အပိုင်း(၁၅၂)
Vol. 11 Ch. 152
ရှဦးလေး၂သည် အပြင်ဘက်တွင် တံခါးလာခေါက်လေသည်။ သို့သော်ငြားလည်း ရှမိသားစုက လူတိုင်းက မကြားသလို နေလိုက်ကြပြီး သူတို့လုပ်နေသည့်အရာများကို ဆက်ပြီး လုပ်ဆောင်နေလိုက်၏။
ချန်ချန်တစ်ယောက်သာ တံခါးနားတွင်ရပ်ပြီး ပြန်ဖြေနေသည်။ "အိမ်မှာ ဘယ်သူမှမရှိဘူး။ ဒီမှာ ဘယ်သူမှမရှိဘူး"
"မင်းက ဘယ်သူ့ကို လာပြီးတော့ စနောက်နေတာလဲ။ ကားက အိမ်တံခါးအပြင်ဘက်မှာ ရပ်ထားတဲ့ဟာကို" ရှဦးလေး၂က ပြောလိုက်၏။ "ရှမြန် ပြန်လာပြီ။ ငါ သူ့ကိုလာတွေ့တာ"
"မဟုတ်ဘူး။ အဲဒါ အိမ်ကကား မဟုတ်ဘူး" ချန်ချန်ကလည်း ကျွမ်းကျွမ်းကျင်ကျင် ပြန်ဖြေသည်။
"ဒေါ်လေးမြန့်မြန်က အိမ်ပြန်မလာသေးပါဘူး။ အဘိုး၂ အဘိုး လုပ်စရာရှိတာ သွားလုပ်ပါတော့"
ရှဦးလေး၂နှင့် ချန်ချန်တို့ကြားက အချေအတင်ကိစ္စသည် ၁ကြိမ်၊ ၂ကြိမ်တည်း ဖြစ်ခဲ့တာ မဟုတ်သည်မှာ သိသာသည်။ ရှဦးလေး၂သည် အိမ်ထဲဝင်လို့မရမှန်း သိလိုက်သဖြင့် သူသည် တံခါးအပြင်ဘက်တွင်သာ အော်ဟစ်ကာ နေနိုင်တော့သည်။ "မြန့်မြန် နင် ပြန်လာပြီဆိုတာ ဦးလေး၂ သိပါတယ်။ နင့်အဒေါ်၂ကလည်း နင့်အတွက် အသားတွေ သီးသန့်လှီးထားပေးတယ်။ ဒီနေ့ည အိမ်မှာ ညစာလာစားနော်"
ရှချွမ်းက သူ့နှုတ်ခမ်းကို ကွေးထားလိုက်ပြီး "အသားတွေတောင်မှ လှီးထားပေးတယ်တဲ့လေ။ တကယ်ကို စျေးကြီးနေတော့မှာပဲ"
"ဒါပေမဲ့လည်း ဘယ်သူက သူ့အစားအသောက်ကို စားရဲမှာလဲ။ ၁နပ်လောက် စားတာက ၁၀နပ်လောက် ပြန်ပေးရတာ မတန်ဘူးလေ"
ရှဟယ်က ပြောလိုက်သည်။ "နင် ခဏလောက်တော့ ပုန်းနေမှရဦးမယ်။ ဦးလေး၂က လူတွေကို ပိတ်ဆို့တဲ့နေရာမှာ တကယ်တော်တယ်လေ"
ဒီလူသည် တစ်စုံတစ်ခုကို အလကားရဖို့ရန်အတွက် ၁လတိတိထောင့်နားတွင် ဇွဲရှိရှိနေနိုင်သူတစ်ယောက် ဖြစ်လေသည်။
ယောက်မ၂ဖြစ်သူ ဟုန်ကျွမ်းကတော့ ရှမြန်အတွက် စိတ်ပူနေပြီး "သူတို့မိသားစုတွေရဲ့ အဲဒီလိုတွယ်ကပ်ခံနေရတာ အရမ်းကို စိတ်ရှုပ်စရာကောင်းမှာပဲ"
"စိတ်မပူပါနဲ့လေ" ရှမြန်က မစိုးရိမ်ဘဲ ပြောလိုက်သည်။ "သူ့မိသားစုက ငါ့ဆီကနေ ဘာအကျိုးအမြတ်မှ မရခဲ့ဖူးဘူးဆိုတာကို မေ့သွားတာပဲ ဖြစ်ရမယ်။ ခဏနေ သတိရသွားအောင် ငါ ကူညီပေးလို့ ရပါတယ်"
ရှချွမ်းသည် ရှမြန်က လွန်ခဲ့သည့်၂နှစ်က ဦးလေးရှ၏ မိသားစုကို မည်သို့ပြဿနာရှာခဲ့သည်ကို ချက်ချင်းသတိရသွားပြီး သူသည် မနေနိုင်တော့ဘဲ အသံထွက်ကာ အော်ရယ်လေတော့သည်။
ဒါက ဟုန်ကျွမ်း၏သိလိုစိတ်ကို နှိုးဆွစေတော့သည်။
ရှဟယ်က သူမကို တချို့အကြောင်းအရာများ ပြောပြလိုက်လေသည်။
လက်ဆောင်များကို ဝေပေးပြီးနောက် ပစ္စည်းများကို ထုပ်ပိုးပြီးသည့်နောက်တွင် ဦးကြီးရှက ရှောင်လျို့ကို အနားယူဖို့ရန် အိပ်ခန်းတစ်ခန်း ပြင်ဆင်ပေးလိုက်ပြီး နောက်တစ်နေ့မနက်တွင် စောစောစီးစီး ထွက်ခွာဖို့ ပြင်ဆင်ပေးလိုက်လေသည်။
ဒေါ်ကြီးကလည်း သူမ၏ချွေးမ၂ယောက်ကိုခေါ်ကာ ရှမြန်နှင့် ရှောင်ဖုန်းတို့အိမ်တွင် အဖော်လာလုပ်ပေးသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရှဦးလေး၂သည် အုတ်တုံး၁တုံးကို ဆွဲကာ သူမ၏အိမ်တံခါးရှေ့တွင် ထိုင်နေ၏။
ရှမြန်နှင့် တခြားသူများ ရောက်လာသည်ကို မြင်လိုက်သည့်အခါ သူက ပြုံးကာပြောလိုက်လေသည်။
