ပြုံးပြလိုက်ကာ တိုးတိုးလေးပြောလိုက်လေသည်။

"ဘွားဘွား"

ဒေါ်ကြီးက အနည်းငယ် အံ့အားသင့်သွားတော့သည်။

"ရှောင်ဖုန်းက ဘွားဘွားကို မှတ်မိသေးတာပဲ"

ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်၏။

"သူ့ဦးနှောက်က အရမ်းကောင်းတာလေ။ သူက အားလုံးကို မှတ်မိတယ်"

ရှချွမ်းကတော့ ဒါကိုမယုံချေ။ ထို့ကြောင့်သူက အပြေးရောက်လာကာ မေးလိုက်၏။

"ငါ ဘယ်သူလဲဟေ့"

ရှောင်ဖုန်းက ပြုံးကာပြောလိုက်သည်။

"ဦးဦးရှောင်ချွမ်း"

ရှချွမ်းမှာ တအံ့တဩဖြစ်သွားပြီးနောက် ချန်ချန်ကို လှမ်းဆွဲလိုက်လေသည်။

"လာပါဦး။ သူ့ကိုကြည့်လိုက်ဦး။ ဒါဆိုရင်ရော။ ဒီကောင်စုတ်လေးကိုရော ကိုယ့်ဟာကိုယ် ကြည့်လိုက်ဦး။ သူဘယ်သူလဲဆိုတာ သားမှတ်မိသေးရဲ့လား"

ချန်ချန်က သူ့ကိုမျက်စောင်းထိုးလိုက်ပြီး "ဦးလေး၃ ကျွန်တော့်ကို အရူးဖြစ်စေချင်နေတာလား။ သားတို့တွေက နှစ်သစ်ကူးတိုင်း ဖုန်းခေါ်နေကြတာပဲလေ"

"နေ့လယ်တုန်းကပဲ ဒေါ်လေးမြန်မြန်နဲ့ ရှောင်ဖုန်းတို့လာမယ်လို့ ဦးလေးပဲပြောလိုက်တယ်လေ။ ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ကျွန်တော်တို့ထဲမှာ ဘယ်သူက တုံးအတာလဲ။ ဦးဦး၃လား ကျွန်တော်လား"

"ဟေ့ကောင်" ရှချွမ်းသည် သူ့လက်ကိုမြှောက်ကာ ချန်ချန်ကို ရိုက်လိုက်လေသည်။

ချန်ချန်က ချက်ချင်းဆိုသလို ရှမြန်နောက်သို့ အပြေးသွားလိုက်ပြီး သူ့ကိုပြောင်ပြလိုက်ပြီးနောက် ရှမြန်၏ လက်ကိုကိုင်ကာ ပြောလိုက်၏။

"ဒေါ်လေးမြန့်မြန် ဒေါ်လေးနောက်ဆုံးတော့ ပြန်လာပြီပေါ့နော်။ သားက ဒေါ်လေးတို့ကို အရမ်းလွမ်းနေတာ"

ရှမြန်ကတော့ သူ့ကိုမယုံချေ။ သူ့နားကိုဆွဲကာ ပြောလိုက်၏။ "နင်က ငါ့ကိုလွမ်းတာလား ငါယူလာမဲ့မုန့်ကို လွမ်းတာလား"

ချန်ချန်က အသံထွက်ကာရယ်မောလိုက်ပြီး "အားလုံးကိုလွမ်းတာပေါ့။ ယန်မြို့မှာ အရသာရှိတဲ့မုန့်တွေ အများကြီးရှိတယ်တဲ့။ သားက ရေခဲမုန့်ကိတ်မုန့်ကိုလည်း စားချင်သေးတယ်"

ရှဟိုင်ကတော့ ညိုမည်းနေသည့်မျက်နှာတစ်ခုဖြင့် ပြောလိုက်လေသည်။ "မင်းဟာလေ စားဖို့အပြင် တခြား ဘာသိသေးလို့လဲ။ မင်းရဲ့ဒေါ်လေးမြန့်မြန်က အခုမှပြန်ရောက်လာတာလေ။ သူ့ကို မနှောင့်ယှက်နဲ့တော့။ ဒီကိုလာ"

"ဟုတ်ပါပြီ အိမ်ကို မြန်မြန်ပြန်ကြရအောင်" ဦးကြီးရှက ပြောလိုက်သည်။ ရှမြန်က ရှောင်ဖုန်း၏ လက်ကို တွဲကာ သူမ၏ ဦးကြီးအိမ်နောက်သို့ လိုက်လာခဲ့တော့သည်။

