အပိုင်း(၁၅၆)
Vol. 11 Ch. 156
မလိုအပ်သည့်ပြဿနာများကို ရှောင်ရှားဖို့ရန်အတွက် နဥ်ရှောက်ပိုင်သည် ဖိတ်စာရသည့်အထိ စောင့်ဆိုင်းလိုက်ပြီးမှ ဒီအတိုင်း ရက်တစ်ရက်ကို ရွေးချယ်ကာ မော့ဟယ်မှ စီနီယာအစ်ကိုများကို ခေါ်ပြီး အနားယူရန်နှင့် တချို့အကြောင်းအရာများကို ဆွေးနွေးဖို့ရန် ယွဲ့ကျွင်းဟိုတယ်သို့ ခေါ်သွားလေသည်။
ယနေ့ခေတ်တွင် ရေပန်းစားနေသည့် ခမ်းနားကြီးကျယ်လှသည့် အပြင်အဆင် အမျိုးမျိုးနှင့်ယှဉ်လျှင် ယွဲ့ကျွင်းအပန်းဖြေဟိုတယ်၏ ဒီဇိုင်းက ရိုးရိုးရှင်းရှင်း ဥရောပပုံစံဖြစ်သည်။ တော်တော်လေး သက်သောင့်သက်သာရှိလှ၏။
နဥ်ရှောက်ပိုင်သည် ဒီနေ့တွင်တော့ သာမာန်ဂျင်းဘောင်းဘီတစ်ထည်နှင့် အနက်ရောင်ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားကာ သူ့မျက်နှာကို အုပ်ထားသည့် ဘေ့စ်ဘောကပ်အုပ်ထုပ်တစ်လုံးကို ဆောင်းထားသည်။ သူ့နောက်တွင်တော့ နည်းပညာရှင်၂ယောက်နှင့် အိမ်ထောင်သည် တစ်ယောက်ကလည်း ထသွားထလာပုံစံဖြင့် ဝတ်ဆင်ထားသည်။ သူတို့၄ယောက်အဖွဲ့သည် ထိုမျှလောက် မပေါ်လွင်လှချေ။
လော်ဘီမှနေ၍ ဖြတ်လျှောက်လာသည့်အချိန်တွင် ကြီးမားလှသည့် အပြည့်မှန်ပြတင်းပေါက်မှတစ်ဆင့် အနောက်ဘက်ခြံဝင်းထဲက ရေကူးကန်နှင့် ရေလွှာလျှောကို မြင်နေရသည်။
မနက် ဆယ်နာရီဝန်းကျင်ရှိနေပြီဖြစ်သဖြင့် နေရောင်က ရှင်းလင်းစွာ တောက်ပလို့နေသည်။ ငယ်ရွယ်သည့် ယောက်ျားလေးများနှင့် မိန်းကလေးများသည် ရေကူးဝတ်စုံများကို ဝတ်ဆင်ကာ ရေကစားနေကြသည်။ နဥ်ရှောက်ပိုင်က မပြုံးဘဲမနေနိုင်အောင်ဖြစ်သွား၏။ ရှမြန်သည် ဒီလိုလှုပ်လှုပ်ရှားရှား ပြုလုပ်ရသည့်ကစားနည်းကို သေချာပေါက် သဘောကျပေလိမ့်မည်။
သူသည် မနေနိုင်တော့ဘဲ သူ့ဖုန်းကို ထိကိုင်ကြည့်လိုက်မိပြီးနောက်တွက် ဓာတ်ပုံရိုက်ယူကာ သူတို့ကို မမျှဝေနိုင်သည့်အတွက် ရှမြန်၏နောင်တကို အတိုင်းအတာတစ်ခုအထိ နားလည်သလိုရှိသွား၏။ သို့မဟုတ်လျှင် သူသည် ယခုနေ သူမကို ဓာတ်ပုံတစ်ပုံလောက် ပို့လိုက်လျှင် သူမသည် အပြေးပြန်လာချင်စိတ်ပင် ဖြစ်သွားလိမ့်မည်။
လီကျားစယ်က ပြုံးကာပြောလိုက်၏။ "အစ်ကိုနဥ် ဘာတွေစဉ်းစားနေတာလဲ။ အစ်ကို အရမ်းကို ပျော်ပျော်ရွှင်ရွှင် ပြုံးနေတာပဲ"
နဥ်ရှောက်ပိုင်သည် သတိပြန်ဝင်လာတော့သည်။ သူသည် အစတုန်းကတော့ ပြတင်းပေါက်ဘေးနားက ထိုင်ခုံတစ်ခုကို ရှာဖွေချင်ခဲ့သော်ငြားလည်း ပထမထပ်က အပန်းဖြေသည့်လူများနှင့် ပြည့်နက်နေပြီး နေရာလွတ် မရှိချေ။ သူတို့သည် နောက်ဆုံးတော့ ဒုတိယထပ်ပြတင်းပေါက်ဘေးက ဘိလိယက်ခုံတစ်ခုကို ရှာဖွေလိုက်ပြီး သူတို့၄ယောက်သည် အပြင်ဘက်ကိုကြည့်ရင်း ရိုးရိုးရှင်းရှင်း ဘိလိယက်ကစားနေကြ၏။
သူတို့၄ယောက်သည် စိတ်နှင့်ကိုယ်မကပ်ဘဲ ကစားနေကြသည်။ မော့ဖေးကွမ်းက မကြာခဏဆိုသလို နေပူထဲကရေလွှာလျှောကို ဆက်တိုက်လှမ်းကြည့်နေမိ၏။
ဟယ်ကျန်းမင်ကလည်း သူ့လိုပင်။ သူတို့၂ယောက်သည် လူမှုဆက်ဆံရေး မကောင်းမွန်သော်ငြားလည်း လှပသည့်မိန်းကလေးများစွာကို မြင်ရသည်ကို သဘောကျကြသေးသည်။
ဟယ်ကျန်းမင်က ဘိလိယက်တုတ်တံကို သုတ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ဥက္ကဋ္ဌနဥ် ရုတ်တရက်ကြီး ကျွန်တော်တို့ကို ဘာဖြစ်လို့ အလည်ခေါ်ချင်စိတ်ဖြစ်သွားတာလဲ"
လီကျားစယ်က ဘောလုံးကို ထိုးလိုက်ပြီး ရောင်စုံဘောလုံးလေးများက အပေါက်ထဲဝင်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။ သူက ပြောလိုက်၏။
"အစ်ကို ပုံမှန်ဆိုရင် ပျော်ရွှင်ရအောင်ဆိုပြီး ကျွန်တော်တို့ကို အပြင်ခေါ်ထွက်လေ့မရှိပါဘူး။ အစ်ကို ကျွန်တော်တို့ကို အရင်တုန်းကထက်ပိုပြီးတော့ အလိုလိုက်ချင်နေတာလား။ ဥက္ကဋ္ဌနဉ်"
