အပိုင်း(၁၅၄)
Vol. 11 Ch. 154
နောက်တစ်နေ့တွင် ရှမြန်သည် ရှောင်ဖုန်းကိုခေါ်ကာ ရှချွန်း၏အုတ်ဂူသို့ သွားရောက်ခဲ့သည်။
သူမနှင့် ကလေးများသည် ရုံးတော်အမိန့်စာကို မိတ္တူတစ်ခုကူးပြီး ရှချွန်းအတွက် မီးရှို့ပေးခဲ့ကြ၏။
ရှောင်ဖုန်းသည် အုတ်ဂူရှေ့တွင် ဒူးထောက်ပြီး စာရွက်များကို မီးရှို့ပေးနေကာ တိတ်တိတ်လေးငိုနေ၏။
ရှမြန်သည် ရင်ကွဲရပြီး သူ့ကို နှစ်သိမ့်ပေးဖို့ရန် သူမ၏ရင်ခွင်ထဲတွင် ထွေးပွေ့ထားလိုက်သည်။ ရှောင်ဖုန်းသည် နောက်ဆုံးတွင် သူမ၏ပခုံးပေါ်တွင် ငိုကြွေးနေ၏။
"အန်တီလေး"
"အင်း။ အန်တီလေး ရှိပါတယ်" ရှမြန်က သူ့ကျောပြင်ကို ပွတ်သပ်ပေးကာ သူ့ကိုတိတ်တိတ်လေး အဖော်ပြုနေပေးလိုက်၏...
ကလေးသည် အကြာကြီး မငိုခဲ့ချေ။
အချိန်၂နှစ် ကုန်လွန်သွားပြီဖြစ်သဖြင့် သူတို့အားလုံးသည် ရှချွန်းထွက်ခွာသွားသည့်အချက်ကို လက်ခံခဲ့ကြ၏။ သူတို့သည် ထိုအချိန်တွင် ဝမ်းနည်းနေသေးသော်ငြားလည်း ရှေ့ဆက်ဖို့ရန် သင်ယူရပေလိမ့်မည်။
ရှမြန်က ကလေး၏မျက်ရည်များကို သုတ်ပေးလိုက်ပြီး သူ၏လက်ကိုတွဲကာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့သည်။
အဝေးမှနေ၍ ချန်ချန်သည် လက်ထဲတွင် တစ်ခုခုကို ကိုင်ထားပြီး ထိုပစ္စည်းကို ကွေ့ပတ်ကာပစ်ဝဲရင်း လမ်းဘေးတွင် စောင့်နေသည်ကို တွေ့လိုက်ရ၏။
သူမနှင့် ရှောင်ဖုန်းကို တွေ့သည့်အခါ ချန်ချန်က ချက်ချင်းဆိုသလို ဝမ်းသာအားရ အပြေးရောက်လာလေသည်။
သူသည် အနီးသို့ ရောက်လာပြီး ရှောင်ဖုန်း၏ မျက်လုံးများက နီရဲနေသည်ကို မြင်လိုက်ရသည့်အခါ ကူကယ်ရာမဲ့စွာ သူ့ခေါင်းကို ကုတ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွား၏။ သူက သူ့လက်ထဲကပစ္စည်းကို ရှောင်ဖုန်း၏လက်ထဲသို့ ခပ်ကြမ်းကြမ်း ထိုးထည့်လိုက်ပြီး "ရော့။ ငါ မင်းအတွက် ဆိုဒါဖျော်ရည် ဝယ်လာပေးတယ်။ ဒါက အရမ်းအရသာရှိတယ်နော်။ ဒါကို သောက်ပြီးသွားရင် မင်းထပ်ပြီးတော့ ငိုတော့မှာ မဟုတ်ဘူး။ ဒီအတိုင်း ရယ်ပဲရယ်ချင်နေတော့မှာ"
ရှမြန်မှာ ငိုရခက်ရယ်ရခက် ဖြစ်သွားတော့သည်။ "နင်ပဲ ဒီအတိုင်း ရယ်ချင်နေတာလေ။ နင်က ကိုယ့်ဟာကိုယ် နင့်အကြောင်း ပြောနေတာပဲ"
ချန်ချန်က ခပ်တိုးတိုးရယ်မောလိုက်ပြီး ကျန်းလိပေါင်(ဆိုဒါ)ကို ကိုင်ထားကာ မလှုပ်မယှက် ဖြစ်နေသည့်ရှောင်ဖုန်းကို တွေ့လိုက်ရပြီးနောက် သူက ဒီအတိုင်းလက်ကို ဆန့်လိုက်ပြီး ရှောင်ဖုန်း၏ လက်ထဲက ဆိုဒါပုလင်းကို လှမ်းဆွဲလိုက်ပြီး သူ့အတွက် ပုလင်းကို ကူပေးဖွင့်ပေးလိုက်လေသည်။
ရှမြန်သည် ဒီကလေးက ဆိုဒါပုလင်းကို ခုနကလှုပ်ခါကာနေသည်ကို ရုတ်တရက် သတိရသွားပြီး သူမ၏ မျက်လုံးများက ဆိုဒါပုလင်းအဖုံးဆီသို့ ကျရောက်သွားကာ အလောတကြီးပြောလိုက်၏။
