← Chapters

အပိုင်း(၁၅၃)

Vol. 11 Ch. 153

အပိုင်း(၁၅၃)

Vol. 11 Ch. 153

သို့သော်ငြားလည်း ဦးကြီးရှတို့ မိသားစုအတွက် လုံးဝကြီး သက်သောင့်သက်သာ ဖြစ်သွားခြင်းကတော့ မဖြစ်နိုင်ချေ။ သူတို့သည် ဦးလေးရှနှင့် အဘွားရှတို့ကဲ့သို့ ဂျင်လိုလည်သည့်ဆွေမျိုးများကို ဖယ်ရှားဖို့ရန်နှင့် သူတို့နှင့် အဆက်အဆံနည်းပါးစေရန် နည်းလမ်းများကိုရှာ ဖွေရန်သာ တတ်နိုင်သည်။

သို့သော်ငြားလည်း သူတို့သည် ဒီအဆော့သန်သည့်ကောင်ကလေး ချန်ချန်က သူတို့ကို သေလောက်အောင် ဒေါသထွက်အောင် လုပ်နေသော်ငြားလည်း ဒီကလေးကိုတော့ စောင့်ရှောက်ရသေးသည်။

ညနေခင်းတွင် ရှချွန်းအတွက် ရှချွန်း၏အုတ်ဂူရှေ့တွင် ဆုတောင်းပေးဖို့ရန် အဆင်သင့်ဖြစ်နေပြီ။ မိသားစုများက ညနေစာပြင်ဆင်ရင်း အလုပ်များနေကြ၏။

ကလေးတစ်ယောက်က ရုတ်တရက် ပြေးဝင်လာကာ စိုးရိမ်တကြီး လာပြောတော့သည်။ "ဦးလေးဟိုင် ဒေါ်ဒေါ်မာက ကျွန်တော့်ကို လာပြောခိုင်းလိုက်လို့။ ဦးလေးတို့ရဲ့ချန်ချန် ရွှံ့တွင်းထဲ ပြုတ်ကျသွားတယ်တဲ့"

"ဘယ်လို" ရှဟိုင်၏မျက်နှာမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားလေသည်။

ယခုအချိန်သည် ပျိုးပင်များကို ရေသွင်းသည့်အချိန်ဖြစ်လေ၏။ နေရာများစွာတွင် ရေများကို သိုလှောင်ဖို့ရန်အတွက် ရွှံ့အိုင်များကို တူးထားကြသည်။ အနောက်ဘက် ကန်သင်းရိုးနားတွင် ပိုပြီးနက်သည့် ရွှံ့အိုင်တချို့ရှိသည်။ တချို့ကလေးများက ထိုထဲသို့နစ်သွားတတ်ကြ၏။

ထို့ကြောင့် လူကြီးများသည် ထိုဖက်ကရွှံ့အိုင်နားသို့ မကပ်ကြရန် ကလေးများကို တွင်တွင် သတိပေးကြရသည်။

ရှဟိုင်သည် ချန်ချန်ကတော့ ရှောင်ဖုန်းကို မှီခိုအားထားကာ ပရမ်းပတာပြုမူပြီး ထိုနေရာသို့ ပြေးလွှားသွားဆော့သည်ဟု ထင်လိုက်လေသည်။

"ဒီသောက်ကလေးကတော့" ရှဟိုင်သည်ပြေးလွှားရင်း ကျိန်ဆဲတော့၏။

ရှမြန်၏စိတ်ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူမက ကလေးကို အလျင်စလို လှမ်းမေးလိုက်လေသည်။ "သူ့ညီလေးရော ဘယ်နားမှာလဲ။ သူတို့တွေ အတူတူရှိနေတာလား"

"သူ့ရဲ့ညီလေးအသစ်လား" ကလေးက ပြောလိုက်သည်။ "သူတို့တွေ အတူတူရှိနေတာပဲ။ သူ့ရဲ့ညီလေးက သူ့ကို ကယ်ပေးနေတယ်"

မိသားစုတစ်ခုလုံးမှာ ချက်ချင်းဆိုသလို အလောတကြီး ပြေးထွက်လာခဲ့၏။ သို့သော်ငြားလည်း သူတို့သည် တံခါးနားသို့ ရောက်လာသည့်အချိန်တွင် ကလေးက အော်ပြောလိုက်လေသည်။ "အဲဒီဘက် မဟုတ်ဘူး။ အရှေ့ဘက်"

ရှဟိုင်က အရမ်းကို စိုးရိမ်နေ၏။ "ဘယ်လိုလုပ်ပြီးတော့ အရှေ့ဘက်ကို ရောက်သွားတာလဲ။ အရှေ့ဘက်ကလည်း ကွင်းတွေက ရေသွင်းထားပြီးပြီပဲ။ အဲဒီဘက်မှာ ‌ရေအိုင်တွေမှမရှိဘဲ"

