← Chapters

အပိုင်း(၁၆၃)

Vol. 11 Ch. 163

အပိုင်း(၁၆၃)

Vol. 11 Ch. 163

ရှမြန်ကတော့ တွေဝေမနေတော့ဘဲ အသံထွက်ကာ အော်ရယ်လိုက်လေသည်။

ရှချွမ်းသည် နဥ်ရှောက်ပိုင်က ပင်ပန်းနေပြီဟုပြောသည်ကို ကြားလိုက်ရသောအခါ သူကလည်း မြန်မြန် ပြောလိုက်လေသည်။ "ဒေါက်တာနဥ် ကျေးဇူးပြုပြီးဝင်ပါ။ အစားအသောက်တွေလည်း အဆင်သင့်ပါပဲ။ စားပြီးသွားရင် အနားယူလိုက်ပါ"

ထိုအခါမှ ဦးကြီးရှသည် ဆူညံသံကိုကြားပြီး တံခါးအပြင်ဘက်ကို ထွက်လာခဲ့၏။ ရှမြန်က နဥ်ရှောက်ပိုင်ထံမှ သူမ၏လက်ကို မြန်မြန်ပြန်ရုတ်သိမ်းထားလိုက်ပြီး လိမ်လိမ်မာမာလေး ပြုမူပြလိုက်သဖြင့် နဥ်ရှောက်ပိုင်က ခပ်တိုးတိုးလေး ရယ်မောမိတော့သည်။

ရှမြန်ကတော့ သူ့ကို နှာခေါင်းရှုံ့ပြလိုက်၏။

နဥ်ရှောက်ပိုင်ကို အိမ်ထဲသို့ဖိတ်ခေါ်သည့်အခါ မာလီလီကလည်း သူ့နောက်မှ လိုက်ဝင်ချင်သည်။ "ရှချွမ်း ကျွန်မ ဟောက်ရွှီဖုန်းရဲ့ ဖိအားပေးခံထားခဲ့ရတာ တကယ်ပါ။ ရှင်လည်း သူ့အကျင့်စရိုက်ကို သိသင့်..."

ရှချွမ်းသည် ယခုတော့ သူမကို သေသေချာချာလေး မြင်ခဲ့ပြီဖြစ်ကာ ထေ့ငေါ့ကာ ပြောလိုက်တော့၏။

"အဲဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ။ ဘာပဲဖြစ်ဖြစ် ငါလည်း မင်းနဲ့ ဘာမှမှမပတ်သက်တော့တာ"

"မင်းက သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ အရမ်းကြီး ကြိုးစားခဲ့ရတယ်ဆိုတာ ငါ သိပါတယ်။ စိတ်မပူပါနဲ့။ ငါ မင်းကို နှောင့်ယှက်တော့မှာလည်း မဟုတ်သလို မင်းကိုလည်း မဆွဲထားတော့ဘူး။ နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ဖြစ်လာဖို့ ကြိုးစားပါ။ ဒါပဲ" ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သူက ခြံဝန်းတံခါးကို ပိတ်လိုက်တော့သည်။

သူသည် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်မိလိုက်ပြီး အများကြီး စိတ်အေးသွားသလို ခံစားလိုက်ရ၏။ ပြီးခဲ့သည့်လ အနည်းငယ်ကို ပြန်ကြည့်လိုက်လျှင် သူသည် အမှန်ပင် နမော်နမဲ့နိုင်ခဲ့သည်ပင်။

ဧည့်ခန်းထဲတွင်တော့ ဧည့်သည်ကို ဧည့်ခံခြင်းလုပ်ငန်းစဉ်က အစဉ်အတိုင်းဖြစ်နေဆဲ။ နဥ်ရှောက်ပိုင် ရောက်လာလိမ့်မည်ဟု ရှမြန်က ပြောပြထားပြီးသားဖြစ်သဖြင့် ဦးကြီးရှနှင့် ဒေါ်ကြီးရှတို့က အစားအသောက်များကို ပြင်ဆင်ဖို့ရန် အကောင်းဆုံး လုပ်ပေးထားသည်။

နဥ်ရှောက်ပိုင်က အလွန်မှ မြိန်ရည်ယှက်ရည် စားသောက်နေသည်ကို တွေ့လိုက်ရသည့်အခါ သူ၏မျက်နှာပေါ်က အပြုံးများက လုံးဝကိုမှေးမှိန်မသွားခဲ့ချေ။