"မြန့်မြန် ပြန်လာပါပြီလို့ ငါ ပြောသားပဲ။ ဒါပေမဲ့ ချန်ချန်ကတော့ မဟုတ်ဘူးလို့ ဇွတ်ငြင်းနေတာလေ"
"မရီးရယ် ကျွန်တော့်မှာ အိမ်တံခါးရှေ့မှာ မရီးတို့ကို အချိန်အကြာကြီး အော်ခေါ်နေတာလေ။ ဒါပေမဲ့ မရီးတို့က ပြန်တောင်မဖြေဘူး"
ဒေါ်ကြီးကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "သူတို့တွေက အခန်းထဲမှာ စကားပြောနေကြတော့ ငါလည်း အသံကို မကြားလိုက်တာပါ"
ရှဦးလေး၂ကတော့ ဂရုမစိုက်ချေ။ သူက ရှမြန်နှင့် ရှောင်ဖုန်းတို့ကိုသာ ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်လေသည်။ "နင်တို့တွေ ယန်မြို့မှာ ကောင်းကောင်းမွန်မွန် နေထိုင်နေတာပဲ။ နင်တို့မှာ ကားတစ်စီးတောင် ပိုင်သွားပြီနော်။ ရှောင်ဖုန်းကလည်း ကောင်းကောင်းလေး ဂရုစိုက်ထားတော့ ဝတောင်လာတယ်"
သူတို့သည် စကားနည်းနည်းပါးပါး ပြောလိုက်ပြီးသည့်နောက်တွင် မနေနိုင်တော့ဘဲ သူ့ကို စိုးရိမ်စေသည့် ခေါင်းစဉ်ဘက်သို့ လှည့်သွားလေသည်။ "နဥ်မိသားစုက နင့်ကို ပိုက်ဆံအများကြီး ပေးလိုက်တယ် မဟုတ်လား။ ငါ ကြားထားတာကတော့ နင်တို့တွေ လှည်းတစ်စီးစာအပြည့် ပစ္စည်းတွေ ယူပြန်လာတယ်ဆို"
"နင့်အဘွားအတွက်ရော တစ်ခုခု ယူပြန်လာသေးလား။ သူက အသက်ကြီးနေပြီ။ လမ်းလျှောက်ဖို့အတွက်လည်း တော်တော်လေး ခက်ခဲသွားပြီ။ နင် သူ့အိမ်ကိုလည်း သွားရှာလို့ရမှာ မဟုတ်ဘူးလေ။ နင့်ဦးလေးက အချိန်တန်ရင် နင့်ကို သူတို့ဆီ ခေါ်သွားပေးပါမယ်"
ရှမြန်က မျက်စောင်းထိုးလိုက်ပြီး "ဦးလေး၂ ကျေးဇူးပြုပြီးတော့ ကျွန်မနဲ့ ရင်းရင်းနှီးနှီး လုပ်နေတာတွေကို ရပ်လိုက်လို့ရမလား။ ကျွန်မက ဦးလေးကို ကျွန်မရဲ့ဆွေမျိုးလို့တောင် မသတ်မှတ်ထားဘူး"
"အချိန်က ခဏလေးပဲ ရှိသေးတယ်နော်။ ဦးလေး ကျွန်မကို ရောင်းဖို့ကြိုးစားခဲ့တဲ့ကိစ္စကို ကျွန်မ မေ့သွားပြီလို့များ ဦးလေးက ထင်နေတာလား"
"ပြီးတော့ ဦးလေး ကျွန်မတို့မိသားစုအပေါ် လိမ်လည်ညာစားခဲ့တဲ့ကိစ္စတွေလည်း အများကြီး ရှိသေးတယ်နော်" ရှမြန်က ပြောလိုက်သည်။ "ကျွန်မက မှတ်ဉာဏ်အရမ်းကောင်းတယ်။ ဒီတော့ စိတ်လျှော့လိုက်ပါတော့။ ကျွန်မဆီကနေ တစ်ပြားတောင်မှ ရဖို့မစဉ်းစားနဲ့"
ရှဦးလေး၂က ဝါးစားတော့မတတ် ဒေါသဖြင့်ကြည့်ကာ ပြောလိုက်လေသည်။ "ကလေးမ နင်ဘယ်လိုလုပ်ပြီးတော့ ဒီလိုစကားတွေ ပြောနေတာလဲ။ နင်က ဘာဖြစ်လို့များ ရန်ငြှိုးတစ်ခုကို တေးမှတ်ထားနေတာလဲ။ ရှဦးလေး၂က ဘယ်တုန်းကများ နင့်အပေါ် အခွင့်အရေးယူဖူးလို့လဲ"
"နင့်ကို ရောင်းထုတ်မယ်လို့ပြောတာ ဘာအဓိပ္ပာယ်လဲ။ ငါက နင့်ရဲ့ဦးလေးပါ။ ငါက ဒီလိုလုပ်တယ်ဆိုတာလည်း နင် ကောင်းဖို့အတွက်ပါ။ နင့်ရဲ့အစ်မလိလိကို ကြည့်စမ်း။ သူ ဝမ်ထောင်နဲ့ လက်ထပ်သွားပြီလေ။ အခု သူ အပြင်သွားတဲ့အချိန်တိုင်း သူ့ကို ကားနဲ့လာပြီးတော့ အမြဲတမ်း ကြိုပို့ပေးနေတာ။ သူက အရမ်းကို အထင်ကြီးစရာ ကောင်းနေပြီနော်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း သူ ယန်မြို့ကို သွားခဲ့သေးတယ်လေ။ အားလုံးက သူ့ကို သူဌေးကတော်လို့ ခေါ်နေကြတာ"