နဥ်ရှောက်ပိုင်က ဘိလိယက် တုတ်ကိုမှီလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ ပြောလိုက်လေသည်။ "အစ်ကိုလီက အရမ်းကို ထိုးထွင်းသိမြင်နိုင်စိတ်ရှိတာပဲ"
လီကျားစယ်က ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်၏။
"ဒီလောက်များပြားတဲ့စိတ်ကူးတွေကို ဘယ်ကရလာလဲဆိုတာ မသိတော့ဘူး။ အခုတလောမှာပေါ့။ ဘယ်သူက မင်းကို ညဏ်ကွန့်မြူးအောင် လုပ်ပေးနေတာလဲ"
နဥ်ရှောက်ပိုင်သည် အော်ဟစ်ကာရေထဲသို့ လျှောဆင်းသွားသည့် မိန်းကလေးတစ်ယောက်ကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ အော်ရယ်လိုက်လေသည်။
"စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကို အချိန်မရွေး မျှဝေပြီး မှတ်တမ်းယူထားဖို့ လိုတယ်လို့ မထင်ဘူးလား။ အထူးသဖြင့်...မင်းရည်းစားထားတဲ့အချိန်မှာပေါ့"
လီကျားစယ်သည် နဥ်ရှောက်ပိုင်ကိုတအံ့တသြကြည့်လိုက်၏။ "ဘာဖြစ်နေတာပါလိမ့်"
နဥ်ရှောက်ပိုင်၏ နှုတ်ခမ်းနှင့် မျက်ခုံးများအားလုံးက ပြုံးရောင်သန်းသွားလေသည်။
သူတို့၃ယောက်သည် သူတို့လုပ်နေသည့်အရာများကို မနေနိုင်ဘဲရပ်ထားလိုက်ရတော့၏။ သူတို့၏ အမြင်တွင် နဥ်ရှောက်ပိုင်သည် ရည်းစားထားနိုင်လိမ့်မည်ဟု မည်သို့မှစဉ်းစား၍မရချေ...
"ဘယ်ကောင်မလေးလဲ..." လီကျားစယ်၏စကားသည် သူ့မေးခွန်းကိုပြီးအောင် မမေးရသေးခင်မှာပင် အပြေးအလွှားရောက်လာသည့် ရုံရှင်း၏ဖြတ်ပြောခြင်းကို ခံလိုက်ရ၏။ "ဝိုး... အစ်ကိုပိုင် အစ်ကို ဒီကိုတကယ် ရောက်နေတာပဲ"
သူသည် အခုလေးတင်မှ သတင်းကိုရရှိခဲ့ပြီး ရေကူးကန်ထဲမှ ချက်ချင်းပြေးတက်လာသည်မှာ သိသာသည်။ သူသည် ကြီးမားသည့် ရေချိုးတဘက်ကြီးကို ခြုံထားကာ အောက်ဘက်တွင်လည်း ရေကူးဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။
နဥ်ရှောက်ပိုင်က မျက်မှောင်ကြုတ်လိုက်ပြီး သူနှင့်မမျှော်လင့်ဘဲ တွေ့ဆုံရသည်ကို အရမ်းကြီး ပျော်ရွှင်မနေသည်မှာ သိသာသည်။ သူက မလိုလားစွာဖြင့် ပြောလိုက်၏။ "မင်းမှာ လုပ်စရာတစ်ခုခု မရှိဘူးလား။ ဘာဖြစ်လို့ဒီနေရာမှာ နေ့တိုင်းလာပြီးတော့ လည်ပတ်နေတာလဲ"
ရုံရှင်းက ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။
"တကယ်တမ်းကျတော့ ကျွန်တော်လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ဒီကိုလာခဲ့တာပါ။ အစ်ကိုနဲ့ တွေ့မယ်လို့တောင် မထင်မိဘူးလေ အစ်ကိုပိုင်ရဲ့။ ကျွန်တော်တို့တွေ စိတ်ချင်းဆက်နေတာလို့ အစ်ကို ထင်လား"
လီကျားစယ်က သူ့ကိုအကြင်နာမဲ့စွာ ထုတ်ဖော်လေ၏။
"ဒီနေ့က အစ်ကိုနဥ်ရဲ့အလုပ်နားရက်လေ။ သူ ဒီနေရာမှာ ပေါ်လာနိုင်ခြေက တော်တော်လေး မြင့်မားတယ်"
သူသည် အင်မတန်မှ လူရှုပ်လာသည့်ဒုတိယထပ်ကို ဝေ့ကြည့်လိုက်ပြီး "ဒီတော့ ဒီနေရာမှာ စောင့်နေတဲ့လူကလည်း မနည်းလောက်ဘူးလေ"
သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ယွဲ့ကျင်းဟိုတယ်ပိုင်ရှင် ကျူးကျားသုန်းသည် သူ့ကို လာရောက်နှုတ်ဆက်လေသည်။
"မစ္စတာနဥ် လူကြီးမင်းကို လာပြီးတော့နှုတ်ဆက်ဖို့ ချက်ချင်းရောက်မလာမိတာ အားနာပါတယ်။ ကျွန်တော် အရမ်းကြီး မလေးမစားဖြစ်သွားမိတယ်"
တစ်ဖက်လူသည် တော်တော်လေးတင့်တယ်သည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက လူများကို သက်သောင့်သက်သာ ဖြစ်နေစေ၏။
နဥ်ရှောက်ပိုင်က သူ့ကိုလက်ခါပြလိုက်ပြီး ပြောလိုက်သည်။ "အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျွန်တော်က ဒီအတိုင်း အပျော်သက်သက် လာလည်တာပါ" သူက ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ဒီဟိုတယ်က တော်တော်ကောင်းတာပဲ"