"ရှမြန်တို့ကို လာပြီးတော့ ကြိုပေးရတာ ဒေါက်တာနဥ်အတွက် ဒုက္ခများရပါပြီ" ဦးကြီးရှက ပြောလိုက်၏။ "တကူးတက လာပေးခဲ့တဲ့အတွက် ဒေါက်တာနဥ်ကို ကျေးဇူးအများကြီး တင်ပါတယ်"

"ကျွန်တော်လည်း တိုက်တိုက်ဆိုင်ဆိုင် အားလပ်ရက်ရပြီး ကျွန်တော်ရဲ့အဘိုးအဘွားဆီကို အလည်ပြန်လာခဲ့တာပါ" နဥ်ရှောက်ပိုင်ကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ဒီရက်ပိုင်းမှာ သူခိုးတွေနဲ့ ကလေးပြန်ပေးဆွဲတဲ့သူတွေ အများကြီးရှိတယ်လို့ ကြားထားလို့လေ။ ရှမြန်နဲ့ ရှောင်ဖုန်းတို့ကလည်း ငယ်နေသေးတယ်။ ကျွန်တော်လည်း သူတို့အတွက် စိုးရိမ်လို့ပါ။ ဒါကြောင့် သူတို့ကို စောင့်ရှောက်ပေးလို့ရအောင်ဆိုပြီး သူတို့နဲ့ အတူပြန်မလို့ပါ"

သူတို့သည် နဥ်ရှောက်ပိုင်က အလွန်ပင်ပန်းလာသည်ဟု ကြားထားသဖြင့် ဘယ်သူကမှ စကားစမြည် ပြောမနေကြတော့ဘဲ ညနေစာစားပြီးသွားသည့်နောက်တွင် ယောက်မကြီးက သူ အနားယူဖို့အတွက် ပြင်ဆင်ပေးလိုက်၏။

"မြန်မြန် ဒေါက်တာနဥ်ကို အရှေ့ဘက်ခြမ်းက ဧည့်သည်အခန်းကို ခေါ်သွားလိုက်နော်။ ပြီးခဲ့တဲ့အခေါက်က သူအိပ်ခဲ့တဲ့အခန်းပဲ"

ရှမြန်က ပြောလိုက်သည်။ "မလိုပါဘူး ဒေါ်ကြီး။ ကျွန်မရဲ့အိမ်မှာ ဧည့်သည်အခန်းကို သန့်ရှင်းရေး လုပ်ထားပြီးပါပြီ။ ဒေါက်တာနဉ်က ကျွန်မရဲ့အိမ်မှာ အိပ်လို့ရပါတယ်"

ဒေါ်ကြီးက ပြုံးပြလိုက်ပြီး သူမ၏ကျောကို လှမ်းပုတ်လိုက်၏။ "နင် ဘာတွေပြောနေတာလဲ ဖျာသွားယူလာခဲ့။ ဖျာကိုတစ်နေ့လုံး နေလှန်းထားပေးတာ။ အခုဖျာကို ခင်းလိုက်ရင် ကွက်တိပဲ"

ထို့နောက်တွင်တော့ သူမက ရှက်ရှက်ရွံ့ရွံ့ဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး ပြုံးပြလိုက်လေသည်။

"နင်က ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ အ.လိုက်တာ"

နဥ်ရှောက်ပိုင်က ပြုံးလိုက်ပြီး ဘာမှမပြောခဲ့ချေ။

ရှမြန်သည် ခဏလောက်‌ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ သတိပြန်ဝင်လာခဲ့၏။ သူမသည် ယခုတွင် အရွယ်ရောက်နေသည့် မိန်းကလေးတယောက်ဖြစ်ပြီး အိမ်တွင်လည်း လူကြီးများ မရှိချေ။ နဥ်ရှောက်ပိုင်လို သွေးပူတတ်သည့်လူတစ်ယောက်က သူမအိမ်တွင် နေလို့မရသည်မှာ သဘာဝပင်။

ဒီတော့ ဒီနေ့အတွက် ဒေါက်တာနဥ်နဲ့ သီးသန့်နေဖို့အချိန် အခွင့်အရေး မရှိတော့ဘူးပေါ့လေ။