ထို့နောက်တွင် ကလေးကပြောလိုက်၏။ "ရေအိုင် မဟုတ်ဘူး။ ရွှံ့အိုင်"

"ရွှံ့အိုင်ဟုတ်လား"ရှဟိုင်မှာ ဖြည်းဖြည်းချင်း စိတ်လျှော့ထားလိုက်ကာ "ချန်ချန် အဆင်ပြေရဲ့လား"

"သူ့ကိုယ်ပေါ်မှာ ရွှံ့တွေနဲ့ လူးလှိမ့်ထားတာလေ။ လူတွေကိုတော့ မြင်ရပါတယ်။ ဒါပေမဲ့ သူတို့တွေအဲ့ဒီထဲမှာ လူးလိမ့်နေကြသေးတယ်။ ထွက်မလာသေးဘူး" ကလေးက ပြောလိုက်လေသည်။

"အဲဒီမှာ လူတွေ အများကြီးပဲ။ ဒေါ်ဒေါ်မာက ကျွန်တော့်ကို လူကြီးတွေကို လာပြောခိုင်းလိုက်တာ"

သူသည်လည်း အလွန်အဆော့သန်သည့်သူတစ်ယောက် ဖြစ်နေပြီး စေတနာနှင့် လာရောက်အသိပေးခြင်း ဖြစ်နေလေသည်။

အားလုံးမှာ စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ လီဖန်း၏ခြေထောက်မှာ အားနည်းချည့်နဲ့သွားပြီး သူမသည် လဲကျတော့မလိုပင် ဖြစ်သွား၏။ ဟုန်ကျွမ်းက သူမကို မြန်မြန်လှမ်းထိန်းထားလိုက်ရ၏။

ရှမြန်သည် သူမတစ်ကိုယ်လုံး ချွေးအေးများ ဖုံးလွှမ်းနေသည်ကို နောက်ကျမှ သတိထားမိလိုက်တော့၏။

ချန်ချန်၏အသက်က အန္တရာယ်မရှိသည်ကို သိလိုက်ရပြီးသည်နောက်မှ ရှဟိုင်သည် ညိုမည်းနေသည့် မျက်နှာဖြင့် ကိုယ်ကိုလှည့်ကာ ခြံဝင်းထဲသို့ပြန်သွားပြီး ကလေးလက်မောင်းတစ်ခုလောက် ထူထဲသည့်တုတ်တစ်ချောင်းကို ကောက်ယူကာ အရှေ့ဘက်သို့ ဒေါသတကြီး လျှောက်သွားလေတော့သည်။

ရှမြန်ကလည်း ကလေးကို သွားရှာဖို့ရန် သူ့နောက်မှ အလောတကြီး လိုက်လာ၏။ တခြားသူများကတော့ အိမ်ကိုပြန်သွားကာ စောင့်ဆိုင်းနေလိုက်ကြသည်။

သူတို့သည် နေရာသို့ရောက်လာသည့်အချိန်တွင် ရှမြန်မှာ ဒီကလေးများသည် သူတို့ကို သူတို့မည်သို့ပျော်ရွှင်အောင် ဆော့ရမည့်အကြောင်း သိနေသဖြင့် မနေနိုင်ဘဲ သက်ပြင်းချမိတော့၏။

လယ်ကွင်းထဲတွင် အမှန်ပင် ရေသွင်းပြီးသား ဖြစ်လေသည်။ အစောပိုင်းက ရေသိုလှောင်ထားသည့်ရေအိုင်များသည် ရွှံ့အိုင်အဖြစ် ပြောင်းလဲသွားလေသည်။

ရွှံ့အိုင်၏ဘေးတွင် မတ်စောက်ကျဉ်းမြောင်းသည့် လျှောစောက်ကြီးတစ်ခု ဖြစ်နေ၏။ ကလေးတော်တော်များများက ရွှံ့အိုင်ထဲကရေများနှင့် ရွှံ့များကို တူးထုတ်လိုက်ကာ ထိုကျဉ်းမြောင်းသည့် လျှောစောက်ပေါ်တွင် သုတ်လိမ်းလိုက်ကြလေသည်။ ဒါသည် ရုတ်တရက်ဆိုသလို ရွှံ့များဖြင့် ချောသွားတော့၏။

ကလေး၆ယောက်၊ ၇ယောက်သည် ထိုသေးငယ်လှသည့် လျှောစောက်ပေါ်မှ လျှောလေးတစ်ခုလို လျှောဆင်းချနေကြသည်။