ရှမြန်မှာ သူနှင့် ငြင်းဆန်ဖို့ရန် စိတ်မရှိတော့ချေ။ တိုက်ရိုက်သာ ပြောလိုက်တော့၏။ "ဦးလေးနဲ့ ကျွန်မတို့အဖေက ညီအစ်ကိုတွေဆိုတော့ ကျွန်မက အတိတ်က အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဦးလေးနဲ့ မငြင်းခုံတော့ပါဘူး။ ဒါပေမဲ့ အခုအချိန်ကစပြီးတော့ ကျွန်မတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမပတ်သက်တော့ဘူး။ တကယ်လို့ ဦးလေးက ကျွန်မကို ယင်ကောင်တစ်ကောင်လို လာပြီးတော့ နှောင့်ယှက်နေဦးမယ်ဆိုရင် ကျွန်မကို ရိုင်းစိုင်းတယ်ဆိုပြီးတော့ အပြစ်မပြောနဲ့နော်"
ရှဦးလေး၂က ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ရှမြန် နင်က ငါတို့နဲ့ဆက်ဆံရေးကို ဖြတ်တောက်ချင်နေတာလား"
"ဟုတ်တယ်" ရှမြန်သည် သူမနောက်ကလိုက်လာသည့် ချန်ချန်ကို တိုက်ရိုက်ပြောလိုက်လေသည်။
"မနက်ဖြန်ကျရင် နင့်သူငယ်ချင်းတွေကို လာဖို့ပြောလိုက်။ ငါ ဒီတစ်ခါ ချောကလက်တစ်ဘူးလုံး ယူပြန်လာခဲ့တယ်။ နင်တို့တွေ အဲ့ဒီဟာတွေ မစားဖူးသေးဘူး မဟုတ်လား"
ချန်ချန်သည် ချက်ချင်းဆိုသလို ဝမ်းသာအားရဖြစ်သွားပြီး ရှဦးလေး၂က စိုးရိမ်တကြီး ပြောလိုက်လေသည်။ "ဘာဖြစ်လို့ အကောင်းစား ချောကလက်တွေကို ပေးပစ်မှာလဲ။ နင့်ရဲ့အဒေါ်၂နဲ့ငါက အဲ့ဒီဟာကို တစ်ခါမှ မစားခဲ့ဖူးဘူး။ ဒါက နိုင်ငံခြားကလာတာလို့ ကြားတယ်။ အရမ်းလည်း စျေးကြီးတယ်တဲ့"
"ရပါတယ်။ ကျွန်မ ပေးချင်လို့လေ" ရှမြန်က သူ့ကို ကြည့်လိုက်ပြီး သူမ၏ခေါင်းကိုငုံ့ကာ ချန်ချန်ကို ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "ချန်ချန် နင့်အဘိုး၂ရဲ့ အိမ်ပြတင်းပေါက်တွေကို ကျောက်ခဲနဲ့ ပစ်ခွဲဖို့ သူတို့ကို ပြောလိုက်နော်။ တကယ်လို့ သူတို့တွေ မှန်ကိုခွဲပစ်နိုင်တယ်ဆိုရင် ငါ ချောကလက် လက်တစ်ဆုပ်စာ သူတို့ကိုပေးမှာ"
ရှဦးလေး၂၏မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။ "ရှမြန် နင်ဘာလုပ်နေတာလဲ"
"ကျွန်မဦးလေးကို စိတ်ရှုပ်လာပြီလေ" ရှမြန်ကပြောလိုက်၏။ "ကျွန်မ ထပ်ပြောလိုက်မယ်။ တကယ်လို့ ကျွန်မရှေ့မှာ ထပ်ပေါ်လာဦးမယ်ဆိုရင် ကျွန်မ သူတို့တွေကို ချောကလက် လက်တစ်ဆုပ်စာ ပေးပြီးတော့ ဦးလေးရဲ့အိမ်မှန်ပြတင်းပေါက်တွေကို ထုခွဲခိုင်ဦးမှာ။ ဒါကပထမအကြိမ်ပဲ"
"တကယ်လို့ နင်တို့တွေ မှန်ပြတင်းပေါက်တွေအားလုံးကို ထုခွဲပြီးသွားပြီဆိုရင် တခြားဟာတွေကို ရိုက်ချိုးပစ်လည်းရတယ်နော်။ ငါ နင်တို့တွေ တစ်ခုခုကို ရိုက်ချိုးပြီးသွားတဲ့အချိန်တိုင်း ချောကလက် လက်တစ်ဆုပ်စာပေးမှာ။ ဦးလေး ဦးလေးလည်း မနက်ဖြန် စောင့်ကြည့်နေလို့ရတယ်"
"ရှမြန်" ရှဦးလေး၂သည် ဒေါသတကြီးဖြင့် ပြောတော့သည်။ "ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့တောင် အဲဒီလောက်အထိ ရက်စက်ရတာလဲ။ နင်က အရမ်းကို သဘောထားသေးတာပဲ"
"ဦးလေး မထွက်သွားဘူးဆိုရင် ဒါက ဒုတိယအကြိမ်မြောက် ဖြစ်သွားလိမ့်မယ်နော်" ရှမြန်က ပြောလိုက်၏။
"ဒါမှမဟုတ် ကျွန်မအခုပဲ တစ်ယောက်ယောက်ကို ဦးလေးရဲ့မှန်ပြတင်းပေါက်တွေကို ရိုက်ခွဲခိုင်းရတော့မလား။ ဒီလိုလုပ်ချင်တဲ့ကလေးတွေမှာ အများကြီးရှိတယ်နော်။ ချန်ချန်ရေ..."