ကျူးကျားသုန်း၏မျက်နှာပေါ်က အပြုံးသည် သိသိသာသာ ထင်ရှားလာ၏။ နဥ်ရှောက်ပိုင်နှင့် လူတချို့က ရေလွှာလျှောကိုကြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ ရုံရှင်း ပြောခဲ့သည့်အကြောင်းအရာကို စဉ်းစားလိုက်ပြီး သူက သွေးတိုးစမ်းသလို မေးလိုက်၏။
"ဒီမှာလာကစားဖို့ လူကြီးမင်းအနေနဲ့ လူတွေကိုထပ်ပြီးတော့ ဖိတ်ခေါ်ချင်သေးလား။ စားပွဲတင်တင်းနစ် ကစားတဲ့အရာမှာ အရမ်းတော်တဲ့မိန်းကလေးတချို့တွေလည်း အောက်ထပ်က ရေကူးကန်မှာ ရှိတယ်"
"ဪ ဘာဖြစ်လို့ စားပွဲတင်တင်းနစ်ကို ကစားကြတာလဲ။ မိန်းကလေးဘယ်နှစ်ယောက်က စားပွဲတင်တင်းနစ်ကို ကစားတတ်လို့လဲ" ရုံရှင်းသည် ‘နဥ်ရှောက်ပိုင်ကို ကျွန်တော် အားလုံး သိပါတယ်နော်’ ဟူသည့်မျက်နှာထားဖြင့် ကြည့်လိုက်ပြီး ရှက်ရှက်ဖြင့်ပြောလိုက်၏။
"ဒီအတိုင်းအောက်ဆင်းသွားပြီးတော့ ကစားလိုက်ပါဗျာ။ အဲဒါကနိဗ္ဗာန်ဘုံပဲ"
နဥ်ရှောက်ပိုင် စကားပြောလာမှာကို စောင့်မနေဘဲ သူက လက်ကိုဆန့်လိုက်ပြီး မော့ဖေးကွမ်းနှင့် လီကျားစယ်တို့ကို အဝတ်အစားလဲခန်းထဲသို့ အတူတူဆွဲခေါ်သွားလိုက်လေသည်။ "ငါတို့အားလုံးက ယောက်ျားတွေပဲလေ။ ဘာဖြစ်လို့အဲဒီလောက်အထိ ထိန်းသိမ်းနေရမှာလဲ"
"ငါ မင်းကို ပြောပြမယ်နော်။ အောက်ထပ်က မိန်းမလှလေးတွေအားလုံးက စင်ဂယ်တွေဗျ။ ဒီတော့ ၂ယောက်စလုံး စိတ်လွတ်ကိုယ်လွတ်သာပျော်လိုက်"
နောက်ဆုံးတွင် မော့ဖေးကွမ်းနှင့် ဟယ်ကျန်းမင်တို့သာ ရေထဲသို့ပျော်ပျော်ရွှင်ရွှင် ဆင်းသွားကြပြီး နဥ်ရှောက်ပိုင်နှင့် လီကျားစယ်တို့ကတော့ ဘိလိယက်ခုံဘေးက ဆိုဖာခုံပေါ်တွင်ထိုင်ပြီး သူတို့ ကစားနေသည်ကိုသာ ကြည့်နေကြလေသည်။
ရုံရှင်းသည် ရေထဲမှ ရေကူးပြီးတက်လာပြီးနောက် နဥ်ရှောက်ပိုင်အား မိန်းကလေးများ၏ အကြောင်းအရာတချို့ပြောပြနေစဉ်တွင် နဥ်ရှောက်ပိုင်က ကျူးကျားသုန်းကို မေးလာသည်ကို ကြားလိုက်ရ၏။
"ကလေးတွေရော ရေလွှာလျှောစီးလို့ရလား။ ခင်ဗျားရဲ့ရေကူးကန်ထဲမှာ ကလေးတွေအတွက် နေရာတစ်ခုရောရှိလား"
ရုံရှင်း...
ဘေးမှာမိန်းမလှလေးတွေ အဲဒီလောက်အများကြီး ရှိနေတာကို ဘာဖြစ်လို့ကလေးတွေအကြောင်း စဉ်းစားနေတာလဲ။ နောက်တစ်နှစ်ကျရင် ရည်းစားစထားမယ်လို့ပြောတာ ဘယ်သူလဲ။ ဒါကရော ဖြစ်ရောဖြစ်နိုင်သေးရဲ့လား။
သူသည် စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်၏။ "အစ်ကို ချန်းချန်းမှာ သူ့ကို စောင့်ရှောက်ပေးမဲ့ သူ့အဖေနဲ့ အမေ ရှိပါတယ်။ သူအခုလည်း ခရီးသွားနေတာလေ။ အစ်ကိုကဘာဖြစ်လို့ အဲဒီလောက်ထိ စိုးရိမ်နေတာလဲ"
နဥ်ရှောက်ပိုင်သည် သူ့ကိုလုံးဝလျစ်လျူရှုထားလေသည်။ ဒါကိုမြင်ရသည့်အခါ ကျူးကျားသုန်းက ပြုံးကာပြောလိုက်၏။ "ဒီမှာကလေးတွေအတွက် ကစားဖို့သင့်တော်တဲ့ အရာတွေ အများကြီးရှိပါတယ်။ သခင်လေးနဥ် တစ်ချက်လောက်ကြည့်ဖို့ ကျွန်တော် ခေါ်သွားပေးရမလား"
နဥ်ရှောက်ပိုင်သည် ချက်ချင်း ထရပ်လိုက်ပြီး ကျူးကျားသုန်းနောက် လိုက်သွားလေသည်။
ကျိုးကျားသုန်းက ဒီနေရာတွင်ရှိသည့် စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်ဖွယ်ရာနေရာများအားလုံးကို နဥ်ရှောက်ပိုင်အား မိတ်ဆက်ပြလိုက်သည်။ သူ့မျက်နှာပေါ်ကအပြုံးကို မကြာခဏတိုင်း တွေ့နေရသည့်အခါ သူသည် နောက်ဆိုလျှင် ဒီနေရာကို သေချာပေါက် ထပ်လာလိမ့်မည်ဟု သိနေသဖြင့် ချက်ချင်းဆိုသလို ၀မ်းသာသွားတော့၏။
နဥ်ရှောက်ပိုင်က သူ့တူလေးကို အမှန်ပင် အလွန်ချစ်မြတ်နိုးလေသည်။ သူသည် သူ့ကလေးအရင်းကိုလည်း ထိုနည်းတူစွာ ဆက်ဆံပေလိမ့်မည်။
နေ့လယ်ခင်းရောက်တော့မည်ကို တွေ့လိုက်ရသဖြင့် ကျူးကျားသုန်းက နဥ်ရှောက်ပိုင်ကို တတိယထပ်သို့ ဖိတ်ခေါ်လိုက်၏။
"အရင်ဆုံး တစ်ခုခုစားကြတာပေါ့"