ရှဟိုင်နှင့် ရှမြန်တို့ နီးကပ်လာသည့်အချိန်တွင် သူတို့သည် ကလေးတစ်ယောက်က လျှောစောက်အပေါ်မှ နေ၍ အောက်သို့‌ လျှောဆင်းသွားသည်ကို တွေ့လိုက်ရ၏။ သူသည် အောက်ခြေသို့ ရောက်သွားသည့်အခါ တစ်စုံတစ်ခု၏ ပိတ်ဆို့ခြင်း ခံထားရပြီး အရှိန်ကြောင့် ရှေ့သို့ဟပ်ထိုး လဲကျသွားလေသည်။ သူသည် သူ၏ ဟန်ချက်ကို မထိန်းနိုင်ဘဲ သူ့ဘေးက ရွှံ့တွင်းထဲသို့ လိမ့်ကျသွား၏။

ရှမြန်သည် ရုတ်တရက်ဆိုသလို သူမက ကြက်ပေါင်ကို ကျော်ပြီး ထိုကြက်ပေါင်များကို ဂျုံမှုန့်အနှစ်နှင့် နှပ်ထားသည့်ပုံစံများကို သတိရသွားတော့သည်။ ကြက်ပေါင်ကလည်း ထိုနည်းတူစွာ မုန့်နှစ်ထဲတွင် လိမ့်ဝင်သွား၏။ သို့သော်ငြားလည်း ဒီကလေးသည် ကြက်ပေါင်ထက် အများကြီးပိုသန်မာပြီး အပြင်က အင်အားကို မလိုအပ်ချေ။ သူသည် သူ့ဟာ သူမုန့်နှစ်ထဲတွင် လူးလိမ့်သွားကာ ကိုယ့်ကိုယ်ပေါ်တွင်လည်း ရွှံ့တစ်လွှာကို မျှတနေအောင် သုတ်လိမ်းထားပြီး သူ့ခေါင်းကိုပင် အလွတ်မပေးချေ။

အထဲတွင် ရပ်နေကြသည့် ကလေး၂ယောက်လည်း ရှိသေးသည်။

တစ်စုံတစ်ယောက်က လူကြီးများကို လာခေါ်ခိုင်းသည်လည်း မဆန်းတော့ချေ။ ဒီကလေးများက တော်တော်ကို ထိန်းမနိုင်သိမ်းမရ ကစားနေကြသည်ပင်။

ရှဟိုင်နှင့် ရှမြန်တို့သည် ချန်ချန်ကို ရှာဖွေဖို့ရန် ကြိုးစားကြသော်ငြားလည်း ထိုကြက်ခြေထောက်များက...ကလေး၏မျက်နှာနှင့် ဆံပင်များသည် ရွှံ့များအားလုံးဖြင့် ဖုံးကွယ်နေကာ သူတို့သည် မည်သူက မည်သူဖြစ်မှန်းကို မသိနိုင်တော့ချေ။

ချန်ချန်၏ အော်သံ ထွက်လာသည့်အချိန်ကျမှ..."ဟားဟားဟား သာ့ကန်း မင်းလည်း အဲဒီအထဲကို ပြုတ်ကျသွားပြီ။ ငါ့ကိုကြည့်ထား"

"အမြှောက်ဆံကြီးကို ပစ်လိုက်ပြီ"

အသံသည် ရွှံ့များ ပေကျံနေသည့်လျှောစောက်မှာ ထွက်လာ၏။ ရှဟိုင်နှင့် ရှမြန်တို့က လှမ်းကြည့်လိုက်သည့်အခါ ကောက်ရိုးခြင်းတောင်းတစ်လုံးကို ကိုင်ထားပြီး လျှောစောက်ကို ချောနေအောင် လုပ်ဖို့ရန်အတွက် လျှောစောက်ပေါ်သို့ ရွှံ့နှင့်ရေများကို လောင်းချပြီး လျှောစောက်ပေါ်တွင် ထိုင်နေသည့် ရွှံ့သားလူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

သူသည် ရွှံ့များ၏ အရောင်နှင့် တစ်ထပ်တည်း ဖြစ်နေသည့်အတွက် သူ့သား စကားမပြောခဲ့လျှင် လူများက တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ကိုမြင်နိုင်လိမ့်မည် မဟုတ်ချေ။

ရှမြန်သည် ထိုကောင်ကလေးက လျှောစောက်ပေါ်က လျှောဆင်းသွားသည်ကို စောင့်ကြည့်နေလိုက်ပြီး ခုန်ပျံကာပင် ရွှံ့တွင်းထဲသို့ လိမ့်ဝင်သွားကာ ရွှံ့ရည်ကြီးတစ်ကွက်က လွင့်စဉ်လာပြီး အားပါးတရ အော်ရယ်နေသည်ကို တွေ့လိုက်ရလေသည်။