ရှမြန်၏ရုပ်သွင်သည် ချက်ခြင်းဆိုသလို ရှဦးလေး၂၏ လွန်ခဲ့သည့်၂နှစ်က အိပ်မက်ဆိုးများကို နှိုးဆွပေးလိုက်တော့သည်။ သူသည် ရှမြန်ပြောသည့်စကားက အမှန်ဟုတ်သည် မဟုတ်သည်ကို လောင်းကြေးမထပ်ရဲတော့ချေ။ ထို့ကြောင့် သူသည် အလောတကြီး လှည့်ကာထွက်သွားရင်း ဒေါသဖြင့် ပြောလိုက်လေသည်။ "ငါတို့တွေက နင့်အတွက် အသားတွေကို လှီးဖြတ်ပြီး နင့်အတွက် ကောင်းကောင်းချက်ပေးမယ်လို့ လုပ်ထားတာ။ နှမြောစရာပဲ။ နင်ကလေ နင်အတွက် ဘာကောင်းလဲဆိုတာကို တကယ်မသိတာပဲ"
ဟုန်ကျွမ်းအတွက်တော့ ရှမြန်က ရှဦးလေး၂ကို ဒီလိုထိပ်တိုက်ရင်ဆိုင်သည်ကို တွေ့ရခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ သူမသည် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
"မြန်မြန် နင်ဟာလေ တကယ်အံ့ဩဖို့ကောင်းတာပဲ။ ဦးလေး၂ရဲ့ တွယ်ကပ်နိုင်လွန်းတဲ့ အရည်အချင်းက လူအများကြီးကို ခေါင်းကိုက်အောင် လုပ်နိုင်တယ်လေ"
ရှမြန်က ပြောလိုက်၏။ "ဒီလိုအရှက်မရှိတဲ့လူမျိုးကို ပြောနေတဲ့စကားတွေ သူနားမလည်သေးခင်မှာ နင်က သူ့ကိုဘယ်လောက်တောင် သဘောကျပါတယ်ဆိုတဲ့အကြောင်း သေချာသိအောင် လုပ်ပေးဖို့လိုတယ်"
ထို့နောက်တွင်တော့ သူမက ချန်ချန်ကို ပြောလိုက်၏။ "မှတ်ထားနော်။ မနက်ဖြန်ကျရင် သူတို့အိမ်ပြတင်းပေါက်ကို ခဲနဲ့ပစ်ခွဲဖို့ လူတွေကို ခေါ်လာခဲ့"
ဟုန်ကျွမ်းကလည်း အံ့အားသင့်သွား၏။ "တကယ်ကြီး ရိုက်ခွဲမလို့လား"
"ဒါပေါ့" ရှမြန်က ပြောလိုက်သည်။ "ငါ အဲဒီလို ပြောထားပြီးပြီပဲ။ သူ ဒီနေ့ ငါ့ဆီလာခဲ့တယ် မဟုတ်လား။ ငါတို့တွေ ဒီစာရင်းကိုရှင်းရမှာပေါ့"
ဒီအချိန်တွင် သူမက မျက်နှာမဲ့ကာ ပြောလိုက်လေသည်။ "တကယ်လို့ ငါတို့တွေဒီကိစ္စကို ဒီနေ့ စာရင်းမရှင်းဘူးဆိုရင် သူ မနက်ဖြန် ထပ်ပြီးလာရဲဦးမယ်လို့ နင်ယုံတယ် မဟုတ်လား။ ငါ သူ့ကို အရမ်းစိတ်ရှုပ်နေပြီ။ ဒီတော့တစ်ခါတည်းနဲ့ အားလုံးကိုရှင်းပစ်လိုက်တာပေါ့"
ဟုန်ကျွမ်းသည် သူမ၏ပါးစပ်ကို အုပ်ထားလိုက်ပြီး ရယ်မောလိုက်တော့၏။ "ဦးလေး၂ကတော့ နင့်ကို ထပ်ပြီး နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး။ သူ နင့်ကို တွေ့တဲ့အချိန်ကျရင် လမ်းလွဲကနေ သွားတော့မယ်လို့တောင် ထင်တယ်"
"သူ အစောကြီးကတည်းက အဲဒီလို လုပ်သင့်တာလေ" ရှမြန်သည် အိမ်ပြန်လာသည့်အချိန်တိုင်းတွင် သူနှင့် ငြင်းခုံမနေလိုချေ။
သူတို့သည် ခြံဝင်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် အထဲဘက်တွင် သန့်ရှင်းနေသည်ကို တွေ့လိုက်ရ၏။ သူတို့ပြန်လာမည်ကို သိသဖြင့် သူတို့၏ဒေါ်ကြီးနှင့် ယောက်မ၂ယောက်က ကြိုတင်ပြီး သန့်ရှင်းရေး လာလုပ်ပေးထားခြင်းဖြစ်သည်။
ယောက်မလီဖန်းက ခြံဝင်းကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
"ငါမှာထားခဲ့တဲ့ သစ်နံကိုင်းတွေ မရှိတော့ဘူးပဲ"
သစ်နံကိုင်းသည် ခြင်များကို မောင်းထုတ်ဖို့ရန်အတွက် မင်ရှီစီရင်စုက လူအများအတွက် အသုံးပြုသည့် ပုံမှန်နည်းလမ်းတစ်ခုဖြစ်သည်။ လတ်လတ်ဆတ်ဆတ် သစ်နံကိုင်းကိုခူးလာပြီး သူတို့ကို အတူတူ တွဲစည်းထားကာ ၂ရက်လောက် အခြောက်လှမ်းရသည်။ ထို့နောက်တွင်တော့ အခြောက်တစ်ဝက် အစိုတစ်ဝက်အခြေအနေတွင် သိုလှောင်ထားရ၏။ သူ့ကိုမီးရှို့လိုက်သည့်အခါ အမွှေးတိုင်လို ဖြည်းဖြည်းချင်း လောင်ကျွမ်းပြီး ထူထဲသည့်အငွေ့များကို ထုတ်လွှတ်ပေးသည်။ ဒါသည် ခြင်များနှင့် ယင်များကို မောင်းထုတ်ဖို့ရန်အတွက် အရမ်းကို ထိရောက်၏။
လီဖန်းက ဒီဘက်သို့လာပြီး သစ်နံကိုင်း၂စည်းကို ကြိုတင်မှာထားပေးကာ ခြံဝင်းထဲတွင် ချထားပေးခဲ့သည်။
ဟုန်ကျွမ်းကတော့ ဆွံ့အစွာဖြင့် ပြောလိုက်၏။ "ဦးလေး၂ယူသွားတာပဲ ဖြစ်ရမယ်"
ဒေါ်ကြီးကတော့ ဒါကို အသားကျနေပြီးသား ဖြစ်လေသည်။ "တစ်ယောက်ယောက်က ပိုင်ဆိုင်ထားတဲ့ဟာ ဖြစ်နေသရွေ့တော့ ဒါက သူတို့အတွက် ဖုန်မှုန့်ဆိုရင်တောင် ရွှေပဲလေ"
"ခဏနေပြန်သွားပြီးတော့ နောက်ထပ်၂စည်းယူလာခဲ့လိုက်"
...