ပြီးခဲသည့်၂နှစ်အတွင်းတွင် ဘူဖေးသည် တရုတ်ပြည်တွင် တဖြည်းဖြည်း နာမည်ကြီးလာခဲ့သည်။ တတိယထပ်၏ ဘူဖေးစားသောက်သည့်နေရာသည် အလွန်မှ စိတ်တက်ကြွစေလေ၏။ ကျူးကျားသုန်းသည် ဒီအကြောင်းကို ပြောရသည့်အချိန်တွင် အနည်းငယ်ဂုဏ်ယူရလေသည်။
"ကျွန်တော်တို့ဆီမှာ တရုတ်အစားအသောက်နဲ့ အနောက်တိုင်းအစားအသောက် ၂မျိုးစလုံးရှိတယ်။ ကျွန်တော်တို့တွေ ပရော်ဖက်ရှင်နယ်အနောက်တိုင်း စားဖိုမှူးတစ်ယောက်ကိုလည်း ငှားရမ်းထားတယ်။ အနောက်တိုင်း အစားအသောက်ရဲ့အရသာက အရမ်းကို စစ်မှန်လွန်းတယ်။ မစ္စတာနဉ် ခင်ဗျားစမ်းစားကြည့်လို့ရပါတယ်"
နဥ်ရှောက်ပိုင်၏မျက်လုံးများသည် တရုတ်အစားအသောက်ပေါ်တွင် ရောက်နေ၏။ ဒီနေရာတွင်တော့ သူနှင့် ရှမြန်တို့၂ယောက်စလုံးက တူညီသည့်အကြိုက်များရှိကြသည်။ အထူးသဖြင့် အသားနှင့် ပတ်သက်လာလျှင် သူတို့၂ယောက်စလုံးသည် တရုတ်အစားအသောက်များကို ကြိုက်ကြသည်။ သူမသည် အရသာရှိလှသည့် ဒီအစားအသောက်တန်းလျားကြီးကို သေချာပေါက် သဘောကျပေလိမ့်မည်။
ထို့အပြင် ရှမြန်၏အကြိုက်ဆုံးက...
ကျူးကျားသုန်းသည် နဥ်ရှောက်ပိုင်က ရပ်လိုက်သည်ကို တွေ့လိုက်ရသည့်အခါ သူ၏မြင်ကွင်းနောက်သို့ လိုက်ကြည့်လိုက်သည်တွင် ရေခဲသေတ္တာရှေ့က ရုံရှင်းကို တွေ့လိုက်ရ၏။ နဥ်ရှောက်ပိုင်က ရုံရှင်းကိုကြည့်နေသည်ဟု ထင်လိုက်သဖြင့် သူကလှမ်းခေါ်လိုက်လေသည်။ "သခင်လေးရုံ"
ရုံရှင်းက ရေခဲသေတ္တာထဲကရေခဲချောင်းတချို့ကို ထုတ်ယူလာပြီး လှည့်ကြည့်ကာ ကျူးကျားသုန်းကို ချီးကျူးစကားပြောလိုက်လေသည်။
"မစ္စတာကျူး မင်းမှာ ဒီလိုအိမ်မှာ စားလို့ရတဲ့အစားအသောက်တွေလည်း ရှိမယ်လို့မထင်ထားဘူး။ ကောင်းလိုက်တာ"
"ရာသီဥတုက ပူနေတယ်လေ" ကျူးကျားသုန်းက ရယ်မောလိုက်ပြီး သိပ်မဝေးလှသည့်နေရာက သူ့ကိုစောင့်ဆိုင်းနေကြသည့် မိန်းကလေးများ၏ စားပွဲကိုလှမ်းကြည့်လိုက်ပြီး ကျီစယ်သလို ပြောလိုက်လေသည်။ "ဒါက သခင်လေးရုံအတွက် မိန်းကလေးတွေကို ပိုးပန်းဖို့ ပိုပြီးတော့ လွယ်ကူသွားမှာပေါ့"
ရုံရှင်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။ နဥ်ရှောက်ပိုင်က သူ့လက်ထဲကရေခဲချောင်းကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူက မဝံ့မရဲဖြင့် လက်ကိုဆန့်ကာလှမ်းပေးလိုက်သည်။
"အစ်ကိုပိုင် တစ်ချောင်းလောက် စားချင်လား"
နဥ်ရှောက်ပိုင်သည် သူဘာ စဉ်းစားနေသည်ကိုပင် မသိတော့ချေ။ အပြုံးတစ်ခုက ရုတ်တရက်ဆိုသလို သူ့မျက်လုံးထောင့်များသို့ ပျံ့နှံလာခဲ့သည်။ သူက လက်ကိုဆန့်လိုက်ပြီး တွေဝေမနေဘဲ ရေခဲချောင်းတစ်ခုကို ယူလိုက်ပြီးနောက် မော့ဖေးကွမ်းနှင့် တခြားသူများဆီသို့ လျှောက်သွားလိုက်၏။
ဒီလူများသည် သူတို့ကိုယ် သူတို့ ဆိုးဆိုးဝါးဝါး ဆက်ဆံလိမ့်မည်မဟုတ်သည်မှာ သေချာသည်။ သူတို့အားလုံးက အပေါ်သို့တက်လာကြပြီး ကိုယ့်ဟာကိုယ် စတင်စားသောက်နေကြ၏။
ရုံရှင်းက နဥ်ရှောက်ပိုင်၏ကျောပြင်ကို အူကြောင်ကြောင်လေးဖြင့် ငေးကြည့်နေကာ ကျူးကျားသုန်းကို မေးလိုက်လေသည်။
"သူ ခုနတုန်းက ပျော်ပျော်ရွှင်ရွှင်ကြီး ပြုံးနေတာ မဟုတ်လား"
ကျူးကျားသုန်းက ခေါင်းညိတ်ပြလိုက်သည်။ ဒါက အမှန်ပင်။ အလွန်မှဆွဲဆောင်မှုရှိလှ၏။ သူ့လိုယောက်ျားတစ်ယောက်ကပင် အခိုက်အတန့် မှင်တက်အံ့သြသွားရသည်။
"သူက ရေခဲချောင်းလေးတစ်ချောင်းစားရတာကို အဲဒီလောက် ပျော်နေတာလား" ရုံရှင်းမှာ မေးခွန်းများအပြည့် ဖြစ်သွားလေသည်။ "မဟုတ်သေးဘူး။ ဒါတော့ မဟုတ်သေးပါဘူး။ သူ ဒီလိုအစားအသောက်မျိုးကို တစ်ခါမှမစားတာပါ"