တမင်သက်သက်ကို လုပ်နေခြင်းဖြစ်လေ၏။

ရှမြန်သည် သူမ၏ဘေးက ရှဟိုင်က အသက်ပြင်းပြင်းရှုထားရသည်ကို ခံစားနေမိ၏။ သို့သော်ငြားလည်း သူသည် လေမှုတ်ထားသည့် ဘောလုံးတစ်လုံးလို ဖြစ်နေသေးကာ နောက်တစ်စက္ကန့်တွင် ပေါက်ကွဲတော့မည့်နှယ်။

ရှမြန်က ရှောင်ဖုန်းကို မြန်မြန်လက်ဝှေ့ရမ်းပြလိုက်၏။ ကလေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နေရလေသည်။

ရှောင်ဖုန်းကတော့ ထိုမျှလောက် ထိန်းမနိုင်သိမ်းမရ မဖြစ်သေးချေ။ သူသည် ရွှံ့တွင်းဘေးတွင် ဒီအတိုင်း ထိုင်နေပြီး သူတို့က လျှောစီးနေကြသည်ကို ကြည့်နေလေ၏။ ချန်ချန်က ရွှံ့တွင်းထဲသို့ လိမ့်ဝင်သွားသည့်အခါ သူက ဒီအတိုင်းသာ ပြုံးနေလေသည်။

သူ့ခြေထောက်များတွင်တော့ ထူထဲသည့်ရွှံ့အလွှာကြီးတစ်ခုက ဖုံးအုပ်လို့နေ၏။

အကြောင်း လာကြားပေးသည့် ကလေး၏အဆိုအရကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင် ချန်ချန်က အရင်ဆုံး လျှောပေါ်မှ ဆင်းချလာပြီး သူက ချန်ချန်ကို ရွှံ့တွင်းထဲမှ ဆွဲထုတ်နေခြင်းဖြစ်၏။

မျှော်လင့်မထားဘဲ ချန်ချန်က သူ့ကိုယ်သူ တမင်သက်သက် ဒီအတိုင်း လွှတ်ထားသည်ဖြစ်ရာ ရှောင်ဖုန်းက သူ့ကို ကယ်တင်နေရသည်မှာ အချည်းနှီးသာ ဖြစ်လေသည်။

"ရှကျစ်ချန်"ရှဟိုင်သည် နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်လေ၏။ မြေကြီးမှာ တုန်ယင်သွားလေတော့သည်။

ချန်ချန်သည် ရွှံ့တွင်းထဲမှနေ၍ ခေါင်းကိုမော့ကြည့်လိုက်ကာ အဖေဖြစ်သူကို တွေ့လိုက်ရပြီးနောက် အထိတ်တလန့် ဖြစ်သွားလေသည်။ သူသည် သူ၏ခြေနှင့်လက်များကို သုံးပြီး ရှောင်ဖုန်းနောက်သို့ လေးဘက်ထောက်ကာ သွားလေတော့၏။

ရှမြန်ကလည်း အလွန်မှ ဒေါသ ထွက်နေသဖြင့် အသံထွက်ကာ အော်ရယ်လိုက်ပြီး ရှောင်ဖုန်းကို မြန်မြန် အော်ပြောလိုက်သည်။

"ရှောင်ဖုန်း ဒီဘက်ကိုမြန်မြန်လာခဲ့"

ရှောင်ဖုန်းသည် ရှမြန်ကို တွေ့သည့်အချိန်တွင် အပြေးအလွှားထွက်လာနှင့်ပြီးဖြစ်လေသည်။ ယခုတော့ သူသည် ခေါ်သံကိုကြားလိုက်သည့်အခါ သူ၏ခြေထောက်တိုတိုလေးများကို ပိုပြီးမြန်မြန်ဆန်ဆန် ပြေးလေသည်။

"အန်တီလေး"

ရှမြန်သည် ကောင်ကလေး၏ ရှားရှားပါးပါး ဆိုးသွမ်းနေသည့်ပုံကလေးကို မြင်လိုက်ရသည့်အခါ အနည်းငယ် နောင်တရသွားတော့သည်။ အကယ်၍ သူမတွင်သာ ကင်မရာတစ်လုံး ပါလာခဲ့လျှင် သူမသည် ချက်ချင်းဓာတ်ပုံတစ်ပုံတော့ ရိုက်ထားရပေလိမ့်မည်။ နောက်ပိုင်းတွင် ဒါသည် အဖိုးတန်သည့် အမှတ်တရတစ်ခု ဖြစ်လာပေမည်။