နဥ်ရှောက်ပိုင်သည် သူမ၏အမူအရာကြောင့် သဘောကျသွားပြီး ဘယ်သူကမှ ဂရုမစိုက်မိနေသည့်အချိန်တွင် သူက တိုးတိုးလေး ပြောလိုက်၏။

"ကလေးမ ကိုယ့်ဟာကိုယ် ထိန်းစမ်းပါ"

ရှမြန်က ဒေါသဖြင့် နှာခေါင်းရှုံ့လိုက်ကာ သူ့အတွက် ဖျာကိုသွားယူပေးလိုက်၏။

အအေးဖျာကို ဒီနေ့မနက်ခင်းက ယောက်မလီဖန်းက သေသေချာချာလေး လျှော်ကာ နေလှမ်းပေးထားပြီး ယခုတော့ နေနံ့သင်းလို့နေသည်။

ရှမြန်က နဥ်ရှောက်ပိုင်အတွက် အိပ်ရာခင်းပေးလိုက်ပြီးနောက် သူမက အိပ်ရာပေါ်တွင်လှဲချလိုက်ကာ ပြောလိုက်၏။ "အခု၅နာရီထိုးသွားပြီ။ ရှင်ဘယ်လောက်ကြာကြာ အိပ်ချင်လဲ" တကယ်လို့ သူက စောစောနိုးလာမယ်ဆိုရင် သူတို့တွေ စကားသက်သက် ပြောလို့ရသေးတယ်လေ။

နဥ်ရှောက်ပိုင်က သူမကို ငုံ့ကြည့်လိုက်သည်။ "ငါ တစ်နေ့နဲ့ တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရဘူး။ မနက်ဖြန်မနက်အထိ နိုးချင်မှတောင်နိုးဦးမှာ"

ထို့နောက်တွင်တော့ သူက လက်ကိုလှမ်းကာ သူမကို ဆွဲလိုက်သည်။ "မြန်မြန်ထတော့။ ငါ့အိပ်ရာကို ပွတ်သပ်မနေနဲ့တော့"

ရှမြန်သည် ရုပ်တရက် ထထိုင်လိုက်ပြီး သူ့ကို ဝါးစားမတတ် ကြည့်လိုက်ပြီးနောက် တစ်ခုခုကို စဉ်းစားမိလိုက်ပြီးနောက်တွင် ပြန်ပြီးလှဲချလိုက်လေသည်။

"ကျွန်မက ရှင်ရဲ့ကျေးဇူးရှင်ပဲလေ။ ဒီတော့ ကျွန်မက ရှင်ရဲ့အိပ်ရာကို သုံးခွင့်ရှိတယ်။ ရှင် အဲဒီလိုပြောထားတာပဲ"

နဥ်ရှောက်ပိုင်က သူမကို ဆွဲထူလိုက်ကာ ပြောလိုက်၏။ "မင်းက ငါ့ရဲ့ကျေးဇူးရှင်ဆိုမှတော့ ငါ့အတွက် နောက်ထပ်တစ်ခု လုပ်ပေးဖို့ မင်းကို ဒုက္ခပေးရဦးမယ်။ ငါ့ရဲ့တစ်သက်တာ ပျော်ရွှင်မှုအတွက် အခုအချိန်ကစပြီး ကျေးဇူးပြုပြီးတော့ ငါနဲ့ဝေးဝေးနေပေးပါ"

သူက အပိုလုပ်ကာ သူမကို ပင်တွန်းထုတ်လိုက်သေးသည်။ ရှမြန်၏မျက်လုံးများက ဝိုင်းစက်ပြူးကျယ်သွားတော့၏။

"ရှင် ယန်မြို့ကနေ တစ်လမ်းလုံးလာခဲ့တာ ကျွန်မနဲ့ ဒီလိုဝေးဝေးနေဖို့လား"

"ငါ ဒီနေရာကို တစ်လမ်းလုံးလာခဲ့ပြီး ငါ့ရဲ့ကျေးဇူးရှင်ကို လာကြိုပေးပြီး သူ့ရဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့ပါ" နဥ်ရှောက်ပိုင်က သက်သောင့်သက်သာဖြင့် အိပ်ရာပေါ်လှဲချလိုက်ပြီး "ဪ ပြီးတော့ ငါက ငါ့ကျေးဇူးရှင်ရဲ့ တစ်သက်တာ ပျော်ရွှင်မှုကိုလည်း ကာကွယ်ပေးချင်သေးတယ်လေ။ ငါ့ရဲ့ကျေးဇူးရှင်က ဒီဘဝမှာ အိမ်ထောင်မပြုနိုင်တာမျိုး ဖြစ်ခွင့်မပေးနိုင်ဘူး"