ကျူးကျားသုန်းက ပြုံးလိုက်ပြီး ဘာပြောရမည်ကိုမသိသဖြင့် သူက ဒီအတိုင်း ရုံရှင်းကို ခဏလောက် အဖော်ပြုပေးလိုက်ပြီးနောက် မိန်းကလေးများဆီသို့ လိုက်ပို့ပေးလိုက်လေသည်။ သူသည် ထိုနေရာမှ ပြန်မလာခင်တွင် ပါးနပ်သည့်အပြုအမူတစ်ခုဖြင့် မိတ်ဆက်ပေးဖို့ရန် တောင်းဆိုနေသည့် ထိုလူများကို ငြင်းပယ်ခဲ့သည်။
ဒီနေ့ သူ၏အဓိကတာဝန်မှာ နဥ်ရှောက်ပိုင်ကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးရန်ဖြစ်သည်။ တစ်ဖက်လူသည် ဒီနေရာတွင် အနားယူဖို့ရောက်လာသည်မှာ သိသာသည်။ ထို့ကြောင့်သူသည် ကိုယ့်ဟာကိုယ် ပျင်းရိငြီးငွေ့သွားအောင်ခံစားရစေရန် မည်သို့လုပ်နိုင်ပါမည်နည်း။
သို့သော်ငြားလည်း သူတို့သည် လုံးဝအပန်းဖြေနေကြသည်တော့ မဟုတ်ချေ။ ကျူးကျားသုန်းက ရောက်လာသည့်အချိန်တွင် သူတို့သည် အလုပ်ကိစ္စများကို စကားပြောနေကြပြီဖြစ်၏။
...
"ဖုန်းနဲ့ ဓာတ်ပုံရိုက်လို့ရရင် ဟုတ်လား"
"ဒါကမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဟွားကွမ်းကလည်း ဒစ်ဂျစ်တယ်ကင်မရာသုတေသနကို စပြီးတော့ လုပ်နေတယ်လို့ ကျွန်တော် ကြားထားတယ်။ ကျွန်တော်တို့တွေသွားပြီးတော့ ပူးပေါင်းသုတေသနကိစ္စကို တိုင်ပင်လို့ရနိုင်ပါတယ်"
"ဟုတ်တယ်။ အခု ကျွန်တော်တို့တွေမှာ ဒစ်ဂျစ်တယ်ကင်မရာတွေ ရှိလာကြပြီ။ ဒါက အယူအဆပိုင်းဆိုင်ရာအရဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့ ဒါက ပြီးပြည့်စုံတဲ့စနစ် ဝန်ဆောင်မှုတစ်ခုတော့ လိုအပ်ကောင်း လိုအပ်လိမ့်မယ်။ ဒါကပိုပြီးတော့ ရှုပ်ထွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"
"..."
ရုံရှင်းသည် ရေခဲချောင်းကို သွားပို့ပြီးသည့်နောက်တွင် သူကလည်း ရောက်လာပြီး မေးလိုက်၏။
"ဘာအကြောင်း ပြောနေကြတာလဲ"
"ဆဲလ်ဖုန်းက ဓာတ်ပုံရိုက်လို့ရပြီး ဗီဒီယိုရိုက်ကူးလို့ရရင် ကောင်းမှာပဲဆိုတဲ့အကြောင်းလေ"
ရုံရှင်းက ဒါကို စိတ်ကူးယဉ်ဆန်သည်ဟု ထင်လိုက်၏။ "ကျွန်တော်တို့တွေမှာ ကင်မရာတစ်လုံးနဲ့ တီဗီတစ်လုံး ရှိနေတာပဲ။ ဆဲလ်ဖုန်းတစ်ခုကို ဘာဖြစ်လို့လိုဦးမှာလဲ"
နဥ်ရှောက်ပိုင်က ရေခဲချောင်းကို ဖြည်းဖြည်းချင်းတစ်ကိုက်လောက် ကိုက်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
"မင်း အလွယ်တကူ ရည်းစားထားလို့ရအောင်ပေါ့"
ဟယ်ကျန်းမင်ကလည်း အနည်းငယ် စိတ်လှုပ်ရှားလာလေသည်။ "ဒီအကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ အချိန်မရွေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ယူလို့ရပြီး မင်းရဲ့နတ်ဘုရားမလေးဆီကို ချက်ချင်းပို့ပေးလို့ရတယ်လေ။ အဲဒီလိုပဲ မင်းရဲ့နတ်ဘုရားမလေးကလည်း သူ့ရဲ့ဘဝပုံစံနဲ့ အချိန်ဇယားတွေကို မင်းဆီကို အချိန်မရွေး ပြောပြလို့ရတယ်လေ"
လီကျားစယ်သည် ရုံရှင်း၏အခြေအနေကို သဘောပေါက်သွားသဖြင့် စနောက်ကာပြောလိုက်၏။
"ဒီလိုဆိုရင် သူက ရိုက်ကူးရေးအဖွဲ့နဲ့သွားပြီး မင်းနဲ့ဝေးကွာနေရတယ်ဆိုရင်တောင် မင်းက သူနဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်သေးတယ်။ မင်းရဲ့နတ်ဘုရားမအကြောင်းကိုလည်း ပိုပြီးတော့ မြန်မြန်ဆန်ဆန် သိလာနိုင်တယ်လေ"
မော့ဖေးကွမ်းက ဒါကိုစတင်ပြီးတော့ မျှော်လင့်လာမိ၏။
"လူတွေက အိမ်ကနေမထွက်ဘဲ တွေ့ဆုံနိုင်ဖို့ ဖြစ်နိုင်ခြေလည်းရှိတယ် မဟုတ်လား။ ဒါက လက်ရှိတယ်လီဖုန်းထက် အများကြီး ပိုပြီးအဆင်ပြေလိမ့်မယ်"
ရုံရှင်းသည် မိုဘိုင်းလ်ဖုန်းနှင့် ဓာတ်ပုံရိုက်ခြင်း၏ အကျိုးကျေးဇူးကို နောက်ဆုံးတော့ သဘောပေါက်သွားပြီး သူ၏မျက်လုံးများက လင်းလက်သွားတော့သည်။
"ဟာ ဒါဆိုရင်တော့ စိတ်ကူးကောင်းတစ်ခုပဲ။ ဖုန်းခေါ်ဆိုပြီး စာရိုက်တာက ဓာတ်ပုံရိုက်ပြီး ဗီဒီယိုရိုက်ကူးတာထက် ပိုပြီးတော့ကောင်းသေးတယ်..."