"ခဏလေး"
သို့သော်ငြားလည်း အလွန်မှ နောက်ကျသွားခဲ့သည်။ ပုလင်းအဖုံးကို ဆွဲဖွင့်လိုက်သဖြင့် ဆိုဒါများက ရေပန်းတစ်ခုလို ပွင့်ထွက်လာလေသည်။ ချန်ချန်က ရလဒ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ဆိုဒါရေများ အားလုံးမှာ သူ့ခေါင်းနှင့် မျက်နှာပေါ်တွင် လွင့်စင်သွားတော့သည်။
ရှောင်ဖုန်းသည် ခဏလောက်မှင်တက်အံ့ဩသွားပြီးမှ သတိပြန်ဝင်လာကာ စိုးရိမ်တကြီးပြောလိုက်၏။
"ကိုကိုချန်ချန်"
ချန်ချန်၏ မျက်နှာပေါ်တွင် ဆိုဒါအမြုပ်များအပြည့် ဖြစ်နေသော်ငြားလည်း သူသည် ဂရုမစိုက်ချေ။ သူက သူ့ပါးစပ်ကို မြန်မြန် ဖွင့်လိုက်ပြီး ပုလင်းနှုတ်ခမ်းဝကို ပိတ်ဆို့ထားလိုက်ကာ ထွက်လာသည့် ဆိုဒါများကို စုပ်သောက်လိုက်လေသည်။
တငုံလောက် စုပ်သောက်ပြီးသွားသည့်နောက်တွင် သူကကျန်နေသည့်ဆိုဒါကို ရှောင်ဖုန်းဆီ လှမ်းပေးလိုက်ပြီး"ရပြီသောက်တော့"
ရှောင်ဖုန်းက သူ့ကို စိုးရိမ်တကြီးကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ သူက ဘာမှမဖြစ်သလို သူ့မျက်နှာကို သုတ်လိုက်ပြီး ပြောလိုက်လေသည်။ "တကယ်ပြောတာ။ ဒါသောက်ပြီးသွားရင် မင်းရယ်ချင်သွားလိမ့်မယ်" ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် ရယ်ကြောကို နှိပ်ခံလိုက်ရသလို အော်ရယ်လိုက်လေသည်။
ရှောင်ဖုန်းနှင့် ရှမြန်တို့ကလည်း သဘောကျသွားကြပြီး မနေနိုင်ဘဲ လိုက်ရယ်ကြတော့၏။
ချန်ချန်သည် ဒါကို မြင်လိုက်ရသည့်အခါ ချက်ချင်းဆိုသလို ဝမ်းသာပြီး ကိုယ်ကိုတစ်ဖက်သို့လှည့်ကာ ရယ်မောရင်းဖြင့် ပြေးထွက်သွားလေတော့သည်။
လမ်းဘေးက ကျောက်တုံးဘေးနားတွင် ထောင်ထားသည့် သစ်သားဘုတ်ပြားကြီးတစ်ခုရှိ၏။ ချန်ချန်က ရပ်လိုက်ပြီး ကျောက်ပြားတစ်ခုကို ရှာဖွေလိုက်ကာ သစ်သားပြားရှိရာနေရာတွင် ကျောက်ပြားကို တင်ထားလိုက်လေသည်။ သူကမြောက်နေသည့် တစ်ဖက်ခြမ်းသို့ပြေးသွားပြီး အပေါ်သို့ခုန်တက်ရင်း အော်ပြောလိုက်၏။ "အမြှောက်ဆံ လာပြီ။ ပစ်"
ရှမြန်နှင့် ရှောင်ဖုန်းဘက်သို့ ဦးတည်လာသဖြင့် ရှမြန်မှာ ကလေးကို မြန်မြန်ကာကွယ်ပေးထားလိုက်ရပြီး ဒေါသတကြီး အော်ပြောရတော့သည်။
"ချန်ချန်"
ထိုနောက်တွင်တော့ ချန်ချန် ပစ်လွှတ်လိုက်သည့်အမြှောက်ဆံက လေထဲသို့ အမြင့်ကြီး လွင့်တင်သွားကာ ပြီးပြည့်စုံသည့် မျဥ်းကွေးသဏ္ဌာန်ဖြစ်သွားပြီး ချန်ချန်၏ခေါင်းပေါ်သို့ တိုက်ရိုက်ကျသွားသည်ကို ကူးကယ်ရာမဲ့စွာ စောင့်ကြည့်နေရတော့သည်။
အဆော့သန်သည့် ကောင်ကလေးမှာ နာကျင်မှုကြောင့် အော်ဟစ်နေပြီး သူ့ခေါင်းလေးကိုအုပ်ကာ ဆောင့်ကြောင့်ထိုင်နေလေသည်။
ရှမြန်...
