အပိုင်း(၁၆၄)
Vol. 11 Ch. 164
နဥ်ရှောက်ပိုင်သည် မနက်ဖြန်မနက်ခင်းအထိ အိပ်မည်ဟု ပြောခဲ့သော်ငြားလည်း သူလွမ်းဆွတ်နေသည့်သူကို မြင်ခဲ့ရပြီးသည့်နောက်တွင် မည်သို့များ ကောင်းကောင်း အိပ်ပျော်နိုင်ပါမည်နည်း။
သူသည် မှောင်ရီပျိုးလာသည့်အချိန်တွင် နိုးလာခဲ့၏။ သူသည် အပြင်ဘက်က ရယ်မောသံများကို ကြားလိုက်ရသည့်အချိန်တွင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး သူ့မျက်လုံးများကိုပင် ဖွင့်လိုက်လေသည်။
"ရပြီ ဒေါက်တာနဥ်က ပြောတယ်။ သူကဒီနေရာက ညရဲ့သဘာဝရှုခင်းကို တွေ့ကြုံချင်တာတဲ့။ မြို့ကလူတွေက ကျေးလက်ရှုခင်းကို သဘောကျတယ်လေ" မိန်းကလေး၏အသံသည် ကြည်လင်နေပြီး အမှန်တရားကို ပြောနေသည့်ဟန်ဖြစ်နေ၏။ "ဆေးရုံက သူတို့ရဲ့အလုပ်ကလည်း တကယ်တမ်းကျတော့ အရမ်းပင်ပန်းတယ်။ ဒီနေရာကိုလာတာက အနားယူဖို့ အားလပ်ရက်တစ်ခုလိုပဲ။ ငါက ဒီနေ့ည သူ့ကို အဖော်ပြုပေးရလိမ့်မယ်"
ရှချွမ်း၏အသံသည် ချက်ချင်းဆိုသလို နောက်မှပါလာ၏။ "အမှန်ပဲ။ ငါတို့တွေ ရှုခင်းအကြောင်း ပြောမယ်ဆိုရင် ဒီနေရာကရှုခင်းက ပိုပြီးတော့ကောင်းတယ်။ မြို့ကြီးမှာက အထပ်မြင့်အဆောက်အဦးတွေနဲ့ လမ်းတွေနဲ့ ပြည့်နှက်နေတာ။ ဒီနေရာကလောက် သက်သောင့်သက်သာ မရှိမှာတော့ အမှန်ပဲ"
ဒေါ်ကြီးကလည်း သူမ၏လုပ်ရပ်များကို အားပေးထောက်ခံပြီးသား ဖြစ်လေသည်။ "မြန်မြန် အရင်ဆုံးမွေ့ရာကို ယူလိုက်နော်။ ပြီးရင် အအေးဖျာကို အပေါ်ကနေထပ်လိုက်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ညသန်းခေါင်ရောက်တဲ့အခါ အေးလာလိမ့်မယ်"
"ဟုတ်ကဲ့"
နဥ်ရှောက်ပိုင်သည် သဘောကျမိသွားပြီး ထရပ်ကာ တံခါးကို တွန်းဖွင့်လိုက်သည်တွင် အပေါ်မှနေ၍ ကြိုးတစ်ချောင်းက တွဲလောင်းကျနေပြီး ကြိုး၏အောက်ခြေအစွန်းဘက်တွင်တော့ ခြင်းတောင့်တစ်ခုနှင့် ချိတ်ဆွဲထားပြီး ခေါင်မိုးပေါ်တွင် ရပ်နေသည့်ရှမြန်ကို တွေ့လိုက်ရလေ၏။
ရှချွမ်းက မွေ့ရာကို ထည့်သွင်းချည်ပေးနေပြီး ခြင်းထဲတွင် သစ်နံရွက်ခြောက်နှင့် တခြားပစ္စည်းများကို ထည့်ပေးနေသည်။ ပစ္စည်းများက ပြည့်သွားသည့်အခါ ရှမြန်ကြိုးကို ဆွဲလိုက်ပြီး ခေါင်မိုးပေါ်သို့ ဆွဲတင်လိုက်၏။
နဥ်ရှောက်ပိုင် ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်က ပြုံးကာပြောလိုက်သည်။ "ဒေါက်တာနဥ် ကောင်းကောင်းအိပ်ခဲ့ရဲ့လား"
"အားလုံးစီစဉ်ပြီးသွားပြီ။ ဒီနေ့ညအမိုးပေါ်မှာ ရှုခင်းကိုကြည့်ဖို့ ကျွန်မ ရှင့်ကို အဖော်ပြုပေးမှာ။ ဒီနေ့ညမှာ လကလည်း အရမ်းလှတယ်လေ။ ရှင် စိတ်မပျက်စေရပါဘူးလို့ ကျွန်မ ကတိပေးတယ်"
နဥ်ရှောက်ပိုင်သည် သူမ၏မျက်လုံးထဲက ညစ်ကျယ်ကျယ် အမူအရာကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