သူသည် ပြောရင်းဆိုရင်း ဘာကိုစဉ်းစားနေသည်ကိုမသိချေ။ သူ၏အပြုံးက တော်တော်လေးကို အရိုင်းဆန်လာတော့သည်။
"ငါတို့တွေသာ မျက်နှာချင်းဆိုင်ဗီဒီယိုနဲ့ စကားပြောလို့ရမယ်ဆိုရင်..."
သူသည် ရုတ်တရက် နဥ်ရှောက်ပိုင်၏လက်ကိုလှမ်းဆွဲလိုက်ပြီး စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
"အစ်ကို အစ်ကို ဒါကို ကျွန်တော့်အတွက် လုပ်ပေးနေတာ မဟုတ်လား"
"အစ်ကိုက ကျွန်တော့်ရဲ့ဘဝတစ်သက်စာ ကိစ္စကြီးနဲ့ပတ်သက်ပြီး အဲဒီလောက်စိုးရိမ်နေမယ်လို့ ကျွန်တော် မထင်ထားမိဘူး။ အစ်ကိုက ကျွန်တော့်ရဲ့တကယ့်ကို အစ်ကိုအရင်းပါပဲ"
နဥ်ရှောက်ပိုင်...
"အစ်ကို့လို အစ်ကိုတစ်ယောက် ဘေးမှာရှိနေတယ်ဆိုတော့ ကျွန်တော် သေချာပေါက် သေတော့မှာ မဟုတ်ဘူး" သူသည် သွေးများဆူပွက်နေသည့်ပုံဖြင့် တခြားလူ၃ယောက်ကိုလည်း ပြောလိုက်လေသည်။ "အစ်ကိုတို့တွေ အစ်ကိုတို့ သေချာပေါက် ဒါကိုလုပ်ရမယ်နော်။ တကယ်လို့ တစ်ခုခုလိုတာရှိရင် ကျွန်တော့်ကို ပြောလိုက်။ ကျွန်တော် အစ်ကိုတို့အတွက် ရပ်တည်ပေးမှာ"
မော့ဖေးကွမ်းသည် သူက တစ်ခုခုကို နားလည်မှုလွဲနေသည်ကို တွေ့လိုက်ရ၏။ "ဒါက နှစ်နည်းနည်းတော့ ကြာဦးမှာ..."
လီကျားစယ်က သူ့ကိုမြန်မြန်ပြန်ထိန်းထားလိုက်ပြီး ရုံရှင်းကိုအပြုံးတစ်ခုဖြင့် လက်မထောင်ပြလိုက်လေသည်။
"ဒါဆိုရင်လည်း အားလုံးအတူတူ ပိုပြီးကြီးတဲ့တစ်ခုကို လုပ်ကြတာပေါ့"
"ပြဿနာမရှိပါဘူး" ရုံရှင်းက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်သည်။
ဟယ်ကျန်းမင်သည် ကိုယ်ချင်းစာစွာဖြင့် ရုံရှင်းကို ကြည့်လိုက်မိ၏။ သူသည် အကြိမ်ပေါင်းများစွာ လှည့်စားခံရပြီးဖြစ်သော်ငြားလည်း သူသည် သင်ခန်းစာ မယူတတ်သေးချေ။
ကျူးကျားသုန်းက အလွန်အားကျသွားတော့သည်။ သခင်လေးရုံသည် ဘုရားရှင်၏ အမှန်တကယ် မျက်နှာသာပေးခံရသူတစ်ယောက်ဖြစ်သည်ဟု စဉ်းစားလိုက်မိလေသည်။ ဒါသည် သူ့အတွက်လည်း သခင်လေးနဥ်၏ ပရောဂျက်အသစ်တွင် ပါဝင်လာဖို့ အခွင့်အရေးဖြစ်ခဲ့သည်။
ကျူးကျားသုန်းသည် ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး ဘယ်သူ့ကိုမှ အမှန်တကယ် နားမလည်သော်ငြားလည်း သူသည် ဒါက အထင်ကြီးစရာကောင်းသည်ဟု ထင်နေလေသည်။
"ပြောချင်တာက ကျွန်တော်တို့ရဲ့ဖုန်းနဲ့ ဟိုတယ်မှာ စားတဲ့အစားအစာတွေ၊ ကစားတဲ့ပုံတွေကို ဓာတ်ပုံရိုက်ယူလို့ရပြီး အဲဒီဓာတ်ပုံတွေကိုပြဖို့ အားလုံးကို ပြန်ပြီးပို့ပေးလို့ရတယ်ဆိုတဲ့ သဘောလား"
"ကျွန်တော် စဉ်းစားနေတာလည်း အဲ့ဒါပဲ" နဥ်ရှောက်ပိုင်က တစ်ဝက်စားထားပြီးသားဖြစ်သည့် သူ့ရှေ့ကရေခဲချောင်းကိုကြည့်လိုက်လေသည်။ ဒါသည် ထိုနေ့ကရထားပေါ်က ထိုတူညီသည့်ပုံစံအတိုင်း ဖြစ်နေ၏။
တကယ်လို့ ငါသာ ဓာတ်ပုံတစ်ပုံရိုက်ပြီး အဲဒီကလေးမကို ဒီဓာတ်ပုံပို့လိုက်မယ်ဆိုရင် သူ ရှက်နေမလား မသိဘူး...