ရှမြန်နှင့် ရှောင်ဖုန်းတို့သည် ဘေးအိမ်က ကျွတ်ဆတ်ဆတ်အသံတစ်ခုကို ကြားရသည်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။ ထို့နောက်တွင်တော့ ရှအဒေါ်၏ ဆူညံနေသည့်ဆူဆဲသံများဖြင့် နိုးထလာတော့သည်။
ရှောင်ဖုန်းသည် အိပ်ချင်မူးတူးဖြင့် သူ့မျက်လုံးများကို ဖွင့်လာပြီး သူ့ခေါင်းပေါ်ကခြင်ထောင်ကို ကြည့်လိုက်လေသည်။ သူ့ခေါင်းကို လှည့်လိုက်သည့်အချိန်တွင် ရှမြန်က ထိုနေရာတွင် အိပ်နေသေးသည်ကို တွေ့လိုက်ရ၏။ သူသည် စိတ်အေးသွားသလို ခံစားလိုက်ရလေသည်။ သူ၏မျက်ခွံပေါ်တွင် အတွန့်ချိုးရာလေး ၃ခုရှိနေသေး၏။ သူသည် အလွန်မှအိပ်ချင်နေဟန်တူသည်။
"အစောကြီး ရှိပါသေးတယ်။ နည်းနည်းလောက် ထပ်အိပ်လိုက်ဦး" ရှမြန်သည် သူ့နဖူးကို လှမ်းထိကိုင်ပေးလိုက်ပြီး သူ့ကို ဆက်အိပ်ဖို့ ပြောလိုက်ပြီးနောက် ထကာ တံခါးဆီသို့ လျှောက်သွားလိုက်ပြီး ဘေးအိမ်က ဆူဆဲနေသည့်လူများ၏အသံကို နားထောင်ပြီးမှ သူတို့ကို ပြောလိုက်လေသည်။
"ကျွန်မမှာ ချောကလက်တစ်ဘူးလုံးရှိတယ်။ ရှင်တို့တွေ ကြိုက်သလောက် ဆူဆဲလို့ရတယ်နော်"
ရှအဒေါ်၂၏ အသံသည် လည်ပင်းညှစ်ခံလိုက်ရသလို ရုတ်တရက် တိတ်ဆိတ်သွား၏။ ရှဦးလေး၂၏ တိုးတိုးလေး နားချနေသည့်အသံကိုလည်း ကြားလိုက်ရသည်။
ရှမြန်သည် ကျေနပ်သွားတော့၏။ ထို့ကြောင့် သူမက အိပ်ရာထဲသို့ ပြန်ဝင်ကာ ရှောင်ဖုန်းကို ပွေ့ဖက်လိုက်ပြီး တစ်ရေး ထပ်အိပ်လိုက်လေသည်။
နေ့လယ်ခင်းရောက်တော့မည့်အချိန်တွင် အပြင်ဖက်က ချန်ချန်၏အော်ဟစ်သံကို ကြားလိုက်ရပြီး သူတို့လည်း သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြသည်။
ရှောင်ဖုန်းက အကြောဆန့်လိုက်ပြီး ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားကာ မြန်မြန် ထလိုက်လေသည်။ "ကိုကိုချန်ချန်"
ရှမြန်ကလည်း ရယ်မောလိုက်၏။ "ဘယ်သူက အဲဒီလောက်တောင် စိတ်အားတက်ကြွနေတာလဲ"
ရှောင်ဖုန်းသည် အပြုံးဖြင့် ရှမြန်၏လည်ပင်းလေးကို ပွေ့ဖက်လိုက်ကာ ပွတ်သပ်လိုက်ပြီး "ငါးကလေးတွေ သွားဖမ်းမလို့"
"ချန်ချန်က ငါးကလေးတွေ သွားဖမ်းဖို့ သားကို ခေါ်သွားချင်တယ်လို့ ပြောထားလို့လား" ရှမြန်က ထရပ်လိုက်ပြီး ကလေးဝတ်ဖို့ရန်အတွက် အဝတ်အစားဟောင်းတစ်စုံကို ရှာဖွေပေးလိုက်လေသည်။
"ဒါဆိုရင်တော့ ဒါကို ဝတ်သွားလိုက်။ ဘာပဲဖြစ်ဖြစ် သားကတော့ ဒီနေ့သန့်သန့်ရှင်းရှင်းနေရမှာ မဟုတ်ပါဘူး"
၂ယောက်သားက ဦးကြီးရှ၏အိမ်သို့ ရောက်သွားသည့်အချိန်တွင် ချန်ချန်သည် ကစားနေရာမှ ပြန်ရောက်လာနှင့်ပြီးဖြစ်ကာ ဆိုးဆိုးဝါးဝါး တစ်ခုခုလုပ်ခဲ့ကြသည့် သူ့သူငယ်ချင်းများကိုလည်း သူနှင့်အတူ ခေါ်လာလေသည်။
ရှမြန်ကလည်း သူမ၏ပြောထားသည့်စကားကို တည်လိုက်သည်။ ချန်ချန်ကို လက်တစ်ဆုပ်စာ ချောကလက်လှမ်းပေးလိုက်၏။ ချန်ချန်က ချက်ချင်းဆိုသလို ကြွား၀ါလေတော့သည်။
"တန်းစီကြ တန်းစီကြ။ နင်တို့တွေ တန်းမစီဘူးဆိုရင် ချောကလက် မရဘူးနော်"
ရှောင်ဖုန်းကလည်း သူ၏အဒေါ်များ သူတို့အတွက် သီးသန့်ချန်ထားပေးသည့် မနက်စာကို စားသောက်လိုက်ပြီး ချန်ချန်နှင့်အတူ ပြေးထွက်သွားလေတော့သည်။
ရှမြန်က ရှချွမ်း၏အုတ်ဂူကို သန့်ရှင်းရေးလုပ်ဖို့ရန်အတွက် ပြင်ဆင်စရာရှိသည်များကို ဦးကြီးရှအား မေးမြန်းလိုက်လေသည်။
"ဟုန်ကျွမ်းက အားလုံးကို ပြင်ဆင်ပေးထားပြီးပါပြီ" ဒေါ်ကြီးရှက ပြောလေသည်။ "ဒီနေ့ အဲ့ဒါတွေကို လုပ်လိုက်ပါ။ စက္ကူပိုက်ဆံ၊ အသီးအရွက်၊ အရက်တချို့ကိုဝယ်ပြီးတော့ ချက်ချင်းသွားလိုက်လို့ရတယ်"