ဖျာခင်းလိုက်ပြီးသည့်နောက်တွင် ချန်ချန်နှင့် ရှောင်ဖုန်းတို့က ပျော်ရွှင်ကြဖို့ရန်အတွက် မြန်မြန်တက်လာကြ၏။
ဟုတ်ပါသည်။ ၁၀ရက်ကျော်ကျော်လောက် ချန်ချန်နောက် လိုက်လာခဲ့ပြီးသည့်နောက်တွင် ရှောင်ဖုန်းသည် ခေါင်မိုးပေါ်သို့ တွယ်တက်သည့်ပညာကိုလည်း တတ်မြောက်သွား၏။ ဟုတ်ပါသည်။ ခေါင်မိုးပေါ်သို့ ပထမဦးဆုံးအကြိမ် တက်ခဲ့သည့်အချိန်က ချန်ချန်က သူ့ကိုအနိုင်ပေးခဲ့သေးသည်။
သို့သော်ငြားလည်း ကလေးများက လှေကားပေါ်သို့ မြဲမြံစွာကိုင်ပြီး တက်လာသည်ကို မြင်ရသည့်အခါ ရှမြန်ကလည်း သူ့ကို မတားလိုက်ချေ။ သူနှင့် ရှဟိုင်တို့က လှေကားအောက်နားတွင် မိုးကာတစ်ခုနှင့်တူသည့် ပလတ်စတစ်အပြားများကို ခင်းထားပေးပြီး ပလတ်စတစ်အောက်တွင်တော့ ၂ထပ်အကာအကွယ် ဖြစ်ဖို့ရန် ကောက်ရိုးထုံးကြီးများကို ချထားပေးသည်။
ယခုအချိန်ထိ အကာအကွယ်ကို အသုံးမပြုခဲ့ရသော်ငြားလည်း ရှောင်ဖုန်း၏လှေကားပေါ် တွယ်တက်သည့် အရည်အချင်းကတော့ အများကြီးပိုပြီး ကျယ်ပြန့်လာခဲ့သည်။
သစ်နံရွက်ကို မီးရှို့ပြီး ကလေး၂ယောက်အပေါ်တွင် ပန်းပွင့်ရေများ ပက်ဖျန်းခဲ့ပြီးသည့်နောက်တွင် ချန်ချန်သည် ဖျာပေါ်တွင် လူးလိမ့်နေပြီး အားရပါးရ အော်ဟစ်နေလေသည်။ ရှောင်ဖုန်းကတော့ သူ၏ဝိုင်းစက်နေသည့်မျက်လုံးများဖြင့် ကောင်းကင်ပေါ်က အနီရောင်တောက်တောက်ကို တိတ်တိတ်လေး ကြည့်နေကာ ပျော်ရွှင်နေလေ၏။
ရှမြန်က ခြံဝင်းထဲသို့ ကြည့်လိုက်သည့်အချိန်တွင် နဥ်ရှောက်ပိုင်နှင့် ဦးကြီးရှတို့က အချင်းချင်း နှုတ်ဆက်ရင်း စကားပြောနေသည်ကို တွေ့လိုက်ရ၏။
သူမက ရှောင်ဖုန်းနှင့်အတူ ဖျာပေါ်တွင် ဒီအတိုင်းလဲ လျောင်းနေလိုက်ပြီး ကောင်းကင်ပေါ်ကရောင်နီလေး လုံးဝပျောက်ဆုံးသွားကာ အမှောင်လုံးဝ ကျရောက်လာသည်အထိ မြင်ကွင်းကို စောင့်ကြည့်နေလိုက်လေသည်။
သူတို့၂ယောက်က ကိုယ်ကိုလှည့်လိုက်ကြပြီး သူတို့၏ခြေထောက်နှင့်လက်များကို ဖြန့်ထားကာ တူညီသည့် ပုံအနေအထားဖြင့် ကောင်းကင်ကို ကြည့်နေကြ၏။ ဒီတကြိမ် ညကောင်းကင်ကတော့ နဥ်ရှောက်ပိုင်၏ခြံဝင်းထဲက ညကောင်းကင်နှင့် မတူညီချေ။ ပြီးခဲ့သည့်တစ်ခေါက်က ကောင်းကင်သည် ကြယ်ရောင်များနှင့် ပြည့်နှက်နေ၏။ သို့သော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ သူတို့၏ခေါင်းတည့်တည့်တွင် ရှိနေသယောင်ရှိသည့် ကြီးမားသည့်လမင်းကြီး တစ်ခုရှိနေလေသည်။
ငွေရောင်အလင်းသည် ခေါင်မိုးတစ်ခုလုံးကို လွှမ်းခြုံထားပြီး နေ့ခင်းလို တောက်ပနေ၏။ ရှောင်ဖုန်းက ရှမြန်ဆီသို့ ကျီစယ်မြူးတူးစွာဖြင့် လှိမ့်လာသည်။ သူ၏မျက်လုံးထဲတွင်လည်း တအံ့တဩ အရိပ်များဖြင့် သူ၏နှုတ်ခမ်းများကို စူထားလေသည်။