နဥ်ရှောက်ပိုင်၏မျက်လုံးများသည် အမှတ်တမဲ့သူ၏လက်ခုံပေါ်သို့ တဖန်ပြန်ကြရောက်သွား၏...
သူကစကားပြောရင်းတန်းလန်း စိတ်ပျံ့လွင့်သွားသည်ကို တွေ့လိုက်ရသည့်အခါ ကျုးကျားသုန်းသည် မနေနိုင်ဘဲထပ်ပြီးခေါ်လိုက်ရလေသည်။
"မစ္စတာနဉ်"
နဥ်ရှောက်ပိုင်က မော့ကြည့်လိုက်၏။
"ဘာကိစ္စရှိလို့လဲ"
မော့ဖေးကွမ်းက နားမလည်သလို မေးလိုက်ရသည်။
"အစ်ကိုနဉ် အစ်ကို ဘာဖြစ်လို့ အစ်ကို့ရဲ့လက်ခုံကိုပဲ ဆက်တိုက်ကြည့်နေတာလဲ။ ဒီနေ့ ဒီလိုဖြစ်နေတာ တော်တော်များပြီနော်"
ရုံရှင်းသည် ချက်ချင်းဆိုသလို စားပွဲကိုထုလိုက်ပြီး ပြောလိုက်၏။
"ငါပဲ အမြင်မှားနေတာလို့ ထင်ခဲ့တာ"
"ဒီနေ့မှ မဟုတ်ပါဘူး။ ဒီလိုဖြစ်နေတာ ပြီးခဲ့တဲ့ရက်ကတည်းက။ သူက ငေးကြောင်ကြောင်နဲ့ သူ့ရဲ့လက်ခုံကို စိုက်ကြည့်နေတာကို ခဏခဏ တွေ့နေရတယ်လေ။ ပြီးတော့ အရူးလိုသွားကြီးကို ဖြဲနေတာပဲ"
"အစ်ကိုပိုင် အစ်ကို့ရဲ့လက်ခုံက ဘာဖြစ်လို့လဲ။ ပန်းတွေ ပွင့်နေလို့လား"
ဒီအခြေအနေကို ကျော်ဖြတ်လာခဲ့ပြီးသူဖြစ်သည့် လီကျားစယ်သည် သူအရင်က ပြောခဲ့ဖူးသည့်စကားနှင့် ပေါင်းစပ်ကြည့်ကာချက်ချင်းဆိုသလို ဒီနောက်ကွယ်က အကြောင်းအရာကို သဘောပေါက်သွားပြီး ပြုံးလိုက်တော့သည်။ နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားကာ ဘာမှမဖြစ်ခဲ့သလို သူ့လက်ကို ပြန်ချထားလိုက်ပြီးနောက် အကြောင်းအရာတစ်ခုကို ထပ်ပြောလိုက်လေသည်။
"အခုတလော မင်းရဲ့ကားကို သုံးနေလား"
ရုံရှင်းက ပြောလိုက်၏။ "မသုံးပါဘူး ဘာဖြစ်လို့လဲ။ အစ်ကို့ကား ပျက်သွားလို့လား"
"ကားရုံကို ပို့ထားလို့ပါ။ ရက်နည်းနည်းကြာမယ်တဲ့"
"ဪ" ရုံရှင်းက ပြောလိုက်သည်။ "ကျွန်တော် ကျွန်တော့်ကားကို မလိုသေးပါဘူး။ အစ်ကို လိုချင်တဲ့အချိန် သုံးလို့ရတယ်လေ။ ဟဲဟဲ ကျွန်တော်က ကျွန်တော့်ရဲ့နတ်ဘုရားမလေးကို သွားပြီးပိုးပန်းတော့မှာ"
နဥ်ရှောက်ပိုင်က ဇဝေဇဝါဖြစ်သွားသည်။ "မင်းက မိန်းကလေးတစ်ယောက်ကိုပိုးပန်းတာ ကားတစ်စီးမလိုဘူးလား"
သူပဲ ခေတ်နောက်ကျနေတာလား။ ယောက်ျားတွေ တော်တော်များများက မိန်းကလေးကို ပိုးပန်းတဲ့နေရာမှာ ဇိမ်ခံကားတစ်စီးက လက်နက်တစ်ခုပဲလေ။ သူ အဲဒီလို မှတ်မိတာပါ။
ရုံရှင်းက ခပ်တိုးတိုးရယ်မောလိုက်သည်။
"အစ်ကို ဒါကို နားမလည်ပါဘူးဗျာ။ ဟုတ်တယ်မလား"
"တကယ်လို့ ကျွန်တော်က ကားမောင်းသွားမယ်ဆိုရင် ကျွန်တော်က ဒရိုင်ဘာတစ်ယောက်ပဲ လုပ်နေရပြီးတော့ စကားသေသေချာချာတောင် ပြောနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ ကျွန်တော်သာ ကားမမောင်းရဘူးဆိုရင် ကျွန်တော်က နတ်ဘုရားမလေးနဲ့အတူတူ လေယာဉ်စီးပြီးတော့ သူ့ဘေးမှာလည်း ထိုင်လို့ရမယ်လေ။ သူ ပင်ပန်းတဲ့အချိန်ကျရင် သူက ကျွန်တော့်ပခုံးပေါ်မှာလည်း မှီလို့ရတယ်..." သူသည် ပြောရင်းဆိုရင်း သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာတော့၏။
ကျူးကျားသုန်းက ပြုံးကာပြောလိုက်လေသည်။
"မင်းရဲ့နတ်ဘုရားမလေးက ပိုးပန်းရတာ အဲဒီလောက်မလွယ်ပါဘူး"
ရုံရှင်းက နှမြောတသစွာ ပြောလိုက်၏။
"နတ်ဘုရားမလေးက ရထားနဲ့သွားရင် အရမ်းကောင်းမှာပဲ။ ဒါဆိုရင် ယန်မြို့ကနေ ရှန်မြို့ကိုရောက်ဖို့ တစ်နေ့နဲ့တစ်ည အချိန်ယူရမှာ။ ကျွန်တော်က သူ့ဘေးက ထိုင်ခုံကိုဝယ်ပြီးတော့ သူနဲ့အတူတူ၂ယောက်တည်းထိုင်ရုံပဲ..."