ရှချွန်းအကြောင်း ပြောလိုက်သည့်အချိန်တွင် အားလုံးသည် အနည်းငယ် စိတ်မကောင်း ဖြစ်သွားကြတော့သည်။
လေထုက အနည်းငယ် ဝမ်းနည်းစရာ ကောင်းနေသည့်အချိန်တွင် အပြာရောင် ပန်းပွင့်ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး အဘွားကြီးတစ်ယောက်သည် တံခါးကို တွန်းဖွင့်ကာ ခြံဝန်းထဲကလူများကို တွေ့လိုက်ရ၏။ သူမက ပြုံးလိုက်ပြီးနောက် စကားပြောလိုက်လေသည်။ "ရှန်းအယ် မြန့်မြန် ပြန်လာပြီလို့ ငါ ကြားလိုက်လို့"
ရှအဘွားပင်။
ရှချွမ်းသည် ရှမြန်ကို လှမ်းကြည့်လိုက်ပြီး သူတော့ ရောက်လာပြီဟူသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ဒေါ်ကြီးရှ၏မျက်ခုံးများကတော့ မသိမသာ တွန့်ချိုးသွားပြီး သူမသည် ကြိတ်ပြီး သက်ပြင်းချရတော့၏။
ရှမြန်က သူမ၏မျက်လုံးများကို သုတ်လိုက်ကာ စိတ်အားတက်ကြွစွာဖြင့် အဘွားကြီးဆီသို့ လျှောက်သွားလေသည်။
"အဘွား အဘွားရောက်ပြီလား"
ရှအဘွားသည် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မည်ဟု နိမိတ်ခံစားနေရသည်။ သို့သော်ငြားလည်း သူမသည် ရှမြန်ကို အမြတ်တနိုး ကြည့်နေဆဲ။
"နင်နဲ့မတွေ့ရတာ ၂နှစ်တောင်ရှိသွားပြီပဲ။ မြန့်မြန်က အပျိုကြီးတစ်ယောက်တောင် ဖြစ်လာပြီ။ ဘယ်လိုမတရားတွေ ခံခဲ့ရသေးသလဲ"
"အင်း" ရှမြန်က သူမ၏လက်ကို ဖမ်းဆွဲလိုက်ကာ ဝမ်းသာအားရ ပြောလိုက်လေသည်။
"အဘွား သမီးလည်း အဘွားကို အခုတင် လာတွေ့တော့မလို့ လုပ်နေတာ။ ဒါပေမဲ့ အဘွားက အရင်ဆုံး ရောက်လာမယ်လို့တောင် ထင်မထားဘူး"
"အဘွား ပြီးခဲ့တဲ့အခေါက်တုန်းက အဘွား သမီးတို့နဲ့ ယန်မြို့ကိုလိုက်မယ်လို့ ပြောခဲ့သေးတယ် မဟုတ်လား။ သမီးတို့အတွက် အဝတ်လျှော်ပြီးတော့ ချက်ပြုတ်ပေးမယ်ဆိုပြီးတော့လေ။ ဒီတစ်ခါ သမီးတို့နဲ့အတူတူ လိုက်ခဲ့ပါနော်"
အဘွားကြီးက သဘောမတူမှာစိုးရိမ်နေသည့်နှယ် ရှမြန်က မြှောက်ပင့်ကာ ပြောဆိုလိုက်သေးသည်။
"အဘွား သမီး ဒီတစ်ခါ အဘွားအတွက် ပဝါလှလှလေးတစ်ထည် ဝယ်လာခဲ့သေးတယ်။ ဒါပေမဲ့ ပဝါကို ယူပြန်မလာခဲ့ရဘူး။ ဘာပဲဖြစ်ဖြစ်လေ အဘွားကလည်း ၁ရက်၊ ၂ရက်လောက်နေရင် သမီးတို့နဲ့အတူတူ ယန်မြို့ကို လိုက်ပြန်မှာပဲ။ ဒီတော့ သမီးယူပြန်မလာလည်း ကိစ္စတော့ မရှိပါဘူးနော်"
အဘွားကြီးသည် စိတ်ထဲတွင် ဒီစိတ်ကူးဖြင့် ဒီနေရာသို့ လာခဲ့သည်ဖြစ်သော်ငြားလည်း သူမသည် ရှမြန်၏ ရုပ်သွင်ကို မြင်လိုက်ရသည့်အခါ မနေနိုင်တော့ဘဲ အင်တင်တင်ဖြစ်သွားတော့သည်။
"ဘာဖြစ်လို့လဲ"
"အဘွားရယ် ဒီနှစ်တွေမှာ ရှောင်ဖုန်းနဲ့ သမီး ဘယ်လောက်အထိ ခက်ခဲခဲ့တယ်ဆိုတာကို အဘွားမသိလို့ပါ" ရှမြန်က ဝမ်းနည်းစွာဖြင့် ပြောလေသည်။
"သမီးက နေ့တိုင်းကျောင်းကနေ ရှောင်ဖုန်းကို အကြိုအပို့ မလုပ်ပေးနိုင်ဘူးလေ။ ဒါကြောင့် ရှောင်ဖုန်းက ဘေးအိမ်မှာပဲ သွားနေရတာပေါ့။ ဒါကလည်း ရေရှည်အတွက် ဖြေရှင်းချက်တစ်ခု မဟုတ်ဘူး မဟုတ်လား"
"ဒီအပြင် သမီးတို့အတွက် လျှော်ဖွတ်ချက်ပြုတ်ပေးမဲ့သူလည်း မရှိဘူးလေ။ ဒါကြောင့်မလို့ နေ့တိုင်းပဲ အစားအသောက်ကို ဝယ်စားနေရတာ။ သမီးရဲ့ပိုက်ဆံတွေလည်း ကုန်သလောက်ရှိနေပြီ"
ရှအဘွားသည် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "နဥ်မိသားစုက နင့်ကို ဂရုမစိုက်ကြဘူးလား"
ရှမြန်က သက်ပြင်းချလိုက်၏။ "သူတို့တွေက မနှစ်တုန်းကတော့ စောင့်ရှောက်ပေးကြပါတယ်။ ဒါပေမဲ့ ဒီနှစ်ကျတော့ သမီးက လုပ်စေချင်တယ်ဆိုရင်တောင်မှ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမတတ်နိုင်တော့ဘူးလေ"