ချန်ချန်က ဖျာပေါ်တွင် ခဏလောက် လူးလှိမ့်လိုက်ပြီးနောက် ဘာဆူညံသံမှ ထပ်မလုပ်တော့ချေ။ ဒီကလေးသည် နေ့ခင်းဘက်တွင်အလွန်မှ ဆူဆူညံညံ ရှိသော်ငြားလည်း ညရောက်လျှင်တော့ စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားတော့သည်။
သူ၏ဆူညံသံများ မရှိတော့သဖြင့် ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွား၏။ ကြားနေရသည့် တစ်ခုတည်းသောအသံမှာ ခြံဝင်းထဲက ရှမိသားစုနှင့် နဥ်ရှောက်ပိုင်တို့၏ စကားပြောသံနှင့် ပိုးမွှားများ၏ တကျီကျီတကျာကျာ အော်ဟစ်သံများသာ ဖြစ်တော့သည်။
ဦးကြီးရှက သူမနှင့် ရှ၀မ်ယွဲ့တို့မိသားစု၏ ယန်မြို့က ဘဝအခြေအနေကို စိုးရိမ်နေဆဲဖြစ်၏။ သူသည် မေးခွန်းအများ ကြီးမေးခဲ့ပြီး နဥ်ရှောက်ပိုင်ကလည်း မေးခွန်းများကို စိတ်ရှည်ရှည်နှင့် ဖြေပေးခဲ့သည်။
နဥ်ရှောက်ပိုင်က ထောင်လွှားခြင်းမရှိသည်ကိုတွေ့ရသည့်အခါ ရှချွမ်းသည် မနေနိုင်တော့ဘဲ ဟောက်ရွှီဖုန်းအကြောင်းကို မေးမြန်းတော့သည်။ နဥ်ရှောက်ပိုင်က လူတစ်ယောက်ကို ကြိုတင်ရှာထားခဲ့ပြီး ဟောက်မိသားစုနှင့် မောက်မိသားစုက နောက်ပိုင်းကျလျှင် ရှမိသားစုကို ပြဿနာရှာတော့မည် မဟုတ်သည့်အကြောင်း သိလိုက်ရပြီးသည့်နောက်တွင် သူသည် စိတ်လှုပ်ရှားစွာဖြင့် နဥ်ရှောက်ပိုင်ကိုဆွဲကာ တရစပ်စကားပြောတော့သည်။ ရှမြန်မှာ ဒေါသထွက်လွန်းသဖြင့် ကျိန်ဆဲချင်စိတ်ပေါက်လာ၏။
ညက တဖြည်းဖြည်း နက်လာပြီး ရှောင်ဖုန်းသည် အိပ်ပျော်သွားကာ ရှမြန်၏အိပ်ချင်စိတ်ကလည်း သူမဆီကို ရောက်လာတော့သည်။
သူမက အိပ်ပျော်တော့မည့်ဆဲဆဲတွင် နောက်ဆုံးတော့ လှေကားပေါ်က လှုပ်ရှားသံတချို့ကို ကြားလိုက်ရ၏။
နဥ်ရှောက်ပိုင်လာနေပြီ။
ရှမြန်က ချက်ချင်းဆိုသလို နိုးသွားတော့၏။ သူမက သူမ၏မျက်လုံးကို ပိတ်လိုက်ပြီး ကြိတ်ပြီးပြုံးလိုက်ကာ အိပ်ချင်ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်၏။
သူမက သူ့ကို မမြင်သည့်အချိန်တွင် နဥ်ရှောက်ပိုင်က ဘာလုပ်မည်ကို မြင်ချင်မိ၏။ တစ်ချိန်တည်းတွင် သူက သူမဘေးနားတွင် လဲချလိုက်သည့်အချိန်တွင် သူ့ကို ဘယ်လို ကြီးကြီးမားမား ခြောက်လှန့်ရမလဲဟု စဉ်းစားထားလိုက်သည်။
ရှမြန်သည် အလွန်မှစဉ်းစားပေးတတ်ပြီး သူမ၏ ဘယ်ဘက်ခြမ်းတွင်သာ နေရာလွတ်တစ်ခုကို ချန်ထားပေး၏။
ချန်ချန်နှင့် ရှောင်ဖုန်းတို့က သူမ၏ညာဘက်ခြမ်းတွင် လဲလျောင်းနေပြီး နေရာအားလုံးနီးပါးကို ယူထားလေသည်။ အကယ်၍ နဥ်ရှောက်ပိုင်က အိပ်ချင်လျှင် သူသည် သူမ၏ဘေးတွင်သာ လဲလျောင်းနိုင်တော့သည်။
ဟမ့်။ ငါနဲ့ ခပ်ကင်းကင်း နေချင်တယ်ပေါ့လေ။ လုံးဝမရဘူး။ ရှင် ဘာလုပ်နိုင်မလဲ ကြည့်လိုက်ပါဦးမယ်။
ရှမြန်သည် နောက်ပိုင်းကျမှ သူကို ဟားရမည်ဟုပင် ပြင်ဆင်ထားလိုက်သေး၏။
မကြာမီတွင် နဥ်ရှောက်ပိုင်က သူမဆီသို့လာပြီး အချိန်အကြာကြီး မလှုပ်မရှားဘဲ သူမကိုကြည့်နေသယောင် သတိထားမိလိုက်၏။