"ဆက်ဆံရေးတစ်ခုတောင်မရှိဘဲနဲ့ အိပ်ရာကို သုံးချင်တဲ့သူတွေက ဒီအတိုင်း လူရမ်းကားတွေပဲ ဖြစ်မှာပေါ့" သူက ရှမြန်ကို စိုးရိမ်တကြီးကြည့်လိုက်ပြီး ပြောလိုက်၏။ "ကျေးဇူးရှင် မင်း ဒီလိုလုပ်လို့မရဘူးလေ"

"မင်း အထက်တန်းကျောင်းမပြီးခင်အထိ ချစ်ကြိုက်ခွင့်မရှိဘူး" နဥ်ရှောက်ပိုင်က စိတ်မကောင်းကြီးစွာ သက်ပြင်းချလိုက်ပြီး "ကျေးဇူးရှင်ရေ မင်းကိုယ်တိုင်ပဲ အဆိပ်သင့်တဲ့ သစ္စာပြုခဲ့တာပဲ။ မင်းကလည်း ငါ့ရဲ့တစ်သက်တာ ပျော်ရွှင်မှုအတွက် စွန့်လွှတ်ပေးနေတာပါ..."

ရှမြန်မှာ ဒေါသထွက်လွန်းသဖြင့် အော်ရယ်မိတော့သည်။

"အဆိပ်သင့်တဲ့ သစ္စာပြုခြင်းဆိုတာ ဘာကိုပြောချင်တာလဲ။ ပြီးတော့ အထက်တန်းမပြီးခင် ရည်းစားမထားဘူး ဆိုတာကလည်း ရှင့်ရဲ့တစ်သက်တာ ပျော်ရွှင်မှုကို ထိခိုက်ပြီး ရှင် အိမ်ထောင်မကျမှာ စိုးရိမ်လို့ မဟုတ်ဘူးလား"

နဥ်ရှောက်ပိုင်သည် ရုတ်တရက်ဆိုသလို သူမကို ပြင်းပြစွာကြည့်လိုက်ပြီး ခဏအကြာတွင် သူက နူးနူးညံ့ညံ့ ပြုံးပြလိုက်၏။ "မင်း ဘယ်လိုထင်လဲ"

ရှမြန်သည် သတိပြန်ဝင်လာပြီး သူမ၏ပါးပြင်များက ချက်ချင်းဆိုသလို နီရဲသွားတော့သည်။

ဒေါက်တာနဥ်က သူ့အချစ်ကိုဖွင့်ဟဝန်ခံဖို့ အခွင့်အရေးကို အသုံးချလိုက်တာပဲ။

ရှမြန်သည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်များက အပေါ်သို့တက်နေသည်ကို ကြိုးစားတားဆီးလိုက်သည်။ ထိုအချိန်တွင် နဥ်ရှောက်ပိုင်က ပြောလာသည့်စကားကို ကြားလိုက်ရ၏။

"ဒါကြောင့်မလို့ မင်း အထက်တန်းကျောင်းမပြီးခင် ကျေးဇူးပြုပြီးတော့ ငါနဲ့ ဝေးဝေးနေပေးပါ။ ကျေးဇူးတင်ပါတယ်"

ရှမြန်...

ရှမြန်၏ မျက်နှာပေါ်ကအပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမသည် ရုတ်တရက်ဆိုသလို အာခံချင်စိတ် ဖြစ်သွားတော့၏။ ဝေးဝေးနေပေးရမယ်။ ဟုတ်လား။ လုံးဝမဖြစ်နိုင်တာဘဲ။

အချစ်အကြောင်း ပြောစရာမလိုပါဘူး။ ငါက ဒီအတိုင်း အိပ်ရာကို သုံးချင်ရုံသက်သက်ပါ။ စောင့်ကြည့်နေလိုက်။ ဒီနေ့ညတော့ ငါတို့တွေ အိပ်ရာတစ်ခုထဲမှာ အိပ်ရလိမ့်မယ်။

...

All Chapters