ဂရုမစိုက်ဘဲ ရှိနေသည့် နဥ်ရှောက်ပိုင်သည် ရုတ်တရက်ဆိုသလို သူ့မျက်လုံးများကို ပင့်လိုက်ပြီး ရုံရှင်းကိုကြည့်လိုက်၏။
ရုံရှင်းက ဇဝေဇဝါဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ"
နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
"ငါ လုပ်စရာရှိသေးလို့ မင်းတို့ဟာမင်းတို့ ပြောလိုက်ကြတော့" သူသည်ပြောရင်းဆိုရင်း ထရပ်လိုက်ပြီး ပြန်ဖို့ရန်ပြင်ဆင်လိုက်သည်။
ရုံရှင်းကပြောလိုက်၏။
"အစ်ကို ကားကို ဘယ်တော့သုံးမှာလဲ"
နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်သည်။
"ဒီကိစ္စကိုတော့ နောက်မှပြောကြမယ်။ ငါက ဒါကိုမိုးရွာတဲ့နေ့တစ်နေ့အတွက် ဒီအတိုင်း ပြင်ဆင်ထားရုံပါ။ လိုချင်မှလည်းလိုမှာ"
ရုံရှင်းသည် တစ်ခုခုတော့ ထူးဆန်းနေသည်ဟု အမြဲတမ်းခံစားနေရလေသည်။
ကျူးကျားသုန်း၏ မျက်လုံးများက ရုတ်တရက် အာရုံစိုက်သွား၏။
"အဲဒါ မိန်းကလေးကောင်း မဟုတ်လား"
လူတော်တော်များများက သူ့အကြည့်နောက် လိုက်ပါသွားပြီး ရေကူးကန်ဘေးနားတွင် ပေါ်လာသည့် အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ခေတ်နောက်ကျလှသည့် one piece ရေကူးဝတ်စုံများ ဝတ်ဆင်ထားသည့် လူအုပ်ကြီးကြားတွင် သူမ၏အဝါဖျော့ရောင်ဘီကီနီက အားလုံး၏အာရုံကို ဆွဲဆောင်ထားလေသည်။
ရုံရှင်းမှာ မနေနိုင်တော့ဘဲ လေထချွန်တော့သည်။ "ဝိုး အတင့်ရဲလိုက်တာ" သူက နဥ်ရှောက်ပိုင်ကို မျက်လုံးမှိတ်ပြလိုက်သည်။
"သူ အစ်ကို့အတွက် ဒီနေရာကို ရောက်လာတာပဲ ဖြစ်ရမယ်။ သူက ပုံမှန်ဆိုရင် ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်နေကျ မဟုတ်ဘူးနော်"
သို့သော်ငြားလည်း အပြင်ဘက်တွင်တော့ ဆူဆူညံညံဖြစ်သွား၏။ တတိယထပ်မှပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။ နဥ်ရှောက်ပိုင်က ဒီအတိုင်းတစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အကြည့်လွှဲသွားတော့သည်။
စားပွဲပေါ်က ဆဲလ်ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။ သူက ခေါ်ဆိုသူအိုင်ဒီကို လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုသည်အမှတ်တမဲ့ သူ့မျက်နှာပေါ်တွင်ပေါ်လာခဲ့သည်။
ရှမြန်က ဆူညံသံကို နားထောင်လိုက်ပြီး စဉ်းစားလိုက်၏။
"ရှင် အပြင်ရောက်နေတာလား။ ဘာဖြစ်လို့ အဲဒီလောက်အထိ ဆူညံနေတာလဲ"
နဥ်ရှောက်ပိုင်က ဘာမှမပြောရသေးချေ။ ခေါ်ဆိုသူနာမည်ကို တစ်ချက်လှမ်းကြည့်လိုက်သည့် ရုံရှင်းက တခြားကိစ္စများကို ဂရုစိုက်ရင်း စကားများပြီး အလုပ်များနေမှာ စိုးရိမ်သဖြင့် သူက ဖုန်းအနားသို့ကပ်ကာ ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။
"ရှမြန် တကယ်လို့ နင် ပြောစရာရှိတယ်ဆိုရင် လိုရင်းကိုပဲပြောပါနော်။ အစ်ကိုပိုင်က မိန်းကလေးတွေကိုရှာဖွေဖို့ အလုပ်များနေတယ်"
နဥ်ရှောက်ပိုင်...
ရှမြန်သည် ခဏလောက်တုံ့ ဆိုင်းသွားပြီးမှ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
"ဒေါက်တာနဥ် နှစ်ပေါင်းများစွာ ကြာမြင့်ပြီလို့ ထင်ရတဲ့ဒီနေ့ရက်တွေက တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲနော်”
နဥ်ရှောက်ပိုင်က သူ့နဖူးကို ပွတ်သပ်လိုက်ပြီးပြောလိုက်၏။
"သူ ပေါက်ကရပြောနေတာကို နားမထောင်ပါနဲ့"
ရုံရှင်းသည် သူ့စကားကို ကြားလိုက်ရသည့်အခါ ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်သွားတော့သည်။
"ကျွန်တော် ဘာမှလျှောက်ပြောနေတာ မဟုတ်ဘူးနော်။ ရေကူးကန်ထဲမှာ မိန်းမလှလေးတွေ အများကြီးပဲ..."
နဥ်ရှောက်ပိုင်သည် အန္တရာယ်အငွေ့အသက်ဖြင့် အံကြိတ်ထားလိုက်ပြီး
"ရုံရှင်း..."
...