သူ၏ကူကယ်ရာမဲ့နေသည့်ရုပ်ကို စိတ်ကူးယဉ်ကြည့်လိုက်ပြီး ရှမြန်သည် သူမ၏စိတ်ထဲတွင် ကြိတ်ပြီးမပြုံးဘဲ မနေနိုင်အောင်ဖြစ်သွား၏။ သို့သော်ငြားလည်း သူမ၏မျက်နှာကတော့ ပိုလို့ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ဟန်ဆောင်ထားလိုက်သည်။
နောက်ဆုံးတွင် သူမ၏ဘေးက ဖျာကအနည်းငယ် နိမ့်ကျသွား၏။ ရှမြန်သည် အချိန်အကြာကြီး စောင့်ဆိုင်းလာခဲ့၏။ သို့သော်ငြားလည်း တစ်စုံတစ်ယောက်က လဲလျောင်းလိုက်သည့်အသံကို မကြားလိုက်ရချေ။ ထိုအစား သူမသည် တဖက်လူ၏အသက်ရှူသံက တဖြည်းဖြည်း ပိုပြီးနီးကပ်လာသည်ကို ခံစားလိုက်ရ၏။
ဟင်။ ဟင်။
မဟုတ်လောက်ပါဘူး။ ငါ ထင်ထားတာ မဖြစ်နိုင်ပါဘူး။ ဒေါက်တာနဥ်က ငါ့ကို ခိုးပြီးတော့ နမ်းချင်နေတာလား။
ရှမြန်၏ ဦးရေပြားမှာ အနည်းငယ် တင်းကျပ်သွားသလို ခံစားလိုက်ရပြီး သူမသည် မျက်လုံးကို ဖွင့်လိုက်ရလေမလားဟု ချီတုံချတုံဖြစ်သွား၏။
မျက်လုံးကို မဖွင့်ဘဲနဲ့ ဒီအတိုင်းလဲ လျောင်းနေရတာလည်း မသင့်တော်ဘူးလေ။ ဒါပေမဲ့ တကယ်လို့ မျက်လုံးကို ဖွင့်လိုက်မယ်ဆိုရင်လည်း အခုလောလောဆယ် အခြေအနေမှာ ဒီပုံစံမျိုးကို တခြားသူတွေကို ပြလိုက်လို့မရဘူး မဟုတ်လား။ နောက်ပိုင်း သူတို့အချင်းချင်း တွေ့ကြတဲ့အချိန်ကျရင် အရမ်းကို ကသိကအောင့်ဖြစ်ရမှာ မဟုတ်လား။
သူမသည် ဘာလုပ်ရမယ်မသိ မဖြစ်သေးခင်မှာပင် သူမ၏ပခုံးနှင့် ခါးပေါ်သို့ ကျရောက်လာသည့် လက်ကြီး၂ခုကို ခံစားလိုက်ရပြီးနောက် သူမသည် ခပ်ကြမ်းကြမ်း ဆွဲလှည့်ခံလိုက်ရ၏။ ရှမြန်သည် ထိန်းမရတော့ဘဲ ဘယ်ဘက်ခြမ်းသို့ လိမ့်သွားတော့၏။
တစ်ဖက်လူက ထိုတစ်ပုံစံတည်းကို ထပ်ပြီးတော့ ပြုလုပ်သည်။ ရှမြန်သည် နောက်ထပ်တစ်ဖန် စက်ဝိုင်းခြမ်းပုံ လိမ့်သွားပြီး ဖျာ၏ အစွန်းပိုင်းဆီသို့ တိုက်ရိုက်ရောက်ရှိသွားတော့၏။
ရှမြန်...
သူမက မျက်နှာသေဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
တောက်ပနေသည့်လရောင်အောက်တွင် နဥ်ရှောက်ပိုင်သည် ထရပ်လိုက်ပြီး တစ်ဖက်ခြမ်းစီသို့ လျှောက်သွားလေသည်။ ရှမြန်သည် သူက ရှောင်ဖုန်းကို အသာအရာ ပွေ့ချီလိုက်ပြီး သူ့ကို သူမ ခုနက အိပ်နေသည့်နေရာသို့ ပြောင်းရွှေ့လိုက်ပြီးနောက် နဥ်ရှောက်ပိုင်က ရှောင်ဖုန်း၏နေရာတွင် လဲလျောင်းချလိုက်သည်ကို မြင်လိုက်ရ၏။
နောက်ဆုံးတော့လည်း ဒါက ခပ်ဝေးဝေးနေမယ်ဆိုတဲ့ဟာကို အကောင်အထည် ဖော်လိုက်တာပဲ။
ရှမြန်သည် အသေအကြေ မျက်စောင်းတစ်ခုဖြင့် သူ့မျက်နှာကို ဘေးတစောင်း လှမ်းကြည့်လိုက်၏။
နဥ်ရှောက်ပိုင်က လက်တစ်ဖက်ကို သူ့ခေါင်းအောက်သို့ ထည့်ထားလိုက်ကာ ညကောင်းကင်ကို အေးအေးလူလူ ကြည့်နေပြီး တအံ့တဩ ထုတ်ပြောလိုက်လေသည်။ "တကယ်လှတာပဲ"