သူမက အလျင်အမြန်သွားပြီး သူ့ဒဏ်ရာကို စစ်ဆေးပေးလိုက်၏။
ထို့နောက်တွင်တော့ သူမသည် ထိုသို့မလုပ်သင့်သည်ကို သိနေသော်ငြားလည်း ချန်ချန်၏ နဖူးပေါ်က ဘုကြီးကို စိုက်ကြည့်မိကာ ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်တော့၏။
သူမဘေးက ရှောင်ဖုန်းကလည်း မရယ်သင့်သည်ကို သေချာပေါက် သိနေလေသည်။ ထို့ကြောင့် သူကတော့ ရှမြန်၏ ပခုံးပေါ်တွင် သူ့ခေါင်းလေးကို မြုပ်ထားလေသည်။ သူ၏ပခုံးသေးသေးလေးက တုန်ယင်နေပြီး မကြာခဏဆိုသလို သူ့ခေါင်းလေးကို ချန်ချန်ဘက်သို့လှည့်ကြည့်ပြီးနောက် တစ်ဖန်ပြန်လှည့်သွားလေသည်။
အဆော့သန်သည့်ကောင်ကလေးတစ်ယောက်က အနားတွင်ရှိနေသဖြင့် ဒါကဝမ်းနည်းဖို့ရန် အမှန်ပင် မဖြစ်နိုင်ချေ။
လိုရင်းကိုပြောရလျှင် ချန်ချန်၏ကျေးဇူးကြောင့် ရှမြန်နှင့် ရှောင်ဖုန်းတို့၏စိတ်အခြေအနေသည် မြန်မြန် ပြန်လည်ကောင်းမွန်သွား၏။ ရှောင်ဖုန်းက နေ့လယ်ပိုင်းတွင် ချန်ချန်နှင့်အတူလိုက်သွားကာ ကစားပြီး ရေများစိုရွှဲကာဖြင့် ပြန်ရောက်လာလေသည်။
ညပိုင်းတွင် ရှမြန်က အိပ်ရာထဲတွင် လဲလျောင်းပြီး နဥ်ရှောက်ပိုင်နှင့်ဖုန်းပြောနေလေ၏။
သူမသည် ချန်ချန်၏ အဆော့သန်သည့်အပြုအမူအကြောင်း ပြောနေသည့်အချိန်တွင် အရယ်မရပ်နိုင်ခဲ့ချေ။ "သူလေ နေ့တိုင်းကို တကယ် အရိုက်ခံနေရတာ။ ဒီရက်ပိုင်းအတွင်းမှာ ရှောင်ဖုန်းလည်း ဒီမှာရှိနေတာ။ ဒါကြောင့်မလို့ သူ အရိုက်မခံရတာလေ။ ဒါပေမဲ့ နေ့တိုင်း သူ့အဖေရဲ့ရေစည်ထဲမှာ ထည့်ခံထားရတာပဲ"
သူမသည် မနေ့က ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကိုလည်း အလိုလို ပြန်ပြောပြနေမိ၏...
"...သူတို့တွေက တကယ်ဆော့တတ်ကြတာ။ ပုံစံကလေ ရေလွှာလျှောထက်တောင်မှ ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းသေးတယ်။ ရွှံ့တွေကိုချောမွတ်နေအောင် သုတ်လိမ်းထားတာလေ။ ချက်ချင်းတောင် ကြော်ပစ်လိုက်လို့ရသေးတယ် "ရှမြန်သည် စကားပြောရင်း ရယ်မောနေလေသည်။
"ကျွန်မရဲ့အစ်ကိုအကြီးဆုံးကတော့ ဒေါသထွက်လွန်းလို့ နေရာမှာတင် ပေါက်ကွဲသွားတော့တာပဲ။ ဒီနေ့လည်း အဲ့ဒီရေစည်က အသုံးမဝင်တော့ဘူးလို့ ကျွန်မဖြင့် ထင်ထားတာ။ အခု သူလည်း စည်ပိုင်းထဲမှာ ထည့်ထားခံရပြီလေ။ သူ့ရဲ့ခြေလက်တွေကို အတူတူချည်ထုပ်ထားပြီး လိမ်ထားတာ။ သူက တကယ်ရယ်စရာကောင်းတာပဲ"
ချန်ချန်၏ရုပ်လေးကို စဉ်းစားမိသည်တွင် ရှမြန်သည် မနေနိုင်တော့ဘဲ ရယ်မောရပြီးနောက် စိတ်မကောင်းလည်း ဖြစ်မိလေသည်။
"ကျွန်မရဲ့ဖုန်းသာ ဓာတ်ပုံရိုက်လို့ရရင် သိပ်ကောင်းမှာပဲ။ ဒါဆိုရင် ရှင့်ကိုအဲဒီဓာတ်ပုံတွေ ပို့ပေးလို့ရတယ်။ ဒီတစ်ခါတော့ ကျွန်မ ကင်မရာ မယူလာခဲ့လိုက်ရဘူး"
အနာဂတ်တွင်ဆိုလျှင်တော့ ချန်ချန်၏ နေ့စဉ်အဆော့သန်သည့် ပရောဂျက်သည် ဗီဒီယိုအတိုလေးတစ်ခုအဖြစ် ပြုလုပ်ဖို့ရန် လုံလောက်ပေသည်။ ဒါသည် အနည်းငယ် နာမည်ကြီးလာနိုင်သည့် အမျိုးအစားတစ်ခု ဖြစ်လာလိမ့်မည်။
"နောက်ပြီးတော့ ရှောင်ဖုန်းလေ။ မနေ့တုန်းက သူ့ရဲ့ရုပ်လေးက တော်တော်ကို ရှားရှားပါးပါးပဲ"