ရှဟိုင်တို့ ညီအကို၃ယောက်က ရှောင်လျို့ကို ကူညီကာ ခရီးဆောင်အိတ်များကို ချပေးလိုက်ပြီး သယ်ပြန်လာပေးလိုက်ကြသည်။

"ဘာဖြစ်လို့ ပစ္စည်းတွေ အများကြီးထည့်လာတာလဲ" ဦးကြီးရှက တအံ့တဩ မေးလိုက်လေသည်။

"နင်တို့တွေ ဒါတွေကို ဘယ်လိုလုပ်ပြီးတော့ ယူပြန်လာကြတာလဲ"

"အဒေါ်၂က ပြင်ဆင်ပေးလိုက်တာပါ" ရှမြန်ကပြောလိုက်၏။ "စစ်ကြည့်လိုက်ကြပါဦး"

ရှချွမ်းက သက်ပြင်းချကာ ပြောလိုက်လေသည်။ "ကြည့်ရတာအဒေါ်၂က အလုပ်ကောင်းတယ် ထင်တယ်" သူက သိချင်စိတ်ဖြင့် မေးလိုက်၏။ "အဒေါ်၂က စက်ရုံတစ်ရုံဖွင့်ပြီးတော့ တကယ်ပဲ သူဌေးကြီးတစ်ယောက် ဖြစ်လာပြီလား"

ဦးကြီးရှက သူ့ကို ဒေါသဖြင့်ကြည့်ကာ ပြောလိုက်လေသည်။ "မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ မောက်မိသားစုက ပြဿနာလာရှာမှာ မကြောက်ဘူးလား"

ရှချွမ်းက လျှာထုတ်ပြလိုက်ပြီး ပြောလိုက်လေသည်။ "သိပါပြီ သိပါပြီ။ အဒေါ်၂က ဘယ်နားမှာ ပုန်းနေလဲလို့ သိချင်မိလို့ပါ"

ရှမြန်က ဇဝေဇဝါဖြင့် မေးလိုက်၏။

"မောက်မိသားစုက ဘာဖြစ်လို့ ပြဿနာရှာနေသေးတာလဲ။ ဒီကိစ္စက ဖြေရှင်းပြီးသွားပြီလို့ သူတို့တွေ ပြောတယ် မဟုတ်လား"

မောက်ကျစ်ရှန်း၏ တတိယအဘွားသည် မောက်မိသားစု၏ဘေးအိမ်သို့ ပြောင်းရွှေ့လာသည့်အချိန်တွင် သခင်မကြီးမောက်ကလည်း မောက်ကျစ်ရှန်းတို့မိသားစုက ထွက်ပြေးသွားပြီကို သိလေသည်။

သူမသည် မိုးပြိုနေသည့်နှယ် ငိုယိုကာအော်ဟစ်တော့၏။ သူမသည် သူမ၏ဒုတိယသားမိသားစုကို စိုးရိမ်သည်တော့ လုံးဝမဟုတ်ချေ။ သူမက ဟောက်မိသားစုဆီက မင်္ဂလာလက်ဖွဲ့များကို လက်ခံထားပြီးသား ဖြစ်သဖြင့် ရှင်းပြဖို့ရန် နည်းလမ်းမရှိသောကြောင့်ပင်။

ထိုအကြောင်းကို ပြောလိုက်သည်တွင် ရှချွမ်းသည် မနေနိုင်တော့ဘဲ တံတွေးထွေးလိုက်၏။

"အဲဒီမောက်အဘွားကြီးက ဟွေ့မေကို တကယ်လက်ထပ်ပေးဖို့ ဆုံးဖြတ်ထားခဲ့တာလေ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကိစ္စတွေက ထိန်းချုပ်လို့မရတော့တဲ့အခါမှ သူက ဟောက်မိသားစုဆီကနေ မင်္ဂလာလက်ဖွဲ့ကို ယွမ်၃သောင်းကျော်ဖိုးတောင် လက်ခံထားခဲ့တယ်ဆိုတာကို သိလိုက်ရတယ်"

မင်ရှီစီရင်စုတွင် ၆၆၆၀ဖိုး သတို့သမီးလက်ဖွဲ့သည် အလွန်မှခမ်းနားလှသည်ကို သိနှင့်ပြီးဖြစ်၏။