ခဏအကြာတွင် နဥ်ရှောက်ပိုင်က ခပ်တိုးတိုးရယ်မောလိုက်၏။ "ကျေးဇူးရှင် ငါတို့ရဲ့ တစ်သက်တာ ပျော်ရွှင်မှုအတွက် ကျေးဇူးပြုပြီးတော့ ကြည့်နေတာကို ရပ်လိုက်ပါ။ ဟုတ်ပြီလား"
သူသည် သူ့ခေါင်းကိုပင် လှည့်မလာချေ။ သူ့မျက်လုံးများက ညကောင်းကင်ကို ကြည့်နေဆဲ။
"ဘာလဲ ရှင်နဲ့ ခပ်ဝေးဝေးနေပြီးတာတောင်မှ ကျွန်မက ရှင့်ကို ကြည့်လို့တောင် မရတော့ဘူးလား"
ရှမြန်၏လေသံက တသမတ်တည်းဖြစ်လေသည်။ သူ၏ချောမောခန့်ညားသည့်ပုံရိပ်က သူမကို ခွင့်မလွှတ်ပေးနိုင်အောင် ဖြစ်နေ၏။ "ဒါက ရှင့်ရဲ့ကျေးဇူးရှင်ကို ဆက်ဆံတဲ့ပုံပေါ့လေ"
နဥ်ရှောက်ပိုင်က အဓိကအချက်ကို ရှောင်ရှားလိုက်ကာ ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။ "ငါလည်း မတတ်နိုင်လို့ပါ။ ကျေးဇူးရှင် မင်းရဲ့စူးရှတဲ့အကြည့်က သေလောက်တယ်နော်။ ငါက ကိုယ့်ဟာကိုယ် မထိန်းချုပ်နိုင်မှာ စိုးရတယ်"
"ကျွန်မကတော့ ရှင်က ကိုယ့်ဟာကိုယ် ထိန်းချုပ်တဲ့နေရာမှာ တကယ်တော်တယ်လို့ ထင်တာပဲ ဒေါက်တာနဥ်ရဲ့" ရှမြန်က သရော်လိုက်၏။ "ကျွန်မရဲ့ပျော်ရွှင်မှုကို ကာကွယ်ပေးမဲ့ ရှင့်လို အားကိုးရတဲ့ လူတစ်ယောက်ရှိထားတော့ ကျွန်မက ကျွန်မလုပ်ချင်တာ လုပ်လို့ရတယ်လို့ ခံစားနေရတယ်။ ရှင့ ဘယ်လိုထင်လဲ"
သူမက သူ့ကိုယ်ပေါ်သို့ ခုန်အုပ်တော့မည် ပြင်လိုက်စဉ်တွင် နဥ်ရှောက်ပိုင်က နောက်ဆုံးတော့ ကိုယ်ကိုကုန်းကာ လက်ကိုဆန့်ထုတ်လိုက်ပြီး သူ၏ရှည်လျားသည့်လက်ဖြင့် သူမ၏ပခုံးကို ထိန်းထားလိုက်ပြီး မျက်လုံးထဲတွင်လည်း အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ဒါက ဖြစ်နိုင်မယ်လို့တော့ ငါ မထင်ဘူး"
"အခုတောင်မှ အရမ်းကို ခက်ခဲနေပြီးပြီလေ။ ဒီတော့ ကျေးဇူးပြုပြီးတော့ ငါနဲ့ပူးပေါင်းပေးပါ ကျေးဇူးရှင်။ နည်းနည်းလေးပဲ ထိန်းချုပ်ပေးပါ။ ငါ့ကို သနားညှာတာသောအားဖြင့်လို့ စဉ်းစားလိုက်ပါ"
ရှမြန်၏လက်သည် သူ့လောက် မရှည်လျားချေ။ သူမသည် သူ့လောက်လည်း မသန်မာချေ။ ထို့ကြောင့် သူမမှာ သူ့အနားသို့ လုံးဝမကပ်နိုင်တော့ပေ။ သူမသည် အလွန်မှဒေါသထွက်သွားပြီး သူ့ကို ကိုက်ချင်စိတ် ပေါက်လာတော့၏။
သူမက ရုတ်တရက်ဆိုသလို မျက်လုံးများကို ကျဉ်းထားလိုက်ပြီး "ရှင်က ဒီလောက်တောင် ကျွန်မကို တောင်းပန်နေတယ်ဆိုမှတော့..."
"ကျွန်မအထင် နောက်ဆုံးကျရင်လည်း ကျွန်မ ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်သွားမှာပါ။ ချစ်ကြိုက်ရမဲ့အရေးလို့ စဉ်းစားနေစရာအကြောင်းမှ မရှိဘဲ"
"ဒီလိုဆိုရင်ရော ကျွန်မ ကောလိပ်ကနေဘွဲ့မရမချင်း ရည်းစားမထားဘူးလို့ ကျိန်ပြောလိုက်မယ်။ မဟုတ်သေးဘူး။ ကျွန်မအလုပ်မဝင်ခင်အထိ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်မရဲ့တစ်ဘဝလုံး...အွတ်..."