ရှမြန်သည် သူမဘေးတွင် လဲလျောင်းနေသည့်ကလေးကို ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ရွှံ့ပေနေသည့် ရုပ်လေးကို ပြန်လည်စဉ်းစားမိလိုက်သည့်အချိန်တွင် နှမျောသွားသလို ခံစားလိုက်ရလေသည်။ "သူ့ရဲ့ပုံလေးကို ဓာတ်ပုံ ရိုက်ယူမထားရတာ နှမျောစရာပဲ။ ဗီဒီယိုအတိုလေး မရိုက်ယူထားရင်တောင် ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ယူထားလို့ ရတယ်လေ။ ကျွန်မရဲ့ဖုန်းကလည်း ဘယ်တော့များမှ ဓာတ်ပုံရိုက်လို့ရမှာလဲ။ ကျွန်မ နောက်ပိုင်းကျရင် သူ့ကိုပြလို့ရတာပေါ့။ ဒါက အရမ်း စိတ်ဝင်စားဖို့ကောင်းမှာ"
ရှောင်ဖုန်းသည် သူတို့က သူ့အကြောင်းပြောနေသည်ကို သိလိုက်၏။ ထို့ကြောင့် သူက ထထိုင်လိုက်ပြီး သူ၏ ခေါင်းသေးသေးလေးကို ရှမြန်၏ပခုံးပေါ်သို့ တင်ထားလိုက်ကာ အနည်းငယ်ရှက်ရွံ့နေသလို လှုပ်ရှားနေသဖြင့် ရှမြန်မှာ အလွန်မှ ချစ်မိလေတော့၏။
သူမက ကလေးကိုပွေ့ဖက်ထားပြီး အကြီးကြီး အနမ်းပေးလိုက်၏။ "ရပါတယ်။ သားက ဉာဏ်ကောင်းတာပဲ။ ကြီးလာတဲ့အခါကျရင် သားရဲ့ကိုကိုချန်ချန်ရဲ့ မကောင်းတဲ့သမိုင်းတွေအားလုံးကို ပန်းချီဆွဲထားလို့ရတာပဲ"
ရှောင်ဖုန်းသည် သူမ စဉ်းစားထားသည့် ချန်ချန်၏ရုပ်ပုံကို မသိပေ။ သူလေးကတော့ တစ်ဖန် တခစ်ခစ် စတင်ရယ်မောနေပြီး ခေါင်းညိတ်ပြလိုက်လေသည်။ သူသည် ဒီကိစ္စကို စိတ်ထဲတွင် မှတ်ထားလေသည်မှာ သိသာလေ၏။
နဥ်ရှောက်ပိုင်သည် တူ၀ရီး၂ယောက်၏ရယ်မောသံကို နားထောင်ရင်း သူ့နှုတ်ခမ်းများက မနေနိုင်ဘဲ ကွေးတက်သွားတော့၏။ "မင်းတို့တွေအရမ်းကို တက်ကြွနေကြတဲ့ဘဝတစ်ခုမှာ နေနေကြတာပဲ။ မင်းတို့ကြည့်ရတာ ကိုယ့်ဟာကိုယ် အရမ်းကိုပျော်လွန်းလို့ အိမ်ထောင်မပြန်ချင်တော့ဘူး ထင်တယ်"
ပျော်လွန်းလို့ အိမ်မပြန်ချင်တော့ဘူး ဟူသည့်စကားလုံးများသည် အနည်းငယ် နာကျည်းနေသယောင် ရှင်းမပြတတ်အောင် ခံစားရလေသည်။
ရှမြန်က မသိသလို ဟန်ဆောင်နေလိုက်ကာ"ပျော်လွန်းလို့ အိမ်မပြန်ချင်တော့ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒါက ကျွန်မရဲ့ဇာတိမြို့ပဲလေ။ ဟုတ်တယ်မလား"
"နောက်ပြီးတော့ ဒေါက်တာနဥ် အခုမှ၃ရက်ပဲ ရှိပါသေးတယ်နော်"
နဥ်ရှောက်ပိုင်သည် အေးအေးလူလူ လေသံတစ်ခုဖြင့် စကားပြောနေသော်ငြားလည်း သူ ပြောလိုက်သည့်စကားကတော့ အလွန်မှ စိတ်ဝင်စားဖွယ်ကောင်းနေ၏။ "တကယ်လား ငါကတော့ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ဘာဖြစ်လို့ ခံစားနေမိပါလိမ့်"
ရှမြန်သည် မနေနိုင်တော့ဘဲ သူမ၏မျက်နှာကိုအုပ်ထားမိတော့သည်။ ဒေါက်တာနဥ်က လူတွေကို ဆွဲဆောင်ဖို့ အခွင့်အရေးတိုင်းကို တကယ်အသုံးချတတ်တာပဲ။
အကြောမခံလိုသဖြင့် သူမကလည်း တအံ့တဩ ပြန်မေးလိုက်၏။ "ယန်မြို့ကဘဝက အဲဒီလောက်တောင် ခက်ခဲနေလို့လား။ ကျွန်မကတော့ စောစောပြန်လာချင်ခဲ့တာ။ ဒါမှဒီနေရာမှာ ခဏလောက် ပိုပြီးတော့ ကြာကြာနေလို့ရမှာလေ။ နွေရာသီကျောင်းပိတ်ရက်ကုန်တဲ့အထိ ဒီမှာနေရင် ကောင်းမှာပဲလို့ စဉ်းစားထားတာ"
နဥ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွား၏။ သို့သော်ငြားလည်း မကြာမီတွင် ဆင်ခြေအသစ်တစ်ခု ထွက်ပေါ်လာလေသည်။ "နွေရာသီကျောင်းပိတ်ရက်က ဘယ်တော့ပြီးမှာလဲ။ ယန်မြို့ကို ပြန်ဖို့ရထားလက်မှတ်က ဝယ်ဖို့မလွယ်ဘူးနော်။ အဲဒီအချိန်မှဆိုရင် မင်းတို့တွေ ထိုင်ခုံကောင်းကောင်း မရမှာ စိုးရိမ်ရတယ်"