"သူတို့ရဲ့ကုမ္ပဏီမှာ တစ်ခုခုဖြစ်သွားခဲ့တယ်" ရှမြန်က ပြောလိုက်သည်။ "ဟိုင်နန်မှာ မြေအရောင်းအဝယ်တွေ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့တယ်လေ။ သူဌေးကြီးတွေ တော်တော်များများကလည်း တိုက်ပေါ်က ခုန်ချခဲ့တယ် မဟုတ်လား။ သူတို့မိသားစုကလည်း ပိုက်ဆံတွေ အများကြီး ဆုံးရှုံးခဲ့တယ်လေ။ သူတို့တွေက အခုသမီးတို့ကိုတောင် ဂရုမစိုက်နိုင်တော့ဘူး"
"ဒါပေမဲ့ သူတို့တွေက ရှောင်ဖုန်းနဲ့ သမီးအတွက် ကျောင်းတစ်ခုတော့ ရှာပေးခဲ့တယ်လေ။ တစ်နှစ်စာလည်း အိမ်ငှားခဲ့ပေးသေးတယ်။ သူတို့တွေက သူတို့ရဲ့အကောင်းဆုံး လုပ်ပေးခဲ့ပြီးပါပြီ"
ရှမြန်သည် စိတ်ပျက်ပျက်ဖြင့် ပြောလိုက်လေသည်။ "ဒါပေမဲ့ သမီးက အထက်တန်းကျောင်းကနေ အောင်လက်မှတ်ရဖို့ ၁နှစ်လိုသေးတယ်လေ။ ရှောင်ဖုန်းနဲ့ သမီးက ဒီအခြေအနေမှာ ကိုယ့်ဟာကိုယ် အသက်မရှင်နိုင်မှာတောင် စိုးရိမ်ရတယ်"
"အဘွား ဒီတစ်ခါတော့ ကျေးဇူးပြုပြီးတော့ သမီးတို့နဲ့အတူတူ လိုက်ခဲ့ပါနော်" ရှမြန်သည် သူမ၏လက်ကို တွဲထားပြီး ချွဲနွဲ့စွာဖြင့် ပြုမူပြလေသည်။ "၁နှစ်လောက်ပဲ အပင်ပန်းခံပေးပါ။ ဒါဆိုရင် သမီး တက္ကသိုလ်ရောက်သွားတဲ့အခါ လွယ်ကူလာပါလိမ့်မယ်"
"တကယ်တမ်းကျတော့လည်း လုပ်စရာအလုပ်က အများကြီးမရှိပါဘူး။ ရှောင်ဖုန်းနဲ့ သမီးတို့၂ယောက်စလုံးက ကျောင်းသွားနေမှာလေ။ ဒါကြောင့် အဘွားက အိမ်မှာ သမီးတို့ကို ကူညီပြီးတော့ သန့်ရှင်းရေးလုပ်ပေးပြီးတော့ ရှောင်ဖုန်းကို ကြိုပို့ပေးရင်ရပါပြီ။ အရမ်းကြီး မပင်ပန်းပါဘူး။ အဘွားရဲ့သန်မာတဲ့ခန္ဓာကိုယ်နဲ့ဆိုရင် ဒါကသေချာပေါက် ပြဿနာရှိမှာမဟုတ်ဘူး"
ဒီအချိန်တွင် ရှမြန်က ရုတ်တရက် လက်ခုပ်တီးကာ ပြောလိုက်သေးသည်။ "ဒါနဲ့လေ သမီးတို့ ငှားထားတဲ့ အိမ်တံခါးရှေ့မှာ တံမြက်စည်းလှည်းတဲ့ အလုပ်ရှိသေးတယ်။ သမီး နဥ်မိသားစုကို ကူညီပေးဖို့ ပြောထားတယ်။ အဘွား အဲဒီအလုပ်ကို လုပ်လို့ရတယ်လို့ ပြောတယ်။ ဒီအလုပ်ကလည်း အရမ်းလွယ်တယ်လေ။ အဘွားက နေ့တိုင်း တံမြက်စည်းကြီးတစ်ခုနဲ့ လမ်းမှာ တံမြက်စည်း လှည်းပေးဖို့ပဲလိုတာ"
"ဒါကို လေ့ကျင့်ခန်းလုပ်တယ်လို့ပဲ သဘောထားလိုက်ပေါ့။ ပြီးတော့ ဒါက တစ်လကို ယွမ်၂၀၀ ရမှာလေ။ ဒါက သမီးတို့၃ယောက်အတွက် ကုန်ကျစရိတ်ကိုလည်း ဖာထေးပေးနိုင်တာပေါ့"
ဒါကို သေသေချာချာ တွက်ချက်ထားခဲ့ပြီးသားဖြစ်၏။ အဘွားကြီးသည် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်လေသည်။
"အဘွားက သမီးကို မကူညီချင်လို့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့၂နှစ်တုန်းကတော့ သမီး အဘွားကို အကူအညီ တောင်းတယ်ဆိုရင် အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်ကျတော့ အဘွားက အသက်၇၅နှစ်အရွယ် ရောက်နေပြီလေ။ လက်နဲ့ ခြေထောက်တွေကလည်း ကောင်းကောင်း မလှုပ်နိုင်တော့ပါဘူး"
"ရပါတယ်။ အလုပ်မလုပ်နိုင်လည်း ဒီအတိုင်းလေးပဲ ဖြည်းဖြည်းချင်းလုပ်ပေါ့" ရှမြန်က နှမြောတသဖြင့် ပြောလေသည်။
"တကယ်လို့ သမီးတို့တွေ လမ်းပေါ်မှာ တံမြက်စည်းလှည်းတဲ့အလုပ်ကို မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်တော့ဘူးလေ။ ဒီအတိုင်း ချက်ပြုတ်ပေးတယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ သမီးကို ကူညီပြီးတော့ ရှောင်ဖုန်းကို စောင့်ရှောက်ပေးပေါ့။ အနည်းဆုံး အိမ်မှာသူ့အတွက် အဖော်လုပ်ပေးမဲ့ လူတစ်ယောက်ရှိတယ်လေ"
"ချစ်ရတဲ့အဘွားရယ် ကျေးဇူးပြုပြီးတော့ သမီးတို့နဲ့အတူ လိုက်ခဲ့ပါနော်။ သမီးကောလိပ်ကို ရောက်သွားတဲ့အချိန်ကျရင် အဘွားကို ကောင်းမွန်တဲ့ဘဝတစ်ခုမှာ ထားပေးမှာပါ"
"..."