နဥ်ရှောက်ပိုင်က သူမ၏ပခုံးပေါ်က သူ့လက်ဖြင့် သူမ၏ပါးစပ်ကို လှမ်းအုပ်လိုက်ပြီး ကူကယ်ရာမဲ့နေသည့် အကြည့်တစ်ခုဖြင့် သူမကို ကြည့်လိုက်လေသည်။ "ကျေးဇူးရှင် ကျေးဇူးပြုပြီးတော့ ၂ခါပြန်စဉ်းစားပါနော်"
"ဒါက ငါ့ကို စမ်းသပ်နေတယ်ဆိုတာ သေချာရဲ့လား။ မင်းကိုယ်မင်း စမ်းသပ်တာ မဟုတ်တာသေချာလား"
သူ့မျက်လုံးများက ရှမြန်လက်ရှိလဲလျောင်းနေသည့်နေရာကို ဝေ့ခနဲကြည့်လိုက်ပြီးနောက် သူမ၏လက်ရှိ ကိုယ်နေဟန်ထားကို ကြည့်လိုက်ကာ ပိုပြီးအနားသို့ ကပ်လာဖို့ကြိုးစားနေသူမှာ သူမ ဖြစ်နေသည်ဟု ပြောနေသယောင်ပင်။
"ကျေးဇူးရှင် ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုယ် ခက်ခဲအောင်မလုပ်ပါနဲ့။ ငါ စိတ်မကောင်းဖြစ်ရလို့ပါ"
ရှမြန်မှာ ဒေါသထွက်လွန်းသဖြင့် အော်ရယ်မိတော့သည်။ သူမက သူ့လက်ကို ခပ်နာနာလေး ရိုက်လိုက်ပြီး ပြန်ထိုင်ချလိုက်ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဘယ်သူက ခက်ခဲအောင် လုပ်နေလို့လဲ။ ကျွန်မတို့တွေ လောင်းကြေး ထပ်ကြမလား။ ကျွန်မ ကောလိပ်မရောက်ခင် ရည်းစားအရင်ရတဲ့သူက ပါပီလေးပဲ"
"မလောင်းပါဘူး" နဥ်ရှောက်ပိုင်ကလည်း ထထိုင်လိုက်ပြီး သူမကို မျက်လုံးများ ကျုံ့ကာကြည့်လိုက်၏။
"ငါက ရှုံးမဲ့စီးပွားရေးအလုပ်ကို ဘယ်တော့မှ မလုပ်ဘူးလေ။ မင်းရဲ့လောင်းကြေးက အရမ်းစွန့်စားရာကြတယ်။ ပြန်ရမဲ့ အကျိုးအမြတ်ကလည်း နည်းတယ်။ ဒါက နှစ်ဖက်စလုံး ရှုံးမဲ့အခြေအနေဆိုတာ သိသာနေတာပဲ။ ဘာလို့ လောင်းမှာလဲ"
ရှမြန်က သူ့ကိုဝါးစားမတတ် ကြည့်လိုက်ပြီး "ရှင်က မလောင်းမှတော့ ကျွန်မက ဘယ်လိုလုပ်ပြီးတော့ လောင်းလို့ရမှာလဲ"
နဥ်ရှောက်ပိုင်က အော်ရယ်လိုက်၏။ သူက သက်ပြင်းချလိုက်ပြီး သူမကို လေသံပျော့ပျော့ဖြင့် ချော့မော့လေသည်။ "မင်းက ဘယ်သူကပိုပြီးတော့ ခက်ခဲတယ်ဆိုတာကို သိချင်ရုံနဲ့များ ဘာဖြစ်လို့ ဒီလောက်ကြီးမားတဲ့တန်ကြေးတစ်ခုကို ပေးမှာလဲ။ ရိုးရှင်းပြီးတော့ ထိရောက်တဲ့နည်းလမ်းတစ်ခု ရှိနေတာ သိသာရဲ့သားနဲ့"
"ကျွန်မက ဘာလုပ်ရမှာလဲ" သူမ၏စကားမဆုံးသေးခင်မှာပင် နဥ်ရှောက်ပိုင်၏ ဘယ်ဘက်လက်မောင်းက ရှောင်ဖုန်းကို ကျော်သွားပြီး ဖျာကို လှမ်းထောက်လိုက်သည်ကို တွေ့လိုက်ရ၏။ သူသည် ရုတ်တရက်ဆိုသလို သူမကို နမ်းတော့မည့်နှယ် သူမဆီသို့ ကုန်းလာလေသည်။
ရှမြန်မှာ အလန့်တကြား ဖြစ်သွားပြီး ရုတ်တရက်နောက်သို့ လှန်ချလိုက်လေသည်။ နဥ်ရှောက်ပိုင်က သူ၏ကျန်သည့် လက်တစ်ဖက်ဖြင့် သူမ၏ခါးကို မြန်မြန်လှမ်းဆွဲထားလိုက်ပြီး ရှောင်ဖုန်းကိုကျော်ကာ သူမနှင့်အတူ ဖျာပေါ်သို့လဲ ကျသွားတော့သည်...
ရှမြန်က အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ သူမလုပ်လိုက်သည့် ပထမဦးဆုံးအရာမှာ သူမ၏ဘေးက ရှောင်ဖုန်းကို လှမ်းကြည့်လိုက်ခြင်းသာဖြစ်သည်။ နဥ်ရှောက်ပိုင်က သူမကို ဖက်ထားပြီး ခပ်တိုးတိုးပြုံးလိုက်၏။ "စိတ်မပူပါနဲ့။ သူက အဖိမခံထားရပါဘူး"
ထိုအခါမှ ရှမြန်သည် သူတို့၏လက်ရှိအခြေအနေကို သတိထားမိသွားတော့သည်။ နဥ်ရှောက်ပိုင်က သူ၏ညာဘက်လက်ဖြင့် သူမ၏ခါးကို သိုင်းဖက်ထားကာ သူမ၏ခန္ဓာကိုယ်ကို ထောက်ကန်ပေးထားလေသည်။
သူ့လက်ဖဝါး၏ ပြင်းပြသည့်အပူဓာတ်က ပါးလျသည့် အဝတ်အစားကိုဖြတ်ပြီး သူမ၏အရေပြားပေါ်သို့ ရောက်ရှိလာပြီးနောက် သူမ၏ ခြေလက်နှင့် အရိုးများဆီသို့ ချက်ချင်းပျံ့နှံ့သွားတော့သည်။ ရှမြန်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက လောင်ကျွမ်းတော့ မလိုခံစားလိုက်ရ၏...