ရှမြန်သည် ထိုစကားကို ကြားလိုက်သည့်အချိန်တွင် ရယ်ချင်စိတ် ဖြစ်သွားပြီး သူနှင့်ဆက်ပြီး ငြင်းခုံလိုက်၏။ "ကိစ္စမရှိပါဘူး။ အထူးတန်းလက်မှတ်ကို ဝယ်နိုင်တဲ့အချိန်ကျမှ ပြန်လို့ရပါတယ်။ နွေရာသီကျောင်းပိတ်ရက်ကုန်သွားပြီး ၇ရက်၊ ၈ရက်လောက်နေမှ ပြန်လာလည်း အရေးမကြီးပါဘူး။ အလွန်ဆုံး ကျွန်မက အတန်းပိုင်ဆရာဆီ ခွင့်တောင်းထားလိုက်ရုံပေါ့။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မလည်း ကျောင်းစာမှာ လိုက်နိုင်နေတာပဲ"
"နွေရာသီဆိုရင် ဒီမှာနေရတာ တော်တော်လေး အဆင်ပြေတယ်။ နေ့ရက်တွေကလည်း မြန်မြန်ကြီးကို ကုန်ဆုံးသွားတယ်လေ။ ဟုတ်တယ်နော် ရှောင်ဖုန်း"
ရှောင်ဖုန်းသည် ခေါင်းညိတ်လိုက်ကာ သူ၏လက်ချောင်းလေးများဖြင့် စတင်ရေတွက်လေသည်။
"ပုရစ်ဖမ်းတယ်။ ငါးသေးသေးလေးတွေကို သွားဖမ်းတယ်။ ရေကူးတယ်..."
ဒီအချိန်တွင် ရှောင်ဖုန်းသည် ရှမြန်ကိုကြည့်ကာပြောလိုက်၏။ "အန်တီလေး သားရေကူးချင်တယ်"
ရှမြန်က ပြုံးကာပြောလိုက်၏။ "ဟုတ်ပြီ အန်တီလေးက သားကို ရေကူးသင်ပေးမယ်"
နဥ်ရှောက်ပိုင်က မေးလိုက်၏။ "မင်းတို့ဆီမှာ ရေကူးကန်ရှိလို့လား"
"ဘယ်နားက ရေကူးကန်ရှိမှာလဲ" ရှမြန်ကအပြုံးဖြင့် ပြောလိုက်လေသည်။ "ကျွန်မတို့ဆီမှာ စမ်းချောင်းအကြီးကြီးတစ်ခု ရှိတယ်လေ။ အဲဒီစမ်းချောင်းက မင်ရှီစီရင်စုကနေ စီးဆင်းလာတာ။ မင်ရှီမြို့မှာ ရေအရမ်းမနက်တဲ့ နေရာရှိတယ်လေ။ ဒါက ကလေးတွေ ရေကူးဖို့ ကွက်တိပဲ"
"ရှောင်ဖုန်းရေကူးတတ်မှ ပြန်လာလည်း အရမ်းနောက်မကျပါဘူး"
"နေပါဦး" နဥ်ရှောက်ပိုင်က ခဏလောက်အဝေးသို့ ရောက်သွားဟန်တူသည်။ သူသည် ဖုန်းကို တဖန်ပြန်လာကိုင်သည့်အချိန်တွင် သူ့လေသံက နှမြောတသဖွယ်ရာအတိ ဖြစ်နေ၏။ "ကြည့်ရတာ မင်းတို့တွေတော့ ဒီတစ်ခါ အိမ်၀ယ်လို့ မရနိုင်တော့ဘူး ထင်တယ်"
ရှမြန်က မေးလိုက်သည်။
"ဘာအိမ်လဲ"
"မင်းပဲ ဖြိုချတော့မဲ့အိမ်တစ်လုံး ဝယ်ချင်တယ်လို့ ပြောတယ်မဟုတ်လား" နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "အခုလေးတင်ပဲ အသိမိတ်ဆွေတစ်ယောက်က ဖုန်းခေါ်လာပြီး အခန်း၁၀ခန်း ပါမြေကွက်တစ်ခုနဲ့ အိမ်တစ်လုံး ရောင်းချင်တယ်။ ရှန်းဟယ်ရွာမှာ မိသားစုတစ်ခုရှိတယ်လို့ ပြောတယ်"
သူမ၏ဘေးက ရှောင်ဖုန်းက ချက်ချင်းဆိုသလို နားစွင့်သွားလေသည်။
"သူတို့သားတွေက မြို့ပေါ်မှာ အိမ်၀ယ်ချင်တယ်လို့ ပြောကြတယ်။ ဒီတော့ သူတို့တွေက ရွာမှာရှိတဲ့အိမ်ကို သားတွေကြားမှာ ပိုင်ဆိုင်မှုခွဲချင်ကြတာ။ မိတ်ဆွေတစ်ယောက် ပြောတာကတော့ ခြံဝင်းက တော်တော်လေးကောင်းတယ်တဲ့" နဥ်ရှောက်ပိုင်က တွက်ချက်ပြလေသည်။ "တကယ်လို့ ယန်မြို့မှာဆက်ပြီးတော့ အိမ်တွေကို ဖြိုချမယ်ဆိုရင် ဒါကမြန်မြန်ဆန်ဆန်လုပ်သင့်တယ်"
ဒါပေါ့။ မြန်မှာပဲလေ။ တတိယအဝိုင်းပတ်လမ်းနဲ့ စတုတ္ထအဝိုင်းပတ်လမ်းကြားမှာ အဲဒီနေရာက အဓိကနေရာဖြစ်လာမှာပဲ။ ဒါကမြန်ဆန်မဲ့အပြင် တန်ဖိုးလည်းတက်လာဦးမှာ”