ရှအဘွားသည် သူမ၏တွယ်ကပ်နေမှုကြီးကို ကြောက်လန့်တကြား ဖြစ်သွားပြီး မိနစ်အနည်းငယ်သာ ထိုင်ပြီး စကားပြောလိုက်ပြီးနောက် အိမ်ပြန်ချင်စိတ် ဖြစ်သွားတော့သည်။
ရှမြန်က သူမကို ဆွဲထားပြီး ပြန်ခွင့်မပေးချေ။
"အဘွား အဘွား သမီးတို့ကို လာတွေ့တာ မဟုတ်ဘူးလား။ ရှောင်ဖုန်း အခုထိ ပြန်မလာသေးဘူးလေ"သူမသည် ရှအဘွားကို နားချဖို့ ဆက်ပြီး ကြိုးစားတော့မည့်ရုပ် ဖြစ်နေလေသည်။
အဘွားကြီးမှာ အလုပ်ရှိသေးသည်ဟုပြောကာ ပြန်ဖို့ရန်သာ ကြိုးစားနေတော့သည်။ ရှမြန်က သူမ၏တောင်းဆိုမှုကို ထပ်ပြီးပြောင်းလဲလိုက်၏။
"အဘွား သမီးမှာ ပိုက်ဆံ တကယ်မရှိတော့လို့ပါ" အဘွားကြီးကို သနားစဖွယ် ဖမ်းဆွဲထားပြီး "အဘွားသမီးကို ပိုက်ဆံလေးနည်းနည်းလောက် ချေးလို့ရမလား။ သမီး ကျန်းချီမင်ရဲ့အိမ်ကို ပြန်ရပြီး ရောင်းပြီးသွားရင် ပိုက်ဆံပြန်ပေးမယ်လေ။ အဲဒီအိမ်ကို ယွမ်၅သောင်း၊ ၆သောင်းလောက်နဲ့ ရောင်းလို့ရတယ်"
"ဒီတစ်ခါ သမီးပိုက်ဆံကုန်သွားလို့ပါ။ ဒါကြောင့်မလို့ အိမ်ရောင်းဖို့ပြန်လာခဲ့တာ"
အဘွားရှမှာ သတိဖြင့် မေးမြန်းရတော့သည်။ "ကုမ္ပဏီရဲ့အိမ်က ရောင်းလို့မရဘူး မဟုတ်လား"
ရှမြန်၏မျက်လုံးများသည် ခဏလောက် စဉ်းစားသလိုဖြစ်သွားပြီး ပြောလိုက်လေသည်။
"ဟုတ်တာပေါ့။ အဲဒါတွေက အရမ်းနာမည်ကြီးတယ်လေ။ သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုချင်းစီတိုင်းက အိမ်ယာတွေကို တင်းတင်းကြပ်ကြပ်စီမံထားတယ်လေ။ ရောင်းချလို့မရတဲ့အိမ်တွေ အများကြီးရှိတယ်"
"ဒါပေမဲ့လည်း အဲဒီနေရာမှာ လူသတ်သမားတစ်ယောက်နေခဲ့တယ်ဆိုရင်တောင် သမီးက အဲဒီအိမ်ကို စျေးပေါပေါနဲ့တော့ ရောင်းလို့ရပါသေးတယ်..."
သူမသည် စကားပြောလေလေ အဘွားကြီးမှာ အယုံအကြည် ကင်းမဲ့လာလေလေ ဖြစ်လာ၏။
သို့သော်ငြားလည်း ရှမြန်ကတော့ သူမကိုလွှတ်ပေးဖို့ရန် ငြင်းဆန်နေပြီး တစ်ဖက်လူကို တစ်ပြားတစ်ကျပ်မှ ပေးဖို့ဆန္ဒ မရှိသည့်အဘွားကြီးကို အိပ်မပြန်ခင်တွင် ယွမ်၂၀ပေးဖို့ရန် ဖိအားပေးခဲ့သေးသည်။
အဘွားကြီး ပြန်သွားပြီးသည့်နောက်တွင်တော့ ရှချွမ်းနှင့် တခြားသူများမှာ အူတက်မတတ် ရယ်မောကျသဖြင့် နောက်ပြန်လန်ကျတော့သည်။
"နင်ဟာလေ အဲဒီလိုစိတ်ကူးတွေ အများကြီးကို ဘယ်လိုလုပ်ပြီးတော့ရခဲ့တာလဲ" ရှမြန်ကလည်း ပြုံးကာပြောလိုက်လေသည်။
"သူတို့တွေပဲ ငါ့ကို အဲဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာ မဟုတ်ဘူးလား။ ငါက ဒီအတိုင်းသက်သောင့်သက်သာရှိတဲ့ ဘဝလေးတစ်ခုမှာ နေချင်ရုံသက်သက်ပါပဲ"
ရှဟယ်က ပြုံးကာပြောလိုက်လေသည်။ "ဟုတ်ပါပြီ။ အခုပြဿနာ၂ခုလုံး ဖြေရှင်းပြီးသွားပြီ။ ငါတို့တွေ အခုအချိန်ကစပြီးတော့ အေးအေးဆေးဆေး နေလို့ရပါပြီ"
...