အဘွားကြီးသည် မင်္ဂလာလက်ဖွဲ့များကို အများကြီးလက်ခံထားသဖြင့် သူမသည် မောက်ဟွေ့မေကို သေချာပေါက် အလွတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ရှဟယ်ကလည်း ထိုအကြောင်းကို ပြောလိုက်သည့်အခါ လန့်ဖြန့်သွားသေးသည်။ "ဟွေ့မေက နင်တို့ နောက်လိုက်သွားလို့ တော်သေးတာပေါ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူကတော့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

ရှမြန်မှာ သိချင်စိတ်ဖြစ်သွားသည်။

"ဘာအဓိပ္ပာယ်လဲ"

ရှဟယ်က ပြောလိုက်၏။ "အဘွားကြီးက မင်္ဂလာလက်ဖွဲ့တချို့ကို မောက်မိသားစုရဲ့ အကြီးဆုံးနဲ့ တတိယသားကိုလဲ ပေးလိုက်သေးတယ်လေ" သူက အထင်သေးကာ ပြောလိုက်လေသည်။

"ဒုတိယဦးလေးက သူ့သမီးကို လက်ထပ်ပေးတော့မယ်ဆိုတာတောင် မသိပါဘူး။ ဒါပေမဲ့ အကြီးဆုံးနဲ့ တတိယအစ်ကိုကတော့ အရင်ဆုံး ခံစားရတဲ့သူဖြစ်နေတယ်လေ"

ရှချွမ်းမှာ ပီတိဖြာသွားတော့သည်။ "ယူထားတုန်းကတော့ အရမ်းကို ပျော်နေပြီးတော့ ပြန်ထွေးထုတ်ရမယ်ဆိုတော့ ရုပ်တွေက ရှုံ့မဲ့နေတာလေ"

ရှဟယ်ကလည်း ရယ်မောလိုက်လေသည်။ "ဟုတ်ပ နောက်ပိုင်းကျတော့ ဟွေ့မေကို ရှာမတွေ့တော့ ဟောက်မိသားစုက အဘွားကြီးဆီကနေ မင်္ဂလာလက်ဖွဲ့တွေ ပြန်တောင်းတယ်လေ"

"မောက်မိသားစုရဲ့အကြီးဆုံးသားနဲ့ တတတိယသားတို့အားလုံးကလည်း ပိုက်ဆံတွေအားလုံး သုံးလိုက်ပြီ။ အကြီးဆုံးသားက ရောင်စုံတီဗီတစ်လုံးနဲ့ ရေခဲသေတ္တာကို ဝယ်ခဲ့တယ်လေ။ တတိယသားကလည်း သူ့သားအတွက်ဆိုပြီး အိမ်တစ်လုံးဆောက်ခဲ့သေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူတို့မှာ ပေးစရာ ဘာမှမကျန်တော့ဘူးလေ။ ဒီတော့ မိသားစုရဲ့ အချမ်းသာဆုံးဖြစ်တဲ့ ဟောက်မိသားစုက သူတို့၂ယောက်ကို ဖမ်းဆီးဖို့ အကြောင်းပြချက် ရှာတော့တာပဲ"

ရှဟယ်က ပြောလိုက်၏။ "တကယ်တမ်းကျတော့ သူတို့တွေက ဒီနည်းလမ်းကိုသုံးပြီး ဟွေ့မေကို ဖိအားပေးချင်တာ ဖြစ်မှာ"

အကယ်၍ မောက်ကျစ်ရှန်း သို့မဟုတ် ရှ၀မ်ယွဲ့တို့သာ အဖမ်းခံခဲ့ရပြီး မောက်ဟွေ့မေကို လက်ထပ်ဖို့ ဖိအားပေးခဲ့မည်ဆိုလျှင် မောက်ကျစ်ရှန်းတို့မိသားစုသည် လုံးဝကို ကူကယ်ရာမဲ့သွားပေလိမ့်မည်။

သတင်းအချက်အလက် နည်းပါးသည့် နေရာလေးတစ်ခုတွင် ဒီလိုအရာရှိများနှင့် လုပ်ငန်းရှင်များကြားက ပွတ်တိုက်မှုမျိုးသည် အမှန်ပင် ရွံစရာကောင်းလှပေ၏။ ရှမြန်က မေးလိုက်သည်။

"ဒီတော့ သူတို့တွေ ဘယ်လိုနေကြလဲ"