ရှမြန်သည် နဥ်ရှောက်ပိုင်က အမှန်ကိုပြောနေလေသလား။ သူမကို တမင်တကာ ကျီစယ်ကာ ပြောနေလေသလား မသိချေ။ သူမသည် ချီတုံချတုံဖြစ်နေသည့်အချိန်တွင် သူမ၏ ဘေးက ရှောင်ဖုန်းကတော့ စိုးရိမ်တကြီး ဖြစ်လာလေသည်။
"ဦးဦးနဥ် ဝယ်လိုက်။ ဝယ်လိုက်"
"ဒါတွေကို မဝယ်ခင် မင်းတို့တွေ အရင်ပြန်လာဦးမှရမှာ" နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ရှောင်ဖုန်း ရေကူးသင်ချင်သေးတယ် မဟုတ်လား"
ရှောင်ဖုန်းသည် ရှမြန်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်လေသည်။
"ပြန်သွားပြီးမှပဲ ရေကူးသင်ကြမယ်"
ရှမြန်မှာ အသံထွက်ကာ အော်ရယ်လိုက်ပြီး နဥ်ရှောက်ပိုင်က သူမကိုစနောက်နေသည်မှာ သေချာသလို ထင်ရလေသည်။ ဒေါက်တာနဥ်ကတော့ ငါ့ကိုအိမ်ပြန်လာဖို့အရေး လှည့်စားဖို့ အကြီးအကျယ်လုပ်နေတာ။ ကလေးတွေကိုတောင် ချမ်းသာမပေးဘူး။
သူမက ပြုံးကာ ပြောလိုက်၏။ "ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ကျွန်မအတွက် ဝယ်ထားပေးလိုက်ပါ။ ကျွန်မငွေကလည်း ဘာပဲဖြစ်ဖြစ် ရှင့်နားမှာရှိတာပဲလေ"
"ငွေက ငါ့ဆီမှာရှိတာ ဟုတ်ပါတယ်" နဥ်ရှောက်ပိုင်က အေးအေးလူလူ ပြောလိုက်၏။ "ဒါပေမဲ့ အိမ်ထောင်စုစာရင်းစာအုပ်ကတော့ ငါ့မှာ မရှိဘူးလေ..."
ရှမြန်သည် သူမက အတွေးလွန်နေသလား မသိသော်ငြားလည်း နောက်ထပ်အနက်၂မျိုး ထွက်သည့်စကားလုံးဟု ခံစားနေရသည်။
ထို့နောက်တွင်တော့ သူက ဆက်ပြောလိုက်လေသည်။ "အိမ်တစ်လုံး ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှုကို လွှဲပြောင်းရမယ်လေ။ ငါ့မှာ မင်းတို့ရဲ့ အိမ်ထောင်စုစာရင်းစာအုပ် မရှိဘူးဆိုတော့ ငါက ဒီအိမ်တွေကိုဝယ်ဖို့ မင်းရဲ့ငွေကို သုံးလို့မရဘူးလေ။ ပြီးတော့ ငါ့ရဲ့အိမ်ထောင်စုစာရင်းထဲကိုလည်း ဒီအိမ်ကိုမှ ထည့်လို့မရတာ"
ဒီအချိန်တွင် သူက ခပ်တိုးတိုးရယ်မောလိုက်၏။ "အဲဒီလိုမှမဟုတ်ဘူးဆိုရင် နောက်ပိုင်းကျရင်ဒီအိမ်ကို ဘယ်သူက ပိုင်သွားမှာလဲ"
ရှောင်ဖုန်းက ပြောလိုက်၏။ "သားရဲ့အန်တီလေးက ပိုင်သွားမှာပေါ့"
ရှမြန်... ငါ့အိမ်က နဥ်ရှောက်ပိုင်ရဲ့ အိမ်ထောင်စုစာရင်းစာအုပ်ထဲ ရောက်နေပြီဆိုမှတော့ ချစ်ရတဲ့တူလေးရယ်။ နင့်ရဲ့အန်တီလေးကို ဒီလိုမရောင်းစားနဲ့လေ။
နဥ်ရှောက်ပိုင်သည် အသံထွက်ကာ အော်ရယ်လိုက်၏။ ရှမြန်ကလည်း သဘောကျသွားလေသည်။ သူမက ရှောင်ဖုန်းကို ပြောလိုက်၏။ "အန်တီလေးတို့က အိမ်ကိုကိုယ့်ဟာကိုယ်ဝယ်ပြီး အဲဒီအိမ်ကို အန်တီလေးတို့ရဲ့အိမ်ထောင်စုဇယားထဲ ထည့်မှရမှာ"
ရှောင်ဖုန်းသည် တော်တော်လေး နားမလည်ချေ။ သို့သော်ငြားလည်း ရှမြန် ပြောလိုက်သည့်စကားကတော့ အတည်သာဖြစ်လေ၏။
နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ရပါတယ်။ အဲဒီအိမ်အတွက် ဝယ်မဲ့လူတွေ အများကြီး ရှိတယ်ထင်တယ်။ ဒီတော့ အဲ့ဒီအိမ်ကို မြန်မြန်ရောင်းချလိမ့်မယ်။ မင်းတို့က ကိုယ့်ဟာကိုယ်ဝယ်ချင်တယ်ဆိုတော့ ဒါကအရမ်းနောက်ကျသွားပြီလေ။ မင်းအတွက် နောက်ထပ် ထပ်ပြီးတော့မေးထားပေးဖို့ ငါ့မိတ်ဆွေကို ပြောထားလိုက်ပါမယ်"
"ပြောလို့တော့ မရဘူးလေ။ မင်းတို့ ပြန်လာတဲ့အချိန်ကျရင် ဒီထက်ပိုကောင်းတဲ့ဟာကို ရှာတွေ့ချင် ရှာတွေ့မှာပေါ့"
ရှမြန်...