ရှောင်ဖုန်းသည် အစောပိုင်းတွင်တော့ အနည်းငယ်စိုးရိမ်နေသေးသည်။ နောက်ဆုံး ဒါသည် သူ့အတွက် ဒီလိုအလွန်အကျွံ ဆော့ကစားသည်မှာ ပထမဦးဆုံးဖြစ်ပေ၏။ သို့သော်ငြားလည်း ရှမြန်၏အမူအရာကို တွေ့လိုက်ရသည့်အခါ သူသည် ချက်ချင်း စိတ်ပြေလျော့သွားပြီးပြေးလာရင်း ရှင်းပြလေတော့သည်။

"ကိုကိုချန်ချန် ရွှံ့တွင်းထဲ ပြုတ်ကျသွားလို့"

ရှမြန်က ပြုံးကာ သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်၏။ "တွေ့ပါတယ်။ ရှောင်ဖုန်းက ကိုကိုချန်ချန်ကို ကူညီပေးနေတာပေါ့လေ ဟုတ်လား"

ရှောင်ဖုန်းက ခေါင်းညိတ်လိုက်၏။ ရှမြန်က သူ၏ရွှံ့များပေကျံနေသည့်လက်ကို လှမ်းတွဲလိုက်ကာ ပြောလိုက်လေသည်။ "ပြန်သွားပြီးတော့ ရေချိုးကြရအောင်"

တစ်ဖက်တွင်တော့ ချန်ချန်သည် သူ၏အဆောင်လက်ဖွဲ့လေးက ထွက်ပြေးသွားသည်ကို တွေ့လိုက်သည့်အချိန်တွင် ချက်ချင်း ရပ်တန့်သွားတော့သည်။

ရှဟိုင်က သူ၏တုတ်ကို မှီထားကာ ဒေါသထွက်နေသည့်မျက်နှာဖြင့် အော်ဟစ်ကာ ပြောဆိုလိုက်၏။

"ဒီဘက်ကိုလာခဲ့"

ချန်ချန်သည် ဇက်လေးကို ပုထားပြီး သူသည် ထွက်ပြေးလို့ မရနိုင်တော့မှန်း သေချာသိနေလေသည်။ ထို့ကြောင့် သူက လိမ်လိမ်မာမာဖြင့် ရှေ့ကိုသာ လျှောက်လာရတော့၏။

အရိုက်ခံရမည့်အချိန်ကို ဆွဲထားဖို့ရန် သူသည် တစ်ကြိမ်လျှင် ခြေလှမ်းတစ်ဝက်သာ ရှေ့သို့လှမ်းပြီး ဒါက ရှဟိုင်၏ဒေါသကို တဖန်မြင့်တက်လာစေတော့သည်။

သူသည် လက်ထဲကတုတ်ဖြင့် ရှေ့သို့ချက်ချင်း လျှောက်သွားလိုက်၏။ "မင်း ကိုယ့်ဟာကိုယ် ပြေးလာမလား။ ဒါမှမဟုတ် ငါကပဲ မင်းကို အပြေးလာပြီး ရိုက်ရမလား"

သို့နှင့် ချန်ချန်သည် ဘဲလေးတစ်ကောင်လို သူ့အဖေ၏ တုတ်တစ်ချောင်းနှင့် အိမ်သို့ မောင်းနှင်ခံလိုက်ရ၏။

လမ်းတွင် သူနှင့် တွေ့ကြသည့် လူအားလုံးက သူ၏အမူအရာကို မြင်သည့်အခါ အသံထွက်ကာ ဝါးလုံးကွဲ အော်ရယ်ကျတော့သည်။

သူတို့သည် ရွှံ့တွင်းထဲတွင် ရှိနေသည့်အချိန်တွင်တော့ ဘာတစ်ခုကိုမှ သတိမထားမိခဲ့ချေ။ ထိုနေရာတွင် ရွှံ့လူသားများသာ ရှိနေခြင်းကြောင့်ပင်။ သို့သော်ငြားလည်း ယခုတော့ လမ်းပေါ်တွင် ပုံမှန်လူများနှင့် ပြည့်နှက်နေရာ ချန်ချန်၏ ရုပ်ကလေးမှာ အလွန်ရယ်စရာကောင်းနေတော့သည်။

ရှောင်ဖုန်းက ရှမြန်၏လက်ကိုတွဲထားပြီး ချန်ချန်၏ရုပ်ကလေးကိုကြည့်ပြီး မနေနိုင်ဘဲ အော်ရယ်တော့သည်။

သူက ထိန်းချုပ်ဖို့ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်က ပြောလိုက်၏။ "စိတ်မပူပါနဲ့ ရယ်သာရယ်လိုက်။ ဘာပဲဖြစ်ဖြစ်လေ။ ဒီလို ထူးထူးခြားခြားဖြစ်နေတာ သားတစ်ယောက်တည်း မဟုတ်ပါဘူး"