"သူတို့တွေ ဘာတတ်နိုင်မှာလဲ။ သူတို့တွေက လက်ဖွဲ့ပစ္စည်းကို ပြန်ပေးဖို့ ငွေကိုစုဆောင်းဖို့ပဲ တတ်နိုင်တော့တာပေါ့" ရှချွမ်းက ပီတိဖြာကာ ပြောလိုက်၏။ "သူတို့တွေက လက်ဖွဲ့ပစ္စည်းကို ပြန်ပေးရတဲ့အပြင် လူပြန်ရွေးဖို့ဆိုပြီးတော့ ဒဏ်ကြေးကိုလည်း ပေးရသေးတယ်လေ"

"ကျွန်တော် ကြားထားတာတော့ လူတစ်ယောက်ချင်းစီက ယွမ် ၃၀၀၀ ပေးရတယ်တဲ့။ ဒါပေမဲ့ သူတို့တွေက ယွမ်၆ထောင်ကျော် ကုန်သွားတယ်တဲ့။ မောက်မိသားစုက သူတို့ရတာထက် အများကြီး ပိုပြီးတော့ ဆုံးရှုံးသွားခဲ့တာပဲ"

ရှမြန်က ပျော်ရွှင်စွာဖြင့် ပြောလိုက်တော့သည်။ "နည်းတောင်နည်းသေးတယ်လေ"

ဦးကြီးရှက ရှမြန်ကို ပြောလိုက်သည်။ "ဒါကြောင့် နင့်ရဲ့အဒေါ်၂အကြောင်းကို အပြင်လူတွေကို မပြောပြနဲ့။ မောက်မိသားစုက အခု အကျပ်အတည်းထဲ ရောက်နေကြတာ။ သူတို့တွေသာ ကြံရာမရ ဖြစ်လာခဲ့ရင် ပြဿနာများလာလိမ့်မယ်"

ရှမြန်က မေးလိုက်သည်။

"သူတို့တွေက ကျွန်မတို့အိမ်ကို လာပြီးတော့ ပြဿနာရှာသေးတာပေါ့လေ ဟုတ်လား"

ရှ၀မ်ယွဲ့နှင့် သူမ၏ကလေး၃ယောက်သည် ရှမိသားစုတွင် ပျောက်ကွယ်သွားသည်ကို စဉ်းစားဖို့ရန် လွယ်ကူလေသည်။ မောက်မိသားစုသည် ဒီအခြေအနေသည် ဖိအားပေးခံရသဖြင့် သူတို့သည် ပြဿနာ လာမရှာဘဲ အဘယ်မှာနေပါမည်နည်း။

သို့သော်ငြားလည်း ဦးကြီးရှသည် ဒီအကြောင်းကို ပြီးခဲ့သည်၂နှစ်အတွင်း လုံးဝမပြောပြခဲ့ချေ။

ရှချွမ်းက သူမ၏ခေါင်းကို လှမ်းပုတ်လိုက်ကာ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်၏။

"ငါတို့က သူတို့ကို ကြောက်ရမှာမလို့လား"

ဦးကြီးရှကလည်း ပြောလိုက်သည်။ "ငါတို့ရဲ့ရှမိသားစုက အချမ်းသာဆုံး မဟုတ်ဘူးဆိုပေမဲ့လည်း ငါတို့တွေက မင်ရှီစီရင်စုမှာ နာမည်မရှိတဲ့သူတွေတော့ မဟုတ်ဘူးလေ။ ငါတို့တွေက မှန်ကန်နေသရွေ့တော့ ဒုက္ခများမှာ ကြောက်စရာမလိုပါဘူး။ နင့်ရဲ့အဒေါ်၂ကိုသာ စိတ်ချနေဖို့ ပြောလိုက်"

ရှမြန်သည် မနေနိုင်တော့ဘဲ ဦးကြီးရှ၏လက်မောင်းကို ဆွဲဖက်ထားလေသည်။ "ဦးကြီး ဦးကြီးက အရမ်းကို ခံ့ညားတာပဲ"

ဦးကြီးရှသည် သား၃ယောက်ရှိကာ သူ့မြေးကလည်း တော်တော်လေးကို ဆိုးသွမ်းလှသည်။ သူသည် အရင်တုန်းက ကလေးမလေးတစ်ယောက်၏ ဒီလိုချွဲနွဲ့ခြင်းကို တစ်ခါမှ မတွေ့ကြုံခဲ့ဘူးချေ။ သူသည် အခိုက်အတန့် မှင်တက်အံ့ဩသွားပြီး သူ၏ပုံမှန်ဆိုလျှင် တည်ကြည်နေသည့်မျက်နှာသည် အမှတ်တမဲ့ ပြုံးသွားကာ တွန့်ချိုးသွားတော့သည်။