ရှောင်ဖုန်းက ချက်ချင်းပြောလိုက်၏။ "မြန်မြန်ပြန်ပြီးတော့ ဝယ်ကြရအောင်ပါ”
နဥ်ရှောက်ပိုင်သည် အရှက်မဲ့စွာကလေးကို ဆက်ပြီးလှည့်စားလေ၏။
"အခုအချိန် ပြန်လာမယ်ဆိုရင်တော့ အချိန်ရှိသေးတယ်နော်။ အလွန်ဆုံး ငါက အရင်ငွေချေပေးထားပြီး ပိုင်ဆိုင်မှု လက်လွှဲယူတာကိုတော့ ရက်အနည်းငယ်ကြာအောင် အချိန်ဆွဲထားလို့ရသေးတယ်လေ"
ရှမြန်က နှာခေါင်းရှုံ့လိုက်၏။ "သဘောက ကျွန်မ မနက်ဖြန်ပြန်လာမှပဲ မှီတော့မဲ့ အဓိပ္ပာယ် ဖြစ်နေတာ မဟုတ်လား"
နဥ်ရှောက်ပိုင်ကလည်း "အင်း"ဟု တလေးတနက်နှင့်ပြောလိုက်ပြီးနောက် မေးလိုက်လေသည်။ "ငါ မင်းအတွက် ရထားလက်မှတ် ဝယ်ပေးရဦးမလား"
ရှမြန်က သူမ၏ဖုန်းကိုမြှောက်လိုက်ကာ"ဒေါက်တာနဥ် ရှင် ကျွန်မရဲ့အမူအရာကို တွေ့ရလား"
နဥ်ရှောက်ပိုင်သည် သူမက ဖုန်းကိုမြှောက်ထားပြီး ဒေါသကြီးစွာဖြင့် ကြည့်နေသည့်ပုံကို သေချာပေါက် စိတ်ကူးယဉ်ကြည့်နိုင်ပေသည်။ ထို့ကြောင့် သူက ရယ်ချင်စိတ်ကိုမျိုသိပ်ထားကာ ပြောလိုက်၏။ "အင်း မင်းပြန်လာဖို့ မစောင့်နိုင်တော့ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ အခြေအနေကိုကြည့်လိုက်ပါဦးမယ်။ လက်မှတ်က ၀ယ်လို့ရချင်မှရမှာ"
ရှမြန်...
"ကျွန်မကတော့ ရှင့်ရဲ့အမူအရာကို တကယ်ပဲတွေ့ချင်နေပြီလေ"
တခြားလူအပေါ် အခွင့်အရေးယူတတ်တဲ့လူကြီး။
"အစ်ကိုပိုင် အစ်ကို ဖုန်းပြောနေသေးတာလား" ရုံရှင်း၏ အသံက ဝင်လာ၏။ သူသည်အချိန်ကို လာကြည့်သည့်ဟန်တူသည်။ "၁နာရီတောင် ရှိတော့မယ်နော်"
ရှမြန်ကလည်း ဇဝေဇဝါ ဖြစ်သွားသည်။ "အစ်ကိုရုံက ဘာဖြစ်လို့ ရှင်နဲ့အတူတူရှိနေတာလဲ"
"အိမ်ပေါ်က ကန်ချခံလိုက်ရတာလေ" ရှောင်ဖုန်းကပြောလိုက်သည်။
"ဟင် ဘာဖြစ်လို့လဲ" ရှမြန်သည် ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ကျွန်မ မှန်းကြည့်ပါဦးမယ်။ ရည်းစားထားတဲ့ကိစ္စကြောင့်တော့ မဟုတ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား"
"အင်း" နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ဦးလေးရုံက ဒီတစ်ကြိမ် သူ လက်ထပ်တော့မယ်လို့ ထင်နေတာလေ။ ဒါပေမဲ့ သူက အိမ်ပြန်ရောက်လာချင်းချင်းပဲ လမ်းခွဲချင်တယ်လို့ ပြောခဲ့တယ်လေ"
"ထပ်ပြီးတော့ ကွဲသွားပြန်ပြီလား" ရှမြန်မှာ ဆွံ့အရလေသည်။
ရုံရှင်းသည် တကယ့်ကို မျက်နှာများသည့်ကောင်လေးများ၏ စံနမူနာဖြစ်လေသည်။ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို လည်ပတ်ရသည်မှာ အဆင်ပြေနေသည့်အတွက် သူသည် သရုပ်ဆောင်များ၊ အမျိုးသမီးအဆိုတော် အများအပြားနှင့် အဆက်အသွယ်ရှိလာခဲ့သည်။ သူသည် သူတို့ကို နှစ်နှစ်ခြိုက်ခြိုက် ပိုးပန်းလေ၏။ သို့သော်ငြားလည်း အလွန်ဆုံး ၃၊ ၄လလောက် တွဲပြီးသည့်နောက်တွင် သို့မဟုတ်လည်း အနည်းဆုံး၁လ၊ ၂လလောက်တွဲပြီးသွားသည့်နောက်တွင် သူသည် သူတို့ကို လမ်းခွဲလိုက်လေသည်။