ရှောင်ဖုန်းက ရှမြန်၏လက်ကို ဖမ်းဆွဲကာ ရယ်ရလွန်းသဖြင့် နောက်ပြန်ပင် လဲကျလေတော့သည်။

ရှမြန်ကလည်း မနေနိုင်ဘဲ ရယ်မောမိပြီး သူ၏ခြေထောက်လေးကို ငုံ့ကြည့်ကာ ပြောလိုက်လေသည်။

"သား နေရမခက်ဘူးလား"

ရှောင်ဖုန်းက သူ၏ခြေထောက်ပေါ်က ကွဲအက်နေသည့်ရွှံ့များကို သူမကိုပြလိုက်လေသည်။

"နာတယ်။ တင်းနေတာပဲ"

"ဒါဆိုရင် မြန်မြန်ပြန်ပြီးတော့ ရေချိုးကြရအောင်" ရှမြန်သည် ကလေးနှင့်အတူ ပြေးလာတော့သည်။

ချန်ချန်သည် အိမ်ထဲသို့ အပြေးအလွှား ဝင်ရောက်လာချိန်တွင် အားလုံးသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားသည့်တိုင် သူတို့သည် အထိတ်တလန့်ဖြစ်ရသေးသည်။

အမြဲတမ်း စိတ်သဘောထား သိမ်မွေ့သည့်လီဖန်းမှာ ဒေါသဖြင့် မအော်ငေါက်ဘဲမနေနိုင်အောင် ဖြစ်သွားတော့၏။

"ရှကျစ်ချန်! အဲဒီမှာပဲရပ်။ မလှုပ်နဲ့။ နင် ခြံဝင်းကို ညစ်ပတ်အောင်လုပ်ရင် ငါ နင့်ကို သေအောင်ရိုက်မှာနော်"

ရှဟိုင်က ရှမြန်နှင့် ရှောင်ဖုန်းတို့ဝင်လာသည်ကို စောင့်လိုက်ပြီးမှ တံခါးကို ချက်ချင်းပိတ်လိုက်တော့၏။

တစ်ဖက်တွင်တော့ ရှချွမ်းက မြွေရေခွံပိုက်ကို ဆက်ပြီး ချန်ချန်ဆီသို့ အပြေးအလွှား ရောက်လာလေသည်။ အားထည့်ထားဖို့ရန်အတွက် သူသည် ဖိအားကိုတိုးမြင့်ဖို့ရန် သူ့လက်မဖြင့် ရေပိုက်၏ထိပ်ကို ပိတ်ထား၏။ ဒါက ချက်ချင်းဆိုသလို ပြင်းထန်သည့်ရေစီးကြောင်းတစ်ခု ဖြစ်သွားတော့သည်။

"အား" ချန်ချန်သည် အထိတ်တလန့်ဖြစ်သွားပြီး လှည့်ပြေးလေတော့သည်။ ရှဟိုင်က သူ့နောက်တွင် တုတ်တစ်ချောင်းဖြင့် ရပ်နေ၏။ "မင်း ဘယ်သွားမလို့လဲ"

ချန်ချန်သည် ရုတ်တရက်ဆိုသလို မလှုပ်ရဲတော့ချေ။ သူက ဇက်လေးကိုပုထားကာ သူ့ဦးလေးဖြစ်သူက သူ့ကိုယ်ပေါ်မှရွှံ့များကို ဆေးကြောပေးနေသည်ကို ခွင့်ပြုထားလိုက်ရတော့သည်။

လီဖန်းက ဒေါသထွက်ကာ ပြောလိုက်၏။ "နင့်အဝတ်အစားတွေ အားလုံးချွတ်လိုက်"

သို့နှင့် ချန်ချန်သည် ခြံဝင်းထဲက အပြာရောင်ကျောက်ပြားပေါ်တွင် သနားစဖွယ် ရပ်နေရပြီး ကိုယ့်ဟာကိုယ် တစ်ကိုယ်လုံးကို အင်္ကျီချွတ်လိုက်ပြီး ရှချွမ်းက သူ့ကိုကျောက်ရုပ်တစ်ခုလို ဆေးကြောပေးနေသည်ကို ခံနေရလေသည်။

ရှမြန်ကတော့ အသည်းအသန် ရယ်မောလေတော့သည်။ သူမက ရှောင်ဖုန်းကို ပွေ့ဖက်ထားလိုက်ပြီး သူ၏ ဘောင်းဘီကို ချွတ်ပေးလိုက်ပြီးနောက် သူ၏အတွင်းခံဘောင်းဘီလေးကိုသာ ချန်ထားကာ ရှချွမ်း၏ ဘေးသို့ သွားလိုက်လေသည်။