"ဘာတွေပြောနေတာလဲ"

"အမှန်အတိုင်းပြောနေတာပါ" ရှမြန်ကပြုံးလိုက်ပြီး "ဦးကြီး ရှိနေတယ်ဆိုတော့ ကျွန်မက ဘာမှမကြောက်တော့ဘူးလေ" လေဒဏ်နှင့် မိုးဒဏ်မှ ကာကွယ်ပေးရန် နောက်တွင်ရပ်နေသည့် လူကြီးတစ်ယောက် ရှိသည်က အမှန်ပင်လုံခြုံလေသည်။

သူမက ဦးကြီးရှကို လက်မထောင်ပြလိုက်ကာ ပြောလိုက်၏။ "အရမ်းကိုခံ့ညားတာပဲ"

ဦးကြီးရှမှာ မရယ်ဘဲ မနေနိုင်တော့ချေ။

သူတို့အဖွဲ့သည် စကားပြောရင်း ရယ်မောရင်းဖြင့် အိမ်ထဲသို့ဝင်လာကြ၏။ ထမင်းစားစားပွဲက ပြင်ဆင်ထားပြီးသား ဖြစ်သည်။ လေထဲတွင် မွှေးပျံ့နေသည့်ရနံ့က ရှမြန်ကို တံတွေးမျိုချသွားစေတော့သည်။ ရှဟိုင်၏မိန်းမလီဖန်းက ထိုင်ခုံများကို နေရာချထားပြီးသားဖြစ်၏။

"ဗိုက်ဆာနေတော့မှာပဲ။ လာထိုင်ကြ"

ရှဟိုင်ကတော့ ရှောင်လျို့ကို နေရာချထားပေးဖို့ရန်အတွက် ခေါ်သွားလိုက်သည်။

ချန်ချန်ကတော့ ရှောင်ဖုန်းကို စားပွဲနားသို့မြန်မြန် ဆွဲခေါ်လာကာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက်တွင်တော့ သူက လှလှပပ အရောင်တင်ထားသည့် သစ်သားပန်းကန်လုံးကို ရှောင်ဖုန်းရှေ့တွင် ဒုံးကနဲ အသံတစ်ခုဖြင့် ချပေးလိုက်လေသည်။ "ရှောင်ဖုန်း ဒါက မင်းအတွက် အထူးတလည် ပြင်ဆင်ထားပေးတဲ့ ပန်းကန်လုံးလေ"

"ချန်ချန်" ရှဟိုင်မှာ အကျင့်ပါနေသည့်အတိုင်း သူ့လက်ကိုမြှောက်လိုက်ပြီး ရှောင်ဖုန်းကို လှမ်းကြည့်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားကာ သူ့လက်ကိုပြန်ချထားလိုက်ပြီး ဒေါသဖြင့် ပြောလိုက်၏။ "မင်း ပန်းကန်လုံးကို ဖြည်းဖြည်းလေး ချလို့မရဘူးလား။ မင်း မင်းရဲ့ညီလေးကို လန့်အောင်လုပ်နေပြီလေ"

ချန်ချန်သည် ဇက်လေးကို ပုထားနှင့်ပြီးသားဖြစ်၏။ သို့သော်ငြားလည်း အဖေဖြစ်သူက သူ့ကို မရိုက်သည်ကို တွေ့လိုက်ရသည့်အခါ နားမလည်နိုင်အောင် ဖြစ်သွားသေးသည်။

သူ့ဘေးက ရှချွမ်းကတော့ ရှောင်ဖုန်း၏ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ပြောလိုက်၏။

"မကြောက်နဲ့နော် မင်းရဲ့ကိုကိုက ကောင်ဆိုးလေးတစ်ယောက်လေ။ မင်း အပေါ်ကိုတော့ အနိုင်ကျင့်မှာ မဟုတ်ပါဘူး"

မီးသီးလုံးတစ်ခုက ချန်ချန်၏ခေါင်းပေါ်တွင် ရုတ်တရက်လင်းလက်လာတော့သည်။

သူ့ရဲ့ညီလေး ရှောင်ဖုန်း အနားမှာ ရှိနေရင် သူ ဘာကိုပဲလုပ်လုပ် လုံးဝ အရိုက်ခံရမှာ မဟုတ်ဘူး။

...

All Chapters