ဒီတစ်ကြိမ်တွင်တော့ သူသည် ဇွဲကောင်းလှသည်မှာ အချိန်အကြာဆုံးဖြစ်ဟန်တူ၏။ နှစ်ဝက်နီးပါးလောက် ရှိပြီဖြစ်သည်။ ထို့ကြောင့် လူကြီးမင်းရုံကတော့ သူသည် လက်ထပ်ဖို့ကိစ္စ သေသေချာချာ လုပ်နေသည်ဟု ထင်လိုက်လေသည်။
သူတို့က ထပ်ပြီးလမ်းခွဲကြလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
"အကြောင်းအရင်းကရော" ရှမြန်သည် ထိုသို့မေးလိုက်သော်ငြားလည်း သူမ၏စိတ်ထဲတွင်တော့ အဖြေကို ခန့်မှန်းနေနှင့်ပြီးသားဖြစ်၏။
"အခု သူ နောက်ထပ်သရုပ်ဆောင်တစ်ယောက်ကို သဘောကျနေတယ်လေ"
တကယ်ကြီးလား။
ရှမြန်က ပြောလိုက်၏။ "ကျွန်မ ခန့်မှန်းကြည့်ပါမယ်။ သူက လတ်တလော တီဗီပေါ်မှာ လွှင့်နေတဲ့ ဇာတ်လိုက်မလေးတော့ မဟုတ်ပါဘူးနော်"
"ဟုတ်တယ်" နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ဟောင်ကောင်ဒရမ်မာဇာတ်ကားထဲက အဓိကမင်းသမီးလေ။ သူ့ကြည့်ရတာ တက်သစ်စသရုပ်ဆောင်လေးထင်ပါတယ်"
ရှမြန်...
သူမ၏အမြင်တွင်တော့ ရုံရှင်းသည် ချစ်သူတစ်ယောက်ဆိုသည်ထက် ဖန်တစ်ယောက်နှင့် ပိုတူလေသည်။ သူသည် ဖန်တစ်ယောက်လုပ်နေရင်းက ရပ်နားလိုက်ပြီး နောက်ထပ်တခြားသူ၏ ဖန်တစ်ယောက်အဖြစ် ပြောင်းရွှေ့လိုက်ခြင်းပင်။
ရုံရှင်းက ထိုနေရာတွင် ရှိနေသည့်အတွက် သူတို့၂ယောက်သည် စကားနည်းနည်းပါးပါး ဆက်ပြောလိုက်ပြီးမှ ဖုန်းချလိုက်ကြ၏။
နဥ်ရှောက်ပိုင်က သူ့ဖုန်းကို တွေးတွေးဆဆလေး ကြည့်နေမိသည်။ သူ့ဖုန်းသည် ဓာတ်ပုံရိုက်လို့ရပြီး ဗီဒီယို ရိုက်ကူးထားလို့ရသည်။ သို့သော်ငြားလည်း သူသည်တစ်ဖက်လူကို မြင်နိုင်ပါမည်တဲ့လား...
ရုံရှင်းက သူ့ခေါင်းက ဆံပင်ကို သုတ်ရင်းရောက်လာ၏။ "အစ်ကိုပိုင် ဖုန်းခေါ်တဲ့အချိန်တုန်းက ဘယ်လိုလုပ်ပြီး အဲဒီလောက် တွယ်ကပ်တတ်သွားတာလဲ။ ဒါက ရှမြန်နဲ့ စကားပြောနေတာမှန်း ကျွန်တော် မသိဘူးဆိုရင် အစ်ကိုက မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေပြီလို့တောင် ထင်သွားဦးမှာ"
နဥ်ရှောက်ပိုင်...
ဒီအခိုက်အတန့်တွင် ရုံရှင်းက သက်ပြင်းချကာ ပြောလိုက်၏။ "ဒါပေမဲ့လည်း အစ်ကို့အနေနဲ့ ရည်းစားမထားတာဘဲ ကောင်းပါတယ်။ တကယ်လို့ အစ်ကိုသာ ရည်းစားထားခဲ့မယ်ဆိုရင် ကျွန်တော် အသက်ရှင်ဖို့နည်းလမ်း ရှိတော့မှာမဟုတ်ဘူး"
နဥ်ရှောက်ပိုင်က မျက်နှာသေဖြင့် ပြောလိုက်၏။
"မင်း အခုတော့ အသက်ရှင်ဖို့နည်းလမ်း ရှိတော့မှာမဟုတ်ဘူး"
...