သို့သော်ငြားလည်း နဥ်ရှောက်ပိုင် ခန္ဓာကိုယ်ကတော့ အပေါ်မှ ဖိထားဆဲ။ ရှမြန်သည် မနေနိုင်တော့ဘဲ အသက်အောင့်ထားမိကာ အသက်ကိုပင် မရှုရဲတော့ချေ။
နဥ်ရှောက်ပိုင်က ခပ်တိုးတိုးရယ် မောလိုက်ပြီး "ဒီပုံစံအတိုင်းလေးပဲ စမ်းကြည့်လိုက်ပါ။ မင်း သိလာလိမ့်မယ်"
ထို့နောက်တွင်တော့ သူက သူ့ခေါင်းကိုငုံ့လိုက်ကာ သူမ၏နားထဲသို့ လေသံတိုးတိုးလေးဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးရှင် ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုယ် အရှက်ရအောင် မလုပ်ပါနဲ့။ ငါ့ကို မထိနဲ့နော်"
ရှမြန်...
အနိုင်ရဖို့အတွက် စိတ်ဆန္ဒနဲ့ ပတ်သက်ပြီး ငါနဲ့ ယှဉ်ပြိုင်ချင်တာပေါ့လေ။
ရှမြန်က သူမ၏လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး စဉ်းစားလိုက်၏။ ဒါနဲ့များ ဘာကပြဿနာဖြစ်မှာတဲ့လဲ။ ငါက လုံးဝအရှက်ကွဲမှာ မဟုတ်ဘူး။
သူမအပေါ် လှည့်စားဖို့ရန်အတွက် သူ အခုလေးတင် သုံးခဲ့သည့်အရာများအပေါ် မုန်းတီးမှုကို စဉ်းစားမိခဲ့ပြီး ရှမြန်သည် နဥ်ရှောက်ပိုင်၏မျက်လုံးများကို ပြင်းပြစွာဖြင့် စိုက်ကြည့်နေလိုက်ပြီး သူမ၏သေရာပါမည့်အကြည့်များဖြင့် ဆက်ကြည့်နေလိုက်သည်။
ထို့နောက်တွင်တော့...
ကျွန်မ ရှင့်ကို သေရာပါအောင် စိုက်ကြည့်နေတာလေ။ တကတည်း ရှင်က ဘာကို လာရယ်နေတာလဲ။
နောက်ပြီးတော့ အရမ်းနီး ကပ်နေတာနော်။ နဥ်ရှောက်ပိုင်၏တွဲကျလာသည့် တီရှပ်အင်္ကျီသည် သူမ၏အင်္ကျီစကို ထိလုထိခင်ဖြစ်နေပြီး သူမသည် ထိုလူကထွက်လာသည့် ခန္ဓာကိုယ်အပူချိန်ကိုပင် ခံစားမိနိုင်လေသည်။
သူ၏မျက်နှာပေါ်က အမူအရာသည် သူမကိုပေးနေသည့် သူ့ခန္ဓာကိုယ်ကို ခံစားမိသည့် ဖိစီးမှုနှင့် လုံးဝကို ခြားနားနေ၏။ သူသည် အကြောင်းအရင်းမရှိ ပြဿနာရှာနေသည့် ကလေးမလေးတစ်ယောက်လို သူမကို ကြည့်နေပြီး သူ့အပြုံးကလည်း သည်းခံထားရကာ နူးညံ့သိမ်မွေ့နေပြန်သည်။
ထိုစွဲမက်ဖွယ်ကောင်းသည့် မက်မွန်ပွင့်မျက်ဝန်းများထဲတွင် ရစ်မူးတွယ်တာရသည့် အချစ်စိတ်များနှင့်အတူ ထောင်ပေါင်းများစွာသော ကြယ်များက လွတ်လွတ်လပ်လပ် စီးဆင်းနေလေရာ သူတို့သည် သူမကို နစ်မြုပ်သွားအောင် လုပ်ဖို့ရန်အတွက် မရပ်တန့်နိုင်တော့သယောင်...
အနည်းဆုံးတော့ အနိုင်ရလိုသည့် သူမ၏စိတ်ဆန္ဒကို ဝါးမျိုသွားလေတော့သည်။
ဒီကောက်ကျစ်တဲ့လူကတော့လေ။
ရှမြန်သည် အသက်အောင့်ထားရသည်ကို ပင်ပန်းလာပြီး တစ်ဖက်လူက ကြောက်လန့်တကြား ဖြစ်သွားပြီး ကျယ်လောင်လာသည့် သူမ၏နှလုံးခုန်သံကို ကြားသွားမှာကို စိုးရိမ်နေမိ၏။ တစ်စက္ကန့်တိုင်းက အင်မတန်မှ ကြာရှည်နေသယောင်ပင်။
နဥ်ရှောက်ပိုင်သည် ကလေးမလေး၏ တဖြည်းဖြည်း နီရဲလာသည့် ပါးပြင်နှင့် တဖျတ်ဖျတ်ခတ်နေသည့် မျက်တောင်များကို ကြည့်နေမိပြီး သူ့အသက်ရှူသံမှာ တဖြည်းဖြည်း ဖရိုဖရဲဖြစ်လာတော့သည်...
အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည့်နှယ် သူမ၏ခန္ဓာကိုယ်က လူငယ်လေးကို သတိဖြင့် စိုက်ကြည့်နေပြီး တစ်ချိန်တည်းတွင် သူမ၏အချိန်အကြာကြီး အောင့်ထားရသည့် အသက်ရှူသံကို လွှတ်ထုတ်လိုက်တော့သည်။
သူမမှာ မနေနိုင်တော့ဘဲ ပင့်သက်ရှည်ကြီးတစ်ချက်ကို ရှုသွင်းမိ၏။ သူမ၏ရင်ဘတ်က မသိမသာ မြင့်တက်သွားပြီး ပြန်ကျသွားရာ သူမသည် တစ်စုံတစ်ခုကို သွားထိမိသကဲ့သို့ပင်...
ရှမြန်၏ပါးပြင်သည် ပူလောင်လာသလို ခံစားလိုက်ရပြီး သူမက ခေါင်းကို တစ်ဖက်သို့လှည့်ကာ အလိုလိုတံတွေးကို မျိုချလိုက်မိတော့၏။
နဥ်ရှောက်ပိုင်၏ မျက်နှာပေါ်က အပြုံးကလည်း တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
"မြန့်မြန်..."သူ့အသံသည် တိုးလျနေပြီး သူ့အသက်ရှူသံကလည်း မတည်မငြိမ်ဖြစ်နေသည်။
အသံက နားကို ထိုးဖောက်သွားသည့် ညှို့ငင်နိုင်သည့် မှော်လက်နက်တစ်ခုကို သယ်ဆောင်ထားသယောင် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ ရှမြန်သည် သူမက အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်မှု လွတ်ကင်းသွားသည်ဟု ခံစားလိုက်ရ၏။
သူမက သူမ၏ခေါင်းကို ပြန်လှည့်လိုက်ပြီး သူ့မျက်လုံးထဲသို့ ကြည့်လိုက်သည်။ ဒီမျက်ဝန်းများက သူမကို စွဲမက်နေစေသည်။ သူမသည် သူ့ကိုထိကိုင်ချင်မိပြီး လက်ကိုဆန့်ကာ သူ့ကို ပြန်ဖက်ချင်မိ၏...
ရှမြန်၏မျက်လုံးများသည် ထိုလှပပြီးပါးလျသည့် နှုတ်ခမ်းပါးဆီသို့ ကျရောက်သွားပြီး သူမသည် မနေနိုင်တော့ဘဲ သူမ၏နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်မိတော့သည်...
သူမက သူမ၏လက်ကို မြှောက်ပြီး သူ့အင်္ကျီကို ထိကိုင်တော့မည့်ဆဲဆဲတွင် နဥ်ရှောက်ပိုင်က ရုတ်တရက်ဆိုသလို သူမ၏လက်မောင်းကို ကိုင်လိုက်ပြီး သူ့ခေါင်းကို ငုံ့လိုက်ကာ သူမ၏ခေါင်းဘေးက ခေါင်းအုံးပေါ်သို့ မှီချလိုက်ပြီး ခါးသီးစွာဖြင့် ပြုံးလိုက်၏။ "ငါ အရှုံးပေးပြီ။ ရှမြန် ငါ အရှုံးပေးတယ်..."
နွေးထွေးသည့် အငွေ့အသက်သည် သူမ၏နားဘေးကပ်ရပ်တွင် ရောက်ရှိလာပြီး ရှမြန်သည် သူမ၏နှလုံးသားက ပေါက်ကွဲတော့မလို ခံစားလိုက်ရ၏။ နဥ်ရှောက်ပိုင်က ရုတ်တရက်ဆိုသလို ထရပ်လိုက်ပြီးဖြစ်ကာ ရှောင်ဖုန်း၏ တခြားဘက်တွင် ပြန်လှဲချလိုက်တော့သည်။
ရှမြန်သည် သူမ၏ခေါင်းပေါ်က လမင်းကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေလိုက်ပြီးမှ အသက်ပြင်းပြင်း စရှူလိုက်တော့သည်။ ခဏအကြာတွင် သူမက ပြောလိုက်၏။
"ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ နောက်ပိုင်းကျရင် ကျွန်မနဲ့ ဝေးဝေးနေပေးပါ"
ဘယ်သူက ဒါကိုခံနိုင်ရည်ရှိမှာလဲ။ ကျွန်မအရှုံးပေးပါတယ်။ ဟုတ်ပြီလား။
နဥ်ရှောက်ပိုင်က သူ၏ခေါင်းကို လှည့်ကာ သူမကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ အော်ရယ်လေသည်။ ရုတ်ချည်းဆိုသလို နဂါးငွေတန်းများက ဖြာဆင်းလာသလို ခံစားလိုက်ရ၏။ ကြယ်ပင်လယ်သည် ကောင်းကင်ပေါ်မှ ဖြာကျလာတော့သည်။
ရှမြန်က ဒေါသတကြီး ပြောလိုက်၏။
"ရှင် ကျွန်မကို မကြည့်ရဘူး"
...