"ငြိမ်ငြိမ်လေးရပ် မလှုပ်နဲ့" ရှချွမ်းက ချန်ချန်ကို သတိပေးနေသည်။ ထို့နောက်တွင်တော့ ကိုယ်ကိုယ်လှည့်ပြီး ရှောင်ဖုန်းကို ဆေးကြောပေးသည့်အချိန်တွင်တော့ အများကြီး ပိုပြီးညင်ညင်သာသာရှိလေ၏။

သူက မြွေရေခွံပိုက်ကို လျှော့ချလိုက်ပြီး ရှောင်ဖုန်း၏ခြေသလုံးကို အရင်ဆုံး ဆေးကြောပေးဖို့ ကြိုးစားလိုက်သည်။ ရှောင်ဖုန်းသည် အစပိုင်းတွင်တော့ တွန့်သွားသေးသည်။ ထို့နောက်တွင်တော့ မနေနိုင်တော့ဘဲ တခစ်ခစ်ရယ်မောလေ၏။

သူက မကြောက်သည်ကို တွေ့လိုက်ရသည့်အခါ ရှချွမ်းကလည်း သူ့ကို တွေဝေမနေဘဲ ဆေးကြောပေးလိုက်၏။

ရွှံ့ရည်များကို ဆေးကြောပြီးသွားသည့်နောက်တွင် ရှမြန်က ကလေးကို တစ်နေ့လုံး နေပူထဲတွင်လှန်းထားသည့်ရေထဲတွင် ထည့်ပေးလိုက်၏။

ချန်ချန်ကို ကြည့်လျှင်ဖြင့် နွေရာသီမှာပင် နေ့တိုင်းရေဇလုံကြီး၂ခုထဲတွင် နေလှန်းထားပေးရသည့် ဦးကြီးရှတို့မိသားစု၏အကြောင်းအရင်းကို နားလည်နိုင်ပေသည်။

ရှောင်ဖုန်းသည် နွေးထွေးသည့်ရေဇလုံထဲတွင် ရေချိုးနေလေသည်။ ချန်ချန်က ပြင်းထန်သည့် ရေအားအောက်တွင် ခုန်ဆွခုန်ဆွဖြင့် အော်ဟစ်နေသည်ကို တွေ့လိုက်ရသည့်အခါ ရေဇလုံလေးကို ကိုင်ထားပြီး အသည်းအသန် အော်ရယ်လေတော့၏။

လူကြီးများကတော့ ဒေါသထွက်ရသလို ရယ်စရာလည်းဖြစ်ရလေသည်။

ရှောင်ဖုန်းသည် ရေချိုးပြီးသွားသည့်နောက်တွင် ရှဟိုင်က ချန်ချန်ကို ကောက်ချီလိုက်ပြီး သူ့ကို ရေချိုးပေးဖို့ရန် ရေဇလုံထဲသို့ ပစ်ထည့်လိုက်လေသည်။ ထို့နောက်တွင်တော့ သူ့အဝတ်အစားများကို ပြန်ဝတ်ပေးလိုက်၏။

သို့သော်ငြားလည်း ဒါက မပြီးသေးချေ။

ရှဟိုင်က ချန်ချန်ကို စည်ပိုင်းဆီသို့ ခေါ်သွားပြီး မျက်နှာသေဖြင့် ပြောလိုက်၏။ "မင်း မအော်ဘူးဆိုရင် ငါ မင်းရဲ့ပါးစပ်ကို မပိတ်ဘူး။ တကယ်လို့ မင်း အော်မယ်ဆိုရင်တော့ ငါ မင်းရဲ့ပါးစပ်ကို ပိတ်ထားရလိမ့်မယ်။ မင်း ရွေး"

ချန်ချန်သည် သူ့အဖေဖြစ်သူ၏ ညိုမည်းနေသည့်မျက်နှာကို မော့ကြည့်လိုက်ပြီး ကပျာကယာ ခေါင်းခါပြလိုက်၏။

"သား မအော်ပါဘူး။ သားပါးစပ်ထဲကို ပိတ်စရာမလိုဘူး"

ရှဟိုင်က ဘာမှမပြောတော့ချေ။ ချန်ချန်ကလည်း ရေစည်ထဲတွင် တစ်ယောက်တည်းထိုင်နေပြီး စိတ်ဓာတ်ကျနေသည့်ရုပ်လေးတစ်ခုဖြင့် အလုပ်များနေကြသည့်လူများကို ကြည့်နေလေသည်။

ရှောင်ဖုန်းကတော့ မကြာခဏဆိုသလို သူ့ဆီကို အပြေးလာပြီး ကြည့်ပေးတတ်သည်။ သူ၏တွဲလောင်းကျနေသည့် လက်လေးကိုလည်း စူးစမ်းလိုစိတ်ဖြင့် ထိကိုင်ကြည့်သေး၏။

ညစာစားသည့် အချိန်ရောက်သည့်အခါမှ ချန်ချန်သည် သူ့အဖေဖြစ်သူက သူ့ကိုရိုက်သည်ကို ပိုလိုလားကြောင်း ရှမြန်မှာ ခံစားမိတော့သည်။

ရှချွမ်းနှင့် ရှဟယ်တို့သည် စားပွဲနှင့် ကုလားထိုင်များကို ထုတ်လာပြီး လီဖန်းနှင့် ဟုန်ကျွမ်းတို့က ဟင်းပွဲများကိုတစ်ခုပြီးတစ်ခု ပြင်ဆင်ပေးကြသည်။

ချန်ချန်သည် ချက်ချင်းဆိုသလို ထရပ်လိုက်ပြီး ပြင်းပြနေသည့်မျက်လုံးများဖြင့် ပန်းကန်ပြားကို စိုက်ကြည့်နေမိ၏။ ရှဟိုင်က ပန်းကန်ပြားကြီးတစ်ချပ်ဖြင့် ထလာသည့်အချိန်တွင် ချန်ချန်သည် တံတွေးများကို မျိုချလိုက်ပြီး ပြောလိုက်လေသည်။

"ပုရစ်ကြော်"

ရှောင်ဖုန်းကလည်း ပုရစ်‌ကြော်ကို စားရတာ ကြိုက်သည်။ ထို့ကြောင့် ရှချွမ်းက မနေ့ညက ပုရစ်များကို ဖမ်းဖို့ရန်အတွက် အပြင်ထွက်သွားခဲ့သေးသည်။ ဒါကလည်း ချန်ချန်၏ အကြိုက်ဆုံး စားစရာဖြစ်လေ၏။

ရှဟိုင်က ပန်းကန်ကို ချထားလိုက်ကာ တဘတ်ကို ကောက်ယူလိုက်ပြီး ပြောလိုက်လေသည်။ "ငါ မင်းရဲ့ပါးစပ်ကို ပိတ်ထားပေးရမလား"

ချန်ချန်သည် မြန်မြန် ခေါင်းခါပြလိုက်လေသည်။

ရှဟိုင်က ပြန်ထိုင်ချလိုက်ပြီး မိသားစုများကလည်း သူက ထိုနေရာတွင် မရှိသလို သူတို့၏ အစားအသောက်များကို စတင်စားသောက်ကြတော့သည်။

ချန်ချန်သည် စည်ပိုင်းထဲတွင် စွပ်ခံထားရပြီး စိုးရိမ်တကြီးကြည့်နေကာ တံတွေးများကို မျိုချနေတော့သည်။

ရှောင်ဖုန်းက အစားကို တစ်ကိုက်လောက်စားလိုက် သူ့ကိုလှည့်ကြည့်လိုက်ဖြစ်နေ၏။

ခဏလောက် ချီတုံချတုံဖြစ်သွားပြီးသည့်နောက်တွင် သူသည် ပန်းကန်ထဲက ပုရစ်‌ကြော် နည်းနည်းပါးပါးကို ကောက်ယူလိုက်ပြီး သူ၏သစ်သားပန်းကန်လုံးလေးထဲတွင် ထည့်လိုက်လေသည်။ သူက ထရပ်လိုက်ပြီး မဝံ့မရဲခြေလှမ်းများဖြင့် ချန်ချန်ဆီသို့ လျှောက်သွားလိုက်၏။

လူကြီးများက သူ့ကိုတားဖို့ စိတ်ကူးမရှိသည်ကို မြင်လိုက်ရသည့်အခါ သူသည် လက်ထဲတွင်စားနေသည့် ပန်းကန်လုံးလေးကို ကိုင်ကာ ချန်ချန်ဘေးတွင် သွားရပ်လိုက်လေသည်။

ထို့နောက်တွင်တော့ လူကြီးများက သတိမထားမိသည့်အချိန်တွင် သူက ပုရစ်ကြော်တစ်ကောင်ကို မြန်မြန်ကောက်ယူလိုက်ပြီး ခြေဖျားထောက်ကာ ချန်ချန်၏ပါးစပ်ထဲသို့ လှမ်းထည့်ပေးလိုက်၏။

ချန်ချန်သည် အလွန်ဝမ်းသာသွားပြီး ငိုမိတော့မလိုပင် ဖြစ်သွားတော့လေသည်။

...

All Chapters